Thursday, August 21, 2008

ပထမအချစ်နဲ့ ဒုတိယဆု


လုံလောက်တဲ့ အကြောင်းပြချက်မဲ့
ဘာကြောင့်မှန်းလဲ မသိ
ချစ်ခြင်းရဲ့ ဝေဒနာ အတ္ထုပ္ပတ္တိက
မင်းမနှစ်သက်တဲ့ ကဗျာတွေကို မွေးဖွား
မင်းနဲ့ အဝေးတစ်နေရာမှာ
မင်း အရေးမလုပ်တဲ့ နှလုံးသားဟာ
ချစ်သူရေ ..
မကြာခဏ လွမ်းနာကျရတယ် .. .. ။

အပိုင်တွက်လို့မရတဲ့အထဲမှာ
ကံကြမ္မာ ပါတယ်
သဘာဝတရား ပါတယ် .. .. ။

များများပေးပြီး နည်းနည်းရတဲ့ ကဏ္ဍမှာ
ဘဝ ပါတယ်
အချစ် ပါတယ် .. .. ။

ဆောင့်ကြောင့်ရယ်ထိုင်
ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်
ငိုချင်စိတ်က ပြင်းပြင်းပြ
ဖိတ်ကျတဲ့ မျက်ရည်သံစဉ်တွေ
ရယ်မောခြင်း တေးသွားနဲ့ ထိန်းချုပ်
ခပ်ချာချာ သီချင်းတစ်ပုဒ်ကိုညည်းထွား
ရူသွပ်ခြင်းအမည်ရတဲ့ ကဗျာတစ်ပုဒ်နဲ့
မင်းရိုက်နေတဲ့ စာလုံးကိုငေးပြီး
အချိန်အတော်များများ မင်းအတွက်ပေးဆပ်ရင်း
ချစ်သူရေ
ကိုယ် ဒုတိယဆုနဲ့ပဲ နှစ်သိမ့်နေရတယ် .. .. ။

Wednesday, August 20, 2008

သင်ဘယ်လိုလူထဲကလဲ ?



မျဉ်းဖြောင့်လိုလူ
အချို့သူတွေရဲ့ ဘ၀က မျဉ်းဖြေင့် တစ်ကြောင်းနဲ့တူတယ်။ အတက်အကျ မရှိဘူး။ ဘာကိုမှလဲ ဂရုမစိုက်ဘူး။ မွေးလာတယ်၊ နေထိုင်တယ် (လောကအလိုကျ သရုပ်ဆောင်တယ်) ပြီးတော့ သေသွားတယ်။ အေးချမ်း တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ပုထုဇဉ်ပီပီ လောကဓံရဲ့ အထုအထောင်းကိုတော့ အတိုင်းအတာ တစ်ခုအထိ ခံရတယ်။ နောက်ပြီး လူဖြစ်ရတာ မတန်ဘူးလို့ ယူဆချင် ယူဆလို့ရပါတယ်။ ဒီလိုလူမျိုး ရှားတော့ ရှားတယ်။

မျဉ်းကောက်လိုလူ
အချို့ကျတော့ ကွေ့ကောက်နေတဲ့ မျဉ်းကောက် တစ်ကြောင်းနဲ့ တူတယ်။ သိပ်မကြီးကျယ်တဲ့ အတက်အကျ တွေ အများကြီးနဲ့ ဘ၀မှာ အကြိမ် တော်တော်များများမှာ ကြုံတွေ့နေရတယ်။ သူရဲ့ဘ၀မှာ ကြီးမားတဲ့ အောင်မြင်မှု၊ ကြီးမားတဲ့ ဆုံးရှုံးမှုဆိုတာ မရှိပေမယ့် အသေးအဖွဲတွေနဲ့ပဲ ၀ိုးတိုးဝါးတား၊ ကိုးယိုး ကားယား ဖြစ်နေတတ်တယ်။ အဲဒီလိုနဲ့ပဲ လုံးလည် ချာလည်လိုက်ရင်းနဲ့ ဘ၀တစ်ခုဟာလည်း ဘာမှန်းမသိဘဲ ကုန်သွား ပြန်တယ်။ ပထမလူမျိုးနဲ့ သိပ်မကွာပေမယ့် ဒီလိုလူမျိုးက ပိုပြီး ဒုက္ခပြင်းတယ်။

အောက်ခြေပွင့်တြိဂံ /\ လိုလူ
တချို့တွေရဲ့ဘ၀က အောက်ခြေပွင့်နေတဲ့ တြိဂံတစ်ခုနဲ့ တူတယ်။ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရနိုင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ရတယ်။ အောင်မြင်မှုတစ်ခုကို ရလည်း ရတယ်။ ဒါပေမယ့် လောကနိယာမအရ မတည်မြဲမှု တစ်ခုနဲ့ကြုံရပြီး အနိမ့်ကို ပြန်အကျမှာ သတိတရားနဲ့ မထိန်းနိုင်တာကြောင့် အထက်ကို ပြန်မတက် နိုင်တဲ့အပြင် မူလရှိတဲ့ အခြေအနေ တစ်ခုထက်တောင် ပိုဆိုးသွားတတ်ကြပါတယ်။ နောက်ထပ် တစ်ခါ ပြန်လည်ကြိုးစားခွင့် တစ်ခုအတွက် အဆင်သင့် ပြန်ဖြစ်နိုင်တဲ့ အခြေအနေကို ပြန်ရောက်နိုင်ဖို့ မကြီးစားနိုင် တော့ဘဲ ဘ၀ဟာ ရှုံးနိမ့်မှုနဲ့ပဲ အဆုံးသတ် သွားကြရတယ်။

တြိဂံလိုလူ
အချို့သူတွေရဲ့ ဘ၀ကျတော့ တြိဂံနဲ့တူတယ်။ အစွမ်းကုန် ကြိုးစားတယ် ကြီးကြီး မားမား အောင်မြင်တယ်။ ကံကြမ္မာအလှည့်အပြောင်းနဲ့ကြုံရပြီး ကျရှုံးမှု တစ်ခုနဲ့ ကြုံရတဲ့အခါမှာလည်း အခြေအနေတွေကို အရှိအတိုင်း မှန်မှန်ကန်ကန် သုံးသပ်နိုင်သလို မိမိကိုယ်ကိုလည်း အကောင်းဆုံး ထိန်းသိမ်း ပဲ့ပြင်နိုင်တာကြောင့် မူလအနေ အထားကို မရအရ ပြန်ယူနိုင်ပြီး နောက်ထပ်တစ်ခါ ထပ်ကြိုးစားခွင့်ရအောင် ကြိုးစားကြတယ်။ ပြီးတော့ အောင်မြင်မှု တစ်ခုကို ထပ်ရှာယူနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေဟာ သိသာထင်ရှား လွန်းပြီး ဘ၀ရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေကြောင့် သူတို့ရဲ့ အခြေအနေတွေဟာ တစ်ချိန်နဲ့တစ်ချိန် အရမ်း ကွာခြားလွန်း နေတတ်တယ်။ နောက်ပြီးး ဒီလို လူမျိုးဟာ အတက်အကျတွေရဲ့ ပြင်းထန်မှုကြောင့် ဘ၀မှာ ဒဏ်ရာ ဒဏ်ချက် ကြီးကြီးမားမားတွေ ရတတ်တယ်။

စက်ဝိုင်းသဏ္ဍာန်လိုလူ
အချို့သော သူတွေရဲ့ ဘ၀ကတော့ စက်ဝိုင်းတစ်ခုနဲ့ တူပါတယ်။ သူတို့အောင်မြင်တယ်။ ဒါပေမယ့် မသိသာဘူး။ ဘ၀ဟာ အကျဘက်ရောက်သွားတယ်။ ဒါပေမယ့်လည်း မသိသာဘူး။ သူတို့ရဲ့ ပြောင်းလဲမှုတွေ ကတော့ ညင်သာတယ်။ အတက်အကျတွေက လူကို အထိ မနာစေဘူး။

ဝန်ခံချက်၊ မေ၊ ၂၀၀၇ ထုတ် စံပယ်ဖြူမဂ္ဂဇင်းမှ နေဘုန်းလတ် ရေး "သင်ဘယ်လိုလူလဲ" Fresh-Thoughts ကဏ္ဍမှ

Monday, August 18, 2008

အဝေးတစ်နေရာက



တစ်ကိုယ်တည်း သိပ်အထီးကျန် နေတဲ့အချိန်မှာ သံယောဇဉ် တွေဟာ အလျံတငြီးငြီး တောက်လောင် လင်းလက် လာတတ်တာ သဘာဝလို့ ထင်မိပါတယ်။ အမြင့်ဆုံး တောင်ထွတ်ပေါ် တက်ပြီး အားအင် ရှိသလောက် အော်ခေါ် လိုက်မိ ပါတယ်။ ချစ်သူ့ နာမည်ကိုပါ။ ဒီလိုပွင့်အန် ထွက်လိုက်မှ ကိုယ့်ကိုယ်ကို ပေါ့ပါးသွားတယ် လို့ ထင်မိပါတယ်။ ဒီလိုနဲ့ တစ်ဖက် ကမ်းပါးယံကိုနေ ပဲ့တင်လာတဲ့ သူလေးရဲ့ နာမည်လေးကို ဆက်တိုက် ဆက်တိုက် ပြန်ကြားလိုက်ရလို့ ပျော်သွားသလို၊ အားတက်သွားမိပါတယ်။ ကျွန်တော့် ခန္ဓာကိုယ် ပြင်ပကနေ ကျွန်တော့်နားထဲ ၀င်လာစေချင်ခဲ့တဲ့ စကားသံတွေ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော့် သံယောဇဉ်တွေ ဖြစ်ပါတယ်။ ချစ်သူကို ဖြူသလား မဲသလား၊ ပိန်သလား ၀ သလား၊ မမြင်ရ မတွေ့ရ လေပဲနဲ့ သူလေးရဲ့ နာမည်ကိုပဲ တွင်တွင် ခေါ်နေမိပြီး၊ ပြန်လာတဲ့ ပဲ့တင်သံ တွေကြောင့် ဒီတောင်ထိပ်မှာ ငါတစ်ယောက်တည်း မဟုတ်ပါလားဆိုတဲ့ အတွေးနဲ့တင် ကျေနပ်နေမိပါတယ်။

