Thursday, December 31, 2009

အနာဂတ်လှပနိုင်ကြပါစေ

အနာဂတ်လှပနိုင်ကြပါစေ

ပန်းတွေ ဖူးရာကနေ ပွင့်ကြတယ်၊ အစွမ်းကုန် လှသွေးကြွယ်ပြီး အချိန်တန်တော့ ညှိုးမယ်။ ကျွန်တော်တို့လည်း နှစ်ဟောင်းကို နှုတ်ဆက်လိုက်တာနဲ့ တစ်နှစ်တော့ ထပ်အိုသွားကြတယ်။ ဒါကြောင့် ဘယ်အရာကမှ ထာဝရ ဆိုတာ မရှိပါဘူး။ မတည်မြဲတဲ့ ကျွန်တော်တို့ လူ့လောကထဲမှာ ရောက်စဉ်ခဏ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ရင်ပဲ အလှတရား ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။ အဲဒီ အလှတရား တွေကသာလျှင် ဘဝကို ရှည်ကြာစေပြီး နေပျော်တဲ့ ရှင်သန်မှုကို ဖြစ်စေမှာ အမှန်ပါ။ အဆိုးတွေရော အကောင်းတွေနဲ့ပါ ရောပြွန်းနေတဲ့ နှစ်ဟောင်းကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်ကျော်လာခဲ့တယ်။ ရှေ့မှာ စောင့်နေတဲ့ ကျွန်တော်တို့ ရင်ဆိုင်တွေ့ရမယ့် နှစ်သစ်ကို လှပပြီး အောင်မြင်တဲ့ နေ့သစ်တွေပဲ ဖြစ်စေချင်တာ ဆန္ဒမှန်ပါ။ ဒါကြောင့် နှစ်သစ်မှာ အောင်မြင်လိုသူတွေ အတွက် ရှောင်ကျဉ်ရမယ့် အချက်တွေကို မျှဝေ ပေးလိုက်ပါတယ်။

(၁) စွန့်စားရန် သတ္တိမရှိခြင်း ( Unwillingness to take risks )
(၂) ဇွဲမရှိခြင်း ( Lack of persistence )
(၃) ချက်ချင်းစိတ်ကျေနပ်မှုကိုသာကြည့်ခြင်း ( Instant gratification )
(၄) ဦးစားပေးရွေးချယ်မှုမရှိခြင်း ( Lack of priorities )
(၅) ဖြတ်လမ်းလိုက်တတ်ခြင်း ( Looking for shortcuts )
(၆) တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်း ( Selfshness and greed )
(၇) ခိုင်မာစွာ ယုံကြည်မှု မရှိခြင်း ( Lack of conviction )
(၈) သဘာဝ၏ ဥပဒေသများ (သဘာဝနိယာမများ)ကို နားမလည်ခြင်း ( Lack of understanding of nature's laws )
(၉) ကြိုတင်ပြင်ဆင်ရန် စိတ်မပါခြင်း ( Unwillingness to plan and prepare)
(၁၀) အကြောင်းပြခြင်း၊ ဆင်ခြေပေးခြင်း ( Rationalizing)
(၁၁) အတိတ်က အမှားများကို သင်ခန်းစာ မယူခြင်း ( Not learning from past mistakes )
(၁၂) အခွင့်အလမ်းကို မမြင်ခြင်း ( Inability to recognize opportunity )
(၁၃) ကြောက်စိတ် ( Fear )
(၁၄) ဗီဇစွမ်းရည်များကို အသုံးမချတတ်ခြင်း ( Inability to use talents )
(၁၅) စည်းကမ်းမရှိခြင်း ( Lack of discipline )
(၁၆) ကိုယ့်ကိုယ်ကိုယ် မြတ်နိုးလေးစား တန်ဖိုးထားမှု မရှိခြင်း ( Lack of self-esteem )
(၁၇) ဗဟုသုတမရှိခြင်း ( Lack of knowledge )
(၁၈) ဒုက္ခရောက်မယ့် ခံယူချက်သဘောထား ရှိခြင်း ( Fatalistic attitudes )
(၁၉) ရည်ရွယ်ချက် ကင်းမဲ့ခြင်း ( Lack of purpose )
(၂၀) သတ္တိမရှိခြင်း ( Lack of courage )

ရှင်သန်နေရသမျှ အချိန်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်။ မွန်မြတ်တဲ့ လူမှုရေး လုပ်ငန်းတွေကို စိတ်အား ထက်သန်စွာနဲ့ တတ်အားသရွေ့ ကူညီဆောင်ရွက် နိုင်သူများ ဖြစ်ကြစေဖို့ ဆန္ဒပြုပါတယ်။ နှစ်သစ်မှာ စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြစေဖို့ ဆန္ဒပြုပါတယ်။


ဘ၀အမောတွေ ကြားမှာ ဆင်ခြင်လို့ ပြုံးပျော်နိုင်ကြပါစေ ....

Friday, December 25, 2009

ငယ်ငယ်တုန်းခဏ

ငယ်ငယ်တုန်းခဏ

လူတိုင်းအတွက် ကိုယ်တိုင် ဖန်တီးခဲ့တဲ့ မှတ်မှတ်ရရ သမိုင်းလေးတွေ ကိုယ်စီရှိကြမှာပါ။ ဒိုင်ယာရီ အနေနဲ့ မှတ်တမ်း မတင်ဖြစ်ခဲ့ပေမယ့် ဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀ တစ်လျှောက်လုံးဟာ ကိုယ်ပိုင်သမိုင်း တွေပဲဖြစ်မယ်လို့ ယုံကြည် မိပါတယ်။ ကိုယ့်ရဲ့ သမိုင်းကြောင်းတွေ လှခဲ့တယ် မလှခဲ့ဘူး ဆိုတာကတော့ ဘ၀ပေး အခြေအနေပေါ်မှာ မူတည်ပါမယ်။ ဒါပေမယ့် အပူအပင် မရှိခဲ့တဲ့ ငယ်ဘ၀ရဲ့ သမိုင်းကတော့ အများအားဖြင့် လှပကြမယ်လို့ မျှော်လင့်မိပါတယ်။

