Thursday, May 29, 2008

အရှုံးသင်္ကေတ

အရှုံးသင်္ကေတ

ပြိုင်သည်
နိုင်မည် ထင်မှတ်။
ရှုံးသည်
မနိုင်သည့်ဖြစ်ရပ်။

ငါက
အတ္တကို အခြေခံ ကျော်လွှားရန်ကြံ၏။
သူက
ပရကို အခြေခံ ကူညီသွားရန်။

ငါက
ဘ၀မာန၊ အာဃာတနဲ့ မစ္ဆရိယ မွမ်းမံ တုပရန်။
သူက
ဘ၀မမေ့ သိမ်မွေ့ကြင်နာ မေတ္တာဝန်းရံ သစ္စာပန်
ရှင်သန် မြင့်မြတ် ပြုံးတကား။

ငါက
ဘ၀မေ့ထား တရားလက်လွတ်
ငှက်တောင်ကျွတ်သို့
တုလွှတ် ဖက်ပြိုင်
မနိုင် .... ငါပဲရှုံးတကား . . . ။ ။
(ခြိမ့်နိုင်)

ကွာကွာ မားမား Web ကမ္ဘာ (၁၀)


w3.health.com
ကျန်းမာရေးနှင့် ဘ၀သာယာချမ်းမြေ့ရေးဆိုင်ရာ မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။ အဓိကပရိသတ်မှာ အမျိုးသမီးနှင့် အိမ်ထောင်ရှင်များဖြစ်သည်။ ဆေးပညာနှင့်ပတ်သတ်ပြီး မျက်စိနောက်ေ၀၀ါး သွားစေလောက်အောင် သတင်းများ၊ တွေ့ရှိချက်အသစ်များ၊ သူတေသနရလဒ် အထူးအဆန်းများ၊ အဆက်မပြတ် ပေါ်ထွက်နေသော အင်တာနက်ခေတ်တွင် Health ၏သမာသမတ်ကျ၍ ပရော်ဖက်ရှင်နယ်ဆန်သော ရပ်တည်ချက်ကြောင့် အများ၏ ယုံကြည်ကိုးစားခြင်းကို ခံရခြင်းဖြစ်တယ်။ ဆိုက်တွင် အမေးအဖြေကဏ္ဍ၊ အဟာရအကြံပေးကဏ္ဍ၊ ရာသီဥတုအလိုက် အကြံပေးကဏ္ဍ၊ အသားအရေထိန်းသိမ်းရေး စိတ်ဓာတ်ကျန်းမာရေး စတဲ့ကဏ္ဍပေါင်းစုံ ပါဝင်သည်။ e-News Letters များပေးပို့ပေးတယ်။ ကျန်းမာရေးနှင့် အလှအပရေးရာ လိုက်စားတဲ့ သူငယ်ချင်းများ အတွက် ပုံမှန် ၀င်ရောက် ကြည့်ရှုသင့်ပါတယ်။

ကွာကွာ မားမား Web ကမ္ဘာ (၉)


W3.electronic.com
အီလက်ထရောနစ်ပစ္စည်းများကို စိတ်ဝင်စားတဲ့ အွန်လိုင်းပရိသတ်များ အားကိုး အားထားပြုနိုင်တဲ့ ဆိုက်ဖြစ်တယ်။ ဒီဂျစ်တယ်ကင်မရာ၊ ဗီဒီယိုကင်မရာ၊ iPod စတဲ့ အိပ်ဆောင် media player များ၊ တီဗီအမျိုးမျိုး၊ ဒီဗီဒီပလေယာ၊ မော်တော်ယာဉ်သုံး ဖျော်ဖြေရေးပစ္စည်းများ စသည့် အီလက်ထရောနစ်ပစ္စည်းမျိုးစုံနှင့် ပတ်သက် သည့် အချက်အလက်များ၊ ဈေးနှုန်းများ၊ မော်ဒယ်များ ၀ယ်ယူရရှိနိုင်တဲ့ နေရာတွေကို ဖော်ပြထားတယ်။ ထို့အပြင် အီလက်ထရောနစ် အစိတ်အပိုင်း ထုတ်လုပ်သူများရဲ့ ဆိုက်များကိုလည်း ဗဟုသုတရဖွယ် တင်ပြထား ပါတယ်။

Monday, May 26, 2008

ရင်ထဲမှာနာ

ရင်ထဲမှာနာ

အချစ်ဟာ သစ္စာရှိပြီးသား။
ပွေလီခြင်း
သွေဖည်ခြင်း
ငွေသွင်းငွေထုတ်
သူ့အလုပ်မရှိ။

အချစ်ဟာမေတ္တာရှိပြီးသား။
ငလျင်မဟုတ်
လိုင်းမဟုတ်
လှုပ်ခုန်သော်ငြား
အဖျက်အားမရှိ။

အချစ်ဟာ သိက္ခာရှိပြီးသား။
ကောက်ရိုးမီးစွဲ
လေပွေဝဲလို
သဲသဲမလှုပ်
ကျောက်ရုပ်ပမာ တောင်မဟာလို။

အချစ်ဟာ အဆင်တန်ဆာမလို။
နဂိုယဉ်
သဘောဖြူအူစင်း
ရွှေလိုဝင်းပြီးသား။

ခုတော့
အချစ်ဆိုတာ
ကြုံရာကျပန်း ၊ ရူးနမ်းနမ်းနဲ့
လိုက်တမ်းပြေးတမ်း ၊ ဓားပြဖမ်းသလို
ရမ်းသန်းမှန်းသန်း ၊ လေဒန်းစီးသူ
လူညံ့လူရှော် ၊ မသူတော်တို့
တော်သလိုပြင် ၊ စင်ပေါ်တင်တဲ့
ဖိုးသင်းမျောက်လို ဖြစ်ခဲ့ပြီ ။ ။
(အောင်သင်းနီ)

ကွာကွာ မားမား Web ကမ္ဘာ (၈)


