Sunday, February 15, 2015

ညလုံးပေါက်တော့တယ် ဆိုရင် ...


ညလုံးပေါက်တော့တယ် ဆိုရင် ...
 
တစ်ချိန်တစ်ခါက ညလယ် သန်းခေါင်ယံ ကို မိုးချုပ်လှပြီ ဆိုပြီး ကဗျာတွေစပ်၊ စာတွေရေး၊ သီချင်းတွေဆိုခဲ့ကြပေမယ့် အခုချိန်မှာတော့ သန်းခေါင်ယံ ဆိုတာ စောသေးတယ်လို့ ဆိုသူတွေ အတော်များ လာပါပြီ။ အများစုက ညကို အိပ်ရာ စောစော မဝင်ကြတော့ ပါဘူး။

အလုပ်ရှိလို့ ဖြစ်စေ၊ အဲဒီအချိန်မှ နားရလို့ ဖြစ်စေ၊ ညကို တော်တော်နဲ့ မအိပ်ဘဲ နေနေတတ် ကြပါတယ်။ စာကျက်၊ စာရေး ဒါမှမဟုတ် တခြား အလုပ် လုပ်ကြမယ့် သူတွေအတွက် ညအချိန်မှာ အနှောင့်အယှက် နည်းသလို ပတ်ဝန်းကျင် ကလဲ တိတ်ဆိတ် နေတယ်။ နေရောင်လဲ မရှိတဲ့အတွက် အပူချိန် လျော့နည်း အေးမြနေချိန် ဆိုတော့ အာရုံစိုက်ပြီး အလုပ်လုပ်ရမယ့် သူတွေအတွက် အကြိုက် ဖြစ်နေတတ် ပါတယ်။

ဒါဟာ ညကိုမအိပ်၊ မနက်ကိုမထ တဲ့ လူ့ယဉ်ကျေးမှုကြီး ရဲ့ အစပဲ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ အများစုဟာလဲ ညကို မအိပ်မနေ စာလုပ် ရသလို မနက်ကိုလဲ ဇိမ်နဲ့နှပ် မနေနိုင်ဘဲ အိပ်ရာထဲကနေ ကုန်းရုန်းထရ လေတော့ ညညကို ညဥ့်နက်မှ အိပ်ရာဝင်ရသူ တွေအဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ကို ဖော်ပြသွား ပါမယ်။

အိပ်ရေးပျက်ခံ ရသူတွေ ထဲမှာ ပညာရေး လောကထဲက ဆရာ၊ ဆရာမ နဲ့ ကျောင်းသား၊ ကျောင်းသူတွေ ထိပ်ဆုံးက ပါပါတယ်။ ကျောင်းသား တွေဟာ ကျူတိုရီရယ်၊ အဆိုင်းမင့်၊ ပရောဂျက်၊ စာမေးပွဲ တို့ရှိရင် မိုးလင်းပေါက် စာလုပ်တတ် ကြပြီး မေးခွန်းထုတ်၊ အဖြေလွှာစစ်၊ နောက်နေ့ သင်ခန်းစာ ပြင်ရတဲ့ ဆရာ၊ ဆရာမတွေ ဟာလဲ မကြာခဏ ဆိုသလို မျက်တွင်း ဟောက်ပက်ကြီးနဲ့ ကျောင်းကို ရောက်လာတတ် ကြပါတယ်။ ဒါဟာ ကမ္ဘာ့ တက္ကသိုလ် အများစုမှာ မဆန်းကျယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ချီကာဂို တက္ကသိုလ် စာကြည့်တိုက် နဲ့ ယူကေ ဘရစ်စတော တက္ကသိုလ်ရဲ့ ကွန်ပျူတာခန်း ၂၄ နာရီ ဖွင့်ထားပေး ရတာကိုက အကောင်းဆုံး သာဓက ဖြစ်နေ ပါတယ်။

ညမအိပ်တာဟာ ကျန်းမာရေးကို ရေတိုရော၊ ရေရှည်ပါ ဆိုးရွားစွာ ထိခိုက် စေနိုင်ပြီး ဉာဏ်ရည်၊ ဆုံးဖြတ်နိုင်စွမ်း၊ တွေးတော ဆင်ခြင်နိုင်စွမ်း တို့ ကို ကျဆင်းညံ့ဖျင်း စေနိုင်တဲ့ အတွက် အတတ်နိုင်ဆုံး ညအချိန်ကို အိပ်ပါ။ မလွဲသာ မရှောင်သာလို့ ညအိပ်ရေး ပျက်ရတော့ မယ်ဆိုရင် အောက်ပါ အချက်များကို လိုက်နာပါ။

