Thursday, August 6, 2015

ရေခဲရေ ပုံးလိုက်အလောင်းခံရန် စိန်ခေါ်ခဲ့ကြပြီး နောက်ဝယ်


ရေခဲရေ ပုံးလိုက်အလောင်းခံရန် စိန်ခေါ်ခဲ့ကြပြီး နောက်ဝယ်

 
(Best of ALS Ice Bucket Challenge)

 အရင်နှစ် နွေရာသီတုန်းက Ice-bucket Challenge ဆိုတာ ခေတ်စားခဲ့တယ်။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ရေခဲပုံးကြီးကို ခေါင်းပေါ်ကနေ လောင်းချဖို့ စိန်ခေါ်ကြတာ ဖြစ်ပြီး သာမန်လူထု ကနေ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ ၊ အနုပညာနဲ့ အားကစား အကျော်အမော် တွေကအစ ကျယ်ပြန့်စွာ ပါဝင် ခဲ့ကြတယ်။ အခုလို ရေခဲရေ ပုံးလိုက် အလောင်းခံဖို့ စိန်ခေါ်ခဲ့ ကြတဲ့ နောက်ကွယ်မှာ ကမ္ဘာ လောကကြီး အတွက် ဘာတွေများ အကျိုးရှိသွား ပါလိမ့် ... ။

သင်ကိုယ်တိုင် Ice-bucket Challenge ကို ဘွာခတ် ခဲ့တယ် ဆိုရင်တောင် အနည်းဆုံး လူမှုကွန်ရက် စာမျက်နှာ တွေမှာတော့ အကျော်အမော် ပုဂ္ဂိုလ်တွေ ရေခဲပုံးလိုက် အလောင်းခံ နေပုံတွေကို ကြည့်ခွင့် ရခဲ့မှာပါ။ အဲဒါတွေဟာ တကယ်တော့ မွန်မြတ်ဖွယ် ကောင်းတဲ့ အလှူ အတန်း ပြုတဲ့နည်း တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာ လောကကြီးကို အများကြီး ကောင်းကျိုး ပြုခဲ့ပါတယ်။

Facebook တစ်ခုတည်း ပေါ်မှာ Ice-bucket Challenge ဗီဒီယိုဖိုင် တွေကို လွှင့်တင်ခဲ့သူ ဦးရေ ၁၇ သန်းခန့် ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း က လူသန်းပေါင်း ၄၄၀ လောက်က ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဗီဒီယိုဖိုင် လွှင့်တင်တာ ၊ လူတွေက ပြန်လည် ကြည့်ရှုတာတွေ ကနေ သက်ဆိုင်ရာ လူမှု ကူညီရေး အသင်းအဖွဲ့ တွေက ပိုက်ဆံတွေ အလုံးအရင်းနဲ့ ရရှိ ခဲ့ကြတယ်။

ဥပမာ ယူကေ က Motor Neurone ရောဂါ ထိန်းချုပ်ရေး အသင်းဟာ Ice-bucket Challenge ကနေ စတာလင်ပေါင်  ခုနစ်သန်း ရရှိခဲ့တယ်။ ပေါလာ နဲ့ ရောဘတ် တို့စုံတွဲကနေ ဇာတ်လမ်း စခဲ့တာ ဖြစ်တယ်။ အမေရိကား မှာ Ice-bucket Challenge ခေတ်စားနေတာ သူတို့ သတိထား မိပြီးတော့ Facebook ပေါ်မှာ Motor Neurone အတွက် ရန်ပုံငွေ ရှာဖွေရေး စာမျက်နှာ တစ်ခု တည်ထောင် လိုက်ပြီးတော့ Ice-bucket Challenge ကို စတင်ခဲ့တာ ဖြစ်တယ်။ အရင်ဆုံး သူတို့ကို သူတို့ ရေခဲပုံးလိုက် အလောင်းခံပြီး ဗီဒီယိုဖိုင်ကို လွှင့်တင် ခဲ့ကြပြီး နောက်ထပ် တစ်ယောက်ကို စိန်ခေါ် ခဲ့ကြတယ်။ ကြည့်ရှုသူ တွေကို ဒီလို ရေခဲပုံးလိုက် အလောင်းခံ ရတာဟာ Motor Neurone ရောဂါ ကုသနိုင်ရေး အတွက် ရန်ပုံငွေ ထူထောင်ခြင်း ဖြစ်ပြီး ရန်ပုံငွေ လိုအပ်ချက် စတင်လင် ပေါင် ခုနစ်သန်း ဖြစ်တယ်ဆိုတာ ကို ဖော်ပြ ခဲ့ကြတယ်။ အလှူရှင်တွေ နည်းများ မဆို ငွေလှူဒါန်း နိုင်မယ့် Text Message နံပါတ် ICED55 ကိုလည်း သတ်မှတ် ဖော်ပြခဲ့ ကြတယ်။ တစ်နှစ် အတွင်းမှာ Ice-bucket Challenge တစ်ခုတည်း ကနေ သူတို့ဟာ စတာလင်ပေါင် လေးသန်းကျော် ကောက်ခံ ရရှိခဲ့ပြီး ဖြစ်တယ်။

အမေရိကား မှာလည်း ၂၀၁၄ ခုနှစ်တုန်းက ALS ရောဂါ ကုသရေး အသင်းကနေ Ice-bucket Challenge လုပ်တာ သြဂုတ်လ နဲ့ စက်တင်ဘာလ နှစ်လအတွင်းမှာ အလှူငွေ ဒေါ်လာ ၁၁၅ သန်း ရရှိခဲ့ ပါတယ်။ အဲဒီလို ငွေကြေး ရရှိခဲ့တဲ့ အတွက်လဲ ALS ရောဂါဆိုင်ရာ သုတေသန လုပ်ငန်းကို သုံးဆတိုးပြီး လုပ်ကိုင် နိုင်ခဲ့ခြင်း ဖြစ်တယ်။

ဒါ့အပ်ြင MND ရောဂါ တိုက်ဖျက်ရေး အသင်းကလဲ Ice-bucket Challenge နဲ့ တစ်နှစ်အတွင်း ထူးထူးခြားခြား ရန်ပုံငွေ ထူထောင်နိုင် ခဲ့ကြောင်း ၊ MND ရောဂါကို လူထုက သတိထားမိ သွားပြီး သုတေသန လုပ်ငန်းအတွက် အများအပြား လှူဒါန်းခဲ့ ကြကြောင်း ၊ အဲဒီ ရန်ပုံငွေတွေ ကြောင့်လဲ MND ရောဂါ အကြောင်းကို ရိုက်ကူးထားတဲ့ ပရော်ဖက်ဆာ စတီဖင် ဟော့ကင်း အကြောင်း ရိုက်ကူးထားတဲ့ The Theory of Eveything ထွက်ပေါ် လာခဲ့တယ်။

သိပ္ပံသုတေသန လောကမှာ ဘယ်တုန်းကမှ ဒီလောက် မြန်ဆန် ကြီးမားတဲ့ ရန်ပုံငွေကို မတည်ထောင် နိုင်ခဲ့ပါဘူး။ ရေခဲပုံးလိုက် အလောင်းခံပြီတော့ လူထု စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖို့ ဆိုတာလည်း Facebook လို အခမဲ့ လူမှုကွန်ရက် တွေ မရှိရင် မဖြစ်နိုင် ပါဘူး။ ပထမဆုံး အကြိမ်အဖြစ် တကယ့် ထိပ်တန်း ပညာရှင်တွေ ၊ နိုင်ငံတော် အကြီးအကဲတွေ ကအစ Facebook ကို အမြင် ကြည်လာ ကြတယ်။ သူတို့ ကိုယ်တိုင် Facebook အကောင့်တွေ လုပ်ကြတယ်။ သုံးကြတယ်။

အရင်တုန်းက လူမှုကွန်ရက် တွေကို ဆက်သွယ်ရေး ကိရိယာထက် ပိုပြီး မမြင်ခဲ့ပါဘူး။ အခုတော့ လူထု တစ်ရပ်လုံး ပါဝင်တဲ့ လှုပ်ရှားမှုကြီး တွေကို ဒီ လူမှုကွန်ရက် တွေပေါ်ကနေ လှုံ့ဆော် စည်းရုံးလို့ ရတယ်ဆိုတာ ကို ကျွန်တော်တို့ သဘောပေါက် လက်ခံလာကြ ပါပြီ။ ဒါပေမယ့် Ice-bucket Challenge တွေ ရပ်သွားခဲ့ ပါတယ်။ ဘာကြောင့်လဲ ...

သူတို့ဆီက လေးစားစရာ ကောင်းတဲ့ စိတ်ဓာတ်ပါ။ Ice-bucket Challenge ကို ပြုလုပ်ပြီး မိမိတို့ သုတေသန လုပ်ငန်းတွေ အတွက် လုံလောက်ပြည့်စုံတဲ့ ရန်ပုံငွေကို ရရှိပြီဖြစ်လို့ ယခုနှစ် နွေရာသီမှာ Ice-bucket Challenge ကို ထပ်မလုပ် ခဲ့ကြပါဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတိုင်ပင်ဘဲနဲ့ Ice-bucket Challenge ပြုလုပ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု နဲ့ ယူကေ တို့ဟာ မိမိ လိုအပ်ချက် ပြည့်မီသွားတဲ့ အခါ ရန်ပုံငွေ ကောက်ခံရေး လှုပ်ရှားမှု တွေကို ရပ်တန့်လိုက်တာ အတုယူဖို့ ကောင်းပါတယ်။

ဒီလိုနဲ့ အမှတ်မထင် ပါပဲနဲ့ ရေခဲပုံး တစ်ပုံးနဲ့ Facebook ကို အရင်းပြုလို့ လူသားမျိုးနွယ်စု တွေအတွက် အလွန် အရေးပါတဲ့ သုတေသန လုပ်ငန်းကြီး တွေကို ဆက်လက် လုပ်ကိုင်နိုင်ဖို့ ရန်ပုံငွေ ထူထောင် နိုင်ခဲ့တဲ့ အကြောင်း လေ့လာ ရေးသား လိုက်ရပါတယ်။



Kim Kardashians ALS Ice Bucket Challenge

 

Monday, July 20, 2015

အသက် ၁၈ နှစ်မပြည့်သူများကို ဆေးလိပ် မရောင်းချပေး သော်လည်း ဆေးရွက်ကြီးစိုက်ခင်း များတွင်မူ အလုပ်လုပ် စေသောအခါ ...




 နိုင်ငံအတော် များများမှာ အသက် ၁၈ နှစ် မပြည့်သေးသူ တွေကို ဆေးလိပ် မရောင်းပေး ပါဘူး။ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီ ပြည်နယ်မှာ ဆိုရင် ဆေးလိပ် ဝယ်ယူခွင့်ကို အသက် ၂၁ နှစ်ထိ တိုးမြှင့် သတ်မှတ် ထားပါတယ်။ ဆေးလိပ်ပေး မဝယ်ဘူး ဆိုပေမယ့် ဆေးလိပ်မှာ မပါလို့ မပြီးတဲ့ ဆေးရွက်ကြီး စိုက်ခင်းတွေမှာ ကျတော့ လုပ်သားတွေ အများစုဟာ အသက် ၁၈ နှစ်အောက် ကလေးတွေ ဖြစ်နေတာ ကျတော့ကော သူတို့ရဲ့ ကျန်းမာရေးကို မထိခိုက် စေဘူးလား .. လို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။

အမေရိကန် ပြည်ထောင်စု မြောက်ကာရို လိုင်းနားပြည်နယ် ဟာ ဆေးရွက်ကြီးကို အဓိက စိုက်ပျိုးတဲ့ ပြည်နယ် ဖြစ်ပါတယ်။ မနက်အရုဏ် တက်ချိန် ရောက်ရင်ကိုပဲ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ်ထက် မပိုတဲ့ ကလေးတွေဟာ အိပ်မှုန်စုံမွှားနဲ့ အမေ့ကို နှုတ်ဆက်ရင်း ဆေးရွက်ကြီး စိုက်ခင်းထဲကို တစ်လှမ်းချင်း လှမ်းဝင် သွားတာ တွေ့ရ ပါလိမ့်မယ်။ နေထွက်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဒီ ဆေးရွက်ကြီး စိုက်ခင်းတွေရဲ့ အပူချိန်ဟာ ဂဏန်းသုံးလုံး ကို ရောက်သွား ပါလိမ့်မယ်။ ဒီ အပူချိန်ကို အန်တုဖို့ သူတို့ လက်ထဲမှာ ရေတစ်ဘူးပဲ ပါပါတယ်။

မနက် ၆ နာရီလောက်မှာ သူတို့ကို ကားတွေက လာကြို ပါတယ်။ တစ်နာရီလောက် ကားစီးရတဲ့ ခရီးအဆုံး မှာတော့ ထင်းရှူးတောကြီး တစ်တောကို ရောက်ပြီး အဲဒီတောရဲ့ နောက်မှာ ၊ သက်ဆိုင်ရာက အလွယ်တကူ မမြင်နိုင်တဲ့ နေရာမှာ ကျယ်ပြန့် များပြားစွာ စိုက်ပျိုးထားတဲ့ ဆေးရွက်ကြီး စိုက်ခင်းထဲကို ဒီကလေးတွေ အလုပ် ဝင်လုပ် ရပါတော့မယ်။ ဒီကလေး တွေဟာ ရေသောက်ဖို့ ခဏနားခွင့် ရှိပါတယ်။ ဒါပေမဲ့ သူတို့အတွက် အိမ်သာ မရှိပါဘူး။ သူတို့ဟာ တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိထားသူ တွေလဲ မဟုတ်တဲ့ အတွက် အလုပ်ရှင်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မကျေနပ်မှု ရှိလာရင် ဘယ်ကိုမှလဲ တိုင်လို့ မရပါဘူး။ ကလေးတွေဟာ အမှိုက်ထည့်တဲ့ ကြွပ်ကြွပ်အိတ်ကို ခေါင်းနဲ့ လက်မောင်း ပေါက်တွေ ဖောက်ပြီး ကိုယ်ပေါ် စွပ်ချရပါတယ်။ လက်ကိုလဲ ကြွပ်ကြွပ်အိတ် တွေနဲ့ပဲ စည်းနှောင်ကြ ပါတယ်။ ဆေးရွက်ကြီး အပင်နဲ့ တိုက်ရိုက် ထိတွေ့လို့ မဖြစ်ပါဘူး။ နီကိုတင်း တွေက အရေပြား ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်သွား ပါလိမ့်မယ်။ အထူးသဖြင့် မနက်ခင်း ဆေးရွက်ကြီးတွေ စိုနေတဲ့ အချိန်မျိုးမှာ ဖြစ်ပါတယ်။ နည်းနည်း ဂရုမစိုက် မိတာနဲ့ ဆေးရွက်ကြီး ထဲက နီကိုတင်းတွေ အရေပြား ထဲကို စိမ့်ဝင်သွားပြီး ပျို့မယ်၊ အန်မယ်၊ မူးမယ်၊ ခေါင်းကိုက်မယ်၊ အစာစားချင်စိတ် ကုန်ခန်းမယ် ၊ အိပ်မရဖြစ်မယ် ၊ ဒီကြားထဲ ဆေးရွက်ကြီး တွေကို ပိုးသတ်ဆေး ဖျန်းထားတယ် ဆိုရင် ပိုလို့တောင် ဆိုးဆိုးရွားရွား ခံရ ပါသေးတယ်။

အပူချိန် ၁ဝဝ ဒီဂရီ ဖာရင်ဟိုက် ကျော်နေတဲ့ နေပူကျဲကျဲ ထဲမှာ ထိမိတာနဲ့ လူကို ထိခိုက် စေ မယ့် ဆေးရွက် ကြီး တွေကြား ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် လို့ ဆေးရွက် ကြီးတွေ သန်စွမ်း လာအောင် လိုအပ်သလို လုပ်ပေး နေရတဲ့ ဒီကလေး တွေကို အသက် ၁၈ နှစ် မပြည့်မချင်း ဆေးလိပ် ဝယ်ခွင့် မရှိလို့ပြောရင် ဘာပြန်ပြော ကြမှာပါလိမ့်။ သူတို့ဟာ ဒီစိုက်ခင်း တွေထဲမှာ တစ်ရက်ကို အနည်းဆုံး ၁၂ နာရီ အလုပ်လုပ်ကြ ရပါတယ်။ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားနဲ့ အခြားနိုင်ငံ အတော် များများမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို အခကြေးငွေ ပေးပြီး အလုပ် လုပ်ခိုင်းရင် တရားဥပဒေနဲ့ ငြိစွန်းပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံမျိုးမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်ဟာ မိဘ ခွင့်ပြုချက် နဲ့တင် အလုပ်လုပ် နေကြပြီး အသက် ၁၄ နှစ်ပြည့်ရင် ဘာခွင့်ပြုချက်မှ တောင်းဖို့ မလိုတော့ ပါဘူး။ အသက် ၁၆ နှစ်ပြည့်ပြီး သွားရင် စတိုးဆိုင် တွေမှာ တစ်ရက်ကို ၁၈ နာရီ အလုပ်လုပ်ခွင့် ရှိကြပြီး အခုလို ဆေးရွက်ကြီး ခူးဆွတ် ပျိုးထောင် နေရတဲ့ ကလေးတွေကို ကျောင်းနေဖို့လဲ ဘယ်သူမှ မတိုက်တွန်း ကြပါဘူး။

လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့တွေ ကတော့ ဆေးရွက်ကြီး စိုက်ခင်းထဲ လွင့်ပါး ပျောက်ဆုံးနေတဲ့ ကလေးလုပ်သား တွေအတွက် မားမားမတ်မတ် ရပ်တည်ပေးပြီး ဆေးရွက်ကြီး စိုက်ခင်းတွေမှာ ကလေးတွေကို မသုံးဖို့ အကြိမ်ကြိမ် ကန့်ကွက် ပြောဆိုခဲ့တယ် ဆိုပေမယ့် အခုအချိန် ထိတော့ မဟန့်တား နိုင်သေးပါဘူး။

အလုပ်ချိန် အကြာကြီး၊ ရာသီဥတု ကလဲ ပူပြင်းလှတယ်၊ ကျောင်းလဲ မသွားရဘူး။ ဒါပေမဲ့လည်း ဒီဆေးရွက်ကြီး စိုက်ခင်းကနေ ထွက်သွားဖို့ ကလေးတွေက မစဉ်းစားကြ သလို မိဘ တွေကလဲ မလုပ်နဲ့လို့ မတားနိုင် ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကရတဲ့ ငွေလေးနဲ့ပဲ သူတို့ မိသားစုတွေ နေထိုင် စားသောက် ရလို့ပဲ ဖြစ်ပါတယ်။

ဒီတော့ ဆေးလိပ်သောက်မှ ဆေးလိပ်ရဲ့ဆိုးကျိုးတွေ ရတာ မဟုတ်ဘဲ ဆေးရွက်ကြီး စိုက်ခင်းမှာ အလုပ်လုပ် နေရတဲ့ ကလေးတွေ ဟာလဲ ကျန်းမာရေး အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့အပြင် ကျောင်းတက်ခွင့် ပါ မရကြလေတော့ လူ့စွမ်းအား အရင်းအမြစ်ကို များစွာ ထိခိုက် စေနိုင်တာမို့ အသက် မပြည့်သေးသူ တွေကို ဆေးလိပ်လဲ ပေးမသောက် ၊ ဆေးရွက်ကြီး စိုက်ခင်းတွေမှာလဲ အလုပ် ပေးမလုပ် သင့်ဘူးလို့ အလွယ်ပြော နိုင်ပေမယ့် သူတို့လေး တွေရဲ့စားဝတ်နေရေး ကလဲ ရှိသေးတော့ ကိုင်တွယ်ရ ခက်တဲ့ ပြဿနာ ဖြစ်နေတယ် ဆိုတာကို လေ့လာရေးသား လိုက်ရပါတယ်။