တစ်ကိုယ်တည်း စိတ်လိုလက်ရ အသံဝင်သည်အထိ အော်ဟစ်ပြီး သူလေးနဲ့ အဖော်ပြုတာ ကျေနပ်မှ မောမောနဲ့ ခြေပစ်လက်ပစ် တစ်ထောင်လောက် နစ်နေတဲ့ နှင်းမွေ့ယာထဲ လှဲချလိုက်ပါတယ်။ လွမ်းတဲ့စိတ်က ဖြေလျော့ မသွားခဲ့ပါဘူး။ သူလေးကို လွမ်းမြဲလွမ်းလျက်ပါ။ ဒါပေမယ့် ကျွန်တော့်အလွမ်းက အေးစက်စက် ဖြစ်မနေပါဘူး။ နွေးထွေးလျက်ပါ။

ဒီအချိန်မှာ ပြောနိုင်တာကတော့ ကွန်တော်ဟာ သူလေးကြောင့်
ဆူးလေဘုရားလမ်းကိုလည်း မလွမ်းခဲ့ပါဘူး ..
တန်ဖိုးကြီးတဲ့ သားမွေးထည်ကိုလည်း မလွမ်းခဲ့ပါဘူး ..
(၈)မိုင်လမ်းဆုံက ရွှေဘဲစားသောက်ဆိုင်ကိုလည်း မလွမ်းခဲ့ပါဘူး ..
ကျိုင်းတုံ ဟိုခုံဈေးဟောင်းပျံကျတန်းက တရုတ်ဆေးစိမ်အရက်တွေကိုလည်း မလွမ်းခဲ့ပါဘူး ..
မန္တလေးတက္ကသိုလ် ရေနီမြောင်းဘေးက ဦးချစ်အကြော်ဆိုင်ကိုလည်း မလွမ်းခဲ့ပါဘူး ..
မမြင်တွေ့လိုက်ရတဲ့ ချစ်သူမျက်နှာရေးရေးကို ပုံဖော်ရင်းနဲ့တော့ လွမ်းခဲ့ရပါတယ် .. .. ဆိုတာ ၀န်ခံပါတယ် .. ။
(အခုနေ သေမယ်ဆိုရင်တောင် အဲဒီမတိုင်ခင် ခဏလေး တွေ့ခွင့်ရချင်ပါတယ်)

ဒါတင်မကပါဘူး သူလေးနဲ့ ပတ်သက်သရွေ့ .. ..
ဘာအတွက်နဲ့ ဖတ်ခဲ့တဲ့ စာတွေ၊ ကဗျာတွေကို သတိမရမိပါလိမ့် ..
ဘာဖြစ်လို့ ကျွန်တော်နှစ်သက်ခဲ့တဲ့ သီးချင်းလေး တစ်ပိုင်းတစ်စလောက်တောင် မညည်းဆိုမိခဲ့ပါလိမ့် ..
ဘယ်အတွက်ကြောင့် သူလေးနဲ့ ချက်တက်တိုင်း ပြောနေကျစကားလုံးတွေကိုတောင် မမှတ်မိပါလိမ့် ..
အော် သတိရမိပြီ ..
ချစ်သူလေးကို ပေးခဲ့ဖူးတဲ့ အမွေးပွနဲ့ အသားသွတ် ခွေးရုပ်လေးကို သတိတရ ဖြစ်လိုက်မိတယ်။
ဘာမဟုတ်တဲ့ ဒီလက်ဆောင်လေးကိုမှ ဘာကြောင့် အရေးပါခဲ့သလဲ ..
ဆက်တွေးကြည့်ပေမယ့် ကျွန်တော် ရှေ့ဆက်မရဖြစ်မိပါတယ် .. ။

ရော်ရည်မှန်း တမ်းတလက်အစုံက သူလေးကိုယ်ထင်ပြ သယောင်ရှိလို့ လက်ကမ်းခါမှ ပိုလို့ဝေးတဲ့ ကောင်းကင် ဆီကို နှုတ်မဆက် ထွက်ခွာသွားတာ နာရီပေါင်းကြာခဲ့ပြီလေ .. ကျွန်တော့်ရှေ့က မြင်ကွင်းတွေ နီးလာလိုက် ဝေးသွားလိုက်ဖြစ်တယ်။ အချိန်မှတ် ကိရိယာလို ပြောင်းပြန်လည်လိုက် ရှေ့ရောက်လာလိုက်။ ဂဏှာမငြိမ် လွန်းလှပါတယ်။ ချစ်သူက ကျွန်တော်နဲ့ အနီးဆုံးမှာ ရောက်နေလား၊ လက်လှမ်းမမီရာ အဝေးဆုံးကို ထွက်ခွာ သွားပြီလား၊ ရှိနေခြင်းနဲ့ မရှိတော့ခြင်း အခြေအနေနှစ်ခု တစ်ပြိုင်နည်း ဖြစ်ပေါ် နေတာမို့ အတွေးနဲ့ မိုးဦးတိမ်လို လျင်မြန်စွာ ရွေ့လျားလျက်ပါ .. ။

ကျွန်တော် တန်ဖိုးအထားဆုံး၊ အချစ်မြတ်နိုးဆုံးဟာ ဘာလဲ ..
ကျွန်တော်အတွက် ချစ်ခင် မြတ်နိုးအပ်ရာ အဖိုးအနဂ္ဃထိုက် ချစ်ခြင်းတရားဆိုတာ ဘာလဲ ..
တစ်ကယ်တော့ ကျွန်တော့်အဖို့မှာ အဓိက လိုအပ်ချက်ကြီး ဆိုတာ သိပ်တော့လည်း များများစားစား ရှိလှတာ မဟုတ်ပါဘူး .. ဝေးတစ်နေရာက သူလေး သိနိုင်ပါစေ .. .. ။

ကွာကွာမားမား Web ကမ္ဘာ (၅၉)


http://Hellomagazine.com
အွန်လိုင်းမဂ္ဂဇင်း တစ်စောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လန်ဒန်အခြေစိုက် Hellomagazine ဖြစ်ပါတယ်။ အနောက်နိုင်ငံနဲ့ ဥရောပသာမက အနုပညာလောကက ကမ္ဘာကျော် အကျော်အမော်တွေ သတင်းတွေကို ဖော်ပြ ပေးနေတဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။ Pop မဂ္ဂဇင်းတွေထဲမှာတော့ အထင်ပေါ်ဆုံး နဲ့ လူဖတ်အများဆုံးလို့ ဆိုထားပါတယ်။ ဟောလီးဝုဒ်ကမ္ဘာနဲ့ နိုင်ငံတကာက ငွေကြယ်ပွင့်တွေရဲ့ အနုပညာ လှုပ်ရှားမှု သတင်း သာမက၊ နောက်ဆုံး ဖြစ်ပျက်နေတဲ့ ကောင်းတာရော ဆိုးတာရော အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေး နေတာမို့ နိုင်ငံတကာ မီဒီယာ၊ နိုင်ငံတကာ အနုပညာသတင်း နဲ့ ထိတွေ့နေတဲ့ မိတ်ဆွေတွေ အထူး စောင့်ကြည့်သင့်တဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ တစ်ခြား ဝက်ဘ်ဆိုက်လို ထင်ပေါ်သူတို့ရဲ့ သတင်းဦး သတင်းထူးကို အနည်း အကျဉ်း ဖော်ပြတာမျိုးမဟုတ်ဘဲ အသေးစိတ်နီးပါး ပြည့်ပြည့်စုံစုံ တင်ပြထားပြီး သစ်လွင်လှပတဲ့ စိတ်ဝင်စားဖွယ် ဓာတ်ပုံတွေကို ဝေေ၀ဆာဆာ တင်ဆက်ထားပါသေးတယ်။ နှစ်သက်ရာ download လုပ်ယူနိုင်တာလည်း စိတ်ကြိုက် ဖြစ်စေပါတယ်။ အားလုံးကို လေးစားလျက်ပါ။

Friday, August 15, 2008

အွန်လိုင်းခရီးသွားမယ်



ခရီးသွားလာခြင်းဟာ စိတ်ရော ကိုယ်ပါ သွက်လက် ပေါ့ပါးစေပြီး အသက်ရှည်ဖို့ရာ ကျန်းမာရေးကို အထောက်အကူ ပြုတဲ့အပြင် ပြင်ပ ဗဟုသုတကိုလည်း တိုးပွားစေပါတယ်။ မိတ်သစ် ဆွေသစ် တွေလည်း တွေ့ဆုံ စေနိုင်ပါတယ်။ ဆန်းသစ်တဲ့ အတွေ့အကြုံတွေကို မိတ်ဆွေထံသို့ တစ်ဆင့် မျှဝေပေးနိုင်တဲ့ ပီတီကိုလည်း ထပ်ဆင့် ခံစားနိုင်ပါတယ်။

ဘလောဂ့်ထဲ လည်ရင်းနဲ့ ဘလောဂ့် သူငယ်ချင်းတွေ ခရီးထွက်ကြ၊ ပျော်ပွဲစားထွက်ကြ၊ အထိမ်းအမှတ် ခရီးသွားကြပြီး စိတ်ဝင်တစား ဖြစ်အောင် ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ပို့စ်ရေးထားတာ ဖတ်လို့ ကောင်းသလို သိပ်အားကျဖို့ ကောင်းတယ်။ ပျော်စရာလည်း ကောင်းပါတယ်။ သူတို့ဆီက အပျော်တွေ ကူးလို့ ကျွန်တော်လည်း လိုက်ပျော်မိတယ်။