တဂ်ပို့စ်တစ်ပုဒ် ရေးရတော့မယ်ဆိုရင် များသောအားဖြင့် ကိုယ့်ရဲ့ ကိုယ်ရေး အချက်အလက်တွေ တော်တော်များများ ချပြလိုက်တာနဲ့ အတူတူပဲလို့ ထင်မိပါတယ်။ ကျွန်တော့် ငယ်ဘ၀၊ ငယ်အကြောင်း၊ ကျောင်းသားဘ၀နဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေကို တော်တော်များများ ရေးခဲ့ပြီး ဖြစ်ပါတယ်။ ထင်ရှား ကျော်ဇောတဲ့ လူသိသူသိ ပုဂ္ဂိုလ် မဟုတ်တော့ ဖတ်ပျော်တဲ့ အတ္ထုပ္ပတ္တိတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှတ်တရ ရှိနေအောင်တော့ ဒီငယ်ဘ၀ဆိုတဲ့ တဂ့်ပို့စ်ကို ရေးဖြစ်ခဲ့ပါတယ်။

ကျောင်းမနေခင် အချိန်ထိတော့ ဝေေ၀၀ါးဝါးမို့ မှတ်မိတာ ဘာမှမရှိခဲ့ပါဘူး။ ငယ်ဘ၀မှာ အမှတ်အရဆုံး နေ့ကတော့ မူလတန်းကျောင်း စတက်တဲ့နေ့ပဲ ဖြစ်ပါတယ်။ အဖိုးနဲ့ အဖွားက ကျောင်းခန်းထဲ အထိ လိုက်ပို့ပြီး ပြန်တော့မယ် လို့ ပြောတဲ့အချိန်မှာ တခြား ကလေးတွေလို ငိုချင်ခဲ့ပေမယ့် မငိုဖြစ်တော့ ရင်ထဲမှာ တင်းကျပ်ကျပ် ဖြစ်ကျန်ခဲ့တယ်။ အိမ်ကလူကြီး တွေနဲ့ ပထဆုံး ခွဲနေရတဲ့ အချိန်မို့ အားငယ်စိတ်တော့ ဖြစ်ခဲ့မိတာ အမှန်ပါ။ ဆရာမက စာတွေ စသင်တော့မှ အဲဒီအားငယ်စိတ်တွေ ပျောက်သွားခဲ့တယ်။ ဒါက ပထမဆုံးရခဲ့တဲ့ အထီးကျန်ခြင်း အတွေ့အကြုံသစ် တစ်ခုပါ။

အဖေနဲ့အမေက တာချီလိတ် မကာဟိုခမ်း ရပ်ကွက်မှာ ရှေးဟောင်းပစ္စည်းနဲ့ မြန်မာလက်မှု လက်လုပ်ထည်တွေ ရွှေချည်ထိုးထည်တွေ ရောင်းတယ်။ ကျွန်တော်က ကျိုင်းတုံ မဟာမုနိဘုရားနဲ့ သိပ်မဝေးတဲ့ လေယာဉ်ကွင်း သွားတဲ့လမ်းမှာ အဖိုးနဲ့အဖွားနဲ့ နေတယ်။ ကျွန်တော့်ထက် ၅ တန်းကြီးတဲ့ ဒေါ်လေး ၂ ယောက်ရှိတယ်။ အုတ်တံတိုင်း မြင့်မြင့်၊ သံပြားတံခါးထူထူ အပိတ်နဲ့ ခြံဝင်းကျယ်ထဲမှာ စည်းကမ်းကြီးပြီး ရှေးရိုးဆန်တဲ့ ဖိုးဖွားတွေနဲ့ကြီးပြင်း လာတာကြောင့် ပြင်ပသူငယ်ချင်းနဲ့ ဗဟုသုတ နည်းခဲ့တယ်။ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး အဖော်တွေကတော့ ယိုးဒယားကလာတဲ့ သံပတ်အရုပ်တွေ၊ ဖြုတ်/တပ် ကစားနိုင်တဲ့ ကစားစရာတွေနဲ့ Puzzy အရုပ်ဆက်တဲ့ ပန်းချီကားတွေပဲဖြစ်တယ်။ ဒုတိယ အရင်းနှီးဆုံး ကတော့ အဖိုးရဲ့စာဖတ်ခန်းထဲက စစ်နဲ့ငြိမ်းချမ်းရေးလို ဂန္ထ၀င် စာအုပ်တွေ၊ ကဏ္ဍစုံတဲ့ ဘာသာပြန်စာအုပ်တွေ၊ တစ်ထောင့်တစ်ည ပုံပြင်စာအုပ်တွေ၊ ဆားပုလင်းနှင်းမောင် လို ၀တ္ထုအတွဲလိုက်တွေနဲ့ မြန်မာ့စုံစွယ်ကျမ်း စာအုပ်တွေပဲ ဖြစ်ပါတယ်။ တတိယ အရင်းနှီးဆုံး ကစားဖော်တွေကတော့ အဖိုးရဲ့ တပည့်တွေဖြစ်တဲ့ ကားဆရာတွေ၊ စပါယ်ယာတွေ၊ စက်ပြင်တွေ ဖြစ်ပါတယ်။ (တစ်ချိန်ကျရင် ကျွန်တော့် သင်ဆရာ မြင်ဆရာတွေ ဖြစ်လာမယ့် ကားရဲ့ စက်ပိုင်းဆိုင်ရာ ဆရာတွေ ဖြစ်ပါတယ်) ကျွန်တော် ဆိုးသမျှကိုငြူစူခြင်းမရှိဘဲ ကျွန်တော့်အပေါ် အနွံတာခံခဲ့တဲ့ ကျွန်တော်အကြိုက် လိုက်ပေးတဲ့ ကျွန်တော်ခိုင်းသမျှ အကုန်လုပ်ပေးတဲ့ ကားဆရာအဖွဲ့တွေပဲ ဖြစ်ပါတယ်။ ကျောင်းတက်ရင် အဖိုးကိုယ်တိုင် အဒေါ်တွေနဲ့အတူ ဂျစ်ကားလေးနဲ့ အကြိုအပို့ လုပ်ခဲ့တာကြောင့် ပြင်ပ ပျော်ရွှင်မှု မရခဲ့တဲ့ အထီးကျန်ဆန်မှုကို ထဲထဲဝင်ဝင် ခံစားရခဲ့ပါတယ်။