Tuesday, July 7, 2015

နားကြပ်ဖြင့် နားထောင်မှုကြောင့် အကြားအာရုံ ချို့တဲ့မှု စောစီးစွာ ဖြစ်ပွားနိုင်



နားကြပ်ဖြင့် နားထောင်မှုကြောင့် အကြားအာရုံ ချို့တဲ့မှု စောစီးစွာ ဖြစ်ပွားနိုင်

လမ်းပေါ်မှာ လူငယ်လေးတွေ နားကြပ်ကိုယ်စီ နဲ့ ဆိုင်ကယ်စီး နေကြတာကို တွေ့ရပါတယ်။ အားကစား ခန်းမတွေ သွားတော့လဲ အားလုံး နားထောင်ဖို့ သီချင်းကို စပီကာကြီး တွေနဲ့ ဖွင့်ပေး ထားပေမယ့် ကိုယ့်နားကြပ် လေးနဲ့ကို နားထောင် ရင်း ကစားနေကြ သူတွေ ရှိနေပါတယ်။ အိမ်တွေ မှာလဲ ရှေ့မှာ တီဗွီ ဖွင့်ထားပြီး နားကြပ်ကြီး တပ်လို့ ဂိမ်းဆော့ နေတဲ့ ကလေးတွေ ရှိနေသလို ညအိပ်ရာ ဝင်ရင် တပ်လိုက်တဲ့ နားကြပ်ဟာ မနက်မိုးလင်း တဲ့အထိ နားမှာ တပ်လျက် ဖြစ်နေကြ သူတွေကိုလဲ တွေ့ရပါတယ်။ အချို့ကလဲ မီးစက်သံတွေ၊ အဆောက်အအုံ ဆောက်လုပ်တဲ့ အသံတွေရဲ့ ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံး နားကြပ်တပ်ပြီး သီချင်း ကျယ်ကျယ် ဖွင့်ထား လိုက်ကြ ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ်၊ နားကြပ်တပ်ပြီး သီချင်း၊ အသံ အစရှိတာ တွေကို နားထောင်သက် ကြာလာရင် အကြားအာရုံကို ထိခိုက် စေနိုင်ပါတယ်။
  • အရင်က အသံကြည်ရွှင် နေတဲ့ ဂစ်တာသံဟာ တဖြည်းဖြည်း တိုးလာသလို ခံစားရဖူး ပါသလား။
  • တီဗွီမှာ စကားပြောတဲ့ အသံကို သေသေချာချာ မကြားရလို့ အသံ ထထချဲ့ ရပါသလား။
  • လူတွေ အများကြီးနဲ့ ဆူညံ ပွက်လောရိုက် နေတဲ့ စားသောက်ဆိုင် တွေထဲမှာ အသံကုန် အော်ဟစ်ပြီး စကားပြောတာ ကျင့်သား ရနေပြီလား။
  • ဒါဟာ သင့်အကြားအာရုံ ချို့တဲ့မှု စဖြစ်နေပြီ ဆိုတဲ့ သတိပေးချက်ပဲ ဆိုတာကို သင်သိ ပါရဲ့လား။

သီချင်းနဲ့ ရုပ်ရှင်ပေါ် အမွေ့လျော်ဆုံး ဖြစ်တဲ့ ကလေးတွေ၊ လူငယ်တွေဟာ နားကြပ် အများဆုံး အသုံးပြုကြတာ ဖြစ်ပြီး သူတို့ရဲ့ အကြား အာရုံဟာ အသက်ကြီး လာတာနဲ့ အမျှ ချို့တဲ့လာပုံများ နောက်ဆို သက်ကြီးရွယ်အို နားလေးတဲ့ အသက်အရွယ် ဟာ အများကြီး စောလာ လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ခေတ်ကြီး တိုးတက်  လာတာနဲ့အမျှ လူတွေဟာ အသံကို နားထောင်ခွင့် အမျိုးမျိုး ပိုပြီးရလာကြ ပါတယ်။ မိုဘိုင်းဖုန်းနဲ့ တစ်ကိုယ်တည်း နားထောင်မယ်၊ စတိတ်ရှိုး တွေကို LIVE သွားကြည့်မယ်၊ ဘားဆိုင်၊ စားသောက်ဆိုင် တွေမှာ တေးသီချင်း တွေနဲ့ ဧည့်ခံလာတယ်၊ ရုပ်ရှင်ရုံ တွေမှာလဲ အသံစနစ် တွေကို အကျယ်ကြီး တပ်ဆင် လာကြတယ်။ ရှေးတုန်းက လူတွေမှာ ကြားရတဲ့ ဆူညံသံ နည်းနည်းလေးပဲ ရှိခဲ့ပေမယ့် အခုခေတ် လူတွေမှာတော့ ဘယ်ကိုပဲ သွားသွား ဆူညံသံတွေက ပြည့်နေပါတယ်။

ကျယ်လောင်တဲ့ အသံကို အချိန် အကြာကြီး နားထောင် နေရရင် အသက်အရွယ် မရွေး အန္တရာယ်ရှိ ပါတယ်။ ဂီတသံ ဖြစ်စေ၊ ရေစီးကျသံ ဖြစ်စေ၊ ခေါင်းလောင်းသံ လေးတွေ ဖြစ်စေ လူက ခံနိုင်တာထက် ကျယ်နေမယ် ဆိုရင် ဆူညံသံပါပဲ။ ဒါကို ရေရှည် နားထောင် နေရရင်လဲ အကြားအာရုံ ချို့ယွင်းတာ ပါပဲ။ တစ်ခါတလေ ငယ်စဉ် ကတည်းက ကြားလာခဲ့တဲ့ ဆူညံသံကြောင့် ကြီးလာမှ နားဒုက္ခ ရောက်တာလဲ ရှိပါတယ်။

ဘယ်လို အသံမျိုးက လူကို ဒုက္ခပေး နိုင်သလဲဆိုရင် ၈၅ ဒက်ဆီဘယ် ရှိတဲ့ အသံတွေပေါ့။ မြို့ထဲကို ကားမောင်း သွားနေတုန်း ကားထဲကနေ ကြားရတဲ့ ယာဉ်သွား ယာဉ်လာ အသံတွေဟာ ၈၅ ဒက်ဆီဘယ် ကျော်ပါတယ်။ ဒီထက် အသံကျယ်လေ၊ လူကို ဒုက္ခပေး နိုင်လေ ဖြစ်ပါတယ်။ အခု ဘာမှမဖြစ်ဘူး ဆိုရင်တောင် နောက်ကို ဖြစ်လာ ပါလိမ့်မယ်။ နားကြပ်တွေ၊ ဟမ်းဖုန်းတွေ ကနေ ကြားနေရတဲ့ အသံတွေဟာ ဒက်ဆီဘယ် ၁၂ဝ လောက် ရှိပါတယ်။ ဒက်ဆီဘယ် ၁၁ဝေ ကျာ်ရင် အာရုံကြော ဆဲလ်တွေရဲ့ မိုင်းလင်း အလွှာကို ကွာကျစေပြီး နားကနေ ဦးနှောက်ကို လျှပ်စစ်လှိုင်းတွေ ထုတ်လွှတ်မှုကို အနှောင့်အယှက် ပေးပါတယ်။ ဒါကို မဆင်ခြင်ဘဲ အသံ အကျယ်ကြီးကို ဆက်နားထောင် နေမယ်ဆိုရင် သင်ဟာ ပြန်ကုလို့ မရတော့တဲ့ နားပျက်စီးမှု မျိုးနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ကြီးတွေ တောင်မှ ဆူညံမှု ဒက်ဆီဘယ် ၉ဝ ပဲရှိပါတယ်။ လွှစက်၊ ဂျက်စကီး တို့က ဒက်ဆီဘယ် ၁ဝဝ လောက် ရှိပါတယ်။ သိပ်ကျယ် လှပါတယ်ဆိုတဲ့ ကလပ်တွေ၊ စတိတ်ရှိုး တွေကတောင် အသံ ၁ဝ၅ ဒက်ဆီဘယ် ပဲ ထွက်ပါတယ်။ ဒါပေမဲ့ ကား ကက်ဆက်ကို ခပ်ကျယ်ကျယ် ဖွင့်ထားမယ် ဆိုရင် ဒက်ဆီဘယ် ၁၂ဝ အထိ ရှိနိုင်ပြီး သေနတ်သံ တောင်မှ ဒက်ဆီဘယ် ၁၄ဝ ပဲရှိတဲ့အခါ သင် နားကြပ်နဲ့ နားထောင်နေတဲ့ အသံဟာ ဒက်ဆီဘယ် ၁၂ဝ အထိကို ရှိနိုင်တယ် ဆိုတာ အထူးဂရုပြု စေချင်ပါတယ်။

နားဟာ ကျယ်လောင်တဲ့ အသံရဲ့ ဒဏ်ကို ခံလိုက်ရရင် ခေတ္တဖြစ်စေ၊ နာရီပိုင်းဖြစ်စေ၊ ရက်ပိုင်းဖြစ်စေ အူနေတာမျိုး၊ အသံကို ခပ်အုပ်အုပ် လေးပဲ ကြားရတာမျိုး တမင်တကာ ဖြစ်သွားစေပြီး နားကို အနားပေး ထားလေ့ ရှိပါတယ်။ ပုံမှန် အသံတွေ ထွက်နေတဲ့ အချိန်မှာ ထူးထူးခြားခြား ဖောက်ထွက် လာတဲ့ အသံမျိုးတွေဟာ နားစည်ကို အလွန် ဒုက္ခပေးလေ့ ရှိပါတယ်။ ဒါကြောင့် ကိုယ့်နားကို အနားပေးဖို့ လိုအပ်လာပြီ ဆိုရင် အဲဒီလို ကာရံမဲ့၊ ထွက်ချင်သလို ထွက်နေတဲ့ ဆူညံသံ တွေနဲ့ ကင်းဝေးတဲ့ နေရာကို သွားဖို့တော့ လိုအပ် ပါလိမ့်မယ်။

ဒါကြောင့် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ တတ်နိုင် သလောက် နားကြပ်နဲ့  သီချင်း နားမထောင်ဘဲ စပီကာဖွင့်ပြီး နားထောင်သင့် သလို ဖုန်းပြောရင်လဲ အတတ်နိုင်ဆုံး စပီကာဖွင့်ပြီး ပြောပါ။ စကားကိုလဲ
လေသံလျှော့ ပြောပြီး အရာရာကို ခပ်တိုးတိုး လေးပဲ နားထောင်တဲ့ အကျင့် လုပ်သင့်တယ် လို့ လေ့လာ ရေးသား လိုက်ရပါတယ်။

Monday, July 6, 2015

သင် .. မလိုအပ်ဘဲ ' သွား ' မနုတ်ပါနဲ့ ...


သင် ..  မလိုအပ်ဘဲ ' သွား ' မနုတ်ပါနဲ့ ...

သွားကိုက်လို့ စိတ် အနှောင့်အယှက် ဖြစ်တာကို မခံနိုင်တဲ့ အဆုံး သွားဆရာဝန်ဆီ သွားပြီး သွားနုတ်ပေးဖို့ တောင်းဆိုဖူးကြ မှာပါ။ သွားဆရာဝန် ကလဲ နုတ်ပေးလို့ ရတဲ့သွားကို နုတ်ပေး သလို နုတ်ပေး လိုက်ရင် လူကို ထိခိုက်စေမယ့် သွားကို မနုတ်သင့် သေးဘူးလို့ စည်းရုံး ပြောဆိုလေ့ ရှိပါတယ်။

ဒါကို နားထောင် လိုက်နာသင့်တယ်လို့ အကြံပြု ပါရစေ။ ဘာကြောင့် လဲဆိုတော့ ဗြိတိန်နိုင်ငံက မိတ်ဆွေ တစ်ဦးဟာ အသေးစား သွားခွဲစိတ်မှုလေး တစ်ခု ခံယူပြီးနောက် အသစ်ဖြစ်ပျက် သမျှကို မမှတ်မိ နိုင်တော့လို့ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မှတ်ဉာဏ် ရပ်တန့်သွားခြင်း ဖြစ်ပြီး အရင် ဖြစ်ခဲ့သမျှကို မှတ်မိပေမယ့် နောက်ထပ် ဖြစ်ပျက် တာတွေကို မမှတ်မိ တော့တာပါ။

ဝီလျံဟာ အမြဲကိုက်နေတဲ့ အံသွား တစ်ချောင်းရဲ့အမြစ်ကို ဖြတ်ထုတ်ပစ်ဖို့ သွားဆရာဝန်ဆီ သွားခဲ့တယ်။ သွားဆေးခန်းက လူနာ လဲလျောင်း ပေးရတဲ့ ထိုင်ခုံပေါ် နေရာယူ လိုက်တယ်။ ဆရာဝန်က သူ့ကို ထုံဆေး ထိုးပေးတယ်။ အဲဒီနောက်ပိုင်း ဘာတွေ ထပ်ဖြစ်တယ် ဆိုတာကို ဝီလျံ လုံးဝ မမှတ်မိတော့ ပါဘူး။ ဝီလျံရဲ့ ခန္ဓာကိုယ်တွင်း ဇီဝနာရီဟာ ဆရာဝန်နဲ့ ခွဲစိတ်မှု ပြုလုပ်နေတဲ့ မတ် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄ဝ မိနစ်မှာ လုံးဝ ရပ်တန့် သွားခဲ့တယ်။

အဲဒီအချိန်က စပြီး ဝီလျံဟာ ဘာကိုမှ မိနစ် ၉ဝ ထက်ပိုပြီး သတိမရတော့ ပါဘူး။ ဒါပေမဲ့ အရင်တုန်းက ကိစ္စတွေ ကိုတော့ အားလုံး မှတ်မိ နေပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က လူတစ်ယောက်နဲ့  ပတ်သက် တာတွေကို ကောင်းကောင်း မှတ်မိ နေပေမယ့် အဲဒီလူ အခု ဘယ်မှာနေတယ် ဆိုတာကို မသိတော့ပါဘူး။ အဆိုးဆုံး ကတော့ မနက် အိပ်ရာနိုး လိုက်တိုင်း အဲဒီနေ့မနက် သွားဆရာဝန်ဆီ သွားဖို့ ပြင်ဆင် သလိုပဲ ပြင်ဆင် နေတတ်ပြီး သွားဆရာဝန်ဆီ သွားရမယ် လို့ ပြောပြော နေတာပါပဲ။ ဝီလျံ ဟာ အဲဒီနေ့ နောက်ပိုင်းကို မမှတ်မိနိုင် တော့ဘဲ မနက် မိုးလင်းလို့ ထလိုက်တိုင်း အဲဒီ နောက်ဆုံး မှတ်ဉာဏ်ပဲ ပြန်ပေါ်နေတာ ဖြစ်ပါတယ်။ သူ့ဇနီးက သူ့တစ်နေ့တာ ဖြစ်ပျက်ခဲ့ သမျှကို သူ့စမတ်ဖုန်းထဲ ရေးသွင်း ပေးနေမှသာ သူပြန်ဖတ်ပြီး မနေ့က ဘာဖြစ်ခဲ့တယ် ဆိုတာကို အသစ် မှတ်သား ရရှာ ပါတယ်။

ဘာမဟုတ်တဲ့ သွားအမြစ် ဖြတ်တဲ့ ခွဲစိတ်မှုဟာ ဝီလျံရဲ့ ဦးနှောက်ကို ဘာကြောင့်များ ဒီလောက် ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု ဖြစ်စေခဲ့တာ ပါလိမ့်။ ဆရာဝန်ရဲ့ စိတ်ထဲမှာတော့ ဝီလျံကို ခွဲစိတ် နေတုန်းမှာ တစ်စုံတစ်ရာ မှားယွင်းမှု ဖြစ်တယ်လို့ မထင်ခဲ့ပါဘူး။ ခွဲစိတ်မှုပြီးလို့ ဝီလျံရဲ့ မျက်နှာကို ကာကွယ်ထားတဲ့ မှန်အနက်ကြီးကို ဖယ်လိုက်မှ ဝီလျံဟာ ဖြူဖပ်ဖြူရော် ဖြစ်နေတာကို သတိထား မိခဲ့ကြတာပါ။ မတ်တတ်ရပ် ခိုင်းလိုက်တော့ ယိမ်းထိုး နေပါပြီ။ ပြီးတော့ သူ့မျက်လုံး တွေက ငေးကြောင် ကြည့်နေပြီး သွားစိုက် ဆရာဝန်ကို အခုမှ ရောက်လာတဲ့ အတိုင်း ပြန်နှုတ်ဆက် နေပါတယ်။ သူ့ကို ဆေးရုံတင် လိုက်ရပါတယ်။ ဆေးရုံကို သုံးရက် တက်လိုက်ရ ပေမယ့် ဘာကိုမှ မိနစ်အနည်းငယ် ထက်ပိုပြီး မမှတ်မိ တာကိုတော့ ကုစားလို့ မရတော့ပါဘူး။

ပထမတော့ ဝီလျံဟာ ထုံဆေးနဲ့ မတည့်လို့ ဖြစ်တာ၊ ဦးနှောက်ထဲ သွေးယိုစီး တာလို့ ယူဆခဲ့ ပေမယ့် ဦးနှောက်ထဲ သွေးယိုစီးတဲ့ အထောက် အထား မတွေ့ခဲ့ပါဘူး။ ဆက်လက် စမ်းသပ် စစ်ဆေးမှု အရ ဝီလျံ ဟာ မှတ်ဉာဏ် အသစ်ကို မေ့လျော့သော ရောဂါ anterograde amnesia ကို ခံစားနေရတယ် ဆိုတာ တွေ့ရှိခဲ့ ပါတယ်။ ဝီလျံ ဝက်ရူးပြန် တုန်းက သူ့ ဦးနှောက်ထဲက မီးခိုးရောင် အပိုင်း အတော် များများကို ဖြတ်ထုတ် ခဲ့ရပါတယ်။ ဒီ မီးခိုးရောင် အပိုင်းတွေဟာ ဦးနှောက်ရဲ့ ပုံနှိပ်တိုက် နှယ် အလုပ်လုပ် ပေးပါတယ်။ သတိရစရာ တွေကို အခန်းလိုက် ပရင့်ထုတ် ပေးပါတယ်။ ဒီ မီးခိုးရောင် အပိုင်းတွေ မရှိဘဲ ဝီလျံဟာ ဘာကိုမှ မမှတ်မိ နိုင်ပါဘူး။ ဒါပေမဲ့ ထူးထူးခြားခြား ဆိုသလိုပဲ ဝီလျံရဲ့ ဦးနှောက်ဟာ တစ်ပိုင်းနဲ့ တစ်ပိုင်း အချိတ်အဆက် မိနေခဲ့ ပါတယ်။ ဒါဖြင့်ရင် အခု သွားအမြစ် ဖြတ်မှ ဘာဖြစ်လို့  မှတ်ဉာဏ်အသစ် မှတ်သား နိုင်စွမ်း ပျောက်သွားတာ ပါလိမ့်။

ဝီလျံရဲ့ ပြဿနာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာလို့ ယူဆ ကြပြန်တယ်။ အပြင်းအထန် နာကျင်မှုကို ခံစားခဲ့ရတဲ့ လူနာတွေဟာ အဲဒီ နာကျင်စေတဲ့ ကိစ္စတွေကို ပြန်မတွေးချင် တော့ဘဲ မေ့လျော့ပစ် လိုက်လေ့ရှိတယ်။ ဒါဟာ ရောဂါတော့ မဟုတ်၊ အကျင့်တစ်ခု ပေါ့။ ဒါပေမဲ့ အဲဒီ အကျင့်ဟာ အဖြစ်အပျက် အသစ်တွေကို မမှတ်မိ နိုင်အောင် လို့တော့ အနှောင့်အယှက် ပေးလေ့ မရှိပါဘူး။ နောက်ပြီး ဝီလျံမှာ ဒီလို နာကျင်စွာ ခံစားခဲ့ရတဲ့ အဖြစ်ဆိုး မျိုးလဲ မရှိခဲ့ပါဘူး။

