Showing posts with label တစ်နေ့တာအချိန်များ. Show all posts
Showing posts with label တစ်နေ့တာအချိန်များ. Show all posts

Tuesday, December 22, 2009

ရှမ်းဟင်းထုပ်

ရှမ်းဟင်းထုပ်

ခရစ္စမတ်နားနီးလာတော့ အအေးဓာတ်က အရင်နေ့တွေထက် ပိုကဲလာတယ်လို့ ထင်ရမိတယ်။ အေးလွန်းတော့လည်း ဘယ်လောက်ထူတဲ့ စောင်ကိုပဲ ခြုံခြုံ နွေးလာတယ်ရယ်လို့ မရှိပါဘူး။ ကွေးရင်း ကွေးရင်းနဲ့ ခါးထဲက အရိုးတွေတောင် ထုံကျဉ်လာတယ်လို့ ခံစားရမိတယ်။ တစ်လုံးတည်းသော Heater ကို ပျိုပျိုဒေါ်လေးများ ပျိုပိုင်စီးထားတာကြောင့် ဒီဆောင်းအဖို့ ကိုယ့်အလှည့် ရောက်လာတော့မယ် မထင်ပါဘူး။ တစ်ယောက်တည်း သမားအတွက် ဒီလို အေးစက်စက် ဆောင်းညရဲ့ အထီးကျန်ဆန်မှုကို စာဖွဲ့မယ်ဆိုရင် ကုန်နိုင်မယ် မထင်ပါဘူး။

လုပ်နေကျ မနက် လမ်းထလျှောက် ရာကအပြန် စာတိုက်ပုံးထဲ စစ်ကြည့်တော့ စာအိတ် ၃ ခုရောက်နေတယ်။ စာ ၃ စောင်လုံး လိပ်စာက ပြည့်ပြည့်စုံစုံ ရေးထားတာ မဟုတ်ပါဘူး။ ဒေါ်လေးငယ် တစ်ယောက်ထဲ ရဲ့ နာမည်ပဲရေးထားတာပါ။ စာအိတ်ကိုင်ပြီး စဉ်းစားမိတာက ဒေါ်လေးငယ် တစ်ယောက် ဧကန်ဓ တော့ အမှန်ဧကန်ဓ ပဲဆိုပြီး အစ်, မလို့ မီးဖိုဆောင်ထဲ ၀င်လိုက်တယ်။ ဒေါ်လေးငယ်ကို အခန့်သင့်တွေ့တာနဲ့ " ဒေါ်လေးငယ်တော့စွံပြီ ဂုဏ်ယူပါတယ် " ပြောပြီး စာတွေကမ်းပေး လိုက်တယ်။ အံ့သြဟန်လည်းမပြ၊ ပြာယာခတ် တာလဲမရှိဘဲ စာအိပ်ကို အေးအေးဆေးဆေးပဲ ဖောက်ဖတ်တယ်။ ပြီးတာနဲ့ " @#$ ~^$# #@$* " အချိုးမပြေတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက်ပြီး " ဟဲ့.. ညကျရင် ချက်စ်ကျောင်းက ကလေးတွေ ခရစ္စမတ်အတွက် သီချင်းလာဆိုဖို့ အသိပေးတဲ့စာဟဲ့ @#$ ရဲ့ " တဲ့။ စောစောစီးစီး ထင်ထားသလို မဟုတ်ဘဲ ပယ်ပယ်နယ်နယ် အတွယ်ခံလိုက်ရလို့ နေသာထိုင်သာတော့ ရှိသွားပါတယ်။

မနက်စောစာ စားပြီးတာနဲ့ ဈေးဝယ်သွားဖို့ ဒေါ်လေးငယ်က အခေါ်တော် လွတ်လိုက်တယ်။ ဆွဲခြင်းတောင်းနဲ့ ဈေးဝယ်စာရင်း ပေးပြီး မြန်မြန်ဝယ်ပြီး အမြန်ပြန်လာခဲ့ ချည်တဲ့။ သွားတောင် မသွားရသေးဘူး .. ပျိုပျိုကြီးတွေများ စိတ်ဆိတ်တယ်ဆိုတာ အမှန်ပဲ ယုံကြည် မိလိုက်တယ်။ အတွန့်မတက်ဝံ့တာနဲ့ ကြီးမေနဲ့အတူ ဈေးဝယ်ထွက်ခဲ့တယ်။ ကြီးမေဆိုတာက အိမ်မှာ ချက်ပြုတ်သန့်ရှင်းဖို့ အချိန်ပိုင်းခေါ်ထားတဲ့ အန်တီပါ။ ကနေ့တော့ ကြီးမေရဲ့ ခြင်းတော်ဆွဲပေါ့ဗျာ။ ဈေးဝယ်စာရင်းကို ကြည့်တော့ ကြက်သွန်မြိတ် ၁ ပိဿာ၊ ၃ ထပ်သား ၁ ပိဿာ၊ မွှေးဆန်မှုန့် ၁၀ ထုပ်၊ မွှေးကော်မှုန့် ၁ ထုပ်၊ ကြက်သွန်ဖြူ တစ်လုံးဥ ၅၀ သား၊ ဂျူးမြစ် ၁ ပိဿာ၊ ငရုပ်သီးခွဲခြမ်း ၅၀ သား၊ နံနံပင် အစိတ်သား၊ Birdy ကော်ဖီမစ် ၂ ပါကင်နဲ့ တိုလီမောက်စ တွေရေးထားတယ်၊ နောက်ဆုံးမှာတော့ ကွင်းစကွင်းပိတ်ထဲမှာ ( ကို x x x x အိမ်က ငှက်ပျောရွက် ၁၀ ရွက် ခုတ်ခဲ့) ဆိုတာပါပဲ။ ငှက်ပျောရွက် နဲ့ ကြက်သွန်မြိတ် ဆိုတာကို ဖတ်မိမှ ဟင်းထုပ် လုပ်စားမယ်ဆိုတာ ရိပ်မိသွားတယ်။ ဟင်းထုပ် စားချင်တာနဲ့ ခုမှလူက လန်းလန်းဆန်းဆန်း ရှိပြီး ဈေးအမြန်ဝယ်ဖို့ အားထည့် ဖြစ်သွားတယ်။

ရှမ်းဟင်းထုပ် လုပ်စားနည်းက လွယ်ပါတယ်။ ပထမဆုံး အသားကို အရသာထည့်ပြီး အရင်လုံးထားရပါမယ်။ (ဒီနေရာမှာ အရသာဆိုတာက ဆား၊ အချိုမှုန့်၊ ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းတို့ ရောနှယ်ပြီး ရေသင့်ရုံထည့် လုံးတာပါ) နောက် စတီးဇလုံကြီးကြီးထဲကို ဆန်မှုန့်တွေထည့် လက်တစ်ဆစ် သာသာလှီးထားတဲ့ ကြက်သွန်မြိတ်ထည့်၊ အသားထူတဲ့ ခရမ်းချဉ်သီး နည်းနည်းထည့်၊ အရသာထည့်ပြီးတာနဲ့ ရေသင့်ရုံထည့်ပြီး နှံ့အောင် နှယ်ပေးရပါမယ်။ ရေများရင် ပျော့နိုင်တယ်၊ ရေနည်းရင်လည်း မာသွားနိုင်တာကြောင့် အနေတော်လေး ဖြစ်အောင် ဆပြီး ထည့်နှယ် ပေးရပါမယ်။ နှံ့အောင်နှယ် ပြီးသွားရင် လုံးထားတဲ့ အသားကို လက်နှစ်လုံးသာသာ ပါးပါးလေးဖြစ်အောင် လှီးထားရပါမယ်။ ငှက်ပျောဖက်ကိုလည်း မီးနည်းနည်းပြပြီး အနေတော် စိတ်ထားရပါမယ်။ အဆင်သင့်ဖြစ်ရင် စားဆီသုတ်ထားတဲ့ ငှက်ပျောဖက်ထဲကို နှယ်ထားတဲ့ ဟင်းထည့် အသားထည့် ပြီးတာနဲ့ ပေါင်းအိုးထဲ စီထည့်ပြီး ပေါင်းပေးရပါမယ်။ ဟင်းထုပ်ကို ပေါင်းထားတဲ့ အချိန်မှာ ငရုတ်ဆီအတွက် ကြက်သွန်ဖြူကို စလုံးစခုထောင်းပြီး ဆီများများနဲ့ ကြော်ရပါမယ်။ ကြက်သွန်ကျက်ရင် မီးပေါ်ကချပြီး ငရုပ်သီးခွဲခြမ်းကို အဲဒီကြက်သွန်ကြော် ဆီထဲ ထည့်မွှေရပါမယ်။ ဆီနဲ့ ငရုပ်သီး နှံ့သွားရင် စတီးဇလုံအလွတ်ထဲ သွန်ချအအေးခံ လိုက်ရပါမယ်။ ဒီငရုတ်သီးကြော်က ဟင်းထုပ်ထဲ ထည့်စားဖို့ အက္ခရာကျတဲ့ အစာပလာပါ။ ၃ နာရီဝန်းကျင်လောက် ပေါင်းလိုက်ရင် မွှေးကြိုင်နေတဲ့ ရှမ်းဟင်းထုပ်ကို စားလို့ရပါပြီ။ ဟင်းထုပ်နဲ့ အတူကပ်စားဖို့ နံနံပင်ရယ်၊ ဂျူးမြစ်ရယ် အဆင်သင့် ရေဆေးထားရင် အားလုံး အဆင်ပြေပါပြီ။ ဒီနေရာမှာ နည်းနည်းလုပ်စားချင် သမားအတွက် ပေါင်းအိုးမရှိရင်လဲ ရိုးရိုးထမင်းအိုးနဲ့ ပေါင်းလို့ ဖြစ်ပါတယ်။ ထမင်းအိုး အောက်ခြေကို ရေထည့်လို့ဖြစ်အောင် ဇကာခံပေါ့၊ ဇကာမရှိလဲ ငှက်ပျောရွက်အရိုးကို အိုးနဲ့အနေတော် တိုင်းဖြတ်ပြီး ခံလို့ဖြစ်ပါတယ်။

ကဲ ညကျရင် သီချင်းလာဆိုမယ့် ချက်စ်ကျောင်းက ရောင်းရင်းတွေ ကြိုက် မကြိုက်တော့ မသိဘူး။ ကျွန်တော်တော့ မစားရတာ ကြာပြီဖြစ်တဲ့ ဟင်းထုပ်ကို များများလေး တွယ်ပစ်လိုက်တယ်။ ဘလောဂ့်မိတ်ဆွေ တွေလည်း ကရိကထ မများတဲ့ ရှမ်းဟင်းထုပ်ကို လုပ်စားကြည့်ပါအုန်းလို့ ...။ သက်သတ်လွတ် စားချင်ရင်တော့ အသားထည့်မပေါင်းလဲ အရသာရှိပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။



Thursday, December 17, 2009

ရှမ်းမုန့်တီ ခေါက်ဆေန့်

ရှမ်းမုန့်တီ ခေါက်ဆေန့်

ရန်ကုန်မှာ ရှိနေတုန်းက သူငယ်ချင်းအိမ်တွေ လိုက်လည်ဖို့ တော်တော်ရယ်ပါ အိမ်ပြင်တောင် သိပ်မထွက်ဖြစ်ခဲ့ဘူး။ သူငယ်ချင်းအိမ်တွေတင် မဟုတ်ပါဘူး မြို့ထဲတောင် တစ်လ နှစ်ကြိမ်လောက်ပဲ ဂျာနယ်ဝယ် ထွက်ရင်သာ အပြင်ထွက်ဖြစ်တယ်။ အသိအိမ်တွေ မလည်ဖြစ်ဆို ခင်မင်မှုနဲ့ ကိုယ်ကသွားဖြစ်ရင်တောင် နွေးထွေးမှု မရှိတာကို ခံစားမိလို့ပါ။ နောက်ပြီး ကျွေးမွေးရမှာ စိုးရွံ့နေပုံပေါ်ပြီး သိပ်လည်းပဲ ကြိုဆိုချင်ပုံမရပါဘူး။ ဒါတောင် ကိုယ်က ဘယ်သူ့အိမ်သွားသွား လူကြီးတွေနဲ့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သစ်သီးတစ်အိတ်တော့ ပါစမြဲပါ။ ခုရွာကို ပြန်ရောက်တော့ အိမ်မှာကပ်တဲ့ရက်ရယ်လို့ မရှိသလောက် အလည်လွန်နေတယ်။ လည်လွန်းဆို ဘယ်အိမ်ရောက်ရောက် ကိုယ့်အိမ်လို ကိုယ့်မိသားစုလို ပျူငှာပြီး မကုန်နိုင်တဲ့ ရှေးဟောင်းနှောင်းတွေ စမြုံပြန် နေမိလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး စားစရိတ်ငြိမ်းတယ်လေ။ ရောက်တာနဲ့ စားမယ် ၀ါးမယ် ကျိတ်မယ် ဆိုတာချည်းပဲ။ မကုန်ရင် အိမ်ပြန်သယ်လို့လည်းဖြစ်တယ်။ ကဲ ဘယ်လောက်အခြေအနေ ကောင်းလဲ စဉ်းစားသာကြည့်ပါ။

တစ်နေ့က စိုင်းနောင့်တို့အိမ် ဖိတ်ထားလို့ ရေအေးကွင်းထဲ ရောက်ခဲ့တယ်။ စိုင်းနောင့်ကြောင့် ရောက်ဖြစ်တာ မဟုတ်ပါဘူး။ စိုင်းနောင့်အစ်မ နန်းလောဝ်ခမ်းက ခေါက်ဆေန့် လုပ်စားလို့ ခေါ်ကျွေးတာ ဖြစ်တယ်။ အဖေကပအိုဝ့် အမေကရှမ်း တွေမို့ ရှမ်းနာမည်တွေနဲ့ ဖြစ်ပေမယ့် မောင်နှမနှစ်ယောက်လုံးက ရှမ်းစကား ပြောတတ်ကြတာ မဟုတ်ပါ။ ကျွန်တော့်ထက် စီနီယာကျတဲ့ လောဝ်ခမ်းက ကွန်ပျူတာနဲ့ ကျောင်းပြီးပေမယ့် မြို့မဈေး တောင်ဘက်တိုက်တန်းမှာ ရွှေဆိုင်ထွက်တယ်။ သူတို့အိမ်က လက်ဖက်ပွဲရုံထောင်ထားတယ်။ လက်ဖက်ကုန်တွေ သယ်ပေးရင်းက အလွန်ရင်းနှီးတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်သွားတာကြာပေါ့။

ခေါက်ဆေန့် ဆိုတာ မုန့်တီဖတ်နဲ့ လုပ်စားတဲ့ ရှမ်းမုန့်တီလို့ပဲ ခေါ်ရမလားပဲ။ သူ့ဟင်းရည်ရဲ့ အနံ့က ပဲပုပ်နံ့ သင်းတယ်။ နံနက်စောစာ အနေနဲ့ စားရတဲ့ ရိုးရာအစားအစာ တစ်မျိုးပါ။ ပဲပုပ်ကြိုက်ရင်တော့ ရှမ်းမုန့်တီဖြစ်တဲ့ ခေါက်ဆေန့်လဲ နှစ်သက်မယ် ထင်ပါတယ်။ ကျွန်တော်တော့ ကြိုက်တယ် အမြဲလဲ စားဖြစ်တယ်။ ပဲပုပ်နံ့သင်းသင်း နဲ့အတူ သံပုရာသီးနံ့နဲ့ နံနံပင်အနံ့နဲ့ပါဆို မဖြစ်မနေ သွားရည်ကို ယိုသွားစေပါတယ်။ သူက ကြက်သားနဲ့ချက်ရင် မလိုက်ဖက်ဘဲ အဆီများတဲ့ ၀က်သားနဲ့ ချက်ပါမှ သူ့ဟင်းရည်က အရသာရှိပြီး ပိုအသက်ဝင်ပါတယ်။ ခေါက်ဆေန့် စားတဲ့အခါ လျှို့ဝှက်ချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ ပထမပွဲမှာပဲ စားလို့ကောင်းပြီး လိုက်ပွဲထပ်ယူရင် အရသာ ပေါ့သွားတာမျိုး ဖြစ်တယ်။ ဒါကြောင့် စားရင် ၀မ်းစတုတ်နဲ့ ကုန်နိုင်သလောက် အပြတ်ပြင်ရတယ်။ ဒါကြောင့် ကျွန်တော်တော့ ထမင်းလိုက်ပွဲထည့်တဲ့ ဇလုံကိုရွေးပြီး ခေါင်းမဖော်တမ်း စားလိုက်တာပဲ။ အစားနဲ့ ပတ်သက်လာရင် ရှက်တတ်သူ မဟုတ်တော့ မျက်နှာထူထူနဲ့ပဲ စားဖြစ်ခဲ့တယ်။

ခေါက်ဆေန့် ချက်စားချင်ရင်တော့ လုပ်နည်းကလွယ်ပါတယ်။ ပထမဆုံး အဆီပါတဲ့ ၀က်သားကို သေးသေးတုံးပြီး ခရမ်းချဉ်သီးများများနဲ့ အရသာရှိအောင် ဗမာချက်ချက် ရပါတယ်။ မိသားစု မများရင်တော့ ၀က်သား ၅၀ သားဆို အတော်ပါပဲ။ ၀က်သားဟင်း ဆီလည်ပြီး ကျက်လောက်ပြီဆိုရင် သင့်တော်တဲ့ ဒန်အိုးအကြီးထဲ ပြောင်းထည့်ရပါမယ်။ နောက် ရေကို သင့်တော်သလိုထည့်ပေးရပါမယ်။ ရေဆူလာရင် စလုံးစခု ထောင်းထားတဲ့ ပဲပုပ်ချပ်အကျက်မှုန့်ကို ထည့်ပေးရပါမယ်။ နောက်ပြီး လက်ပံပွင့်ခြောက်ကို ထပ်ထည့်ရပါမယ်။ သိပ်မကြာခင်မှာ အရသာထည့်ပြီးရင် အသင့်စားလို့ရတဲ့ ခေါက်ဆေန့် ဟင်းရည်ကို ရပြီဖြစ်ပါတယ်။ ဗမာမုန့်ဟင်းခါးလိုပဲ ခေါက်ဆေန့်မှာလဲ ဟင်းရည်ရဲ့ အရသာက အခရာကျပါတယ်။ မုန့်တီဖတ် အရွယ်ကတော့ နန်းကြီးသုပ်လုပ်စားတဲ့ အရွယ်ကြီးတဲ့ မုန့်ဖတ်ဆို ပိုအဆင်ပြေပါတယ်။ နောက် စားခါနီးရင် သံပုရာသီးစိတ်ရယ်၊ နံနံပင်ရယ်၊ ငရုတ်သီးမှုန့်ရယ်၊ ငံပြာရည်အချိုရယ် စားပွဲပေါ်တင်ထားလိုက်ရင် ပြီးပြည့်စုံပါပြီ။ ခေါက်ဆေန့်နဲ့ တွဲဖက်ပြီးစားလို့ ကောင်းတာကတော့ ၀က်ဆီဖတ်ကျော်နဲ့ ၀က်အူကျွတ်ကျွတ် ကြော်တို့ပဲ ဖြစ်ပါတယ်။ ဘာပဲ စားဖြစ်စားဖြစ် အွန်လိုင်းပေါ်က ဘလောဂ့်ဘော်ဒါတွေကို ဦးဆုံးအရင် သတိရပါတယ်။ ဒါကြောင့် ချက်စားကြည့်ဖြစ်အောင် အမှတ်တရ ရေးလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။



Sunday, December 13, 2009

ကောက်ညှင်းကျည်ထောက်

ကောက်ညှင်းကျည်ထောက်

ကျိုင်းတုံမြို့နဲ့ ရှစ်မိုင်ဝေးတဲ့ ၀မ်ဝိန်းရွာမှာ ဖိုးဖွားတွေပိုင်တဲ့ လယ်နဲ့ ယာခင်းတွေ ကနေ့ထက်ထိ ရှိတယ်။ ဖိုးလေးတို့ ဖွားလေးတို့နဲ့ ရွာကအမျိုးတွေ ကနေ့ထက်တိုင် စပါးတွေ စိုက်ပျိုး လုပ်ကိုင်ဆဲပဲ ဖြစ်တယ်။ ဧက ဘယ်လောက်ကျယ်ကျယ် ရှိပြီး မျိုးစပါး ဘယ်နှတင်းကြဲတယ် ဆိုတာတော့ တစ်ခါမှ မေးကြည့်ဖူးခြင်း မရှိခဲ့ပါဘူး။ အပေါ်ယံအနေနဲ့ လယ်တွေရှိတယ်၊ ငယ်က အလည်ရောက်ဖူးတယ် ဆိုတာလောက် ပါပဲ။ ကိုယ်တိုင် ကိုယ်ကျ စိုက်ပျိုးတတ်ဖို့ ဆိုတာ ဝေးသော အကြောင်းပါ။ အထင်ကြီးအောင် ပြောရမယ်ဆိုရင် လယ်ကန်စင်းရိုးပေါ်တောင် ဖြောင့်မှန်အောင် လမ်းမလျှောက်တတ် ခဲ့ပါဘူး။

စပါးပေါ်ချိန်မှာ ဖိုးလေးတို့က စပါးကိုကြိတ်ခွဲပြီးမှ ဆန်တွေကို နွားလှည်းနဲ့ အိမ်တိုင်ရာရောက် လာပို့ပေးတယ်။ ကျိုင်းတုံအခေါ် ရှမ်းဆန်နဲ့ ကောက်ညှင်းဆန် တွေဖြစ်တယ်။ ဒီလို ဆောင်းဥတု စပါးပေါ်ချိန်ပဲ လာပို့တာ ဖြစ်တယ်။ ဆန်တွေ ကောက်ညှင်းတွေနဲ့ အတူ သပ်သပ်ခတ်ခတ် ခုတ်ထားတဲ့ ၀ါးလုံးစိမ်း ပိုင်းလေးတွေလဲ အများကြီး ပါတယ်။ အဲဒီ ၀ါးလုံးတွေကို ဘာလုပ်ရသလဲ ဆိုတော့ ကောက်ညှင်းကျည်ထောက် ပေါင်းစားတာပါ။ ကောက်ညှင်းကျည်ထောက် လုပ်စားနည်းကတော့ လွယ်ပါတယ်။ ညဘက်မှာ ကောက်ညှင်းကို ရေဆေးပြီး ရေစိမ်ထားရတယ်။ ဒါမှမဟုတ် ၀ါးလုံးထဲ တစ်ခါတည်း ထည့်စိမ်လို့လည်း ရတယ်။ ကောက်ညှင်းဆန်နဲ့ ရေကို ၀ါးလုံးပေါက် မရောက်ခင် လက်လေးလုံးစာလောက် နေရာ ချန်ထားပေးရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကောက်ညှင်းကျက်လာရင် ပွတက်ပြီး နေရာယူလာလို့ ကောက်ညှင်းပွစာအတွက် နေရာချန်ထားပေးတဲ့ သဘောပါ။ ဆားကို သင့်ရုံထည့်ပေးရပါတယ်။ ဒါမှ ကောက်ညှင်းကျည်ထောက်ကို ဒီအတိုင်း ကိုက်စားလဲ အရသာရှိစေ ပါတယ်။ ၀ါးလုံးအပေါက်ကို ငှက်ပျောရွက်နဲ့ လိပ်ပြီး ဆို့ထားရပါတယ်။ ဒီလိုနဲ့ တစ်ညလုံး ၀ါလုံးကိုထောင်ထားပြီး ကောက်ညှင်းကို စိမ်ထားရပါတယ်။ ၀ါးကျည်ထောက်ကို မီးမြိုက်ဖို့ အနေတော် မြေကျင်းလေးတူးပေးရတယ်။ ၀ါးလုံးအရှည်ကိုကြည့်ပြီး သင့်တော်တဲ့ အနက်ကို တူးရပါမယ်။ ၀ါးလုံးအရှည်က ၃ ပေဆို ကျင်းကို ၂ ပေခွဲလောက် တူးထားရင် အဆင်ပြေပါတယ်။ (မြို့မှာတော့ အိမ်ရှေ့မြောင်းကို ရှင်းပြီး ဆော်ပစ်လိုက်တာပဲ)