ငယ်ဘ၀က အရိုးစွဲခဲ့တဲ့ ဒီအထီးကျန်ဆန်မှုရဲ့ နောက်ဆက်တွဲ ရလဒ်ဆိုးကတော့ သူငယ်ချင်း အပေါင်း အသင်းတွေ နည်းပါးခဲ့တယ်။ ကိုယ့်ကြောင့် သူတစ်ပါး နာကျင်ခဲ့တာကိုလဲ ဂရုဏာ မသက်မိတတ်ဘူး။ သူများနဲ့ စကားပြော တော့လည်း အပြော မတတ်တော့ ဘေထုတ်နဲ့ ပစ်ပေါက်လိုက်သလို အဖြစ်မျိုး ခဏခဏ ကြုံခဲ့ရတယ်။ သူတစ်ပါးရဲ့ ပြောစကားတွေနဲ့ အမူအရာကို ဘ၀င်မကျခဲ့ရင် စိတ်အလိုမကျ ဖြစ်ပြီး သူငယ်ချင်း တစ်ယောက်လို မမြင်မိတော့ပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ ပေါင်းသင်း ဆက်ဆံရေးဘက်မှာ အားနည်းချက်တွေ ရှိတယ်ဆိုတာကို ၀န်ခံတယ်။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်ရဲ့ ငယ်ဘ၀ ကတော့ ဒီမျှပါပဲ။ ဇာတ်ပေါင်းလိုက်ရင် ကောင်းတာနည်းပြီး လိုအပ်ချက်က ခပ်များများရယ်ပါ။ တဂ်ထားတဲ့ ညီမငယ် နေ့အိပ်မက် လည်း ကျေနပ် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။




Tuesday, December 22, 2009

ရှမ်းဟင်းထုပ်

ရှမ်းဟင်းထုပ်

ခရစ္စမတ်နားနီးလာတော့ အအေးဓာတ်က အရင်နေ့တွေထက် ပိုကဲလာတယ်လို့ ထင်ရမိတယ်။ အေးလွန်းတော့လည်း ဘယ်လောက်ထူတဲ့ စောင်ကိုပဲ ခြုံခြုံ နွေးလာတယ်ရယ်လို့ မရှိပါဘူး။ ကွေးရင်း ကွေးရင်းနဲ့ ခါးထဲက အရိုးတွေတောင် ထုံကျဉ်လာတယ်လို့ ခံစားရမိတယ်။ တစ်လုံးတည်းသော Heater ကို ပျိုပျိုဒေါ်လေးများ ပျိုပိုင်စီးထားတာကြောင့် ဒီဆောင်းအဖို့ ကိုယ့်အလှည့် ရောက်လာတော့မယ် မထင်ပါဘူး။ တစ်ယောက်တည်း သမားအတွက် ဒီလို အေးစက်စက် ဆောင်းညရဲ့ အထီးကျန်ဆန်မှုကို စာဖွဲ့မယ်ဆိုရင် ကုန်နိုင်မယ် မထင်ပါဘူး။

လုပ်နေကျ မနက် လမ်းထလျှောက် ရာကအပြန် စာတိုက်ပုံးထဲ စစ်ကြည့်တော့ စာအိတ် ၃ ခုရောက်နေတယ်။ စာ ၃ စောင်လုံး လိပ်စာက ပြည့်ပြည့်စုံစုံ ရေးထားတာ မဟုတ်ပါဘူး။ ဒေါ်လေးငယ် တစ်ယောက်ထဲ ရဲ့ နာမည်ပဲရေးထားတာပါ။ စာအိတ်ကိုင်ပြီး စဉ်းစားမိတာက ဒေါ်လေးငယ် တစ်ယောက် ဧကန်ဓ တော့ အမှန်ဧကန်ဓ ပဲဆိုပြီး အစ်, မလို့ မီးဖိုဆောင်ထဲ ၀င်လိုက်တယ်။ ဒေါ်လေးငယ်ကို အခန့်သင့်တွေ့တာနဲ့ " ဒေါ်လေးငယ်တော့စွံပြီ ဂုဏ်ယူပါတယ် " ပြောပြီး စာတွေကမ်းပေး လိုက်တယ်။ အံ့သြဟန်လည်းမပြ၊ ပြာယာခတ် တာလဲမရှိဘဲ စာအိပ်ကို အေးအေးဆေးဆေးပဲ ဖောက်ဖတ်တယ်။ ပြီးတာနဲ့ " @#$ ~^$# #@$* " အချိုးမပြေတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက်ပြီး " ဟဲ့.. ညကျရင် ချက်စ်ကျောင်းက ကလေးတွေ ခရစ္စမတ်အတွက် သီချင်းလာဆိုဖို့ အသိပေးတဲ့စာဟဲ့ @#$ ရဲ့ " တဲ့။ စောစောစီးစီး ထင်ထားသလို မဟုတ်ဘဲ ပယ်ပယ်နယ်နယ် အတွယ်ခံလိုက်ရလို့ နေသာထိုင်သာတော့ ရှိသွားပါတယ်။