အိပ်ရေးဝအောင် အိပ်ထားပါ
ဒါဆိုရင် မလွဲသာ မရှောင်သာလို့ ညလုံးပေါက် အလုပ် လုပ်ရတော့မယ် ဆိုရင်လဲ သိပ်မသိသာ နိုင်ပါဘူး။ ဘဏ်မှာ ငွေသွားသွား စုသလိုပဲ အိပ်ရေးကိုလဲ စုစု ထားပါ။ ဒီညကို မအိပ် ရတော့ဘူး ဒါမှမဟုတ် အိပ်ရေး ပျက်တော့မယ် ဆိုတာ သေချာရင်၊ ဘယ်အချိန်မှာပဲ သိသိ၊ တစ်ရေးအိပ် ဖြစ်အောင် အိပ်လိုက်ပါ။ လမ်းမှာ ထမင်း မသေချာတဲ့ ခရီးသည်ဟာ မုန့်ပဲ သရေစာကို အဝစား သွားတဲ့ သဘောပါပဲ။

အာဟာရဖြည့်တင်းပါ
ပရိုတိန်းက လူကို လန်းဆန်း တက်ကြွ စေပါတယ်။ ဒီညအဖို့ အိပ်ရေး ပျက်တော့မယ် ဆိုရင် ပရိုတိန်းကို လုံလောက်စွာ စားထား လိုက်ပါ။ အသား၊ ကြက်ဥ၊ ပဲ စသဖြင့်ပေါ့။ အဆီ၊ အဆိမ့်၊ အငန် အစရှိတဲ့ ကာဗို ဟိုက်ဒရိုတ်ေ တွ အစားများ ရင်တော့ အိပ်ငိုက် ပါလိမ့်မယ်။ ညလယ်လောက် ရောက်လို့ အား သိပ်မကျန် တော့ဘူးလို့ ထင်ရင် ပဲ၊ အစေ့ တစ်ခုခုကို စားပေးပါ။

အလင်းရောင် လုံလောက်အောင် လုပ်ထားပါ
ခန္ဓာကိုယ်ရဲ့ ဇီဝနာရီတွေက တောက်ပတဲ့ အလင်းကို မြင်ရင် ခန္ဓာကိုယ်ကို နိုးကြား နေစေပါတယ်။ ဒါကြောင့် ကိုယ်အလုပ် လုပ်တဲ့ အခန်းထဲ မှာပဲ မီးထွန်း ထားတာ မဟုတ်ဘဲ ကိုယ်မြင် နေရတဲ့ အခန်းတွေ၊ ဝင်းတွေ၊ ခြံတွေကိုလဲ မီးထွန်းညှိ ထားမယ် ဆိုရင် အဲဒီည အဖို့ သင်လုံးဝ အိပ်မငိုက်ဘဲ နေနိုင်တာကို သတိထား မိပါ လိမ့်မယ်။

ဦးစားပေးအဆင့်ကို စီစဉ်တတ်ပါစေ
သဘာဝကို ဆန့်ကျင်ပြီး ညမအိပ်ဘဲ အလုပ်လုပ် နေမိတဲ့ အတွက် ညဥ့်နက်လာတာနဲ့ အမျှ ကိုယ့်ဉာဏ်ရည် စွမ်းပကားလဲ ကျဆင်း လာတာကို သတိထား မိပါလိမ့်မယ်။ ဒါကြောင့် ညကို အလုပ်လုပ် တော့မယ်ဆိုရင် အခက်ဆုံး၊ အရှုပ်ဆုံး အလုပ်တွေကို အရင်လုပ်ပါ။ ညဥ့်နက် လာလေ၊ သင့်အလုပ် ကလဲ လွယ်လာလေ ဖြစ်အောင် စီစဉ်ထားဖို့ လိုအပ် ပါတယ်။ ဒီနေရာမှာ အလုပ်တွေကို ဉာဏ်သုံးရမယ့် အလုပ်နဲ့ အားစိုက်ထုတ် ရမယ့်အလုပ် ဆိုပြီး နှစ်မျိုးခွဲ ထားနိုင်ပါတယ်။ ဉာဏ်သုံးရမယ့် အလုပ်တွေကို သင် လန်းဆန်း နေသေးတဲ့ ညအစောပိုင်း မှာလုပ်ပါ။ ညဥ့်နက်လို့ သင် တစ်ယောက်တည်း ချောက်ချီး ချောက်ချက် အလုပ်လုပ် နေရပြီဆိုရင် ဉာဏ်သုံးဖို့ မလိုဘဲ အားပဲစိုက်ထုတ် ရတဲ့ အလုပ်မျိုးက ပိုပြီး သင့်တော် ပါတယ်။

