Showing posts with label အယူခံ. Show all posts
Showing posts with label အယူခံ. Show all posts

Monday, March 9, 2009

သံယောဇဉ်အမျှင် တန်းတယ် .. ..

တိမ်တောက်နေတဲ့ ကောင်းကင်ကို မြင်တော့ ရင်ကို ပိုအိုက်လာစေတယ်။ ဒီလို ပြိုးပြက်တဲ့ အလင်းရောင်ဟာ လွမ်းကျန်ခဲ့တဲ့ ကိုယ့်အဖို့ ဘယ်လိုမှ ခံနိုင်ရည် မရှိဘူးဆိုတာ မင်းလေး ယုံနိုင်မလားပဲ။ မင်းနဲ့ အတူရှိနေခဲ့တဲ့ ခဏတာ အချိန်လေးမှာ ရာသီဥတုလေးက တကယ့်ကို ထာဝရ အိုအေစစ်လေးပါ။ ဒီအချိန်လေးကိုပဲ ဖမ်းဆုပ်ထားနိုင်မယ် ဆိုရင် ကိုယ့်အတွက် အတိုင်းထက် အလွန် ကျေနပ်မှုကို ဖြစ်မစေမှာ အမှန်ပါ။ နွေးနေတဲ့ ရေမှုန်လေးတွေရယ်၊ မြေသင်းရနံ့လေးရယ်၊ တိမ်ကင်းတဲ့ ကောင်းကင်ပြာပြာ ကြီးရယ်က မင်းလေးကို ဒီနွေရက်မှာ ပြောပြ ပါလိမ့်မယ် .. ကိုယ်မင်းကို သံယောဇဉ် ရှိနေတယ် ဆိုတာကိုပါ။

မဟာဆန်တဲ့ မျက်နှာလေးနဲ့ အပြုံးတွေ ဝေနေတဲ့ မင်းလေးကို မျက်စိထဲကနေ မထွက်နိုင်ခဲ့ဘူးလေ။ မင်းလေးရဲ့ ဂုဏ်ပုဒ်တွေက အချစ်ကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း တွေနဲ့ အတူ အမျက်ဒေါသ ကင်းသူလည်း ဖြစ်တယ်။ အလွန်နူးညံ့သိမ်မွေ့ တတ်သူတစ်ဦးဖြစ်ပြီး နှုတ်ထွက် စကားတွေတိုင်းက တစ်ပါးသူအတွက် ပျားသကာလို ချိုမြိန်စေတယ်။ မင်းလေးရဲ့ ဂရုတစိုက် လုပ်ကိုင်ပေးတတ်မှုတွေ အမြဲပဲ တစ်ဘက်လူအပေါ် အကာအကွယ် ပေးတတ်မှုတွေနဲ့ ကျေနပ်မှုတွေကြောင့် လူချစ်လူခင် ပေါများသူဖြစ်တယ်။ ဒါပေမဲ့ လည်း ကိုယ်တိုင်မှာတော့ အမြဲခံစားကျိုးပဲ့ လွယ်တတ်တဲ့  စိုးရိမ်ပူပန်ခြင်းတွေနဲ့  ချစ်စရာ အလွန်ကောင်းသူ တစ်ဦးပါတဲ့။ ဒီလို စိုးရိမ် ကြောင့်ကျစိတ် ကြောင့်ပဲ ကိုယ့်ကို အပြည့်အ၀ မယုံကြည်ခဲ့ တာလေလားပဲနော်။

ကိုယ်မင်းကို လွမ်းတယ်။ နှုတ်ခမ်းနဲ့ လွမ်းတာမဟုတ်ပါဘူး။ ရင်မှာဖြစ်တဲ့ နှလုံးသားနဲ့ လွမ်းတယ် ဆိုတာကို ယုံစေချင်တယ်။ တစ်နေ့နေ့ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မင်းလေးကို စောင့်နေမိတယ်။ မင်းဆီက နူးညံ့တဲ့ အပြုံးတစ်ပွင့်နဲ့အတူ နွေးထွေးတဲ့ လက်တစ်စုံရဲ့ အင်အားကို ကိုယ်တမ်းတ နေမိတယ်။ ကိုယ်ညည်းဖို့ မင်းလေး ပေးထားတဲ့ သီချင်းလေးတွေကို ကောင်းကင်ပေါ် ကြယ်တွေစုံတဲ့ ညမှာ မင်းလေးရှိနေမယ့် နေရာကို ရော်ရည်မှန်းပြီး ညည်းချင်းထပ် နေမိတယ်။ ကိုယ့်သံယောဇဉ်တွေဟာ အဖော်မပါတဲ့ လမ်းမပေါ် ရှင်သန်လျက်ပါ။ အလွမ်းတွေနဲ့ ဝေးစေမယ့် နေရာသစ်ဆီကို ခေါ်သွားနိုင်မယ့် သူဟာ မင်းလေးပဲ ဖြစ်တယ်ဆိုတာ ကိုယ်ယုံကြည်တယ်။