မနက်စောစာ စားပြီးတာနဲ့ ဈေးဝယ်သွားဖို့ ဒေါ်လေးငယ်က အခေါ်တော် လွတ်လိုက်တယ်။ ဆွဲခြင်းတောင်းနဲ့ ဈေးဝယ်စာရင်း ပေးပြီး မြန်မြန်ဝယ်ပြီး အမြန်ပြန်လာခဲ့ ချည်တဲ့။ သွားတောင် မသွားရသေးဘူး .. ပျိုပျိုကြီးတွေများ စိတ်ဆိတ်တယ်ဆိုတာ အမှန်ပဲ ယုံကြည် မိလိုက်တယ်။ အတွန့်မတက်ဝံ့တာနဲ့ ကြီးမေနဲ့အတူ ဈေးဝယ်ထွက်ခဲ့တယ်။ ကြီးမေဆိုတာက အိမ်မှာ ချက်ပြုတ်သန့်ရှင်းဖို့ အချိန်ပိုင်းခေါ်ထားတဲ့ အန်တီပါ။ ကနေ့တော့ ကြီးမေရဲ့ ခြင်းတော်ဆွဲပေါ့ဗျာ။ ဈေးဝယ်စာရင်းကို ကြည့်တော့ ကြက်သွန်မြိတ် ၁ ပိဿာ၊ ၃ ထပ်သား ၁ ပိဿာ၊ မွှေးဆန်မှုန့် ၁၀ ထုပ်၊ မွှေးကော်မှုန့် ၁ ထုပ်၊ ကြက်သွန်ဖြူ တစ်လုံးဥ ၅၀ သား၊ ဂျူးမြစ် ၁ ပိဿာ၊ ငရုပ်သီးခွဲခြမ်း ၅၀ သား၊ နံနံပင် အစိတ်သား၊ Birdy ကော်ဖီမစ် ၂ ပါကင်နဲ့ တိုလီမောက်စ တွေရေးထားတယ်၊ နောက်ဆုံးမှာတော့ ကွင်းစကွင်းပိတ်ထဲမှာ ( ကို x x x x အိမ်က ငှက်ပျောရွက် ၁၀ ရွက် ခုတ်ခဲ့) ဆိုတာပါပဲ။ ငှက်ပျောရွက် နဲ့ ကြက်သွန်မြိတ် ဆိုတာကို ဖတ်မိမှ ဟင်းထုပ် လုပ်စားမယ်ဆိုတာ ရိပ်မိသွားတယ်။ ဟင်းထုပ် စားချင်တာနဲ့ ခုမှလူက လန်းလန်းဆန်းဆန်း ရှိပြီး ဈေးအမြန်ဝယ်ဖို့ အားထည့် ဖြစ်သွားတယ်။

ရှမ်းဟင်းထုပ် လုပ်စားနည်းက လွယ်ပါတယ်။ ပထမဆုံး အသားကို အရသာထည့်ပြီး အရင်လုံးထားရပါမယ်။ (ဒီနေရာမှာ အရသာဆိုတာက ဆား၊ အချိုမှုန့်၊ ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းတို့ ရောနှယ်ပြီး ရေသင့်ရုံထည့် လုံးတာပါ) နောက် စတီးဇလုံကြီးကြီးထဲကို ဆန်မှုန့်တွေထည့် လက်တစ်ဆစ် သာသာလှီးထားတဲ့ ကြက်သွန်မြိတ်ထည့်၊ အသားထူတဲ့ ခရမ်းချဉ်သီး နည်းနည်းထည့်၊ အရသာထည့်ပြီးတာနဲ့ ရေသင့်ရုံထည့်ပြီး နှံ့အောင် နှယ်ပေးရပါမယ်။ ရေများရင် ပျော့နိုင်တယ်၊ ရေနည်းရင်လည်း မာသွားနိုင်တာကြောင့် အနေတော်လေး ဖြစ်အောင် ဆပြီး ထည့်နှယ် ပေးရပါမယ်။ နှံ့အောင်နှယ် ပြီးသွားရင် လုံးထားတဲ့ အသားကို လက်နှစ်လုံးသာသာ ပါးပါးလေးဖြစ်အောင် လှီးထားရပါမယ်။ ငှက်ပျောဖက်ကိုလည်း မီးနည်းနည်းပြပြီး အနေတော် စိတ်ထားရပါမယ်။ အဆင်သင့်ဖြစ်ရင် စားဆီသုတ်ထားတဲ့ ငှက်ပျောဖက်ထဲကို နှယ်ထားတဲ့ ဟင်းထည့် အသားထည့် ပြီးတာနဲ့ ပေါင်းအိုးထဲ စီထည့်ပြီး ပေါင်းပေးရပါမယ်။ ဟင်းထုပ်ကို ပေါင်းထားတဲ့ အချိန်မှာ ငရုတ်ဆီအတွက် ကြက်သွန်ဖြူကို စလုံးစခုထောင်းပြီး ဆီများများနဲ့ ကြော်ရပါမယ်။ ကြက်သွန်ကျက်ရင် မီးပေါ်ကချပြီး ငရုပ်သီးခွဲခြမ်းကို အဲဒီကြက်သွန်ကြော် ဆီထဲ ထည့်မွှေရပါမယ်။ ဆီနဲ့ ငရုပ်သီး နှံ့သွားရင် စတီးဇလုံအလွတ်ထဲ သွန်ချအအေးခံ လိုက်ရပါမယ်။ ဒီငရုတ်သီးကြော်က ဟင်းထုပ်ထဲ ထည့်စားဖို့ အက္ခရာကျတဲ့ အစာပလာပါ။ ၃ နာရီဝန်းကျင်လောက် ပေါင်းလိုက်ရင် မွှေးကြိုင်နေတဲ့ ရှမ်းဟင်းထုပ်ကို စားလို့ရပါပြီ။ ဟင်းထုပ်နဲ့ အတူကပ်စားဖို့ နံနံပင်ရယ်၊ ဂျူးမြစ်ရယ် အဆင်သင့် ရေဆေးထားရင် အားလုံး အဆင်ပြေပါပြီ။ ဒီနေရာမှာ နည်းနည်းလုပ်စားချင် သမားအတွက် ပေါင်းအိုးမရှိရင်လဲ ရိုးရိုးထမင်းအိုးနဲ့ ပေါင်းလို့ ဖြစ်ပါတယ်။ ထမင်းအိုး အောက်ခြေကို ရေထည့်လို့ဖြစ်အောင် ဇကာခံပေါ့၊ ဇကာမရှိလဲ ငှက်ပျောရွက်အရိုးကို အိုးနဲ့အနေတော် တိုင်းဖြတ်ပြီး ခံလို့ဖြစ်ပါတယ်။