ကော်ဖီသောက်ပါ
ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ လူကို မောပန်းစေတဲ့ အေဒီနိုဆင်းကို လျှော့ချပေး ပါတယ်။ တစ်နာရီကို ကော်ဖီတစ်ခွက် သောက်ပေးခြင်းဖြင့် ကိုယ်စိတ် ပင်ပန်းနွမ်းလျ စေတဲ့ အေဒီနိုဆင်း ထုတ်လုပ်မှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပြီး လန်းဆန်း တက်ကြွ နေမှာ ဖြစ်ပါတယ်။

နွေးနွေးထွေးထွေးနေပါ
လူ့ခန္ဓာကိုယ် အပူချိန်ဟာ မနက် ၃ နာရီကနေ ၄ နာရီ အကြားမှာ အနိမ့်ဆုံး ဖြစ်သွားလေ့ ရှိပါတယ်။ အအေးဒဏ်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ပြီး အလုပ်တွေ မပြီးမစီး ဖြစ်နိုင်တဲ့ အတွက်ကိုယ့်ပတ်ဝန်းကျင် ကို နွေးထွေးအောင် ထားပါ။ ကိုယ့်ကိုယ်ကိုယ် လဲ နွေးထွေးအောင် ထားပါ။

မနက်ကို အိပ်ဖြစ်အောင် အိပ်ပါ
တစ်ညလုံး မိုးလင်းပေါက် အလုပ် လုပ်ပြီးလို့၊ ဘယ်အချိန်ပဲ ပြီးပြီးပေါ့၊ မနက် ၆ နာရီလား၊ ၇ နာရီလား၊ ၈ နာရီလား၊ ဘာမှ ဆက်မလုပ်ခင် အိပ်ဖြစ်အောင် အိပ်ပါ။ အိပ်တယ်ဆိုတာ ကလဲ အိပ်စက်မှု တစ်ကြိမ် ပြည့်အောင် မိနစ် ၉ဝ ကနေ ၁ဝဝ အထိ အိပ်ဖို့လို ပါလိမ့်မယ်။ လူတွေ တစ်ရေးနိုးတယ် ဆိုတာ ဒါကို ပြောတာပေါ့။ အိပ်ပျော်ပြီး မိနစ် ၉ဝ ဝန်းကျင်မှာ အားလုံးလိုလို တစ်ချက် တစ်ချက် နိုးတတ်ကြ ပါတယ်။ တစ်ညလုံး အလုပ်လုပ် ပြီးရင် အဲဒီလို အိပ်စက်မှု တစ်ကြိမ်ပြည့်ဖို့ အရေးကြီး ပါတယ်။ အိပ်မပျော် ရင်လဲ အိပ်ရာထဲ နေပါ။

နောက်နေ့ညကို စောစော အိပ်ပါ
မနေ့က ညလုံးပေါက် အလုပ်လုပ် ထားတယ် ဆိုရင် ဒီနေ့ညကို အိပ်ရာ စောစော ဝင်ပေးပါ။ မအိပ်ချင်လဲ အိပ်ရာဝင်ပါ။ ဒါမှ နဂိုမူလ အားအင် ပမာဏကို မြန်မြန် ဆန်ဆန် ပြန်ရပါမယ်။ တစ်ကြိမ် အိပ်ရေးပျက်ရင် အနည်းဆုံး သုံးရက် ပြန်အိပ်ပေးမှ အိပ်ရေးဝတာ ဖြစ်ပါတယ်။