ဒီ အနေအထား အရ ဝီလျံရဲ့ ဦးနှောက်ဟာ အာရုံကြော ဆက်ကြောင်း ငယ်လေးတွေ ပြတ်တောက် သွားပြီး ကွန်ပျူတာ ပရင်တာ ဟာ ပုံမှန် လှုပ်ရှားနေ ပေမယ့် မင်မလိုက်တော့ သလို ခံစားလိုက်ရ တာပါ။ ဒါကြောင့် မိနစ် ၉ဝ လောက် ကြာသွားရင်ကို ခုနက ကိစ္စတွေက ကိုယ်ပျောက် မင်လိုပဲ တဖြည်းဖြည်းနဲ့ လွင့်ပါး ပျောက်ကွယ် သွားတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီ အာရုံကြော မျှင်တွေ ပြတ်တောက်မှုဟာ သွားအမြစ် ဖြတ်ထုတ်မှုနဲ့ ဘာကြောင့် ဆက်နွှယ် နေတယ်ဆိုတာ ထုံးစံအတိုင်း သိပ္ပံ ပညာရှင် များက အဖြေရှာ အုံးမယ်လို့ ပြောပါတယ်။ ဗြိတိန်နိုင်ငံ ဆေးလောက သမိုင်းမှာ ဦးနှောက် မပျက်စီးဘဲ မှတ်ဉာဏ် ပျောက်ဆုံးတဲ့ လူ ငါးဦး ရှိတယ်လို့ ဆိုပါတယ်။ သူတို့အားလုံးဟာ သွားဆရာဝန်နဲ့ ခွဲစိတ်မှု ပြုလုပ်နေတုန်း မှတ်ဉာဏ် ပျောက်ဆုံး ခဲ့တာတော့ မဟုတ်ပေမယ့် ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတုန်း တစ်ပုံစံတည်းပဲ ကြုံတွေ့  ခဲ့ကြတာလို့ ဆိုပါတယ်။

ဒါဆိုရင်တော့ အာရုံကြောမျှင် လေးတွေ ပြတ်တောက် သွားရုံနဲ့လည်း ဦးနှောက်ရဲ့ပင်မလုပ်ငန်း တွေကို ပံ့ပိုးပေးနေတဲ့ ပရိုတိန်း စီးကြောင်း ပြတ်တောက် သွားနိုင်ပြီး မှတ်ဉာဏ် ပျောက်ဆုံးတာတွေ ဖြစ်လာနိုင်တဲ့ အတွက် အခြား အာရုံကြော မျှင်တွေ ပြတ်တောက် ပျက်စီးဖို့ ဆိုတာ ကိုယ်က ဒဏ်ရာ အနာတရ ရမှ ဖြစ်လာမှာမို့ တားဆီး ကာကွယ်ဖို့ ဆိုတာ သတိထားရုံ ကလွဲလို့ သိပ်မတတ် နိုင်ပေမယ့် သွားနုတ်မယ် ၊ မနုတ်ဘူး ဆိုတာကိုတော့ ကိုယ်က ထိန်းချုပ်လို့ ရတန်သလောက် ရတာ ဖြစ်တဲ့အတွက် မလိုအပ်ရင် သွားမနုတ်ဖို့ လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။

Tuesday, June 16, 2015

ကမ္ဘာ့နည်းပညာ ဆာလောင်မွတ်သိပ်မှုကြောင့် ဖြစ်ပေါ်လာသော အဆိပ်ကန်ကြီး





မွန်ဂိုးလီးယားနိုင်ငံ ရဲ့အတွင်းကျကျ ချောင်တစ်နေရာမှာ အဆိပ်ကန်ကြီး တစ်ကန် ရှိပါတယ်။ တစ်ကမ္ဘာလုံးက သုံးနေတဲ့ စမတ်ဖုန်း ၊ အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ ၊ ဝတ်ဆင်နိုင်တဲ့ နည်းပညာအပြင် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဘူးလို့ ပြောနေကြတဲ့ စိမ်းလန်း နည်းပညာ တွေကနေ ထွက်ပေါ်လာတဲ့ အဆိပ်သင့် ဓာတုစွန့်ပစ် ရေတွေ ဒီကန်ကြီးထဲ စုနေတာပါ။ မြို့တစ်မြို့စာ လောက်ရှိတဲ့ Baogang Steel and Rare Earth ဘောင်ဂန်စတီး နဲ့ ရှားပါးသတ္တု သန့်စင် စက်ရုံကြီးက မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို အပြည့် နေရာယူထား ပါတယ်။

ကောင်းကင်ယံကို စိတ်ကြိုက် ပုံသွင်းနေတာ ကတော့ မိုးထိအောင် မြင့်မားနေတဲ့ အအေးခံ အဆောက်အအုံ မြင့်တွေရယ် ၊ မီးခိုးတလူလူ ထွက်နေတဲ့ ခေါင်းတိုင် တွေရယ်ပါပဲ။ ဒီမြို့တစ်မြို့စာ စက်ရုံကြီးရဲ့ အနောက်ဘက် တစ်ခြမ်းလုံးမှာတော့ နောက်ထပ် မြို့တစ်မြို့စာ လောက်ရှိတဲ့ ကန်ကြီးတစ်ကန် ရှိပါတယ်။ ဒီကန်ထဲမှာ ရှိနေတာ ရေတွေတော့ မဟုတ်ပါဘူး။ မည်းနက် ချွဲကျိ နံစော် နေတဲ့ အဆိပ်သင့် စွန့်ပစ်ဓာတု အညစ်အကြေး တွေသာ ဖြစ်ပါတယ်။

ဒီကန်ကြီးထဲကို အညစ်အကြေး ရေတွေက ပိုက်ဒါဇင်ပေါင်း များစွာကနေ စီးဝင် နေပါတယ်။ ကန်ပတ်ပတ် လည်က သန့်စင်စက် ရုံတွေကနေ ဂျိမ်းခနဲ ရေဆိုးတံခါး ဖွင့်လိုက်သံ၊ ဒီရေဆိုးတွေ ပိုက်လုံး ကြီးတွေထဲကနေ ဝေါခနဲစီးလာသံ၊ ရေကန်ကြီး ထဲကို ပွက်ခနဲ၊ ပွက်ခနဲ ကျသွားသံ၊ ထောင်းခနဲထွက် လာတဲ့ ဆာလဖာ အဆိပ်ငွေ့ အနံ့တွေဟာ တကယ်ပဲ ငရဲပြည် ရောက်နေသလို ခံစားရပါတယ်။

ဒါဟာ အရှေ့တောင် အာရှရဲ့ နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်တဲ့ မွန်ဂိုလီးယား နိုင်ငံထဲက ဘောင်တို စက်မှုမြို့ တစ်မြို့သာ ရှိပါသေးတယ်။ ဘောင်တိုမြို့ ဟာ မွန်ဂိုလီးယားမှာ တော့ အကြီးဆုံး စက်မှုမြို့ကြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဖြန့်ချိရောင်းချ နေတဲ့ စမတ်ဖုန်းနဲ့ အခြား ဝတ်ဆင်နိုင်တဲ့ နည်းပညာသုံး ကိရိယာတွေကို ထုတ်လုပ်ဖို့ တရုတ်နိုင်ငံက ဒီမြို့မှာလာပြီး သူ့ကုန်ကြမ်း တွေကို ကုန်ချောပြင် ပါတယ်။ ဒီ ကုန်ချောပြင်ဖို့ မြို့တစ်မြို့စာ လောက်ကြီးတဲ့ ဘောင်ဂန်စတီး နဲ့ ရှားပါးသတ္တု သန့်စင်စက်ရုံ ကနေ အခုလိုပဲ မယုံနိုင် လောက်တဲ့ ဓာတုစွန့်ပစ် ရေတွေ စွန့်ထုတ် နေတာပဲ ဖြစ်ပါတယ်။

ဘောင်တိုမြို့ အကြောင်း ကြားဖူးတဲ့သူ ခပ်ရှားရှားပါ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ စမတ်ဖုန်းကနေ အီလက်ထရွန်းနစ် ပစ္စည်းတွေ အားလုံးအတွက် လိုအပ်တဲ့ ကုန်ကြမ်းကို အကြီးဆုံး၊ အများဆုံး သန့်စင် ပေးနေတဲ့ စက်မှုမြို့ကြီး ဖြစ်ပါတယ်။ ဒီ စက်မှုမြို့ကြီးရဲ့ အဆိပ်ကန်ကြီးဟာ တစ်ကမ္ဘာလုံးရဲ့ နည်းပညာ ဆာလောင်မှုကြောင့် ဖြစ်လာတာ လို့ပြောရင် မှားမယ် မထင်ပါဘူး။

အီလက်ထရွန်းနစ် ပစ္စည်းတိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ သံလိုက် တစ်မျိုးတည်းကိုပဲ စဉ်းစားကြည့် ရအောင်။ ၂ဝဝ၉ ခုနှစ်မှာ ကမ္ဘာ့သံလိုက် လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုန်းကို တရုတ် တစ်နိုင်ငံ တည်းက ဖြည့်ဆည်းခဲ့ ပါတယ်။ အဲဒီ ၉၅ ရာခိုင်နှုန်းသော တရုတ်သံလိုက် ထုတ်လုပ်မှုရဲ့ ၇၅ ရာခိုင်နှုန်း ရှိတဲ့ ကုန်ကြမ်းကို ဘောင်တိုမြို့ရဲ့ မြောက်ဘက် က ဘရမ်းအိုဘို သတ္တုတွင်း ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှုပါ။

တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး လောကမှာ ပြိုင်ဘက်ကင်း နေရခြင်းကိုက ရှားပါးသတ္တု တွေကို အများဆုံးနဲ့ အမြန်ဆုံး ပိုင်ဆိုင် သန့်စင်ရောင်းဝယ် အသုံးပြုနိုင် လို့ပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာအောင် ပံ့ပိုးပေး နေတာကတော့ မွန်ဂိုလီးယား နိုင်ငံထဲက ဘောင်တိုမြို့ ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့ လျှို့ဝှက် စီးပွားရေးခံတပ် မြို့ကြီးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိပ်ကန်တွေ၊ လျှို့ဝှက် ခံတပ်တွေ၊ သတ္တုတွင်း တွေကိုတွေ့ လို့ ဘောင်တိုမြို့ ဟာ လူသူကင်းမဲ့ နေတဲ့ တစ္ဆေမြို့လို့တော့ မထင်လိုက်ပါနဲ့။ ၁၉၅ဝ ပြည့်နှစ်မှာ လူဦးရေ ၉၇ဝဝဝ ပဲရှိခဲ့တဲ့မြို့မှာ အခုဆိုရင် မြို့နေလူထု ဦးရေ ၂ သန်းခွဲ အနည်းဆုံး ရှိပါတယ်။

ဒီတော့ ဘောင်တိုမြို့ ဘာဖြစ်နေလဲ။ တရုတ်အတွက် သတ္တုသန့်စင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင် ပေးနေရပေမယ့် တိုးတက်ပြောင်းလဲ လာတဲ့ခေတ် အခြေအနေ၊ အဆမတန် များလာနေတဲ့ လူဦးရေ၊ ဒီ လူဦးရေနဲ့  မကိုက်ညီ တော့တဲ့ မြို့ပြစနစ်၊ အစရှိတာတွေဟာ ညှိမရဘဲ အပြိုင် အစွန်းထွက်နေတဲ့ ပြဿနာတွေ ဖြစ်လို့လာ နေပါပြီ။ သတ္တုသန့်စင် လုပ်ငန်းအတွက် တစ်မြို့လုံး အနှံ့ မီးကြိုး၊ ဖုန်းကြိုးတွေ သွယ်တန်း ထားသလိုပဲ ဧရာမရေဆိုး ထုတ်ပိုက်တွေကို သွယ်တန်း ထားပါတယ်။ လမ်းအောက်မှာ၊ လမ်းဘေးမှာ၊ လမ်းပေါ်မှာ၊ တံတားနဲ့ ယှဉ်လျက် ဘယ်နေရာကို ကြည့်ကြည့် ရေဆိုးထုတ်ပိုက်တွေ ရှိနေပါတယ်။ လမ်းတွေပေါ်မှာ စက်ရုံ အလုပ်ရုံပေါင်း မြောက်မြားစွာ အတွက် ဒီဇယ်နဲ့  ကျောက်မီးသွေး သယ်ယာဉ်ကြီး တွေဟာ ၂၄ နာရီပတ်လုံး ဥဒဟိုပြေးလွှား နေပါတယ်။

ဒီမြို့ကြီး ဆက်လက်ရှင်သန် နိုင်ခြင်းရှိ - မရှိ၊ ဖော်ပြခဲ့တဲ့ အဆိပ်ကန်ကြီးရဲ့  ကမ္ဘာ့မြေအောက် ရေနဲ့ ဂေဟစနစ်ကို ဒုက္ခပေးနိုင်မယ့် အဖျက်စွမ်းအား ၊ အဲဒီမြို့ရဲ့ လေထုညစ်ညမ်း မှုနှုန်း၊ ဘာကြောင့် တရုတ်နိုင်ငံက မွန်ဂိုလီးယား ထဲမှာ ဒီလို သန့်စင် စက်ရုံကြီး တွေ တည်ဆောက် အသုံးပြုတာလဲ ဆိုတာတွေကို မတွေးခင်၊ မမေးခင်၊ မဖြေခင် မှာကျွန်တော်တို့ လက်နဲ့မကွာ ဆောင်ထားကြတဲ့ စမတ်ဖုန်း တွေရဲ့ နောက်ကွယ်မှာ ဒီလိုကြီးမားတဲ့ အဆိပ်ကန် ကြီးတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို အသိ၊ သတိရှိကြဖို့ လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။

ဝင်းဇော်

Thursday, June 11, 2015

မတ်တတ်ရပ်လိုက်ပါ



မတ်တတ်ရပ်လိုက်ပါ

လူတွေ ထိုင်လွန်း ပါတယ်။ မနက်အိပ်ရာ ထထချင်း ခုတင်ပေါ်မှာ ထိုင်နေလိုက် ပါသေးတယ်။ အဝတ်အစားကို ထိုင်ပြီး ဝတ်ပါတယ်။ ဧည့်ခန်းမှာ၊ ထမင်းစား စားပွဲမှာ ၊ အလုပ်စားပွဲမှာ၊ ဘတ်စ်ကား ပေါ်မှာ၊ ဖုန်းပြောတဲ့ အခါမှာ၊ တီဗွီကြည့်တဲ့ အခါမှာ ထိုင်နေကြတာ ချည်းပါပဲ။ အဆိုးဆုံး ကတော့ ရုံးဝန်ထမ်း တွေပါ။

ရုံးဝန်ထမ်းတွေဟာ ထိုင်ခုံမှာထိုင်လို့ နောက်ကျောကို မှီပြီး တစ်နေကုန် တစ်နေခန်း နေပုံများ ကားစီးရင်လဲ ဒီပုံ၊ အိမ်မှာ နေလဲဒီပုံပဲ ဖြစ်ပါတယ်။ ကျောမှာတင် ထိုင်ခုံကပ်နေတဲ့ ဘဝကနေ ခုန်ထွက်ပြီး လှုပ်လှုပ်ရှားရှား အမြန်ဆုံး မလုပ်ဘူး ဆိုရင် နောက်ပိုင်း Gym တွေ ဘယ်လောက် သွားသွား သက်သာ ပျောက်ကင်း တော့မှာ မဟုတ်တဲ့ ဝေဒနာတွေကို ခံစားရတော့မှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက ရုံးတွေမှာ ''မတ်တတ်ရပ်ပါ'' လို့ အဓိပ္ပာယ် ရတဲ့ On Your Feet စာတန်းတွေ စတင်ချိတ်ဆွဲ လာကြပါပြီ။ အပတ်စဉ် အစည်းအဝေးတွေ မှာလဲ ဝန်ထမ်းတွေ သတိရတိုင်း မတ်တတ်ရပ် ပေးဖို့ ၊ လမ်းများများ လျှောက်ပေးဖို့ ၊ မတ်တတ် အစည်းအဝေး ၊ မတ်တတ် စားပွဲတွေကို ရွေးချယ်ဖို့ တိုက်တွန်း စည်းရုံး လာကြပါတယ်။ လှုပ်ရှားမှု နည်းပါးခြင်း ဟာ ကျန်းမာရေး အတွက် အကြီးမားဆုံး စိန်ခေါ်မှု တွေထဲမှာ ပါတယ်လို့  ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

အချို့က ကြည့်လိုက်မယ် ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုယ် အလေးချိန် ရှိကြပါတယ်။ တချို့ရုံးကို လမ်းလျှောက် သွားတာ ၊ စက်ဘီး နဲ့ သွားတာမျိုး လုပ်ပြီး တစ်နေကုန် သွားထိုင်မှာကို ကာမိအောင် ကိုယ်လက် လှုပ်ရှား လုပ်ကြပါတယ်။ ဒါပေမဲ့ အထိုင်များရင် များသလို ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ အထိုင်များ လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် နှေးလာပြီး ခန္ဓာကိုယ်က သွေးတွင်း သကြားဓာတ် ကို ထိန်းချုပ်တဲ့ နှုန်း၊ သွေးပေါင်ချိန် နဲ့ အဆီ ချေဖျက်မှုနှုန်း တို့ကို အနှောင့်အယှက် ပေးပါတယ်။ နှလုံးရောဂါ၊ Type 2 ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ စိတ်ကျန်းမာရေး ချို့တဲ့မှု တွေအားလုံးဟာ အထိုင်များရင် ဖြစ်လာနိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထိုင်များ သူတွေ လှုပ်ရှားလာကြ စေဖို့ ဗြိတိန် နှလုံး ဖောင်ဒေးရှင်း က ''ဗြိတိန် လူမျိုးများ မတ်တတ်ရပ် ကြပါ'' လှုပ်ရှားမှုကို စတင်နေခြင်း ဖြစ်ပါတယ်။

သင်သတိရတာနဲ့ မတ်တတ်ရပ် လိုက်ပါ။ ညောင်းလာရင် ပြန်ထိုင်လိုက်ပါ။ အခွင့်အရေး ရတိုင်း လမ်းခေါက်တုံ့ ခေါက်ပြန် လျှောက်ပေးပါ။ လမ်းလျှောက် သွားလို့ရတဲ့ နေရာတွေကို လမ်းလျှောက်သွားပါ။ လှေကားတက် လေ့ကျင့်ခန်း ဟာ နှလုံးအတွက် အလွန်ကောင်း မွန်ပါတယ်။ ဓာတ်လှေကား အစား လှေကားထစ်ကို ရံဖန်ရံခါ ရွေးချယ်ပါ။ သင် မတ်တတ်ရပ် လိုက်ရုံနဲ့ တစ်နာရီကို ကယ်လိုရီ ၅ဝ ပိုပြီး လောင်ကျွမ်း ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ လောက်နဲ့ နှိုင်းယှဉ်မယ် ဆိုရင် အခုခေတ် လူသားတွေရဲ့ လှုပ်ရှားမှုဟာ အလွန် နည်းပါးလာ နေပါတယ်။ လက်မှုလုပ်ငန်း ဆိုတာ ရှားသွားပါပြီ။ နေရာတိုင်းမှာ စက်တွေသုံးလာ ကြပါတယ်။ နောက်ဆုံး တူတွေ၊ လွှတွေ၊ ဆောက်တွေ ကိုင်ရတဲ့ လက်သမား တွေတောင် စက်သမားတွေ ဖြစ်လာကြပါပြီ။ တစ်ဖက်က ကြည့်မယ်ဆိုရင် တိုးတက်မှု တစ်ရပ်ပေါ့။ ကျန်းမာရေး ပိုင်းမှာတော့ ကြီးမားတဲ့ ဆုတ်ယုတ်မှုကြီး တစ်ရပ် ဖြစ်နေပါတယ်။

ဒါ့ပြင် ရုံးတွင်း ဆက်သွယ်ရေးတွေ ကောင်းမွန် လာတာနဲ့အမျှ လူတွေဟာ ဟိုဘက် စားပွဲလောက် ကိုတောင် လမ်းလျှောက် မသွားကြ တော့ပါဘူး။ အီးမေးလ်၊ ချက်တင်၊ ဖုန်းတွေနဲ့ပဲ အလုပ်လုပ် လာကြပါတယ်။ သွေးလေတွေ ထိုင်းမှိုင်းပြီး ဖန်တီးမှု စွမ်းအား၊ အလုပ် ပြီးမြောက်မှု စွမ်းအားတွေ အားလုံးကို ထိခိုက် ပျက်စီးစေပါတယ်။

အဆိုးဆုံးကတော့ ဖုန်း ၊ ကွန်ပျူတာ ၊ တီဗွီဖန်သားပြင် သုံးမျိုးကို မခွာနိုင်အောင် စွဲလမ်းတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ကြာရင် ကုပ်နဲ့ ဇက် အထူးကု ဆရာဝန်တွေ ၊ လက်ချောင်း ၊ လက်ကောက်ဝတ် အထူးကု ဆရာဝန်တွေ ထွက်ပေါ်လာတော့ မှာဖြစ်ပါတယ်။ ကုပ်၊ ဇက်၊ လက်ချောင်း၊ လက်ကောက်ဝတ် တွေကို တစ်ချက်မှ အနားမပေးဘဲ သုံးနေကြလို့ပဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေး၊ နည်းပညာ၊ စက်မှု ကိရိယာနဲ့ လျှပ်စစ် စွမ်းအင်တွေ အထူးဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်တဲ့ ဒီကမ္ဘာပေါ်မှာ လူတိုင်းလိုလို အထိုင်များ လာကြပြီး ကိုယ် လက် လှုပ်ရှားမှု နည်းနေတဲ့အတွက် မကြာခင်မှာပဲ ကြီးလေးတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့ ရနိုင်တယ်ဆိုတာ ကို လေ့လာ ရေးသားတင်ပြ လိုက်ရပါတယ်။

Tuesday, June 9, 2015

ရေဘယ်လောက် ပူနေပြီလဲ .. .. ..