ကဲ ညကျရင် သီချင်းလာဆိုမယ့် ချက်စ်ကျောင်းက ရောင်းရင်းတွေ ကြိုက် မကြိုက်တော့ မသိဘူး။ ကျွန်တော်တော့ မစားရတာ ကြာပြီဖြစ်တဲ့ ဟင်းထုပ်ကို များများလေး တွယ်ပစ်လိုက်တယ်။ ဘလောဂ့်မိတ်ဆွေ တွေလည်း ကရိကထ မများတဲ့ ရှမ်းဟင်းထုပ်ကို လုပ်စားကြည့်ပါအုန်းလို့ ...။ သက်သတ်လွတ် စားချင်ရင်တော့ အသားထည့်မပေါင်းလဲ အရသာရှိပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။



Thursday, December 17, 2009

ရှမ်းမုန့်တီ ခေါက်ဆေန့်

ရှမ်းမုန့်တီ ခေါက်ဆေန့်

ရန်ကုန်မှာ ရှိနေတုန်းက သူငယ်ချင်းအိမ်တွေ လိုက်လည်ဖို့ တော်တော်ရယ်ပါ အိမ်ပြင်တောင် သိပ်မထွက်ဖြစ်ခဲ့ဘူး။ သူငယ်ချင်းအိမ်တွေတင် မဟုတ်ပါဘူး မြို့ထဲတောင် တစ်လ နှစ်ကြိမ်လောက်ပဲ ဂျာနယ်ဝယ် ထွက်ရင်သာ အပြင်ထွက်ဖြစ်တယ်။ အသိအိမ်တွေ မလည်ဖြစ်ဆို ခင်မင်မှုနဲ့ ကိုယ်ကသွားဖြစ်ရင်တောင် နွေးထွေးမှု မရှိတာကို ခံစားမိလို့ပါ။ နောက်ပြီး ကျွေးမွေးရမှာ စိုးရွံ့နေပုံပေါ်ပြီး သိပ်လည်းပဲ ကြိုဆိုချင်ပုံမရပါဘူး။ ဒါတောင် ကိုယ်က ဘယ်သူ့အိမ်သွားသွား လူကြီးတွေနဲ့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သစ်သီးတစ်အိတ်တော့ ပါစမြဲပါ။ ခုရွာကို ပြန်ရောက်တော့ အိမ်မှာကပ်တဲ့ရက်ရယ်လို့ မရှိသလောက် အလည်လွန်နေတယ်။ လည်လွန်းဆို ဘယ်အိမ်ရောက်ရောက် ကိုယ့်အိမ်လို ကိုယ့်မိသားစုလို ပျူငှာပြီး မကုန်နိုင်တဲ့ ရှေးဟောင်းနှောင်းတွေ စမြုံပြန် နေမိလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး စားစရိတ်ငြိမ်းတယ်လေ။ ရောက်တာနဲ့ စားမယ် ၀ါးမယ် ကျိတ်မယ် ဆိုတာချည်းပဲ။ မကုန်ရင် အိမ်ပြန်သယ်လို့လည်းဖြစ်တယ်။ ကဲ ဘယ်လောက်အခြေအနေ ကောင်းလဲ စဉ်းစားသာကြည့်ပါ။

တစ်နေ့က စိုင်းနောင့်တို့အိမ် ဖိတ်ထားလို့ ရေအေးကွင်းထဲ ရောက်ခဲ့တယ်။ စိုင်းနောင့်ကြောင့် ရောက်ဖြစ်တာ မဟုတ်ပါဘူး။ စိုင်းနောင့်အစ်မ နန်းလောဝ်ခမ်းက ခေါက်ဆေန့် လုပ်စားလို့ ခေါ်ကျွေးတာ ဖြစ်တယ်။ အဖေကပအိုဝ့် အမေကရှမ်း တွေမို့ ရှမ်းနာမည်တွေနဲ့ ဖြစ်ပေမယ့် မောင်နှမနှစ်ယောက်လုံးက ရှမ်းစကား ပြောတတ်ကြတာ မဟုတ်ပါ။ ကျွန်တော့်ထက် စီနီယာကျတဲ့ လောဝ်ခမ်းက ကွန်ပျူတာနဲ့ ကျောင်းပြီးပေမယ့် မြို့မဈေး တောင်ဘက်တိုက်တန်းမှာ ရွှေဆိုင်ထွက်တယ်။ သူတို့အိမ်က လက်ဖက်ပွဲရုံထောင်ထားတယ်။ လက်ဖက်ကုန်တွေ သယ်ပေးရင်းက အလွန်ရင်းနှီးတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်သွားတာကြာပေါ့။

ခေါက်ဆေန့် ဆိုတာ မုန့်တီဖတ်နဲ့ လုပ်စားတဲ့ ရှမ်းမုန့်တီလို့ပဲ ခေါ်ရမလားပဲ။ သူ့ဟင်းရည်ရဲ့ အနံ့က ပဲပုပ်နံ့ သင်းတယ်။ နံနက်စောစာ အနေနဲ့ စားရတဲ့ ရိုးရာအစားအစာ တစ်မျိုးပါ။ ပဲပုပ်ကြိုက်ရင်တော့ ရှမ်းမုန့်တီဖြစ်တဲ့ ခေါက်ဆေန့်လဲ နှစ်သက်မယ် ထင်ပါတယ်။ ကျွန်တော်တော့ ကြိုက်တယ် အမြဲလဲ စားဖြစ်တယ်။ ပဲပုပ်နံ့သင်းသင်း နဲ့အတူ သံပုရာသီးနံ့နဲ့ နံနံပင်အနံ့နဲ့ပါဆို မဖြစ်မနေ သွားရည်ကို ယိုသွားစေပါတယ်။ သူက ကြက်သားနဲ့ချက်ရင် မလိုက်ဖက်ဘဲ အဆီများတဲ့ ၀က်သားနဲ့ ချက်ပါမှ သူ့ဟင်းရည်က အရသာရှိပြီး ပိုအသက်ဝင်ပါတယ်။ ခေါက်ဆေန့် စားတဲ့အခါ လျှို့ဝှက်ချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ ပထမပွဲမှာပဲ စားလို့ကောင်းပြီး လိုက်ပွဲထပ်ယူရင် အရသာ ပေါ့သွားတာမျိုး ဖြစ်တယ်။ ဒါကြောင့် စားရင် ၀မ်းစတုတ်နဲ့ ကုန်နိုင်သလောက် အပြတ်ပြင်ရတယ်။ ဒါကြောင့် ကျွန်တော်တော့ ထမင်းလိုက်ပွဲထည့်တဲ့ ဇလုံကိုရွေးပြီး ခေါင်းမဖော်တမ်း စားလိုက်တာပဲ။ အစားနဲ့ ပတ်သက်လာရင် ရှက်တတ်သူ မဟုတ်တော့ မျက်နှာထူထူနဲ့ပဲ စားဖြစ်ခဲ့တယ်။

