Friday, March 6, 2015

ကြိုတင်ခန့်မှန်းနိုင်ရန် ကြိုးပမ်းနေရသည့် မြေကျွံခြင်း အန္တရာယ်



ကြိုတင်ခန့်မှန်းနိုင်ရန် ကြိုးပမ်းနေရသည့် မြေကျွံခြင်း အန္တရာယ်

ကမ္ဘာမြေသည် ရုတ်တရက် ကျွံဝင်သွားပြီး လူတွေ၊ ကားတွေ ကနေ ကြီးမားလှတဲ့ တိုက်တာကြီးတွေ အထိ စုပ်ယူမြိုချ သွားတာမျိုး မကြာခဏ ဖြစ်ပေါ် ခဲ့ပြီးပါပြီ။ သိပ္ပံပညာရှင် တွေကလဲ မုန်တိုင်း ဘေးအန္တရာယ် တစ်ခုကို ထိထိ ရောက်ရောက် ကြိုတင်ခန့်မှန်း နိုင်တာကလွဲရင် ကျန်တဲ့ သဘာဝဘေးဥပါဒ် အန္တရာယ်တွေကို ကြိုတင် မခန့်မှန်းနိုင် သလောက် ဖြစ်နေဆဲမို့ မြေကျွံမယ့် အရေးကိုလဲ ကြိုတင်ခန့်မှန်း နိုင်ဖို့ ကြိုးစားဆဲ အဆင့်မှာပဲ ရှိပါတယ်။

၂ဝ၁၃ ခုနှစ်ဖေဖော်ဝါရီ ၂၈ ဒီနေ့နဲ့ဆိုရင် နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဖလော်ရီဒါ ပြည်နယ် တမ်ပါမြို့ အရှေ့ပိုင်းက နေအိမ် တစ်လုံးထဲမှာ အိပ်ပျော်နေတဲ့ လူတစ်ယောက်ဟာ ရုတ်တရက် မြေကျွံတဲ့အထဲ ပါသွားပါတယ်။ သူ့အိပ်ရာ၊ ဗီရို၊ စာဖတ်စားပွဲအားလုံး တစ်မုဟုတ်ချင်း မြုပ်နှံခံ လိုက်ရပါတယ်။ သူ့အလောင်း ကိုလဲ ဘယ်တော့မှ ပြန်မရခဲ့ပါဘူး။ ဒါဖြင့်ရင် မြေကျွံတာဟာ ဘယ်လောက်အထိ နက်ရှိုင်းနိုင် သလဲ၊ ဘယ်အချိန် ဘယ်နေရာမှာ မြေကျွံမယ် ဆိုတာကိုကော ကြိုတင် မခန့်မှန်း နိုင်ဘူးလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် လာပါတယ်။

မြေကျွံတာဟာ ဒေသတစ်ခုရဲ့ မြေမျက်နှာသွင်ပြင် အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဖလော်ရီဒါ ပြည်နယ်ရဲ့ မြေပြင်ဟာ ဘူမိဗေဒ သဘောသဘာဝ အရ မြေကျွံနိုင်မယ့် လက္ခဏာ များပြားပြီး Sunshiine ပြည်နယ်မှာ ဆိုရင် တစ်နှစ် တစ်နှစ်ကို အကြိမ်ပေါင်း ရာနဲ့ချီ မြေကျွံတာ ဖြစ်ပွားပါတယ်။

ကမ္ဘာ့ မြေမျက်နှာပြင် အောက်မှာ မြေအောက်ရေ ရှိပါတယ်။ ဒီမြေအောက်ရေ ထဲမှာ ကျောက်သား တွေထဲက ပျော်ဝင်နိုင်တဲ့ အရာတွေက ပျော်ဝင်သွား ပါတယ်။ ဒီအတွက် ကျောက်သားလွှာ တွေထဲမှာ အခေါင်း ပေါက်ကြီးတွေ ဖြစ်လာပါတယ်။ ကြာတော့ ဒီအခေါင်းတွေက မြေပြင် အလေးချိန်ကို ထမ်းမထား နိုင်တော့ဘဲ ပြိုကျပါတယ်။ အဲဒီလို ပြိုတဲ့အခါမှာ မြေသား တစ်ခုလုံး နိမ့်ဆင်းသွားတာပဲ ဖြစ်ပါတယ်။

အနက်ကလဲ ပေအနည်းငယ် ကနေ အတိုင်းမသိအောင် နက်ရှိုင်း နိုင်ပါတယ်။ ထုံးကျောက်များတဲ့ ဒေသတွေမှာ မြေကျွံတာ ပုံမှန်ဖြစ်နေတတ် ပါတယ်လို့ ဖလော်ရီဒါ ပြည်နယ်က ဘူမိဗေဒ သိပ္ပံပညာရှင် တစ်ဦးက ရှင်းပြတယ်။

