Friday, January 2, 2009

၂၀၀၈ ရဲ့ နောက်ဆုံးညအိမ်မက်

ဒီကနေ့ ဒီဇင်ဘာလရဲ့နောက်ဆုံးရက်ဖြစ်သလို ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံး ညလည်းဖြစ်ပါတယ်။ ခံစားတတ်သူ တစ်ယောက်အနေနဲ့ ဘာခံစားချက်များ ဖြစ်ပေါ်သလဲလို့ အမေးခံရရင်၊ ထွေထွေထူးထူးတော့ မရှိပါဘူးလို့ပဲ ပြန်ပြောဖြစ်မှာပါ။ နှစ်တိုင်း ကျော်ဖြတ်လာတဲ့ နှစ်သစ်တွေက အကြိမ် ၃၀ မပြည့်သေးပေမယ့် ဒီတစ်နှစ်တော့ မှတ်မှတ်ရရ ဖြစ်စေတဲ့ အဖြစ်လေးတွေတော့ ရှိခဲ့ပါတယ်။ ဘာများလည်း ဆိုတော့ တစ်ခါမှ မတွေ့ဖူး မမြင်ဖူးပါဘဲ ထဲထဲဝင်ဝင် ခင်မင်မိတဲ့ ဘလောဂ့်ထဲက သူငယ်ချင်း မိတ်ဆွေတွေကို တစ်နေကုန် လိုက်နှုတ်ဆက် နေမိလို့ပါ။ ဘယ်အချိန်ထိလည်း ဆိုတော့ ည ၉း၃၀ လောက်ထိ ဖြစ်တယ်။ ဒါတောင် မရောက်ဖြစ်ခဲ့ နှုတ်မဆက်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ကျန်ရှိအုန်းမှာပါ။ အားလုံးကိုပဲ မင်္ဂလာရှိတဲ့ နှစ်သစ် ဖြစ်ပါစေလို့ နှုတ်ဆက်ပါတယ်။

ကျိုင်းတုံမှာနေတုန်းက ပျော်ခဲ့တဲ့ နှစ်သစ်ကူးကို အမှတ်ရမိတယ်။ အလယ်တန်း ကျောင်းသားထိ အမျိုးအိမ်တွေကို တစ်အိမ်တက်ဆင်းပြီး အိမ်ရှိလူကုန် အမ်ပေါင်း လိုက်တောင်းရတာ ပျော်စရာပါ။ အမ်ပေါင်းထဲမှာ ပိုက်ဆံ များများစားစား ပါတာ မဟုတ်ပေမယ့် အမ်ပေါင်း အရေအတွက် များများကို လိုချင်နေမိတာပါ။ နောက်ဆုံးပိတ် အိမ်ပြန်ရောက်ရင် အဖိုးက ငွေဘယ်လောက်ပါတဲ့ အမ်ပေါင်းပေးရမယ်၊ အဖွားက ငွေဘယ်လောက်ပါတဲ့ အမ်ပေါင်းထည့်ပေးရမယ်၊ အဖေနဲ့ အမေက ဘယ်လောက်၊ ဒေါ်လေးတို့က ဘယ်လောက်စီ ဆိုပြီး ကိုယ်လိုချင်တဲ့ ငွေတန်ဖိုးပြောပြီး တောင်းခဲ့တာတွေ အမှတ်ရတယ်။ တစ်ဦးတည်းသော ကလေးမို့ အချစ်ပိုပြီး စချင်တာကြောင့် ငွေတစ်ထောင် တောင်းရင် အမ်ပေါင်းထဲ တစ်ရာပဲ ထည့်ပေးလို့ တစ်နေကုန် ငိုနေတာကို မမေ့နိုင်ခဲ့ သေးပါဘူး။