ခေါက်ဆေန့် ချက်စားချင်ရင်တော့ လုပ်နည်းကလွယ်ပါတယ်။ ပထမဆုံး အဆီပါတဲ့ ၀က်သားကို သေးသေးတုံးပြီး ခရမ်းချဉ်သီးများများနဲ့ အရသာရှိအောင် ဗမာချက်ချက် ရပါတယ်။ မိသားစု မများရင်တော့ ၀က်သား ၅၀ သားဆို အတော်ပါပဲ။ ၀က်သားဟင်း ဆီလည်ပြီး ကျက်လောက်ပြီဆိုရင် သင့်တော်တဲ့ ဒန်အိုးအကြီးထဲ ပြောင်းထည့်ရပါမယ်။ နောက် ရေကို သင့်တော်သလိုထည့်ပေးရပါမယ်။ ရေဆူလာရင် စလုံးစခု ထောင်းထားတဲ့ ပဲပုပ်ချပ်အကျက်မှုန့်ကို ထည့်ပေးရပါမယ်။ နောက်ပြီး လက်ပံပွင့်ခြောက်ကို ထပ်ထည့်ရပါမယ်။ သိပ်မကြာခင်မှာ အရသာထည့်ပြီးရင် အသင့်စားလို့ရတဲ့ ခေါက်ဆေန့် ဟင်းရည်ကို ရပြီဖြစ်ပါတယ်။ ဗမာမုန့်ဟင်းခါးလိုပဲ ခေါက်ဆေန့်မှာလဲ ဟင်းရည်ရဲ့ အရသာက အခရာကျပါတယ်။ မုန့်တီဖတ် အရွယ်ကတော့ နန်းကြီးသုပ်လုပ်စားတဲ့ အရွယ်ကြီးတဲ့ မုန့်ဖတ်ဆို ပိုအဆင်ပြေပါတယ်။ နောက် စားခါနီးရင် သံပုရာသီးစိတ်ရယ်၊ နံနံပင်ရယ်၊ ငရုတ်သီးမှုန့်ရယ်၊ ငံပြာရည်အချိုရယ် စားပွဲပေါ်တင်ထားလိုက်ရင် ပြီးပြည့်စုံပါပြီ။ ခေါက်ဆေန့်နဲ့ တွဲဖက်ပြီးစားလို့ ကောင်းတာကတော့ ၀က်ဆီဖတ်ကျော်နဲ့ ၀က်အူကျွတ်ကျွတ် ကြော်တို့ပဲ ဖြစ်ပါတယ်။ ဘာပဲ စားဖြစ်စားဖြစ် အွန်လိုင်းပေါ်က ဘလောဂ့်ဘော်ဒါတွေကို ဦးဆုံးအရင် သတိရပါတယ်။ ဒါကြောင့် ချက်စားကြည့်ဖြစ်အောင် အမှတ်တရ ရေးလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။



Sunday, December 13, 2009

ကောက်ညှင်းကျည်ထောက်

ကောက်ညှင်းကျည်ထောက်

ကျိုင်းတုံမြို့နဲ့ ရှစ်မိုင်ဝေးတဲ့ ၀မ်ဝိန်းရွာမှာ ဖိုးဖွားတွေပိုင်တဲ့ လယ်နဲ့ ယာခင်းတွေ ကနေ့ထက်ထိ ရှိတယ်။ ဖိုးလေးတို့ ဖွားလေးတို့နဲ့ ရွာကအမျိုးတွေ ကနေ့ထက်တိုင် စပါးတွေ စိုက်ပျိုး လုပ်ကိုင်ဆဲပဲ ဖြစ်တယ်။ ဧက ဘယ်လောက်ကျယ်ကျယ် ရှိပြီး မျိုးစပါး ဘယ်နှတင်းကြဲတယ် ဆိုတာတော့ တစ်ခါမှ မေးကြည့်ဖူးခြင်း မရှိခဲ့ပါဘူး။ အပေါ်ယံအနေနဲ့ လယ်တွေရှိတယ်၊ ငယ်က အလည်ရောက်ဖူးတယ် ဆိုတာလောက် ပါပဲ။ ကိုယ်တိုင် ကိုယ်ကျ စိုက်ပျိုးတတ်ဖို့ ဆိုတာ ဝေးသော အကြောင်းပါ။ အထင်ကြီးအောင် ပြောရမယ်ဆိုရင် လယ်ကန်စင်းရိုးပေါ်တောင် ဖြောင့်မှန်အောင် လမ်းမလျှောက်တတ် ခဲ့ပါဘူး။