''ရှေးရှေးတုန်းက ဖားကလေး တစ်ကောင်ဟာ ဒယ်အိုး တစ်လုံးထဲကို မတော်တဆ ပြုတ်ကျ သွားပါတယ်။ ဒယ်အိုးထဲမှာ အေးမြ ကြည်လင်တဲ့ ရေအပြည့် ရှိတော့ ဖားလေးဟာ ပြန်မထွက် တော့ဘဲ ပျော်ရွှင်စွာ ကူးခတ် နေလိုက်ပါတယ်။ ဒါပေမဲ့ ဒယ်အိုး အောက်မှာ မီးဖိုထားတယ် ဆိုတာ ဖားလေး မသိပါဘူး။ ရေဟာ တဖြည်းဖြည်း ပူလာပါတယ်။ ဖားလေး သတိမထားမိ ပါဘူး။ ရေဟာ အတော် ပူလာပါပြီ။ ဖားလေး သတိထားမိ ပါပြီ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် ဟာ ပူပြင်းတဲ့ ရေပူ ဒဏ်ကြောင့် ပျက်စီးစပြု နေပြီမို့ ဖားလေးဟာ ဒယ်အိုးထဲ ကနေ ရုန်းထွက်ဖို့ အင်အား မရှိတော့ ပါဘူး။'' ဒါဟာ အင်တာနက် ဆိုတဲ့ ဒယ်အိုးကြီး ထဲမှာ ပျော်ရွှင်စွာ ကူးခတ်နေတဲ့ နည်းပညာ ချစ်သူတွေ၊ လူမှုကွန်ရက် ချစ်သူတွေ ၊ အွန်လိုင်းဂိမ်း ချစ်သူတွေ သတိထားရမယ့် ဖားပုံပြင်လေး ဖြစ်ပါတယ်။ တစ်ချိန်က အင်တာနက် စာမျက်နှာ တွေကို ကြည့်ရှုရာ ကနေ အီးမေးလ်တွေ ပို့ဖမ်းတာ လုပ်လာပါတယ်။ အဲဒီကနေ  ကိုယ်ပိုင် ဝက်ဘ်ဆိုက် ၊ ဘလော့ ၊ ဖိုရမ် တွေ တည်ဆောက်ပြီး ဂုဏ်ယူ ဝင့်ကြွား ခဲ့ပါတယ်။

အခု Facebook, Wechat, Viber, Twitter အစရှိတဲ့ လူမှုကွန်ရက် တွေကို ၂၄ နာရီမှာ တစ်နာရီတောင် မပိတ်နိုင်အောင် စွဲလမ်း နေကြပါပြီ။ မကုန်နိုင် မခန်းနိုင်တဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ အွန်လိုင်း မိတ်ဆွေ၊ စိတ်ထင်ရာ ပြောလို့ ရတဲ့ စကားတွေ၊ ''ဒယ်အိုးအပူ မလွန်ခင် ရုန်းထွက် နိုင်ကြပါ့ မလား''။

Block လိုက်မယ်၊ Log ချ လိုက်မယ် ။ ။ အင်တာနက် သုံးပြီး အချိန်ဖြုန်းတဲ့ Cyberslacking ကို တားဆီးနိုင်ဖို့ တစ်ကမ္ဘာလုံးက အင်တာနက် ဆိုက်တွေကို ကြည့်ရှုနိုင်မယ့် အင်တာနက်ကို မပေးဘဲ ကုမ္ပဏီရဲ့ ဆာဗာကနေ ရွေးချယ် ဖော်ပြပေးတဲ့ ဆိုက်တွေကိုပဲ ကြည့်လို့ရတဲ့ အင်ထရာနက် ကို လွှင့်လာ ကြတယ်။ ဒါပေမဲ့ ဖွံ့ဖြိုး တိုးတက်မှု၊ ဆန်းသစ် တီထွင်မှု အားတွေ နည်းသွားတာပဲ ဖြစ်လာတယ်။ ဆိုက်မှန်သမျှ လွတ်လပ်စွာ ကြည့်ရှုနိုင်တဲ့ သူတွေကျတော့ အတွေး အမြင်တွေ ဆန်းသစ် နေပြန်တဲ့ အတွက် Block တာတွေ ၊ Log ချထား တာတွေကို ပြန်ဖြုတ်ခဲ့ ကြရတယ်။

အင်တာနက် Filter တွေ တပ်ခဲ့ကြတယ် ။ ။ အင်တာနက် ပေါ်က သန်းနဲ့ချီ ရှိနေတဲ့ ညစ်ညမ်း ဝက်ဘ်ဆိုက် တွေကို လူငယ်၊ အပျိုငယ်၊ အိမ်ထောင်သည် တွေကြည့်ပြီး အကျင့်စာရိတ္တ ပျက်ပြား ဖောက်ပြန် လာတာကို တွေ့ရတဲ့ အတွက် အဲဒီ ညစ်ညမ်းဆိုက် တွေကို ကြည့်လို့ မရအောင် Filter တွေခံပြီး ပိတ်ခဲ့ကြတယ်။ အကျိုးဆက် အားဖြင့် Proxy Over လို့ခေါ်တဲ့ ဘန်းကျော်ကြည့် နည်းတွေ အလွန် ခေတ်စားခဲ့တယ်။ မထူး တော့ပြီမို့ အဲဒီ Filter  တွေကိုလဲ ပြန်ဖြုတ်ခဲ့ ရတယ်။

Block လဲမရ၊ Log ချလဲမရ၊ Filter ခံလဲမရ နိုင်အောင် အင်တာနက် အလွဲသုံးစား လုပ်မှုကို ဆေးစွဲသလို စွဲနေကြတဲ့ မျက်မှောက်ခေတ် လူတန်းစားတွေကို ဒယ်အိုးထဲက ရေသိပ်မပူခင် ကယ်နိုင်ပါ့ မလားဆိုပြီး ပညာရှင်တွေက အောက်ပါ နည်းလမ်းတွေကို စမ်းသပ် ကြည့်ကြတယ်။

ပိတ်ထားပါ ။ ။ ကွန်ပျူတာ၊ ဖုန်းတို့ကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် လိုရင်းကို မရောက်နိုင်ဘဲ ရွာလည်တဲ့ ဇာတ်လမ်းက စပါတယ်။ ကျွန်တော် ကိုယ်တိုင် Firefox ကို ဖွင့်လိုက်တာနဲ့  g-Mail ရယ် ၊ Facebook ရယ်ကို အရင်ဆုံး ဖွင့်ပါတယ်။ ပြီးရင် တခြား အလုပ်လုပ်မယ့် ဆိုက်ငါးခု လောက်ကို ဖွင့်လိုက်ပါတယ်။ Facebook ကို အဝကြည့်ပြီး တော့မှ အလုပ်လုပ် ရမယ့်ဆိုက်ထဲကို ရောက်ပါတယ်။ အလုပ်ကို ငါးမိနစ်လောက် လုပ်လိုက် Facebook ကို ၁၅ မိနစ်လောက် ကြည့်လိုက်နဲ့ ကျွန်တော် အလုပ်လုပ် လာတာ သုံးနှစ်လောက် ရှိနေပါပြီ။ တကယ်တမ်း လုပ်ရင် ၁၅ မိနစ်လောက် ပဲကြာတဲ့ အလုပ်ကို Facebook ကြောင့် နှစ်နာရီလောက် ကြာနေတာ သတိထား မိပါတယ်။ ဒီတော့ အခု အလုပ်လုပ် တော့မယ်ဆိုရင် Facebook ကို ပြတ်ပြတ် သားသားပဲ Logout လုပ်လိုက်ပါတယ်။

အီးမေးလ်ကို မနက်ပိုင်းမှာ တစ်ကြိမ်ပဲ စစ်ပါတယ် ။ ။ စစ်လိုက်တိုင်း မေးလ်အသစ် ဝင်နေမယ်။ မေးလ်အသစ် ဝင်တိုင်း ပြန်ဖြေနေမယ် ဆိုရင် ပင်မအလုပ်ကို စိတ်ဝင်တစားနဲ့ လုပ်နိုင်မှာ မဟုတ်ပါဘူး။

အလုပ်ကို အရင်လုပ်ပါတယ် ။ ။ Facebook ကြည့်ရတာ စိတ်မဖြောင့်ဘူး။ အလုပ်ရှိနေလို့ ဆိုရင် အလုပ်အရင် လုပ်ပြီးမှ Facebook ကို စိတ် ဖြောင့်ဖြောင့်နဲ့ ကြည့်ဖို့ ဆုံးဖြတ် လိုက်တယ်။ ထိုနည်းတူ မနက်ပိုင်း လုပ်စရာတွေ ပြီးမှ မိုဘိုင်းဖုန်းရဲ့ Packet Data ခလုတ်ကို ဖွင့်တယ်။ အလုပ်လဲ ပြီးတယ်။ လုပ်ချင်တာလဲ လုပ်ရတယ်။ စိတ်ဖိစီးမှုလဲ မဖြစ်တော့ဘူး။

Pomodoro နည်းစနစ်ကို သုံးတယ် ။ ။ ဘာကိုလုပ်လုပ် မိနစ် ၃ဝ စီ ပိုင်းခြားပြီး လုပ်တဲ့ စနစ်ပေါ့။ အလုပ်ကို မိနစ် ၃ဝ လုပ်တယ်။ မိနစ် အနည်းငယ် နားတယ်။ ဒီနားချိန်မှာ Friend တွေကို Reply လုပ်တယ်။ ပြီးရင် Wifi ပိတ်တယ်။ အလုပ်ကို မိနစ် ၃ဝ ဆက်လုပ်တယ်။ ဂျပန်နည်း စနစ်ပေါ့။ ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာပေါ့။ ဒါ့ပြင် တချို့အလုပ်ကို Facebook , g-Mail , Wechat အပေါ် သွားနေတာ။ ဒီတော့ အလုပ်ကို မိနစ် ၃ဝ လုပ်မယ်။ Social Media ကို ငါးမိနစ်လောက် သုံးမယ်ဆိုရင် အလုပ်လဲပြီးမယ်၊ အွန်လိုင်းပေါ် မှာလဲ ဟန်မပျက် တိုင်ပင် ဆွေးနွေး နေနိုင်မယ်ပေါ့။

လူတွေရဲ့ အွန်လိုင်း အသုံးပြုပုံ ဆိုးဆိုးရွားရွား မမှားဘဲ နဲ့တော့ ပညာရှင်တွေက အခုလို သတိပေး ဆောင်းပါးတွေကို မကြာခဏ ရေးသား ထုတ်ပြန်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့လဲ အွန်လိုင်း အသုံးပြုမှု နဲ့ လုပ်ငန်းပိုင်း အချိန်ပေးမှု တွေကို မျှမျှတတ ဖြစ်သွားအောင် အခုလို လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

Thursday, June 4, 2015

လူတိုင်း ဆွဲဆောင်မှုရှိသူ ဖြစ်စေဖို့ ...



လူတိုင်း ဆွဲဆောင်မှုရှိသူ ဖြစ်စေဖို့ ...

သင်ဟာ ဆွဲဆောင်မှု ရှိသူလား။ ဒါမှမဟုတ် ဆွဲဆောင်မှု မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်ပါသလား။ သင့်မျက်နှာ၊ ကိုယ်လုံး၊ အရပ်အမောင်း၊ အပိန်အဝ ဘယ်လိုပဲ ဖြစ်ဖြစ် ဆွဲဆောင်မှု ရှိနိုင်တယ် ဆိုတာ သိပါသလား။ သင်လိုက်နာရမှာ အချက် ၁၂ ချက်ပဲ ရှိပါတယ်-

၁။ စိတ်တိုတိုင်း ပြုံးလိုက်ပါ ။ ။ ကျန်တဲ့ အချိန်တွေမှာလဲ ပြုံးပါ။ စကားတစ်ခွန်း ကို စပြောတော့မယ်၊ တစ်ခုခုကို စလုပ် တော့မယ်ဆိုရင် ပြုံးပါ။ အထူးသဖြင့် စိတ်တိုပြီး မျက်မှောင် ကြုတ်တော့မယ့် အချိန်တိုင်းမှာ ရအောင် ပြုံးကြည့် လိုက်စမ်းပါ။ အများအမြင်မှာ သင့်မျက်နှာဟာ ကြည်လင်နေပြီး အလွန် ဆွဲဆောင်မှု ရှိနေပါ လိမ့်မယ်။

၂။ မျက်နှာပေါ်က အမွေးအမှင် တွေကို ထိန်းသိမ်းပါ ။ ။ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေး တွေရှိရင် မှန်မှန်ရိတ်တာ၊ ကြည့်ကောင်းအောင် ညှိတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ မုတ်ဆိတ် ရှည်ရှည် ထားမယ်ဆိုရင် သန့်ရှင်း သပ်ရပ်ဖို့တော့ လိုလိမ့်မယ်။ အမျိုးသမီး တွေကတော့ မျက်ခုံးကို မှန်မှန် ပုံသွင်းပါ။ ဆံပင်ဆိုတာ ခေါင်းပေါ် ရှိရမှာပါ။ သင့်မျက်နှာ ပေါ်မှာ ဝဲကျဖုံးလွှမ်း နေတဲ့ ဆံပင်ဟာ ဘယ်သူ့ကိုမှ မဆွဲဆောင် နိုင်တဲ့အပြင် စိတ်လဲ ရှုပ်စေပါတယ်။

၃။ ဆံပင်ကို အကောင်းဆုံး အနေအထားမှာ ထားပါ ။ ။ ဆံပင်ဆိုတာ ကိုယ့် သရဖူပါ။ ဂရုစိုက်ပါ။ ကြည့်ကောင်းအောင် နေတတ်တာဟာ ဆွဲဆောင်နိုင်မှု ရဲ့ပထမ အဆင့်ပါ။ ဆံပင်ကို ရှည်လို့ညှပ် ရတာ မဟုတ်ပါဘူး။ ဆံပင် ကျန်းမာရေး အတွက် ညှပ်ရတာပါ။ မှန်မှန်ညှပ်ပေးတဲ့ ဆံပင်တွေက ကျန်းမာရေး ပိုကောင်း ပါတယ်။

၎။ ကိုယ်နဲ့တော်တဲ့၊ သင့်တော်တဲ့ အဝတ်အစား တွေကို ဝတ်ပါ ။ ။ သင့်တော် သပ်ရပ်လှပစွာ ဝတ်စား တတ်သူကို လူတွေ သဘောကျ ပါတယ်။ ဒီတော့ ကိုယ်ဘာဝတ်တယ် ဆိုတာ သတိထားပါ။ ကိုယ့်ခန္ဓာကိုယ် အချိုး အစားကို အကောင်းဆုံး ပုံဖော်ပြသ နိုင်မယ့် အဝတ်အစား မျိုးကို ဝယ်ပါ။ ကြီးလွန်းတယ်၊ ကျပ်လွန်းတယ် ဆိုရင် ကြည့်လို့ မကောင်းနိုင် ပါဘူး။

၅။ မျက်လုံး အကြည့်ဟာ မှန်လဲမှန် ကောင်းလဲကောင်း ရပါမယ် ။ ။ တစ်ကိုယ်ရေတည်း နေရတဲ့ အချိန်ဖြစ်စေ၊ လူတွေနဲ့ စကားပြောဆို ဆွေးနွေးနေတဲ့ အချိန်ဖြစ်စေ မျက်လုံး အကြည့်ဟာ မှန်ကန် ကောင်းမွန် ရပါမယ်။ သင့်မျက်လုံး အကြည့်နဲ့ လူတွေကို ပျော်သွားအောင်၊ အရေးပါသူ တစ်ယောက်လို့ ခံစားရအောင် လုပ်ပေးပါ။

၆။ လမ်းလျှောက်တဲ့ အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ ။ ။ ခန္ဓာကိုယ်ကို တင်းတောင့် မထားပါနဲ့။ မျက်လုံးကို ကျီးကန်း တောင်းမှောက် မကြည့်ပါနဲ့။ မေးစေ့ကို ပင့်ထားပါ။ အကောင်းဆုံး ကတော့ ကိုယ့်ကို အပေါ်ကနေ မိုးပျံပူဖောင်း တွေက ဆွဲတင် နေတယ်လို့  ယူဆလိုက်ပါ။ သင် ကြွကြွရွရွ လျှောက်တတ် လာပါလိမ့်မယ်။ ဆွဲဆောင်မှု ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှုနဲ့ တိုက်ရိုက် အချိုးကျ ပါတယ်။

၇။ အနံ့အသက် ကောင်းမွန်ပါစေ ။ ။ အမျိုးသား တစ်ဦးအတွက် ဆွဲဆောင်မှု အရှိဆုံးက အမျိုးသမီး တစ်ယောက်ရဲ့ ကိုယ်သင်းနံ့ ဖြစ်သလို အမျိုးသမီး တစ်ယောက် အတွက်လဲ အမျိုးသား တစ်ယောက်ရဲ့ ကိုယ်သင်းနံ့က အလွန် ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ကိုယ်သင်းနံ့ ကနေ ခန္ဓာကိုယ် အနံ့ ဖြစ်သွားမယ် ဆိုရင်တော့ နှာခေါင်းရှုံ့စရာ ဖြစ်လာ နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ် အနံ့အသက် ကောင်းမွန်အောင် အမြဲ ဂရုစိုက်ပါ။အမွှေးနံ့သာ အလွန်အကျွံ အသုံးပြုခြင်း ကလဲ အနံ့နံခြင်းနဲ့ ညီမျှတယ် ဆိုတာ သတိပြုပါ။

၈။ အေးဆေးလေး နေတတ်ပါ ။ ။ သင်တစ်ယောက် တည်း ပူစပ် ပူလောင် ဖြစ်နေမယ် ဆိုရင် အလွန် အရုပ်ဆိုး ပါတယ်။ ပျာယာခတ်၊ ပူလောင်၊ ဆဲဆို နေမယ်ဆိုရင် ပိုလို့တောင် အရုပ်ဆိုး သွားမှာပါ။ စကားပြော မလောပါနဲ့။ အထိုင် ၊ အထ ၊ အသွား မလောပါနဲ့။ စကားကို လွတ်လပ် ပွင့်လင်းစွာ ပြောပါ။ လူတွေနဲ့ အဆင်ပြေ လွယ်ကူစွာ ဆက်ဆံပါ။ ကိုယ့်ကို ကိုးလို့ကန့်လန့် လာလုပ်တယ် ဆိုရင်ပြုံးပြီး ကျောခိုင်း လိုက်ပါ။ စကားပြိုင် မပြောပါနဲ့။

၉။ ကိုယ်တိုင်လဲ ရယ်ပါ ။ ။ လူတွေကိုလဲ ရယ်မောအောင် လုပ်ပါ။ ရယ်မောခြင်းသည် ဆေးကောင်း တစ်ခွက်လို့ ဆိုကြတဲ့ အတိုင်း အားပါးတရ ရယ်မောလိုက်ရတဲ့အခါ သင်ကိုယ်တိုင်လဲ စိတ်နှလုံး နူးညံ့ပျော့ပျောင်း သွားမှာဖြစ်ပြီး လူတွေကို ရယ်မော စေနိုင်တဲ့ သင်ဟာ သူတို့ရဲ့ စိတ်ခံစားချက် တွေကိုလဲ ထိန်းချုပ် နိုင်လာမှာ ဖြစ်ပါတယ်။