ဒီလိုနဲ့ပဲ ထိုင်ရာမထ အွန်လိုင်းခရီးကို ပင်လယ်ပြာပြာ နဲ့ အုန်းပင်တန်းတွေ၊ ဒဏ္ဍာရီဆန်တဲ့ တောင်တန်း ကြီးတွေ၊ မိုင်ထောင်ချီဝေးတဲ့ ရှုခင်းဆန်းဆန်း တွေဆီကို တစ်ဖ၀ါးမခွာဘဲ လှည့်လည်ခံစား ကြည့်ရှု တဲ့ e-Travel ကို စတင်ခဲ့ပါတယ်။ ကိုယ်သွားလိုတဲ့ ဒေသဟာ ကိုယ်မျှော်လင့် ပုံဖော်ထားသလို ဟုတ်မဟုတ်၊ ခရီးစဉ်အတွင်း ကြုံတွေ့နိုင်မယ့် အခက်အခဲများ၊ ဆောင်ရန် ရှောင်ရန်များ၊ ဘတ်စ်ကားခက အဆုံး သတင်းအချက် အလက်တွေကို အွန်လိုင်းမှ ကြိုတင် ရယူမှတ်သား ထားနိုင်ပါတယ်။

အွန်လိုင်း ခရီးသည်များ အတွက် ပထမဆုံး ၀င်ရောက် လေ့လာသင့်တဲ့ ဝက်ဘ်ဆိုက် တွေကတော့ တစ်ကမ္ဘာလုံးရဲ့ ဒေသန္တရ အချက်အလက်တွေ စုစည်းပေးထားတဲ့ www.travelocityexpedia.com နဲ့ www.trip.com တို့ပဲ ဖြစ်တယ်။ ဒီဝက်ဘ်ဆိုက် တွေက ဈေးအသက်သာဆုံး ရနိုင်မယ့် ၀န်ဆောင်မှု၊ လေကြောင်းလိုင်း၊ ကားအငှားဌာန၊ ဟိုတယ်များ၊ စားသောက်ဆိုင်များရဲ့ တည်နေရာတွေ ပါဝင်ပါတယ်။

သွားလိုတဲ့ ဒေသရဲ့ နေရာအတိအကျ ရှိမယ်ဆိုရင် ပိုပြီး အသေးစိတ်ကျတဲ့ မြေပုံနဲ့တကွ ဖော်ပြပေးမယ့် www.Mapquest.com , www.maps.com , www.randMcnally.com ကဲ့သို့သော ဝက်ဘ်ဆိုက်တွေကို ၀င်ရောက် လေ့လာသင့်ပါတယ်။ လူသုံးများတဲ့ အွန်လိုင်းခရီးသွား ဝက်ဘ်ဆိုက်တွေကို စုစည်းဖော်ပြ လိုက်ပါတယ် .. .. အားလုံးကို လေးစားလျက်ပါ။
www.expedia.com
www.greatestcity.com
www.orbitz.com
www.frommers.com
www.travelocity.com
www.randmenally.com
www.travel.yahoo.com

ခိုနားခွင့်ပြုပါ


ကမ္ဘာလောကမှာ

အရောင်အသွေး

အဆင်းအနံ့ နဲ့

ပြည့်စုံတဲ့ပန်းတွေ

ပွင့်နေပေမယ့် ဟောဒီက....

အလှဆုံး အမွှေးဆုံး....

အထူးခြားဆုံး ဖြစ်တဲ့...

မင်းလေးရဲ့ ရင်ခွင်မှာ

ကိုယ် ထာဝရ......

ခိုနား ချင်ပါတယ်.....

ကိုယ် လူရောစိတ်ပါ

နွမ်းလျှ တဲ့အခါ....

မင်းလေး ရဲ့....

ရင်ခွင်မှာ မှေးစက်

ခိုနားခွင့်....

ဘယ်တော့ များမှ

ရမှာလဲ.......

မိန်းကလေး ရယ် .. .. .. ။


သူငယ်ချင်း မီးတောက် ရဲ့ ကဗျာလေးတွေထဲက ကဗျာတစ်ပုဒ်ပါ၊ ရင်ခုန်သံချင်း ထပ်တူမို့ သူငယ်ချင်း မီးတောက် ခွင့်ပြုလို့ မျှဝေလိုက်ပါတယ်။ ကဗျာမနှစ်သက် ပေမယ့်လည်း ခံစားပေးပါအုန်းလို့ .. ..

Thursday, August 14, 2008

စိတ်စေစားရာ

အမှတ်ရခြင်းမှာ
မင်းသဏ္ဍာန်လေးကို
ဘောင်ခတ်ခဲ့မိတဲ့
ငါ့ နှလုံးသားရဲ့ တပ်မက်မှုပါ။

ပြန်မလာချင်တော့မှန်း သိပေမယ့်
မျှော်နေတတ်တဲ့ အကျင့်ဟောင်းတစ်ခုရဲ့
ရင်မှာ ကပ်ထားမိတဲ့ ဝေဒနာကို
ပြန်ခွာလိုက်ဖို့ ခက်ပြီ …မေ။

အသေချာ စစ်ခင်းပြီးမှ
မတိုက်ဖြစ်ခဲ့တဲ့ ရင်တွင်းစစ်မှာ
ငါကတော့ .. ..
ရာဇ၀င်လေး တွင်ရစ်လို့
အမှိုက်လေးကစ
ပြဿဒ်ခေါင်ထိ
ဘ၀တစ်ခုလုံး ပြာကျအောင်
အချစ်က လောင်ကျွမ်းစေပြီလား .. .. ။


(တစ်ဦးတစ်ယောက်မျှ ရည်ရွယ်ရိုး မရှိပါ)

ဥပက္ခောအချစ်ရဲ့ လွမ်းချင်း



ချစ်သူကို စတင်ပိုင်ဆိုင်ရတဲ့ နေ့က ကျွန်တော့်ဘ၀ဟာ တောင့်တမှု ကင်းစွာနဲ့ သက်ဝင် လှုပ်ရှားလာပါတယ်။ ခုဆို ကျွန်တော့်အတွက် အချိန်တိုင်း၊ အရာရာတိုင်းကို ချစ်သူက လွှမ်းမိုးနေသလို ခံစားရတယ်။ တစ်ခါတစ်ခါ လေထဲ လွှင့်မျော နေတဲ့ တိမ်စိုင် တိမ်လိပ်ပမာ၊ တစ်ခါတလေ တော့လည်း အိပ်မက်ထဲတောင် ချစ်သူက ကောင်းကင် ပြာပြာကြီး အဖြစ်နဲ့ ကျွန်တော့်ကို လွှမ်းခြုံထားသလို နွေးထွေး စေတဲ့အတွက် ကြည်နူး ရတာ အမှန်ပါပဲ။

ချစ်သူကြောင့် အထီးကျန်ခဲ့တဲ့ နေ့ရက်တွေေ၀၀ါးသွားတယ်။ ချစ်သူက စိုပြည်မှုတွေနဲ့ လန်းစေတယ်။ မရေးဖြစ်တာ ကြာပြီ ဖြစ်တဲ့ ပန်းနုရောင် ဒိုင်ယာရီရဲ့ မှိန်ပျပျ အသည်းပုံ စာရွက်ပေါ်မှာ မင်ပြာပြာ တွေတဲ့ မှတ်တမ်းလေး ဖြည့်ခဲ့တယ်။ ရေးပြီးသမျှ အလွတ် ရနေသလို ခံစားမိတယ်။ အဖန်ဖန် တလဲလဲ ရေရွတ် နေမိတဲ့ အဖြစ်လေးပါ။ ချစ်သူရယ်၊ ကျွန်တော်ရယ်၊ အမှတ်တရ ဒိုင်ယာရီရယ် အားလုံးဟာ ဒီအချိန်မှာ ချိုမြိန်မှု တွေနဲ့ ပြွတ်သိပ် နေတဲ့ နီနီရဲ စတော်ဘယ်ရီ သီးလေး တွေလိုပါပဲ။

တိမ်ကင်းတဲ့ ညတစ်ညကပေါ့။ အိမ်ရှေ့ကွင်းပြင်ကနေ ဒဏ္ဍာရီဆန်တဲ့ ကြယ်လေးတွေနဲ့ အတူ တည်ငြိမ်တဲ့ လမင်းကြီးကို မော့ကြည့်ရင်း မချင့်မရဲနဲ့ ချစ်သူကို စကားတစ်ခွန်း လှမ်းပြောမိတယ်။

ငါ .. နင်နဲ့နေရတာ သိပ်ပျော်တယ် .. .. နင်ကို မခွဲနိုင်ဘူး .. .. နင့်ကို အရမ်းချစ်တာရော နင်သိရဲ့လား .. ..

သက်ပြင်း တိုးတိုးလေးချရင်း ချစ်သူကို မေးလိုက်မိတယ်။ တကယ်တော့ ကျွန်တော်ချစ်တာကို ချစ်သူ သိတာပေါ့။ ချစ်သူသိတာကို သိသိကြီးနဲ့ မေးလိုက်တော့ အလိုမကျတာပဲလား အံ့သြ သွားတာပဲလား မသိဘူး ချစ်သူက မျက်လုံးလေး ၀ိုင်းစက်နေအောင် ပြူးပြီး ကျွန်တော့်ကို ပြန်ကြည့်တယ်။ ချစ်သူရဲ့ မျက်ဝန်းအစုံဟာ လရောင်အောက်မှာ ရွှန်းစို လဲ့ဖြာလို့ ထင်နေမိပါတယ်။

ကျွန်တော်က ချစ်သူကို ကြင်ကြင်နာနာ ပြုံးပြရင်း ကောင်းကင်ပေါ်က လမင်းကို ပြန်ငေးအကြည့်မှာ မည်းမှောင်တဲ့ တိမ်စိုင်တိမ်လိပ်တွေက လမင်းကို တမဟုတ်ချင်းပဲ လွှမ်းခြုံသွားတယ်။ တခဏတာ မှင်သက်မှုနဲ့ အတူ လွန်ကဲတဲ့ စိုးရိမ်စိတ်နဲ့ ချစ်သူလက်ကို ယုယုယယ ကမ်းလင့်လိုက်ချိန်မှာ ချစ်သူက လရောင်နဲ့အတူ နှုတ်ဆက် ထွက်ခွာသွား ရက်တယ်။ သူမရဲ့ တစ်ခွန်းတည်းသော နှုတ်ဆက်စကားက .. .. .. ဘိုင် တဲ့ .. .. ။ လေပြေအဝှေ့မှာ လှုပ်ခတ်သွားတဲ့ သစ်ရွက်ခြောက် လေးတွေရဲ့ တိုးညင်းတဲ့ အသံကြောင့် မှင်သက်နေတဲ့ စိတ်အစုံကို စုစည်း နေမိတယ်။