မနက် ၄ နာရီလောက်ဆို တူးထားတဲ့ကျင်းထဲ ထင်းမီးမွှေးပြီး ညက ကောက်ညှင်းစိမ်ထားတဲ့ ၀ါးလုံးတွေကို အစီအရီစီထားပြီး ချက်လို့ရပါပြီ။ အမှန်တော့ ချက်တယ် ဆိုတာထက် ၀ါးကျည်ထောက်ကို မီးမြိုက်လိုက်တာပါ။ မီးအမြိုက်ညီအောင် ၀ါးလုံးကို လှည့်ပေးရပါတယ်။ ဒါမှလည်း ကောက်ညှင်းက အကျက်ညီမှာ ဖြစ်ပါတယ်။ သတိထားဖို့က မီးကင်နေတဲ့ ၀ါးကျည်ထောက်တွေ မီးမလောင်အောင် ဂရုတစိုက်နဲ့ လှည့်လှည့် ပေးရပါတယ်။ ကောက်ညှင်း ကျက်မကျက်ကို ငှက်ပျောရွက်အဖုံး ဟဖွင့်ပြီး လက်နဲ့တို့ စမ်းကြည့်ရတယ်။ အမှန်တော့ သာမန်မျက်စိနဲ့ ကြည့်ရင်တောင် ကျက်မကျက် သိနိုင်ပါတယ်။ ၀ါးကျည်ထောက်ထဲ ရေလဲခမ်းပြီ ၀ါးစိမ်းနံ့နဲ့ ကောက်ညှင်းနံ့ သင်းနေပြီဆိုရင် ကျက်ပါပြီ။ နောက်ဆုံးအဆင့်အနေနဲ့ မီးကင်ပြီး ကျက်နေတဲ့ ၀ါးကျည်ထောက်ကို မီးကင်ထားတဲ့ အပြင်ဘက် မီးလောင်ထားတဲ့ ၀ါးလုံးမျက်နှာစာကို ဓားထက်ထက်နဲ့ စိပ်ထုတ်ပစ်လိုက် ရပါမယ်။ လက်နဲ့ နွှာလို့ရအောင် ပါးလွှာသွားပြီဆိုရင် ၀ါးစွယ်တွေ လက်မစူးမိအောင် အချောသင်ပေးရတယ်။ ဒါလောက်ဆိုရင် အသင့်စားလို့ရတဲ့ ၀ါးစိမ်းနံ့သင်းနေတဲ့ ပူပူနွေးနွေး ကောက်ညှင်းကျည်ထောက် ရပြီဖြစ်ပါတယ်။

ဝါစိမ်းနံ့မွေးနေတဲ့ ကောက်ညှင်းကျည်ထောက်ကို သူ့အတိုင်း စားလည်း အရသာရှိပါတယ်။ ကျွန်တော်တို့ကတော့ (ထိုနောက်)လို့ ခေါ်တဲ့ ပဲပုတ်ချပ်အခြောက်ကို မီးကင်၊ မှုန့်နေအောင်ထောင်း၊ စားနဲ့ ငြုတ်သီးမုန့် နည်းနည်း ထည့်ပြီး ကောက်ညှင်းကျည်ထောက် နဲ့ တို့စားတာကို နှစ်သက်တယ်။ နောက်ပြီး ထို့ဟူးဆီစိမ်နဲ့ စားလဲ လိုက်ဖက်တယ်။ ပိုလို့ကောင်းတာကတော့ မုန်ညှင်းချဉ် (ချဉ်ဖတ်)ကို အနေတော်ဖြစ်အောင် ဓားနဲ့လှီးပြီး နှပ်နှပ်စင်း သုံးထပ်သားနဲ့ ကျော်ထားတဲ့ ၀က်သားမုန်ညှင်းချဉ်ကြော် က အကောင်းဆုံး ဖြစ်ပါတယ်။ (သွားရည်ကျသွားလို့ ဆောရီးဗျာ) ဒီဗမာပြည်ဘက်မှာတော့ ကောက်ညှင်းကျည်ထောက်ကို သကြားနဲ့ပဲ တို့စားကြတာ တွေ့မိတယ်။ သူ့အရပ်နဲ့ သူ့အထာ ဖြစ်မှာပါ။ နောက်ပြီး ၀ါးနံ့သင်းနေတာမျိုးလည်း မရှိဘူး။ ကောက်ညှင်းထက် ဆန်ကြမ်းရောတာ များတော့ မုန့်အသားက မာတောက်တောက် ဖြစ်နေတတ်တယ်။ စားရတာ အာမစွဲလှပါဘူး။

ဆောင်းမနက် ချမ်းချမ်းမှာ မိသားစု ညီအစ်ကို မောင်နှမတွေ စုံစုံလင်လင် ၀ိုင်းဖွဲ့ပြီး ကောက်ညှင်းကျည်ထောက် ကင်ရင်းနဲ့ မီးလည်း လှုံနိုင်တယ်။ နံနက်စောစာကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အရသာရှိရှိ စားနိုင်တယ်။ ပျော်စရာကောင်းတဲ့ ရှမ်းပြည်က ဓလေ့လေးတစ်ခုပါ။ အခွင့်အခါသင့်ရင် ဘလောဂ့်ပေါ်က ရောင်းရင်းတွေကိုပါ ကောက်ညှင်းကျည်ထောက် လုပ်ကျွေးပါအုန်းမယ်။ ခုတော့ ဒီမျှပါပဲ။





Thursday, December 10, 2009

ကယောက်ကယက် ဒီဇင်ဘာနေ့မနက်

ကယောက်ကယက် ဒီဇင်ဘာနေ့မနက်

ညကတည်းက ပြင်ဆင်ထားတဲ့ ငှက်ခါးရောင်ထွက်ဆွတ်ကို ၀တ်တယ်။ Walking shoe လဲပြီး NY တံဆိပ်ပါတဲ့ သိုးမွှေးခေါင်းဆောင်းကို စွပ်တယ်။ သက္ကလပ်မာဖလာ ကိုပတ်ပြီး ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်တော့ အားကစားလုပ်မယ့်သူက လည်စည်းနဲ့ဆိုတော့ ကြည့်ကောင်းမယ် မထင်တာနဲ့ ပြန်ချွတ်တယ်။ လိုရမယ်ရ သိုးမွှေးလက်အိတ်ကိုတော့ ယူလိုက်တယ်။ ပြည့်စုံပြီ ထင်ပေမယ့် မသိစိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုး မတင်မကျ ခံစားရမိတယ်။ ဒါနဲ့ အိမ်သားတွေ မနိုးခင် အေးစက်နေတဲ့ သံပန်း ခြံဝင်းတံခါးကို အသာအယာပိတ်ပြီး လမ်းလျှောက်ဖို့ ထွက်လာခဲ့တယ်။

ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းလေး နဲနဲ လျှောက်လိုက်တာနဲ့ မင်းလမ်းမပေါ် ရောက်တယ်။ မင်းလမ်းကနေ မြို့မဈေးဘက် မျက်နှာမူလိုက်တာနဲ့ နိုင်လွန်ကတ္တရာ အတတ်လမ်းတွေက ဆီးကြိုနေတယ်။ ဒီအတတ်လမ်းက အေးသာယာမြို့သစ် အတက်ကနေစလိုက်တာ တောင်ကြီးတက္ကသိုလ် အ၀င်ဝ ကျော်သည်အထိ အတက်လမ်းတွေပဲ ဖြစ်တယ်။ တောင်ကြီးသား စစ်စစ် မဟုတ်ပေမယ့် ကျွန်တော်ရဲ့ သက်တမ်းတစ်ဝက်နီးပါးက ဒီတောင်ကြီးမှာပဲ နေထိုင် ကြီးပြင်းလာတာကြောင့် ကိုယ့်မြို့ ကိုယ့်ဌာန ကိုယ့်မွေးရပ်မြေနဲ့မခြား သံယောဇဉ် ဖြစ်မိတယ်။ မျှတတဲ့ ရာသီဥတုနဲ့ သန့်ရှင်းသပ်ရပ်တဲ့ မြို့ဖွဲ့စည်းမှုကြောင့် ဘယ်နေရာရောက်ရောက် တောင်ကြီးမြို့လောက် စိတ်ကြိုက်မဖြစ် မပျော်ပိုက်မိတာ အမှန်ပါ။

လတ်ဆတ်တဲ့ ဆောင်းလေ အေးမြမြကို ရှုရှိုက်ရင်း ခေါင်းစွပ်ကို နားလုံအောင် ဆွဲချလိုက်တယ်။ ချိန်းထားတဲ့ ရွှေအင်းလေး တည်းခိုခန်းရှေ့ ရောက်တော့ စိုင်းနောင့်ကို မတွေ့သေးတာနဲ့ ၅ မိနစ်လောက် သွေးပူလုပ်ရင်း စောင့်နေလိုက်တယ်။ သူထွက်လာမယ့် လမ်းကြားထဲ လှုပ်ရှားမှု မတွေ့တာနဲ့ တစ်ယောက်ထဲပဲ လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းနဲနဲပြေရင် ပြေးတယ်။ ကုန်းမှောက်ရင် လမ်းလျှောက်တယ်။ တစ်ခါတလေ ဓာတ်တိုင် ၂ တိုင်စာပြေးပြီး ဓာတ်တိုင် ၁ တိုင်စာ လမ်းလျှောက်တယ်။ အားကစား မလုပ်ဖြစ်တာ ကြာပြီဖြစ်လို့ ခြေသလုံးကြွက်သား တွေက တင်းနေတာကြောင့် သိပ်လည်း မပြေးနိုင်ပါဘူး ဒါပေမယ့် ဂေါက်ကွင်းအ၀င်ဝထိ ရောက်အောင်တော့ လမ်းလျှောက်ဖြစ်မယ်လို့ အားခဲပြီး လမ်းဆက်လျှောက် ဖြစ်တယ်။ မင်းလမ်းတစ်လျှောက်မှာ သူလို ကိုယ်လို အားကစား လိုက်စားတဲ့သူတွေ အရွယ်စုံ အများကြီးတွေ့ရတယ်။ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု အဆောက်အဦရှေ့ လမ်းအချိုးနေရာမှာ အနည်းငယ် မှောင်နေတာကလွဲရင် နီယွန်မီးလုံးတွေနဲ့ တစ်လမ်းလုံး လင်းထိန် နေပါတယ်။ စက်မှုလက်မှု ကျောင်းရှေ့ရောက်တော့ မြူတွေအုပ်ဆိုင်းပြီး ပိန်းပိတ်အောင် ကျလာတာကြောင့် ဒီဇင်ဘာရဲ့ ဆောင်းအလှကို ပိုအသက်ဝင်စေတယ်။ ဂေါက်ကွင်းဂိတ်ပေါက်ထိ ရောက်ခဲ့ပါတယ်။ ခြေသလုံးနဲ့ ပေါင်ကကြွက်သားတွေ တင်းပြီး အတော်လေး နာနေတာကြောင့် အပြန်လမ်းမှာ မပြေးနိုင်တော့ဘဲ မှန်မှန်လေးပဲ လမ်းလျှောက်ပြန်ခဲ့တယ်။

အိမ်မပြန်ခင် ညဈေးထဲဝင်ပြီး Breakfast အနေနဲ့ ထို့ဟူးနွေးဝင်စားတယ်။ စောလွန်းသေးတော့ စားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ထိုင်လက်စနဲ့ တစ်ခါတည်း စားသွားမှာဖြစ်လို့ အခါးရည်သောက်ရင်း စောင့်နေလိုက်တယ်။ ထို့ဟူးနွေး ၂ ပွဲ၊ ထို့ဟူးကျော် ၁ ပွဲနဲ့ ၀က်ခေါက် ၂ ထုပ် စားလိုက်တယ်။ သူ့ခေါက်ဆွဲနဲ့ သူအကြော် လိုက်ဖက်ညီတာကြောင့် အာသာမပြေ သေးပေမယ့် လျော့ပေါ့ပေါ့ပဲ စားလိုက်တယ်။ စားပြီးလို့ ငွေချေမယ်လုပ်တော့မှ ဒိန်းကနဲဆို ကျွန်တော် ခေါင်းနပန်းကြီးသွားတယ်။ ခြေဖ၀ါး လက်ဖ၀ါးတွေမှာ ချွေးစေးတွေ ပြန်လာတယ်။ ပြေးနေတုန်းက ချွေးမထွက်ပေမယ့် ခုမှ ချွေးတွေ တစို့စို့ ထွက်လာတယ်။ ကျောနဲ့ ရင်ဘတ်မှာ ချွေးတွေ စီးကျလို့တောင် နေတယ်။ အိမ်ကထွက်လာ ကတည်းက တစ်ခုခု လိုနေတယ်လို့ မသိစိတ်က နိုးဆော်နေပေမယ့် သိစိတ်က အမှတ်မရတာနဲ့ အရေးကြီးတဲ့ ပိုက်ဆံအိတ် ပါမလာမှန်း ခုမှ အသိဝင်လာတယ်။ ပိုက်ဆံအိတ်ပါမလာဘူးလို့ ပြောရင်လည်း ဆိုင်ရှင်က ယုံမှာ မဟုတ်သလို မနက် ဈေးဦးပေါက် အကြွေးနဲ့တော့ လူကို ဒီအတိုင်း ပြန်လွှတ်လိုက်မယ် မထင်ပါဘူး။ ကိုယ့်ပေါ့လျော့မှုနဲ့ ကိုယ်မို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်။ ပလက်ဖောင်းပေါ် ဖြတ်သွားဖြတ်လာနဲ့ ဈေးဝယ်သူတွေထဲမှာ အသိတစ်ယောက်ယောက်များ ပါလေမလားဆိုပြီး မျက်လုံးကျွတ်မတတ် ရှာနေပေမယ့် ဆိုင်ရှင် အစ်မကြီး မရိပ်မိအောင်တော့ ဟန်ကိုယ့်ဖို့မို့ အခါးရည်ကိုပဲ တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်နေမိတယ်။

မိနစ် ၂၀ လောက်ကြာမှ သောကဗျာပါဒတွေ နုတ်ယူပေးမယ့် ကျေးဇူးရှင် စိုင်းနောင့် ရောက်လာတယ်။ ရောက်တာနဲ့ ကိုယ်က ဦးအောင် ဆီးဟောက် လိုက်တယ်။ မင်းချိန်းထားတဲ့ နေရာကို နာရီဝတ် (အမှန်တော့ ၅ မိနစ်ပါ) ကြာအောင် စောင့်နေပေမယ့် မင်းမလာလို့ ဒီဝိုင်းကို မင်းပဲ ရှင်းလိုက်လို့ ပြောကာရှိသေး သူ့အပြစ်ကို သူဝန်ခံသွားတယ်။ ညက ချက်တင် (ခြင်၏ဦးလေး) ကိုက်လို့ မနက်မထနိုင်တဲ့ အကြောင်း ပြုံးဖားဖားနဲ့ လုပ်နေလို့ မနည်း ခွင့်လွှတ်လိုက်ရတယ်။ ငွေရှင်းမယ့်သူ ရောက်လာမှပဲ လူက နေသာထိုင်သာ ပုံမှန်ဖြစ်သွားတော့တယ်။

ဒီနေ့ ဒီဇင်ဘာ ဆောင်းမနက်ရဲ့ ရာသီအခြေအနေဟာ အေးစက်စက်ဖြစ်လိုက် ချွေးပြိုက်ပြိုက် ကျလိုက်နဲ့ လူကိုတကယ်ပဲ ကယောက်ကယက် ဖြစ်စေတာ အမှန်ပါပဲ။ သွားသတိ စားသတိနဲ့ မမေ့မလျော့ မဖြစ်စေဖို့ အားလုံးကို အသိပေးချင်ပါတယ်။ အားလုံးပဲ လှပပျော်ရွှင်တဲ့ ဒီဇင်ဘာနေ့လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



Thursday, April 9, 2009

လေမဖြတ်အောင် အခါးရည်ကို ဆောင်

ခုနှစ်ရန်ကုန်နွေက မတ်လဆန်း ကတည်းက ပြင်းပြစွာနဲ့ လူတိုင်းကို ပူလောင်စွာ ခံစားစေခဲ့တယ်။ မိုးလင်းကနေ မိုးချုပ်အထိ အပူဒဏ်ကို လူးလူးလှိမ်းလှိမ့် ထိတွေ့နေရတယ်။ အပူဒဏ်ကာကွယ်ဖို့ လူလုပ် ဇိမ်ခံ ပစ္စည်းတွေဖြစ်တဲ့ အဲကွန်းနဲ့ ပန်ကာကလည်း ချစ်ဖေကြီး မီးကမလာတော့ ဆွေးရတယ်။ မီးမလာတော့ ချစ်သမီး ရေက မလာပြန်ဘူး ဒါနဲ့ လွမ်းစရာလေး ထပ်ပြန်ရော။ ဆွေးတာတွေ လွမ်းတာတွေ ကင်းဝေးဖို့ ရေသန့်ဘူးကို အဖော်လုပ်ပြီး ဆိုက်ဘာဆိုင် ဆီကိုပဲ ခြေဦးလှည့် နေမိတယ်။ တစ်ရက် နှစ်ရက်ဆို ဆိုင်ရှင်က ကြည်ဖြူစွာနဲ့ ကြိုဆိုပါရဲ့။ သုံးရက် လေးရက်ကြာရင် ဆိုင်က သိပ်မကြည်တော့ဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က လှေကား ရှည်ရှည်နဲ့ မသွားရဘူးဆိုပြီး ကာဖြူးထုတ်ထားတဲ့ ဘလောဂ့်ရွာတွေကို အကုန်လျှောက်သွား နေလို့လေ။ ဒါကြောင့် သူ့စီးပွားရေးကို တုတ်နဲ့ အထိုးခံရမှာကြောက်တာနဲ့ ဆိုင်ရှင်က ကျွန်တော့်ကိုတွေ့ရင် လှန့်နေတာ။ မကောင်းကြံတာ မဟုတ်ပေမယ့် ကိုယ်မှာ သွားလည်စရာ ဒီဘလောဂ့် အိမ်လေးတွေပဲ ရှိတာကြောင့် နားလည်ပေး စေချင်ပါတယ်။ ဥတုပူလို့ ရေခဲစိမ် ရေသန့်ဗူးတွေ တအားသောက်တော့လည်း အစာအိမ် ရောင်သလို ဖြစ်ပြီး တနေ့က ၀မ်းပျက်တာ ခံစားရတယ်။ ဆေးအလျင်မီလို့ ခုလို ပြန်တွေ့နိုင်တာပါ။ ဆေးခန်းဒေါက်ဒေါက်က မှာလိုက်တယ် ဒီလို ရာသီမှာ ရေသန့်ဗူး သောက်တာထက် ရေကျက်အေး ဖြစ်ဖြစ် ရေနွေးကြမ်း (အခါးရည်) ဖြစ်ဖြစ် သောက်တာ ပိုကောင်းတယ်လို့ အကြံပေးခဲ့တယ်။

လဖက်ရည်ကြမ်း တစ်နေ့ သုံးခွက် သောက်သုံးဖြစ်မယ် ဆိုရင် လေဖြတ်ခြင်း အန္တရာယ်ကနေ သိသာထင်ရှားစွာ လျော့နည်းစေတယ်လို့ သိရပါတယ်။ လူကြီးပိုင်းမှာ အဖြစ်များတတ်တဲ့ လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရှိတဲ့ လက်ဖက်ရည်ကြမ်း ထဲမှာ ကမဲလီးယားအပင်ကနေ ပြုပြင်ထားတဲ့ လက်ဖက်ရည်ကြမ်း ဖြစ်တယ်လို့ သိရပါတယ်။ လူတွေက လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့အထ ကနေ လေဖြတ်တဲ့ ရောဂါဆိုးကို ကာကွယ်နိုင်ကြောင်းကို သိသူ အလွန်နည်းပါးတယ်လို့ သိရပါတယ်။ များသောအားဖြင့် လေဖြတ်ဝေဒနာ ခံစားလာကြတဲ့ အခါမှသာ ဆေးဝါးကုသမှု ခံယူကြတယ်လို့ သိရပါတယ်။ လေဖြတ်ခြင်းသည် အလွန်လျင်မြန်စွာ ဆိုးကျိုးသက်ရောက်မှု ဖြစ်စေပြီး လေဖြတ်ဝေဒနာရှင်တွေ အနေနဲ့ ဆေးဝါးကုသမှု ခံယူရာမှာ အလွန် နောက်ကျတတ်ကြ ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် အနည်းဆုံး လက်ဖက်ရည်ကြမ်း သုံးခွက် သောက်သုံးခြင်းဖြင့် လေဖြတ်ခြင်း ဝေဒနာကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် လေဖြတ်ခြင်းကြောင့် ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း တင်ကြို ကာကွယ်မှု ပြုရာရောက်တယ်လို့ သိရှိပါတယ်။

