Thursday, April 25, 2024

အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာရောဂါ

 



အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာရောဂါ

ဒေါက်တာလွင်သန့်

            နှား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါတွေနဲ့ ပက်သက်ပြီး အာသီးရောင်ခြင်း၊ နှာခေါင်းပိတ်ခြင်းနဲ့ ထိပ်ကပ်နာတို့ ဆိုးရွားပါတယ်။ အာသီးရောင်ခြင်း (sore throat) က ပါးစပ်မှာအပူဖု ပေါက်တာနဲ့ ကွာပါတယ်။ ဘက်တီးရီးယား ပိုးတွေ၊ ဗိုင်းရပ်ပိုးတွေကြောင့်ဖြစ်နိုင်ပြီး၊ ဗိုင်းရပ်ပိုးကြောင့် ပိုဖြစ်နိုင်ပါတယ်။ အအေးမိ၊နှာစေး၊ ချောင်းဆိုး ဖြစ်တာကြောင့်လည်း အာသီးရောင် တတ်ပါတယ်။ ခဏခဏ ရောင်တတ်တယ်ဆိုရင်၊ ဘက်တီးရီးယားပိုး တွေကြောင့်ဖြစ်တယ်။ ဘက်တီးရီးယား ကြောင့်ဖြစ်တယ်ဆိုရင်ပိုးသတ်ဆေး (Antibiotics) သောက်ရပါမယ်။ ဖုန်ထူတဲ့နေရာ၊ လူများပြီး၊ လေဝင်လေထွက် မကောင်းတဲ့ နေရာတွေကို မသွားသင့်ပါဘူး။ နောက်တစ်ခုက အစာအိမ်ထဲက အက်ဆစ်တွေ၊ အာခေါင်ထဲ ကိုပြန်ထွက်လာဖြစ်တဲ့ စားချဉ်ပြန်တာ၊ မကြာခဏ လေချဉ်တတ်တာတွေ မှာလည်းအာသီး ရောင်နိုင်ပါတယ်။ အာသီးရောင်တာဖြစ်စေတဲ့ အဓိကအကြောင်းကို ကုသရာမှာဖြစ်တယ်။ ဖုန်ထူတဲ့နေရာသွားရင် သတိထားသွားရပါမယ်။ အာခေါင်ခြောက်အောင် မနေပဲ၊ မကြာခဏ ရေသောက်ပေးသင့်ပါတယ်။ အစာအိမ်ရောဂါရှိရင် ဆေးသောက်မယ်။ ကွမ်း၊ ဆေးလိပ်၊ အရက်စတာတွေ ရှောင်ရပါမယ်။ ရေခဲရေကတော့၊ အာသီးရောင်တာ မဖြစ်စေဘူး။ ရေခဲရေသောက်ပြီး တော့အာသီးရောင် တတ်တယ်ဆိုရင်တော့၊ မသောက်တာ ကောင်းပါတယ်။

Thursday, April 11, 2024

ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ထိန်းသိမ်းစောင့်ရှောက်သင့်သော သန္တာကျောက်တန်းလေးများ

 


 ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ထိန်းသိမ်းစောင့်ရှောက်သင့်သော သန္တာကျောက်တန်းလေးများ 

          သန္တာကျောက်တန်းဆိုသည်မှာ သန္တာကောင်လေးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ကျောက်ဆောင် ကျောက် တန်းကဲ့သို့ သွင်ပြင်လက္ခဏာရှိနေသောရေအောက် ဂေဟစနစ် တစ်ခုဖြစ်သည်။ သန္တာကျောက်တန်းများသည် ကယ်လ်စီယမ် ကာဗွန်နိတ်ဖြင့် ဖွဲ့စည်းထားသော သန္တာကောင် အသိုက်အုံများစွာ၏ ဖွဲ့စည်းဖြစ်တည်နေမှု ဖြစ်ပါသည်။ တစ်နည်းဆိုသော် သန္တာ ကျောက်တန်းဆိုသည်မှာကျောက်သား သန္တာမျိုး၏ အကောင်ငယ်လေးများအုပ်စုလိုက် စုပုံကြခြင်းဖြင့် ဖွဲ့စည်းဖြစ်တည် နေခြင်း ဖြစ်ပါသည်။

          သန္တာသည် ပင်လယ် အနီမိုနီနှင့် ပင်လယ်ရေခူများနှင့်အတူမျိုးပေါင်းစု Cnidaria ထဲ၌ ပါဝင်သောမျိုးပေါင်း Anthozoa နှင့်သက်ဆိုင်သည့် သတ္တဝါတစ်မျိုးဖြစ်သည်။ သို့သော် ထူးခြားသည်မှာသန္တာကောင်များသည် ပင်လယ် အနီမိုနီများနှင့်မတူဘဲ သန္တာကျောက်တန်းများကိုထောက်ပံ့ကာကွယ်ရန် မာကျောသောကာဗွန်နိတ် ပြင်ပအခွံမာများထုတ်ပေးနိုင်စွမ်းရှိကြသည်။ သန္တာကျောက်တန်းအများစုသည် ပူနွေး၍ ရေတိမ်ကာ ကြည်လင်​ပြီးနေရောင်တဖိတ်ဖိတ် ရောင်ပြန်ဟပ်နေသောရေတွင် အကောင်းဆုံးပေါက်ဖွားရှင်သန်ကြပါသည်။