W3.branshawfoundation.com
လူသားမျိုးနွယ်စုကြီး လျှောက်လှမ်းခဲ့ရတဲ့ သမိုင်းကို အစမှနေ ဖော်ပြထားတဲ့ ဆိုက်ဖြစ်တယ်။ Interactive မြေပုံများကတစ်ဆင့် လူသားစတင်ပေါက်ဖွားသောနေရာများ၊ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်း အခြေစိုက်ရာ လမ်းကြောင်းများကို ကြည့်ရှုနိုင်တယ်။ လူစတင်ဖြစ်ပွားရာ အရှေ့အာဖရိကမှ အရှေ့အလယ်ပိုင်း၊ အာရှ၊ သမုဒ္ဒရာဒေသများ၊ ဥရောပနှင့် အမေရိကသို့သို့ တဖြည်းဖြည်းချင်း ပြန့်နှံ့ ရောက်ရှိသွားပုံကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။ မနုဿဗေဒသမိုင်းကို လေ့လာလိုသူ ကလေး၊ လူကြီး မည်သူမဆို အထုပ်တစ်ထုပ်ပြင်ပြီး ရှေးပဝေဿနီမှ ဘိုးဘွားဘီဘင်များ ဟိုဟိုသည်သည် ပြောင်းရွှေ့အခြေစိုက်ခဲ့သော လမ်းကြောင်းများကို လိုက်လံ ကြည့်ရှုနိုင်သည်။ ဆိုက်တွင် ကမ္ဘာ့ရာသီဥတုအခြေအနေ၊ မောင့်တိုဘာကဲ့သို့ မီးတောင်ပေါက်ကွဲမှု၊ Mitochondrial DNA ၏အရေးပါမှု စသည်တို့ကို ရှင်းပြထားသည့်အပြင် Clovis-first အငြင်းအခုံကိစ္စကဲ့သို့ မနုဿဗေဒသမိုင်း ဆိုင်ရာပြဿနာများကို သာမန်လူနားလည်နိုင်စေရန် ဖော်ပြထားသည်။ ထို့အပြင် ရှေးဦး လူသားများ၏ အနုပညာလက်ရာများနှင့် ပန်းချီ၊ အမဲလိုက်ရာနှင့် စိုက်ပျိုးရေးသုံး တန်ဆာပလာများကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ကွာကွာ မားမား Web ကမ္ဘာ (၇)


W3.webhostmagazine.com
Web Host လုပ်ပေးကြတဲ့ ကုမ္ပဏီတွေဟာ နေ့စဉ်လိုလို ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတယ်ဆိုတာ သိကြမှာပါ။ ဒါကြောင့် သင့်ရဲ့ host ဟာ ကွန်ရက်ပေါ်မှာ ရှိသေးလားဆိုတာ ဘယ်လိုသိနိုင်မလဲ။ Web host magazine နဲ့ Buyer ရဲ့ Guide Site တို့မှာ host တွေရဲ့ အကြောင်းအရာ အသေးစိတ်လေ့လာနိုင်ပါတယ်။ အခမဲ့၊ ဘဏ္ဍာရေး၊ ကျသင့်တဲ့နှုန်းထား စတဲ့ အမျိုးအစားတွေအလိုက် host တွေကို အကြောင်းအရာ ခွဲပြီး တင်ပေးထားပါတယ်။ ကွန်ရက်ပေါ်မှာ မရှိတော့တဲ့ host တွေကနေ ရှောင်ရှားနိုင်ဖို့ အကူအညီပေးနိုင်တဲ့ tip တွေကိုလည်း ဖော်ပြပေးထားပါတယ်။

ကွာကွာ မားမား Web ကမ္ဘာ (၆)


W3.group.yahoo.com
ကမ္ဘာအနှံ့လူတွေနဲ့ အုပ်စုဖွဲ့ လုပ်ကိုင်နိုင်ပြီဖြစ်လို့ ကမ္ဘာကြီးက ကျဉ်းလှတယ်၊ ကမ္ဘာ့ရွာကလေးလို့ တောင် ဆိုနိုင်ပါတယ်။ Yahoo group မှာဆိုရင် အဖွဲ့ဝင်အဖြစ် ၀င်ရောက်နိုင်တဲ့ group တွေ အများအပြား ပေးအပ်ထား ပါတယ်။ ကိုယ်ပိုင် group တစ်ခုဖန်တီးပြီး အဖွဲ့ဝင်များကို ဖိတ်ခေါ်နိုင်ခွင့်လည်း ပေးထားပါတယ်။ တစ်ဦး တစ်ယောက်ရဲ့ e-Mail Message တွေကနေ တင်ပေးထားတာတွေ ဖတ်ရှုခြင်း၊ နေ့စဉ် e-Mail အနှစ်ချုပ်များ ဖတ်ရှုခြင်း စတာတွေကို Yahoo site မှာ ပြုလုပ်နိုင်ပါတယ်။ သူငယ်ချင်းတို့ စိတ်ဝင်စားမယ်ဆိုရင် ….။

Tuesday, May 20, 2008

အိပ်မက်ကဗျာ

ငါ .....
ငါကဗျာဆရာ
အိပ်မက်ထဲမှာ
ကဗျာတစ်ပုဒ် စပ်ဖြစ်တယ်။

ကောင်းလိုက်တဲ့ငါ့ကဗျာ
အိပ်ရာကထရင် ရေးမယ်လို့
တကယ်ရေးချခါမှ
ကဗျာလည်း မမှတ်မိ . .
ကာရန်လည်း မသိ . .
အတွေးလည်း မရှိတော့ . .

အတွေးနဲ့ကဗျာရေးဖို့
ကဗျာအတွက် ကာရန်ရှာ
ဘယ်မှာလဲ . . . ကာရန်
ဘယ်မှာလဲ . . . ကဗျာ
ဘယ်မှာလဲ . . . အတွေး
အိပ်မက်လေးရယ် ကယ်ပါဦး . . ။ ။
(ဖိုးရန်နိုင်)

ကိုယ်ကျင့်တရား





ကိုယ်ကျင့်တရား
The way to Nobility

1. To do good
All action of physical affairs done by oneself, must be good deed without mischief-making for oneself and the others.
၁။ ကောင်းစွာပြုလုပ်ပါ
မိမိကိုယ်တိုင် ပြုလုပ်အပ်သော ကိုယ်မှုရေးရာ အပြုအမူအားလုံးသည် မိမိအကျိုး သူတစ်ပါးအကျိုးကို မပျက်ပြားစေသော ကောင်းသော ပြုလုပ်ဆောင်ရွက်ချက်သာ ဖြစ်ရမည်။

2. To speak good
All word of mouthly affairs spoken by oneself, must be good speech without mischief-making for oneself and the others.
၂။ ကောင်းစွာပြောဆိုပါ
မိမိကိုယ်တိုင်ပြောဆိုသော နှုတ်မှုရေးရာ စကားအားလုံးသည် မိမိအကျိုး၊ သူတစ်ပါး အကျိုးကို မပျက်ပြားစေသော ကောင်းသော ပြောဆိုချက်သာ ဖြစ်ရမည်။

3. To intend good
All thought of mental affairs intended by oneself, must be good intention without mischief-making for oneself and the others.
၃။ ကောင်းစွာကြံစည်ပါ
မိမိကိုယ်တိုင် ကြံစည်အပ်သော စိတ်မှုရေးရာ အကြံအစည်အားလုံးသည် မိမိအကျိုး၊ သူတစ်ပါးအကျိုးကို မပျက်ပြားစေသော ကောင်းသော အကြံအစည်မျိုးသာ ဖြစ်ရမည်။

Friday, May 16, 2008

သမိုင်းဝင်ခုနှစ်များနှင့် ကြီးမားသည့်ဖြစ်ရပ်များ

သမိုင်းဝင်ခုနှစ်များနှင့် ကြီးမားသည့် ဖြစ်ရပ်များ
( Internet revolutions )

