တောင်ငူရောက်တုန်း ခဏတဖြုတ် အချိန်ရတာနဲ့ နက်ကဖီးဆိုင်ကို နေရာစုံစမ်းပြီး နက်ပေါ် တက်ဖြစ်တယ်။ ping ကြည့်လိုက်တော့ connection က 20 ms နဲ့ 30 ms ကြားပဲ ပြေးနေတာကြောင့် လိုင်းကတော့ သိပ်မကောင်းပါဘူး။ ဘလောဂ့်စပေါ့ ထဲတော့ ၀င်လို့ ရမယ်မထင်ပါဘူး။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ ဂူဂဲလ်ကိုတောင် မမှတ်မိချင်ဘူး။ ခရီးထွက်နေပေမယ့် ဘယ်နေရာကို ရောက်ရောက် ကိုယ်ဖန်တီးထားတဲ့ ဘလော့ဂ်လေးကိုတော့ သံယောဇဉ် ရှိတယ်။ ဒါနဲ့ google reader ကနေပဲ သူငယ်ချင်းတွေရဲ့ ဘလောဂ့်တွေကို ဖတ်ဖြစ်တယ်။ Tag ထားတဲ့ သူငယ်ချင်းတွေရဲ့ အဖြေကို ဖတ်ဖြစ်ခဲ့ပေမယ့် ကျေးဇူးတင်ကြောင်း စကားလေးတစ်ခွန်းမှ မပြောဖြစ်ရလို့ စိတ်မကောင်းတာတော့ အမှန်ပါ။ နားလည်ပေး နိုင်မယ်ထင်ပါတယ်။ ရန်ကုန်ပြန်ရောက်မှ အသေအချာ ပြန်နှုတ်ဆက်ပါမယ်၊ အားလုံးကိုပါပဲ။ ခုစာလေးကိုလည်း igoogle ကနေ တင်လိုက်တာပါ။ အဆင်ပြေ မပြေ နောက်မှ ပြန်ကြည့်ပါမယ်။ အားလုံးပဲ ပျော်ရွှင်နိုင် ပါစေ။
Showing posts with label တောင်းပန်းလွှာ. Show all posts
Showing posts with label တောင်းပန်းလွှာ. Show all posts
Friday, January 23, 2009
မှားမိတယ် .. ကျေနပ်နိုင်ပါစေ

နယ်မှာနေတုန်းက ဆိုရင် မြို့တစ်ဝက် ကျော်လောက်က ကွန်တော် ဘယ်မှာနေတယ်၊ ဘယ်အိမ်က ဘယ်သူ့ရဲ့သား၊ ဘာအားကစား လုပ်ပြီး ဘာအလုပ်အကိုင် လုပ်တယ် ကအစ သိကြတယ်။ အဆုံးစွန် ပြောရရင် လမ်းထိပ်ကွမ်းယာဆိုင်က ခွေးပါပီလေးကို ၀င်းဇော်လို့ ပြောလိုက်ရင် အမြီးတနှံ့နှံ့နဲ့ ကျွန်တော့် အိမ်ကို တန်းတန်းမတ်မတ် လိုက်ပြပေးမှာပါ။ (ဘာလို့လဲ ဆိုတော့ အဲဒီ ခွေးပါပီကို အမြဲလော်လီပေါ့(တ်) ကျွေးနေကျမို့ပါ)။ ရန်ကုန်ကို ပြောင်းလာတာ ကြာခဲ့ပေမယ့် အရှေ့(၇)အိမ်၊ အနောက်(၇)အိမ် မရင်းနှီး ဖြစ်ပါဘူး။ မျက်နှာချင်း တန်းနေမိပေမယ့် မိတ်ဆွေအဖြစ်နဲ့ မခင်ဖြစ်ခဲ့ကြတာပါ။ အကြမ်းဖျဉ်း အားဖြင့်တော့ ဒီကောင်မလေးကတော့ တိုက်(-)က၊ ဒီကောင်လေးက ခြံ(-)က ဆိုတာလောက်တော့ သိပါတယ်။ ဒါကတော့ အပြင် လက်တွေ့ဘ၀က ကျွန်တော်ရဲ့ မရင့်ကျက်တဲ့ ပေါင်းသင်း ဆက်ဆံရေး အပိုင်းလေးပါ။
