Saturday, January 10, 2009

အော် . . . မိန်းမ

" မိန်းမဟူဘိ ထိုဣတ္ထိကား မရှိမကောင်း၊ ရှိမကောင်း တည့်" တဲ့ ရှေးပညာရှိတို့က မိန်းမအကြောင်း ဘယ်လိုပဲ ဖွဲ့နွဲ့ခဲ့ပါစေပါ။ အမှန်ကတော့ မိန်းမ ဆိုတာ မရှိလို့ မဖြစ်ဘူးလို့ ထင်မိပါတယ်။ မိန်းမတွေ မရှိတော့ ရင် အချစ်ဆိုတာတာလည်း မရှိနိုင်တော့ပါဘူး။ အချစ်မရှိရင် လူတွေလည်း ရှိကြတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိန်းမတို့ ရှိဖို့ လိုအပ်ပါတယ်။ ယောက်ျားတို့အတွက်၊ လူ့လောက အတွက် မိန်းမတွေ ရှိနေဖို့ လိုပါတယ်။ သီချင်းလေး တစ်ပုဒ်မှာတောင် တစ်စွန်းတစ ကြားဖူးမှာပါ " မင်းမရှိလို့ မဖြစ်ဘူး " ဆိုတာလေးပါ။

မိန်းမမှန်ရင်တော့ ကောက်ကြတယ်။ ဒါကြောင့် ပန်းချီဆရာက မိန်းမပုံဆွဲလျှင် ကောက်ကြောင်းတွေ ပိုရေးရတယ်။ မျဉ်းဖြောင့်တွေ ဆွဲလို့မရ၊ ကောက်မှ လှတယ်။ ကောက်သင့်တာကောက် မောက်သင့်တာမောက်၊ ကောက်ကောက် မောက်မောက်မှ လှတယ်။ တစ်ခါတလေလည်း ကောက်ကောက် မောက်မောက်ကနေ ကော့ကော့ မော့မော့ဖြစ်သွား တတ်တယ်။ ကော့ကော့မော့မော့ ကနေ လှန်ကျတာတွေလည်း မြင်ဖူးပါတယ်။

ခန္ဓာကိုယ် ကောက်နေရုံနဲ့ မပြီးပါဘူး။ တချို့ မိန်ကလေးတွေ ဆံပင်ပါ ကောက်ကြတယ်။ ဆံပင်ကောက်မှ လှကြတယ်။ ဆံပင်ကောက်နဲ့ အဖု၊ အထစ်၊ အရစ်၊ အရှိုက်၊ အဖို တွဲဖက်ပါမှ ပို ပြည့်စုံတတ်တယ်။ ဆံပင် ကောက်ရာမှာမှလည်း ကောက်ကြီး လှိုင်းတွန့်၊ ကောက်လတ်၊ ကောက်ငယ်၊ အကြေကောက် အထိ ရှိပါတယ်။ ကျွန်တော် လက်လှမ်း မမီတာလည်း ရှိအုံးမှာပါ။ မိမိရုပ်ရည်နဲ့ လိုက်ဖက်ဖို့ကတော့ အကောက်မှန်ဖို့ လိုအပ်ပါတယ်။

ခန္ဓာကိုယ်ကောက်၊ ဆံပင်ကောက်ပြီးရင် စိတ်ကောက်တာ ကျန်ပါသေးတယ်။ စိတ်ကောက်တာက စိတ်မဖြောင့်၊ စိတ်ပုတ်တာကို ပြောတာ မဟုတ်ပါဘူး။ " ဣတ္ထိ သင်္ကံ နဒီ ၀င်္ကံ" မြစ်တို့သည် ကွေ့သော ကောက်သော သဘောရှိသည်။ ထို့အတူ မိန်းမတို့သည်လည်း စိတ်သဘော ကွေ့ကြ၊ ကောက်ကြသည်။ ဒီလိုလည်းပဲ မဆိုလိုပါဘူး။ မိမိတစ်ဦးတည်းကို ချစ်ဖို့ စိတ်ကို အလှကောက်သော (အလှကောက်)၊ အချစ်ကို ဒီဂရီတိုးစေဖို့ အချမ်းစမ်းတဲ့ သဘောနဲ့ ကောက်တဲ့ (အချစ်ကောက်) နဲ့ ယောက်ျားတို့ရဲ့ သဘောကို စူးစမ်းလိုလို့ ဖြစ်စေ၊ ယောက်ျားတို့ရဲ့ အပြုအမူ အပြောအဆို အတွေးအခေါ်တွေကို ချိန်စက်လို့ ကောက်တဲ့ အထအနကောက် (အထကောက်) တို့ကို မိန်းကလေးတွေက ပြုလုပ်တတ်ကြပါတယ်။

ကိုယ်ခန္ဓာကောက်၊ ဆံကေသာကောက်၊ စိတ်ကောက်၊ အချစ်ကောက်၊ အလှကောက်၊ အထကောက် တွေနဲ့ မွမ်းခြယ် ထားပြီး လှချင်တိုင်းလှ၊ ချစ်ချင်တိုင်း ချစ်နေကြတာ မိန်းကလေးတွေ ဖြစ်ပါတယ်။ ဒါကိုပဲ မိန်းမလို့ ခေါ်ဆိုပါတယ်။

(အမေများနေ့မှာ မွေးမိခင်အတွက် မှတ်မှတ်ရရ ဘာမှ လုပ်ဆောင်ပေးနိုင်တာ မရှိပါဘူး။ ဆပ်မကုန်နိုင်တဲ့ ကျေးဇူးတွေ အနန္တနဲ့ ကျွန်တော့်ကို ခွဲခွာသွားတာ ၁၄ နှစ်ရှိခဲ့ပါပြီ။ သက်ရှိထင်ရှား ရှိစဉ်ခါက မွေးမိခင်ရဲ့ ကျေးဇူးကို မသိတတ်ခဲ့ သေးတဲ့အတွက် နောင်တရမဆုံးပါ။ သူငယ်ချင်း ဘလောဂ့်တွေ သွားလည်မှ မွေးမိခင်ကို ပိုသတိရမိပါတယ်။ မွေးမိခင်ရဲ့ ကျေးဇူးကို ပိုသိလာပါတယ်။ မေမေ .. ရောက်ရာ အရပ်ကနေ ကျွန်တော့်အပေါ် နားလည်နိုင်ပါစေလို့ .. .. ..)

4 comments:

ရှင်ရဲထွတ် said...

မေမေ့ကျေးဇူးကို အမှတ်ရနေတဲ့အတွက် မေမေ နားလည်မှာပါ။

နေရီနွယ် said...

ကောက်ကြောင်းများကိုလာလေ့လာသွားတယ် ကိုဝင်းဇော်

နွေသူရ said...

အကောက်တွေများလှပါလားကိုဝင်းဖော်ရေ..:P
လာရောက်လေ့လာသွားကြောင်းပါဗျာ...

ပီနန်း said...

လက်ဦးဆရာ ဖြစ်တဲ့ မေမေ့ကို သတိရတမ်းတမိပါတယ်။
ပိုမိုကောင်းမွန်တဲ့ ဘုံဘ၀မှာ "မေမေ" ငြိမ်းအေးချမ်းသာစွာ ရှိနေမှာပါ။