1969
US ကာကွယ်ရေးဝန်ကြီးဌာနက အင်တာနက်ရဲ့ ရှေ့ပြေးဖြစ်သည့် ARPANNET ကို ပြင်ဆင်ခဲ့သည်။ ကွန်ပျူတာတစ်လုံးမှ အချက်အလက် အရင်းအမြစ်များကို အဝေး ကွန်ပျူတာဌာနမှ ချိတ်ဆက်သုံးစွဲနိုင်စေသည်။ ကွန်ရက်များအား UCIA, Standard Research Institute, The University of California, Santa Barbara နဲ့ The University of Utah တို့မှာ တည်ဆောက်ခဲ့သည်။

1972
Larry Roberts က ရေးနိုင်၊ ဖတ်နိုင်၊ ပို့နိုင်၊ တုန့်ပြန်နိုင်သည့် e-Mail Program ကို ရေးသားနိုင်ခဲ့သည်။

1974
အင်တာနက်ရဲ့ ဖခင်ကြီးများလို့ ပြောရမယ့် Vint Cers နဲ့ Bob Kahn တို့သည် အင်တာနက်ဆက်သွယ်မှုအတွက် အခြေခံ Protocol (TCP) စံကို သတ်မှတ်လိုက် သည့်အကြောင်း A protocol for Packet Network Interconnection ခေါင်းစဉ်ဖြင့် ထုတ်ဖော်ကြေညာခဲ့သည်။

1982
TCP/IP ကို အင်တာနက်ရဲ့ အခြေခံ Protocol အဖြစ် စံချိန် စံညွှန်းမီမီ စနစ်ကျကျ တည်ဆောက်ခဲ့သည်။ အင်တာနက်ကို နိုင်ငံတကာကွန်ရက်များရဲ့ တစ်ခုတည်း သော ကျွန်ရက်အဖြစ် သတ်မှတ်ခဲ့သည်။

1984
Domain Name System (DNS) ကို စတင်မိတ်ဆက်ခဲ့သည်။ ပထမဆုံးအကြိမ် အင်တာနက်အပေါ်မှာ အလုပ်လုပ်ကြတဲ့ Host Computer အရေအတွက်က ၁၀၀၀ ဖြစ်သည်။

1986
56 Kbs အမြန်နှုန်းရှိ NSNET backbone ကို ဖန်တီးခဲ့သည်။

1988
ကွန်ပျူတာသိပ္ပံကျောင်းသား ဖြစ်တဲ့ Rebord Morris က Worm တစ်ကောင်ကို ထုတ်မွေးလိုက်ပြီး အင်တာနက်တစ်ခုလုံးကို ခလောက်ဆန်စေခဲ့သည်။

1990
World.std.com သည် ပထမဦးဆုံးသော dial up access ရောင်းချသူဖြစ်လာ သည်။

1991
World Wide Web သည် Tim Bemers Lee ဆိုသူကြောင့် တိုးတက်ဖွံ့ဖြိုး လာသည်။

1993
Www.whitehouse.gov အမည်ဖြင့် အိမ်ဖြူတော်ရဲ့ အင်တာနက် Web Address ဖြစ်လာသည်။ သမ္မတကြီးရဲ့ e-Mail လိပ်စာကတော့ President@whitehouse.gov ဖြစ်သည်။

1994
Stan Ford မှဘွဲ့ရကျောင်းသားများဖြစ်သည့် Dacid Filo နဲ့ Jery Yang တို့က Yahoo ကိုစတင် တည်ထောင်ခဲ့သည်။

1995
အွန်လိုင်းလေလံဝက်ဘ်ဆိုက် eBay ကို Auctionweb အမည်ဖြင့် စတင်တည်ထောင် သည်။ ၁၉၉၇ ခုနှစ်လောက်မှာ ebay အမည်ဖြင့် ပြောင်းလဲ ရပ်တည်ခဲ့သည်။

1996
Google သည် Stanford တက္ကသိုလ်မှ Ph.D ကျောင်းသားများရဲ့ သုတေသန စီမံကိန်းအနေနဲ့ ရှိနေပါပြီ။

1997
Webblog နဲ့ Blog ရဲ့ အခေါ်အဝေါ် စတင်သုံးစွဲနေပြီး Blog ရဲ့ခေတ်က အစပြုလာ သည်။

1999
အင်တာနက်ကိုကျော်လွန်ပြီး လူတစ်ဦး တစ်ယောက်ရဲ့ ဂီတသံစဉ်တွေကို အခြား တစ်ယောက်ကို မျှဝေခံစားစေနိုင်တဲ့ File Sharing Software ဖြစ်သည့် Napster ထွက်ပေါ်လာသည်။

2000
မြန်နှုန်းမြင့် Internet 2 backbone သည် မျိုးဆက်သစ် IP စံချိန်စံညွှန်းဖြစ်သည့် IPv6 အပေါ် ဖြန့်ကျက်လုပ်ဆောင်လာသည်။

2001
Worms နဲ့ Virus တွေရဲ့ အန္တရာယ်က ပိုတိုးလို့ ကြီးထွားလာသည်။ နာမည်ကျော် Code Red Worm နဲ့ Sircm Virus တို့ဟာ ကမ္ဘာတစ်လွှား စီးပွားရေးလုပ်ငန်းများနှင့် လူတော်တော်များများကို ထိခိုက်နစ်နာစေပြီး အင်တာနက်ဆက်သွယ်မှု ကွန်ရက်ကို ဗြောင်းဆန်စေခဲ့သည်။

2004
အွန်လိုင်းသုံးစွဲမှုသည် ၁၁၇ ဘီလျံအထိ တိုးတက်လာပြီး ၂၀၀၃ ခုနှစ်ထက် ၂၆ % တိုးတက်လာသည်။

2005
January လမှာ အွန်လိုင်းစွယ်စုံကျမ်းကြီးဖြစ်သည့် Wikipedia (www.wikipedia.com) အပေါ်မှာ ဆောင်းပါးပေါင်း ကိုးသန်းခန့်ရှိသည်။

2006
Voice over Internet Protocol (VoIP) စနစ်သုံး အင်တာနက်အတွင်း ဖုန်းဆက်သွယ်မှုမှာ ကမ္ဘာတစ်ဝန်းလုံးက လူထုအကြား ရေပန်းစားခဲ့သည်။

Thursday, May 15, 2008

စိတ်ဓား

စိတ်ဓား

လက်ဖြင့်ရေး၏
ရေးလိုက်သည့်စာ၊ မညီညာ
တုန်ခါယိုင်နဲ့ နေပြီပေါ့။

ခြေဖြင့်လျှောက်၏
လျှောက်သည့်ခြေလှမ်း ၊ မဖြောင့်တန်း
ဘယ်ညာယိမ်းဆွဲ လွဲပြီပေါ့။

မြင်အောင်ကြည့်လည်း
မျက်စိဝိုးဝါး ၊ မကွဲပြား
မှုန်မွှားဝေသီ မှိုင်းပြီပေါ့။

ခန္ဓာရုပ်ပိုင်း
အရွယ်ဟိုင်းလို့ ၊ ထင်တိုင်းမရ
ဆန္ဒလိုရင်း ၊ ရုပ်ကငြင်းပေါ့
အိုမင်းမစွမ်း တော့တာလား။