အဖြူသက်သက် ကိုယ့်နှလုံးကို ပုံရိပ်ထင်စေတာ မင်းလေးပဲဆို ယုံမှားသံသယ မဖြစ်မိပါဘူး။ အလတ်ဆတ်ဆုံး နဲ့ အသန့်ရှင်းဆုံး ရင်ခုန်သံတွေကို ပထမဆုံး ဖြစ်ပေါ် စေခဲ့တာလည်း မင်းလေးပဲ ဖြစ်တယ်ဆို ၀န်ခံပါရစေ။ မင်းလေးကို သံယောဇဉ်ရှိ တယ်ဆိုတာကို ကိုယ် အပွင့်လင်းဆုံး ၀န်ခံခဲ့ပါပြီ။ ပကတိ ရိုးသားတဲ့ စကားလုံးတွေရဲ့ နောက်မှာ အစစ်မှန်ဆုံး ရင်ခုန်သံတွေကို မင်လေး မေ့နိုင်မှာလား။ ကိုယ့်ဘ၀မှာ အမြတ်နိုးဆုံး ဆိုတဲ့ နေရာလေးမှာ ရှိနေစေဖို့ ရည်ရွယ်ရင်း၊ မျှော်လင့်ရင်း မင်းလေးနဲ့ ဝေးရမှာ ကြောက်မိတဲ့ ကိုယ့်ရဲ့ စိုးရိမ်စိတ်နဲ့အတူ မင်းလေး ပြောဖို့ကျန်နေသေးတဲ့ စကားလေး တစ်ခွန်းကို စောင့်မျှော်နေလျက်ပါ။






Thursday, December 18, 2008

I am Sorry, တောင်းပန်တယ်

I am Sorry, တောင်းပန်တယ်

စာလာဖတ်တဲ့ မိတ်ဆွေတွေ သက်တောင့် သက်သာနဲ့ ဖတ်နိုင်အောင်လို့ ဘလောဂ့် တင်းပလိပ်ကို ပြင်မိပါတယ်။ တင်းပလိပ် အဟောင်းကလည်း ကြာပြီဆိုတော့ ငြီးငွေ့ လောက်ရောပေါ့ ဆိုပြီး စေတနာနဲ့ပါ။ ပထမပြင်တဲ့ တင်းပလိပ်လေးကို နှစ်သက်ပေမယ့် စာဖတ်ရတာ သိပ်အဆင်မပြေဘူး လို့ သိရပါတယ်။ နောက်ထပ် တင်းပလိပ် ထပ်ရှာပါတယ်။ တစ်ခုပြီး တစ်ခုပေါ့။ စိတ်ကြိုက် တင်းပလိပ် မရခင်မှာ Save Template ကို မှားယွင်း နှိပ်မိရာက နေ အမှားကြီးမှားသွားမှန်း သိရပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ ခုတော့ မချစ်ပေမယ့် အောင့်ကာနမ်း ရတော့မယ့် ပုံပါပဲ။ ကလေးကလား ဆန်တာကို သိနေပေမယ့် နားလည်ခွင့်လွှတ် ပေးနိုင်ပါစေဗျာ။ လောလောဆယ် ဒီတင်းပလိပ်နဲ့ပဲ နှစ်ပါးသွားတော့မယ်။ စိတ်ပင်ပန်း သွားလို့ပါ။

ယူကြုံးမရ ဖြစ်မိတာက ကျွန်တော် တန်ဖိုးထားတဲ့ Link List က သူငယ်ချင်း (၃၀၀) ကျော်နဲ့ Post List က (၁၆၀)ခု တို့အတွက် ပြန်မရ နိုင်တော့ပါဘူး။ အချိန်ယူပြီး ပြန်လည် ဖန်တီးရမှာမို့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို တောင်းပန်တယ်။ တမင် ဖျက်လိုက်တာ မဟုတ်ကြောင်း အသိပေးချင်ပါတယ်။ လေးစားပါတယ်။