ရှမ်းပြည် တောဘက်မှာတော့ အိမ်လည်က မီးဖိုဘေးမှာ မြေအိုးလေးထဲ လက်ဖက်ခြောက်ခပ်ပြီး တနေကုန် သောက်နေတတ်တဲ့ တောင်သူတွေကို တွေ့ဖူးတယ်။ ပင်လောင်းဘက်က အရွက် သေးမျှင်မျှင်နဲ့ စော်ဘွားနှုတ်ခမ်းမွှေး လက်ဖက်ခြောက်တွေဆို နာမည်ကြီးတယ်။ တာရှည် သိုလှောင်ထားလဲ မှိုမတက်ဘူး။ နောက် ဟဲဟိုးဘက်က ပလောင် လက်ဖက်ခြောက်လဲပဲ ရေနွေးထဲမှာ စိမ်းဖန့်ဖန့်နဲ့ မို့ သောက်ရတာ ခံတွင်းတွေ့စေတယ်။ အင်းသားတွေကျတော့ လက်ဖက်ခြောက်ကို လှော်ပြီးမှ သောက်ကြတယ်။ ထူးခြားတဲ့ လက်ဖက်ရည်ကြမ်း အရသာကို ဖြစ်စေတယ်။ နောက် နှမ်းလှော်ပြီး လက်ဖက်ခြောက်နဲ့အတူ ထည့်သောက် ကြသေးတယ်။ ကောက်ညှင်းရွက်မွေး ပါထည့်သောက်လို့ကတော့ ဆွေမျိုးတောင် ရေထားရလိမ့်မယ်။ မြောက်ပိုင်းက ရွှေဖီမိုးလွတ် လက်ဖက်ခြောက်တွေလဲ နာမည်ကြီးတယ်။ ဒီဘက်ခေတ်မှာတော့ လက်ဖက်ခြောက် အနံ့ကို စပယ်ပန်းအနံ့နဲ့ ပြုပြင်ပြီး လှပသေသပ်တဲ့ သံဗူးတွေနဲ့ ပြည်ပပို့ကုန်အနေနဲ့ တရုတ်ဘက်က ၀င်လာတာ များတယ်။ စပယ်ပန်းအနံ့နဲ့မို့ လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့ကို ပိုစွဲမက်စေပါတယ်။ အ၀ါရောင် Auramine O ဆိုးဆေးကြောင့် လက်ဖက်အစိုတွေ ဈေးကွက်ပျက်ချိန်မှာ လက်ဖက်ခြောက်ပွဲရုံ ပိုင်ရှင် သူငယ်ချင်း စိုင်းနောင့် အတွက် အခမဲ့လက်ဖက်ခြောက် ကြော်ငြာ ၀င်ပေးလိုက်ပါတယ်။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ .. ဆန္ဒပြုလိုက်ပါတယ်။


လက်ဖက်စိုက်ခင်းတွင် လက်ဖက်ခူးနေကြစဉ်



( ပုံတွေကို google image ကနေ ယူထားတယ်နော် )

Monday, March 30, 2009

နေ့သစ်ရဲ့ မနက်များစွာ ..

waiting for .......... .com လို့တစ်မျိုး၊ connection to .......... .com လို့တစ်နည်း transferring data from .......... .com လို့ အမျိုးမျိုး လူကိုဝမ်းချနေပြီး နောက်ဆုံးမှာတော့ The requested URL could not be retrieved ဆိုတာနဲ့ တစ်နေသာ ကုန်သွားတယ် ကိုယ့်ရဲ့ ဘလော့စာမျက်နှာပေါ် မရောက်ခဲ့ရပါဘူး။ Connection မကောင်းတော့ ဆိုင်ရှင် တရုတ်ကြီးကို လှမ်းလှမ်းရှိုးရတယ်။ သူကလည်း သဘောပေါက်စွာနဲ့ ငွေသွားရှင်းရင် အများကြီး သက်ညာခွင့် ပေးခဲ့လို့သာ နက်ပေါ်တက်ဖို့ သက်ဆိုးပိုရှည် စေခဲ့ပါတယ်။ ဒါလိုနဲ့ စိတ်အစဉ်ကို ဆွဲဆောင်စေတဲ့ ဘလောဂ့်ကို ရောက်နိုင်နိုးနိုး စောင့်ပေမယ့် ထူးခြားမလာ ခဲ့တာကြောင့် အိပ်ယာထဲ စောစောဝင်ဖြစ်တယ်။ ခရီးထွက်နေတာဖြစ်လို့ အိမ်မှာလို ကိုယ့်အိပ်ခန်းထဲမှာ ခုတင်ပေါ် သက်တောင့်သက်သာ အိပ်ရတာ မဟုတ်ပါဘူး။ ယာဉ်မောင်းရဲ့ နောက်ခန်း ဆိုဖာခုံလေးက ကျွန်တော့်ရဲ့ လတ်တလော နိဗာန်ဘုံ ဖြစ်ပါတယ်။ ခုံတန်းဆိုပေမယ့် လူတစ်ယောက် ကျယ်ကျယ်လွင့်လွင့် အိပ်လို့ရနိုင်တယ်။ ကောင်းကောင်း ခြေဆန့်ထုတ်လို့ ဖြစ်ပါတယ်။ အညောင်းမမိပါဘူး။ ဇိမ်ကျမယ့် inn တွေ guest house တွေမှာ တကူးတက သွားမအိပ်ဖြစ်ပါဘူး။ ကိုယ်က သိက္ခာဘယ်လောက်ပဲ ရှိတယ်ပြောပြောပါ။ ကားသမားဆိုတာနဲ့ လူတိုင်းက နှာခေါင်းရှုံ့ကြတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေက အစ လူကိုကြည့်တဲ့ မျက်လုံး၊ ပြောထွက်လာတဲ့ စကားတွေက လူတစ်ယောက်အတွက် မခံချိ မခံသာ ဖြစ်စေလောက် ပါတယ်။ မိန်းကလေး တစ်ယောက်နဲ့ ခင်မိရင် တစ်ဖက်သားအမြင်မှာ အဲဒီ မိန်းကလေးကို ကိုယ်ကပဲ သွေးဖောက်သောက် လေမလားဆိုပြီး မိန်းကလေးအတွက် စိုးရိမ်ပေးနေတတ်တဲ့ စေတနာ စကားတွေ အတွက် စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ ဘာဖြစ်ဖြစ် ကားစောင့်ပြီးသားလည်း ဖြစ်အောင် ကားပေါ်ပဲ အမြဲ လွတ်လွတ်လပ်လပ် အိပ်ဖြစ်တယ်။

မခမ်းနားတဲ့ ငြီးငွေ့ဖွယ် အိပ်ယာအကြောင်းကို ယောင်နေတာနဲ့ ဆိုလိုရင်း အကြောင်းအရာကို မရောက်နိုင်ဘူး ဖြစ်တယ်။ ရေးချင်တာက တစ်ညတာ အိပ်စက်ပြီး နောက်တစ်ရက် နေ့သစ်မနက်မှာ ဘယ်လိုအိပ်ယာထတယ် ဆိုတာကို ပြောပြချင်တာပါ။ ဘ၀သမား တစ်ယောက်အတွက်တော့ နေဖင်ထိုးအောင် မအိပ်ဖြစ်တာတော့ အမှန်ပါ။ ညဖက် ဘယ်လောက်ပဲ အလုပ်များပြီး ညည့်နက်အောင် အိပ်ဖြစ်ပါစေ။ မနက် အာရုံမတက်ခင် လေးနာရီခွဲ နဲ့ ငါးနာရီ လောက်ပုံမှန် အိပ်ယာထဖြစ် ပါတယ်။ ဆင်းရဲတဲ့ ကံဇာတာ ပါလာတာလည်း ဖြစ်နိုင်ပါတယ်။ နာရီနိုးစက် အကူအညီလည်း မလိုခဲ့ပါဘူး။ တစ်ယောက်ယောက်ကို ဘယ်အချိန်မှာ လာနိုးပါ ဆိုတဲ့ စကားကြုံလည်း မကမ်းလှမ်းခဲ့ ဖူးပါဘူး။ နိုးကြားနေတတ်တဲ့ အာရုံအသိက အိပ်ယာကနိုးလို့ လက်ပတ်နာရီကို ကြည့်လိုက်ရင် ထနေကျ အိပ်ယာထချိန် ဖြစ်နေတတ်ပါတယ်။ ဒါက ကျွန်တော်ရဲ့ နေ့စဉ် ရိုးရှင်းတဲ့ မနက်အိပ်ယာထချိန်ပဲ ဖြစ်ပါတယ်။

'' မနက်မှာဘယ်လိုအိပ်ယာကထလဲ '' လို့ Tag ခံထားတာ ပြီးခဲ့တဲ့အပတ် ကတည်းကပါ။ အဆင်မပြေတဲ့ အမျိုးမျိုးသော အကြောင်းကြောင့် ချက်ချင်း မရေးနိုင်ခဲ့ပါဘူး။ ရေးပြီးပြန်တော့လည်း ကောင်းမွန်ခြင်း မရှိတဲ့ ကွန်နက်ရှင်ကြောင့် ပို့စ်အဖြစ် မတင်ဖြစ် နိုင်ခဲ့ပြန်ပါဘူး။ Tag ထားတဲ့ လမင်းငယ် တို့ ကိုလည်း အားနာပါတယ်။ လမင်းငယ် တို့ရဲ့ မနက်ခင်းတိုင်းမှာ နွေးထွေးပြီး ကြင်နာမှုအပြည့်ပါတဲ့ အိပ်ယာထ ဆည်းလည်းသံလေးကို အားကျမိတာတော့ အမှန်ပါ။ ကျွန်တော်လဲပဲ ဘယ်တော့မှများ လမင်းငယ်တို့လို စိတ်လက်ပေါ့ပါးပြီး မင်္ဂလာတွေနဲ့ ပြည့်စုံနေတဲ့ နံနက်ခင်းလေးကို ပိုင်ဆိုင်နိုင်မလဲ လေလို့ အတွေးတွေ ပွားရပါတယ်။ အားလုံးကိုပဲ ပျော်ရွှင်စေချင်ပါတယ်။


Sunday, March 22, 2009

တောင်ငူရောက်တုန်း ခဏတဖြုတ် အချိန်ရတာနဲ့ နက်ကဖီးဆိုင်ကို နေရာစုံစမ်းပြီး နက်ပေါ် တက်ဖြစ်တယ်။ ping ကြည့်လိုက်တော့ connection က 20 ms နဲ့ 30 ms ကြားပဲ ပြေးနေတာကြောင့် လိုင်းကတော့ သိပ်မကောင်းပါဘူး။ ဘလောဂ့်စပေါ့ ထဲတော့ ၀င်လို့ ရမယ်မထင်ပါဘူး။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ ဂူဂဲလ်ကိုတောင် မမှတ်မိချင်ဘူး။ ခရီးထွက်နေပေမယ့် ဘယ်နေရာကို ရောက်ရောက် ကိုယ်ဖန်တီးထားတဲ့ ဘလော့ဂ်လေးကိုတော့ သံယောဇဉ် ရှိတယ်။ ဒါနဲ့ google reader ကနေပဲ သူငယ်ချင်းတွေရဲ့ ဘလောဂ့်တွေကို ဖတ်ဖြစ်တယ်။ Tag ထားတဲ့ သူငယ်ချင်းတွေရဲ့ အဖြေကို ဖတ်ဖြစ်ခဲ့ပေမယ့် ကျေးဇူးတင်ကြောင်း စကားလေးတစ်ခွန်းမှ မပြောဖြစ်ရလို့ စိတ်မကောင်းတာတော့ အမှန်ပါ။ နားလည်ပေး နိုင်မယ်ထင်ပါတယ်။ ရန်ကုန်ပြန်ရောက်မှ အသေအချာ ပြန်နှုတ်ဆက်ပါမယ်၊ အားလုံးကိုပါပဲ။ ခုစာလေးကိုလည်း igoogle ကနေ တင်လိုက်တာပါ။ အဆင်ပြေ မပြေ နောက်မှ ပြန်ကြည့်ပါမယ်။ အားလုံးပဲ ပျော်ရွှင်နိုင် ပါစေ။

Friday, March 20, 2009

ဝါသနာကို အရင်းပြုလို့ ..

၈ တန်း အတန်းတင် စာမေးပွဲရဲ့ နောက်ဆုံးဘာသာကို ဖြေပြီးတာနဲ့ အိမ်ကို တန်းပြန်လာတယ်။ မနက်က ကျောင်းမသွားခင် မေမေ မှာလိုက်တာရှိတယ်။ သားအတွက် အံ့သြစရာ လက်ဆောင်တစ်ခု ၀ယ်ထားမယ်တဲ့။ စာမေးပွဲပြီးရင် သူငယ်ချင်းတွေနဲ့ လျှောက်မလည်ဘဲ ပြန်လာဖို့ သေချာမှာခဲ့လို့လေ။ လက်ဆောင်ဆိုတာကို သိချင်ဇောနဲ့ အိမ်ရောက်ရောက်ချင်းပဲ မေမေ့ကိုရှာပေမယ့် မတွေ့တော့ အိပ်ခန်းထဲဝင်ပြီး မလိုတော့တဲ့ ၈ တန်း စာအုပ်တွေ ရှင်းမယ်လုပ်တော့.. ကျွန်တော့် စာကြည့်စားပွဲပေါ် ကွန်ပျူတာ တစ်လုံးက အခန့်သားရောက်နေတာ တွေ့လိုက်ရတယ်။ ပထမဆုံး အကြိမ်အနီးကပ် မြင်ခွင့်ရတဲ့ ကွန်ပျူတာမို့ ကီးဘုတ်ခလုပ်လေးကို တို့ကြည့်ရုံကလွဲပြီး ဘာမှ မလုပ်တတ်ခဲ့ပါဘူး။ လက်ဆောင် အတွက် ကျေးဇူးပါ မေမေ။

လူတတ်ကြီး လုပ်ဖို့ MCC မှာ သင်တန်းတက်တယ်။ နောက် KMD မှာလည်း တက်ဖြစ်သေးတယ်။ အသေအချာ ဘာတတ်သလဲဆိုတော့ ဖဲကောင်းကောင်း ရိုက်တတ်တယ်။ သီချင်းနဲ့ ရုပ်ရှင်တွေ ဖွင့်တတ်တယ်။ ဂိမ်းမှန်သမျှ အကုန်ကစားဖြစ်တယ်။ ဘယ်သူရဲကောင်းကိုမှ ဘယ်ဗိုလ်မထားခဲ့ဘူး။ ဒီနောက်ပိုင်းတော့ မျက်စိ နှစ်လုံးဖွင့်တာနဲ့ လက်က ကွန်ပျူတာ ကို အလိုလို အွန်ပြီးသား ဖြစ်နေမိတယ်။ လျှပ်စစ်မီးလာနေသရွေ့ ကွန်ပျူရှေ့က မခွာနိုင်အောင် ၀ါသနာထုံမိတယ်။ ထမင်းပန်းကန်ထဲ ဟင်းပုံပြီး ကွန်ပျူတာရှေ့ လာပို့ပေးမှ ထမင်းစားဖြစ် လောက်အောင် စွဲလန်းမိတယ်။ သူငယ်ချင်းတွေနဲ့ အဆက်ဖြတ်ပြီး ကွန်ပျူတာနဲ့ အဖော်ပြုခဲ့တာ အဲဒီအချိန် ကတည်းက စခဲ့တာပါ။

၁၀ တန်းအောင်တော့ PII လေးကို ငွေရောင်ကေဇင် PIII နဲ့ လဲလိုက်တယ်။ Multi-media sound system တွေကောင်းလာသလို Graphic card တွေရဲ့ စွမ်းဆောင်ရည် ထက်မှုကြောင့် အဆင့်ပိုမြင့်တဲ့ ဂိမ်းတွေ ပိုကစား ဖြစ်တယ်။ ဈေးကြီးပြီး ရှားပါးတဲ့ National Geographic စာအုပ်တွေအစား CD ခွေနဲ့ ၀ယ်ဖတ်လို့ အဆင်ပြေတော့ စိတ်ကြိုက်ပဲ ၀ယ်ဖတ်ဖြစ်တယ်။ နောက် Application နည်းပညာရပ် CD ခွေကို မလွတ်တမ်း ၀ယ်လေ့လာ ဖြစ်တယ်။ ကွန်ပျူတာက ကျွန်တော့် အတွက် အဖော်ကောင်း ဖြစ်သလို ကျွန်တော့်ရဲ့ စာဖတ် ၀ါသနာကိုလည်း အများကြီး ပံ့ပိုးပေးခဲ့တယ်ဆိုတာ ယုံမှားသံသယ မဖြစ်မိပါဘူး။

တက္ကသိုလ်တက်တော့ သံယောဇဉ်ရှိတဲ့ ကွန်ပျူတာနဲ့ ခွဲခဲ့ရတယ်။ ဒါပေမယ့် သင်တန်းတွေ အလီလီတက်ဖြစ်ခဲ့ တာကြောင့် စိမ်းမနေခဲ့ပါဘူး။ ကျောင်းပြီးသွားတော့ ကွန်ပျူတာကို အပြည့်အ၀ကိုင်ရမယ် ဆိုတဲ့ အတွေးနဲ့ ပျော်ခဲ့ပေမယ့် လက်တွေ့မှာ အိမ်ရဲ့ လုပ်ငန်းခွင်က ဆီးကြိုစောင့်နေတော့ ကိုယ်ဝါသနာပါပြီး သံယောဇဉ်ကြီးတဲ့ ကွန်ပျူတာကို ၁၀ နှစ်ကျော် ပစ်ထားခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ကွန်ပျူတာကို အပြည့်အ၀ ပြန်ကိုင်ခွင့်ရခဲ့တယ်။ ဒါကလည်း ပါးလျလျ အလုပ်ရဲ့ ကျေးဇူးကြောင့်ပါ။ ဒါနဲ့ PIII ကို P 4 (2.4 GHz) နဲ့ လဲဖြစ်တယ်။ မကြာမတင်ပဲ P 4 (3.2 GHz)နဲ့ ထပ်လဲလိုက်တယ်။ မြန်နှုန်းကတော့ အတိုင်းထက် အလွန်ပါပဲ။ လက်ပြတ်နေတာ ကြာပီဖြစ်တဲ့ DVD version 3D game တွေ ကစားဖြစ်တယ်။ အိမ်မှာကစားတာ အားမရတော့ မြို့ထဲထွက်ပြီး သူငယ်ချင်းတွေနဲ့ network မှာ အုပ်စုလိုက် ကန်သေးတယ်(Fifa 07)၊ ပစ်သေးတယ် (Hero, Counter)။ အဖော်မပါတဲ့ နေ့တွေကျတော့ မျက်မှန်အထူကြီးတပ်ပြီး စာတွေ (Blog) ဖတ်နေတဲ့ အစ်ကို အစ်မ တွေနား မယောင်မလည် ခိုးကြည့်ခဲ့တယ်။ သဘောကောင်းတဲ့ သူတွေကျတော့ အချိန်ကုန်ခံပြီး ရှင်းပြတတ်တယ်။ အကောင့်ယူပေးတယ်၊ ဘလောဂ့်လုပ်နည်း ကို သင်ပေးတယ်။ ဒါနဲ့ အင်တာနက်ရဖို့ အိမ်ကို ပူဆာဖြစ်တယ်။ ဒီလိုနဲ့ မယောင်မလည် နက်ပေါ်မှာ အချိန်ကုန်မှန်းမသိ ကုန်စေခဲ့တယ်။ ဘလောဂ့်ကြောင့်ပဲ စာတွေ ပိုဖတ်ဖြစ်တယ်။ ဘလောဂ့်ကြောင့်ပဲ နည်းပညာဗဟုသုတ တွေပိုနားလည်ခဲ့တယ်။ ဘလောဂ့်ကြောင့်ပဲ သူငယ်ချင်းတွေ အများကြီး ပိုင်ဆိုင်ခွင့်ရတယ်။ ဘလောဂ့်ကြောင့်ပဲ သံယောဇဉ်ဆိုတာကို ရှာတွေ့တယ်။ သံယောဇဉ်ရဲ့ ချိုလွင်လွင် အရသာကို အရင်ကထက် ပိုခံစားတတ်ပြီး ပိုနားလည်လာတယ် ဆိုတာကို ၀န်ခံပါတယ်။

တဂ်ထားတဲ့ ကိုမောင်မျိုး လိုတော့ ၀ါသနာတွေ အများကြီးပါဖို့ အချိန်မရှိခဲ့ပါဘူး။ သူ့လိုလဲ အခြေအနေတွေ မရခဲ့ပါဘူး။ ဒီလောက်နဲ့ပဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဒီ " ၀ါသနာလေးများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ခင်မင်တဲ့ သယ်ချင်းတွေကို ဆက်တက်ချင်ပါသေးတယ်။ သေချာရေးပေးမယ်လို့ မျှော်လင့်ပါတယ်။
  • Flowerpoem (ဧရာဝတီစာကြည့်တိုက်)


Thursday, March 12, 2009

ဖြစ်ချင်မိတဲ့ ဆန္ဒလေး .. ..