တစ်နေကုန် ဘလောဂ့်လည် နှုတ်ဆက်နေတာ ပင်ပန်းညောင်းညာ လာတာကြောင့် စက်ပိတ်ပြီး အိမ်အောက်ထပ် ဆင်းတယ်။ အိမ်ပြင်ထွက် လဘက်ရည်ဆိုင်ထိုင် မလို့ပါ။ ဒါပေမယ့် ဒေါ်လေးနှစ်ယောက် အလုပ်ရှုပ်နေတာမြင်တော့ ဘာအတွက်လဲပေါ့။ မေးကြည့်တော့ ဒီည သူ့မိတ်ဆွေတွေ သီချင်းလာဆိုဖို့ ဖိတ်စာလက်ခံထားလို့ ကျွေးမွေးဖို့ ပြင်ဆင်နေတယ် ဆိုလားပဲ။ ဒါနဲ့ ရှမ်းဟင်းထုပ်လုပ်ဖို့ ကြက်သွန်မြိတ် လှီးပေးရတယ်။ ထုပ်ဖို့ ငှက်ပျောရွက် ခုတ်ပေးရတယ်။ ငှက်ပျောရွက် သင်ပေးရတယ်၊ မီးမြိုက်ပေးရတယ်။ နောက် တည်မဲ့ အိုးကကြီးတော့ Hot-plate နဲ့ တည်မရတာကြောင့် မီးသွေးမီးဖို ဖိုပေးရသေးတယ်။ ဟင်းထုပ်နဲ့ စားဖို့ ကျူးမြစ်တွေ ရေဆေးပေး ရတယ်။ ငရုပ်ဆီကြော်ဖို့ ကြက်သွန်ဖြူ နွှာပေးရတယ်။ ကြိတ်စက်နဲ့ ကြိတ်ပေးခဲ့တယ်။ ဒီလိုနဲ့ ၁၁ နာရီထိုးတော့ အပေါ်ထပ်တက်အိပ်ဖြစ်တယ်။ ပင်ပန်းတာကြောင့် ချက်ချင်း အိပ်ပျော်တယ်။

နေ့ခင်းက ဓာတ်ပုံ နှစ်ပုံကို တော်တော်ကြာကြာ ကြည့်ဖြစ်ခဲ့တယ်။ စိတ်ထဲ ဆွဲနေတာလားတော့ မသိဘူး။ ညအိမ်မက်ထဲမှာ ပြန်တွေ့တယ်။ ဓာတ်ပုံပိုင်ရှင်ကိုပါ။ သူလေးကတော့ နူးနူးညံ့ညံ့လေး ပါပဲ။ အိနြေ္ဒလည်းရှိတယ်။ သိမ်မွေ့တယ်။ ပညာတတ် တစ်ယောက်ဖြစ်တယ်။ စကားပြောလည်း ယဉ်ကျေးတယ်။ မိကောင်းဖခင် သမီးလေးပါ။ အိမ်မက်ထဲ တွေ့ဖြစ်တဲ့နေရာလေးက မန်းလေး ၈၄ လမ်းပေါ် စက်ဘီးတစ်စီးထဲ အတူတူ စီးနေတာပါ။ ကျွန်တော်က နင်းတယ်။ ကယ်ရီယာ မပါတဲ့ ဘီးမို့ သူကရှေ့ဘားတန်းပေါ် တင်တစ်စောင်း ထိုင်လိုက်တယ်။ {{ တစ်ခြားမြို့မှာ ဒီလို စီးရင် အမြင်စိမ်းပေမယ့်၊ မန်းလေးမှာတော့ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပါပြီ။ ကျောင်းတက်ခဲ့ တုန်းကလည်း စီးဖြစ်ခဲ့ပါတယ်။ ကောင်မလေးနဲ့တော့ မဟုတ်ပါဘူး။ ဘော်ဒါတွေနဲ့ပါ။}}

ရင်ခွင်ထဲ ထည့်ဖက်ထားသလို ဖြစ်ပေမယ့် အသားချင်းတော့ ထိမိမယ် မထင်ဘူး အိမ်မက်ထဲမှာ ဖြစ်လို့ပါ။ ၇၄ လမ်းရောက်တော့ မိန်းထဲ ကွေ့ဝင်မယ်အလုပ်မှာ ပုဏ္ဏားကုန်းရဲ့ လမ်းမပေါ် နေလှမ်းထားတဲ့ မြင်းချီးလုံးတွေကို တက်အကြိတ် စက်ဘီးလှဲသွားတယ်။ လူနှစ်ယောက် ၀န်နဲ့မို့ စက်ဘီးကို မထိန်းနိုင်ဘူး ဖြစ်သွားတယ်။ သူလေး နာကျင်မှာစိုးလို့ အကျအနာ သက်သာအောင် သူ့ပခုံးကို သိုင်းပွေ့ရက်သားနဲ့ လှဲကျတယ်။ ကံဆိုးချင်တော့ သူ့တင်ပါးက မခြောက်သေးတဲ့ မြင်ချီးတုံးတွေပေါ် တန်းတန်းမှတ်မှတ် ထိုင်ရက်သား ကျသွားပါလေရဲ့။ ရှုံ့မဲ့နေတဲ့ သူ့မျက်နှာပေးလေး ကြောင့် ဆွဲအထူမှာ .. .. .. Happy New Year ဆိုတဲ့ အသံအကျယ်ကြီးနဲ့ သီချင်းစဆိုတဲ့ တီးလုံးတွေကြောင့် အိမ်မက်ကနေ လန့်နိုးသွားတယ်။ နာရီကိုကြည့်တော့ မနက် ၁း၂၀ ရှိနေပြီ။ အော် နှစ်သစ်ကိုတောင် ရောက်နေမှကိုးလို့ စိတ်ထဲ ရေရွတ်မိပါတယ်။ အောက်ထပ်က ဆုတောင်းသီချင်း ဆိုသံကြောင့် အိမ်မက်က လန့်နိုးသွားပေမယ့်။ အိမ်မက်ကို ဆက်ပြီး မက်ဖြစ်ရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ မသိနိုင်ပါဘူး။ သူလေးခမျာ တော်တော်လေးကို ရွံ့နေရှာမှာပဲ လို့ ဆက်စပ်တွေးမိတယ်။ အေးစိမ့်စမ့် ရာသီလေးကြောင့် အောက်ဆင်းပြီး မကြည့်ဖြစ်တော့ဘူး။ အိပ်ခန်းအိပ်ယာပေါ်ကပဲ နားထောင်ဖြစ်တယ်။ အသံနေ အသံထားတွေ သိပ်ကောင်းကြတယ်။ ဒီလိုနဲ့ပဲ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးည ကိုယ်ပိုင်ဆိုင်တဲ့ အချိန်လေးကို အိမ်မက်ဆန်ဆန် လေးနဲ့ ကုန်လွန်သွား ခဲ့ပါတယ်။