Thursday, October 23, 2008

ကျေနပ်ပါတယ်

ကျေနပ်ပါတယ်

တိကျပြတ်သားတဲ့ အဖြေတစ်ခုအတွက် နောင်တဆိုတာ မရချင်တော့ပါဘူး။ သူလေးရဲ့ ခွင့်မလွတ်နိုင်လောက်တဲ့ အပြစ်တွေအတွက် ပေးဆပ်တယ်လို့ပဲ မှတ်ယူပါတယ်။ နောက်ထပ် အဆက်အသွယ် မလုပ်ဖို့ ကျေးဇူးတင်ခံ ပြောလာတဲ့စကား အတွက် ရင်နင့်စွာနဲ့ပဲ ကျေနပ်လိုက်ပါတယ်။ ကိုယ့်ရဲ့ အတွန့်တက်မှုအတွက်နဲ့ သူလေးကို ဆက်ပြီး နာကျင်စေလိုတဲ့ ဆန္ဒအလျဉ်း မရှိတော့ပါဘူး။ ဖြစ်သမျှ ရင်စည်းခံဖို့ ပြင်ဆင်ပြီးသားမို့ ကျေနပ်ပါတယ်လို့ပဲ ပြောပါရစေ။

ချစ်သူတိုင်း ကိုယ့်ချစ်သူဆီကနေ သန့်စင်တဲ့အချစ်၊ ဖြူစင်တဲ့အချစ်၊ အေးမြတဲ့အချစ်၊ စစ်မှန်တဲ့အချစ်ကို ပဲ လိုလားကြတာ သဘာဝပါ။ တောင့်တကြမှာ အမှန်တရားပါ။ ကိုယ်ကသာ ရှုပ်ဗွေချင် ရှုပ်ဗွေလီနေမယ်၊ ကိုယ့်ချစ်သူကိုကျတော့ သန့်ရှင်းစင်ကြယ် နေတာကိုပဲဖြစ်စေချင်တဲ့ လောကကြီးမှာ ကျွန်တော်လဲ အစတေးခံလိုက်ရပါတယ်။ ဒါပေမယ့် ဆုတောင်းလိုက်ပါတယ်။ သူလေးရဲ့ဘဝ ထာဝရလှပလို့ သန့်ရှင်းစင်ကြယ် နိုင်ပါစေလို့ရယ်ပါ။

မျှော်လင့်စရာ မရှိတော့တဲ့ အပြစ်သား တစ်ယောက်အဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ခနဲ့သဲ့သဲ့ စကားလုံးတွေကိုလည်း နဝင်ချိုအောင် နားထောင်နေရပါတယ်။ ရွှဲ့စောင်းစောင်း အပြောအဆို တွေကိုလည်း တေးသွားတစ်ပုဒ်လို ခံယူနေရပါတယ်။ ပြစ်တင်ပုတ်ခတ်တဲ့ ကြိမ်းမောင်းမှုတွေကိုလည်း တုံ့ပြန်မှုကင်းစွာနဲ့ နာယူနေရပါတယ်။ လေးတွဲ့တဲ့ မျက်ရည်စတွေ၊ ဒယိမ်းဒယိုင် အပြုံးတွေနဲ့ ချိုမြတဲ့ ရှက်ရွံ့နာကျင်မှုတွေ ကြားကနေ မင်းနှလုံးသားရဲ့ ပျော့ပျောင်းမှုကို ရှာဖွေနေဆဲပဲဆိုတာ ဝန်ခံပါတယ်။ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အတွေးရိပ်အောက်မှာ မင်းနာမည်ကို တရမ်းရော်ရော် ခေါ်နေမယ်ဆိုတာ သိစေချင်ပါတယ် .. .. ။


Wednesday, October 22, 2008

အပြစ်သား

အပြစ်သား

ကိုယ့်ရဲ့ တစ်သီးပုဂ္ဂလ ပျော်ရွှင်မှု၊ လွတ်လပ်မှုနဲ့ လုပ်ဆောင်မှုတွေဟာ တစ်ဖက်သူကို ထိခိုက်စေမယ်၊ နစ်နာစေမယ်၊ အထူးသဖြင့် ဝမ်းနည်းစေမယ်၊ သံသယတွေ ဖြစ်စေခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ မှန်သမျှကို ပြန်သုံးသပ် ပြုပြင်သွားဖို့ ဝန်မလေးပါဘူး။ အဆုံးစွန်အထိ ကျေနပ်မှုရအောင် အပြုအမူတွေ ပြောင်းလဲပစ်ဖို့ အပြစ်ကို မြင်ပြီးကတည်းက လုပ်ဆောင်မယ်လို့ ကတိအထပ်ထပ် ပေးပါတယ်။ နစ်နာသူလေးရဲ့ " ကျေနပ်တယ် " ဆိုတဲ့ စကားသက်သေ မရရှိသေးသရွေ့တော့ ကိုယ်က အပြစ်ရှိသူ တစ်ယောက် အနေနဲ့ပဲ ဆက်လက်ရှင်သန် နေသွားရမယ့် အပြစ်သား တစ်ယောက်ဆိုတာ နားလည်ပြီးသားပါ။