ခရီးထွက်နေရရင် ပျော်စရာ သိပ်ကောင်းမှာပဲလို့ လူတွေက ထင်ကြပါမယ်။ အပျော်ခရီး ကို သူငယ်ချင်းတွေနဲ့ သွားရတယ် ဆိုရင်တော့ ပျော်စရာအတိ ဖြစ်မှာပါ။ ခုတော့ အလုပ်တစ်ဖက်နဲ့ ခရီးထွက်တာဆိုတာ့ ပျော်ဖို့ နေနေသာသာ အန္တရာယ် မဖြစ်အောင် ဂရုစိုက်နေတာနဲ့ပဲ စိတ်ဖိစီးမှုတွေ များများ လာရတယ်။ အလုပ်က ခရီးထွက်နေရတဲ့ အလုပ်ပေမို့ ခရီးသွားရတဲ့ ကံပါတယ်လို့ ဆိုရမှာပေါ့။ ခရီးစဉ်တိုင်းတော့ အဆင်ပြေ ချောမွေ့တယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ကားက မဖောက်ရင် လူက ဖောက်တယ်။ လူနဲ့ ကားနဲ့ ကောင်းရင် ကုန်တွေက ဖောက်တယ်။ နောက် လမ်းကအဆင်မပြေ တာတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် နိစ္စဒူဝ လုပ်နေရတဲ့ အလုပ်မို့ ပျော်တာလည်း မဟုတ်တော့ဘူး၊ မပျော်ဘူးလည်း မဆိုနိုင် တော့ပါဘူး။ ခရီးထွက်လို့ လက်ငင်း ရဖြစ်တဲ့ အကျိုးကတော့ ဘုရားစာ များများ ရွတ်ဖြစ်တာပဲ ပြောစရာရှိပါတယ်။ ဒုက္ခကို ကြောက်လို့တော့ ဟုတ်ပါဘူး မမြင်နိုင်တဲ့ အန္တရာယ်တွေ ကင်းအောင်ပါ။

မနေ့က ပဲခူးကနေ ပြန်ရောက်ရောက်ချင်းပဲ ပင်ပန်းတာကို အကြောင်းပြပြီး ချက်ချင်း ရေချိုးလိုက်မိတယ်။ အပူရှပ်သလို ဖြစ်ပြီး ခုတော့ ကိုယ်လက် မအီမသာ ဖြစ်ရတယ်။ ဖွင့်ထားတဲ့ Chat Box ကနေ ကျောက်မြောင်းက သယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ကိုးကွယ်တဲ့ ဘာသာအယူ ၀ါဒမတူတဲ့ ချစ်သူနှစ်ဦးရဲ့ ရင်တွင်းဇာတ်လမ်း အဖြစ်အပျက်လေးကို ဆွေးနွေးဖြစ်ခဲ့တယ်။ တစ်ယောက်က ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်၊ ကျန်တစ်ယောက်က ခရစ်ယာန်ဘာသာ ကိုးကွယ်တယ်။ စိတ်တူကိုယ်တူ ချစ်သူဘ၀ကို မရောက်ဖြစ်သေးတဲ့ သယ်ချင်း နှစ်ယောက်ပါ။ တစ်ယောက်ကို တစ်ယောက် မြတ်နိုးခဲ့ ပေမယ့်လည်း ဘာသာတရား ကိုင်းရှိုင်းလွန်းတဲ့ နှစ်ဖက် မိဘဆွေမျိုး တွေကြောင့် ရှေ့ဆက်မတိုးနိုင်တဲ့ မေတ္တာဘွဲ့ဖွင့် ဇာတ်လမ်းလေးပါ။ ဒီအကြောင်းလေး ပြောဖြစ်တော့ ကျိုင်းတုံက စီနီယာ သူငယ်ချင်း စုံတွဲကို သွားသတိရမိတယ်။ စီနီယာ အစ်မက ခရစ်ယာန်၊ စီနီယာ အစ်ကိုက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်။ ယူခါစတုန်းကတော့ သူ့ဘာသာ ကိုယ့်ဘာသာကို ယုံကြည်သလို နှစ်ဦးသဘောတူ တစ်မျိုးစီ ကိုးကွယ်ခဲ့ကြတယ်။ ဘာမှတော့ ပြဿနာ ကြီးကြီးမားမား မရှိခဲ့တဲ့ အေးချမ်းတဲ့ အိမ်ထောင်ရေးလေးပါ။ ဒါပေမယ့် နှစ်တွေကြာပြီး သားသမီးတွေ ရလာတဲ့အခါ အမေနဲ့ ပိုအနေနီးတဲ့ သားသမီးတွေက ခရစ်ယာန်လေးတွေ ဖြစ်ကုန်တယ်။ စီနီယာ အစ်ကိုခင်မျာလည်း ဇနီးနဲ့ သားသမီးကို ချပ်ကျောင်း အကြိုအပို့ လုပ်ရင်းကနေပဲ နောက်ဆုံးတော့ မိသားစုကို ငဲ့ညာပြီး ဘာသာခြားကို ကူးသွားခဲ့တယ်။ ခုထက်ထိ နွေးထွေးတဲ့ မိသားစုလေးနဲ့အတူ ရှေ့ခရီးကို ချီတက်ဆဲပါ။ နောက်ပေါက် ကောင်လေးနဲ့ ကောင်မလေးကရော တံတိုင်းလို ခြားနေတဲ့ ဘာသာအယူဝါဒကို ဘယ်လို ကျော်လွှားနိုင်မှာ လဲနော်။ ရှေ့ဆက်ဖြစ်ရင်တော့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်လာမှာ အမှန်ပါပဲ။

တကယ်တော့ အချစ်ဆိုတာ သူ့ကဏ္ဍနဲ့သူ၊ သူ့ကံဇာတာနဲ့သူ သတ်မှတ်ပြီးသား ဖြစ်နေရင် အင်မတန် မြတ်နိုးစရာ ကောင်းတဲ့ ခံစားချက် တစ်ခုပါ။ အဲဒီအချစ်ကို ဘာသာအယူဝါ တွေနဲ့ ပိုင်းခြား၊ ငွေကြေးအရှိန်အ၀ါ တွေနဲ့တိုင်းတာ၊ မာနအတ္တတွေ တကိုယ်ကောင်း ဆန်မှုတွေနဲ့ ချိန်ထိုး နေမယ်ဆိုရင် အချစ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်သွားပါမယ်။ အမှန်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလည်း မဟုတ်သလို၊ ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ပါဘူး။ အနီးစပ်ဆုံး ပြောရရင် တစ်ဦးနဲ့ တစ်ဦး စိတ်တူ ကိုယ်တူ ဖလှယ်ခြင်းလို့ မြင်မိပါတယ်။ တစ်ဦးရဲ့ ပျော်ရွှင်မှုကို တစ်ဦးဆီကို ပေးပြီး ဖလှယ်တာဟာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်စေပါတယ်။ ဒါကြောင့် ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ တစ်ဦးအပေါ် တစ်ဦး နားလည်မှုရှိပြီး အပေးအယူ မျှတခဲ့မယ်ဆိုရင် ပျော်ရွှင်တဲ့ ဘ၀တစ်ခုကို တည်ဆောက် ယူနိုင်မယ်လို့ ထင်မြင်မိပါတယ်။

သယ်ချင်းနဲ့ အပေါ်ကအတိုင်း ဆွေးနွေးနေရင်းနဲ့ပဲ အင်တာနက် ကွန်နက်ရှင်းက ပြတ်သွားတယ်။ သွေးရိုးသွေးတန်း ကွန်နက်ရှင် ဒေါင်းတယ်လို့ပဲ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ဂရုမပြုဘဲ ပစ်ထားတာ ကြာပီဖြစ်တဲ့ ဖုန်းတွေ အလိမ်းလိမ်းတက်နေတဲ့ modem ကိုဖုန်သုတ်ဖို့ ကောက်ကိုင်လိုက်တာ မီးစွဲနေတဲ့ မီးသွေးခဲကို ကိုင်လိုက်မိသလို လက်တစ်ခုလုံး အပူလောင် သွားတယ်။ အပူလွန်ကဲနေတဲ့ modem ကိုလည်း လက်ကနေ လွတ်ချလိုက်ရတယ်။ ခုမှပဲ အိပ်ခန်းကို ညော်နံ့သင်းနေစေတဲ့ တရားခံကို တွေ့တာ ဖြစ်တယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်ပစ္စည်းတွေ ချည်းပဲဆိုတော့ ဒီလို ညော်နံ့က နှာခေါင်း ယဉ်နေတာမို့ ဖာသိဖာသာပဲ နေခဲ့မိပါတယ်။ Modem မကောင်းရင်တော့ အင်တာနက်တက်ဖို့ တစ်ရက် နှစ်ရက်လောက်တော့ သည်းခံရပါအုန်းမယ်။ ဒီလိုတွေးပြီး စိတ်မကောင်း ဖြစ်ရတယ်။ နေ့တိုင်း အင်တာနက်ပေါ် အလည်လွန် နေတတ်သူ တစ်ယောက်အနေနဲ့ ရုတ်တရက် အင်တာနက်ပေါ် မတက်ဖြစ်တဲ့ ရင်ထဲက ခံစားချက်ကို နားလည်နိုင်ကြမှာပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

Wednesday, March 11, 2009

အတွေးတွေ ဆန့်ထုတ်ချင်တယ်

အလုပ်ကိစ္စနဲ့ သွားနေရတဲ့ ထောက်ကြန့်တို့ ပဲခူးတို့ ဆိုတာ ကျွန်တော့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လို လူးလာခေါက်တုန့် သွားနေကျ ဖြစ်တယ်။ ဘယ်အချိန်စထွက်ရင် အိမ်ကို ဘယ်အချိန်မှာ ပြန်ရောက်မယ် ဆိုတဲ့ ကြာမြင့်ချိန်ကို တွက်ချက်နေ စရာမလိုအောင် ခေါင်းထဲ အလွတ်ရမြဲပါ။ ခုတော့ မှန်းခဲ့လေသမျှ တေ့လွဲလွဲ တာတော့ မဟုတ်ပါဘူး။ ငါးပါးမှောက်အောင်ကို လွဲခဲ့ပါတယ်။ ခရီးဆောင်အိတ်ကို နောက်ခန်းထဲ ထည့်ပြီးတာနဲ့ ကားကို ရန်ကုန်ဘက်ဆီ ဦးတည်လိုက်တယ်။ပဲခူးကို ရောက်နေတဲ့ ၆ ရက်လုံးလုံး ပစ်ထားတဲ့ကားကို ပြန်ခါနီးမှ တံခါးလေးဖွင့် တက်မောင်းခဲ့တဲ့ နမော်နမဲ့ နိုင်တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်ရတယ်။ အင်းတိုင် မရောက်ခင်လေးမှာ ကားက တိုင်ပင်ခြင်းမရှိပါဘဲနဲ့ ညင်ညင်သာသာပဲ စက်ထိုးရပ်သွားတယ်။ တစ်ယောက်ထဲ ခရီးထွက်နေကျမို့ ဒီလိုအခက်အခဲ လောက်တော့ ကိုင်တွယ်ဖြေရှင်း နေကျပါ။ ကားပေါ်ကဆင်းတော့ ရှင်နေမင်းရဲ့ ဘုန်းတန်ခိုး အစွမ်းကုန် တောက်ပတဲ့ အချိန်အခါမို့ လူကိုမိုက်ကနဲ ဖြစ်စေလောက်အောင် နေအပူရှိန်က သံလျှပ်ပမာ လင်းလက် ပြင်းထန်လွန်းလှပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းရင်း ငါဟဲ့ ယောက်ျား သေခါမှ ဇွဲလျော့မယ် ဆိုတဲ့ဗန္ဓုလထုံး နှလုံးမူပြီး ကားစက်ဖုံးကို ဖွင့်ပြင်တယ်။ နာရီဝက်ကြာတော့ ကျွန်တော့်ရဲ့ ကားပြင်ပညာသာ ကုန်သွားတယ် ကားက တုတ်တုတ်မျှ လှုပ်မလာပါဘူး။ အိမ်က ဖျက်ကနစ်တွေလည်း ခုနကမှ ရှမ်းပြည်တက်သွားလို့ ဆန့်ကျင်ဘက် လမ်းခွဲခဲ့ကြတာဆိုတော့ သူတို့ကို မျှော်လို့မရတော့ဘူး။ ဒီတစ်ခါတော့ ကားက လူကို ပြန်စီးတဲ့ အချိန်ရောက်ပြီမို့ အလှည့်ကျရင် မနွဲ့စတမ်းပါပဲ။


အမှတ်(၄)လမ်းမကြီး လမ်းဆုံရောက်တဲ့အထိ တွန်းလိုက်ရတာမို့ လူလည်း တော်တော်လေး ဗြိုင်းသွားတယ်။ ဒီလိုဖြစ်ဖို့ ရာသီဥတုကလည်း ခြေထိုးနေတာမို့ ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ မှတ်ယူမိပါတယ်။ မြေညီ ကတ္တရာလမ်း ပြေပြေ လေးမို့ပဲ တော်တော့တယ်။ ဒီလို အခက်အခဲလေးတွေ ကြုံပြန်တော့ အိမ်ကိုအရင်ဆုံး သတိမရဖြစ်ဘဲ အွန်လိုင်းပေါ်က ဘော်ဒါတွေကို စီကနဲ အစီအရီ တန်းမြင်မိတယ်။ (အဟိ . . ထမင်းလုံး တစ္ဆေခြောက်တာလဲ ဟုတ်ပါဘူး၊ ပုန်းပန်းချီမ တွယ်နေတာလဲ ဟုတ်ပါဘူး။ ကိုယ် ကိုယ်၌က စိတ် ကယောက်ကယက် ဖြစ်နေတာ၊ ဘော်ဒါတွေကို အဲလောက် သံယောဇဉ် ကြီးတယ်ဆိုတာ ယုံ) ၀ပ်ရှော့ရှေ့ ပန်ဒါပင်ရိပ်အောက်က ထန်းလျက် ပက်လက် ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်နဲ့ ကားပြင်တာကို ထိုင်စောင့်နေမိတယ်။ မျက်နှာကို နေထိုးပေမယ့် ပင်ပန်းတဲ့အရှိန် ကြောင့် မျက်နှာလွဲ မနေတော့ဘဲ နေထိုးတဲ့အလင်းကနေ အဖြူရောင် မီးလုံးတွေကြားမှာ ပန်းရောင် မိန်းကလေး တစ်ယောက်ကို ထဲထဲဝင်ဝင် မြင်မိတယ်။ သေချာကြည့်လေ မသဲကွဲလေ၊ အားစိုက်ကြည့်လေေ၀၀ါးသွားလေမို့ အားမလိုအားမရ ဖြစ်စေတာ အမှန်ပါပဲ။ ၀ပ်ရှော့ဆရာတွေ ၁၀ မိနစ်လောက် ကားကို စစ်ဆေးပြီးတော့ ကျွန်တော်ဆီ ပြန်လာတယ်။ ကားရဲ့ပြစ်ချက်က "ဓာတ်ဆီ ကုန်နေတာ အစ်ကိုလေး" တဲ့ခင်ဗျာ .. .. ။ ရှက်လိုက်တာမှ မျက်နှာတောင် ထားစရာနေရာ မရှိတော့ ပါဘူး။ ရန်ကုန်ကနေ စထွက်ကတည်းက တိုင်ကီအပြည့် ဖြည့်ထားတာမို့ ကုန်နိုင်စရာ အကြောင်းမရှိ ပါဘူး။ ပဲခူးရောက်တော့လည်း ဘယ်မှ သွားဖြစ်တာ မဟုတ်တာကြောင့် သွေးရိုးသွေးတန်း ကုန်တာတော့ မဟုတ်လောက်ပါဘူး။ ဆီတိုတဲ့ တရားခံတွေကို ချက်ချင်း ပြေးမြင်မိတယ်။ ပြန်လာပါစေအုန်း ဘယ်လို ပညာပြန်ပြရမယ် ဆိုတာကို အကြွေးစနစ်နဲ့ တေးထားလိုက်မိတယ်။


ပဲခူးကနေ ဘယ်အချိန် ထွက်လာတယ်ဆိုတာကို ပြောဖြစ်ခဲ့ပေမယ့် အိမ်ကို အချိန်လွန်မှ ရောက်လာလို့လည်း တကူးတက ခေါ်မေးမြန်းတာ မရှိခဲ့ပါဘူး။ အိမ်အလုပ်က လူကို စိတ်ချမ်းသာစေတဲ့ ကောင်းကွက်လေး တစ်ခုပါ။ အပေါ်ထပ်တက်ပြီး အိပ်ခန်းတံခါးကို ဖွင့်ဝင်တော့ ၀ါယာညော်တဲ့ အနံ့က တစ်ခန်းလုံး လွှမ်းခြုံနေတယ်။ သင်္ကာမကင်းဖြစ်မိတဲ့ ကွန်ပျူတာကို ဖွင့်ကြည့်တော့ အကောင်းအတိုင်းပဲ Window က ပုံမှန် တက်လာတယ်။ နက်ထဲဝင်ကြည့်တော့ ရောက်နှင့်နေတဲ့ ဘော်ဒါတွေလည်း မနည်းပါဘူး။ ကိုယ်ကစပြီး နှုတ်ဆက်လေ့ မရှိတာကြောင့် G-talk ကို ဒီအတိုင်းပဲ ဖွင့်ထားလိုက်တယ်။ ဘာအတွက်ကြောင့် ကိုယ်က စပြီး နှုတ်မဆက်ဖြစ်တာလဲ ဆိုတဲ့ အကြောင်းရင်းက တစ်ဖက်လူ အနေနဲ့ စာဖတ်နေတာလား၊ အလုပ်များနေတာလား၊ ကိုယ့်ထက် အရေးပါတဲ့လူနဲ့ စကားပြောနေတာလား ဆိုတဲ့ အားနာစိတ်၊ အလိုက်တသိ စိတ်လေးကြောင့် အွန်လိုင်းပေါ် တွေ့နေပေမယ့် နှုတ်မဆက်ဖြစ်တာကို နားလည်ပေးစေချင် ပါတယ်။ ထင်သလို မာနကြီးတာလည်း မဟုတ်ပါဘူး၊ စတယ်ကိုင်တာလည်း မဟုတ်တဲ့ အကြောင်း သိစေချင်ပါတယ်။ ဘယ်လိုအချိန်မျိုး၊ ဘယ်လို အခြေအနေမျိုး မှာမဆို တခြားသူတွေရဲ့ ခံစားချက်ကို လေးစားတတ်ခြင်းဟာ ယဉ်ကျေး သိမ်မွေ့မှု တစ်မျိုးပဲလို့ မြင်မိပါတယ်။ (ဆက်ရေးပါအုန်းမယ်)

Wednesday, March 4, 2009

ဟိုမရောက် ဒီမရောက် နေ့များ

အလုပ်ကိစ္စနဲ့ ပဲခူးကို ရောက်နေတာ ၄ ရက်ရှိသွားပြီ။ ပျားပန်းခတ်နေတဲ့ မြို့သေးသေးလေးမှာ ပူပြင်းတဲ့ ရာသီဥတုဒဏ်နဲ့ လေပူနဲ့အတူ လိပ်လိပ်ပြီး တက်လာတတ်တဲ့ ဖုန်မှုန့်တွေရဲ့ဒဏ်ကို မခံစားနိုင်တာကြောင့် နက်ကဖီးဆိုင်ကိုပဲ အကြောင်းမရှိ အကြောင်းရှာ ရောက်နေမိတယ်။ အကြောင်းပြချက်ကတော့ မေးလ်တွေ သွားရှင်းလိုက် အုန်းမယ်။ မေးလ်တွေ အ၀င်များရင် အကောင့် ပျက်သွားနိုင်တယ် ဆိုပြီး မသိတဲ့သူကို ဘာမှနားမလည်တဲ့ ကျွန်တော်ကပဲ ရွှီးခဲ့ပါတယ်။ ဒါမှလည်း နားအေး ပါးအေး လွတ်ရာကျွတ်ရာ ဖြစ်မှာမို့ပါ။ ဒီလိုနဲ့ ဖက်တန်းဈေးကနေ မြို့ထဲကို ဒိုးခဲ့တယ်။

နယ်က နက်ကော်နက်ရှင်ဆိုတော့ ဘလောဂ့်စပေါ့ထဲကို ၀င်လို့ရတစ်ချက် မရနှစ်ချက်မို့ စိတ်ရှည်စရာ အကြောင်းမရှိပါဘူး။ ဒါနဲ့ အလွယ်တကူ ၀င်လည်လို့ ရတဲ့ ဖိုရမ်တွေဖြစ်တဲ့ တောင်ပေါ်သားတို့ ဆုံဆည်းရာမြေ (ရှမ်းပြည်နယ်တောင်ပိုင်း)ကြယ်စင်စုရပ်GreenHill နဲ့ Taunggyi Youth တွေဆီပဲ ၀င်လည်ဖြစ်တယ်။ ကြယ်စင်စုရပ် ကတော့ အစည်ကားဆုံးလို့ မြင်မိပါတယ်။ Taunggyi Youth ဖိုရမ်လည်းပဲ အွန်လိုင်းပေါ်မှာ အနည်းဆုံး ၁၅ ယောက်လောက်တော့ အမြဲ ရှိနေတတ်ပါတယ်။ ကနဦးဆုံးဖွင့်ခဲ့တဲ့ MBS တော့ တော်တော်လေးကို မန်းဘား များပေမယ့် ခုတော့ ငြိမ်ချက်သား ကောင်းလွန်းတယ်လို့ မြင်မိပါတယ်။ ကိုယ်ဖန်တီးခဲ့ ဖိုရမ်တစ်ခု အမြဲ active ဖြစ်နေဖို့အတွက် ပေးရတဲ့ အချိန်ကိုလည်း နားလည်ပါတယ်။

ဖိုရမ်တွေ လည်ပြီးလို့ ငြီးငွေ့လာတော့ ဂိမ်းဖက်ကို ဦးတည်လိုက်တယ်။ အင်တာနက်ဆိုင်နဲ့ ဂိမ်းဆိုင် တွဲဖွင့်ထားတာကြောင့် ဆိုင်ထဲကို တစ်ချက် ဝေ့ကြည့်တော့ ကျောင်းသားလေးတွေ တော်တော်များပါတယ်။ အငယ်တန်းလေးတွေ အတန်းတင် စာမေးပွဲ ပြီးသွားတာကြောင့်လို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း ပြီးခဲ့တဲ့နှစ်ကအထိ တွေ့သမျှဂိမ်း လက်မရှောင်တမ်း ကစားဖြစ်ခဲ့တယ်။ ထမင်းလျော့စားတယ် ကော်ဖီများများ သောက်တယ်။ များများထိုင်တယ်၊ နည်းနည်းပဲအိပ်တယ်။ ဒီလို ဂိမ်းကို တမ်းတမ်းစွဲ ကစားခဲ့ပါတယ်။ ဂိမ်းအဟောင်းတွေကို နိုင်ပြီးရင် ဂိမ်းအသစ်တွေကို အမြဲ စိတ်ဝင်စားတယ်။ ဘယ်လို စိတ်လှုပ်ရှားမှုကို ပေးမလဲ၊ ဘာဖြစ်လာမလဲ ဆိုတဲ့ မေးခွန်း တွေနဲ့ မရပ်မနားကစားဖြစ်တယ်။ ဂိမ်းကို အချိန်အကြာကြီး ရေရှည်စွဲ ဆော့ရင်တော့ (level မကုန်မချင်း ထချင်စိတ်မရှိတော့ရင်) ခေါင်းမူးမယ်၊ လက်အံသေတယ်၊ မျက်စိကျိန်းစပ်တယ်၊ နှလုံးနာတယ်၊ ကိုယ်လက် မအီမသာ ဖြစ်တယ်၊ အိပ်နေရင်တောင် နားထဲမှာ ဂိမ်းထဲက music တွေက ကိုယ့်ကိုယ် စိုးမိုးထားတယ်။ ပစ်ပယ်လို့ မရနိုင်ခဲ့တဲ့ ဆိုးကျိုးလေး တွေပါ။ ခုတော့ အတိုက်အခိုက် အပစ်အခတ် ကြမ်းကြမ်းဂိမ်းတွေ မကစားဖြစ်တော့ ပေမယ့် Mario ကိုတော့ ကစားနေတုန်းပါပဲ။