၁ဝ။ ကိုယ်နှုတ် အမူအရာ အရေးကြီး ပါတယ် ။ ။ တချို့လူတွေက မဲ့ပြတတ်ကြ ပါတယ်။ တချို့က ခြေထောက် ရမ်းနေတတ် ပါတယ်။ အချို့က မျက်လုံးကြီး ပြူးပြတတ် ပါတယ်။ တကယ်တော့ သင့်ကိုယ်နှုတ် အမူအရာ ဟာ အလွန်အရေး ကြီးပါတယ်။ သင်က အလုပ်ရှုပ်ပြီး စိတ်တို နေဟန် ပြရင် လူတွေက သင့်ကို ချဉ်းကပ်တော့မှာ မဟုတ်ပါဘူး။ သင်က ပျော်ရွှင် အေးဆေး နေဟန်ပြမယ် ဆိုရင် လူတွေကလဲ ချဉ်းကပ်ကြ ပါလိမ့်မယ်။

၁၁။ မေးခွန်းတွေမေးပါ ။ ။ တချို့က စကားမပြောလို့ ဆွဲဆောင်မှု မရှိဘူး။ အချို့က စကား ပြောလွန်းလို့ ဆွဲဆောင်မှု မရှိဘူး။ စကားပြောတာ ၊ မေးခွန်းမေးတာ၊ သူတို့ကို ပြန်နားထောင်တာ အားလုံးကို မျှတအောင်
လုပ်တတ်ပါ။ လူတွေ ပျော်ရွှင်စွာ ဖြေချင်ကြတဲ့ မေးခွန်းတွေကို လှလှပပ မေးတတ်အောင် လေ့ကျင့်ထားပါ။

၁၂။ တောက်ပတဲ့ အရောင်တွေကို ရွေးချယ်ပါ ။ ။ သင့် အသားအရေနဲ့ လိုက်ဖက်ညီတဲ့ အရောင် တောက်တောက် ၊ အားပါပါ လေးတွေကို ရွေးချယ် ဝတ်ဆင်ပါ။ သင့်ကိုကြည့်လို့ ပိုကောင်း နေနိုင်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှု အားလဲ အတော် ကောင်းတယ်လို့ မှတ်ချက်ချကြ ပါလိမ့်မယ်။

ဒီအခြေခံ အချက်လေးေ တွကို သတိထား လိုက်မယ်ဆိုရင် သင်ဟာ ဝဝ ၊ ပုပု ၊ မည်းမည်း ၊ ဖြူဖြူ ဆွဲဆောင်မှု ရှိနေပါလိမ့်မယ် ဆိုတာကို လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။

Wednesday, May 27, 2015

ဆယ်ကျော်သက် အရွယ်များကို မိဘများက ပြောပြထားသင့်သော နှလုံးသားရေးရာများ



ဆယ်ကျော်သက် အရွယ်များကို မိဘများက ပြောပြထားသင့်သော နှလုံးသားရေးရာများ

မိဘတစ်ယောက် အနေနဲ့ ကိုယ့်ကလေးကို နာကျင် ထိခိုက်စေမယ့် အရာမှန်သမျှ ကနေ ကာကွယ်ပေးချင် ကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ဒီကလေးကို မွေးပြီးပြီးချင်း ၂၄ နာရီအပြည့် သူနဲ့အတူ ရှိနေဖို့ မလွယ်ခဲ့ ပါဘူး။ ဒီတော့ ဆယ်ကျော်သက် အရွယ် ရောက်လာတာနဲ့ အမျှ သူနဲ့အချိန်ပြည့် ရှိဖို့ဆိုတာ ပိုပြီး ခက်ခဲလာ ပါတယ်။ ဒါကြောင့် သားသမီးကို အကောင်းဆုံး စောင့်ရှောက်နည်း ကတော့ သူ့ကိုယ်သူ ကာကွယ် စောင့်ရှောက် တတ်အောင် လေ့ကျင့်သင်ကြား ပေးခြင်းပဲ ဖြစ်ပါတယ်။ လေ့ကျင့် သင်ကြားပေး ရမယ့်အရာ အမြောက်အမြား ကို ကိုယ့်အမှားကို အရင်းခံပြီး သင်ကြား ပေးနိုင်ပါတယ်။ ဥပမာ နှလုံးသား ရေးရာနဲ့ လူမှုဆက်ဆံရေး တွေ ဖြစ်ပါတယ်။

အချစ်ဆိုတာ အရွယ်နဲ့မဆိုင်ဘူး၊ လိုအပ်ချက်နဲ့ ဆိုင်တယ် ။  ။ ကလေးတွေကို လူကြီးတွေက ပြောကြတယ်။ အရမ်းငယ် သေးတယ်။ ရည်းစား မထားကြနဲ့။ အသက်၁၆-၁၇ လောက်မှထား ဆိုတော့ အသက် ၁၆ နှစ်ပြည့်တာနဲ့ ရည်းစားထားမှ ကိုဖြစ်မှာ လိုလို ကလေးတွေ ထင်သွားတတ်ကြ ပါတယ်။ တကယ်တော့ ချစ်သူကို ဘယ်အချိန် စထား ရမှာလဲ ဆိုတာထက် ဘာလိုအပ်လို့ ထားမှာလဲ ဆိုတဲ့ မေးခွန်းကို လေးလေးနက်နက် တွေးတတ်အောင် သင်ပေးသင့် ပါတယ်။ အချစ်ကို အချစ် တစ်ခုတည်းနဲ့ တည်ဆောက်လို့ မရဘူး။ သူ့ကို ပံ့ပိုးပေးနိုင်မယ့် ယုံကြည်မှု၊ တစိုက်မတ်မတ် ရှိမှု၊ ယုံကြည် အားကိုးနိုင်မှု၊ ကြည်နူးပီတိ ဖြစ်မှု တွေလဲ လိုအပ်တယ် ဆိုတာ သူတို့ သိပါစေ။

အချစ်ဆိုတာ နတ်သမီးပုံပြင်လို ဇာတ်သိမ်းခန်းမှာ ရွှေလက်တွဲလို့  နွှဲနိုင်ရမယ် ။  ။ နတ်သမီး ပုံပြင်တွေကို ဖတ်ဖူးမယ် ဆိုရင် အဆုံးသတ်မှာ and they lived happily ever after အဲဒီကစလို့ တစ်သက်လုံး သူတို့ ပျော်ရွှင်စွာ နေထိုင် သွားကြတယ်။ နတ်သမီးပုံပြင် တွေမှာ တိရစ္ဆာ န် ငယ်လေးတွေ ပါပါတယ်။ သစ်ဥ သစ်ဖု တွေကလဲ တန်ခိုးရှင် ပါတယ်။ မှော်ဆန်တဲ့ မျက်လှည့် တွေလဲ ပါပါတယ်။ ဘဝဟာလဲ မျက်လှည့်ဆန်တဲ့ အပြောင်းအလဲ တွေနဲ့ ကြုံတွေ့ ရနိုင်ပုံ၊ မထင်မှတ် ထားတာတွေ ဖြစ်ပျက်တတ်ပုံ၊ ဆင်းရဲချမ်းသာ မရွေး ကိုယ့်အတွက် အထောက်အကူ ပြုနိုင်ပုံ တွေကို နတ်သမီးပုံပြင် တွေက သင်ပေးပါတယ်။ ဒါ့ပြင် ဇာတ်သိမ်းခန်း မှာ ရွှေလက်တွဲလို့ နွှဲနိုင်မယ့် သူကိုပဲ ချစ်သူအဖြစ် ရွေးချယ်ဖို့လဲ ထောက်ပြ ပေးနေပါတယ်။

ချစ်သူအတွက်နဲ့ ကျန်တဲ့သူ တွေကို လျစ်လျူမရှု ပါနဲ့ ။ ။ ဘယ်သူပဲ ဖြစ်ဖြစ် တစ်ချိန်မဟုတ် တစ်ချိန်တော့ အချစ်နတ်က ဖမ်းစားတာကို ခံရမှာပဲ ဖြစ်ပါတယ်။ မနက်ထလဲ သူနဲ့ ဖုန်းပြော၊မ က်ဆေ့ပို့ ၊ နေ့လယ်လဲ သူနဲ့၊ ညလဲသူနဲ့ လုပ်နေမယ်ဆိုရင် သူတို့ အဲဒီလို ချစ်သူကို အချိန် ပေးနိုင်အောင် နောက်က ပံ့ပိုး ပေးထားတာ မိဘ၊ မောင်နှမ သားချင်းတွေ ဆိုတာ သူတို့ကို ချက်ချင်း သတိပေးပြီး မိသားစု ကိုလဲ အချိန်ပေး ဂရုစိုက်ဖို့  နားချ ရပါတယ်။ သူ့အတွက်နဲ့  မိဘ၊ မိသားစုအပေါ် ဝတ္တရားပျက်ပြီ ဆိုမှတော့ ဘယ်သူကမှ သူ့ကို သဘောကျ တော့မှာ မဟုတ်ပါဘူး။ ဒီကောင်မလေး၊ ဒီကောင်လေး ကြောင့် ငါတို့ မိသားစုဘဝ မချိုမြိန်တော့ ဘူးလို့ အားလုံးပဲ အငြိုးတွေ အာဃာတတွေ ထားကြမှာ ဖြစ်တယ် ဆိုတာ သူတို့ သဘောပေါက် ဖို့ လိုပါတယ်။

အိမ်ထောင်ပြု မစောပါစေနဲ့ ။  ။ သူတို့ဟာ ဘဝတစ်ခုကို အတူတကွ တည်ဆောက် ဖို့ထက် နှစ်ဦးသား လွတ်လပ်စွာ တွေ့ဆုံ ချစ်တင်းနှော ချင်ကြတာ ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အတိုင်း အချစ်ကို အချစ် တစ်ခုတည်းနဲ့ တည်ဆောက်လို့  မရဘူးဆိုတာ သူတို့  မှန်ကန် ရှင်းလင်းစွာ နားလည်ဖို့ လိုအပ် ပါလိမ့်မယ်။ ချစ်သူကို တကယ်ချစ်တယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် လူရိုသေ၊ ရှင်ရိုသေ ဖြစ်တဲ့အထိ အရင်ပြုစု ပျိုးထောင်သင့် ပါတယ်။

မျှတမှု ရှိပါစေ ။  ။ ချစ်သူ အိမ်ထောင်ဖက် တွေဟာ တစ်ဖက်သတ်ကြီး ဖြစ်လာတတ် ပါတယ်။ အမျိုးသား ဘက်ကပဲ အလျှော့ပေး နေရတာ၊ ဒါမှမဟုတ် အမျိုးသမီး ဘက်ကပဲ အလျှော့ပေး နေရတာဆိုရင် အဲဒီ အချစ်ရေး ဟာလဲ ရေရှည် တည်တံ့မှာ မဟုတ်ပါဘူး။ တည်တံ့တယ် ဆိုရင်တောင် သာယာ ချမ်းမြေ့မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ကိုယ့် ဘက်ကလဲ လျှော့တန်လျှော့၊ ပြင်သင့်တာ ပြင်ပေးရမှာ ဖြစ်သလို သူ့ဘက်ကလဲ ညှိနှိုင်းမှု ရှိဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့်သား (သို့မဟုတ်) သမီးဟာ အမြဲ အနိုင်ကျင့်ခံ နေရ နိုင်ပါတယ်။

သစ္စာဆိုတာ ပိုတယ် မရှိပါဘူး ။  ။ သတိဆိုတာ ပိုတယ်မရှိဘူး ပြောကြသလိုပဲ သစ္စာ ဆိုတာလဲ ပိုတယ် မရှိပါဘူး။ သတိထားရင်း မှားနေကြ သလိုပဲ သစ္စာ ထားရင်းလဲ သစ္စာပါးသွား တတ်ပါတယ်။ အချစ်ရေးမှာ မပျော်ဘူး ဆိုရင် ဘာကြောင့်လဲ ဆိုတာ တွေ့အောင် ရှာပါ။ ပြင်မရနိုင် ဘူး ဆိုရင် နှစ်ဦးနှစ်ဖက် စူးစူးနစ်နစ် နာနာကျင်ကျင် မဖြစ်ခင် လမ်းခွဲ လိုက်ပါ။ ဆူးစူးတာ နက်သွားရင် နုတ်တဲ့အခါ သိပ်နာ ပါတယ်။

ဆယ်ကျော်သက် အရွယ်ကို ရောက်စပြု နေပြီး သိပ်မကြာခင် မှာပဲ ကိုယ့်အရိပ် အာဝါသ အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားကြ တော့မယ့် ကလေးတွေရှိတဲ့ မိဘ၊ အစ်ကို၊ အစ်မ တွေအတွက် သူတို့လေး တွေကို ကြိုတင်ပြောပြ အသိပေး ထားရမယ့် အကြောင်းလေး တွေကို လေ့လာ တင်ပြ လိုက်ရပါတယ်။

Monday, May 25, 2015

လူငယ်နဲ့ လူကြီးတွေ ကျင့်ကြံ နေထိုင်ရမယ့် ခန္ဓာကိုယ်အကြောင်း



လူငယ်နဲ့ လူကြီးတွေ ကျင့်ကြံ နေထိုင်ရမယ့် ခန္ဓာကိုယ်အကြောင်း

ယောက်ျား တစ်ယောက်ရဲ့ ဖြတ်သန်း လာခဲ့ရတဲ့ ဘဝအဆင့်ဆင့်မှာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကလေးအဖေ ဘဝကို ရောက်သွားကြ ပါတယ်။ လူငယ်ဘဝကို စွန့်လွှတ်ရခြင်း နဲ့အတူ ပိန်ပါးဖုထစ် တင်းကြွနေတဲ့ ကြွက်သား အမြောင်းလိုက် ခန္ဓာကိုယ် နေရာမှာလဲ အဆီပိုတွေ တဖြည်းဖြည်း စုလာပါတယ်။ မိန်းမဝဝ၊ သားသမီးများလှ၊ အလုပ်ရှုပ်ရတဲ့ ဘဝကြီးထဲမှာ ဝတ်စား ဆင်ယင်ပုံ တွေပါ ပြောင်းသွားပြီး လူလတ်ပိုင်း အရွယ်လုံးလုံး လျားလျား ရောက်သွားတဲ့ အခါ၊ သားသမီးတွေလဲ အရွယ်ရောက် လာပြီ၊ လုပ်ငန်းတွေလဲ အထာကျ နေပြီ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ချိန်လေး ရလာပြီဆိုရင် ပထမဆုံး ပြန်သတိထား မိတာကတော့ ကိုယ့်ရဲ့ အချိုးအစား ပျက်နေပြီ ဖြစ်တဲ့ ကိုယ်ခန္ဓာပါပဲ။

အဲဒီအချိန်မှာ ရောဂါတွေရဲ့ တံခါးခေါက် သံကြောင့် အိပ်ရာက လန့်နိုးသူလို သံဝေဂတွေ ရပြီး ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်၊ ကျန်းမာရေး လိုက်စားတာတွေ လုပ်ကြပါတယ်။ အများစု ကတော့ ဗိုက်ချမယ်၊ ဝိတ်ချမယ်ပေါ့။ Gym သွားတဲ့သူ သွား၊ မနက်ထပြေး သူပြေး၊ ညစာ မစားဘဲ နေသူနေနဲ့  ကျန်းမာရေး လိုက်စားကြတာ အားရစရာပါ။ ဒါပေမဲ့ လူလတ်ပိုင်း အရွယ်မှာ ဝိတ်ချ၊ ဗိုက်ချမယ့် သူတွေ စိတ်ပျက်စရာ ကောင်းလောက်အောင် ဘော်ဒီဝိတ်က ချရခက်တာကို သတိထား မိကြပါတယ်။ ဒီမှာတင် လေသံ ပြောင်းလာကြ ပြန်ရော။ လူငယ်တွေလို ဘော်ဒီလှဖို့ မလိုပါဘူး၊ ကျန်းမာနေရင် တော်ပြီဆိုပဲ . . . :) ။

တိုက်ဆိုင်စွာပဲ UK အမျိုးသား ကျန်းမာရေး ဌာနက လူငယ် ကိုယ်ခန္ဓာလား၊ ကလေးအဖေ ကိုယ်ခန္ဓာလား .. လို့ နိုင်ငံတစ်ဝန်းက အမျိုးသမီး တွေကို စစ်တမ်း ကောက်ယူခဲ့တဲ့ အခါ ကလေးအဖေ ကိုယ်ခန္ဓာကို နှစ်သက်တယ် ဆိုတဲ့ ရာခိုင်နှုန်းက သိသာထင်ရှားစွာ ပိုများခဲ့ ပါတယ်။ ဒီလိုလဲ ပြောရော အရွယ်စုံ ယောက်ျားလေး တွေက မေးတော့တာ ပါပဲ။ ကလေးအဖေ ကိုယ်ခန္ဓာဆိုတာ ဘယ်လိုမျိုးလဲ။ ပထမဆုံး သဘောပေါက် ရမှာက ကလေးအဖေ ဖြစ်မှ ကလေးအဖေ ကိုယ်ခန္ဓာ ရတာ မဟုတ်ပါဘူး။ မာကျော တောင့်တင်းနေတဲ့ ခန္ဓာကိုယ် နေရာတွေ မှာ အဆီပိုတွေ ဝင်လာပြီး တစ်ကိုယ်လုံး နူးညံ့လာလေ့ ရှိပါတယ်။ အဲဒါကို ကလေးအဖေ ကိုယ်လုံးလို့ ခေါ်တာပါ။

ယေဘုယျ အားဖြင့် ကလေးအဖေ တွေဟာ လူငယ်တွေထက် ကိုယ်အလေးချိန် ၁ဝ ပေါင်လောက် ပိုပါတယ်။ ခါးဆိုဒ်က နှစ်လက်မ လောက် ပိုပါတယ်။ ဗိုက်ကတော့ လက်မဝက်လောက် ထွက်နေတတ် ပါတယ်။ ဗိုက်ဘယ်လောက် ထွက်တယ်ဆိုတာ တိုင်းချင်ရင် စားပွဲဘေးမှာ အဲဒီစားပွဲရဲ့ မျက်နှာပြင် အောက်နဲ့ တညီတည်း ဖြစ်မယ့် အမြင့်မှာ ပက်လက်လှန် အိပ်ရပါမယ်။ အဲဒီလို ပက်လက်လှန် အိပ်တဲ့အခါ တစ်ကိုယ်လုံး မြုပ်နေပြီး ဗိုက်ကလေးပဲ ချွန်ထွက် နေပါမယ်။ အဲဒါကို တိုင်းရတာပါ။ ၂၉ ရာခိုင်နှုန်း သော ကလေးအဖေ ကိုယ်ခန္ဓာ ပိုင်ရှင်တွေဟာ ရှစ်လက်မ လောက်တောင် ချွန်ထွက် ပါတယ်လို့  သုတေသီ တစ်ဦးက ပြောပြပါတယ်။

ကျွန်တော်တို့ ကတော့ ဒီအရွယ်မှာ ဒီလောက်ဝတာ၊ ဗိုက်ဒီလောက် ထွက်တာကို များတယ်လို့ မမြင်ပါဘူး။ နေလို့ ထိုင်လို့လဲ ကောင်းပါတယ်လို့ အဲဒီ ၂၉ ရာခိုင်နှုန်းသော ဗိုက်ရှစ်လက်မ ထွက်သူတွေ ထဲက ကလေးအဖေ ဖြစ်သူတွေက တညီတညွတ်တည်း ပြောပြကြ ပါတယ်။ တိုင်းတာမှု အရ လူကြီးလူငယ် မရွေး ကိုယ်ခန္ဓာ အချိုးအစား သပ်ရပ်လှပသူ ဦးရေ ၄၉ ရာခိုင်နှုန်းရှိပြီး ကလေးအဖေ ကိုယ်ခန္ဓာ ပိုင်ရှင် ၅၃ ရာခိုင်နှုန်း ရှိပါတယ်။ တစ်ခါ ကလေးအဖေ များကလဲ လူငယ်တွေရဲ့ ဆောက်နဲ့ ထွင်းထား သလို သပ်ရပ်လှပတဲ့ လက်မောင်း၊ ရင်အုပ်၊ ဗိုက်ကြွက်သား စတာတွေကို သဘောကျရုံမှ အပ မလိုချင်ဘူးလို့ ဆိုကြပြန်တယ်။ အဆီနဲ့ ကြွက်သား ရောနေတဲ့ ကိုယ်ခန္ဓာတွေက ပိုကြည့်ကောင်း တယ်လို့ ဆိုကြပြန် ပါတယ်။