စိတ်ကိုခိုင်းလို့
စိတ်တိုင်းမကျ ၊ ငါဖြစ်ရဟု
ကျစိတ်မွေးလို့ မဖြစ်သေး
စိတ်ကိုအရ အားတင်းပေး
စိတ်အရေးကြီးတယ် ကိုယ့်လူရေ . . . ။

အေး . . .
အဲဒီစိတ်ကလေး
မွေး . . မွေး . . မွေး . .
အားလိုလည်းမွေး ၊ ဓားလိုသွေးဟ
သွေးနိုင်သမျှ ၊ မြည့်ပါမှ
စိတ်ကခွန်အား ၊ ရှေ့ဆောင်သွားမယ်
စိတ်ဓားတုံးရင် ရှုံးပြီမှတ် .. ။ ။
(မြေလတ်မောင်မြင့်သူ)

Wednesday, May 14, 2008

မုန်တိုင်းဒဏ်ခံ ဒေသများသို့


မရွှေပြည်သူ ထံမှတစ်ဆင့် ကူးယူဖော်ပြပါသည်။

ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် သတိပြုသင့်သည့်အချက်များ


** အမှန်တကယ် အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိဘဲနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာအား မသွားပါနှင့်။
** အမြဲတမ်း သတိရှိပါ။ (လှေစီးလျင် မီးကြိုးများ ရေထဲထိနေခြင်း ရှိမရှိစသည်။)
** ရေကြီးနေသည့် အဆောက်အဦးများအတွင်းသို့ အန္တရာယ်ရှိသည်ဟု ထင်လျှင် လုံးဝ မ၀င်ပါနှင့်။
** ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ဘဲနှင့် လုံးဝ မသွားပါနှင့်။ ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ များအတွင်းသို့ပင် ရောဂါပိုးဝင်ရောက်နိုင်ပါသည်။
ရေစီးကြောင်းများ၏ အနက်နှင့် ရေစီးအရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်း များအတွင်း ကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။
** တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။ ခြံစည်းရိုးအစရှိသည် နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။
______________________________________________________________
အစားအသောက် ပေးလှူလိုသည်ဆိုလျှင် အောက်ပါအချက်များအား စဉ်းစားပါ။


** ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန်မလိုသော အစားအသောက်များ
** လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
** ကယ်လိုရီနှင့် ပရိုတိန်း များများပါသော အစားအစာများ
** ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ

(ဥပမာပေးထားသည့် အစားအစာများမှာ - စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင်များစွာပါသော အစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွပ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှု လျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစားထိုး ဆေးပြားများကိုလည်း ပေးပို့နိုင်ပါသည်။)
______________________________________________________________
ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။


** စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများအား ချေဖျက်ရန် ရေဓာတ်များစွာ လိုအပ်ပါသည်။
** ပုလင်းသွတ်ထားသည့် အစားအစာများ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်။)
** အစေ့မှရသည့် အစားအစာများ (ဆန်နှင့်ပဲအစရှိသည်)
** သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသူများအနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။
______________________________________________________________
အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။


** နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။ အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
** အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
** ကွတ်ကီးနှင့် ဘီစကစ်အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
** ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက်စားသုံးနိုင်သည့် အစားအစာများအား လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
** လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁) ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။
______________________________________________________________
ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ

** ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံး အောက်ပါပစ္စည်းများ လိုအပ်ပါသည်။

*** အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
*** ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
*** ကလိုရင်း ဆေးရည်
*** ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
*** အိမ်သာသုံးစက္ကူ
*** အိမ်သာဘယ်လိုဆောက်မလဲ - ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ်အိတ် ခံကာ အခင်းသွားပါ။ အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံး အပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန်အစရှိသည်တို့နှင့် ဝေးရာတွင် စွန့်ပစ်ရန်သတိပြုပါ။
______________________________________________________________

ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများ ရှာဖွေရန် လိုအပ်ပါသည်။



ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ -


** အရက်ပျံနှင့် ပွတ်သပ်သန့်စင်ခြင်း
** အရက်ပျံပါသည့်လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
** ရေပတ်တိုက်ခြင်း
** Towelette များ အသုံးပြုသန့်စင်ခြင်း
** မျက်နှာလိမ်းသည့်ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
** စပရေးဘူးများအတွင်းသို့ ရေထည့်ကာ ပက်ဖြန်းရေချိုးခြင်း တို့ဖြစ်သည်။

Tuesday, May 13, 2008

လမင်းနှင့် ခင်








ပွင့်ငုံဖူးစ ၊ ပန်းအလှသို့
ယုယချစ်ဖွယ် ၊ ခင့်သားငယ်သည်
ရင်ဝယ်မှေးစက် နေသတည်း ။

ကြည်ကြည်သာသာ ၊ သားမျက်နှာကို
ခင့်မှာငုံ့ကြည့် ၊ ချမ်းမြေ့ဘိသည်
ပီတိ ဖြစ်လျက် နေသတည်း။

ပျိုစဉ်ခါက ၊ ခင့်ရူပသည်
အလှ အဆင် ၊ နုရုံပင်တည့်
အသွင်ထူးခြား ၊ မရှိငြားလည်း
ခုကားကြည်သာ ၊ သူ့မျက်နှာမှာ
ထိန်ဝါ လမင်း ထွန်းလေပြီ ။ ။
(မင်းယုဝေ)

Thursday, May 8, 2008

မိခင်များသို့ . . .

















ချမ်းသာ၊ ဆင်းရဲ အလှမ်းကွာလည်း
ဘာသာမတူ အယူကွဲပြား လူမျိုးခြားလည်း
အားလုံးသော မိခင် ကျေးဇူးရှင်တို့
အသွင်ခြားနားခြင်း အလျင်းမရှိ . . . ။

မိခင်များ၏ မြတ်မေတ္တာသည်
လမင်းပမာ ကြည်သာလှပါဘိ၊

မိခင်များ၏ ဂရုဏာသည်
ရွာသွန်းမိုးပမာ အေးမြလှပါဘိ၊

မိခင်များ၏ စေတနာသည်
ပင်လယ်သမျှ ကျယ်ပြောလှပါဘိ၊

မိခင်များ၏ အားမာန်သည်
ကျောက်ဆောင်သဖွယ် မာကျောလှပါဘိ၊

မြတ်သောမိခင် အို...မိခင်များကို
ကြည်ညိုညွှတ်နူး မြတ်နိုးပိုလျက်
ဦးခိုက် ပူဇော် ပါ၏ . . . . ။ ။

(မေလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့မှာ ကျရောက်မယ့်
Mother's Day ကိုကြိုဆို၊ ဂုဏ်ပြုပါသည်။
မွေးမိခင်နှင့် မြင့်မြတ်သော မိခင်တိုင်းအတွက် ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။)