အခု ဖော်ပြခဲ့ တာတွေဟာ တစ်ချက် တစ်ချက် ညလုံးပေါက် အလုပ်လုပ် ရတတ်သူတွေ အတွက် အကြံပြုချက် ဖြစ်ပါတယ်။ ညတိုင်းလိုလို ကိုယ့်ရွေးချယ်ချက် နဲ့  တမင်တကာ အိပ်ရေးအပျက်ခံ သူတွေ ဆိုရင်တော့ အဲဒီ အကျင့်ဆိုးကို ရပ်တန်းက ရပ်ပြီး ည ၁၁ နာရီ နောက်ဆုံးထားလို့ အိပ်ရာဝင်ကြဖို့ လေ့လာ ရေးသား လိုက်ပါတယ်။

Wednesday, February 4, 2015

ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ



ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ

ဒီနေ့ အထက်တန်း ပညာရေး ကြီးကြပ်သူ ရာထူးနဲ့ ကျွန်တော် ပထမဆုံး အလုပ်ဆင်းတဲ့ နေ့။ ကျွန်တော့် အလုပ်က စာသင်ဖို့ မဟုတ်ဘူး။ သင်ကြားမှု၊ သင်ယူမှု အခြေအနေ တွေကို ကွင်းဆင်း လေ့လာ ဆန်းစစ် သုံးသပ်ပြီး အစီရင်ခံ တင်ပြဖို့ ဖြစ်တယ်။ ဒီတော့ ဆရာတွေ၊ ဆရာမတွေ၊ ကျောင်း အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တစ်နှစ်ပတ်လုံး ထိတွေ့ပြီး သင်ကြားမှု၊ သင်ယူမှု ထိရောက် သည်ထက် ထိရောက် လာအောင် အထက်ကို လိုအပ်တာတွေ တင်ပြဖို့ တာဝန်နဲ့ ရောက်လာ တာပဲပေါ့။

ပထမဆုံးနေ့မှာ ကျွန်တော် လုပ်ရမဲ့ အလုပ်က ထူးထူးခြားခြား ပါပဲ။ အဲဒါကတော့ ကျောင်းသားတွေ နဲ့အတူ ကျောင်းကို အချိန်ပြည့် တက်ပြီး အိမ်စာတွေ၊ လက်တွေ့တွေ အကုန်လုံးကို လိုက်လုပ် ကြည့်ရမယ်။ ကျောင်းသားတွေ ဘယ်လိုခံစား ရတယ် ဆိုတာကို သိအောင် လုပ်ယူရမယ်။ ဒီတော့ ၁၂ တန်း ကျောင်းသား တစ်ယောက်နဲ့ ကျွန်တော် မိတ်ဆွေဖွဲ့ လိုက်တယ်။ ပြီးတော့ သူနဲ့ တစ်နေကုန် ကျောင်းတက် ရတာပေါ့။ လက်ချာရှိရင် လိုက်ကူးတယ်။ ဓာတု လက်တွေ့လုပ်ရမယ် ဆိုရင် လိုက်လုပ်တယ်။ ကျူတိုရီယယ် ဖြေစရာရှိလည်း ဖြေရတာ ပဲပေါ့။

ဒီမှာတင် ကျွန်တော်ဟာ ကျောင်းတွေ၊ စာသင်ခန်း တွေရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ ဟာကွက်နဲ့ အားနည်းချက် တွေကို တွေ့ခဲ့တယ်။ ကျွန်တော် အထိတ်တလန့် ဖြစ်သွားတယ်။ တကယ်တော့ ဆရာတွေ၊ ဆရာမ တွေဟာ ကျောင်းသားတွေရဲ့ ခံစားချက်ကို သိလဲမသိ၊ သိအောင်လဲ မကြိုးစားကြ ပါလား။ ကျောင်းသား၊ ကျောင်းသူ တွေဟာ နေ့စဉ်နေ့တိုင်း လိုလို ကျောင်းသား တစ်ယောက် အနေနဲ့ရော လူသား တစ်ယောက်လိုပါ အဆင်မပြေမှု မြောက်မြားစွာနဲ့ ကျောင်းတက် နေရတယ် ဆိုတာ သူတို့ မသိကြ ပါလား။