ဒီတော့ လူငယ်တွေ၊ လူလတ်တွေ၊ လူကြီးတွေ ကိုယ်အလေးချိန် ထိန်းထားဖို့ မလိုတော့ဘဲ ဖြစ်သလို နေထိုင် စားသောက် ရတော့မှာလား ဆိုရင်တော့ လုံးဝ မဟုတ်ပါဘူး။ သင် အသက် ၂၅ နှစ်အရွယ် တုန်းက ကိုယ်အလေးချိန် နဲ့ အသက် ၄ဝ ဝန်းကျင်မှာ ရှိတဲ့ ကိုယ်အလေးချိန် နဲ့ ကွာခြားမှုက ငါးပေါင်ထက် မပိုဘူးဆိုမှ ကျန်းမာတဲ့ ကိုယ်အလေးချိန် ခေါ်တယ်လို့ ကျန်းမာရေး သုတေသီ များက ဆိုပါတယ်။

လူငယ်အရွယ်မှာ ကျန်းမာရေးကို အစွမ်းကုန် ဂရုစိုက်ကြ ပါတယ်။ Gym သွားမယ်။ အားကစား လုပ်မယ်။ ကျန်းမာရေးနဲ့ ကိုယ်အလေးချိန် မျှတ ကောင်းမွန်အောင် ကိုယ့်ကိုယ်ကိုယ် ထုဆစ် ပြုပြင်မယ်။ အရွယ် ရောက်လာလို့ အိမ်ထောင်ကျပြီး ဘဝအတွက် အချိန်ပိုပေး လာရတဲ့အခါ ကိုယ်အလေးချိန် အနည်းငယ် တိုးလာလို့ ကလေးအဖေ ကိုယ်လုံး ဖြစ်လာ ပေမယ့်လဲ စိတ်ဓာတ်ကျဖို့ မလိုသလို ကိုယ်အလေးချိန် တက်ချင် သလောက်တက် ဆိုပြီး ပစ်ထားလို့လဲ မဖြစ်သေးပါဘူး .. ဆိုတာလေးကို မျှမျှတတ စဉ်းစားကျင့်ကြံ နေထိုင်နိုင်ဖို့ လူငယ် ကိုယ်ခန္ဓာနဲ့ ကလေးအဖေ ကိုယ်ခန္ဓာ အကြောင်း တစေ့တစောင်း လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

Friday, May 22, 2015

လူတိုင်းအတွက် ပိုမိုဒိုရို နည်းပညာ


လူတိုင်းအတွက် ပိုမိုဒိုရို နည်းပညာ

လူတွေဟာ ဘယ်လောက် ကြာကြာ အာရုံစိုက် နိုင်တယ် ထင်ပါသလဲ။ အခု နောက်ဆုံး တွေ့ရှိချက်အရ ရှစ်စက္ကန့်ပဲ အာရုံစိုက် နိုင်ပါတယ်။ ကျန်တဲ့ အာရုံစိုက်ချိန် တွေဟာ အားစိုက်ထုတ်ပြီး လုပ်နေရတာပါ။ ဒီတော့ စိတ်ဖိစီးမှု ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်တဲ့အတွက် စွမ်းဆောင်ရည် ကျဆင်းသွား ပါတယ်။ စွမ်းဆောင်ရည် ကျဆင်းတဲ့ အတွက် အလုပ် ပြီးမြောက်မှုနှုန်း ကျသွားပါတယ်။ အလုပ် ပြီးမြောက်မှုနှုန်း ကျသွားတဲ့ အတွက် အောင်မြင်မှု ပန်းတိုင်ကို ရောက်ဖို့ဆိုတာ ကလဲ အလှမ်းကွာဝေး တတ်ပါတယ်။

ပြဿနာရဲ့ အရင်းခံကို ရှာကြည့်မယ် ဆိုရင် အာရုံမစိုက် နိုင်တာကြောင့် ပါပဲ။ ဒါဖြစ်ရင် လူတွေရဲ့ အာရုံစိုက် နိုင်စွမ်းဟာ ဘာဖြစ်လို့များ ကျဆင်းလာ တာပါလိမ့်။ မျက်မှောက်ခေတ် မှာ အာရုံ နောက်စရာ တွေက အလွန်များလာတာ ဖြစ်ပါတယ်။ ဖုန်းနဲ့ အင်တာနက် နှစ်ခု ပေါင်းလိုက်ရင် ကို လူတစ်ယောက် ၂၄ နာရီလုံး အလုပ်မလုပ် ချင်အောင် ဆွဲဆောင် ထားနိုင်ကြတယ်။ ငယ်ရွယ်သူတွေမှာ အမျိုးသား၊ အမျိုးသမီး ကိစ္စ၊ အလှ၊ ကျန်းမာရေး၊ အနုပညာ၊ အားကစား၊ အပေါင်းအသင်း အစ ရှိသဖြင့် တစ်နေကုန် တစ်နေခန်း ဝင်လာ နေကြပုံတွေ မိသားစု ကိုရော၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်း အတွက်ကိုပါ အချိန်ပေး ချင်ရင်တောင် ပေးလို့မရ ဖြစ်နေတတ်ကြ ပါတယ်။ တစ်နေ့တစ်နေ့ အဓိကနဲ့ သာမညခွဲဖို့၊ အလုပ်နဲ့ ဘဝနဲ့ခွဲဖို့၊ သူငယ်ချင်းနဲ့ မိသားစုနဲ့ ခွဲဖို့ အခက်အခဲ ဖြစ်နေသူတွေ အတွက် ပိုမိုဒိုရို အချိန်စီမံခန့်ခွဲမှု နည်းပညာ က အသုံးတည့် ပါလိမ့်မယ်။

ပိုမိုဒိုရို ဆိုတာ အီတလီ ဘာသာစကား ဖြစ်ပြီး ခရမ်းချဉ်သီး . . လို့ အဓိပ္ပာယ် ရပါတယ်။ တစ်ချိန်က မီးဖိုချောင်ထဲမှာ ခရမ်းချဉ်သီးကို ဘေးတိုက် ထက်ပိုင်း ပိုင်းပြီး အချိန်မှတ်စရာ တစ်ခုအနေနဲ့ အသုံးပြုခဲ့ ကြတာပါ။ နောက်ပိုင်း ၁၉၈ဝ ပြည့် ဝန်းကျင်မှာ Francesco Cirillo ဆိုသူက Pomodoro Technique လို့ခေါ်တဲ့ အချိန်စီမံ ခန့်ခွဲနည်းကို တီထွင်ခဲ့ပါတယ်။

ပိုမိုဒိုရို နည်းပညာ အရ အချိန်ကို ၂၅ မိနစ် အုပ်စုလေးတွေ ခွဲပါတယ်။ အဲဒီ ၂၅ မိနစ် အုပ်စုလေး တွေကို ပိုမိုဒိုရီ လို့ ခေါ်ပါတယ်။ မကြာမကြာ နားပေးခြင်းက ဉာဏ်ရည်ကို တက်ကြွ ထက်မြက် နေစေတာ ဖြစ်တဲ့အတွက် အကြောင်းအရာ တစ်ခုကို အချိန် အကြာကြီး အာရုံစိုက် တာမျိုးမလုပ်ဘဲ ၂၅ မိနစ်ကို တစ်ကြိမ် ခေတ္တ ရပ်တန့်ပေးပြီး ကိုယ်လုပ်ချင်တာ လေးကို လုပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့ နည်းဖြစ်ပါတယ်။

ဒါဆိုရင် သင်ဟာ အလုပ်လဲ ရှိနေတယ် ၊ Facebook လဲ သုံးချင်တယ် ဆိုရင် အလုပ်ကို ၂၅ မိနစ် ပြည့်အောင် လုပ်ရပါလိမ့်မယ်။ ပြီးရင် Facebook သုံးချိန် ငါးမိနစ် ပေးပါမယ်။ ငါးမိနစ်ပြည့် တာနဲ့ Facebook သုံးတာကို ရပ်ပြီး အလုပ်ဆက်လုပ် ရမှာဖြစ်ပါတယ်။ ဒါဆိုရင် သင်ဟာ Facebook သုံးနေလို့ အလုပ်မပြီးတဲ့ အတွက် စိတ်ဖိစီးမှုလဲ ဝင်တော့မှာ မဟုတ်သလို အလုပ်ပဲ လုပ်နေရပြီး Facebook မသုံးရလို့ စိတ်တိုတာ မျိုးလဲ မဖြစ်တော့ ပါဘူး။

ဒါပေမဲ့ ပိုမိုဒိုရို နည်းစနစ်က Facebook သုံးတာ လောက်ထက် အများကြီး ပိုတဲ့ ပြဿနာတွေကို ဖြေရှင်းပေး နိုင်ပါတယ်။ ပိုမိုဒိုရို စနစ်ကို သုံးတော့မယ် ဆိုရင်

  • (၁) လုပ်စရာနဲ့ လုပ်ချင်တာ တွေကို ဦးစားပေး အဆင့်တွေခွဲပါ။
  • (၂) သင့်ဖုန်းမှာ ဖြစ်စေ၊ Alarm မှာဖြစ်စေ ၂၅ မိနစ် မှတ်တာဖွဲ့ပါ။
  • (၃) ဦးစားပေး အဆင့်အတိုင်း အလုပ်တွေ လုပ်ပါ။
  • (၄) ၂၅ မိနစ်ပြည့်လို့ Alarm မြည်လာရင် ၃-၅ မိနစ်လောက် နားပါ။ အဲဒီ နားချိန်မှာ သင်လုပ်ချင်တာ လုပ်ပါ။
  • (၅) အချိန်စေ့ရင် နောက်ထပ် ၂၅ မိနစ် အလုပ်လုပ်ပါ။ ၂၅ မိနစ် အပြည့် အလုပ် လုပ်ချိန် (ပိုမိုဒိုရီ) လေးကြိမ်ပြည့်ရင် သင့်ကိုယ်သင် မိနစ် ၃ဝ လောက် အနားပေး နိုင်ပါတယ်။

ဒါ ဘယ်လို အကျိုးရှိ တာလဲ။ ပိုမိုဒိုရီ တစ်ခုအတွင်းမှာ သင်ဟာ စီစဉ်ရတယ်။ အချိန်နဲ့ တစ်ပြေးညီ အလုပ်လုပ် ရတယ်။ ကိုယ်လုပ်နေတာ ဘယ်ရောက်ပြီလဲ ဆိုတာ မှတ်တမ်းတင် ရတယ်။ ကိုယ့်အလုပ်ကို ပိုပြီးချောမွေ့ အောင် ပြင်ဆင်ရတယ်။ ဒါပြီးရင် ဘာဆက်လုပ် ရမလဲဆိုတာ တွေးရတယ်။ ပိုမိုဒိုရီ တစ်ခုပြီးတိုင်း ခဏနားပေးတဲ့ အတွက် သင်ဟာ သင့်အလုပ်ကို သုံးသပ်ချိန် ပိုရလာတယ်။ နားရတဲ့ အတွက် ဦးနှောက်က လန်းဆန်း တက်ကြွ နေလေတော့ အကြာကြီး လုပ်ရမယ့် အလုပ်ကို ခဏလေးနဲ့ ပြီးတယ်။ ဒီတော့ ပိုမိုဒိုရီ တစ်ကြိမ်ပြီးတိုင်း နားလိုက်လို့ ကုန်တဲ့မိနစ် တွေကို နားလိုက်လို့  လန်းဆန်းပြီး အလုပ်မြန်မြန် ပြီးတဲ့အချိန် သက်သာမှုက ဖာထေးပေး နိုင်တယ်။ အလုပ် ပြီးတာချင်း အတူတူ သင်ဟာ သက်သက်သာသာ နဲ့ပြီးတယ်။ ကိုယ်လုပ်ချင်တာ လဲ လုပ်ရတယ်။ ဒါ့ပြင် သင့်အလုပ်ဟာ အရည်အသွေးလဲ ပိုကောင်းမွန် လာတယ်။

နောက်ထပ် အားသာချက် တစ်ခုကတော့ တစ်ခါတလေ အလုပ်တစ်ခုကို လုပ်တဲ့အခါ ၂၅ မိနစ်ထက် စောပြီး ပြီးသွားတတ်တယ်။ ဒါပေမဲ့ သင်ဟာ အဲဒီ အလုပ်ကို ၂၅ မိနစ် အပြည့် အာရုံစိုက် ရမှာမို့ အဲဒီ ပြီးပြီးသား ကိစ္စကို ပဲ ပိုမို ကောင်းမွန်အောင်၊ သူ့ အကြောင်းကို ပိုသိအောင် လေ့လာစူးစမ်း ပြင်ဆင် နိုင်တာဖြစ်တဲ့ အတွက် ပညာလဲ ပိုတိုးနိုင်မှာ ဖြစ်သလို သင့် အလုပ်တွေရဲ့ အရည်အသွေး ကလဲ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

ဒီတော့ သူငယ်ချင်း၊ ဖုန်း၊ အိမ်အလုပ် အစရှိတာတွေ ကိုလဲ ပိုမိုဒိုရို နည်းပညာနဲ့ လုပ်ကိုင်ကြည့်ပါ။ အများကြီး လွယ်ကူ အဆင်ပြေ လာပါလိမ့်မယ် .. လို့ လေ့လာ ရေးသား လိုက်ရပါတယ်။

Friday, March 6, 2015

ကြိုတင်ခန့်မှန်းနိုင်ရန် ကြိုးပမ်းနေရသည့် မြေကျွံခြင်း အန္တရာယ်



ကြိုတင်ခန့်မှန်းနိုင်ရန် ကြိုးပမ်းနေရသည့် မြေကျွံခြင်း အန္တရာယ်

ကမ္ဘာမြေသည် ရုတ်တရက် ကျွံဝင်သွားပြီး လူတွေ၊ ကားတွေ ကနေ ကြီးမားလှတဲ့ တိုက်တာကြီးတွေ အထိ စုပ်ယူမြိုချ သွားတာမျိုး မကြာခဏ ဖြစ်ပေါ် ခဲ့ပြီးပါပြီ။ သိပ္ပံပညာရှင် တွေကလဲ မုန်တိုင်း ဘေးအန္တရာယ် တစ်ခုကို ထိထိ ရောက်ရောက် ကြိုတင်ခန့်မှန်း နိုင်တာကလွဲရင် ကျန်တဲ့ သဘာဝဘေးဥပါဒ် အန္တရာယ်တွေကို ကြိုတင် မခန့်မှန်းနိုင် သလောက် ဖြစ်နေဆဲမို့ မြေကျွံမယ့် အရေးကိုလဲ ကြိုတင်ခန့်မှန်း နိုင်ဖို့ ကြိုးစားဆဲ အဆင့်မှာပဲ ရှိပါတယ်။

၂ဝ၁၃ ခုနှစ်ဖေဖော်ဝါရီ ၂၈ ဒီနေ့နဲ့ဆိုရင် နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဖလော်ရီဒါ ပြည်နယ် တမ်ပါမြို့ အရှေ့ပိုင်းက နေအိမ် တစ်လုံးထဲမှာ အိပ်ပျော်နေတဲ့ လူတစ်ယောက်ဟာ ရုတ်တရက် မြေကျွံတဲ့အထဲ ပါသွားပါတယ်။ သူ့အိပ်ရာ၊ ဗီရို၊ စာဖတ်စားပွဲအားလုံး တစ်မုဟုတ်ချင်း မြုပ်နှံခံ လိုက်ရပါတယ်။ သူ့အလောင်း ကိုလဲ ဘယ်တော့မှ ပြန်မရခဲ့ပါဘူး။ ဒါဖြင့်ရင် မြေကျွံတာဟာ ဘယ်လောက်အထိ နက်ရှိုင်းနိုင် သလဲ၊ ဘယ်အချိန် ဘယ်နေရာမှာ မြေကျွံမယ် ဆိုတာကိုကော ကြိုတင် မခန့်မှန်း နိုင်ဘူးလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် လာပါတယ်။

မြေကျွံတာဟာ ဒေသတစ်ခုရဲ့ မြေမျက်နှာသွင်ပြင် အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဖလော်ရီဒါ ပြည်နယ်ရဲ့ မြေပြင်ဟာ ဘူမိဗေဒ သဘောသဘာဝ အရ မြေကျွံနိုင်မယ့် လက္ခဏာ များပြားပြီး Sunshiine ပြည်နယ်မှာ ဆိုရင် တစ်နှစ် တစ်နှစ်ကို အကြိမ်ပေါင်း ရာနဲ့ချီ မြေကျွံတာ ဖြစ်ပွားပါတယ်။

ကမ္ဘာ့ မြေမျက်နှာပြင် အောက်မှာ မြေအောက်ရေ ရှိပါတယ်။ ဒီမြေအောက်ရေ ထဲမှာ ကျောက်သား တွေထဲက ပျော်ဝင်နိုင်တဲ့ အရာတွေက ပျော်ဝင်သွား ပါတယ်။ ဒီအတွက် ကျောက်သားလွှာ တွေထဲမှာ အခေါင်း ပေါက်ကြီးတွေ ဖြစ်လာပါတယ်။ ကြာတော့ ဒီအခေါင်းတွေက မြေပြင် အလေးချိန်ကို ထမ်းမထား နိုင်တော့ဘဲ ပြိုကျပါတယ်။ အဲဒီလို ပြိုတဲ့အခါမှာ မြေသား တစ်ခုလုံး နိမ့်ဆင်းသွားတာပဲ ဖြစ်ပါတယ်။

အနက်ကလဲ ပေအနည်းငယ် ကနေ အတိုင်းမသိအောင် နက်ရှိုင်း နိုင်ပါတယ်။ ထုံးကျောက်များတဲ့ ဒေသတွေမှာ မြေကျွံတာ ပုံမှန်ဖြစ်နေတတ် ပါတယ်လို့ ဖလော်ရီဒါ ပြည်နယ်က ဘူမိဗေဒ သိပ္ပံပညာရှင် တစ်ဦးက ရှင်းပြတယ်။

သဘာဝ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လေ့ ရှိတဲ့ မြေကျွံခြင်းဟာ လူသားတွေ ကြောင့်လဲ ပိုပြီး ဆိုးရွားလာနိုင် ပါသေးတယ်။ မြေအောက်ရေကို အလွန်အကျွံ ခပ်ထုတ်ခြင်းကြောင့် မြေသားနံရံတွေ ပြိုကျ နိုင်ပါတယ်။ ဒီ မြေသားနံရံတွေ ပြိုကျတဲ့အတွက် ဆင့်ကဲပြိုကျမှုတွေ ဖြစ်ပွားပြီး အဝေး တစ်နေရာမှာ မြေအကြီးအကျယ် ကျွံကျတာ ဖြစ်နိုင် ပါသေးတယ်။

ဒါ့ပြင် သဘာဝကို သဘာဝကလဲ ထပ်ပြီး ဒုက္ခပေးနိုင် ပါသေးတယ်။ မိုးခေါင်ရေရှားတဲ့ နေရာမှာ မြေအောက် စိမ့်စမ်းရေ တွေလဲ ခန်းခြောက်သွားပြီး အခေါင်းပေါက်တွေ ကျန်ရှိ နေနိုင်ပါတယ်။ မိုးလေဝသ ပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းလိုက်မယ် ဆိုရင် မိုးရေရဲ့ အလေးချိန်ကြောင့် မြေပြင်အလေးချိန် အဆမတန် ပိုလာတာ ဖြစ်တဲ့အတွက် အဲဒီ အခေါင်းပေါက်တွေ ပြိုကျသွားနိုင် ပါသေးတယ်။

၂ဝ၁၂ ခုနှစ် ဇွန်လမှာ ဖလော်ရီဒါ ပြည်နယ်မှာ လပေါင်းများစွာ မိုးခေါင်ရေရှား ဖြစ်ခဲ့ပြီး တဲ့နောက် အပူပိုင်း မုန်တိုင်း Debby တိုက်ခတ်ခဲ့တော့ မြေကျွံတွင်းတွေ ရာပေါင်းများစွာ ဖြစ်ကျန်ခဲ့ တာဟာ ဒီဖြစ်စဉ်ကြောင့် ပါပဲ။ ဒီဖြစ်ရပ် ကြောင့် ဖလော်ရီဒါ ပြည်နယ် အစိုးရအဖွဲ့ဟာ အနာဂတ်မှာ အလားတူ ဖြစ်ရပ်တွေကို ဘယ်လို ကာကွယ် နိုင်မလည်း ဆိုတာကို အပြင်းအထန် စဉ်းစားခဲ့ ရပါတယ်။

၂ဝ၁၃ ခုနှစ် သြဂုတ်လမှာ ဖလော်ရီဒါ ပြည်နယ်ဟာ အမေရိကန်ဒေါ်လာ တစ်သန်း ဘတ်ဂျက်တည်ပြီး မြေကျွံခြင်း ဖြစ်ပေါ်နိုင်မယ့် လမ်းကြောင်းတွေကို သုတေသန ပြုလုပ်ခဲ့တယ်။ အရင်က မြေကျွံခဲ့တဲ့ နေရာတွေ၊ အဲဒီနေရာ
တွေရဲ့ မြေမျက်နှာ သွင်ပြင်တွေ၊ မိုးလေဝသ အခြေအနေတွေ၊ မြေအလေးချိန်ကို အောက်ခံ ကျောက်သားလွှာက ဘယ်လောက် ကြာကြာဆက်ပြီး ထမ်းပိုးထားနိုင်မယ် ဆိုတဲ့ တွက်ချက်မှု တွေကို ပြုလုပ်ခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ်မှာ မြေပုံကြမ်း ထုတ်နိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။ တစ်စတုရန်း ကီလိုမီတာ အတွင်း မြေကျွံနိုင်တဲ့ နေရာတွေကို ဖြစ်နိုင်ခြေအပေါ် မူတည်ပြီး အရောင်ခွဲ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လူတွေက ဒီထက်ပိုတိကျတဲ့ အဖြေကို ရချင်ကြတယ်။ ကိုယ့်ခုတင် အောက်တည့်တည့် မြေကျွံမလား ဆိုတာမျိုးပေါ့။

အခုနောက်ပိုင်းမှာ မိုးမျှော် တိုက်ကြီးတွေကို မဆောက်လုပ်ခင် မြေပြင် အနေအထားကို ကျွမ်းကျင်တဲ့ နည်းပညာရှင် တွေရဲ့ ထောက်ခံချက် ရယူဖို့ အမေရိကန် ပြည်ထောင်စု က ဒေသန္တရဥပဒေ ထုတ်ပြန်ထားတယ်။ အထူးသဖြင့် ဖလော်ရီဒါ ပြည်နယ် မှာ ဖြစ်ပါတယ်။ ပြည်သူလူထု ကလဲ သဘောကျပါတယ်။ ကိုယ်နေထိုင်နေတဲ့ တိုက်ကြီး တစ်တိုက်လုံး မြေကြီးအောက် ကျွံဝင် နစ်မြုပ် ပျောက်ကွယ် သွားမှာကိုတော့ ဘယ်သူမှ သဘောကျလိမ့်မှာ မဟုတ်ဘူးလို့ လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

Sunday, February 15, 2015

ညလုံးပေါက်တော့တယ် ဆိုရင် ...