မြန်မာနိုင်ငံမှာ ဂိမ်းကစားခြင်းဟာ တဖြည်းဖြည်းကျယ်ပြန့် လာတာကြောင့် ရန်ကုန်မြို့တွင်းမှာတင် ဂိမ်းဆိုင်ပေါင်း ၂၀၀ ၀န်းကျင်လောက် ရှိပါမယ်။ ခေတ်နဲ့အညီ တိုးတက် လာတဲ့ ကစားနည်းဖြစ်ပေမယ့် အလွန်အကျွံစကားရင် ပညာရေး၊ စီးပွားရေးသာမက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းကစားတာကို လူငယ်တွေကြားမှာ ဖျော်ဖြေရေးတစ်ခု အနေနဲ့ သာမက အားကစားနည်း တစ်ရပ်အနေနဲ့လည်း ကစားလာကြပါတယ်။ ( Counter ပြိုင်ပွဲလိုမျိုးပါ) ဂိမ်းကစားတာဟာ လူငယ်တွေရဲ့ စူးစမ်းလိုစိတ်၊ ထူးခြားဆန်းသစ်တဲ့ ဂရပ်ဖစ်တွေရဲ့ ဆွဲဆောင်မှုတွေကြောင့် ဂိမ်းကစားဖို့ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ခေတ်သစ်ဂိမ်းတွေဟာ ပျော်ရွှင်မှု ရသကို အပြည့်အ၀ ပေးနိုင်စွမ်းပါတယ်။ ဂိမ်းကစားတာကြောင့် ဆိုးကျိုးတွေ ရနိုင်သလို မိမိကစားတဲ့ ဂိမ်းကစားနည်း အမျိုးအစားအပေါ် မူတည်ပြီး ဥာဏ်ထက်မြက်စေတယ်၊ ဖြတ်ထိုးဥာဏ် ကွန့်စေတယ်၊ သွတ်လက် ချက်ချာစေတယ်၊ ကွက်ကျော် မြင်တတ်စေတယ်၊ အနိုင်ရလိုစိတ်ကို ပြင်းပြစေတယ်၊ အင်္ဂလပ် ဝေါဟာရတွေ ကြွယ်ဝလာစေတဲ့ ကောင်းကျိုးလေးတွေ လည်းရရှိစေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဂိမ်းကစားရာကနေ သေဆုံးတာတို့၊ စိတ်ဖောက်ပြန်တာတို့ မရှိသေးပေမယ့် ချက်ချင်း လက်ငင်း မသိနိုင်သေးတဲ့ မျက်စိအာရုံကြောများ ထိခိုက်ခြင်း၊အလွန်အကျွံ ကစားတာကြောင့် ဦးနှောက် အာရုံကြောများ အားနည်းခြင်း တွေတော့ ဖြစ်ပေါ်တတ်ပါတယ်။ ဂိမ်းကစားခြင်းကြောင့် အန္တရာယ်ဆိုးတွေကို ကျော်လွှားနိုင်ဖို့ အတွက် ဂိမ်းကစားတဲ့ လူငယ်တွေအနေနဲ့ တစ်နေ့ကို အနည်းဆုံး ၆ နာရီထက် ပိုမကစားသင့်ပါဘူး။ ဂိမ်းရဲ့ အတိုက်အခိုက်တွေ ဆွဲဆောင်အား ကောင်းတယ် ဆိုပေမယ့် လူငယ်တွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာကြောင့် ပြည်ပနိုင်ငံတွေလိုမျိုး ဂိမ်းဆင်ဆာ အဖွဲ့များက လူငယ်များ အသက်အရွယ်အလိုက် ကစားသင့်တဲ့ ဂိမ်းအမျိုးအစား များကိုသာ ရွေးချယ် ကစားသင့်ကြောင်း ပြောချင်ပါတယ်။ (ဂိမ်းခွေ cover မှာတော့ ဂိမ်းအဆင့်သတ်မှတ်ချက် တွေရေးထားပါတယ်)

မည်သို့ဖြစ်ပါစေ ဂိမ်းကစားခြင်းဟာ လူငယ်လူရွယ်တွေအကြား ပိုမိုကျယ်ပြန့်လာနိုင်တဲ့အတွက် ဂိမ်းများကို အလွန်အကျွံ ကစားခြင်းထက် ဂိမ်းထဲကနေ ကောင်းတဲ့ အချက်တွေကို ထုတ်ယူ ပြောင်းလဲ ကစားမယ်ဆိုရင် လူငယ်များရဲ့ အနာဂတ် တိုးတက်ရေးအတွက် အသုံးတည့်လာနိုင်တဲ့ ပညာရပ်တစ်ခု အဖြစ် အထောက်အကူ ဖြစ်စေမယ် ထင်မိပါတယ်။ ဂိမ်းကစားတာဟာ လူငယ်များရဲ့ လူမှုရေးလိုအပ်ချက် တစ်ခုအဖြစ်ပါ ပြောင်းလဲ လာတဲ့အတွက် ကလေးငယ်များကို ဂိမ်းလုံးဝ မကစားစေဖို့ ထိန်းချုပ်ခြင်းထက်စနစ်တကျ အချိန်ဇယားတစ်ခု ရေးဆွဲကစားစေခြင်းဖြင့် ကလေးများရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို မှန်ကန်တော်တည့်စွာ လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပြီး ဆိုးကျိုးကို နဲစေနိုင်မှာ ဖြစ်ကြောင်း တင်ပြချင်ပါတယ်။


ပုံတွေကို google images ကနေ ယူထားတယ်နော် ... ...

Tuesday, February 24, 2009

အဆင်ပြေ ပါစေ ကြယ်ပိန်

Sent at 10:17 AM on Tuesday

thinstar1: hi
Win: မင်္ဂလာပါ၊ ဘယ်သူများပါလဲ၊ တွေ့ရတာ ၀မ်းသာပါတယ်
thinstar1: hi
Win: ပြောပါ၊ say something pls
thinstar1: ခင်ချင်လွန်းလို့ပါရှင့်၊ အဟိ
Win: ခင်တတ်ပါတယ်၊ ဘယ်သူများလဲ မသိဘူးနော်
thinstar1: မသိဘူး
Win: မ-သိဘူး နဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်
thinstar1: အင်း
Win: နာမည်တူတွေ များတယ်နော်
thinstar1: အဲဒါကိုတော့သိတယ်
Win: ခင်ချင်တာပဲ နာမည်လေးတော့ ပြောသင့်တာပေါ့
thinstar1: မပြောချင်လို့ပါ
Win: ဒါမှလည်း စကားပြောရတာ အဆင်ပြေတာပေါ့၊ ဒါဆို ဘလောဂ့်ရှိလား
thinstar1: ဘလော့လ်ဆိုတာဘာလဲ၊ မသိ
Win: ဒါဆို ကျွန်တော့်ကို ဘယ်လိုသိပြီး ဘာလို့ ခင်ချင်တာလဲတော့ မသိဘူး
thinstar1: အမြင်ကပ်လို့
Win: အန်
thinstar1: အကြောင်းသိချင်လို့
Win: ကောင်းပ
thinstar1: ဘာကောင်လဲလို့၊ တကယ်ပြောတာ
Win: ဘာမှ မဟုတ်ပါဘူးဗျာ၊ သာမန်လူထဲက လူပါပဲ
thinstar1: ဟုတ်လောက်ပါတယ်
Win: ခုပဲ ဗေဒင်တွက်လာတာ၊ လူမုန်းများတယ်တဲ့၊ မှန်တာတော့ မှန်နေပြီ
thinstar1: တကယ်ဟုတ်လောက်တယ်
Win: ပြောပါအုန်း
thinstar1: အရမ်းမှန်တယ်၊ ဗေဒင်ဆရာကိုအိမ်မှာပူဇော်ထား သိလား
Win: အမြင်ကပ်တာ ဘာကြောင့်လဲ၊ အကြောင်းတော့ ရှိမှာပါ
thinstar1: အခြေကြီးတယ်လို့ ပြောာသံကြားလို့
Win: နံပတ် ၁၁ ပဲစီးတာပါ
thinstar1: ဟင်၊ အဲဒါကြောင့်ဖြစ်ချင်ဖြစ်မှာပါ
Win: ဘယ်သူက မြောက်ပေးလိုက်တာလဲ မသိဘူးနော်
  • ကနေ့အထိတော့ ဘယ်သူ့ကိုမှ အမှား မလုပ်ခဲ့သေးပါဘူး
  • အထင်လွဲတာ ဖြစ်ပါမယ်
  • တောင်းပန်ပါတယ်
  • နစ်နာ ထိခိုက်တာများ ရှိရင်
thinstar1: ဟင်၊ နင်ကို ငါ ခုမှသိတာ၊ ဘာထိခိုက်မှု့မှ မရှိဘူး
Win: ဒါဆို ဘာလို့ အမြင်ကတ်တာလဲ
thinstar1: စိတ်ထဲ တမျိုးဖြစ်နေလို့၊ အင်ဗိုက်လုပ်လိုက်တာ
Win: ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်စေချင်ပါတယ်ဗျာ
thinstar1: မာန ကြီးတယ်လို့ ပြောသံကြားလို့ပါဆိုဟာ
Win: ကျွန်တော်က အားလုံးကို ခင်တတ်ပါတယ်
thinstar1: ဟုတ်ကဲ့ရှင့်၊ ဟုတ်၊ ယုံပါတယ်ရှင့်
Win: မာနဆိုတာ ကျွန်တော် ပြောချင်ပါတယ်၊ ခုလိုမျိုးပေါ့၊ ခင်ချင်တယ်ပြောပြီး
  • နာမည်တောင်မပြောပြနိုင်တာ
  • ဘယ်လို သူငယ်ချင်းကောင်းဖြစ်လာမလဲနော်
thinstar1: နင်အသိဆုံးနေမှာပေါ့ဟာ
thinstar1: မပြောချင်လို့ပေါ့
Win: ဒါဆို ဘယ်လိုလုပ် ဆက်ခင်မလဲ၊ စဉ်းစားကြည့်ပါအုန်း
thinstar1: ထင်ချင်သလို ထင်နိုင်တယ်
Win: ကျွန်တော်က မျက်နှာမရှိတဲ့သူနဲ့ စကားပြောနေရမှာလား
thinstar1: မစဉ်းစားချင်ဘူး
Win: သယ်ချင်းတို့ဘက်က မာန လျော့သင့်တယ်မဟုတ်လား
ခင်မင်ချင်စိတ် တကယ်ရှိခဲ့ရင် ပြောပါတယ်
thinstar1: မပြောရင် ခင်လို့မရဘူးဆို၊ သဘောအတိုင်းပဲ
Win: အဲဒီ သဘော မဟုတ်ပါဘူး
  • သယ်ချင်းတို့က
  • ကိုယ့်ဘက်ပဲကိုယ်ကြည့်တတ်တာပဲ
  • ကျွန်တော့် သယ်ချင်းတွေ အများဆုံးက blogger တွေ ဖြစ်တယ်
  • ဒီလို ဘုမသိ ဘမသိ နဲ့တော့ စကားပြောရတာ တစ်မျိုးကြီးပါပဲ
  • မေးလို့လည်း အဆင်မချော
  • ပြောတော့လည်း ဘုနဲ့ဘောက်
  • တောင်းပန်တော့လည်း အထက်စီးက မဆင်းချင်ဘူး
  • အစကတည်းက မခင်နဲ့ပေါ့ဗျာ
  • ဒါကို ကျွန်တော်ကပဲ မာနကြီးတယ်ဖြစ်ရတယ်။
---------------------------------------------------------------

thinstar1@gmail.com လိပ်စာနဲ့ မနေ့က ကျွန်တော့်ကို အရင်လာပြီး Invite လုပ်ထားခဲ့တယ်။ ဒီမနက် အဲဒီကလေးမ ကပဲ အရင်ဝင်ပြီး အပေါ်ကအတိုင်းပဲ စကားပြောဖြစ်ခဲ့တယ်။ စကားစပြောကတည်း လူတဖက်သားကို အကောင်းမမြင် ခဲ့ပါဘူး။ ကျွန်တော်ကပဲ အတတ်နိုင်ဆုံး လိုက်လျောပြီး စကားပြောခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေတာတော့ အမှန်ပါပဲ။ ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို လျှို့လျှို့ဝှက်ဝှက် နေချင်သူတွေ အနေနဲ့ သူများတွေကိုလည်း မိတ်ဆွေဖွဲ့နေစရာများ လိုသေးလားလို့ မေးချင်ပါတယ်။ နာမည်လေး တစ်လုံးလောက်တောင် မပြောပြ နိုင်လောက်အောင် လျှို့ဝှက်ထား ချင်တယ်ဆိုရင် ဒါဟာ ရိုးသားမှု မရှိဘူးလို့ သုံးသပ်မိပါတယ်။ ဒီလို ဒီအကြောင်းတွေ မကြာခဏ ဖြစ်တတ်လွန်းလို့ Invite လုပ်လာရင် အမြဲပဲ No ပေးခဲ့မိပါတယ်။ လူတိုင်းကို သူငယ်ချင်းလို၊ မိတ်ဆွေရောင်းရင်းလို ဖော်ဖော်ရွေရွေ ခင်မင် တတ်ပါတယ်။ ခင်လည်း ခင်ချင်ပါတယ်။ လိုအပ်တဲ့ အကူအညီကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေး တတ်ပါတယ်။ (အိပ်စိုက်ပြီးတော့ပါ) ဒါပေမယ့် နှစ်ဦးနှစ်ဖက် စိတ်ရင်းအမှန်နဲ့ ခင်မင်ဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ စောစောစီးစီး နှလုံးနာစရာဖြစ်လို့ ဒီလို ရေးဖြစ်ခဲ့ပါတယ်။ နစ်နာသူများရှိရင် ဒီကပဲ တောင်းပန်ပါရစေ။

ငို

Monday, February 23, 2009

တစ်ချိန်တုန်းက ဒုက္ခ၊ အခုတော့ ဟာသ

ကျောင်းနှစ်ဝက်ပိတ်တော့ တောင်ကြီးအိမ်ကို မပြန်ဘဲ ရန်ကုန်ကို တစ်ယောက်ထဲ သွားလည်ဖို့ အစီအစဉ်ဆွဲတယ်။ တောင်ကြီးအိမ်ကို field ဆင်းရမှာဖြစ်လို့ အိမ်မပြန်တော့ဘူး ဆိုပြီး လူကြုံနဲ့ စာရေးပေးလိုက်တယ်။ အမှန်က ကျွန်တော်ယူတဲ့ မေဂျာက ဘာဖီးလ်မှ ဆင်းရတာ မရှိပါဘူး။ လည်ချင်တဲ့ အကြောင်းပြချက် တစ်ခုထဲနဲ့ပါ။ ကိုယ်က အိမ်ကိုစာရေး အသိပေးလိုက်ပြီ ဆိုပြီး စိတ်အေး လက်အေးနဲ့ ခရီးထွက်ဖို့ ပြင်ပါတယ်။ လူကြီးတွေ ခွင့်ပြုတယ် မပြုတယ်တော့ မသိဘူး။ ကိုယ့်အစီအစဉ်တိုင်း အဒေါ်တွေရှိတဲ့ ရန်ကုန်ကို လိပ်စာကိုင်ပြီး မန်းလေး- ရန်ကုန် အဆန်ရထားလက်မှတ် ၀ယ်တယ်။ အိပ်စင်အထူးတန်း ဆိုတာကို မေးဝယ်တယ်။ အဆင်ပြေပါတယ်။ ပေးဝယ်ရမယ့် လက်မှတ်ခထက် ၅ ဆလောက် ပိုပိုသာသာ ထည့်ပေးလိုက်လို့ ဘာမေးခွန်းမှ ဖြေစရာမလိုပဲ ရထားလက်မှတ်တစ်စောင် ရလိုက်တယ်။

အရင်က အဒေါ်တွေက ကန်တော်ကလေး၊ ၇၈ လမ်း၊ မန်းလေးလမ်းသွယ် ထဲမှာနေတယ်။ ဘူတာနဲ့လည်းနီးတာပေါ့။ ခြေလျင်လျှောက်ရင် မန်းလေးအခေါ် ၂ပြ လောက်ဆို ရောက်နေပြီ။ ဒါကို မသိတဲ့ကျွန်တော် ပထမဆုံး ရန်ကုန်ကို ရောက်တာ လာလည်တာဆိုတော့ ရထားပေါ်ကဆင်းတာနဲ့ B-600 taxi ပေါ် တက်စီးလိုက်တယ်။ ကားဆရာကလည်း ဘယ်သွားမလဲလို့ တစ်ခွန်းမှ မမေးဘူး။ ကျွန်တော်ကလည်း ဟန်ကိုယ့်ဖို့ဆိုပြီး တစ်ခွန်းမှ မပြောဘူး။ ဘူတာဝင်းကထွက်တော့ ညာဖက်ကိုချိုးတယ်။ ပန်းဆိုးတန်း ဂုံးတံတားပေါ် ကျော်တယ်။ ပန်းဆိုးတန်း လမ်းဆုံး ကမ်းနားလမ်း ရောက်တော့ ညာဖက်ပဲ ဆက်ကွေ့ပြီး မောင်းပြန်တယ်။ (၅၁)အစိမ်း လိုင်းကားလမ်းအတိုင်း မောင်းလာပြီး ဘုန်းကြီးလမ်း၊ ပြည်လမ်းအတိုင်း တက်လာပြီး မြေနီကုန်း၊ ဟံသာဝတီအ၀ိုင်းအထိ ဘာစကားမှ မပြောဖြစ်သေးဘူး။ ကိုယ်ကလည်း ဟန်အပြည့်ပါပဲ။ နောက် လွှတ်တော်ရှေ့ရောက်တော့ ရွှေတိဂုံကို လှမ်းဖူတော့ ရွှေတိဂုံဘုရားလား မသိဘူး လို့ မေးမိတယ်။ ဒါနဲ့တင် ကားဆရာက နယ်ကတက်လာတဲ့ အချဉ်မှန်း သိသွားပြီ။ ဒါကိုရိပ်မိတဲ့ ကျွန်တော်ကပဲ ဘယ်ကို လျှောက်မောင်းနေတာလဲဗျ။ ကျွန်တော်က ကန်တော်ကလေး သွားမလို့ဗျ ဆိုတော့မှ ကားဆရာကလည်း ခေသူတစ်ယောက် မဟုတ်ပါဘူး။ ညီလေး ရန်ကုန်ရောက်တုန်း ရွှေတိဂုံဘုရား ဖူးစေချင်လို့ တမင်လိုက်ပို့တာပါ တဲ့။ မှတ်ကရော။ ဒါနဲ့ လိပ်စာထုတ်ပြလိုက်မှ နောက်ကြောင်း ပြန်ကွေ့တော့တယ်။ အမှန်အတိုင်း ၀န်ခံရရင် ကိုယ်ကလည်း လမ်းသိတာ မဟုတ်တော့ သူခေါ်ရာ လိုက်လာမိတာပါ။

အိမ်ရှေ့ရောက်တော့ ကားပေါ်က မဆင်းဖြစ်သေးဘူး။ မြင်နေကျမဟုတ်တဲ့ ရန်ကုန်တိုက်ခန်း အိမ်မဲမဲကြီးထဲကို စိုက်ကြည့်နေမိတယ်။ ဒေါ်လေးက လှမ်းမြင်ပြီးထွက်လာမှ ကားထဲက ဆင်းလိုက်တယ်။ ကားခ ထုတ်ရှင်းမယ် လုပ်တော့။ ဒေါ်လေးက ငါပေးမယ်၊ ကားဆရာ ဘယ်လောက်ကျလဲ ဆိုတော့ .. ကားဆရာက ၃၀၀၀ိ- ပါအစ်မ လို့ပြောတယ်။ ဒေါ်လေးက ပြာပြာသလဲ ကျွန်တော့်ဘက်လှည့်ပြီး နင်ဘယ်ကနေစီးလို့ ဒီလောက် မီတာတက်ရ သလဲပေါ့။ ဘူတာကနေ ငှားလာတာလို့ လည်း ဆိုရော ဒေါ်လေးက ကားဆရာကို ရန်လုပ်ပါလေရော။ ဒါနဲ့ ၁၀၀၀ိ- နဲ့ ဈေးတည့်သွားတယ်။ လူလည်း ဇောချွေးကို ပြန်သွားတာပဲ။ နင့်ကို ထောက်ကြန့်ဖက်ခေါ်သွားပြီး သတ်လိုက်ရင် ဘယ်လို လုပ်မလဲတဲ့။ ရန်ကုန်ကိုလာတာ လူကြီးတွေ သိလားလို့ မေးတော့ .. ဟုတ်ကဲ့ စာရေးထားတယ်လို့ပဲ ပြောလိုက်မိတယ်။ ဒေါ်လေးရဲ့ စိုးရိမ်စိတ်က ဒီလောက်နဲ့တော့ မီးမငြိမ်းသေးပါဘူး။ တောင်ကြီးအိမ်ကို ဖုန်းဆက်တိုင်မယ် လုပ်တယ်။ တော်ပေသေးတယ်။ လိုင်းမကောင်းတာနဲ့ စကားမပြောဖြစ်တော့ဘူး ကံကောင်းလေစွ။

ရန်ကုန်ရောက် စွန့်စားခန်းလေးက ဒီလောက်နဲ့ မပြီးသေးတာ အမှန်ပါ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ခုနေချိန်မှာပြန်တွေးကြည့်တော့ ဟာသ တစ်ပုဒ်လိုပဲ မြင်မိပါတယ်။ စူးစမ်းချင်တဲ့ လူငယ်တွေရဲ့ စိတ်ကို ချွန်းအုပ်လို့ မရပေမယ့် အန္တရယ်ကို အမှန်ပဲ ဖိတ်ခေါ်နေသလို ဖြစ်ခဲ့ပါတယ်။ ကဲညီငယ် ဖိုးဂျယ် ရေ Tag ထားတာလေး ပြန်ဖြေလိုက်ပြီနော်။ ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကပဲ သူငယ်ချင်းတွေ tag တာကို ရေးနေရတာ။ ဒီတစ်ခါတော့ ကျွန်တော့် သူငယ်ချင်းတွေကို ပြန် tag ချင်ပါသေးတယ်။ အချိန်ရသည် ဖြစ်စေ၊ အချိန်မပေး နိုင်သည်ဖြစ်စေ အောက်က မမတွေကို tag ပါတယ်။ ရေးပေးမယ်ဆိုရင်တော့ ၀မ်းသာစရာပါပဲ။ အိုကေပါ tag လိုက်ပြီနော် .. ..
Tag ထားတဲ့ သူငယ်ချင်းအားလုံး စိတ်ဝင်တစားနဲ့ ရေးပေးလို့ ကျေးဇူးတင်တယ်။

Monday, February 16, 2009

လိုအင်လေး ပြည့်စုံစေ

ကုန်မြန်တဲ့ ရန်ကုန်ဆောင်း ရယ်ပဲလား။ ဒါမှမဟုတ် ကိုယ့်အတွက် ဆောင်းဆိုတဲ့ အရသာကို မခံစားလိုက်ရတာပဲလား။ ဆောင်းတွင်းသာ ကုန်သွားတယ် အနွေးထည်တွေ တကူးတက ထုတ်မ၀တ် လိုက်ရပါဘူး။ ပုံမှန် မနက် ၆ နာရီ အိပ်ယာထတာနဲ့ ရေချိုးခန်းဝင် ရေချိုးနေကျမို့ အေးရင်တောင်မှ စောစောရေချိုးလို့ အေးတာပဲဆိုပြီး စိတ်ထဲဒီအတိုင်းပဲ တွေးမိပါတယ်။ ခပ်လွင်လွင်လေးနဲ့ ဖုန်တွေသယ်လာတဲ့ လေကိုရှူရှိုက်မိတော့ အော် .. နွေကိုတောင် ကူးနေပါလားလို့ နွေရနံ့ သင်းသင်းလေးကို ခံစားရင်း သူငယ်ချင်းတစ်ယောက် ချိန်းထားတဲ့ ဘူဖေးဆိုင်ကို ထွက်လာခဲ့တယ်။ တနင်္ဂနွေနေ့မို့ ကားရပ်ဖို့ နေရာမရတတ်ပါဘူး။ လွတ်တဲ့နေရာမှာ ရပ်ရတာမို့ ဆိုင်နဲ့ အလှမ်းဝေးပါသေးတယ်။ သိမ်ကြီးဈေးရဲ့ စတုဂံ ခုံးကျော်တံတားဘေးနား ကားကပ်ရပ်ပြီး ဆိုင်ဘက်ကို အေးအေးလူလူ လမ်းလျှောက် လာလိုက်တယ်။