ကျွန်တော်ကျောင်းသားဘ၀ (၁၃)

ကျိုင်းတုံသို့ အိမ်ပြန်ခရီး…
မနက်(၈)နာရီကတည်းက ကားထွက်မယ့်အိမ်ကနေစောင့်တာ မွန်းလွဲမှ စထွက်ဖြစ်တယ်။ တာချီလိတ်မြို့အထွက် ရဲဂိတ်ကင်းရောက်တော့ ခေတ်စကားအရပြောရရင် “ရစ်” နေတာနဲ့ အချိန်တော်တော်ကြာ သွားတယ်။ သူတို့ပြောစကားအရ တင်လာတဲ့ သွပ်ကတရားမ၀င်ဘူး၊ ဟင်းချိုမှုန့်က တရားမ၀င်ဘူး၊ ဘိလပ်မြေအိတ်တွေက တရားမ၀င်ဘူးနဲ့ နောက်ဆုံး ခေတ်စကားအရပြောရရင် “ရစ်” နေရင် “ညှိ”လိုက်၊ ဒါဆို အဆင်ပြေသွားမယ်။ ဒါနဲ့ “ညှိ”လိုက်တယ်။

စီးလာတဲ့ GMC ကားကအတော့်ကို အင်ဂျင်ကောင်းပါတယ်။ သင်္ကြန်ပြီးစ မိုးတွေရွာထားတဲ့ လမ်းမှာ တင်ထားတဲ့ကုန်နဲ့ မမျှရုန်းနိုင် တယ်။ အဲဒီနေ့ တာချီလိတ်နဲ့ မိုင်(၂၀)ကျော်လောက်ဝေးတဲ့ တာလေမြို့ မှာညအိပ်တယ်။ မိုးချုပ်မှရောက်တာဖြစ်လို့ ပတ်ဝန်းကျင်လေ့လာဖို့ မဖြစ်နိုင်ဘူး။ တစ်မြို့လုံး မှောင်နဲ့မဲမဲပါ။ စားသောက်ဆိုင်လေးလောက် သာ အောက်လင်းမီးထွန်းလို့ လင်းထိန်နေတာ။ အဲဒီည စားသောက်ဆိုင် ရှေ့ကထင်းပုံပေါ်မှာ မှေးတစ်လှည့် နိုးတစ်ခါ အိပ်ခဏနဲ့ အရုဏ်ကျင်း မိုးသောက်တော့ ခရီးထွက်ဖို့ ပြင်ဆင်ကြတယ်။ ဒီမှာက ယမ်ယမ် ခေါက်ဆွဲထုတ်ပြုတ်က မင်းသားပဲ သူမပါရင်မပြီးဘူး။

လမ်းတစ်လျှောက်လုံး မျက်စိပသာဒကျစရာ ဘာမှ မရှိပါဘူး။ တစ်ဘက်က ကမ်းပါးယံအမြင့်ကြီး၊ တစ်ဘက်က ချောက်ကမ်းပါး၊ ချောက်ကမ်းပါးအောက်က ရေအလျင်စီးတဲ့အသံက ကြောက်စရာပါ။
ပစ္စည်းအပြည့်တင်ပြီး မိုးကာအလုံအုပ်ထားတဲ့ ကားခေါင်မိုးပေါ် ကိုင်စရာ ဆိုလို့ မိုးကာကို ချည်ထားတဲ့ ကြိုးကိုပဲ မြဲမြဲကိုင်ထားရတယ်။ မငိုက်ရဲဘူး။ လမ်းဘေးသစ်ကိုင်း ရိုက်ပြီး ပြုတ်ကျမှာကတစ်ကြောင်း၊ လမ်းချော်ပြီး ချောက်ထဲကျမှာကြောက်တာက တစ်ကြောင်းမို့ သမ္ဗုဒ္ဓေ ဂါထာကို အကြိမ်ကြိမ်ရွတ်ပြီး နိုးနိုးကြားကြားနဲ့ လိုက်ခဲ့ရတယ်။ ကားဆရာရဲ့ ကားမောင်းကျွမ်းကျင်မှု၊ ကားရဲ့ ကြံ့ခိုင်မှုတို့ကြောင့် မိုင်းဖြတ်မြို့ကို ညနေ ၆ နာရီလောက် ရောက်တယ်။

Wednesday, May 7, 2008

အိမ်ရှေ့က ခုံတန်းလေး

အိမ်ရှေ့က ခုံတန်းလေး

သစ်အဟောင်းကလေးနဲ့
ဖြစ်သလို ဆောက်ထားခဲ့တာပါ။

ဒါပေမဲ့
အချိန်တန်ရင်
မထိုင်ရ မနေနိုင်ဘူး။

နေ၀င်သွားပြီဆိုရင်
အိမ်ရှေ့က ခုံတန်းလျားမှာ
လူငယ်တွေစုစည်း
ခေတ်ကြီးကို တည်းဖြတ်
ဇာတ်လမ်းတွေကို ထုဆစ်
အဖြစ်အပျက်တွေကို မော်ကွန်းရေး
လူဖြစ်ခြင်းကို ချစ်တဲ့တေးတွေ
သီကြွေးခဲ့ကြတယ်။

ဆောင်းတွင်းမနက်တွေဆို နေပူဆာလှုံကြ
အိမ်နီးနားချင်းတွေစုပြီး စကားပြောကြ
ရွာရေး ရပ်ရေးတွေ တိုင်ပင်ကြ
ခုံတန်းလျားလေးဟာ အားလုံးရဲ့ ဗဟိုချက်မ။

သစ်အဟောင်းကလေးနဲ့
ဖြစ်သလိုဆောက်ထားပေမဲ့ . .
အိမ်ရှေ့က ခုံတန်းလျားလေးဟာ
တို့တစ်တွေရဲ့ အနာဂတ်လမ်းစ . . . ။ ။
(သက်လွင်နှင်း)

ကျွန်တော်ကျောင်းသားဘ၀ (၁၂)