ရင်နဲ့အမျှ ဝေဒနာပြင်းပြင်း ခံစားရတဲ့အချိန်ကတော့ ချစ်သူက ဘိုင်.. .. .. လို့ နှုတ်ဆက် ထွက်ခွာ သွားတဲ့ အချိန်လေးပါပဲ။

Wednesday, August 13, 2008

အရှက်ကြီးသူနဲ့ စိတ်ပညာကျောင်းသူ တို့ ခဏတာ


ချစ်သူများနေ့ ညချမ်းတစ်ခုမှာ အရှက်ကြီးတတ်သူ ကောင်လေး တစ်ယောက်ဟာ လူစည်ကားတဲ့ လမ်းဆုံ လဖက်ရည်ဆိုင် တစ်ဆိုင်မှာ အေးအေးလူလူ သီချင်းလေးနားထောင်ရင်း လဖက်ရည် သောက်နေတုန်း ကျောင်းသူအရွယ် ကောင်မလေး ချောချောလေး တစ်ယောက် တစ်ယောက်တည်း လာထိုင်နေတာကို တွေ့လိုက် ရတယ်။ လွန်းပျံခေတ်ဆိုတော့ မြင်မြင်ချင်းပဲ ကောင်လေးက ကျောင်းသူ ကောင်းမလေးကို ချစ်မိ သွားပေမယ့် ရှတ်တတ်သူပီပီ စကားသွားပြောဖို့ရာ သတ္တိမရှိတာမို့ တစ်နာရီ လောက်ကြာအောင် သတ္တိကို မွေးယူခဲ့တယ်။ နောက်ဆုံးအရဲစွန့်ပြီး ကျောင်းသူလေးနားကို မယောင်မလည် တိုးကပ်ပြီး .. ..

ကျွန်တော် ညီမလေးအတွက် သောက်စရာ တစ်ခုခုများ မှာပေးလို့ ရမလား သိပါရစေ လို့ မေးလိုက်ပါတယ်။ အဲဒီအခါမှာ ကျောင်းသူ ကောင်မလေးက အသံစွာကျယ်ကျယ်နဲ့ လူတွေအားလုံး ကြားလောက်အောင် .. ..

ရှင်နဲ့ ကျွန်မ လိုက်မအိပ်နိုင်ဘူး လို့ အဓိပ္ပာယ်မဲ့ ပြန်ပြောလိုက်တာကြောင့် လဖက်ရည်ဆိုင်ထဲမှာ ရှိတဲ့သူတွေ အားလုံး သူတို့ နှစ်ယောက်ကို လှည့်ကြည့် ကြပေမယ့် နားလည်ပေးကြပါတယ်။ အထင်နဲ့ လက်တွေ့အဖြစ်အပျက် ကွာခြား လွန်းတာမို့ ရှက်တတ်တဲ့ ကောင်လေးခမျာ မျက်နှာနီရဲသွားပြီး ကျောင်းသူ ကောင်မလေးကို တောင်းပန်ကာ သူ့နေရာမှာ ပြန်သွားထိုင်ပြီး စိတ်ဖြေနေပါတယ်။ ခဏအကြာမှာ အဲဒီ ကျောင်းသူလေးက ကောင်လေးရှိရာကို ခပ်ပြုံးပြုံးလေး လျှောက်လာပြီး .. ..

ကျွန်မ စိတ်မကောင်းပါဘူးရှင်။ ကျွန်မ အပြုအမူကြောင့် ရှင် တော်တော်ရှက်သွားတယ် ထင်တယ်။ ကွန်မက စိတ်ပညာနဲ့ ဘွဲ့ယူစာတမ်း ပြုစုနေတဲ့ တက္ကသိုလ် ကျောင်းသူ တစ်ဦးပါ။ ဒီလို အခြေအနေမျိုးမှာ ပတ်ဝန်းကျင်က ဘယ်လို တုံ့ပြန်မယ်မလဲ ဆိုတာကို လေ့ကျင့်ချင်တာ တစ်ခုတည်းနဲ့ ကျွန်မဒီလို လုပ်မိတာပါ လို့ ပြောပြီး တောင်းပန်ပါ သတဲ့။ အဲဒီအခါမှာ ရှက်တတ်တဲ့ ကောင်လေးက အသံကုန်ပြန်ပြီး အော်လိုက် တာကတော့

ဟေ့ မင်းက ငွေ ငါးထောင်မှ မတန်တာ။ မပေးနိုင်ဘူး ဆိုပြီး ချာကနဲ လှည့်ထွက် သွားလေရဲ့ .. .. .. ။

Tuesday, August 12, 2008

အင်တာနက်ဂျာနယ် အွန်လိုင်းပေါ်ရောက်ပြီ


www.myanmarinternetjournal.com

ဝက်ဘ်ဆိုက် အသစ်တစ်ခုကို မျှဝေချင်ပါတယ်။ ကျွန်တော်နှစ်သက်စွာ ဖတ်ရှုနေတဲ့ အင်တာနက်ဂျာနယ် ဝက်ဘ်ဆိုက် ပဲဖြစ်ပါတယ်။ ၉-၈-၂၀၀၈ ရက်နေ့က စပြီး အွန်လိုင်းပေါ်ကို လွှင့်တင်ထားတာဖြစ်ပါတယ်။ ဂျာနယ်မှာ ထုံးစံအတိုင်း ဦးဦးဖျားဖျား အင်တာနက်သတင်း၊ နောက်ဆုံးပေါ် မိုဘိုင်းဖုန်းအကြောင်း၊ Software, Hardware ကဏ္ဍ၊ အီလက်ထရောနစ်ပစ္စည်း၊ ဂိမ်း၊ ခေတ်ပေါ်ကား၊ အင်တာနက်ကာတွန်းအပြင် Sudoku ကဏ္ဍတို့ရဲ့ ပါနေကျကဏ္ဍများပါဝင်ပါတယ်။ ဒါ့အပြင် Planet.com, mysuboo.com နဲ့ မြန်မာ People မဂ္ဂဇင်း ဆိုက်တွေကိုလည်း လင့်ခ်ပေးထားပါတယ်။ အားလုံးကို လေးစားလျက်ပါ။

ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးသောက်ပါ



Hi-way ၁၀ ဘီးကုန်တင် ယာဉ်မောင်း တစ်ယောက် အတွက် လမ်းအန္တရာယ် ကင်းကင်း မောင်းနှင်နိုင်ဖို့ရာမှာ ညပိုင်း အချိန်ကိုပဲ အားထားပြီး သွားလာရလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားမှာလို့ ၆ လမ်းသွား၊ ၈ လမ်းသွား ဟိုင်းဝေးလမ်းတွေ မဟုတ်ပါဘူး။ လမ်းကကျဉ်းတော့ နေ့ခင်းဘက်မှာ ခရီးသည်တင်ကားတွေကို ဦးစားပေးတဲ့အနေနဲ့ လည်းဖြစ်ပါတယ်။ ဒီလို ကမောက်ကမ အချိန်တွေကြောင့် အစားမမှန်၊ အအိပ်မမှန်တာမို့ ခေါင်းကိုက်ရင်၊ ကိုယ်လက် မအီမသာဖြစ်ရင်၊ ရာသီဥတုကြောင့် နေမကောင်းရင် တွေ့ရာ လမ်းဘေး ကွမ်းယာဆိုင်က ရောင်းတဲ့ ဆေးဝါးကိုပဲ ၀ယ်ယူမှီဝဲ ခဲ့ရပါတယ်။ ဆေးကို ဘယ်အချိန်မှာ ဘယ်လို သောက်ရမယ် ဆိုတဲ့ ညွှန်ကြားချက်ကတော့ ကိုယ့်ဖာသာပဲ ဆုံးဖြတ်ပြီး ရေသန့်ဘူးနဲ့ သောက်ချလိုက် တာပါပဲ။ အနာနဲ့ဆေး တည့်သွားရင်တော့ ကောင်းပါရဲ့၊ တစ်ခါတလေလည်း ပိုဆိုးတာနဲ့ ကြုံတွေ့ရပါတယ်။

ခန္ဓာကိုယ် အကျိုးရှိစေဖို့ ဆေးတွေသောက်ရတယ်။ သောက်လိုက်တဲ့ ဆေးဟာ အဲဒီဆေးရဲ့ ဓာတုဂုဏ်သတ္တိ ကြောင့်ဖြစ်စေ၊ အစာအိမ်ထဲမှာ ရှိတဲ့ အစာကြောင့် ဖြစ်စေ ခန္ဓာကိုယ်ကို သက်ရောက်မှု ရှိစေပါတယ်။