စပါးပေါ်ချိန်မှာ ဖိုးလေးတို့က စပါးကိုကြိတ်ခွဲပြီးမှ ဆန်တွေကို နွားလှည်းနဲ့ အိမ်တိုင်ရာရောက် လာပို့ပေးတယ်။ ကျိုင်းတုံအခေါ် ရှမ်းဆန်နဲ့ ကောက်ညှင်းဆန် တွေဖြစ်တယ်။ ဒီလို ဆောင်းဥတု စပါးပေါ်ချိန်ပဲ လာပို့တာ ဖြစ်တယ်။ ဆန်တွေ ကောက်ညှင်းတွေနဲ့ အတူ သပ်သပ်ခတ်ခတ် ခုတ်ထားတဲ့ ၀ါးလုံးစိမ်း ပိုင်းလေးတွေလဲ အများကြီး ပါတယ်။ အဲဒီ ၀ါးလုံးတွေကို ဘာလုပ်ရသလဲ ဆိုတော့ ကောက်ညှင်းကျည်ထောက် ပေါင်းစားတာပါ။ ကောက်ညှင်းကျည်ထောက် လုပ်စားနည်းကတော့ လွယ်ပါတယ်။ ညဘက်မှာ ကောက်ညှင်းကို ရေဆေးပြီး ရေစိမ်ထားရတယ်။ ဒါမှမဟုတ် ၀ါးလုံးထဲ တစ်ခါတည်း ထည့်စိမ်လို့လည်း ရတယ်။ ကောက်ညှင်းဆန်နဲ့ ရေကို ၀ါးလုံးပေါက် မရောက်ခင် လက်လေးလုံးစာလောက် နေရာ ချန်ထားပေးရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကောက်ညှင်းကျက်လာရင် ပွတက်ပြီး နေရာယူလာလို့ ကောက်ညှင်းပွစာအတွက် နေရာချန်ထားပေးတဲ့ သဘောပါ။ ဆားကို သင့်ရုံထည့်ပေးရပါတယ်။ ဒါမှ ကောက်ညှင်းကျည်ထောက်ကို ဒီအတိုင်း ကိုက်စားလဲ အရသာရှိစေ ပါတယ်။ ၀ါးလုံးအပေါက်ကို ငှက်ပျောရွက်နဲ့ လိပ်ပြီး ဆို့ထားရပါတယ်။ ဒီလိုနဲ့ တစ်ညလုံး ၀ါလုံးကိုထောင်ထားပြီး ကောက်ညှင်းကို စိမ်ထားရပါတယ်။ ၀ါးကျည်ထောက်ကို မီးမြိုက်ဖို့ အနေတော် မြေကျင်းလေးတူးပေးရတယ်။ ၀ါးလုံးအရှည်ကိုကြည့်ပြီး သင့်တော်တဲ့ အနက်ကို တူးရပါမယ်။ ၀ါးလုံးအရှည်က ၃ ပေဆို ကျင်းကို ၂ ပေခွဲလောက် တူးထားရင် အဆင်ပြေပါတယ်။ (မြို့မှာတော့ အိမ်ရှေ့မြောင်းကို ရှင်းပြီး ဆော်ပစ်လိုက်တာပဲ)

မနက် ၄ နာရီလောက်ဆို တူးထားတဲ့ကျင်းထဲ ထင်းမီးမွှေးပြီး ညက ကောက်ညှင်းစိမ်ထားတဲ့ ၀ါးလုံးတွေကို အစီအရီစီထားပြီး ချက်လို့ရပါပြီ။ အမှန်တော့ ချက်တယ် ဆိုတာထက် ၀ါးကျည်ထောက်ကို မီးမြိုက်လိုက်တာပါ။ မီးအမြိုက်ညီအောင် ၀ါးလုံးကို လှည့်ပေးရပါတယ်။ ဒါမှလည်း ကောက်ညှင်းက အကျက်ညီမှာ ဖြစ်ပါတယ်။ သတိထားဖို့က မီးကင်နေတဲ့ ၀ါးကျည်ထောက်တွေ မီးမလောင်အောင် ဂရုတစိုက်နဲ့ လှည့်လှည့် ပေးရပါတယ်။ ကောက်ညှင်း ကျက်မကျက်ကို ငှက်ပျောရွက်အဖုံး ဟဖွင့်ပြီး လက်နဲ့တို့ စမ်းကြည့်ရတယ်။ အမှန်တော့ သာမန်မျက်စိနဲ့ ကြည့်ရင်တောင် ကျက်မကျက် သိနိုင်ပါတယ်။ ၀ါးကျည်ထောက်ထဲ ရေလဲခမ်းပြီ ၀ါးစိမ်းနံ့နဲ့ ကောက်ညှင်းနံ့ သင်းနေပြီဆိုရင် ကျက်ပါပြီ။ နောက်ဆုံးအဆင့်အနေနဲ့ မီးကင်ပြီး ကျက်နေတဲ့ ၀ါးကျည်ထောက်ကို မီးကင်ထားတဲ့ အပြင်ဘက် မီးလောင်ထားတဲ့ ၀ါးလုံးမျက်နှာစာကို ဓားထက်ထက်နဲ့ စိပ်ထုတ်ပစ်လိုက် ရပါမယ်။ လက်နဲ့ နွှာလို့ရအောင် ပါးလွှာသွားပြီဆိုရင် ၀ါးစွယ်တွေ လက်မစူးမိအောင် အချောသင်ပေးရတယ်။ ဒါလောက်ဆိုရင် အသင့်စားလို့ရတဲ့ ၀ါးစိမ်းနံ့သင်းနေတဲ့ ပူပူနွေးနွေး ကောက်ညှင်းကျည်ထောက် ရပြီဖြစ်ပါတယ်။

ဝါစိမ်းနံ့မွေးနေတဲ့ ကောက်ညှင်းကျည်ထောက်ကို သူ့အတိုင်း စားလည်း အရသာရှိပါတယ်။ ကျွန်တော်တို့ကတော့ (ထိုနောက်)လို့ ခေါ်တဲ့ ပဲပုတ်ချပ်အခြောက်ကို မီးကင်၊ မှုန့်နေအောင်ထောင်း၊ စားနဲ့ ငြုတ်သီးမုန့် နည်းနည်း ထည့်ပြီး ကောက်ညှင်းကျည်ထောက် နဲ့ တို့စားတာကို နှစ်သက်တယ်။ နောက်ပြီး ထို့ဟူးဆီစိမ်နဲ့ စားလဲ လိုက်ဖက်တယ်။ ပိုလို့ကောင်းတာကတော့ မုန်ညှင်းချဉ် (ချဉ်ဖတ်)ကို အနေတော်ဖြစ်အောင် ဓားနဲ့လှီးပြီး နှပ်နှပ်စင်း သုံးထပ်သားနဲ့ ကျော်ထားတဲ့ ၀က်သားမုန်ညှင်းချဉ်ကြော် က အကောင်းဆုံး ဖြစ်ပါတယ်။ (သွားရည်ကျသွားလို့ ဆောရီးဗျာ) ဒီဗမာပြည်ဘက်မှာတော့ ကောက်ညှင်းကျည်ထောက်ကို သကြားနဲ့ပဲ တို့စားကြတာ တွေ့မိတယ်။ သူ့အရပ်နဲ့ သူ့အထာ ဖြစ်မှာပါ။ နောက်ပြီး ၀ါးနံ့သင်းနေတာမျိုးလည်း မရှိဘူး။ ကောက်ညှင်းထက် ဆန်ကြမ်းရောတာ များတော့ မုန့်အသားက မာတောက်တောက် ဖြစ်နေတတ်တယ်။ စားရတာ အာမစွဲလှပါဘူး။