နွေရာသီကျောင်းပိတ်ရက်က ကလေးဘ၀အတွက် ပျော်စရာအတိပါ။
သင်္ကြန်ပြီးသွားတော့လည်း အိမ်ကို ကပ်တယ်ရယ်လို့မရှိပါဘူး။
သူငယ်ချင်းတွေက ရဲကုန်းပေါ်က များတယ်။ ရဲလိုင်းထဲကို ခဏခဏ ရောက်ဖြစ်တယ်။ အ၀င်ဝက လုံးချင်းတိုက်မှာ ကျွန်တော်တို့နဲ့ တစ်တန်းတည်း တက်နေတဲ့ ဆုရည်ဆိုတဲ့ ကောင်းမလေးရှိတယ်။ သူ့အဖေက ရဲမှူးလား၊ စခန်းမှူးလားတော့မသိဘူး။ နှုတ်မဆက်ရဲ ပါဘူး။ သူ့အဖေက အရာရှိကြီး ဆိုတော့ နှစ်လုံးပြူးနဲ့ အပစ်ခံရမှာ ကြောက်တယ်။ လိုင်းထဲက သူငယ်ချင်းတွေနဲ့အတူ ရဲကုန်းအနောက် ကတောထဲသွားကြတယ်။ ဓားကိုယ်စီနဲ့ပါ။ ဘာခုတ်ကြသလဲဆိုတော့ တံမြက်စည်းပင်တွေပါ။ ခုတ်နိုင်သလောက်ခုတ်ပြီး မလှမ်းမကမ်းမှာ အခြောက်လှမ်းတယ်။ နောက် မယ်ဆိုင်ချောင်းထဲ ငါးမိုင်းခွဲတယ်။ မိုင်းခွဲတော့ ငါးတွေနားအူပြီး မူးကုန်ရော။ ဒါနဲ့ အလွယ်တကူ ငါးတွေဖမ်းကြတယ်။ ယိုးဒယားငါးတွေက ငွေရောင်တစ်လက်လက် နဲ့ပါ။ အရသာသိပ်မရှိပါဘူး။ ပြန်စဉ်းစားရင် ငါးမိုင်းခွဲတာ အန္တရာယ် တော်တော်များပါတယ်။ လူကြီးတွေကလည်း မပါဘူးလေ။ မိုင်းကလည်း out of date ဖြစ်နေတယ်။ မိုင်းခွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဟိုဘက်ကမ်း ဒေသခံတွေ အ၀တ်လျှော် ရေချိုး နေကြတယ်။ ပြဿနာရှာရင် ကျွန်တော်တို့က ကလေးတွေပဲ ရှိတယ်။ အဲဒီနား တစ်ဝိုက်မှာ နေတဲ့တိုင်းရင်းသားတွေက ကျွန်တော်တို့ ကျိုင်းတုံဘက်က “အခါ”လူမျိုးတွေပါ။ ယိုးဒယားအခါလူမျိုးတွေ ဖြစ်မှာပါ။

ချောင်းရေထဲ တစ်နေကုန်ကစားပြီး အပြန်ကျတော့ မနက်ပိုင်းက ခုတ်ပြီးအခြောက်လှမ်းထားတဲ့ တံမြက်စည်းပင် တွေကိုထမ်းပြန်ကြတယ်။ ဘာလုပ်တယ်မသိလို့ မေးကြည့်တော့ ဟိုဘက်ကမ်းမှာ တစ်ကီလို ၁၅ ဘတ်နဲ့ သွားသွင်းရတယ်တဲ့။
အပြန်ကျတော့ ဆန်တွေရောင်းတဲ့ ဆိုင်ထဲ ၀င်သွားတယ်။ ပြန်ထွက် လာတော့ သတင်းစာစက္ကူလိပ်ကြီးနဲ့ နောက်ကျွတ်ကျွတ်အိတ် တစ်ထုတ်နဲ့ ထွက်လာတယ်။ လိုင်းထဲရောက်တော့ ကျွတ်ကျွတ်အိတ် ထဲက ကော်မှုန့်ကိုကျိုတယ်။ ညနေစောင်းတော့ အိမ်ရှေ့ကွပ်ပစ်မှာ ခုနကထမ်းလာတဲ့ သတင်းစာစက္ကူကို အိတ်ပုံခေါက်ပြီး ကော်ကပ်တော့တာပဲ၊ အထွေထွေသုံး သတင်းစာစက္ကူအိတ်တွေပါ။ ဈေးဝယ်သူတွေကို ပစ္စည်းထည့်ပေးပို့ပါ။ မနက်ကျတော့ အိတ်တွေကို ရာစည်းလိုက်ထုတ်ပိုးပြီး ကုန်စုံဆိုင်ကို ပြန်သွင်းရတယ်။ ဘယ်လောက် ရတယ်ရယ်လို့တော့ မစပ်စုလိုက်တော့ဘူး။ ဒါက
ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဟိုဘက်ကမ်းနဲ့ Export/ Import လုပ် တဲ့ကဏ္ဍပါ။

တာချီလိတ်မှာ တစ်နှစ်ပဲကျောင်းတက်လိုက်ရတယ်။ အဖွားက ကျွန်တော့်ကို ပျက်စီးမှာစိုးလို့ ကျိုင်းတုံကျောင်းပြန်တက်ဖို့ ပြင်ဆင်တယ်။ အင်း နောက် တစ်နှစ်လောက်နေရင် သူ့အလိုလို ပျက်စီးသွားနိုင်ပါတယ်။ လူတွေဟာ စီးပွားရေးနောက်ကိုပဲ လိုက်ကြ တယ်။ စီးပွားရေးအတွက် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငွေရဖို့အတွက် သည်းကြီးမဲကြီး ရှာကြတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု က ဒွန်တွဲနေတယ်လို့ ထင်မိပါတယ်။

ဆက်ရေးပါအုံးမည်…

Friday, May 2, 2008

မနေသင့်တဲ့အရပ်

မကြိုက်ဘဲ နေရတဲ့အရပ်
မချစ်ဘဲ နေရတဲ့အရပ်
မိတ်ဆွေ မရှိတဲ့အရပ်
ပညာတတ်တွေ မရှိတဲ့အရပ် မှာ
တစ်နေ့၊ တစ်ရက်တောင် မနေသင့်ပါ . . ။

လောကမှာလေ...

လ မရှိတဲ့ ည . . .
လှိုင်းမရှိတဲ့ ပင်လယ် . . .
ကြာ မရှိတဲ့ ကန် . . .
လင်မရှိတဲ့ မိန်းမတို့ဟာ
မတင့်တယ် မသာယာပါ . . . ။

ကျွန်တော့်တစ်နေ့တာ (၈)

၃၀-၄-၂၀၀၈ ရက်နေ့
ကွန်နက်ရှင်း မရတာ ကနေ့ပါဆို ၅ ရက်ရှိသွားပြီ။ မျက်စိမှိတ် နားပိတ် နေရတဲ့ ဒုက္ခက တော်တော်ခံရခက်တဲ့ ဆေးခါးကြီး တစ်ခွက်မှန်း ပိုသိရတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ……