ညလုံးပေါက်တော့တယ် ဆိုရင် ...
 
တစ်ချိန်တစ်ခါက ညလယ် သန်းခေါင်ယံ ကို မိုးချုပ်လှပြီ ဆိုပြီး ကဗျာတွေစပ်၊ စာတွေရေး၊ သီချင်းတွေဆိုခဲ့ကြပေမယ့် အခုချိန်မှာတော့ သန်းခေါင်ယံ ဆိုတာ စောသေးတယ်လို့ ဆိုသူတွေ အတော်များ လာပါပြီ။ အများစုက ညကို အိပ်ရာ စောစော မဝင်ကြတော့ ပါဘူး။

အလုပ်ရှိလို့ ဖြစ်စေ၊ အဲဒီအချိန်မှ နားရလို့ ဖြစ်စေ၊ ညကို တော်တော်နဲ့ မအိပ်ဘဲ နေနေတတ် ကြပါတယ်။ စာကျက်၊ စာရေး ဒါမှမဟုတ် တခြား အလုပ် လုပ်ကြမယ့် သူတွေအတွက် ညအချိန်မှာ အနှောင့်အယှက် နည်းသလို ပတ်ဝန်းကျင် ကလဲ တိတ်ဆိတ် နေတယ်။ နေရောင်လဲ မရှိတဲ့အတွက် အပူချိန် လျော့နည်း အေးမြနေချိန် ဆိုတော့ အာရုံစိုက်ပြီး အလုပ်လုပ်ရမယ့် သူတွေအတွက် အကြိုက် ဖြစ်နေတတ် ပါတယ်။

ဒါဟာ ညကိုမအိပ်၊ မနက်ကိုမထ တဲ့ လူ့ယဉ်ကျေးမှုကြီး ရဲ့ အစပဲ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ အများစုဟာလဲ ညကို မအိပ်မနေ စာလုပ် ရသလို မနက်ကိုလဲ ဇိမ်နဲ့နှပ် မနေနိုင်ဘဲ အိပ်ရာထဲကနေ ကုန်းရုန်းထရ လေတော့ ညညကို ညဥ့်နက်မှ အိပ်ရာဝင်ရသူ တွေအဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ကို ဖော်ပြသွား ပါမယ်။

အိပ်ရေးပျက်ခံ ရသူတွေ ထဲမှာ ပညာရေး လောကထဲက ဆရာ၊ ဆရာမ နဲ့ ကျောင်းသား၊ ကျောင်းသူတွေ ထိပ်ဆုံးက ပါပါတယ်။ ကျောင်းသား တွေဟာ ကျူတိုရီရယ်၊ အဆိုင်းမင့်၊ ပရောဂျက်၊ စာမေးပွဲ တို့ရှိရင် မိုးလင်းပေါက် စာလုပ်တတ် ကြပြီး မေးခွန်းထုတ်၊ အဖြေလွှာစစ်၊ နောက်နေ့ သင်ခန်းစာ ပြင်ရတဲ့ ဆရာ၊ ဆရာမတွေ ဟာလဲ မကြာခဏ ဆိုသလို မျက်တွင်း ဟောက်ပက်ကြီးနဲ့ ကျောင်းကို ရောက်လာတတ် ကြပါတယ်။ ဒါဟာ ကမ္ဘာ့ တက္ကသိုလ် အများစုမှာ မဆန်းကျယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ချီကာဂို တက္ကသိုလ် စာကြည့်တိုက် နဲ့ ယူကေ ဘရစ်စတော တက္ကသိုလ်ရဲ့ ကွန်ပျူတာခန်း ၂၄ နာရီ ဖွင့်ထားပေး ရတာကိုက အကောင်းဆုံး သာဓက ဖြစ်နေ ပါတယ်။

ညမအိပ်တာဟာ ကျန်းမာရေးကို ရေတိုရော၊ ရေရှည်ပါ ဆိုးရွားစွာ ထိခိုက် စေနိုင်ပြီး ဉာဏ်ရည်၊ ဆုံးဖြတ်နိုင်စွမ်း၊ တွေးတော ဆင်ခြင်နိုင်စွမ်း တို့ ကို ကျဆင်းညံ့ဖျင်း စေနိုင်တဲ့ အတွက် အတတ်နိုင်ဆုံး ညအချိန်ကို အိပ်ပါ။ မလွဲသာ မရှောင်သာလို့ ညအိပ်ရေး ပျက်ရတော့ မယ်ဆိုရင် အောက်ပါ အချက်များကို လိုက်နာပါ။

အိပ်ရေးဝအောင် အိပ်ထားပါ
ဒါဆိုရင် မလွဲသာ မရှောင်သာလို့ ညလုံးပေါက် အလုပ် လုပ်ရတော့မယ် ဆိုရင်လဲ သိပ်မသိသာ နိုင်ပါဘူး။ ဘဏ်မှာ ငွေသွားသွား စုသလိုပဲ အိပ်ရေးကိုလဲ စုစု ထားပါ။ ဒီညကို မအိပ် ရတော့ဘူး ဒါမှမဟုတ် အိပ်ရေး ပျက်တော့မယ် ဆိုတာ သေချာရင်၊ ဘယ်အချိန်မှာပဲ သိသိ၊ တစ်ရေးအိပ် ဖြစ်အောင် အိပ်လိုက်ပါ။ လမ်းမှာ ထမင်း မသေချာတဲ့ ခရီးသည်ဟာ မုန့်ပဲ သရေစာကို အဝစား သွားတဲ့ သဘောပါပဲ။

အာဟာရဖြည့်တင်းပါ
ပရိုတိန်းက လူကို လန်းဆန်း တက်ကြွ စေပါတယ်။ ဒီညအဖို့ အိပ်ရေး ပျက်တော့မယ် ဆိုရင် ပရိုတိန်းကို လုံလောက်စွာ စားထား လိုက်ပါ။ အသား၊ ကြက်ဥ၊ ပဲ စသဖြင့်ပေါ့။ အဆီ၊ အဆိမ့်၊ အငန် အစရှိတဲ့ ကာဗို ဟိုက်ဒရိုတ်ေ တွ အစားများ ရင်တော့ အိပ်ငိုက် ပါလိမ့်မယ်။ ညလယ်လောက် ရောက်လို့ အား သိပ်မကျန် တော့ဘူးလို့ ထင်ရင် ပဲ၊ အစေ့ တစ်ခုခုကို စားပေးပါ။

အလင်းရောင် လုံလောက်အောင် လုပ်ထားပါ
ခန္ဓာကိုယ်ရဲ့ ဇီဝနာရီတွေက တောက်ပတဲ့ အလင်းကို မြင်ရင် ခန္ဓာကိုယ်ကို နိုးကြား နေစေပါတယ်။ ဒါကြောင့် ကိုယ်အလုပ် လုပ်တဲ့ အခန်းထဲ မှာပဲ မီးထွန်း ထားတာ မဟုတ်ဘဲ ကိုယ်မြင် နေရတဲ့ အခန်းတွေ၊ ဝင်းတွေ၊ ခြံတွေကိုလဲ မီးထွန်းညှိ ထားမယ် ဆိုရင် အဲဒီည အဖို့ သင်လုံးဝ အိပ်မငိုက်ဘဲ နေနိုင်တာကို သတိထား မိပါ လိမ့်မယ်။

ဦးစားပေးအဆင့်ကို စီစဉ်တတ်ပါစေ
သဘာဝကို ဆန့်ကျင်ပြီး ညမအိပ်ဘဲ အလုပ်လုပ် နေမိတဲ့ အတွက် ညဥ့်နက်လာတာနဲ့ အမျှ ကိုယ့်ဉာဏ်ရည် စွမ်းပကားလဲ ကျဆင်း လာတာကို သတိထား မိပါလိမ့်မယ်။ ဒါကြောင့် ညကို အလုပ်လုပ် တော့မယ်ဆိုရင် အခက်ဆုံး၊ အရှုပ်ဆုံး အလုပ်တွေကို အရင်လုပ်ပါ။ ညဥ့်နက် လာလေ၊ သင့်အလုပ် ကလဲ လွယ်လာလေ ဖြစ်အောင် စီစဉ်ထားဖို့ လိုအပ် ပါတယ်။ ဒီနေရာမှာ အလုပ်တွေကို ဉာဏ်သုံးရမယ့် အလုပ်နဲ့ အားစိုက်ထုတ် ရမယ့်အလုပ် ဆိုပြီး နှစ်မျိုးခွဲ ထားနိုင်ပါတယ်။ ဉာဏ်သုံးရမယ့် အလုပ်တွေကို သင် လန်းဆန်း နေသေးတဲ့ ညအစောပိုင်း မှာလုပ်ပါ။ ညဥ့်နက်လို့ သင် တစ်ယောက်တည်း ချောက်ချီး ချောက်ချက် အလုပ်လုပ် နေရပြီဆိုရင် ဉာဏ်သုံးဖို့ မလိုဘဲ အားပဲစိုက်ထုတ် ရတဲ့ အလုပ်မျိုးက ပိုပြီး သင့်တော် ပါတယ်။

ကော်ဖီသောက်ပါ
ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ လူကို မောပန်းစေတဲ့ အေဒီနိုဆင်းကို လျှော့ချပေး ပါတယ်။ တစ်နာရီကို ကော်ဖီတစ်ခွက် သောက်ပေးခြင်းဖြင့် ကိုယ်စိတ် ပင်ပန်းနွမ်းလျ စေတဲ့ အေဒီနိုဆင်း ထုတ်လုပ်မှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပြီး လန်းဆန်း တက်ကြွ နေမှာ ဖြစ်ပါတယ်။

နွေးနွေးထွေးထွေးနေပါ
လူ့ခန္ဓာကိုယ် အပူချိန်ဟာ မနက် ၃ နာရီကနေ ၄ နာရီ အကြားမှာ အနိမ့်ဆုံး ဖြစ်သွားလေ့ ရှိပါတယ်။ အအေးဒဏ်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ပြီး အလုပ်တွေ မပြီးမစီး ဖြစ်နိုင်တဲ့ အတွက်ကိုယ့်ပတ်ဝန်းကျင် ကို နွေးထွေးအောင် ထားပါ။ ကိုယ့်ကိုယ်ကိုယ် လဲ နွေးထွေးအောင် ထားပါ။

မနက်ကို အိပ်ဖြစ်အောင် အိပ်ပါ
တစ်ညလုံး မိုးလင်းပေါက် အလုပ် လုပ်ပြီးလို့၊ ဘယ်အချိန်ပဲ ပြီးပြီးပေါ့၊ မနက် ၆ နာရီလား၊ ၇ နာရီလား၊ ၈ နာရီလား၊ ဘာမှ ဆက်မလုပ်ခင် အိပ်ဖြစ်အောင် အိပ်ပါ။ အိပ်တယ်ဆိုတာ ကလဲ အိပ်စက်မှု တစ်ကြိမ် ပြည့်အောင် မိနစ် ၉ဝ ကနေ ၁ဝဝ အထိ အိပ်ဖို့လို ပါလိမ့်မယ်။ လူတွေ တစ်ရေးနိုးတယ် ဆိုတာ ဒါကို ပြောတာပေါ့။ အိပ်ပျော်ပြီး မိနစ် ၉ဝ ဝန်းကျင်မှာ အားလုံးလိုလို တစ်ချက် တစ်ချက် နိုးတတ်ကြ ပါတယ်။ တစ်ညလုံး အလုပ်လုပ် ပြီးရင် အဲဒီလို အိပ်စက်မှု တစ်ကြိမ်ပြည့်ဖို့ အရေးကြီး ပါတယ်။ အိပ်မပျော် ရင်လဲ အိပ်ရာထဲ နေပါ။

နောက်နေ့ညကို စောစော အိပ်ပါ
မနေ့က ညလုံးပေါက် အလုပ်လုပ် ထားတယ် ဆိုရင် ဒီနေ့ညကို အိပ်ရာ စောစော ဝင်ပေးပါ။ မအိပ်ချင်လဲ အိပ်ရာဝင်ပါ။ ဒါမှ နဂိုမူလ အားအင် ပမာဏကို မြန်မြန် ဆန်ဆန် ပြန်ရပါမယ်။ တစ်ကြိမ် အိပ်ရေးပျက်ရင် အနည်းဆုံး သုံးရက် ပြန်အိပ်ပေးမှ အိပ်ရေးဝတာ ဖြစ်ပါတယ်။

အခု ဖော်ပြခဲ့ တာတွေဟာ တစ်ချက် တစ်ချက် ညလုံးပေါက် အလုပ်လုပ် ရတတ်သူတွေ အတွက် အကြံပြုချက် ဖြစ်ပါတယ်။ ညတိုင်းလိုလို ကိုယ့်ရွေးချယ်ချက် နဲ့  တမင်တကာ အိပ်ရေးအပျက်ခံ သူတွေ ဆိုရင်တော့ အဲဒီ အကျင့်ဆိုးကို ရပ်တန်းက ရပ်ပြီး ည ၁၁ နာရီ နောက်ဆုံးထားလို့ အိပ်ရာဝင်ကြဖို့ လေ့လာ ရေးသား လိုက်ပါတယ်။

Wednesday, February 4, 2015

ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ



ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ

ဒီနေ့ အထက်တန်း ပညာရေး ကြီးကြပ်သူ ရာထူးနဲ့ ကျွန်တော် ပထမဆုံး အလုပ်ဆင်းတဲ့ နေ့။ ကျွန်တော့် အလုပ်က စာသင်ဖို့ မဟုတ်ဘူး။ သင်ကြားမှု၊ သင်ယူမှု အခြေအနေ တွေကို ကွင်းဆင်း လေ့လာ ဆန်းစစ် သုံးသပ်ပြီး အစီရင်ခံ တင်ပြဖို့ ဖြစ်တယ်။ ဒီတော့ ဆရာတွေ၊ ဆရာမတွေ၊ ကျောင်း အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တစ်နှစ်ပတ်လုံး ထိတွေ့ပြီး သင်ကြားမှု၊ သင်ယူမှု ထိရောက် သည်ထက် ထိရောက် လာအောင် အထက်ကို လိုအပ်တာတွေ တင်ပြဖို့ တာဝန်နဲ့ ရောက်လာ တာပဲပေါ့။

ပထမဆုံးနေ့မှာ ကျွန်တော် လုပ်ရမဲ့ အလုပ်က ထူးထူးခြားခြား ပါပဲ။ အဲဒါကတော့ ကျောင်းသားတွေ နဲ့အတူ ကျောင်းကို အချိန်ပြည့် တက်ပြီး အိမ်စာတွေ၊ လက်တွေ့တွေ အကုန်လုံးကို လိုက်လုပ် ကြည့်ရမယ်။ ကျောင်းသားတွေ ဘယ်လိုခံစား ရတယ် ဆိုတာကို သိအောင် လုပ်ယူရမယ်။ ဒီတော့ ၁၂ တန်း ကျောင်းသား တစ်ယောက်နဲ့ ကျွန်တော် မိတ်ဆွေဖွဲ့ လိုက်တယ်။ ပြီးတော့ သူနဲ့ တစ်နေကုန် ကျောင်းတက် ရတာပေါ့။ လက်ချာရှိရင် လိုက်ကူးတယ်။ ဓာတု လက်တွေ့လုပ်ရမယ် ဆိုရင် လိုက်လုပ်တယ်။ ကျူတိုရီယယ် ဖြေစရာရှိလည်း ဖြေရတာ ပဲပေါ့။

ဒီမှာတင် ကျွန်တော်ဟာ ကျောင်းတွေ၊ စာသင်ခန်း တွေရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ ဟာကွက်နဲ့ အားနည်းချက် တွေကို တွေ့ခဲ့တယ်။ ကျွန်တော် အထိတ်တလန့် ဖြစ်သွားတယ်။ တကယ်တော့ ဆရာတွေ၊ ဆရာမ တွေဟာ ကျောင်းသားတွေရဲ့ ခံစားချက်ကို သိလဲမသိ၊ သိအောင်လဲ မကြိုးစားကြ ပါလား။ ကျောင်းသား၊ ကျောင်းသူ တွေဟာ နေ့စဉ်နေ့တိုင်း လိုလို ကျောင်းသား တစ်ယောက် အနေနဲ့ရော လူသား တစ်ယောက်လိုပါ အဆင်မပြေမှု မြောက်မြားစွာနဲ့ ကျောင်းတက် နေရတယ် ဆိုတာ သူတို့ မသိကြ ပါလား။

ကျောင်းသားတွေဟာ တစ်နေကုန် ထိုင်နေရတယ်။ အဲဒီလို ထိုင်နေရတာ သိပ်ကို ပင်ပန်းစေ ပါတယ်။ ကျောင်းသား တစ်ယောက်လို တစ်နေကုန် ထိုင်ပြီး စာရေး၊ စာဖတ်တာ လုပ်ရမှ အဲဒီလို ထိုင်နေရတာ ဘယ်လောက်အထိ ပင်ပန်းသလဲ ဆိုတာကို ကျွန်တော် သိလာပါတယ်။ ဆရာတွေ ကတော့ မတ်တတ်ရပ်လိုက် ၊ စင်္ကြလျှောက်လိုက် ၊ စားပွဲကို မှီလိုက်၊ နည်းမျိုးစုံနဲ့ လှုပ်ရှားလို့ ရနေတဲ့အချိန်မှာ ကျောင်းသားတွေ ကို ကျတော့ ဘာတဲ့ ''လက်ပိုက်၊ ငြိမ်ငြိမ်ထိုင်'' ဆိုတာကြီးကို တစ်နေကုန် လုပ်ခိုင်းတာဟာ ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ စာသင်ခန်း တိုင်းမှာ ပြုပြင် ပြောင်းလဲသင့်တဲ့ သုံးချက်ကို ကျွန်တော် ချက်ချင်း ချရေး လိုက်ပါတယ်။