ကျောင်းသားတွေဟာ တစ်နေကုန် ထိုင်နေရတယ်။ အဲဒီလို ထိုင်နေရတာ သိပ်ကို ပင်ပန်းစေ ပါတယ်။ ကျောင်းသား တစ်ယောက်လို တစ်နေကုန် ထိုင်ပြီး စာရေး၊ စာဖတ်တာ လုပ်ရမှ အဲဒီလို ထိုင်နေရတာ ဘယ်လောက်အထိ ပင်ပန်းသလဲ ဆိုတာကို ကျွန်တော် သိလာပါတယ်။ ဆရာတွေ ကတော့ မတ်တတ်ရပ်လိုက် ၊ စင်္ကြလျှောက်လိုက် ၊ စားပွဲကို မှီလိုက်၊ နည်းမျိုးစုံနဲ့ လှုပ်ရှားလို့ ရနေတဲ့အချိန်မှာ ကျောင်းသားတွေ ကို ကျတော့ ဘာတဲ့ ''လက်ပိုက်၊ ငြိမ်ငြိမ်ထိုင်'' ဆိုတာကြီးကို တစ်နေကုန် လုပ်ခိုင်းတာဟာ ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ စာသင်ခန်း တိုင်းမှာ ပြုပြင် ပြောင်းလဲသင့်တဲ့ သုံးချက်ကို ကျွန်တော် ချက်ချင်း ချရေး လိုက်ပါတယ်။

စာသင်ချိန် တစ်ဝက်လောက် ရောက်ရင် မည်သူမဆို ကိုယ်လက် ဆန့်တန်း လေ့ကျင့်ခန်း မလုပ်မနေ လုပ်ရန်၊ စာစမသင်ခင်နဲ့ စာသင်အပြီးမှာ ကျောင်းသား၊ ကျောင်းသူ တွေကို ဆော့ကစားခွင့် ပေးရန်၊ သင်ကြားမှု များကို ကျောင်းသား အချင်းချင်း ဆွေးနွေးချိန်တွင် လွပ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ပေးရန်တို့ ဖြစ်ပါတယ်။

ကျောင်းသား တွေဟာ စာသင်ချိန်ရဲ့ ၉ဝ ရာခိုင်နှုန်း လောက်မှာ တိတ်ဆိတ်စွာ နေနေရ ပါတယ်။ ဆရာက စာသင်နေလို့ ဖြစ်စေ၊ တခြား ကျောင်းသား တွေက ရှင်းလင်း တင်ဆက်နေလို့ ဖြစ်စေ၊ ကျူတိုရီရယ် ဖြေနေလို့ ဖြစ်စေ ကျန်ကျောင်းသား တွေက ပါးစပ်ပိတ်၊ တိတ်တိတ် နေနေရပြီး စာသင်ခန်း တွေထဲမှာလဲ ရိုးရာ အစဉ်အလာ မပျက် ''အပိုစကား မပြောပါနဲ့'' ဆိုတဲ့ အမိန့်သံ က စိုးမိုး နေတတ်ပါတယ်။ တကယ်တော့ ကျောင်းသား၊ ကျောင်းသူ တွေကို စကားပြောခွင့် ပေးရပါမယ်။ ဒါပေမဲ့ သူတို့ အချင်းချင်း အာလူးဖုတ်ခွင့် ပြုရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ကြားမှုကို ဘယ်လောက် နားလည်သလဲ ဆိုတာ သိသာအောင် သူတို့ကို တစ်လှည့်ပြောခွင့် ပေးရပါမယ်။ ဒါကြောင့် ဆရာ ဖြစ်သူက စာကို အချိန် အကြာကြီး ဆက်တိုက် မသင်ဘဲ စာသင်ချိန် တစ်ချိန်ကို သုံးပိုင်း ပိုင်းပြီး တစ်ပိုင်းစီ ရပ်ပြီးတော့ ဆွေးနွေးခွင့် ပေးရပါမယ်။ စာသင်ချိန် တိုင်းကို ကျောင်းသား တွေရဲ့ မေးခွန်းလေး တွေနဲ့ စသင့်ပါတယ်။

ကျောင်းသား တွေက တအားကို သည်းညည်းခံ နေရတာပါ။ တစ်နေကုန် ငုတ်တုတ်ထိုင်၊ မလှုပ်ဘဲ ထိုင်၊ စကားမပြော ဘဲ ထိုင်နေရတယ်။ ငြီးစီစီ ဖြစ်လာလို့၊ အာပုပ်နံ့ ထွက်လာလို့ ပီကေလေး ဝါးလိုက်မယ်။ မရဘူး။ ဆရာ တစ်ယောက် စီက ''တိတ်တိတ်နေပါ။ အာရုံစိုက်ပါ'' ဆိုတာကို ထပ်တလဲလဲ ပြောပုံများ ကျွန်တော်ဟာ မတ်တတ်ထ ရပ်ပြီး အသံကုန် အာခေါင်ခြစ် အော်လိုက် ချင်စိတ် ပေါက်အောင် စိတ်ဆိုးမိတယ်။ ကျွန်တော့် တွဲဖက် ကျောင်းသားကို ကြည့်လိုက်တော့ ခပ်အေးအေးလေး ပါပဲ။ သူရှေ့က စာသင် နေတာကို မြင်ပုံ၊ ကြားပုံလဲ မပေါ်ပါဘူး။ ဒါပေမဲ့ ဆရာတွေ ပြောသလို ငြိမ်ငြိမ်ထိုင် ပါတယ်။ စကားမပြောဘဲ ထိုင်ပါတယ်။ မလှုပ်ဘဲ ထိုင်ပါတယ်။