ဒီအချိန်ဆို ကဗျာလေးတွေဖတ်ဖို့ ကိုငြိမ်းစု က ကဗျာခေါင်းစဉ်တွေ ဝေနေပြီ။ ကိုTEA က လဘက်ရည်လာသောက်ဖို့ လိုက်နှိုးဆော်နေပြီ။ ကိုစိုးထက် နဲ့ SMNTL က “ ချယ်ဆီး၊ ချယ်ဆီး” ဆိုပြီး ၀င်နှုတ်ဆက် နေလောက်ပြီ။ ဆီပုံးထဲ ဆီလာလာ ဖြည့်နေကျ ခင်ဦးမေ၊မင်းမြတ်ဖုန်း၊ မေမိုး၊ လင်းထက်၊ ဆိုးသွမ်း၊ ကိုစွမ်း၊ မမုံ၊ Apprenticeship၊ ၀ဿန်ဦး၊ SLIP ၊ စိုင်းဝဏ္ဏ၊ မမေငြိမ်း၊ ရွှေပြည်သူ၊ ဖြိုးငယ်၊ ကိုတာယာ၊ မဟန်နီ၊ မလားရှိုးသူ၊ ပန်းခရေ၊ ကိုအောင်ဦး၊ ဟိန်း၊ ငြိမ်း၊ မသက်ဇင်၊ အမရာ ကိုတာတူး ၊ မမေ တို့တစ်တွေလည်း ပြန်သွားပြီး ဖြစ်ပါလိမ့်မယ်။ (သတိမရ၍ ကျန်ခဲ့တဲ့ ဆီပုံးထဲ ဆီလာခပ်သူများလည်း အပါအ၀င်ပါ။)

ကျွန်တော်သွားလည်ခဲ့ပေမယ့် ကျွန်တော့်ဆီလာလည်ဖို့ လိပ်စာပျောက် နေတဲ့ သူငယ်ချင်းတွေဆီကို ဘယ်အခါမှ ထပ်လည် နိုင်မယ်မသိဘူး။ အားလုံးကို သတိရနေပါတယ်။ အိမ်အလုပ်ထက် ထမင်းဟင်းထက် ချစ်ရသူထက် ပိုခင်၊ ပိုတန်ဖိုးထား၊ ပိုသံယောဇဉ် ကြီးမိတဲ့ အွန်လိုင်းပေါ်က သူငယ်ချင်းတွေကို အမြဲအမှတ်ရလျက် ရှိကြောင်း အမှောင်ထဲမှာ ညှိးငယ်တဲ့ စိတ်နှလုံးနဲ့ တိုးတိုးလေး ရေရွတ်နေမိပါတယ်။

တစ်ခါတလေတော့လည်း မြင်နေကျ မြင်ကွင်းတွေတောင် ဆိတ်ငြိမ်တဲ့ နေ့လည်ခင်းတွေမှာ ပရမ်းပတာဖြစ်တည်နေတဲ့ ကျွန်တော့်နေ့ရက် တွေထဲ ရှိခဲ့ဖူးပါတယ်။ ကွန်ပျူတာကီးဘုတ်နဲ့ မောက်စ်ကို ကိုင်ထား ပါလျက် ကီးတစ်ခုနှိပ်ဖို့၊ မောက်စ်တစ်ချက်နှိပ်ဖို့ အားအင်မရှိအောင် ကုန်ခမ်း စိတ်ပျက် ညှိုးငယ်ခဲ့ရတဲ့ နေ့တွေလည်း မနည်းတော့ပါဘူး။

ကျွန်တော့်တစ်နေ့တာ (၇)

၂၅-၄-၂၀၀၈ ရက်နေ့

မနက်မိုးလင်းရင် နှုတ်ဆက်နေကျ သူငယ်ချင်းတွေ ကိုလည်း နှုတ်ဆက်လို့မရ ဖြစ်နေတယ်။ သွားလည်နေကျ သူငယ်ချင်းတွေရဲ့ အိမ်တွေလည်း နေ့ခင်းကြောင်တောင် မီးတွေမှိတ်လို့ပါ။ ကိုယ့်အိမ်ကို လာလည်ဖို့ကလည်း တံခါးဖွင့်ထားလျက်နဲ့ လမ်းပျောက်နေကြတယ် ထင်ရတယ်။ ၀င်မလာနိုင်ကြဘူး။ ကျွန်တော့်အတွက် အထီးကျန်ဆန် လွန်းလှတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ရတယ်။

သရဲနီတွေအပေါ် အောင်ပွဲခံခဲ့တဲ့ အပြာင်ရောင် ခြင်္သေ့သူရဲကောင်း တို့ရဲ့ အောင်ပွဲခံသတင်းကို ကိုစိုးထက်၊ ကိုဆိုးသွမ်း၊ ကို Stanley၊ ကိုဖရီး နဲ့ ဆုရည်၊ စိုးမြနန္ဒာသက်လွင် တို့ဆီ ချီးယားမြှောက်ဖို့ ကြိုးစား ပေမယ့် အချည်းနှီးဖြစ်ခဲ့ ရတယ်။ ကျွန်တော့်မှာ ဆွံ့အသူ တစ်ယောက်နဲ့ မခြား မှင်သက်နေမိတယ်။

ဒါနဲ့ အားမလျော့သေးပါဘူး . . .
ဖုန်းနံပါတ် ၀၉၁ ……….. ကိုနှိပ်လိုက်တယ်။
“ဟလို” “ အန်တီလားခင်ဗျာ၊ ကျွန်တော် ၀င်းဇော် ပါ၊ ဆုရည်နဲ့ စကားပြောခွင့်ပေးပါခင်ဗျာ” “ အော်…အေးအေး”
“ဟလို” “ဆုရည်လား” “ပြောအစ်ကို”
“Connection ကောင်းလား” “ဘာလဲ.. ဆုရည်ဘာမှမဆက်သွယ်ဘူး”
“မဟုတ်ဘူး ဆုရည် အင်တာနက်လိုင်းကောင်းလားလို့မေးတာ”
“သိဘူး၊ ဆုရည်လည်းဘုရားဝတ်တက်နေလို့၊ ဘာဖြစ်လို့လဲ”
“online ထဲဝင်မရလို့ မေးကြည့်တာ”
“မနေ့က Post တွေတင်နေသေးတယ်လေ၊ ကနေ့တော့သိဘူး”
“အေးအေး ဒါပဲ၊ ဒီနေ့ဘယ်သွားဖို့ရှိလဲ”
“ဟင့်အင်း အိမ်မှာပဲရှိမယ်၊ ရှမ်းခေါက်ဆွဲလုပ်စားမလို့၊ လာမလို့လား”
“လာခဲ့မယ်လေ၊ ဒါပဲ၊ ဘိုင်” ကွန်ပျူတာ Connection မကောင်းတော့၊ Connection ကောင်းတဲ့ ရှမ်းခေါက်ဆွဲပဲ သွားစားတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။

ကားဂိတ်ကဆင်း၊ သလ္လ၀တီလမ်းထဲဝင်၊ လမ်းကကျဉ်းပေမယ့် ဆိုက္ကားရော၊ ကားရော၊ လူရောအမြဲစည်ကားနေတဲ့လမ်းသွယ်လေးပါ။ သလ္လ၀တီဈေးလည်းရှိသေးတယ်လေ၊ သူဌေးဈေးပေါ့။ ယောက္ခမ လောင်းကိုမျက်နှာလုပ်ဖို့ ထောပတ်သီးတစ်ခြင်းဝယ်တယ်။ အိမ်ထဲ ရောက်တော့ ရှမ်းပြည်ပြန်လက်ဆောင်လားတဲ့၊ မဟုတ်ပါဘူး အန်တီရယ်. . . သလ္လ၀တီ ဈေးထဲကပါလို့။ ယောက္ခထီးတော့ မရှိဘူး။ ရွာပြန်သွားတယ်။ ပျဉ်းမနား ကြက်ပြေးကိုပြောတာ…။