စာသင်ချိန် တစ်ဝက်လောက် ရောက်ရင် မည်သူမဆို ကိုယ်လက် ဆန့်တန်း လေ့ကျင့်ခန်း မလုပ်မနေ လုပ်ရန်၊ စာစမသင်ခင်နဲ့ စာသင်အပြီးမှာ ကျောင်းသား၊ ကျောင်းသူ တွေကို ဆော့ကစားခွင့် ပေးရန်၊ သင်ကြားမှု များကို ကျောင်းသား အချင်းချင်း ဆွေးနွေးချိန်တွင် လွပ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ပေးရန်တို့ ဖြစ်ပါတယ်။

ကျောင်းသား တွေဟာ စာသင်ချိန်ရဲ့ ၉ဝ ရာခိုင်နှုန်း လောက်မှာ တိတ်ဆိတ်စွာ နေနေရ ပါတယ်။ ဆရာက စာသင်နေလို့ ဖြစ်စေ၊ တခြား ကျောင်းသား တွေက ရှင်းလင်း တင်ဆက်နေလို့ ဖြစ်စေ၊ ကျူတိုရီရယ် ဖြေနေလို့ ဖြစ်စေ ကျန်ကျောင်းသား တွေက ပါးစပ်ပိတ်၊ တိတ်တိတ် နေနေရပြီး စာသင်ခန်း တွေထဲမှာလဲ ရိုးရာ အစဉ်အလာ မပျက် ''အပိုစကား မပြောပါနဲ့'' ဆိုတဲ့ အမိန့်သံ က စိုးမိုး နေတတ်ပါတယ်။ တကယ်တော့ ကျောင်းသား၊ ကျောင်းသူ တွေကို စကားပြောခွင့် ပေးရပါမယ်။ ဒါပေမဲ့ သူတို့ အချင်းချင်း အာလူးဖုတ်ခွင့် ပြုရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ကြားမှုကို ဘယ်လောက် နားလည်သလဲ ဆိုတာ သိသာအောင် သူတို့ကို တစ်လှည့်ပြောခွင့် ပေးရပါမယ်။ ဒါကြောင့် ဆရာ ဖြစ်သူက စာကို အချိန် အကြာကြီး ဆက်တိုက် မသင်ဘဲ စာသင်ချိန် တစ်ချိန်ကို သုံးပိုင်း ပိုင်းပြီး တစ်ပိုင်းစီ ရပ်ပြီးတော့ ဆွေးနွေးခွင့် ပေးရပါမယ်။ စာသင်ချိန် တိုင်းကို ကျောင်းသား တွေရဲ့ မေးခွန်းလေး တွေနဲ့ စသင့်ပါတယ်။

ကျောင်းသား တွေက တအားကို သည်းညည်းခံ နေရတာပါ။ တစ်နေကုန် ငုတ်တုတ်ထိုင်၊ မလှုပ်ဘဲ ထိုင်၊ စကားမပြော ဘဲ ထိုင်နေရတယ်။ ငြီးစီစီ ဖြစ်လာလို့၊ အာပုပ်နံ့ ထွက်လာလို့ ပီကေလေး ဝါးလိုက်မယ်။ မရဘူး။ ဆရာ တစ်ယောက် စီက ''တိတ်တိတ်နေပါ။ အာရုံစိုက်ပါ'' ဆိုတာကို ထပ်တလဲလဲ ပြောပုံများ ကျွန်တော်ဟာ မတ်တတ်ထ ရပ်ပြီး အသံကုန် အာခေါင်ခြစ် အော်လိုက် ချင်စိတ် ပေါက်အောင် စိတ်ဆိုးမိတယ်။ ကျွန်တော့် တွဲဖက် ကျောင်းသားကို ကြည့်လိုက်တော့ ခပ်အေးအေးလေး ပါပဲ။ သူရှေ့က စာသင် နေတာကို မြင်ပုံ၊ ကြားပုံလဲ မပေါ်ပါဘူး။ ဒါပေမဲ့ ဆရာတွေ ပြောသလို ငြိမ်ငြိမ်ထိုင် ပါတယ်။ စကားမပြောဘဲ ထိုင်ပါတယ်။ မလှုပ်ဘဲ ထိုင်ပါတယ်။

ဒီမေးခွန်းပဲ ထပ်မေးလဲ သေသေချာချာ ဖြေပေးပါ။ ကျူတိုရီရယ် ကိစ္စဆိုပါစို့။ မနက်ဖြန် ဘာကိုဖြင့် စစ်မယ်လို့ ကြေညာ လိုက်တယ်။ သူတို့အားလုံး နားလည်အောင် သေသေချာချာကို ရှင်းပြလိုက်တယ်။ ဘယ်လိုရှင်းရှင်း သူတို့က ပြန်မေးတာပဲ။ ဆရာဖြစ်သူ ကလဲ မျက်နှာကြီး မဲ့ရွဲ့ပြီး ''ဘယ်နှခါ ပြောရမလဲကွာ'' ဆိုပြီး ဆောင့်ကြီး အောင့်ကြီးနဲ့ ရှင်းရပြန် တာပေါ့။ ကျွန်တော် ကိုယ်တိုင် အတန်းတက် ကြည့်မှ သတိထား မိတယ်။ ကျူတို၊ စာမေးပွဲ ဆိုတာတွေ ကြားလိုက်ရင် ကျောင်းသားတွေက စိုးရိမ်သွားတယ်။ ရှေ့က ပြောတာတွေကို လိုက်နားထောင် မနေနိုင်ေ တာ့ဘဲ ကိုယ် အဆင်သင့် ဖြစ်ပြီလား ဆိုတာကို တွေးပူမိ တတ်တယ်။ အဲဒီအချိန်မှာ ဆရာမက ရှင်းပြီလားလို့ မေးနေ ပြီ။ ရိုးရာမပျက် '' ရှင်းပါတယ် ဆရာမ ..'' ပေါ့။ နားလည်ပြီလား လို့ မေးတော့လဲ ရိုးရာမပျက် ''နားလည်ပါပြီ ဆရာမ ... '' ပေါ့။ ဒါပေမဲ့ သေချာပါတယ်။ ကျွန်တော်တောင် ဘာမှန်း မသိလိုက်ပါဘူး။

ဒါကြောင့် ကျွန်တော့်တွဲဖက် ကျောင်းသားကို မေးဖို့ တိုက်တွန်းလို့ သူကထပြီး မေးတဲ့အခါ ဆရာမ ဖြစ်သူက မျက်လုံးကြီး လှန်တင်ပြီး စိတ်ပျက်ပျက်နဲ့ ထပ်ပြောပါတယ်။ တွဲဖက် ကျောင်းသားကလဲ စိတ်ဆိုးဆိုးနဲ့ ''တွေ့လား။ ဒါကြောင့် ကျွန်တော်တို့ ဘယ်တော့မှ စာမမေးတာ'' လို့ ကျွန်တော့်ကို ပြောပါတယ်။

နောက်တစ်နေ့ အစီရင်ခံစာ တင်ရမယ့် အချိန်မှာ ကျွန်တော် ဟာ ကျွန်တော့် အထက်အရာရှိ ကို ဖုန်းဆက်ပြီး ခွင့်တောင်း လိုက်ပါတယ်။ ''ကျွန်တော် နောက်တစ်ရက် လောက် ကျောင်းတက်ကြည့် လို့ရမလား'' ဆိုတာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေ ခံစားနေရတဲ့ အခြေအနေကို အမှန်အတိုင်း သိမြင်အောင် လုပ်ပြီးမှပဲ သူတို့ရဲ့ သင်ယူမှု စွမ်းရည်ကို မြှင့်တင် နိုင်လိမ့်မယ် ဆိုတာ ကျွန်တော် သဘောပေါက် သွားပြီ ဖြစ်ကြောင်း လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။


Friday, January 23, 2015

အရက်သောက်ခြင်းကြောင့် ဖြစ်တတ်သော ရောဂါများ



အရက်သောက်ခြင်းကြောင့် ဖြစ်တတ်သော ရောဂါများ

အရက်ကို နှစ်ခြိုက်စွဲလမ်း နေသူရှေ့မှာ ရေတစ်ခွက်နှင့် အရက်တစ်ခွက် ချထားပေးပါက အရက်ခွက်ကို ဦးအောင် မော့သောက် မည်မှာ မလွဲပေ။

အရက် သောက်ခြင်းသည် ရောဂါမျိုးစုံ ရနိုင် ပါသည်။ ငွေလည်း ကုန်ပါသည်။ အရက်သောက်ပြီး မူးလို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လျှင် သင့်ကို ပတ်ဝန်းကျင် က ကဲ့ရဲ့ရှုတ်ချ လေမည်။ အရက်သည် သင့်ခန္ဓာကိုယ် သွေးလှည့်ပတ်မှု စနစ်ကို ပျက်စီးစေပြီး အာဟာရဓာတ် ကိုလည်း ချို့တဲ့စေ ပါသည်။ အရက် သောက်ခြင်းကြောင့် ဘာဆို ဘာမျှ အကျိုး ဖြစ်ထွန်းမှုကို ရရှိနိုင်မည်မ ဟုတ်ပါ။ သင် အသက်ရှည် ကျန်းမာဖို့ အတွက်၊ အရက်ဖြတ်မည်လား၊ ဆက်သောက် မည်လား ဟု မေးလျှင် ဆက်သောက် မည်ဟု ပြောမှာ သေချာပါသည်။ အဘယ့်ကြောင့် ဆိုသော် အရက်သောက်ပြီး မူးယစ်ရီဝေ နေတဲ့ အချိန်ဟာ အရက်သောက်သူအတွက် စိတ်ခံစားမှု အကောင်းဆုံး အချိန်ဖြစ်၍ နေသောကြောင့် ပေတည်း။

ထို မူးယစ်ရီဝေ ထုံထိုင်း စေတတ်သော ဓာတ်တစ်မျိုး ပါသည့် အရက်ကိုပင် ကမ္ဘာပေါ် ရှိ ယောက်ျား၊ မိန်းမ ဟူသမျှ တို့သည် အကြောင်းပြချက် အမျိုးမျိုးဖြင့် သောက်စားလျက် ရှိသည်ကို တွေ့ရ ပေမည်။ အရက်သည် လူမှု ဆက်ဆံရေး နယ်ပယ် တွင်လည်း အထင်ကရ အဖျော် ယမကာ အဖြစ် ရပ်တည် နေပေ၏။ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ၊ မိတ်သစ် ဆွေသစ် ဆက်ဆံရေး နယ်ပယ် များတွင်လည်း အရက်ကို အသုံးပြု ကြ၏။ ဂုဏ်သရေရှိ မိတ်သစ်၊ မိတ်ဟောင်း များကို အကောင်းစား ဟူသော အရက်များဖြင့် ဧည့်ခံတတ်ကြ ပေသည်။ အချို့က စိတ်ပျော်ရွှင် လို၍ သော် လည်းကောင်း၊ တစ်နေ့တာ ပင်ပန်းနွမ်းနယ် မှုကို ပြေပျောက်လို၍ သော် လည်းကောင်း၊ မိမိတို့၏ ရင်တွင်း ခံစားချက် များကို ကုစားရန် အတွက် သော် လည်းကောင်း အရက်ကို စမ်း၍ သောက်တတ်ကြ ပေသည်။ စမ်းရင်းက စွဲသွားသူ များလည်း ရှိပေသည်။ အောင်မြင် သောကြောင့် ပျော်ရွှင်၍ သောက်သည်။ ရှုံးနိမ့် သောကြောင့် စိတ်ညစ်၍ သောက်သည်။

တစ်ခါတစ်ရံတွင် လူမှုရေး နှင့် လုပ်ငန်းခွင်တွင် ဖိနှိပ်ချုပ်ခြယ် ခံရသောကြောင့် သောက်သည်။ စီးပွားရေး၊ အိမ်ထောင်ရေး၊ ပညာရေး၊ လူမှုရေး၊ နှလုံးသားရေး စသည့် မရေတွက် နိုင်သော အရေးကိစ္စ များတွင် အဆင်မပြေ သောကြောင့် လည်း သောက်သည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များအရလည်း အရက်ကို သောက်တတ် ကြသည်ကို တွေ့ရပါသည်။ မည်သို့သော အကြောင်းရင်း များကြောင့် သောက်သည် ဖြစ်စေ အရက် သောက်ခြင်း ကြောင့် ရောဂါ ဝေဒနာများ ဖြစ်ပွား နိုင်ပါသည်။

အရက် သောက်ခြင်းကြောင့် ဖြစ်ပွား လာနိုင်သော ရောဂါများကို တင်ပြရလျှင် အစာအိမ် အတွင်း အနာဖြစ်ခြင်း ရောဂါ (အစာအိမ်နာ)၊ အစာအိမ်မှ သွေးယိုခြင်း ရောဂါ၊ အစာအိမ် ရောင်ရမ်းခြင်း ရောဂါ၊ အသည်းကျွမ်း ရောဂါ၊ အသည်း ကင်ဆာ ရောဂါ၊ အသံအိုး ကင်ဆာ ရောဂါ၊ အဆုတ် တီဘီ ရောဂါ၊ အဆုတ် အအေးမိ ရောဂါများ ရရှိ နိုင်ပါသည်။

အရက်သည် ဦးနှောက် မှတ်ဉာဏ်နှင့် စဉ်းစားဆင်ခြင်မှု၊ စကားပြောဆိုမှု၊ ခြေလက် လှုပ်ရှားမှု တို့ကို ထိန်းချုပ်သည့် ဗဟိုဌာန များကို ထုံထိုင်းစေပြီး ပျက်စီး ဆုံးရှုံးမှု များကို ဖြစ်ပေါ်စေ ပါသည်။ အရက်ပျော့ တစ်မျိုး ဖြစ်သည့် ဘီယာ တစ်ပုလင်း သောက်ရုံမျှ နှင့်ပင် ဦးနှောက် ကလာပ်စည်းပေါင်း ထောင်နှင့်ချီ၍ ပျက်စီးကြောင်း လေ့လာတွေ့ရှိ ရသည်ဟု ဆိုပါသည်။ ထို့အပြင် အရက်ကို အလွန်အကျွံ သောက်သုံး ခြင်းကြောင့် လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက် ဒဏ်ရာများ ရရှိနိုင်ခြင်း မှစ၍ အသက်သေဆုံး နိုင်ခြင်း၊ သတိလက်လွတ် ဖြစ်ခြင်း၊ ဒေါသ ထွက်လွယ်ခြင်း၊ ရန်လိုတတ်ခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြား လာနိုင်ခြင်း၊ ဟီရိသြတ္တပ အရှက် အကြောက် နည်းလာခြင်း၊ ရာဇဝတ်မှု များကို လွယ်ကူစွာ ကျူးလွန် တတ်ခြင်းတို့ ဖြစ်ပေါ် စေနိုင်ပါသည်။

ဗုဒ္ဓဘုရားရှင် ကလည်း အရက် သောက်စားခြင်း အပြစ်(၆)ပါးကို အောက်ပါ အတိုင်း ဟောကြား တော်မူခဲ့ပါသည်-

(၁) ဥစ္စာ ဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
(၂) ခိုက်ရန်ဖြစ်ပွားတတ်၏။
(၃) အနာရောဂါဖြစ်ကြောင်း ဖြစ်၏။
(၄) အရှိန်အစော်မဲ့တတ်၏။
(၅) လျှို့ဝှက်အပ်သည်ကို ဖော်ပြ တတ်၏။
(၆) ဉာဏ်ပညာ အားနည်းအောင် ပြုတတ်၏။ ဟု ဟောကြား တော်မူခဲ့ပေသည်။ လူမှု ဆက်ဆံရေး အရ မဖြစ်မနေ သောက်ရသည့် အခါတွင်မူ မလွန်ကြူး စေရန် သတိချပ်သင့် လှပါသည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ် ဝန်းကျင်ကာလများ ဆီက အမေရိကန် ပြည်ထောင်စု တွင် အရက်စွဲသော အမျိုးသမီးပေါင်း ငါးသန်းခန့် ရှိသည်ဟု ဆိုပါသည်။ ယနေ့ ခေတ်အခါတွင် ရုပ်မြင်သံကြား များမှ လာသော ကိုရီးယား ဇာတ်လမ်းတွဲ များတွင် ကိုရီးယား ပျိုဖြူများ အရက်မူး လာသည့် ဇာတ်ဝင်ခန်း များကို ကားတိုင်း လိုလို တွေ့ရ၏။ ထို ကိုရီးယား ပျိုဖြူများကို မြန်မာပျိုဖြူ လေးများက အားကျ အတုခိုး လျှင်ဖြင့် ဟူသော အတွေးက မြန်မာပြည်သူ မိဘ မောင်ဖွားများကို စိုးရိမ်ထိတ်လန့် စေလေပြီဟု ထင်ရပေသည်။

အရက်သည် ယောက်ျား၊ မိန်းမ မဟူ သောက်သုံးသူ မှန်သမျှကို ရောဂါရရှိ စေပါသည်။ အရက်သေစာ လွန်လွန်ကြူးကြူး သောက်သုံးလျှင် ဖြစ်တတ်သော ရောဂါများ အကြောင်းကို တင်ပြခဲ့ပြီး ဖြစ်၍ ယခုတစ်ဖန် အမျိုးသမီးများ အရက်သေစာ သောက်သုံး ပါက ဖြစ်နိုင်သော ရောဂါ အခြေအနေ များကိုလည်း ဆက်လက် တင်ပြလို ပါသည်။

အရက်သေစာ သောက်သုံးသော အမျိုးသမီးများ (သို့မဟုတ်) အရက်စွဲသော အမျိုးသမီးများ ကိုယ်ဝန်ဆောင် ပါက သန္ဓေသားအား စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ များ ထိခိုက် စေနိုင်ခြင်း၊ အင်္ဂါမစုံသော ကလေးများ မွေးဖွားခြင်း၊ ဉာဏ်ထိုင်းသော ကလေးများ မွေးဖွား လာနိုင်ခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း (သို့) စောမွေးခြင်း၊ ကလေး၏ ဦးခေါင်း လွန်စွာ သေးငယ်ခြင်း၊ ကလေး၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများ ချို့ယွင်းနေခြင်း တို့ ဖြစ်ပေါ် စေနိုင်ပါသည်။

အရက်သည် သောက်သုံး သူတိုင်းကို စွဲလမ်းစေ ပါသည်။ မသောက်ရ မနေနိုင်လျှင် ထိုသူသည် အရက်စွဲ ရောဂါ ရရှိနေပြီ ဖြစ်ပေသည်။ ယခုအခါ ရာဇဝတ်မှုများ၊ ယာဉ် မတော်တဆမှု များတွင် အရက်သေစာ သောက်စား မူးယစ်ပြီး ဖြစ်ပွားသည်က ပို၍ များပြား နေပေသည်။ ထို့ကြောင့် ယာဉ်မောင်းသူ များကို အရက်မူးတိုင်း ကိရိယာ များဖြင့် မြို့ကြီးများတွင် တိုင်းတာ စစ်ဆေးနေပြီ ဖြစ်သည်။ လူ့ကိုယ်တွင်း၌ အရက် ပမာဏ ဝ.၁၅ ရာခိုင်နှုန်း ရှိပါက အရက်မူး နေပြီဟု သိနိုင်ပြီး ယင်း အခြေအနေ သည် ယာဉ်တိုက်မှု ဖြစ်နိုင်သော အဆင့်တွင်ရှိသည်ဟု ဆိုပါ သည်။

အချုပ်အားဖြင့် တင်ပြရသော် အရက် သည် ပြဿနာ မျိုးစုံကို ဖြစ်ပေါ်စေ သကဲ့သို့ ရောဂါမျိုးစုံ ကိုလည်း ရရှိနိုင် ပါသည်။ သို့ဖြစ်ပါ၍ အရက်သေစာ သောက်စားခြင်းကို အသိတရားဖြင့် သတိထား ရှောင်ကြဉ် နိုင်ကြပါစေဟု ရည်သန်၍ ရေးသား တင်ပြလိုက်ရ ပေသည်။

အောင်ကိုမြင့် (မြစ်ကြီးနား)

http://myawady-myawady.blogspot.com/2015/01/blog-post_863.html