အစာသည် အစာအိမ်အတွင်းမျက်နှာပြင်နဲ့ ထိတွေ့တဲ့အခါ အစာခြေရည်တွေ ထွက်လာအောင် အစာအိမ် မျက်နှာပြင်က လှုံ့ဆော်ပေးပါတယ်။ ဒီအခါ အစာအိမ်ရဲ့ pH အက်စစ်ရည်ဟာ အစာခြေအရည်ကြောင့် လျော့နည်း သွားပါတယ်။ ဒီလို နိမ့်ကျသွားတဲ့ Low pH အခြေအနေမှာ အချို့ဆေးတွေနဲ့ မတည့်ပါဘူး။ ထိုဆေးရဲ့ အာနိသင်ကို ထိခိုက်/ယုတ်လျော့ စေပါတယ်။ ဒါကြောင့် အဲဒီလိုဆေးတွေကို အစာ မစားခင် နာရီဝက်၊ တစ်နာရီလောက် ကြိုတင် သောက်ထားသင့်ပါတယ်။ ဒါမှလည်း အဲဒီဆေးတွေရဲ့ ထက်မြက်တဲ့ အာနိသင်ကို ပြည့်ပြည့်၀၀ ခံစားရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက အစာအိမ်ကို ဒုက္ခပေးနိုင်တဲ့၊ အာနိသင်ပြင်းတဲ့ ဆေးတွေကိုတော့ ထမင်းစားရင်း ထမင်းနဲ့ အတူ ဒါမှမဟုတ် ထမင်းစားပြီးမှ သောက်သုံးသင့်ပါတယ်။ အစာအိမ် အတွင်းမျက်နှာပြင်ကို ဒုက္ခပေးနိုင်တဲ့ ဆေးတွေက တော့ အကြမ်းဖျင်းအားဖြင့် အက်စပရင်၊ Mefanamic အက်စစ်နဲ့ napnoxen တို့ဖြစ်ပါတယ်။

ဆေးအများစုဟာ လူ့အသည်းထဲကနေ ဇီဝတွင်း ဖြစ်ပျက်မှုခေါ်တဲ့ ဖြစ်စဉ်တစ်ခုကနေ အင်ဇိုင်းကြောင့် ကြေညက် သွားပါတယ်။ ဒါပေမယ့် အချို့အစားအစာတွေက အင်ဇိုင်းအပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာ စပျစ်သီး ဟာအချို့ အင်ဇိုင်းတွေရဲ့ အလုပ်လုပ်မှုကို တားဆီးတယ်လို့ သိရပါတယ်။ ဆေးရဲ့အာနိသင်နဲ့ ဘေးထွက် သက်ရောက်မှုကို လွှမ်းမိုး နိုင်ပါတယ်။ ဒါကြောင့် လူကြီးတွေက ပြောပါတယ်။ အချဉ်စားပြီး သွားရင် ဆေးမသောက်ရဘူး ဆိုတဲ့ ပညတ်ချက်လေးပါ။ နိဂုံး အနေနဲ့ ဘာဆေးကိုပဲ သောက်သောက် ဆရာဝန်ညွှန်ကြား ချက်နဲ့အညီ သောက်သုံးခြင်းဟာ အန္တရာယ် ကင်းကင်းနဲ့ အကျိုးသက်ရောက်မှု အကောင်းဆုံး ဖြစ်ပါတယ်။ ဖြည့်စွက် အကြံပြုနိုင်ပါတယ်။ လူတိုင်း လူတိုင်း ကျန်းမာပျော်ရွှင် တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။ အားလုံးကို လေးစား လျက်ပါ။

ဝန်ခံချက်။ ကိုယ်တိုင်အတွေ့အကြုံနှင့် Mind your body, July, 20, 2005 ကိုမှီငြမ်းပါတယ်။

Monday, August 11, 2008

ပန်းသီးကို ဒီအတိုင်းစားရအောင်


ငယ်ကတည်းက အသီးထဲမှာ ပန်းသီးကို အနှစ်သက် ဆုံးပါပဲ။ ဈေးကြီးရင်လည်း ၀ယ်စား လိုက်တာ ပါပဲ။ အသီးမှာ သရက် ဆိုတာထက် အသီးမှာ ပန်းသီးရယ်လို့ ကိုယ့်ဒဿန ကို ကိုယ်ပြင်မိပါတယ်။ ပန်းသီးကို စားလိုက်ပြန်ရင် လည်း အခွံမနွှာပါဘူး။ အလုံးလိုက် ရေဆေးပြီးတာနဲ့ ဒီလိုပဲ အခွံပါ စားလိုက်မိပါတယ်။ ဘေးက ကြည့်နေတဲ့ သူရှိနေရင်တော့ တော်တော်လေးကို ငတ်ကြီးကျတာပဲလို့ အပြောခံရမှာ အသေအချာ ပါပဲ။ ဈေးကြီးပေးဝယ် စားတာမို့ အခွံပါ နှမြောတာတော့ မဟုတ်ပါဘူး။ အရသာရှိတဲ့ ပန်းသီးနီ Red Delicious တွေမှာ အခြားပန်းသီး ခုနှစ်မျိုးထက် Antioxidant တွေ ပိုမိုပါဝင်တယ်လို့ လေ့လာ သိရှိရ ပါတယ်။ အနီရောင် ပန်းသီးကို အမေရိကန်မှာ အတွေ့ရ အများဆုံးဖြစ်ပြီး အာနိသင်လည်း အထက်ဆုံးလို့ ဆိုထားပါတယ်။ မျိုးကွဲ ပန်းသီး ရှစ်မျိုးတို့ရဲ့ Antioxidant ပါဝင်မှုကို တိုင်းတာရာမှာ ပန်းသီးနီမှာ ကျန်းမာရေး ကို ဖွံ့ဖြိုးစေတဲ့ဓာတ်တွေ အမြင့်ဆုံး ဖြစ်ကြောင်းနဲ့ များသော အားဖြင့် ပန်းသီးရဲ့ အသားမှာထက် အခွံမှာ ပိုမိုပါဝင်တယ်လို့ သိရှိရပါတယ်။

ဒါကြောင့် ပန်းသီးစားရင် အခွံနွှာမစားဖို့ အသိပေးချင်ပါတယ်။ အခွံမှာ Antioxidant ပိုမိုပါဝင်ပါတယ်။ Antioxidant ဟာ အချို့ရောဂါများကို ဟန့်တားနိုင်သော်လည်း အရေအတွက် တစ်ခုတည်းက အရေးကြီး၊ မကြီး ဆိုတာကိုတော့ ပညာရှင်တွေကသာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဖြည့်စွက် အကြံပြုနိုင်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။

ဝန်ခံချက်။ Mind your body, July, 20, 2005 .

Sunday, August 10, 2008

ကွာကွာမားမား Web ကမ္ဘာ (၅၈)


www.codeguru.com

Coding တွေနဲ့ မကင်းကွာ နိုင်သူတွေအတွက် codeguru နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ မိမိအနေနဲ့ IT သမားလား၊ ကွန်ယက်ပိုင်း network သမားလား၊ ရှေ့တန်းရောက်နေတဲ့ webmaster သမားလား၊ Hardware နဲ့ System ပိုင်းကို စိတ်ဝင်စားတဲ့သူလား၊ software ကိုပဲထိုင်ရေးနေတဲ့ Programme သမားလား ဘယ်သူပဲ ဖြစ်ဖြစ် ဒီဝက်ဘ်ဆိုက်က ဗဟုသုတတွေ ဖြစ်စရာတွေ ပါဝင်တာမို့ အသုံးဝင်ပါမယ်။ Coding ပိုင်းနဲ့ ပတ်သက်ပြီး အသားပေး ဖော်ပြထားပါတယ်။ ပရိုဂရမ်မာ များအတွက် Language Coding များ စုံစုံလင်လင် ဖော်ပြထားတာ ကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်အနေနဲ့ ဥာဏ်မမီလို့ မသုံးတတ်ပေမယ့် အသုံးတည့်မယ့် သူတွေအတွက် မျှဝေလိုက်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။

Saturday, August 9, 2008

ဒုက္ခခေါင်မိုးအောက်ကကျွန်တော်



တိမ်တွေညိုရင်
ရင်ဖိုမိတယ်
အေးစက် တိတ်ဆိတ် အခန်းကျဉ်းထဲ
လျှပ်စီးတံစဉ်
မိုးချိန်းသံတွေနဲ့
ငြိုငြိုငြင်ငြင် ရင်းနှီးရဦးမယ် ။

ငယ်ငယ်က မိုးညိုရင်
မိုးသီချင်းကို ကြောက်စိတ်ရယ်လုံဖို့
အော်အော်ဆိုမိတယ် ။

အဲဒီမိုးနဲ့
စိတ်လို လက်ရ တရင်းတနှီး
တကယ်တော့
ဥပက္ခောတရားဟာ
ထီးတစ်လက်မဟုတ်သလို
မိုးကာတစ် တစ်ထည်လည်း မဟုတ်ခဲ့ဘူး။

ပုံမှန် ကမ်းမှန်ဘ၀မှာ ၀မ်းရေကမစပ်
စိတ်နဲ့ကိုယ်နဲ့ နေသားကျဖို့ရာ
တစ်ဦးတစ်ယောက်မျှ
ဖ၀ါးမနာ ချိန်တန်ပြီမို့
ပစ်ရက်ခွာပြီ ။

မိုးတောင်ကခြုန်းရင်
တိုးဝှေ့ဖို့ ဟန်ပြင်
ထွေးပွေ့ရင်ခွင် မဲ့
အင်း .. .. .. ခုမှ
သူ, ငါပြောတဲ့ ဂျာအေးဆိုတာ
ကျွန်တော် ဖြစ်နေပါရော့လား .. .. … ။


ဝန်ခံချက် ။ ပုံကို www.surgeonsblog.blogspot.com မှရယူဖော်ပြပါသည်။

သေသွားတဲ့ယုန်



အသက် (၉၀)အရွယ်ရှိ အဘိုးအိုတစ်ဦးဟာ သူ့မိသားစု ဆရာဝန်ဆီရောက်လာပြီး

ဆရာရယ်၊ ကျွန်တော် ဘယ်တုန်းကနဲ့မှ မတူအောင် အားအင်တွေ ရှိနေလိုက်တာဗျာ။ အခုဆိုရင် အသက် (၁၈)နှစ် ရှိတဲ့ ကျွန်တော့် ဇနီးကလေး ကိုယ်ဝန်ရှိနေပြီဆရာ၊ ဘယ်လိုသဘော ရသလဲ .. ..