ဆုရည်တို့အိမ်ကနေပြန်တော့ မရောက်တာကြာပြီဖြစ်တဲ့ မြို့ထဲကို ဆက်သွားတယ်။ FMI ရှေ့ကဆိုင်မှာ Software နဲ့ Game ခွေတွေဝယ်တယ်။ ဂျာနယ်တွေ စာစောင်တွေဝယ်တယ်။ ဆူလေး Game Centre ဘက်တွေသွားတော့ တစ်ချို့ဆိုင်တွေ ပိတ်ထားတယ်။ တစ်ချို့ဆိုင်တွေလည်း Connection မရဘူး။ ဒီလိုနဲ့ အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ လျှပ်စီးမီးချောင်းတွေ မီးလင်းနေပေမယ့် ကျွန်တော့် အတွက်တော့ အမှောင်ကမ္ဘာထဲ လမ်းလျှောက်နေရသလို ပါပဲ။

ကျွန်တော်ကျောင်းသားဘ၀ (၁၁)

အတန်းတင်စာမေးပွဲပြီးတော့ အဖွားရှိရာ ကျိုင်းတုံကို မပြန်နိုင်ဘူး။
တာချီလိတ်မှာ သင်္ကြန်ကျဖို့ မျှော်နေမိတယ်။ ရေသေနတ်တွေ၊ ပိုးသတ်ဆေးဖြန်းတဲ့ ရေပွတ်တွေ နေကာမျက်မှန်တွေ စုံနေအောင် စုထားတယ်။ ကျိုင်းတုံသင်္ကြန်နဲ့ဘာများကွာမလဲပေါ့။

သင်္ကြန်ကတော့ အစည်ကြီးမဟုတ်ပေမယ့် ရေအစား ပေါင်ဒါဘူးအမှုန့်နဲ့ ဖြူးကြတယ်။ ပေါင်ဒါဘူးထဲ ရေထည့်ပြီး ခပ်လှမ်းလှမ်း ရောက်အောင် ပက်ကြတယ်။ ပထမတော့ ပေါင်ဒါမှုန့်နဲ့ ပက်ရတာ ဘ၀မကျသလို တစ်မျိုးကြီးခံစားရတယ်။ ဒီဘက်ကမ်းက အန်တီတွေကို ပက်တော့လည်းမကြိုက်ကြဘူး။ ဟိုဘက်ကမ်းမှာတော့ အဆင်ပြေတယ်။ သူ့ယဉ်ကျေးမှုနဲ့ သူ့အထာနဲ့ပဲကိုး။ ပေါင်ဒါမှုန့်နဲ့ဖြန်းတာကို ဒီဘက်ကမ်းမှာ ပိတ်ပင်တာတွေ့ရတယ်။ တာချီလိတ်သင်္ကြန်က အလကားရတဲ့ရေနဲ့ ပက်တာအလုပ်မဖြစ်ဘူး။ ငွေကုန်မယ့် ပေါင်ဒါဘူးဝယ်ပက်ရတယ်။ မယ်ဆိုင်ဘက်လမ်းမ တစ်လျှောက်လုံး ပေါင်ဒါဘူးခွံတွေ ပွကျဲနေတာတွေ့ရတယ်။ ကျွန်တော်တို့ လူငယ်တွေကတော့ ပေါင်ဒါမှုန့်တွေနဲ့ မြင်မကောင်းအောင် ဖြူဖွေးနေရင် မနေတတ်တော့ မယ်ဆိုင်တံတား ပေါ်ကနေ မယ်ဆိုင်ချောင်းထဲခုန်ချလိုက်တယ်။ ပြန်ရှင်းသန့်သွား တယ်။ တစ်ချို့ကတော့ ပေါင်ဒါမှုန့်နဲ့ မဟုတ်ဘဲ၊ ဂျုံမှုန့်တွေနဲ့ ဆံပင်ထဲ ဖြူးသွားတယ်။ ရေလည်းထိရော ခေါင်းတစ်ခုလုံး ပွစိတက်နေတယ်။

သင်္ကြန်ရက်များအတွင်း ယိုးဒယား လူငယ်လူရွယ်တွေဟာ အုပ်စုလိုက် အဖွဲ့လိုက် ၅ ယောက်တစ်တွဲ ၃ ယောက်တစ်တွဲ နဲ့ ကျွန်တော်တို့ဘက်ကမ်းက နဂါးနှစ်ကောင်ကျောင်းတိုက်ကိုဘုရားလာ ဖူးကြတယ်။ အလာဆို လမ်းညာဘက်ကပ်လို့၊ အပြန်ကျတော့ လမ်းဘယ်ဘက်တစ်လျှောက် စည်းကမ်းတကျ သွားလာနေကြတာကို တွေ့ရတယ်။ အော်ဟစ်ဆူညံခြင်း မရှိသလို၊ အပြုံးတဝေေ၀နဲ့ ရေအပက်ခံကြတယ်။ သိပ်စည်းကမ်းရှိကြ တယ်လို့ မြင်မိတယ်။ သူတို့လက်ထဲမှာ ရေခွက်မပါသလို၊ ပေါင်ဒါဘူးတွေလည်း မတွေ့မိဘူး။ ဘုရားဖူးသက်သက်မှန်း သိပ်သိသာပါတယ်။
စုံစမ်းကြည့်တော့ မယ်ဆိုင်အနီးပတ်ဝန်းကျင်က လာကြတာဖြစ်တယ်။ အဝေးဆုံးကတော့ ချင်းမိုင်ဘက်ကပါ။

ကျွန်တော်က ယိုးဒယားဆို အထင်မကြီးသလို ကောက်ကျစ်တဲ့ သူတို့ ဥာဏ်ကိုလည်း နှစ်သက်ခြင်း အလျဉ်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဗမာ တွေကို နိမ့်ချတဲ့ အကြည့်နဲ့ ကြည့်တာကိုလည်း မလိုလားပါဘူး။ မကြားတကြား ယိုးဒယားလို ဆဲရေး တိုင်းထွာ နေတာကိုလည်း နားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် နေ့စဉ် မြင်နေ တွေ့နေ ကြံနေရတဲ့ ယိုးဒယား နယ်စပ်မြို့ချင်းမိုင်ရဲ့ အလုံးစုံသော လူနေမှုဘ၀ စီးပွားရေး အလားအလာ၊ ဓနအခြေအနေတွေက ကျွန်တော်ရဲ့စိတ်ကို ဒွိဟဖြစ်စေခဲ့ပါတယ်။ ကျွန်တော်အများကြီး သင်ယူရပါအုံးမယ်လို့..

ဆက်ရေးပါအုံးမယ် ……