မမှီနိုင်တဲ့ ပင်မြင့်ပန်းတစ်ပွင့်မို့ ဆွတ်ယူနိုင်ဖို့ အလှမ်းဝေးတာကို နားလည်ပါတယ်။ ချူယူသူမရှိခင်တော့ မလှမ်းမကမ်းကနေ ကိုယ်က ပင်မြင့်ပန်းပိုင်ရှင် ဖြစ်ချင်ပါသေးတယ်။ ဒီအခိုက်အတန့်မှာ ဝတ်ရည်စုပ်တဲ့ ပိတုန်းကိုလည်း ကြည်ဖြူပါတယ်။ ဝတ်ရည်နမ်းမယ့် ပျားကိုလည်း မငြူစူရဲပါဘူး။ နေရောင်အောက်မှာ အဆုံးစွန်ထိ ဖူးပွင့်နေမယ့် မင်းလေးရဲ့ အလှကို တရှိုက်မက်မက်နဲ့ ကြည်နူးစွာ ကြည့်ချင်ပါသေးတယ်။ နားလည် ခံစားခွင့်ပြုပေးပါလို့ တောင်းဆိုပါရစေ။

အချိန်ယူ အရောင်ဆိုးထားတဲ့ ခင်မင်မှုအတွက် အလေးအနက် တန်ဖိုးထားပါတယ်။ ခက်ခဲပေမယ့် လေဟာနယ်ကတစ်ဆင့် ရရှိခဲ့တဲ့ တုံ့ပြန်မှုတွေ အားလုံးအတွက် ရင်နဲ့အမျှ အလေးထားပါတယ်။ မင်းလေးရင်ထဲက အနုတ်လက္ခဏာဆောင်တဲ့ စကားခွန်းတိုင်း အတွက်လည်း ဗွေမယူပါဘဲ ခံယူလိုဆဲပဲ ဖြစ်ပါတယ်။ မှားယွင်းစွာ သာယာခဲ့တဲ့ တဒင်္ဂ ပျော်ရွှင်မှုတွေ အားလုံးအတွက် နားလည်ခွင့်လွှတ်ပေးမယ့် အပြစ်တင် စကားလေးတစ်ခွန်းကို မမှိတ်မသုန် ခံယူဖို့ စောင့်မျှော်နေမယ့် အပြစ်သား ကိုယ်ရယ်ပါ။

စာမဖွဲ့လောက်တဲ့ ကိုယ့်ဘဝ မှိန်မှိန်လေးမှာ တန်ဖိုးအထားရဆုံးအရာ ဆိုလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာနဲ့ သူငယ်ချင်းမိတ်ဆွေတွေပဲဖြစ်တယ်။ ဒီအထဲမှာမှ မင်းလေးသာမရှိတော့ရင် ပျော်ရွှင်မှုဆိုတာလည်း ဆိတ်သုန်းသွားပါမယ်။ မျှော်လင့်ချက်နဲ့ ဆက်လက် အသက်ရှင်ဖို့ဆိုတာလည်း ဖြစ်နိုင်ခြေ နည်းပါမယ်။ မင်းလေးနဲ့အတူ ဘဝတိုက်ပွဲဝင်မယ် ဆိုတဲ့ အတွေးစိတ်ကူးတွေ ဟာလည်း လေထဲမှာပဲ လွှင့်ပျောက်သွားမှာစိုးတယ်။ မင်းလေးသာမရှိတော့ရင် အဓိပ္ပာယ်လည်း မဲ့သွားမှာမို့ ကိုယ့်ဘဝမှာ မင်းလေးရှိမှ ဖြစ်ပါမယ်။ မင်းလေးကို အချိန်တိုင်း လိုအပ်နေတယ်ဆိုတာ ဝန်ခံပါရစေ။ ထောက်ထားစာနာလို့ နှစ်လိုဖွယ်စိတ်ထားနဲ့ အပြစ်က လွတ်မြောက်ခွင့်ပြုပါလို့ .. ..