နိုင်ငံခြားသင်္ဘောလိုင်းမှာ အင်ဂျင်နီယာပညာနဲ့ သင်္ဘောလိုက်နေတဲ့ သူငယ်ချင်းနဲ့ မတွေ့ဖြစ်တာ ၂ နှစ်ကျော်ခဲ့ပါပြီ။ ကျွန်တော့်လို ကော်မစွံသေးတဲ့ လူပျိုသိုးပါပဲ။ ဘူဖေးဆိုင်ရှေ့မှာ စီးကရက်ခဲပြီး ကြိုစောင့်နေတဲ့ သူငယ်ချင်းကိုတွေ့တော့ နေလောင်တယ်လို့ ထင်ရတဲ့ အသားအရည်နဲ့ ကြည့်လို့တော့ ကောင်းပါတယ်။ ကျားကျားလျားလျား သင်္ဘောသားကြီးနဲ့တော့ လိုက်ဖက်ပါတယ်။ အလာပ သလာပပြောပြီး ဆိုင်ထဲ ၀င်ဖြစ်တယ်။ ကိုယ်ယူကိုယ်ရ ဘူဖေးထုံးစံအတိုင်း ရောက်တာနဲ့ စတီးပုံစံခွက်ကို လှမ်းယူတယ်။ ကုန်နိုင်သလောက်လေး ထမင်းထည့်တယ်။ ဟင်းကောင်တာ ဖက်ရောက်တော့ ကျွန်တော့်ဝသီအတိုင်း အသားတွေ ငါးတွေထက် ပဲကြီးနှပ်ချက်ကို လက်ငြိုးထိုးတယ်။ ပဲပြားနဲ့ ပဲပင်ပေါက်ကြော်ကို ပြတယ်။ နောက် ပြောင်းဖူးကြော်ကို တောင်းတယ်။ လုံလောက်ပါပြီ။ သူငယ်ချင်းက သက်သတ်လွတ်လား မေးတော့ မဟုတ်ဘူး ဒီလိုပဲ စားတတ်လို့ပါလို့ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တယ်။ လူတော်တော် များများ အများအားဖြင့်တော့ အပြင်ထွက် ထမင်းစားကြရင် ကောင်းပေ့ ညွှန့်ပေ့ ဆိုတဲ့ ပုဇွန်ချက်တို့၊ ငါးခူကြော်ဆီပြန်တို့၊ ကြက်သဲကြက်မြစ်တို့၊ ဆိတ်သား ဆတ်သားတွေ စားကြတာပါ။ အိမ်မှာ တကူးတက မချက်စားဖြစ်တဲ့ ဟင်းတွေကို ဒီလိုနေရာမှာ ကော့တက်နေတဲ့ ထမင်းနဲ့ ဇိမ်ရှိရှိ လွေးကြတာပါ။ ကျွန်တော်ကတော့ အသီးအရွက်ပြုတ်သုပ်နဲ့တင် တင်းတိမ်နိုင်၊ စားနေကျမို့ သားကြီး ငါးကြီးတွေ မစားဖြစ်ပါဘူး။ လူထူး လူဆန်းမဟုတ်ပေမယ့် သူများအိမ် ဧည့်သည်သွားလုပ်ရင် အလုပ်ရှုပ် စေတတ်တာကိုတော့ အားနာမိပါတယ်။ ကိုယ့်အတ္တလေးကို တခါတလေလည်း ခဏလောက်ဖြစ်ဖြစ်တော့ လျော့ပေးမိချင်ပါရဲ့။

ပုံစံခွက်နဲ့ အစားအသောက်တွေ ထည့်စားနေရင်းနဲ့ မန်းလေးမှာ ကျောင်းတက်တုန်းက အဆောင်ကျောင်းသား ဘ၀ကို ပြုန်းစားပဲ ပြန်အမှတ်ရမိတယ်။ အဆောင်ရောက်စ အဆောင်နေထိုင်ခွင့် ပုံစံတွေဖြည့်တော့ အစားအသောက်စာရင်းမှာ အမဲမစား၊ ၀က်မစား လို့ပဲ ရေးရမှာ ဖြစ်ပေမယ့် မှတ်ချက်ကွက်မှာ ငါး/ငါးခြောက် မစားလို့ အတွန့်တက်ခဲ့တယ်။ အခန်းဖော် ပင်းဒယသားက ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံမစားတဲ့။ နောက် အင်းသားဘော်ဒါက ခြေနှစ်ချောင်းသား မရှောင်လို့ ကွန့်တယ်။ တောင်ကြီးသား တရုတ်ကတော့ အကုန်စား(မနဲစေနဲ့) ဆိုပြီးတင်ခဲ့တယ်။ ဒီတော့ ထမင်းစားဆောင် လေးယောက်စား စားပွဲတစ်လုံးမှာ ကျွန်တော်တို့ လေးယောက်အတူတူ ကျတယ်။ ထမင်းစား စားပွဲဘေးမှာ စာလေးတစ်ကြောင်း ရေးပြီးကပ်ထားတယ်။ လူထူးလူဆန်း ကျောင်းသား လေးယောက် ဆိုပြီးတော့ပါ။ ထပ်ထားတဲ့ ပုံစံခွက်လေးခွက်ကို အုပ်ထားတဲ့ ထမင်းအုပ်ကို ဖွင့်ကြည့်လိုက်ရင် အမြဲပဲ ကျွန်တော်တို့ လေးယောက်အတွက် ဟင်းက ဘရာကျော်ကို ခရမ်းချဉ်သီး များများနဲ့ ချက်ထားတဲ့ ဟင်းပဲ အမြဲရတယ်။ တစ်ခါပဲ စားဖြစ်ခဲ့ပါတယ်။ အရသာပျက်နေတဲ့ ဘရာကျော်ဟင်းနဲ့ ကာလာတက်ပြီး မာကလောင်နေတဲ့ ထမင်းကို မ၀ါးနိုင် ခဲ့လို့ပါ။ ကင်တင်းက ထမင်း ၂ ထုပ်ဝယ်တယ်။ အိမ်ကထည့်ပေးလိုက်တဲ့ အကြော်အလှော်နဲ့ပဲ စခန်းသွားဖြစ်တယ်။ ငြီးငွေ့လာရင် ကင်တင်းက ကုလားမလေးဆိုင်မှာ အ၀စားလိုက်တယ်။ အပြောင်းအလဲလေးလည်း ဖြစ်အောင်ပါ။

အသားဟင်းတွေ ထည့်မစားဘဲ သက်သတ်လွတ်စားနေတဲ့ ကျွန်တော့်ကို ဟင်းကောင်တာက မမလေး တွေက စာနာစိတ်နဲ့ သရက်ချဉ်သုပ်နဲ့ မြင်းခွာရွက်သုပ် အပိုဆု လာချပေးသေးတယ်။ နောက်ပြီး ပြောပါသေးတယ်။ ကျွန်မတို့ဆိုင်က အသားငါးဟင်းတွေကို လတ်ဆတ်တဲ့ ပစ္စည်းတွေနဲ့ အရသာရှိအောင် ကျွမ်းကျင်တဲ့ စားဖိုမှူးကြီးတွေ ကိုယ်တိုင် ချက်ပြုတ်ထားတာကြောင့် စိတ်ချစွာနဲ့ စားသောက်နိုင်ပါကြောင်း ချိုသာတဲ့ အသံနဲ့ မေတ္တာရပ်ခံနေတာကြောင့် အရမ်းပဲ အားနာမိ ပါတယ်။ အကျိုးအကြောင်းပြောပြီး တောင်းပန်လိုက်ပေမယ့် ဆိုင်ကောင်တာက မမလေးရဲ့ စေတနာနဲ့ ၀က်သားအချိုချက် တစ်ပွဲ ဖရီးကစ် ထပ်စားလိုက်ရတယ်။ ဒါကို သူငယ်ချင်းက သိပ်ကြည်ချင်ပုံမရဘဲ ဘေးကနေ စကားနာ ထိုးနေပါတော့တယ်။ ဒါနဲ့ သူနိုင်ငံခြားက ပြန်လာတာ ဘာလက်ဆောင်မှ ပါမလာလို့ လိုချင်တာ တစ်ခုခု ပြောရင် ၀ယ်ပေးမယ့်အကြောင်း စကားကမ်းလာပါတယ်။ ကိုယ်ကလည်း ကလေးမဟုတ် နောက်ပြီး ရန်ကုန်က လက်ဆောင်ပစ္စည်းပဲမို့ စိတ်တော့ သိပ်မ၀င်စားလှပါဘူး။ နိုင်ငံခြားပြန်မို့ နိုင်ငံခြားက ဘောလ်ပင်လေးဖြစ်ဖြစ်၊ ဒိုင်ယာရီ စာအုပ်လေး ဖြစ်ဖြစ် လက်ဆောင်ရခဲ့ရင် ကျွန်တော့်အတွက် တန်ဖိုးရှိခဲ့မှာ အမှန်ပါ။ ခုတော့ ဒီရောက်မှ စိတ်ကြိုက်ဝယ်ပေးမယ်ဆိုတော့ သိပ်ဘ၀င်မကျလှပါဘူး။ အလိုမကျတဲ့ စိတ်ကို ရင်ထဲမှာပဲ သိုဝှက်ထားရင်းပဲ စိတ်ပေါက်ပေါက်နဲ့ ဆိုင်ငွေရှင်း ကောင်တာက ကောင်မလေးကို မေးငေါ့ပြရင်း "" ငါအဲဒီ ကော်ပတ်ရုပ်လေးကို လိုချင်တယ်.. ၀ယ်ပေးပါ "" လို့ ပြောလိုက်တာ့။ မင်းကလည်း မင်းအစွမ်းအစနဲ့ မင်းဖာသာ ၀ယ်တော့ ငါတော့ လုပ်မပေးနိုင်ဘူးဆိုပြီး ဒေါတသောသောနဲ့ ငွေရှင်းပြီး ထွက်သွားလေပါရဲ့။ အော် ကော်ပတ်ရုပ်လေး ကျမှ တွန့်တိုရန်ကောလို့ စိတ်ထဲတွေးပြီး ပြုံးမိပါတယ်။ အားလုံးပဲ ကျေနပ်နိုင်ပါစေ။

Photobucket

Friday, February 6, 2009

7th FEB .. ..

တောင်ကုန်း တောင်တန်းတွေ လေးဖက်လေးတန် ၀န်းရံထားပြီး မြို့လေးကို ဒယ်အိုးသဏ္ဍာန်နဲ့ ချိုင့်ဝှမ်းလွင်ပြင်ထဲမှာ တည်ထားတယ်။ ဆောင်းတွင်းမှာ အရိုးကွဲအောင် ခိုက်ခိုက်တုန်ချမ်းပြီး နွေရာသီဆို အညာက မြို့တွေလို ပူပြင်းလွန်း ပါတယ်။ မိုးတွင်းဆို မိုးများပြီး ကောင်းကင်ယံမှာ မြူတွေ တိမ်လိပ်တွေ အမြဲပဲ အစိုင်လိုက် ခဲနေတတ်တဲ့ ရာသီဥတုလေး ရှိတယ်။ သံလွင်မြစ် အရှေ့ခြမ်း ကိုးမြို့နယ်မှာ အကြီးဆုံးမြို့လည်း ဖြစ်တယ်။ တိုင်းရင်းသား မျိုးစုံ အခြေချ နေထိုင်ပြီး ပျော်စရာ အတိပြီးတဲ့ မွေးရပ်မြေ ကျိုင်းတုံမြို့လေးပါ။

ကိုယ့်မွေးရပ်ကို ခွဲခွာခဲ့တာ နှစ်ပေါင်း မနည်းတော့တာမို့ မျက်စိထဲ စွဲစွဲထင်ထင် မြင်မိတာတော့ မြို့လည်ခေါင်က မဟာမြတ်မုနိဘုရား၊ နောင်တုံကန်၊ ဟိုခုံဈေးနဲ့ မြို့မဈေး။ ကျင်လည်ခဲ့တဲ့ မြို့မ ဘောလုံးကွင်း၊ ဘက်စကက်ဘော ကွင်းတွေပါ။ ခုလို ဆောင်းတွင်းဆို သွားနေကျ ရေပူစမ်းတွေ ဖြစ်ပါတယ်။ ရှမ်းပြည်ရဲ့ ရနံ့စစ်စစ်ကို ခံစားချင်ရင်တော့ ချယ်ရီပင်တွေ အစီအရီနဲ့ တစ်လမ်းလုံး ချယ်ရီပွင့်တွေကြွေချထားလို့ လှပလွန်းနေတဲ့ ပန်ဝိုင်လိုရွာလေးကို မျက်စိထဲက မထွက်ပါဘူး။ ဒီအထဲကမှာမှ ပိုအမှတ်ရမိတာတော့ သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့ အထိ ၁၁ နှစ်လုံးလုံး တက်ခဲ့တဲ့ အထက်တန်းကျောင်း လေးပဲဖြစ်ပါတယ်။ ကျောင်းလေးက လွိုင်စွန်ဆိုက်တောင် ပေါ်မှာရှိပြီး ခရစ်ယာန် မယ်သီလရှင်ကျောင်းကို ပြည်သူပိုင် သိမ်းထားတဲ့ ထုထည်ကြီးမားတဲ့ ကျောင်းဖြစ်ပါတယ်။ ကျောင်းပေါ်ကကြည့်ရင် နောင်တုံကန်ကို အတိုင်းသား မြင်နိုင်သလို၊ လွိုင်စွန်တောင်းတောင် ပေါ်က စွန်တောင်းစေတီကြီး ကိုလည်း ထည်ထည်ဝါ၀ါ လှမ်းဖူးမျှော်နိုင်ပါတယ်။ ညာဖက်ကို လှမ်းကြည့်ရင်တော့ လွိုင်စွန်မွန်းပေါ်က ထုထည်ကြီးမားလှတဲ့ သစ်တစ်ပင်တောင်ကို မြင်တွေ့နိုင်ပါတယ်။

(ရ)တန်းနှစ်ရောက်တော့ အခန်းရှေ့မှာ စုဘူးအကြီးကြီး တစ်လုံး တည်ထားတယ်။ တစ်တန်းလုံးပိုင်ဆိုင်တဲ့ အဲဒီ စုဘူးကြီးထဲကို ကိုယ့်မုန့်ဖိုးထဲကနေ တတ်နိုင်သလောက် ထည့်ကြတယ်။ ဇွန်လကနေ ဇန်န၀ါရီလအထိ စုလာတဲ့ ဒီစုဘူးကြီးကို အတန်းပိုင်ဆရာမရယ် အတန်းခေါင်းဆောင်ရယ် ၀ါ၊ စိမ်း၊ နီ၊ ပြာအရောင် ၄ ရောင် ခေါင်းဆောင်ရယ်နဲ့ အတန်းသားအားလုံးက စိတ်ဝင်စားစွာနဲ့ ဖောက်ပြီး ပိုက်ဆံရေတွက်ကြတာ ပျော်စရာပါ။ နှစ်တိုင်း ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ ကျရောက်မယ့် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အတွက် ပျော်ပွဲရွှင်ပွဲ လုပ်ကြဖို့ ငွေတွေ နည်းနည်းချင်း စုလာကြခြင်းပဲ ဖြစ်ပါတယ်။ အတန်းဖော်တွေနဲ့ တစ်ကျောင်းလုံးမှာ ရှိတဲ့ ဆရာ ဆရာမတွေ အားလုံးကို ဖိတ်ကျွေးတာ ဖြစ်လို့ ၆ လကျော်စုလာတဲ့ငွေနဲ့ တွက်ပြီး ကျွေးမွေးချင်တာကို တိုင်ပင်ကြတယ်။ ငွေလိုရင်လည်း တစ်တန်းလုံး အချိုးကျ ထပ်ထည့်လိုက်ကြတယ်။ ဒါနဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ညမှာ ကျောင်းဝင်းထဲမှာ သူ့အတန်း သူ့အခန်း အလိုက် ချက်ကြ ပြုတ်ကြ၊ အခန်းကို ဒိုက်ကရေးရှင်း ပြင်ဆင်ကြနဲ့ သူ့တာဝန်နဲ့ သူမို့ အားကြတယ် မရှိပါဘူး။ ကက်ဆက်တွေ အမ်ပလီဖိုင်ယာတွေ စပီကာတွေ ညံစီနေသလို ပူစီဖောင်းတွေ မင်္ဂလာဆောင်မှာ သုံးတဲ့ ရောင်စုံကြိုးတွေ အစုံအလင်နဲ့ အလှဆင် ကြတယ်။ မပင်ပန်းကြ သလို မောတယ်လို့လည်း မပြောကြပါဘူး။

ဖေဖော်ဝါရီ (၇) ရက်နေ့မှာ ပြင်ဆင်တာတွေ အချောသတ်ပြီး ကျောင်းအုပ်ကြီးကစလို့ မူလတန်းကနေ အထက်တန်းအထိ ဆရာအားလုံးကို အလှည့်ကျ ဖိတ်ပြီး ကျွေးမွေးတယ်။ ဆရာ ဆရာမတွေကို ကန်တော့တယ်။ ပြန်တွေးကြည့်ရင် မျက်ရည်လည်အောင် ကြည်နူးမိပါတယ်။ ဒီအစီအစဉ်တွေ ပြီးတာနဲ့ အတန်းဖော်တွေ စုကစားကြတယ်။ နောက် ညီညီညာညာ သိမ်းဆည်းရင်းနဲ့ပဲ နှစ်တစ်နှစ်ရဲ့ ရှမ်းပြည်နယ်နေ့ ပျော်ရွှင်ပွဲလေးကို အစသတ်ခဲ့ကြတယ်။ နှစ်စဉ် နှစ်တိုင်း မပျက်မကွက် ကျင်းပလာတဲ့ အမှတ်တရ ပျော်ပွဲရွှင်ပွဲလေးရယ်ပါ။

ရှမ်းပြည်ရဲ့ ပြည်နယ်နေ့ အထိမ်းအမှတ်ကို အဓိပ္ပာယ် ပြည့်ပြည့်၀၀နဲ့ အနှစ်သာရ ရှိရှိ လုပ်ဆောင်နိုင်တာမျိုး မဟုတ်ပေမယ့် ဒီ 7th FEB ရောက်တိုင်း ရှမ်းပြည်နယ်နေ့ ဖြစ်တယ် ရယ်လို့တော့ အမှတ်ရနေနိုင်အောင် အတန်းကြီးတဲ့ စီနီယာ နောင်တော်တွေက ခင်းထားတဲ့ လမ်းလေးကို လိုက်နင်းခဲ့တာပဲ ရှိပါတယ်။ ဒီအစဉ်အလာလေးကို နောင် အရွယ်ရောက်ပြီး အတန်းကြီးလာတဲ့ ကျောင်းသား ကျောင်းသူ ငယ်လေးတွေလည်းပဲ အမှတ်ရစေချင်တဲ့ ဆန္ဒလည်း ပါပါတယ်။ ချယ်ရီပင်တွေအစား ယူကလစ်ပင်တွေ နေရာအနှံ့ လွှမ်းမိုးနေတဲ့ ရှမ်းပြည်ဟာ အေးချမ်းတဲ့ ဥတုအစား ပူလောင်လောင် ဖြစ်နေပါပြီ။ ချယ်ရီနံ့တွေ သင်းနေရမယ့် နေရာမှာ ကန့်နံ့တွေ ထုံလွှမ်းလို့ နေတာမို့ ဒါရှမ်းပြည်လားဆိုတာ မေးယူရလောက်မတတ် လေလွှာတွေကပါ ပုံမှန်မဟုတ်တော့ သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် နယ်နိမိတ် သတ်မှတ်ထားတဲ့ ရှမ်းပြည်လေးပါပဲ.....။ ကျွန်တော် နေခဲ့တဲ့ ရှမ်းပြည်လေးပါ။