လို့ ခပ်ကြွားကြွားလေး မေးလိုက်ပါတယ်။ ဆရာဝန်က အဘိုးအိုရဲ့ မွေးခွန်းကို ခဏစဉ်းစားပြီး

ကျွန်တော့်မှာ အဘိုးလိုပဲ အသက်အရွယ် ကြီးရင့်တဲ့ မိတ်ဆွေ တစ်ဦး ရှိပါတယ်။ သူက မုဆိုးပါ။ သူ့ဘ၀မှာ တစ်ခါမှ သားကောင် လွတ်သွားတယ် ဆိုလို့ မရှိခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ သားကောင် ပစ်ဖို့ တောထဲ ထွက်လာ ရာမှာ သေနတ်အစား ထီးကောက်ကို မှားပြီး ယူသွားမိပါတယ်။ ချောင်းကလေး တစ်ခုကို ရောက်တော့ တစ်ဖက်ကမ်းမှာ ယုန်လေး တစ်ကောင်ကို မုဆိုးအဘိုးအိုက လှမ်းတွေ့လိုက်တယ်။ ဒါနဲ့ သူက ထီးကောက်ကို မြှောက်လိုက်ပြီး ဒိုင်း .. ဒိုင်း .. နဲ့ ပစ်လိုက်တာ ယုန်ကလေး ခင်မျာ သေသွားပါ လေရော။ အဲဒီ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အဘိုး ဘယ်လို ထင်ပါသလဲ
လို့ ဆရာဝန်က ပြန်မေးလိုက်ပါတယ်။ ဒီအခါမှာ အဘိုးအိုက

ဒါတော့ ဘယ်ဖြစ်နိုင်မလဲ၊ ယုန်ကို တစ်ယောက်ယောက်က ပစ်လိုက်တာ နေမှာပေါ့

လို့ ဖြေလိုက်တဲ့အခါမှာ ဆရာဝန်က

ကျွန်တော့်အဖြေကလည်း အဲဒါပါပဲ လို့ ဆိုလိုက်ပါတယ်။

(ပြုံးပျော်နိုင်ပါစေ၊ အားလုံးကို လေးစားလျက်ပါ၊ ဖတ်ပြီးသားများဖြစ်ရင် ကျော်လိုက်ပါ။)
(၀န်ခံချက် ။ ပုံကို commons.wikimedia.org မှ ရယူထားပါတယ်။)

Friday, August 8, 2008

သူမကို ခံစားမိသမျှ



ကျွန်တော်တွေးမိတာ တစ်ခုရှိပါတယ်။ အချစ်တစ်ခုကို ခံစားတတ်ခါစ နှစ်သိမ့်မှု မရလိုက်တဲ့ အခါမှာ ဘ၀ကို အပြစ်ပုံ ချမိတယ်။ ဘ၀ဆိုတာ ဘာမှ မဟုတ်မှန်း၊ ဟာလာ ဟင်းလင်းကြီး ဆိုတာကို သိသွား ရပါတယ်။ ရည်မှန်းချက် တစ်ခုကို ပြတ်ပြတ် သားသား ချတတ်သွား တာပဲလား၊ ကျန်ရှိ နေသေးတဲ့ နေ့ရက်တွေကို ဦးတည်ချက်မဲ့ လှုပ်ရှား နေခြင်းက အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိစေမှာလား။ လူ့ဘ၀ဟူသည် ဘာမှမဟုတ်မှန်း သိဖို့အတွက် နဲ့တင် ပေးဆပ်လိုက် ရတဲ့ တန်ဖိုးတွေကတော့ မနည်းလှပါဘူး။ တန်ဖိုးကြီးကြီး ပေးဆပ်ပြီးမှ ဆုံးဖြတ်ချက်တစ်ခု ချဖြစ်သွားစေ လောက်အောင် ဘာတွေများ တန်ဖိုး ကြီးကြီး ပေးခဲ့ရပါသလဲ….။

ငါ့မောင်က ဒီအသက်အရွယ်နဲ့ အိမ်ထောင် မပြုသေးဘူးဆိုတော့ မိန်းကလေးတွေကို အထင်မကြီးလို့လား လို့ ကော်ဖီ သောက်နေရင်း သူမ စကားစပြောတယ်။ မရေမရာ နဲ့ ပြန်ပြောလိုက်မိတာကတော့

အထင်မကြီး တာတော့ မဟုတ်ပါဘူး မမ၊ အထင်မကြီးရဲတာပါ .. ..

သူမနဲ့ ကျွန်တော် ကော်ဖီဆိုင်ကနေ ထွက်လာတော့ မိုးချုပ်စပြုနေပါပြီ။ သူမနဲ့ ကျွန်တော် ဘေးချင်းယှဉ် လျှောက်လာရာက သူမကို အသာလေး ခိုးကြည့်မိပါတယ်။ သူမရဲ့ တည်ကြည်လွန်းတဲ့ မျက်နှာမှာ ခံစားမှု တစ်စုံ တစ်ရာကို ကျွန်တော် ဖတ်ရှု ရပါတယ်။ ဒါပေမယ့် နားမလည်ခဲ့ပါဘူး။ လျှို့ဝှက်တာလား နက်နဲတာ လား။ သူမနဲ့ ကျွန်တော် ကားမှတ်တိုင်မှာ ကားရပ်စောင့်ရင်း တစ်ယောက်ကို တစ်ယောက် ပြုံးကြည့် နေမိတယ်။ အဲဒီအပြုံး နောက်ကွယ်မှာ ကျွန်တော့်ရင်ထဲ ဘာရှိနေတယ် ဆိုတာကို သူမ သိမြင်သွားခဲ့ ပြီလား။ ကျွန်တော်ကတော့ သူမရင်ထဲ ဘာတွေ ရှိနေတယ်ဆိုတာ ကိုတော့ မမှန်းဆတတ်ပါဘူး။ ဒါကြောင့် ပြုံးရုံသာ ပြုံးကြည့်နေမိတယ်။ သူမရဲ့ မျက်လုံးတွေ မှာ ခနဲ့တဲ့တဲ့ ရယ်နေတယ်လို့ ထင်မိပါတယ်။

မင်းနဲ့ငါ ဆယ်စုနှစ်တစ်ခုလောက် အသက်အရွယ် ကွာတော့ တစ်ချို့ကိစ္စတွေ မှာ နားလည်တာခြင်း၊ တွေးခေါ် တာခြင်း ဘယ်တူပါ့မလဲ …

သူမက ကျွန်တော့်ကို ဒုတိယအကြိမ် ထပ်ပြောနေချိန်မှာ ကျွန်တော်တို့ ကားမှတ်တိုင်မှာ ရပ်နေတာ ဆယ်မိနစ်လောက် ကြာခဲ့ပါပြီ။ ကျွန်တော် ဘာမှ ပြန်မပြောနိုင် ခင်မှာပဲ သူမ မျှော်နေတဲ့ လိုင်းကားတစ်စီး ထိုးဆိုက် လာပါတယ်။ လိုင်းကား အပေါ်အတက် သူမက

သုံးဆယ့်ငါး ပြည့်ရင် တို့ တစ်သက်လုံး ယောဂီ ၀တ်တော့မယ်.. .. .. လို့ပြောရင်း လိုင်းကားပေါ် တက်သွားတဲ့ သူမကို ကျွန်တော် ငေးကြည့်ရုံမျှသာ တတ်နိုင်တယ်။ ကျွန်တော် ပြောချင်တာတွေကို ဆွံ့အသွားစေတဲ့ စကားလုံး တွေဖြစ်ပါတယ်။

(၈)မိုင်၊ ပြည်လမ်း လမ်းမပေါ်မှာတော့ လူတွေနဲ့ ကားတွေ ရောထွေး လှုပ်ရှားနေပါတယ်။ ကျွန်တော်တစ်ယောက် ရည်ရွယ်ချက် မရှိပါဘဲ ကားမှတ်တိုင်မှာ ရပ်နေမိပါတယ်။ တစ်ချိန်တည်းမှာ ရင်ထဲ ဟာလာ ဟင်းလင်းကြီး ခံစားရ ပါတယ်။ ထွက်ခွာသွားတဲ့ လိုင်းကားနောက်က လေပွေနှယ် စိတ်ကစင့်ကလျား လွှင့်မျော နေမိတယ်။

အဓိပ္ပာယ်မဲ့ ခေါင်းမော့လိုက်တော့ လမင်းကို တွေ့လိုက်တယ်။ လပြည့်ဖို့ တစ်ရက် နှစ်ရက်သာ လိုတော့တာမို့ ကောင်းကင်မှာ ပြည့်ပြည့်၀၀ပင် သာလို့ နေပါတယ်။ မာကျူရီမီးရောင်တွေနဲ့ ထိန်ထိန်ငြီးနေတဲ့ ရန်ကုန် ညများမို့ လရောင်ကို အပြည့်အ၀ မခံစားနိုင်ပါဘူး။ မှိန်ပျပျမျှသာ…။

လရောင်က လူတွေကို ယစ်မူးစေတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။ ဒီလိုဆို အချစ်ကရော လူတွေကို ယစ်မူး စေတာပါပဲလား။ သေချာတာကတော့ ကျွန်တော့်အတွက် အမှန်တရားတစ်ခုပါ။ ဒီအခါ ရှင်သန်နေတဲ့ မျှော်လင့်ချက်ကို ကျွန်တော့်ကိုယ်တွင်း တစ်နေရာမှာ ပြန်ကြားယောင် နေမိပါတယ်။ မနက်ဖြန်မှာ ပြန်တွေ့ကြ မယ်ပေါ့။ မနက်ဖြန်ဟူသည် ကျွန်တော်တို့အတွက် အမြဲတမ်း မနက်ဖြန်တွေပဲ ဖြစ်နေမှာပါ။

အိမ်အပြန်လမ်းမှာ ကျွန်တော့်ရင်ထဲ ဘာတွေတင်းခဲ နေသလဲဆိုတော့ တည်ဆောက်ယူခဲ့ရတဲ့ ခွန်အားတွေ၊ သတ္တိတွေနဲ့ သူမကို ပြောပြရပါအုန်းမယ်။ ဘာလဲဆိုတော့ သူမကို ကျွန်တော် အသေအချာ ချစ်မိနေပြီ ဆိုတဲ့ စကားလုံးများသာ ဖြစ်ဖို့ များပါတယ်။