သဘာဝ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လေ့ ရှိတဲ့ မြေကျွံခြင်းဟာ လူသားတွေ ကြောင့်လဲ ပိုပြီး ဆိုးရွားလာနိုင် ပါသေးတယ်။ မြေအောက်ရေကို အလွန်အကျွံ ခပ်ထုတ်ခြင်းကြောင့် မြေသားနံရံတွေ ပြိုကျ နိုင်ပါတယ်။ ဒီ မြေသားနံရံတွေ ပြိုကျတဲ့အတွက် ဆင့်ကဲပြိုကျမှုတွေ ဖြစ်ပွားပြီး အဝေး တစ်နေရာမှာ မြေအကြီးအကျယ် ကျွံကျတာ ဖြစ်နိုင် ပါသေးတယ်။

ဒါ့ပြင် သဘာဝကို သဘာဝကလဲ ထပ်ပြီး ဒုက္ခပေးနိုင် ပါသေးတယ်။ မိုးခေါင်ရေရှားတဲ့ နေရာမှာ မြေအောက် စိမ့်စမ်းရေ တွေလဲ ခန်းခြောက်သွားပြီး အခေါင်းပေါက်တွေ ကျန်ရှိ နေနိုင်ပါတယ်။ မိုးလေဝသ ပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းလိုက်မယ် ဆိုရင် မိုးရေရဲ့ အလေးချိန်ကြောင့် မြေပြင်အလေးချိန် အဆမတန် ပိုလာတာ ဖြစ်တဲ့အတွက် အဲဒီ အခေါင်းပေါက်တွေ ပြိုကျသွားနိုင် ပါသေးတယ်။

၂ဝ၁၂ ခုနှစ် ဇွန်လမှာ ဖလော်ရီဒါ ပြည်နယ်မှာ လပေါင်းများစွာ မိုးခေါင်ရေရှား ဖြစ်ခဲ့ပြီး တဲ့နောက် အပူပိုင်း မုန်တိုင်း Debby တိုက်ခတ်ခဲ့တော့ မြေကျွံတွင်းတွေ ရာပေါင်းများစွာ ဖြစ်ကျန်ခဲ့ တာဟာ ဒီဖြစ်စဉ်ကြောင့် ပါပဲ။ ဒီဖြစ်ရပ် ကြောင့် ဖလော်ရီဒါ ပြည်နယ် အစိုးရအဖွဲ့ဟာ အနာဂတ်မှာ အလားတူ ဖြစ်ရပ်တွေကို ဘယ်လို ကာကွယ် နိုင်မလည်း ဆိုတာကို အပြင်းအထန် စဉ်းစားခဲ့ ရပါတယ်။

၂ဝ၁၃ ခုနှစ် သြဂုတ်လမှာ ဖလော်ရီဒါ ပြည်နယ်ဟာ အမေရိကန်ဒေါ်လာ တစ်သန်း ဘတ်ဂျက်တည်ပြီး မြေကျွံခြင်း ဖြစ်ပေါ်နိုင်မယ့် လမ်းကြောင်းတွေကို သုတေသန ပြုလုပ်ခဲ့တယ်။ အရင်က မြေကျွံခဲ့တဲ့ နေရာတွေ၊ အဲဒီနေရာ
တွေရဲ့ မြေမျက်နှာ သွင်ပြင်တွေ၊ မိုးလေဝသ အခြေအနေတွေ၊ မြေအလေးချိန်ကို အောက်ခံ ကျောက်သားလွှာက ဘယ်လောက် ကြာကြာဆက်ပြီး ထမ်းပိုးထားနိုင်မယ် ဆိုတဲ့ တွက်ချက်မှု တွေကို ပြုလုပ်ခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ်မှာ မြေပုံကြမ်း ထုတ်နိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။ တစ်စတုရန်း ကီလိုမီတာ အတွင်း မြေကျွံနိုင်တဲ့ နေရာတွေကို ဖြစ်နိုင်ခြေအပေါ် မူတည်ပြီး အရောင်ခွဲ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လူတွေက ဒီထက်ပိုတိကျတဲ့ အဖြေကို ရချင်ကြတယ်။ ကိုယ့်ခုတင် အောက်တည့်တည့် မြေကျွံမလား ဆိုတာမျိုးပေါ့။

အခုနောက်ပိုင်းမှာ မိုးမျှော် တိုက်ကြီးတွေကို မဆောက်လုပ်ခင် မြေပြင် အနေအထားကို ကျွမ်းကျင်တဲ့ နည်းပညာရှင် တွေရဲ့ ထောက်ခံချက် ရယူဖို့ အမေရိကန် ပြည်ထောင်စု က ဒေသန္တရဥပဒေ ထုတ်ပြန်ထားတယ်။ အထူးသဖြင့် ဖလော်ရီဒါ ပြည်နယ် မှာ ဖြစ်ပါတယ်။ ပြည်သူလူထု ကလဲ သဘောကျပါတယ်။ ကိုယ်နေထိုင်နေတဲ့ တိုက်ကြီး တစ်တိုက်လုံး မြေကြီးအောက် ကျွံဝင် နစ်မြုပ် ပျောက်ကွယ် သွားမှာကိုတော့ ဘယ်သူမှ သဘောကျလိမ့်မှာ မဟုတ်ဘူးလို့ လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။