Photobucket

Wednesday, January 21, 2009

လိမ်းကာ ခြယ်သ နေ့စဉ်ဘဝ



ချော်တွင်းကုန်း ပါရမီဂုံးကျော် တံတားနဲ့ မနီးမဝေး အိမ်လေးမှာ ကောင်မလေး တစ်ယောက်ရဲ့ မွေးနေ့ကို ရောက်ခဲ့တယ်။ ကောင်မလေး ဆိုပေမယ့် ၉ တန်းကျောင်းသူ လေးတစ်ယောက်ပါ။ ရင်းနှီးတဲ့ လုပ်ငန်းတူ မိတ်ဆွေ တစ်ယောက်ရဲ့ သမီးလေး ဖြစ်ပါတယ်။ ရောက်တာ စောတာပဲလား၊ နောက်ကျလို့ပဲလား တော့မသိဘူး။ လူတော့ရှင်းတယ်။ အဆင့်မြင့် အုန်းနို့ခေါက်ဆွဲနဲ့ ဧည့်ခံပါတယ်။ စိတ်ကြိုက် ထည့်စားနိုင်အောင် စီစဉ်ပေးတယ်။ အဆီနဲ့ အုန်းနို့များလို့ သိပ်မစားနိုင်ပါဘူး။ ၃ ပန်းကန် စားပြီးတာနဲ့ ရပ်ထားလိုက်တယ်။ စားသောက်ပြီးတော့ အိမ်ကဒေါ်လေးတွေ စီမံပေးလိုက်တဲ့ မွေးနေ့ လက်ဆောင်ဘူးကို မွေးနေ့ရှင် ကလေးမလေးကို ပေးလိုက်တယ်။ သူကလည်း ကျွန်တော့်ရှေ့တင် လက်ဆောင်ပစ္စည်းကို ဖောက်ပြီးကြည့်တယ်။ ဘာများလက်ဆောင် ရသလဲပေါ့။ လက်ဆောင် အဖြစ်နဲ့ အလှပြင်ပစ္စည်း set ကလေး ဖြစ်တယ်။ စုစုပေါင်း အလှပြင်ပစ္စည်း အမယ် ၈ မျိုးပါတယ်။ နာမည်ကြီး တံဆိပ်တွေ ဖြစ်တယ်။ တန်ဖိုးက ၃၂၀၀၀ိ တဲ့။ ကျွန်တော်တောင် မျက်ခုံးလှုပ်သွားတယ်။ (နှမြောတာ အဟီး၊ ဒါတောင် ကိုယ်တိုင် ၀ယ်ပေးရတာ မဟုတ်ဘူး၊ တွန့်တိုတတ်တဲ့ ဒီလို ဒီအကြောင်းကြောင့် လွတ်သွားတဲ့ ငါးကြီးတွေ မနည်းတော့ဘူး)။
မွေးနေ့အိမ်ကအပြန် သူငယ်ချင်းက အဆွယ်ကောင်းတာနဲ့ပဲ တာမွေပလာဇာကို လိုက်လာဖြစ်တယ်။ သူငယ်ချင်းက အပျော်တမ်း ဂျာနယ်လစ်ပါ။ သတင်းယူပေးတယ်။ သူ့နာမည်နဲ့တော့ ဂျာနယ်ပေါ် ပြန်ပါမလာပါဘူး။ တစ်မျိုးတော့ တစ်မျိုးကြီးပါ။ သူ့ဝါသနာနဲ့ သူမို့ မတိုက်တွန်းခဲ့ သလို၊ တားမြစ်ခဲ့ခြင်းလဲ မလုပ်ခဲ့ပါဘူး။ သူ့ယုံကြည်ချက်နဲ့ သူမို့ သူ့ဖန်တီးမှုကို သူဂုဏ်ယူရှာပါတယ်။ လွယ်လွယ်ပြောရရင် ရှယ်ဒိုး သတင်းကောက်သမား ပေါ့နော်။ အချက်အလက် တွေစုဆောင်း ပေးရတယ်။ သူ့ data ကနေပြီးတော့ ဆရာကြီးတွေက ဆောင်းပါးရေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျာနယ်မှာ ကိုယ်တိုင် မရေးတာကတော့ သူ့ဆောင်းပါဆို အပယ်ခံရလို့တဲ့လေ။ စိတ်မကောင်းစရာပါ။ (အနော်တို့ ဘလောဂ့်မှာလည်း စာမူစိစစ်တဲ့ အယ်ဒီတာ ရှိခဲ့ရင် ကျွန်တော့်ပို့စ်တွေ တစ်ပုဒ်မှ ဘလောဂ့်ပေါ် တင်ကျန်မှာ မဟုတ်ဘူး ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ စာအရေးအသား ညံ့လို့လေ) ကနေ့လည်း သတင်းကောက်ဖို့ တာမွေပလာဇာကို ရောက်လာတာပါ။ သူ့ဒီဇိုင်းက ဘေးလွတ်အိတ် တစ်လုံးလွယ်လျက် နဲ့ပါ။ လွတ်အိတ်ထဲမှာ အဆင့်မနိမ့်တဲ့ အသံဖမ်းကိရိယာ၊ ကင်မရာ၊ mp3၊ mp4၊ notebook အသေးလေး၊ card reader ၊ battery စုံလို့ပါပဲ။ ကနေ့ သတင်းကောက်တဲ့ ခေါင်းစဉ်က ကိုယ့်ဝင်ငွေထဲကနေ အလှကုန် ပစ္စည်းကို ၀ယ်ယူသုံးစွဲမှု အချိုးအစားကို ကောက်ယူတာပါ။ စိတ်ဝင်စားစရာမို့ သူ့နောက်ကို တကောက်ကောက်နဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လာမိတယ်။ အသိတွေနဲ့ မတွေ့ပါစေနဲ့လို့လည်း စိတ်ထဲ ကြိတ်ဆုတောင်း နေမိတယ်။

မြို့ပြ လူနေမှုပုံစံရဲ့ တိုးတက် ပြောင်းလဲလာမှုကြောင့် ငွေကြေး သုံးစွဲရာမှာ အရင်ကနဲ့ မတူတော့ဘဲ လိုက်လံ ပြောင်းလဲ လာပါတယ်။ လူငယ်တွေဟာ အလှကုန် ပစ္စည်းအတွက်နဲ့ ငွေကြေးတွေ ပိုမိုသုံးစွဲ လာတာကို တွေ့ရတယ်။ ကနေ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ သူတွေကတော့ လုပ်ငန်းခွင်ထဲက အသက် ၁၆ နှစ်ကနေ ၃၅ အတွင်း၊ ပညာ အရည်အချင်း ကတော့ ၈ တန်းအောင်ကနေ ဘွဲ့ရတွေအထိ ပါဝင်တဲ့ လူငယ် လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသမီးလေးတွေဟာ မိမိဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေက မိမိဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ သုံးစွဲကြတာကို သိရပါတယ်။ မိန်းကလေးတွေ အသုံးပြုကြတဲ့ အခြေခံ အလှကုန် ပစ္စည်းတွေ ကတော့ သနပ်ခါးခဲ (ဗူး)၊ မိတ်ကပ်အခဲ၊ မိတ်ကပ်အရည်၊ လိုင်နာ၊ စနိုး၊ အသားလိမ်း အလှဆီ၊ ကိုယ်လိမ်းပေါင်ဒါ၊ ရေမွှေး၊ roll-on ဂျိုင်းနံ့ပျောက်ဆေး၊ နှုတ်ခမ်းနီ၊ ဟဲကုတ်၊ လက်သည်းနီ ဆိုးဆေး၊ ဖျက်ဆေး၊ ဆံပင်သန်ဆေးလုံး၊ shampo စုံလို့ပါပဲ။ အမျိုးသားတွေကျတော့ ခေါင်းလိမ်းဆီ၊ ဂျယ်လီ၊ အသားဖြူ cream၊ snow ၊ ရေမွေး၊ roll-on ၊ မျက်နှာသုတ် soft tissue paper စုံအောင်ကို သုံးကြတယ်လို့ သိရပါတယ်။


အိမ်ပြင်တစ်ခါ ထွက်ဖို့ အတွက် အချိန်လုံလုံ လောက်လောက်နဲ့ အလှပြင် ထွက်ကြတာ များပါတယ်။ ဒီအထဲကမှ အလှပြင် ပစ္စည်း တစ်မျိုးတစ်လေ (သနပ်ခါး တစ်မျိုးတည်း) သုံးသူတွေလည်း တွေ့ရပါတယ်။ ယောက်ျားလေးထဲမှာ ဘာအလှကုန် မှ မသုံးဖြစ်တဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ (ပင်ကိုယ်အလှ လေပဲလား၊ အချိန်မရလို့ လေပဲလား)။ မေးမြန်းသမျှကို ဖော်ဖော်ရွေရွေ နဲ့ ပျော်ပျော်ရွှင်ရွှင် ဟာသနှောနှောပြီး ဖြေသွားကြတာမို့ ပျော်စရာ ကောင်းပါသေးတယ်။ ဓာတ်ပုံရိုက်မယ် ဆိုတော့လည်း စတိုင်လ် အပြည့်နဲ့ တပျော်တပါးကြီး လျောလျောရှူရှူ အရိုက်ခံကြပါတယ်။ (ဓာတ်ပုံကိုတော့ ခွင့်ပြုချက်မရလို့ မတင်တော့ပါဘူး။) လူငယ်တွေရဲ့ အလုပ်ခွင်မှာ ပျော်ပျော်ပါးပါး အလုပ်လုပ် နေကြတာကိုလည်း အားကျခဲ့မိပါတယ်။ ကဲ သူငယ်ချင်းရေ မင်း data တွေကို ယူပြီး ငါလည်း ပို့စ်တစ်ပုဒ် ရေးလိုက်ပါပြီ။ မြို့ပြ ခေတ်လူငယ် များရဲ့ အလှကုန် ပစ္စည်းသုံးစွဲမှု နေ့စဉ်ဘ၀ ဖြစ်စဉ်လေးကို ဖတ်ပေးလို့ ကျေးဇူးပါ။

Friday, January 2, 2009

၂၀၀၈ ရဲ့ နောက်ဆုံးညအိမ်မက်

ဒီကနေ့ ဒီဇင်ဘာလရဲ့နောက်ဆုံးရက်ဖြစ်သလို ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံး ညလည်းဖြစ်ပါတယ်။ ခံစားတတ်သူ တစ်ယောက်အနေနဲ့ ဘာခံစားချက်များ ဖြစ်ပေါ်သလဲလို့ အမေးခံရရင်၊ ထွေထွေထူးထူးတော့ မရှိပါဘူးလို့ပဲ ပြန်ပြောဖြစ်မှာပါ။ နှစ်တိုင်း ကျော်ဖြတ်လာတဲ့ နှစ်သစ်တွေက အကြိမ် ၃၀ မပြည့်သေးပေမယ့် ဒီတစ်နှစ်တော့ မှတ်မှတ်ရရ ဖြစ်စေတဲ့ အဖြစ်လေးတွေတော့ ရှိခဲ့ပါတယ်။ ဘာများလည်း ဆိုတော့ တစ်ခါမှ မတွေ့ဖူး မမြင်ဖူးပါဘဲ ထဲထဲဝင်ဝင် ခင်မင်မိတဲ့ ဘလောဂ့်ထဲက သူငယ်ချင်း မိတ်ဆွေတွေကို တစ်နေကုန် လိုက်နှုတ်ဆက် နေမိလို့ပါ။ ဘယ်အချိန်ထိလည်း ဆိုတော့ ည ၉း၃၀ လောက်ထိ ဖြစ်တယ်။ ဒါတောင် မရောက်ဖြစ်ခဲ့ နှုတ်မဆက်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ကျန်ရှိအုန်းမှာပါ။ အားလုံးကိုပဲ မင်္ဂလာရှိတဲ့ နှစ်သစ် ဖြစ်ပါစေလို့ နှုတ်ဆက်ပါတယ်။

ကျိုင်းတုံမှာနေတုန်းက ပျော်ခဲ့တဲ့ နှစ်သစ်ကူးကို အမှတ်ရမိတယ်။ အလယ်တန်း ကျောင်းသားထိ အမျိုးအိမ်တွေကို တစ်အိမ်တက်ဆင်းပြီး အိမ်ရှိလူကုန် အမ်ပေါင်း လိုက်တောင်းရတာ ပျော်စရာပါ။ အမ်ပေါင်းထဲမှာ ပိုက်ဆံ များများစားစား ပါတာ မဟုတ်ပေမယ့် အမ်ပေါင်း အရေအတွက် များများကို လိုချင်နေမိတာပါ။ နောက်ဆုံးပိတ် အိမ်ပြန်ရောက်ရင် အဖိုးက ငွေဘယ်လောက်ပါတဲ့ အမ်ပေါင်းပေးရမယ်၊ အဖွားက ငွေဘယ်လောက်ပါတဲ့ အမ်ပေါင်းထည့်ပေးရမယ်၊ အဖေနဲ့ အမေက ဘယ်လောက်၊ ဒေါ်လေးတို့က ဘယ်လောက်စီ ဆိုပြီး ကိုယ်လိုချင်တဲ့ ငွေတန်ဖိုးပြောပြီး တောင်းခဲ့တာတွေ အမှတ်ရတယ်။ တစ်ဦးတည်းသော ကလေးမို့ အချစ်ပိုပြီး စချင်တာကြောင့် ငွေတစ်ထောင် တောင်းရင် အမ်ပေါင်းထဲ တစ်ရာပဲ ထည့်ပေးလို့ တစ်နေကုန် ငိုနေတာကို မမေ့နိုင်ခဲ့ သေးပါဘူး။

တစ်နေကုန် ဘလောဂ့်လည် နှုတ်ဆက်နေတာ ပင်ပန်းညောင်းညာ လာတာကြောင့် စက်ပိတ်ပြီး အိမ်အောက်ထပ် ဆင်းတယ်။ အိမ်ပြင်ထွက် လဘက်ရည်ဆိုင်ထိုင် မလို့ပါ။ ဒါပေမယ့် ဒေါ်လေးနှစ်ယောက် အလုပ်ရှုပ်နေတာမြင်တော့ ဘာအတွက်လဲပေါ့။ မေးကြည့်တော့ ဒီည သူ့မိတ်ဆွေတွေ သီချင်းလာဆိုဖို့ ဖိတ်စာလက်ခံထားလို့ ကျွေးမွေးဖို့ ပြင်ဆင်နေတယ် ဆိုလားပဲ။ ဒါနဲ့ ရှမ်းဟင်းထုပ်လုပ်ဖို့ ကြက်သွန်မြိတ် လှီးပေးရတယ်။ ထုပ်ဖို့ ငှက်ပျောရွက် ခုတ်ပေးရတယ်။ ငှက်ပျောရွက် သင်ပေးရတယ်၊ မီးမြိုက်ပေးရတယ်။ နောက် တည်မဲ့ အိုးကကြီးတော့ Hot-plate နဲ့ တည်မရတာကြောင့် မီးသွေးမီးဖို ဖိုပေးရသေးတယ်။ ဟင်းထုပ်နဲ့ စားဖို့ ကျူးမြစ်တွေ ရေဆေးပေး ရတယ်။ ငရုပ်ဆီကြော်ဖို့ ကြက်သွန်ဖြူ နွှာပေးရတယ်။ ကြိတ်စက်နဲ့ ကြိတ်ပေးခဲ့တယ်။ ဒီလိုနဲ့ ၁၁ နာရီထိုးတော့ အပေါ်ထပ်တက်အိပ်ဖြစ်တယ်။ ပင်ပန်းတာကြောင့် ချက်ချင်း အိပ်ပျော်တယ်။

နေ့ခင်းက ဓာတ်ပုံ နှစ်ပုံကို တော်တော်ကြာကြာ ကြည့်ဖြစ်ခဲ့တယ်။ စိတ်ထဲ ဆွဲနေတာလားတော့ မသိဘူး။ ညအိမ်မက်ထဲမှာ ပြန်တွေ့တယ်။ ဓာတ်ပုံပိုင်ရှင်ကိုပါ။ သူလေးကတော့ နူးနူးညံ့ညံ့လေး ပါပဲ။ အိနြေ္ဒလည်းရှိတယ်။ သိမ်မွေ့တယ်။ ပညာတတ် တစ်ယောက်ဖြစ်တယ်။ စကားပြောလည်း ယဉ်ကျေးတယ်။ မိကောင်းဖခင် သမီးလေးပါ။ အိမ်မက်ထဲ တွေ့ဖြစ်တဲ့နေရာလေးက မန်းလေး ၈၄ လမ်းပေါ် စက်ဘီးတစ်စီးထဲ အတူတူ စီးနေတာပါ။ ကျွန်တော်က နင်းတယ်။ ကယ်ရီယာ မပါတဲ့ ဘီးမို့ သူကရှေ့ဘားတန်းပေါ် တင်တစ်စောင်း ထိုင်လိုက်တယ်။ {{ တစ်ခြားမြို့မှာ ဒီလို စီးရင် အမြင်စိမ်းပေမယ့်၊ မန်းလေးမှာတော့ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပါပြီ။ ကျောင်းတက်ခဲ့ တုန်းကလည်း စီးဖြစ်ခဲ့ပါတယ်။ ကောင်မလေးနဲ့တော့ မဟုတ်ပါဘူး။ ဘော်ဒါတွေနဲ့ပါ။}}

ရင်ခွင်ထဲ ထည့်ဖက်ထားသလို ဖြစ်ပေမယ့် အသားချင်းတော့ ထိမိမယ် မထင်ဘူး အိမ်မက်ထဲမှာ ဖြစ်လို့ပါ။ ၇၄ လမ်းရောက်တော့ မိန်းထဲ ကွေ့ဝင်မယ်အလုပ်မှာ ပုဏ္ဏားကုန်းရဲ့ လမ်းမပေါ် နေလှမ်းထားတဲ့ မြင်းချီးလုံးတွေကို တက်အကြိတ် စက်ဘီးလှဲသွားတယ်။ လူနှစ်ယောက် ၀န်နဲ့မို့ စက်ဘီးကို မထိန်းနိုင်ဘူး ဖြစ်သွားတယ်။ သူလေး နာကျင်မှာစိုးလို့ အကျအနာ သက်သာအောင် သူ့ပခုံးကို သိုင်းပွေ့ရက်သားနဲ့ လှဲကျတယ်။ ကံဆိုးချင်တော့ သူ့တင်ပါးက မခြောက်သေးတဲ့ မြင်ချီးတုံးတွေပေါ် တန်းတန်းမှတ်မှတ် ထိုင်ရက်သား ကျသွားပါလေရဲ့။ ရှုံ့မဲ့နေတဲ့ သူ့မျက်နှာပေးလေး ကြောင့် ဆွဲအထူမှာ .. .. .. Happy New Year ဆိုတဲ့ အသံအကျယ်ကြီးနဲ့ သီချင်းစဆိုတဲ့ တီးလုံးတွေကြောင့် အိမ်မက်ကနေ လန့်နိုးသွားတယ်။ နာရီကိုကြည့်တော့ မနက် ၁း၂၀ ရှိနေပြီ။ အော် နှစ်သစ်ကိုတောင် ရောက်နေမှကိုးလို့ စိတ်ထဲ ရေရွတ်မိပါတယ်။ အောက်ထပ်က ဆုတောင်းသီချင်း ဆိုသံကြောင့် အိမ်မက်က လန့်နိုးသွားပေမယ့်။ အိမ်မက်ကို ဆက်ပြီး မက်ဖြစ်ရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ မသိနိုင်ပါဘူး။ သူလေးခမျာ တော်တော်လေးကို ရွံ့နေရှာမှာပဲ လို့ ဆက်စပ်တွေးမိတယ်။ အေးစိမ့်စမ့် ရာသီလေးကြောင့် အောက်ဆင်းပြီး မကြည့်ဖြစ်တော့ဘူး။ အိပ်ခန်းအိပ်ယာပေါ်ကပဲ နားထောင်ဖြစ်တယ်။ အသံနေ အသံထားတွေ သိပ်ကောင်းကြတယ်။ ဒီလိုနဲ့ပဲ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးည ကိုယ်ပိုင်ဆိုင်တဲ့ အချိန်လေးကို အိမ်မက်ဆန်ဆန် လေးနဲ့ ကုန်လွန်သွား ခဲ့ပါတယ်။

ကိုတိုးလေး ရဲ့ မနှစ်ရဲ့ နောက်ဆုံးညက ကျွန်တော်ဘာတွေလုပ် ဆိုတဲ့ Tag လေးကို ပြန်ဖြေပေးတာပါ။ ညီငယ် ကိုတိုးလေး ရေ ကျေနပ်နိုင်ပါစေ။ အားလုံးပဲ နှစ်သစ်မှာ ပြုံးပျော်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Friday, December 12, 2008

ကနေ့ ကံမလိုက်ဘူး

မနေ့က စနေနေ့။ မနက်ကတည်းက မီးမလာဘူး။ ၉ နာရီခွဲတဲ့အထိ ပြန်မလာဘူး။ ဒါနဲ့ မြို့ထဲသွားဖြစ်တယ်။ လမ်းထိပ် ပြည်လမ်း ၈ မိုင်ကားဂိတ်ကို ရောက်တော့ ရုံးပိတ်ရက် ပေမယ့် ခရီးသည်တွေ တော်တော်လေး များတယ်။ လူပိုနည်းမယ် ထင်ရတဲ့ ကျိုက်ဝိုင်းဘုရားလမ်း Junction-8 ဘက် ထွက်ခဲ့တယ်။ ထိုနည်း နှင်နှင်ပါပဲ။ နာရီဝက်လောက် စောင့်ကြည့်မယ်ဆိုပြီး Premier Eleven တစ်စောင်ဝယ်ပြီး အောင်ကဖီးထဲ ၀င်ထိုင်နေမိတယ်။ အချိန်သာ ကုန်သွားတယ် ပျားပန်းခတ် နေတဲ့ ခရီးသည်တွေတော့ လျော့မသွားတဲ့အပြင် တိုးတောင်လာသေး သလားပဲ။ ဒါနဲ့ မြို့တော် Taxi နဲ့ မြို့ထဲ ဆက်ရွှေ့လိုက်တယ်။ CD world မှာ Game ခွေတွေ ၀ယ်တယ်။ Software ခွေတွေ မွှေတယ်။ Lucky Life မှာလည်း ခွေတွေ စုံတယ်။ Internet ပေါ်မှာ Download နိုင်ပေမယ့် အပန်းမကြီးဘဲ ဒီလိုဝယ်ယူ တာကိုပဲ နှစ်သက်တယ်။ ဂျာနယ်တွေ မဂ္ဂဇင်းတွေ ၀ယ်တယ်။ နောက် လမ်း ၃၀ ထဲဝင်ပြီး ကြေးအိုးဘုရင်မှာ ဆီကျက်ကြေးအိုး ၀င်တီးလိုက်တယ်။

နေ့လည်စာပေါ့။ နောက် ဗိုလ်ချုပ်ဈေးရှေ့ မှာ ယောင်နေမိတယ်။ မွန်းတည့် ၁၂ နာရီ ကျော်တော့ ပြန်တယ်။ ၄၃ မြောက်ဥက္ကလာ လိုင်းကားနဲ့ပါ။ ချွေတာရေးပေါ့။ ခရီးသည် အသင့်တင့်နဲ့မို့ လိုင်းကားစီးရတာ အဆင်ပြေမယ် ထင်ပါတယ်။ ဆူးလေမှတ်တိုင် ကနေထွက်ပြီး ဖဆပလ မှတ်တိုင်အထိ အဆင်ပြေပါတယ်။ ၃ လမ်းမှတ်တိုင် ရောက်တော့ ခရီးသည်တွေ စုံကန်တက်လာတယ်။ နေ့ခင်းဘက်ဆိုတော့ ခရီးသည် သိပ်မရတာမို့ ဆွဲတဲ့ နံပတ်တွေ အများကြီးမို့ ခရီးသည်ရဖို့ အလုအယက် မောင်းကြတယ်။ ရှေ့မှတ်တိုင်ကို ဦးအောင်ရောက်ဖို့ လီဗာဖိနင်းကြတယ်။ လမ်းနည်းနည်း ရှင်းတာနဲ့ အရှိန်ကုန်မြင့်တယ်။ ကားရှုပ်ပြန်တော့ ဘရိတ်အုပ်လိုက်တာနဲ့ ခရီးသည်တွေ စကောထဲ ဂေါ်လီလုံးထည့်ပြီး ခလောက်ခံရသလို ဖြစ်ဖြစ် သွားတယ်။ ဒီလိုနဲ့ ရွှေဂုံတိုင် မီးပွိုင့် နားရောက်လာတယ်။ ဘက်စ်ကားက မီးပွိုင့်နားရောက်ခါမှ တုံ့ကနဲ ရပ်ပစ်လိုက်တယ်။ ရုတ်တရက်ဆိုတော့ ကိုယ်ဟန်ပျက် သွားတယ်။ လက်တစ်ဖက်က ကျွတ်ကျွတ်အိပ်ကို ဆွဲထားတယ်။ လက်တစ်ဖက်က လက်ကိုင်ကွင်းကို ကိုင်ထားပေမယ့် အရှိန်ကြောင့် ကျွန်တော့်ဘေးနား ရပ်နေတဲ့ ကျွန်တော့်ထက် အသက်ငယ်တဲ့ ကောင်မလေး လက်မောင်းကို လက်ဖမိုးနဲ့ အရှိန်သတ်လိုက်မိတယ်။ မတော်တဆ ရယ်ပါ။

"ရှင် .. .. ဒါဘာသဘောလဲ ? ဘာလုပ်တာလဲ ?"