( တစ်စုံတစ်ယောက်ကိုမျှ ရည်ရွယ်ရိုး မရှိခဲ့ပါဘူး။ တိုက်ဆိုင်ခဲ့မယ်ဆိုရင် ခွင့်လွတ် နားလည်ပေးပါလို့ )
(၀န်ခံချက် ။ ပုံကို www.inklingmagazine.com မှ ရယူထားပါတယ်)

Thursday, August 7, 2008

ကွာကွာမားမား Web ကမ္ဘာ (၅၇)


www.fitnessonline.com


ကျန်းမာ ကြံ့ခိုင်ဖို့ ကိုယ်လက် လှုပ်ရှားမှုနဲ့ စနစ်တကျ နေထိုင် စားသောက်မှုဟာ လူတိုင်း အတွက် အရေးကြီး ပါတယ်။ ဒါကြောင့် ကိုယ်လက် လှုပ်ရှား ရတဲ့ အားကစား သည်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ဒီ ဝက်ဘ်ဆိုက်မှာ ကျန်းမာရေး နဲ့ အညီ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ရာမှာ နားလည် တတ်ကျွမ်းတွေထံ အကြံပြုချက်များ၊ မိမိကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်းခြင်း၊ နေထိုင် စားသောက်မှု ပုံစံ၊ လေ့ကျင့်ခန်းများ ပါဝင်ပါတယ်။ ကြွက်သားတွေ ကြီးထွားလှပ လိုတဲ့ အမျိုးသားများအတွက် အကြံပြုချက်တွေ၊ အ၀လွန် သူများအတွက် ကိုယ်အလေးချိန်ကို ဘယ်လို၊ ဘယ်ပုံစံနဲ့ လျော့ချဖို့ ဆွေးနွေးတာတွေ အပြင် လှပပြီး မမ များအတွက်လည်း မိမိ ကိုယ်ခန္ဒာ အချိုးအစားကို ကိုယ်လို ထိန်းသိမ်းရမယ် ဆိုတဲ့ အကြံပြုချက်များ ပါဝင် ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမယ့် အစားသောက်တွေရဲ့ အကျိုး/အပြစ် တွေကို ဖော်ပြပေးတဲ့ Fitness Online ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ ဗဟုသုတအလို့ငှာ ၀င်ရောက် လေ့လာ ပါလို့ မျှဝေပေးချင်ပါတယ်။

Wednesday, August 6, 2008

တစ်စုံတစ်ယောက်ရဲ့ e-Mail Address ကို ဘယ်လိုရှာမလဲ



ကာယကံရှင်ကို တိုက်ရိုက် မေးကြည့် တာ အကောင်းဆုံး ပါပဲ။ ဒါပေမယ့် အင်တာနက် ပေါ်မှာလည်း e-Mail လိပ်စာတွေကို ရှာဖွေလို့ ရနိုင်ပါတယ်။ ပထမဆုံး Google လို အများသုံး Search engine မှာ မိမိ ရှာလိုတဲ့ နာမည်ကို ရိုက်ထည့်ပြီး ရှာပါ။ သူနဲ့ ပတ်သက်တဲ့ Web Page ဒါမှမဟုတ် သူ့ကိုယ်ပိုင် Web Site ကိုတောင် တွေ့နိုင်ပါမယ်။ ဒါပေမယ့် မိမိရှာတဲ့ သူက Google က သိကျွမ်းရ လောက်အောင် မကြီးကျယ်ဘူး ဆိုရင်လည်း တခြား လူပျောက်ရှာတဲ့ အွန်လိုင်း ၀န်ဆောင်မှု တွေရှိပါသေးတယ်။

လူတစ်ယောက်ရဲ့ e-Mail Address ဆိုတာမျိုးက သူကိုယ်တိုင်က ခွင့်မပြုရင် တစ်ခြား အပြင်လူတွေ သိဖို့ ခက်လှပါတယ်။ သို့သော်လည်း

Bigfoot = www.bigfoot.com
ICQ e-Mail Directory = www.ic9.com/search/email.htm
Infospace = www.infospace.com
Internet Address Finder = www.iaf.com
Who Where = www.whowhere.com
Yahoo! People Search = http://people.yahoo.com
The People Search Engine = http://wink.com ( command from mmhan )


စသည်တို့မှာ ကြိုးစားရှာကြည့်ပါ။ ကံအလွန်ကောင်းရင် e-Mail Address သာမက ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာ ကိုပါ ထွက်ပေါ်လာနိုင်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။

ဝန်ခံချက် ။ “The Rough Guide to the Internet” , INTERNET Journal.
ပုံကို www.flickr.com မှ ရယူထားပါတယ်

ကိုယ်ပို့လိုက်တဲ့ e-Mail ရောက် မရောက်



ပုံမှန်အားဖြင့်တော့ e-Mail တွေဟာ သမားရိုးကျ စာတိုက် စနစ်မှာလို အပျောက်အရှ ဖြစ်မှုမရှိသလောက် နည်းပါး ပါတယ်။ ပို့လိုက်တဲ့ အီးမေးလ်ဟာ လိုရာကို မရောက်နိုင်သေး ရင်လည်း သင့်ဆီကို ချက်ချင်း ပြန်ပြီး အကြောင်းကြား ပါတယ်။ သင် ဘာမှားနိုင်သလဲ ဆိုတာကိုလည်း ထောက်ပြပေးပါတယ်။ လက်ခံမယ့် သူ့ရဲ့ အီးမေးလ် ဆာဗာ Overload ဖြစ်နေတာ၊ down နေတာမျိုးနဲ့ ကြုံရင်လည်း ပို့မယ့် အီးမေးလ်ဟာ မိနစ်ပိုင်း ၊ နာရီပိုင်းကနေ သီတင်းပတ်နဲ့ ချီပြီး ကြန့်ကြာနိုင် ပါတယ်။ အလွန့်အလွန် ဖြစ်နိုင်ခြေ နည်းပါးပေမယ့် အီးမေးလ် တွေဟာ တစ်ခါတလေ လမ်းလွဲ သွားတတ်ပါသေးတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က သင့်အီးမေးလ် မရလို့ ပါဆိုပြီး ဆင်ခြေပေးလာရင် အောင့် သက်သက်နဲ့ လက်ခံရမယ့် သဘော ဖြစ်နေ ပါတယ်။ နောက်ပြီး သင့်ဆီက အီးမေးလ်တစ်စောင် ထွက်ဖို့ အတွက် မိနစ် အနည်းငယ်ထက်ပိုပြီး ကြာနေမယ် ဆိုရင် သင့် ISP မှာ ပြဿနာ တစ်စုံတစ်ရာ တက်နေပြီလို့ ယူဆနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရေးကြီးတဲ့ အီးမေးလ် တိုင်းကို ကော်ပီ တစ်စောင် ကူးယူထားဖို့တော့ မမေ့ပါနဲ့လို့ သတိပေး လိုပါတယ်။ အားလုံးပဲ အဆင်ပြေနိုင်ပါစေ။

ဝန်ခံချက် ။ “The Rough Guide to the Internet” , INTERNET Journal.
ပုံကို www.tailored.com မှ ရယူထားပါတယ်

ပို့ပြီးတဲ့ e-Mail တစ်ခုကို ပြန်ဖျက်မယ်

ဘယ်လိုမှ လုပ်လို့ မရတော့ပါဘူး။ ဒါကြောင့် Sent ဆိုတဲ့ Button ကို Click မခေါက်ခင် ကတည်းက သေသေ ချာချာ စဉ်းစားဖို့ လိုပါမယ်။ ကိုယ်ရေးထားတဲ့ စာကို မပို့ခင်မှာ ပြန်စစ်ဆေးပါ။ စိတ်ထဲမှာ ဒွိဟ ဖြစ်နေရင် Draft အဖြစ် ခဏတော့ သိမ်းထား လိုက်ပါအုန်း။

ဝန်ခံချက် ။ “The Rough Guide to the Internet” , INTERNET Journal.

Tuesday, August 5, 2008

လူ့ခန္ဓာကိုယ်အတွက် ရေသန့်


လူတွေဟာ နေ့စဉ် အသက်ရှင် နေထိုင်မှု ပုံသဏ္ဍာန် မမှန်ကန်ခြင်း နဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရောဂါဘယ မျိုးစုံတို့ဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေး ဟန်ချက်ညီညီ နေထိုင်နိုင်တာကို ထိခိုက်စေနိုင်တဲ့ အကြောင်းဖြစ်ခဲ့ ပေမယ့် ခန္ဓာကိုယ်အတွင်း ထိန်းသိမ်းထားတဲ့ ရေဓာတ်နဲ့ ရေထုဟာ သာမန် ထိခိုက်မှုတွေကို အကာ အကွယ်ပေးလျက် ရှိတာကို လေ့လာရပါတယ်။ အဲဒီ ရေဓာတ်နဲ့ ရေထုတို့ဟာ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်း နွမ်းနယ်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ထိခိုက်မှုတွေ နဲ့ စိတ်မငြိမ်မသက်ဖြစ်မှု တွေကို အတိုင်းအတာ တစ်ခုအထိ ကုစားပေး နေတယ် ဆိုတာကို သိရှိရပါတယ်။

လူတွေဟာ သန့်ရှင်းတဲ့ သောက်သုံးရေကို သောက်သုံးရမှာ ပဓာနကျပါတယ်။ ဒါပေမယ့် ရေအစား အရက်၊ လက်ဖက်ရည်၊ ကော်ဖီ နဲ့ အခြားအချိုရည် အမျိုးမျိုး သောက်သုံးကြလို့ အာရုံကြောဆိုင်ရာ ဆိုးကျိုးတွေကို ရရှိ ခံစားနိုင်ပါတယ်။ ဒါ့အပြင် ရင်ပူခြင်း၊ လေပွ လေထခြင်း စတာတွေလည်း ဖြစ်စေနိုင်ပါတယ်။