နက်ပေါ်မှာကျတော့ ခင်မင်မိတဲ့ မိတ်ဆွေတွေ အားလုံးအားလုံးကို တစ်ပြေးညီ ရင်းနှီးမိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်မြင်ရင်းနှီးခွင့် မရခဲ့ပေမယ့်လည်း ရင်မှရေးတဲ့ စာတွေ၊ ဖွဲ့သီတဲ့ ကဗျာတွေကို ဖတ်ရင်းနဲ့ စိတ်ထဲစွဲစွဲထင်ထင် ခင်မင်ဖြစ်ခဲ့ပါတယ်။ တင်ပြတဲ့ အကြောင်းအရာတွေ မတူညီပေမယ့် အားလုံးက တစ်စုံတစ်ယောက်ကို သိစေချင်၊ ဖတ်စေချင်တဲ့ ဆန္ဒတော့ ရှိကြမယ်လို့ ထင်မိပါတယ်။ ဒီအထဲမှာမှ ထူးထူးခြားခြား ဘလောဂ့်တစ်ခုမှာ ရည်ရွယ်သူ တစ်ဦးတည်း (တစ်ဦးတည်း) အတွက်ကိုပဲ တစ်စိုက်မတ်မတ် ရေးတဲ့ အိမ်လေးကို ရောက်သွားဖြစ်ခဲ့ပါတယ်။ စာတွေဖြစ်စေ၊ ကဗျာတွေ ဖြစ်စေ သက်ဆိုင်သူ အတွက်သာ ဖြစ်တာကို သိရှိရပါတယ်။ ရေးသမျှ စာတွေ ကဗျာတွေက ညက်ညော ကောင်းမွန်လွန်းတာမို့ မကြာမကြာ သွားဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်ဖြစ်သမျှ စာတွေ၊ ကဗျာတွေထဲမှာ စာရေးသူ ၀မ်းနည်းနေမယ် ထင်ရင် အားရှိအောင် အားပေးမိပါတယ်။ စာရေးသူ ပျော်နေတာတွေ့ရင် အပျော်တွေကို မျှယူ ပျော်မိပါတယ်။ ရိုးရှင်းလွန်းတဲ့ ရိုးရိုးရှင်းရှင်း ဆက်နွယ်မှုရယ်ပါ။
တစ်နေ့ကပါ။ ဖော်ပြခဲ့တဲ့ စာရေးသူရဲ့ ချစ်ရသူ တစ်ဦးတည်းအပေါ် တစ်သီးပုဂ္ဂလ ခံစားချက် သန့်သန့်လေးကို မဆီမဆိုင် ကြားကနေ ကျွန်တော်က ၀င်ပြီး ခါးနာမိခဲ့တဲ့အတွက် အဝေးကနေ့ ခဲနဲ့လှမ်း အထုခံရသလို ခံစားလိုက်ရပါတယ်။ စာရေးသူရဲ့ အတတ်ပညာကို လေးစားပါတယ်။ လုပ်တဲ့ အလုပ်အကိုင် အပေါ်မှာလည်း လေးစားပါတယ်။ ရေးဖွဲ့လေသမျှ စာတွေ ကဗျာတွေကိုလည်း လေးစားပါတယ် လို့ ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ မရင့်ကျက်တဲ့ အမြင်အတွက်၊ သေးသိမ်တဲ့ စိတ်ထား အတွက်နဲ့ (စာရေးသူအစ်မ တစ်ယောက်) စိတ်မကွက်စေချင်တာ အမှန်ပါ။ နစ်နာစေလိုတဲ့ ဆန္ဒအလျဉ်း မရှိခဲ့တာကြောင့် ခွင့်လွှတ် နားလည်ပေးဖို့ တောင်းပန်ပါတယ်။ (စာရေးသူအစ်မ) သိသည် ဖြစ်စေ၊ မသိချင်သည်ဖြစ်စေ ကျွန်တော့်ရဲ့ အပြုအမူအတွက် အနူးအညွတ် တောင်းပန်ပါရစေ။ ကျွန်တော်နားလည် ထားတဲ့ လူမှုဆက်ဆံရေး ချို့ယွင်းမှုကို ကျွန်တော်ကပဲ ပြုပြင်ယူပါ့မယ်လို့ ကတိပေးပါတယ်။ အစ်မရေ .. .. .. ကျေနပ်နိုင်ပါစေ။

Subscribe to:
Posts (Atom)