ကိုတိုးလေး ရဲ့ မနှစ်ရဲ့ နောက်ဆုံးညက ကျွန်တော်ဘာတွေလုပ် ဆိုတဲ့ Tag လေးကို ပြန်ဖြေပေးတာပါ။ ညီငယ် ကိုတိုးလေး ရေ ကျေနပ်နိုင်ပါစေ။ အားလုံးပဲ နှစ်သစ်မှာ ပြုံးပျော်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

18 comments:

ကိုတိုးလေး said...

ကျေးဇူးပါပဲအကိုရေ။ ညီတဂ်ထားတဲ့တဂ်ပိုစ့်လေးကိုရေးပေးတဲ့အတွက်ပါ အကိုရေးထားတာက ညီထက်တောင်စုံသေးတယ်အကိုရဲ့။ ပျော်ရွှင်ဖွယ်နှစ်သစ်လေးပါအကို။ အချစ်သစ်လေးရပါစေဗျာ။း) ညီတဂ်တာကိုတစ်ရက်တည်းနဲ့ရေးပေးတဲ့အတွက်ကျေးဇူးပဲနော်။ ရက်တွေကြာသွားတော့ ခံစားလို့သိပ်မကောင်းတော့ဘူးအကိုရဲ့။

Anonymous said...

ဘာတွေဆက်ဖြစ်မလဲ မသိဘူးနော် ... စက်ဘီးစီးနေပုံလေးကို တွေးမြင်ကြည့်တာ ကြည်နူးစရာလေးပဲနော်...။

Kyarlay said...

ဓာတ်ပုံထဲက ကောင်မလေးက ဘယ်သူလဲ..
အပြင်မှာရော မြင်ဖူးလား..
စက်ဘီးရော အတူစီးဖူးလား..
တကယ်လို့ အပြင်မှာဆို ပေသွားတဲ့ တင်ပါးလေးကို အစ်ကိုက သုတ်ပေးမှာလား... ဟိ..

- said...

(ကိုတိုး) ရေ ကျေးဇူးပါ။ တဂ်လို့ပဲ အစ်ကို့အိပ်မက်ကို ဖော်ပြခွင့်ရခဲ့တာ။

(Anonymous)ခင်ဗျား အိမ်မက်ကိုသာ ကိုယ်က လိုသလို ဖန်တီးပြီး မက်ခွင့်ရရင်တော့ ဆက်ပြီး မက်ချင်ပါသေးတယ်။ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို ကျွန်တော်လည်း သိချင် ပါတယ်။

(ကျားလေး) ကောင်မလေးက ဘယ်သူလဲဆိုတော့ ကောင်မလေး ပါပဲ၊ အပြင်မှာ မြင်ဖူးပါတယ်။ စက်ဘီးတော့ အတူ မစီးဖြစ်သေးပါဘူး။ ဒါပေမယ့် ဒိတ်လုပ်ထား ပါတယ်။ ပေသွားတဲ့ တင်ပါးကို သက်ညှာစွာနဲ့ ကားရေဆေး ဆီထိုးစင်ပေါ် တင်ပေးလိုက်ပါမယ်။

မောင်မျိုး said...