အာရုံကြောတွေ ပုံမှန် အလုပ်လုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့ ရေအချိုးအစား ပမာဏ အလုံအလောက် ရရှိရန် လိုအပ်ပါတယ်။ မျှတတဲ့ ရေပမာဏ ရှိမှသာ ခန္ဓာကိုယ် ကလာပ်စည်းများ ကျန်းမာသန်စွမ်းပြီး ရေဓာတ် ခမ်းခြောက် ခြင်းမှ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ပုံမှာ ၉ ပုံ ဒါမှမဟုတ် ၇၀ ရာခိုင်နှုန်းသည် ရေဓာတ်ပါဝင်နေပြီး ၄င်းတွင် ၉၀ ရာခိုင်နှုန်းဟာ အောက်ဆီဂျင်မှာ ပျော်ဝင်နေပါတယ်။ ခြောက်ပတ်သား အရွယ် သန္ဓေသားရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၁၀၀ ရာခိုင်နှုန်း ပါရှိကြောင်း လေ့လာသိရှိရပါတယ်။ ၄င်း ၁၀၀ ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းက ကလာပ်စည်းအတွင်းရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းက ကလာပ်စည်း ပြင်ပမှာ တည်ရှိနေပါတယ်။

လူရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သန်းပေါင်းများစွာသော ကလာပ်စည်းများသည် ရေသိုလှောင်ကန် ငယ်လေးများ အဖြစ် တည်ရှိနေပါတယ်။ ၁၅ ဘီလီယံ ခန့်ရှိ ဦးနှောက်ကလာပ်စည်းများသည် ရေပမာဏ ၇၄ ဒသမ ၅ ရာခိုင်နှုန်း လိုအပ်ပါတယ်။ ရေ ၂ ဒသမ ၆ လီတာကို နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်များနဲ့ ရေသိုလှောင်ကန် ငယ်များအား ပြန်လည်ဖြည့်တင်း ပေးခြင်းများကို လုပ်ဆောင်ပေးနိုင် ပါတယ်။ ဒါကြောင့် တစ်သက်တာအတွက် ရေပမာဏ တန်ပေါင်း ၆၀ ခန့်ကို သောက်သုံး ဖြစ်ကြပါတယ်။ ဒါကြောင့် မိမိကိုယ်ခန္ဓာ ကျန်းမာ အသက်ရှည်ဖို့အတွက် ကောင်းမွန် သန့်ရှင်းသော သောက်သုံးရေကို ရွေးချယ် သောက်သုံးရန်ပင် အရေးကြီးပါကြောင်း မျှဝေချင်ပါတယ်။

(အခုတစ်လောဖတ်ဖြစ်တဲ့ စာတွေကတော့ ၀ိုင်တွေအကြောင်းပါ။ ၀ိုင်အနီ၊ ၀ိုင်အဖြူ၊ နှစ်ချို့ဝိုင်တို့ရဲ့ ဆေးဘက်ဝင်တဲ့ အကျိုး အာနိသင်တွေ ဖြစ်ပါတယ်။ ၀ါတွင်းကာလ အတွင်း ၀ိုင်အကြောင်း ပို့စ်တင်မိရင် မေတ္တာပို့ မယ့်သူတွေ များနေမှာဖြစ်လို့ မတင်ဖြစ်တော့ပါဘူး)


ဝန်ခံချက် ။ ဖော်ပြပါပုံကို www.lifedynamix.com မှ ရယူထားပါတယ်။

Monday, August 4, 2008

စိတ် .. ..

ကျန်းမာသော ခန္ဓာကိုယ်သည် စိတ် အတွက် ဧည့်ခန်းဆောင် ဖြစ်သည်။
မကျန်းမာသော ခန္ဓာကိုယ်မှာမူ စိတ် အဖို့ အကျဉ်းထောင် ပင်ဖြစ်၏ ။

(ဘေကွန်)

Sunday, August 3, 2008

ရင်နင့်ပန်းတစ်ပွင့်



နားလည်မှုလွဲခဲ့တဲ့ တစ်ခဏ
"ခွမ်း" ကနဲဆို
ရင်ထဲက မြည်သံစွဲ အလင်္ကာ
ကြေမွပြီ ငါ့မှာ ..

မြေပေါ်လူးလိမ့်
ငါ့ချစ်ခြင်းတွေ တကွဲတပြား
ငါ့ဘ၀ တစ်ခုဟာ
ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲကျလို့
တိတ်ဆိတ်ညရဲ့ လေဟာပြင်ထဲ
ဒါဟာ
ငါ့ရဲ့ နောက်ဆုံးမွတ်သိပ်မှုပါ
ပန်းကလေးရယ် ..

အလိုမတူပါဘဲ
ငါ့ကို
အားရ ကျေနပ်စွာ ဝှေ့ယမ်းပြီးမှ
ကြင်နာမဲ့ တွန်းထုတ်ခဲ့ပြီ..
နင်ဟာ
ပြတင်းပေါက်ရှိရာ
ပြေးထွက်ကျော်တက်
မည်းမှောင် ပိန်းပိတ်တဲ့
ငါ့ရဲ့ အခန်းကျဉ်း ခန်းစည်းကို
မင်းလေးရဲ့
တဏှာမဲ့ အေးစက်တဲ့
လက်ချောင်းတွေနဲ့ တွန်းဖယ်ထွက်ရင်း
လျှို့ဝှက်စွာ နှုတ်ဆိတ်လျက်
အလိုမတူပါဘဲ … ငါက……… ။


ဝန်ခံချက် ။ ဖော်ပြပါပုံကို www.hugoeiji.wordpress.com မှ ရယူထားပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၅၆)


www.Eyejot.com

လူငယ်တွေအကြိုက်ဖြစ်မယ့် ဝက်ဘ်ဆိုက် လေးတစ်ခု မျှဝေ ချင်ပါတယ်။ e-Mail ရယ်၊ Voice mail ရယ် Video ရယ် သုံးမျိုး ပါဝင် ပေါင်းစပ် ထားတဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ အလွယ်အကူ Login နိုင်ပါတယ်။ မည်သည့် Browser နဲ့ OS မဆို တွဲဖက်အသုံးပြုနိုင်ပါတယ်။ Adobe Flash Player အသင့်သုံး ထည့်သွင်းပေးထား တာမို့ ၀င်ရောက်လေ့လာ သူတွေအတွက် အဆင်သင့် ဖြစ်နေပါတယ်။ အကောင်းဆုံးကတော့ Webcam ပါတပ်ဆင် ထားမယ်ဆိုရင် ပို အဆင်ပြေပါမယ်။

Friday, August 1, 2008

ရှုံးတဲ့အခါလည်း ရှုံးပေမပေါ့



စပိန်နိုင်ငံကို ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသည် တစ်ဦးက လှလှပပ ပြင်ဆင် ထားတဲ့ စားသောက်ဆိုင် တစ်ခုကို ညစာ စားဖို့ ၀င်သွားပါတယ်။ တခြားသူတွေ စားဖို့ ပြင်ဆင်ယူလာတဲ့ ပန်းကန်များကို လေ့လာ ကြည့်လိုက် တဲ့အခါမှာ အင်မတန် လှပတဲ့ ပန်းကန်ပေါ်မှာ အသားတုံး နှစ်တုံးကို လှလှပပ ပြင်ဆင်ပြီး ယူလာတာ တွေ့ရပါတယ်။
စားပွဲထိုးက ဘာစားမှာလဲ လို့ ဧည့်သည်ကို မေးလိုက်တဲ့ အခါ သူက တခြားသူတွေ စားနေတဲ့ အသားတုံး နှစ်တုံးကို လက်ညှိုး ထိုးပြပြီး အဲဒါ ဘာလဲလို့ မေးကြည့်ပါတယ်။

စားပွဲထိုးက ကျွန်တော်တို့ စပိန်နိုင်ငံမှာ ကျွဲရိုင်းသတ်ပွဲ များကျင်းပပါတယ်။ ရှုံးသွားတဲ့ ကျွဲသေကို စားသောက်ဆိုင် ယူလာပြီး ကျွဲများရဲ့ ဝှေးစေ့ကို ကင်ပြီး စားသောက် အောင်ပွဲခံတာပါ လို့ရှင်းပြပါတယ်။ ဒီတော့ ခရီးသည်က အဲဒီ ကျွဲရိုင်းဝှေးစေ့ကိုပဲ စားမယ်လို့ မှာလိုက်ပါတယ်။ စားပွဲထိုးက ကျွဲရိုင်းဝှေးစေ့ ဒီနေ့အတွက် ကုန်သွားပြီ ဖြစ်လို့ နောက်နေ့မှ လာစားပါခင်ဗျာ လို့ ပြန်ပြောလိုက်ပါတယ်။ ခရီးသည်ကလည်း သဘောတူ ပါတယ်။

နောက်တစ်နေ့ စားသောက်ဆိုင်ကလည်း သူတို့ ကတိပေးထားတဲ့ အတိုင်း လှလှပပ ပြင်ဆင်ထားတဲ့ အသားတုံး နှစ်တုံးကို တည်ခင်းပေးပါတယ်။ ဒါပေမယ့် ခရီးသည် အနေနဲ့ မနေ့ကသူ တွေ့လိုက်ရတဲ့ အသားတုံးထက် အဆမတန် သေးငယ်နေတာ တွေ့ရတာမို့ မကျေမနပ်ဖြစ်ပြီး မနေ့က ကျွန်တော်တွေ့တာ အသားတုံးက တော်တော်ကြီးပါတယ်။ ဒီနေ့ ကျွန်တော့်ကို ဘာအတွက်နဲ့ သေးသေးလေး ပေးရတာလဲ လို့ မေးလိုက်ပါတယ်။ ဒီတစ်ခါ စားပွဲထိုးက တစ်ခါတလေ ကျွဲရိုင်းတွေလည်း နိုင်သွားတတ်ပါတယ် နောင်ကြီး လို့ ဖြေလိုက်ပါတယ်။

သောကတွေ မောဟတွေ ကြားကနေ ပြုံးပျော်နိုင်ပါစေ…. ။
(နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲနော်)

ဝန်ခံချက် ။ ပုံကို www.vinogusto.com မှ ရယူထားပါတယ်။