ဒီမေးခွန်းပဲ ထပ်မေးလဲ သေသေချာချာ ဖြေပေးပါ။ ကျူတိုရီရယ် ကိစ္စဆိုပါစို့။ မနက်ဖြန် ဘာကိုဖြင့် စစ်မယ်လို့ ကြေညာ လိုက်တယ်။ သူတို့အားလုံး နားလည်အောင် သေသေချာချာကို ရှင်းပြလိုက်တယ်။ ဘယ်လိုရှင်းရှင်း သူတို့က ပြန်မေးတာပဲ။ ဆရာဖြစ်သူ ကလဲ မျက်နှာကြီး မဲ့ရွဲ့ပြီး ''ဘယ်နှခါ ပြောရမလဲကွာ'' ဆိုပြီး ဆောင့်ကြီး အောင့်ကြီးနဲ့ ရှင်းရပြန် တာပေါ့။ ကျွန်တော် ကိုယ်တိုင် အတန်းတက် ကြည့်မှ သတိထား မိတယ်။ ကျူတို၊ စာမေးပွဲ ဆိုတာတွေ ကြားလိုက်ရင် ကျောင်းသားတွေက စိုးရိမ်သွားတယ်။ ရှေ့က ပြောတာတွေကို လိုက်နားထောင် မနေနိုင်ေ တာ့ဘဲ ကိုယ် အဆင်သင့် ဖြစ်ပြီလား ဆိုတာကို တွေးပူမိ တတ်တယ်။ အဲဒီအချိန်မှာ ဆရာမက ရှင်းပြီလားလို့ မေးနေ ပြီ။ ရိုးရာမပျက် '' ရှင်းပါတယ် ဆရာမ ..'' ပေါ့။ နားလည်ပြီလား လို့ မေးတော့လဲ ရိုးရာမပျက် ''နားလည်ပါပြီ ဆရာမ ... '' ပေါ့။ ဒါပေမဲ့ သေချာပါတယ်။ ကျွန်တော်တောင် ဘာမှန်း မသိလိုက်ပါဘူး။

ဒါကြောင့် ကျွန်တော့်တွဲဖက် ကျောင်းသားကို မေးဖို့ တိုက်တွန်းလို့ သူကထပြီး မေးတဲ့အခါ ဆရာမ ဖြစ်သူက မျက်လုံးကြီး လှန်တင်ပြီး စိတ်ပျက်ပျက်နဲ့ ထပ်ပြောပါတယ်။ တွဲဖက် ကျောင်းသားကလဲ စိတ်ဆိုးဆိုးနဲ့ ''တွေ့လား။ ဒါကြောင့် ကျွန်တော်တို့ ဘယ်တော့မှ စာမမေးတာ'' လို့ ကျွန်တော့်ကို ပြောပါတယ်။

နောက်တစ်နေ့ အစီရင်ခံစာ တင်ရမယ့် အချိန်မှာ ကျွန်တော် ဟာ ကျွန်တော့် အထက်အရာရှိ ကို ဖုန်းဆက်ပြီး ခွင့်တောင်း လိုက်ပါတယ်။ ''ကျွန်တော် နောက်တစ်ရက် လောက် ကျောင်းတက်ကြည့် လို့ရမလား'' ဆိုတာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေ ခံစားနေရတဲ့ အခြေအနေကို အမှန်အတိုင်း သိမြင်အောင် လုပ်ပြီးမှပဲ သူတို့ရဲ့ သင်ယူမှု စွမ်းရည်ကို မြှင့်တင် နိုင်လိမ့်မယ် ဆိုတာ ကျွန်တော် သဘောပေါက် သွားပြီ ဖြစ်ကြောင်း လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။