ဟုတ်တယ် ဓာတ်ပုံထဲက ကိစ္စ စိတ်ဝင်စားတယ်အစ်ကိုရေ့ ဘာတွေဆက်ဖြစ်လဲ အဲ့တာက အိပ်မက်လား တကယ်လား သိပ်မရှင်းလို့ဗျး)၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးည ကိုယ်ပိုင်ဆိုင်တဲ့ အချိန်လေးကို အိမ်မက်ဆန်ဆန် လေးနဲ့ ကုန်လွန်သွား ခဲ့ပါတယ် ဆိုတော့ ဆွေးဆွေးလေးနဲ့ပေါ့ ပျော်တော့ပျော်တယ်မှတ်လားး ။

- said...

(ကိုမောင်မျိုး)
ဓာတ်ပုံကိစ္စကတော့ အမှန်ပါ။
အိပ်မက်ကတစ်ဝက်၊
တစ်ကယ့်အဖြစ်အပျက်ကတစ်ဝက်မို့
မက်ပျော်တဲ့အိပ်မက်လေးပါ။

ကြယ်ပြာ said...

အဟဲ ... ရယ်ရတယ် ....
ကိုဝင်းဇော်က မန်းလေးမှာနေတာလား ... ရန်ကုန်မှာလား ...

winwinlay1 said...

ကိုဝင်းဇော်- ကားရေဆေး ဆီထိုးစင်ပေါ် တင်ပေးခံရမယ့် ကောင်မလေးအကြောင်း အမတော့ မတွေးရဲဘူး

- said...

ကြယ်ပြာ
ရန်ကုန်မှာရော၊ မန်းလေးမှာရော တောင်ကြီးမှာရော နေတယ်။ အားရင် လည်လည်လာနိုင်တယ်နော် ....

အစ်မ၀င်းရေ
စေတနာပိုသွားမိတယ် အစ်မရေ၊ ကျွန်တော်လည်းရေးသာရေးလိုက်တာ၊ အစ်မပြောမှပဲ မတွေးရဲတော့ဘူး ဖြစ်သွားတယ်။

flower.poem said...

ကိုဝင်းဇော်
မန်းလေးရော တောင်ကြီးရောလာလည်မယ်နော် ရှမ်းဟင်းထုတ်စားချင်လို့ပါ. ဖတ်လို့ကောင်းတဲ့ပိုစ့်လေးပါ မင်္ဂလာနှစ်သစ်ပါ

မယု said...

ရေးတတ်လိုက်တာ၊ ဖွဲ့ဖွဲ့နွဲ့နွဲ့လေးနဲ့၊
ဒါနဲ့ တကယ်လား၊ အိမ်မက်လား၊
စိတ်ဝင်စားတယ်။
ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေနော်

မီမီဝါ said...

အိပ်မက်လှလှလေးတွေ ထပ်မက်ပါစေ.. မြင်းချီးတုံးတွေတော့ မပါပါစေနဲ့...HAVE A NICE DREAM...GOOD NIGHT...

ညီအကိုများ said...

ကိုဝင်းဇော်ရေ အိပ်မက်ကောင်းနေမှ မီးပျက်တယ်ဗျာ.. :)

ပျော်ရွှင်ဖွယ်နှစ်သစ်ပါအစ်ကိုရေ..

လေးစားခင်မင်လျက်
မိုးကြယ်

khin oo may said...

Happy new year!

ပုလဲ said...

အိပ်မက်ဆန်ဆန်ဖြတ်သန်းခဲ့တဲ့ နှစ်သစ်လေးကလှတယ် ကိုဝင်းဇော်
သူလေးအတွက်တော့ တိပ်အကောင်းဝူးပေါ့နော် :D
နောက်များအိပ်မက်တွေရော လက်တွေ့ဘ၀တွေပါ လှပပါစေ ကိုဝင်းဇော် :)

မိုးသောက် said...

အိပ်မက်လေးက စိတ်ဝင်စားစရာဗျာ
ဓါတ်ပုံလေးတွေကလည်း အဟင်း ဘယ်သူတွေ များ ဖြစ်မလဲနော်.. သိတော့ သိနေသလိုပဲနော် ဟားဟား .. နောက်တာပါဗျာ
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျို့

hninzaw said...

စကြာဝဠာ အဆုံးထိမနင်းလိုက်ရဘူးပေါ့နော် ...။
" သိပ်မောသွားသလားကွယ် မောင်ရယ် "လို့ ... ဓာတ်ပုံရှင်လေးက မမေးဘူးလား ကိုဝင်းဇော်...။

စိုင်းနောင့် said...

မိုက်တယ်ကွ အစ်ကိုအိမ်မက်က၊
အပြင်မှာ တကယ်ဖြစ်နေသလိုပါပဲ။
ပျော်ရွှင်တဲ့ နှစ်သစ်ကူးဖြစ်ပါစေလို့
ဆန္ဒအမှန်နဲ့ ဆုတောင်းပေးပါတယ်။
hAPPY nEW yEAR ...