"ဆောရီး .. မတော်လို့ပါဗျာ၊ တောင်းပန်ပါတယ်၊ စိတ်မရှိပါနဲ့ .."

"ဘာမတော်လို့လဲ၊ ဒါမျိုးတွေ ရိုးနေပြီ၊ မတော်လို့ မတော်လို့ ဆိုပြီး ဒီလိုပဲ ရှင်တို့ အသားယူ ယူနေကြတာ"

ဘာမှ ပြန်မပြောနိုင်တော့ပေမယ့်၊ ကောင်မလေးက သိပ်ကျေနပ်တဲ့ပုံ မပေါ်ပါဘူး။

"လူကို ဘယ်လို အမျိုးအစားများ မှတ်နေလဲ မသိဘူး၊ ပါးကျိုးသွားချင်တယ် ထင်တယ်"

ဇာတ်လမ်းက မပြီးနိုင်ဘူး ဖြစ်တယ်။ မျက်နှာပူလွန်း တာကြောင့် နေရာကခွာပြီး သူ့ကို ကျောပေးပြီး နေလိုက်တယ်။ ကျောင်းရှေ့ မှတ်တိုင်ရောက်တော့ ရှက်ရှက်နဲ့ ဆင်းလာမိခဲ့တယ်။ ခပ်ကုတ်ကုတ်လေးပေါ့ဗျာ။ လေပူတွေလည်း မှုတ်ထုတ်နေမိတယ်။ ကောင်မလေးရဲ့ ဒေါသက ကားအပြင်အထိ ပျံ့လွှင့် လိုက်ပါ လာသေးတယ်။

နောက်ထပ် ရောက်လာတဲ့ ၁၇၅ ပါရမီကားပေါ် ပြန်တက်ရတယ်။ မရည်ရွယ်ဘဲ ဒီလမ်းနဲ့ ဒီလမ်းကို ကားနှစ်ဆင့် စီးရတယ်လို့။ ပြောရရင်လည်း ရီစရာပါ။ ဒီတစ်ခါတော့ တစ်ခါသေဖူး ပျဉ်းဖိုးတော့ နားလည်ပြီ ဆိုပြီးတော့ ကားအလယ်တန်းကို လက်နှစ်ဖက်နဲ့ မိမိရရ ဆုပ်ထားလိုက်မိတယ်။ ၁၀၆ မှတ်တိုင်၊ အဆင်ပြေပါသေးတယ်။ ရှေ့မှတ်တိုင်ဆို ချော်တွင်းကုန်းမီးပွိုင့်။ သတိထားအုန်းမှ။ မီးပွိုင့်ဆို ဖြစ်တတ်တယ်။ မီးကစိမ်းနေတော့ လမ်းဖြတ်ကူး အမီအသော့နှင် လာရာကနေ မီးနီသွားတာမို့ ဒက်စတော့ ရပ်လိုက်တယ်။ တော်သေးတယ် ကိုယ်က လွှင့်မသွားဘူး။ သို့ပေမယ့် ကျွန်တော့်နောက်က ကျောင်းသူကောင်မလေး တစ်ယောက်က ကျောပိုးအိတ် လွယ်ရက်သားနဲ့ ကျွန်တော့် ညာဖက်လက်မောင်းကို သူ့လက်နှစ်ဖက်နဲ့ လှမ်းပြီး ဆုပ်ခဲထားလိုက်တယ်။ ကောင်မလေးကို ကြည့်လိုက်တာ့ ဘာမှမဖြစ်သလို အိနြေ္ဒရရနဲ့ပါ။ ကားအရှိန်သေသွားမှ ဘေးတန်းကို ပြောင်းပြီးကိုင်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဘက်ကို တစ်ချက်မှတောင် လည့်မကြည့်ပါဘူး။ ရှက်သွားလို့ ထင်ပါတယ်။

သူ့နေရာမှာသာ ကျွန်တော်သာဖြစ်ခဲ့ရင် ရှစ်မိုင်ရောက်ခါနီးမှ နောက်ထပ်ကားတစ်ဆင့် ထပ်စီးရအုန်းမယ့် ပုံပါပဲ။ ရှစ်မိုင်လမ်းဆုံ ရောက်တော့ ဆင်းတယ်။ ကားမှတ်တိုင်မှာရှိတဲ့ ဖုန်းရုံထဲဝင် ဖုန်းဆက်တယ်။ ဖုန်းစောင့်တဲ့ မြန်မာ့ဆက်သွယ်ရေးက အစ်မ ၂ယောက်က ကျွန်တော့်ကို ကြည့်ပြီး ရီဖြဲ ရီဖြဲနဲ့ သဖန်းထိုး လုပ်နေတယ်။ ဘာများလဲအစ်မ ပေါ့။ ကျွန်တော့်လက်မောင်းကို ပြန်ကြည့်ခိုင်းတယ်။ ဟိုက်.. သွားပြီ။ ညာဖက် လက်မောင်းအင်္ကျီ ကိုငုံ့ကြည့်တော့ နှုတ်ခမ်းရာ တစ်ခု။ အပြာနုရောင် အင်္ကျီပေါ်မှာ နှုတ်ခမ်းနီက ထင်းကနဲပါ။ ရှက်ရှက်နဲ့ ခြေကုန် သုတ်ခဲ့ရတယ်။ ကံမကောင်းတဲ့ နေ့တစ်နေ့ ဖြစ်မှာပါ။ ဖတ်ပေးလို့ ကျေးဇူးပါ။ ကနေ့ တနင်္ဂနွေနေ့ မွန်းလွဲနေပြီ ကိုးနတ်ရှင်က စိတ်ကောင်းမ၀င်သေးဘူး။ ဒီနေ့ ထပ်ပြီး ကံမကောင်းလို့ မဖြစ်ဘူး။

Wednesday, November 26, 2008

ကျွန်တော်နဲ့ အင်တာနက်ဆိုင်များ


ဘယ်သူများလဲမသိ

ရန်ကုန်မြို့ထဲ ဘယ်နေရာ သွားသွား နေရာတိုင်းမှာ တွေ့နိုင်တာကတော့ စတစ်ကာမှန်မည်းမည်း တံခါးတပ်ထားတဲ့ အင်တာနက်ဆိုင် တွေပဲဖြစ်ပါတယ်။ တစ်ချို့လည်း အင်တာနက်ကဖီး ရယ်လို့ တပ်ထားတာ တွေ့ရပါတယ်။ အင်တာနက် ဆိုတာနဲ့ စိတ်ထဲမရိုးမရွဖြစ်ပြီး ဝင်ထိုင်ဖြစ်တာ များပါတယ်။ တစ်ဆိုင် ပြီးတစ်ဆိုင်ပေါ့။ ဒီလို အင်တာနက်ဆိုင်တွေကို ဆိုင်တိုင်းနီးပါး မဟုတ်တောင် ရောက်တတ်ရာရာ ဆိုင်တွေကို ထိုင်ဖြစ်ပါတယ်။ ဒီလို ထိုင်ရင်းကနေ ကိုယ့်ရဲ့လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်တဲ့ အင်တာနက်ဆိုင် ဆိုရင်တော့ (၂)ကြိမ် (၃)ကြိမ် ပြန်ရောက်ဖြစ်ခဲ့ ပါတယ်။ အင်တာနက်ဆိုင်တွေ အပြိုင်အဆိုင် အများအပြား ဖွင့်လာတဲ့ အတွက် ဆိုင်တွေကလည်း အင်တာနက်အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို မေးမြန်း ဖြည့်ဆည်းပေးတဲ့ ဆိုင်တွေလည်း တွေ့ရပါတယ်။ အရင်က CRT မော်နီတာ သုံးခဲ့တဲ့ ဆိုင်တွေ အခုဆိုရင် LCD မော်နီတာတွေ ပြောင်းလဲ တပ်ဆင်ပေးပါတယ်။ (၁၇)လက်မ မော်နီတာအစား (၁၉) လက်မမော်နီတာ တွေ ပြောင်းလဲ တပ်ဆင်ပေးပြီး အင်တာနက် သုံးစွဲသူတွေကို ဖမ်းထားနိုင်ခဲ့ပါတယ်။ အခကြေးငွေ အနေနဲ့ကတော့ တစ်နာရီကို အစားစား ယူတာတွေ့ရပါတယ်။ ကျပ် ၄၀၀ ကနေ ကျပ် ၈၀၀ အထိ ယူတာ တွေ့ရပါတယ်။ တစ်ချို့ ဆူပါမားကတ် တွေပေါ်မှာတော့ တစ်နာရီ ကျပ် ၁၀၀၀ ယူတာ တွေ့ရပါတယ်။ မီးစက်ကို အသုံးပြုပြီး ဖွင့်တဲ့ ဆိုင်တွေလည်း ဈေးတစ်မျိုးယူတာကို သိရပါတယ်။ တစ်ချို့လည်း Member card နဲ့ သုံးစွဲနေတာလည်း တွေ့ရပါတယ်။


အကာအရံနဲ့သပ်သပ်ရပ်ရပ်လေး

အင်တာနက်ကဖီးဆိုင် တွေကိုတော့ ကျွန်တော်ပိုနှစ်သက်မိပါတယ်။ သူက ကော်ဖီ၊ အအေး၊ ခေါက်ဆွဲခြောက်ပြုတ်၊ ပေါင်မုန့်၊ ကိတ်မုန့် တွေအပြင် Snack တွေပါ လွယ်လင့်တကူ စားသုံးနိုင်လို့ပါ။ တစ်နာရီထိုင်မယ့်အစား စားရင်းသောက်ရင်း အင်တာနက်ကြည့်နိုင်တော့ နှစ်နာရီလောက် ထိုင်ဖြစ်သွားတာ ရှိပါတယ်။ နောက်ပြီး အင်တာနက်စပြီး အသုံးပြုမယ့် လူငယ်တွေအတွက်လည်း အင်တာနက်အသုံးပြုနည်း၊ ချက်တင်တက်နည်း သာမက account တစ်ခု ရအောင်ကိုပါ ၀န်ဆောင်မှု ပေးတာကိုလည်း တွေ့ရပါတယ်။ နောက်ပြီး ဆိုင်အပြင်အဆင်ပေါ့။ ရိုးရိုးပလပ်စတစ်ခုံအစား သက်တောင့် သက်သာဖြစ်အောင် ဆုံလည်ခုံတွေ ထားပေးလာတယ်။ လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ဖို့ မော်နီတာ တစ်လုံးနဲ့ တစ်လုံးကို အကာအရံနဲ့ လုပ်ပေးထားတာလည်း သုံးစွဲသူတွေကို စွဲဆောင်နိုင် ပါတယ်။ နောက်ထူးခြားတဲ့ ၀န်ဆောင်မှုကတော့ ကိုယ်ပိုင် လက်တော့ပ်ဖြစ်စေ၊ စမတ်ဖုန်းဖြစ်စေ၊ ဟန်းဆက်တွေနဲ့ဖြစ်စေ လာတဲ့ သူတွေကိုလည်း အင်တာနက် ချိတ်ဆက်မှု ဆောင်ရွက်ပေးတာကိုလည်း တွေ့ရပါတယ်။ အင်တာနက် သုံးစွဲခကတော့ ဈေးနှုန်းအတူတူပါပဲ။

အကာအရံမဲ့အင်တာနက်ဆိုင်

လူသုံးများတဲ့ software တွေဖြစ်တဲ့ VZO chat, g-Talk, Over-sea ဖုန်းသုံးစွဲသူတွေအတွက် ပြင်ဆင် ထားတာအပြင် အင်တာနက်ဂိမ်း တွေကိုလည်း အခန့်သင့် ထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ အင်တာနက် ကွန်နက်ရှင်း ပြတ်တောက်သွားရင်လည်း သုံးစွဲသူတွေ ထပြန်မသွားအောင် မီးစက်နဲ့ သီချင်းတွေ နားထောင်နိုင်အောင် သီချင်းမျိုးစုံကို စက်ထဲ ထည့်သွင်းပေးထားပါသေးတယ်။ နောက် ဂိမ်းကစားနည်း အစုံအလင်ရောပါပဲ။ အင်တာနက်ဆိုင်တွေ လုပ်ငန်းတူ များလာတဲ့အတွက် ဈေးကွက်မှာ ထိုးဖောက်ဖို့အတွက် ကြော်ငြာအပိုင်းကလည်း အရေးပါလာပါတယ်။ ကိုယ့်ဆိုင်ကို ကြော်ငြာရင်းနဲ့ ဆိုင်ရဲ့အရည်အသွေး ကိုလည်း မြှင့်တင် ဆောင်ရွက်လျက် ရှိတာကို မြင်တွေ့နေရပါတယ်။ ဒါကတော့ ရန်ကုန်မြို့မှာရှိတဲ့ အင်တာနက်နဲ့ အင်တာနက်ကဖီးဆိုင်တွေပါ။ ကျွန်တော်ခရီး သွားတုန်း ရောက်ခဲ့တဲ့ အင်တာနက်တက်ခဲ့တဲ့ တောင်ကြီး၊ မန္တလေး၊ ပျဉ်မနား၊ နေပြည်တော်(မြို့မဈေး)က ဆိုင်တွေကတော့ အပြင်အဆင် အနေနဲ့ သာမန်လောက်ပါပဲ။ ဘေးအကာအရံ တွေလည်း မပါတတ်ပါဘူး။ စက်က နီးလွန်းတာကြောင့် ဘေးကပြောတာ၊ web cam ကလှုပ်ရှားမှုတွေကိုပါ အကုန်ကြား၊ မြင်နေရတာမို့ သုံးစွဲရတာ အဆင်မပြေလှပါဘူး။ ပိုဆိုးတာကတော့ အင်တာနက်ဆိုင်တွေမှာ ကွန်နက်ရှင်းကောင်းတတ်ပေမယ့် ကျွန်တော်လည်ချင်တဲ့၊ ကျွန်တော် သွားချင်တဲ့ ဘလောဂ့်စပေါ့ တွေကိုတော့ဖြင့် သုံးစွဲခွင့်မရခဲ့တာ အများအပြားပါ။ နိုင်ငံရပ်ခြားကို တယ်လီဖုန်းခေါ်ဆို နိုင်တဲ့အတွက် အင်တာနက်ဆိုင်တွေ လူစည်ကားတာ မှန်ပေမယ့် အဓိကကတော့ ချက်တင်းတက်ကြတဲ့ လူငယ်တွေကသာ အများဆုံးသုံးစွဲတဲ့ အကြောင်းလေးပါ။

(ရောက်ခဲ့တဲ့အင်တာနက်ဆိုင်တွေက များတော့ ဆိုင်နာမည်တွေကိုတော့ မမှတ်မိလို့ ရေးမထည့်ဖြစ်တော့ ပါဘူး။)

Friday, August 8, 2008

သူမကို ခံစားမိသမျှ



ကျွန်တော်တွေးမိတာ တစ်ခုရှိပါတယ်။ အချစ်တစ်ခုကို ခံစားတတ်ခါစ နှစ်သိမ့်မှု မရလိုက်တဲ့ အခါမှာ ဘ၀ကို အပြစ်ပုံ ချမိတယ်။ ဘ၀ဆိုတာ ဘာမှ မဟုတ်မှန်း၊ ဟာလာ ဟင်းလင်းကြီး ဆိုတာကို သိသွား ရပါတယ်။ ရည်မှန်းချက် တစ်ခုကို ပြတ်ပြတ် သားသား ချတတ်သွား တာပဲလား၊ ကျန်ရှိ နေသေးတဲ့ နေ့ရက်တွေကို ဦးတည်ချက်မဲ့ လှုပ်ရှား နေခြင်းက အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိစေမှာလား။ လူ့ဘ၀ဟူသည် ဘာမှမဟုတ်မှန်း သိဖို့အတွက် နဲ့တင် ပေးဆပ်လိုက် ရတဲ့ တန်ဖိုးတွေကတော့ မနည်းလှပါဘူး။ တန်ဖိုးကြီးကြီး ပေးဆပ်ပြီးမှ ဆုံးဖြတ်ချက်တစ်ခု ချဖြစ်သွားစေ လောက်အောင် ဘာတွေများ တန်ဖိုး ကြီးကြီး ပေးခဲ့ရပါသလဲ….။

ငါ့မောင်က ဒီအသက်အရွယ်နဲ့ အိမ်ထောင် မပြုသေးဘူးဆိုတော့ မိန်းကလေးတွေကို အထင်မကြီးလို့လား လို့ ကော်ဖီ သောက်နေရင်း သူမ စကားစပြောတယ်။ မရေမရာ နဲ့ ပြန်ပြောလိုက်မိတာကတော့

အထင်မကြီး တာတော့ မဟုတ်ပါဘူး မမ၊ အထင်မကြီးရဲတာပါ .. ..

သူမနဲ့ ကျွန်တော် ကော်ဖီဆိုင်ကနေ ထွက်လာတော့ မိုးချုပ်စပြုနေပါပြီ။ သူမနဲ့ ကျွန်တော် ဘေးချင်းယှဉ် လျှောက်လာရာက သူမကို အသာလေး ခိုးကြည့်မိပါတယ်။ သူမရဲ့ တည်ကြည်လွန်းတဲ့ မျက်နှာမှာ ခံစားမှု တစ်စုံ တစ်ရာကို ကျွန်တော် ဖတ်ရှု ရပါတယ်။ ဒါပေမယ့် နားမလည်ခဲ့ပါဘူး။ လျှို့ဝှက်တာလား နက်နဲတာ လား။ သူမနဲ့ ကျွန်တော် ကားမှတ်တိုင်မှာ ကားရပ်စောင့်ရင်း တစ်ယောက်ကို တစ်ယောက် ပြုံးကြည့် နေမိတယ်။ အဲဒီအပြုံး နောက်ကွယ်မှာ ကျွန်တော့်ရင်ထဲ ဘာရှိနေတယ် ဆိုတာကို သူမ သိမြင်သွားခဲ့ ပြီလား။ ကျွန်တော်ကတော့ သူမရင်ထဲ ဘာတွေ ရှိနေတယ်ဆိုတာ ကိုတော့ မမှန်းဆတတ်ပါဘူး။ ဒါကြောင့် ပြုံးရုံသာ ပြုံးကြည့်နေမိတယ်။ သူမရဲ့ မျက်လုံးတွေ မှာ ခနဲ့တဲ့တဲ့ ရယ်နေတယ်လို့ ထင်မိပါတယ်။

မင်းနဲ့ငါ ဆယ်စုနှစ်တစ်ခုလောက် အသက်အရွယ် ကွာတော့ တစ်ချို့ကိစ္စတွေ မှာ နားလည်တာခြင်း၊ တွေးခေါ် တာခြင်း ဘယ်တူပါ့မလဲ …

သူမက ကျွန်တော့်ကို ဒုတိယအကြိမ် ထပ်ပြောနေချိန်မှာ ကျွန်တော်တို့ ကားမှတ်တိုင်မှာ ရပ်နေတာ ဆယ်မိနစ်လောက် ကြာခဲ့ပါပြီ။ ကျွန်တော် ဘာမှ ပြန်မပြောနိုင် ခင်မှာပဲ သူမ မျှော်နေတဲ့ လိုင်းကားတစ်စီး ထိုးဆိုက် လာပါတယ်။ လိုင်းကား အပေါ်အတက် သူမက

သုံးဆယ့်ငါး ပြည့်ရင် တို့ တစ်သက်လုံး ယောဂီ ၀တ်တော့မယ်.. .. .. လို့ပြောရင်း လိုင်းကားပေါ် တက်သွားတဲ့ သူမကို ကျွန်တော် ငေးကြည့်ရုံမျှသာ တတ်နိုင်တယ်။ ကျွန်တော် ပြောချင်တာတွေကို ဆွံ့အသွားစေတဲ့ စကားလုံး တွေဖြစ်ပါတယ်။

(၈)မိုင်၊ ပြည်လမ်း လမ်းမပေါ်မှာတော့ လူတွေနဲ့ ကားတွေ ရောထွေး လှုပ်ရှားနေပါတယ်။ ကျွန်တော်တစ်ယောက် ရည်ရွယ်ချက် မရှိပါဘဲ ကားမှတ်တိုင်မှာ ရပ်နေမိပါတယ်။ တစ်ချိန်တည်းမှာ ရင်ထဲ ဟာလာ ဟင်းလင်းကြီး ခံစားရ ပါတယ်။ ထွက်ခွာသွားတဲ့ လိုင်းကားနောက်က လေပွေနှယ် စိတ်ကစင့်ကလျား လွှင့်မျော နေမိတယ်။

အဓိပ္ပာယ်မဲ့ ခေါင်းမော့လိုက်တော့ လမင်းကို တွေ့လိုက်တယ်။ လပြည့်ဖို့ တစ်ရက် နှစ်ရက်သာ လိုတော့တာမို့ ကောင်းကင်မှာ ပြည့်ပြည့်၀၀ပင် သာလို့ နေပါတယ်။ မာကျူရီမီးရောင်တွေနဲ့ ထိန်ထိန်ငြီးနေတဲ့ ရန်ကုန် ညများမို့ လရောင်ကို အပြည့်အ၀ မခံစားနိုင်ပါဘူး။ မှိန်ပျပျမျှသာ…။

လရောင်က လူတွေကို ယစ်မူးစေတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။ ဒီလိုဆို အချစ်ကရော လူတွေကို ယစ်မူး စေတာပါပဲလား။ သေချာတာကတော့ ကျွန်တော့်အတွက် အမှန်တရားတစ်ခုပါ။ ဒီအခါ ရှင်သန်နေတဲ့ မျှော်လင့်ချက်ကို ကျွန်တော့်ကိုယ်တွင်း တစ်နေရာမှာ ပြန်ကြားယောင် နေမိပါတယ်။ မနက်ဖြန်မှာ ပြန်တွေ့ကြ မယ်ပေါ့။ မနက်ဖြန်ဟူသည် ကျွန်တော်တို့အတွက် အမြဲတမ်း မနက်ဖြန်တွေပဲ ဖြစ်နေမှာပါ။

အိမ်အပြန်လမ်းမှာ ကျွန်တော့်ရင်ထဲ ဘာတွေတင်းခဲ နေသလဲဆိုတော့ တည်ဆောက်ယူခဲ့ရတဲ့ ခွန်အားတွေ၊ သတ္တိတွေနဲ့ သူမကို ပြောပြရပါအုန်းမယ်။ ဘာလဲဆိုတော့ သူမကို ကျွန်တော် အသေအချာ ချစ်မိနေပြီ ဆိုတဲ့ စကားလုံးများသာ ဖြစ်ဖို့ များပါတယ်။

( တစ်စုံတစ်ယောက်ကိုမျှ ရည်ရွယ်ရိုး မရှိခဲ့ပါဘူး။ တိုက်ဆိုင်ခဲ့မယ်ဆိုရင် ခွင့်လွတ် နားလည်ပေးပါလို့ )
(၀န်ခံချက် ။ ပုံကို www.inklingmagazine.com မှ ရယူထားပါတယ်)