ဆောင်းမနက် ချမ်းချမ်းမှာ မိသားစု ညီအစ်ကို မောင်နှမတွေ စုံစုံလင်လင် ၀ိုင်းဖွဲ့ပြီး ကောက်ညှင်းကျည်ထောက် ကင်ရင်းနဲ့ မီးလည်း လှုံနိုင်တယ်။ နံနက်စောစာကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အရသာရှိရှိ စားနိုင်တယ်။ ပျော်စရာကောင်းတဲ့ ရှမ်းပြည်က ဓလေ့လေးတစ်ခုပါ။ အခွင့်အခါသင့်ရင် ဘလောဂ့်ပေါ်က ရောင်းရင်းတွေကိုပါ ကောက်ညှင်းကျည်ထောက် လုပ်ကျွေးပါအုန်းမယ်။ ခုတော့ ဒီမျှပါပဲ။





Thursday, December 10, 2009

ကယောက်ကယက် ဒီဇင်ဘာနေ့မနက်

ကယောက်ကယက် ဒီဇင်ဘာနေ့မနက်

ညကတည်းက ပြင်ဆင်ထားတဲ့ ငှက်ခါးရောင်ထွက်ဆွတ်ကို ၀တ်တယ်။ Walking shoe လဲပြီး NY တံဆိပ်ပါတဲ့ သိုးမွှေးခေါင်းဆောင်းကို စွပ်တယ်။ သက္ကလပ်မာဖလာ ကိုပတ်ပြီး ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်တော့ အားကစားလုပ်မယ့်သူက လည်စည်းနဲ့ဆိုတော့ ကြည့်ကောင်းမယ် မထင်တာနဲ့ ပြန်ချွတ်တယ်။ လိုရမယ်ရ သိုးမွှေးလက်အိတ်ကိုတော့ ယူလိုက်တယ်။ ပြည့်စုံပြီ ထင်ပေမယ့် မသိစိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုး မတင်မကျ ခံစားရမိတယ်။ ဒါနဲ့ အိမ်သားတွေ မနိုးခင် အေးစက်နေတဲ့ သံပန်း ခြံဝင်းတံခါးကို အသာအယာပိတ်ပြီး လမ်းလျှောက်ဖို့ ထွက်လာခဲ့တယ်။

ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းလေး နဲနဲ လျှောက်လိုက်တာနဲ့ မင်းလမ်းမပေါ် ရောက်တယ်။ မင်းလမ်းကနေ မြို့မဈေးဘက် မျက်နှာမူလိုက်တာနဲ့ နိုင်လွန်ကတ္တရာ အတတ်လမ်းတွေက ဆီးကြိုနေတယ်။ ဒီအတတ်လမ်းက အေးသာယာမြို့သစ် အတက်ကနေစလိုက်တာ တောင်ကြီးတက္ကသိုလ် အ၀င်ဝ ကျော်သည်အထိ အတက်လမ်းတွေပဲ ဖြစ်တယ်။ တောင်ကြီးသား စစ်စစ် မဟုတ်ပေမယ့် ကျွန်တော်ရဲ့ သက်တမ်းတစ်ဝက်နီးပါးက ဒီတောင်ကြီးမှာပဲ နေထိုင် ကြီးပြင်းလာတာကြောင့် ကိုယ့်မြို့ ကိုယ့်ဌာန ကိုယ့်မွေးရပ်မြေနဲ့မခြား သံယောဇဉ် ဖြစ်မိတယ်။ မျှတတဲ့ ရာသီဥတုနဲ့ သန့်ရှင်းသပ်ရပ်တဲ့ မြို့ဖွဲ့စည်းမှုကြောင့် ဘယ်နေရာရောက်ရောက် တောင်ကြီးမြို့လောက် စိတ်ကြိုက်မဖြစ် မပျော်ပိုက်မိတာ အမှန်ပါ။

လတ်ဆတ်တဲ့ ဆောင်းလေ အေးမြမြကို ရှုရှိုက်ရင်း ခေါင်းစွပ်ကို နားလုံအောင် ဆွဲချလိုက်တယ်။ ချိန်းထားတဲ့ ရွှေအင်းလေး တည်းခိုခန်းရှေ့ ရောက်တော့ စိုင်းနောင့်ကို မတွေ့သေးတာနဲ့ ၅ မိနစ်လောက် သွေးပူလုပ်ရင်း စောင့်နေလိုက်တယ်။ သူထွက်လာမယ့် လမ်းကြားထဲ လှုပ်ရှားမှု မတွေ့တာနဲ့ တစ်ယောက်ထဲပဲ လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းနဲနဲပြေရင် ပြေးတယ်။ ကုန်းမှောက်ရင် လမ်းလျှောက်တယ်။ တစ်ခါတလေ ဓာတ်တိုင် ၂ တိုင်စာပြေးပြီး ဓာတ်တိုင် ၁ တိုင်စာ လမ်းလျှောက်တယ်။ အားကစား မလုပ်ဖြစ်တာ ကြာပြီဖြစ်လို့ ခြေသလုံးကြွက်သား တွေက တင်းနေတာကြောင့် သိပ်လည်း မပြေးနိုင်ပါဘူး ဒါပေမယ့် ဂေါက်ကွင်းအ၀င်ဝထိ ရောက်အောင်တော့ လမ်းလျှောက်ဖြစ်မယ်လို့ အားခဲပြီး လမ်းဆက်လျှောက် ဖြစ်တယ်။ မင်းလမ်းတစ်လျှောက်မှာ သူလို ကိုယ်လို အားကစား လိုက်စားတဲ့သူတွေ အရွယ်စုံ အများကြီးတွေ့ရတယ်။ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု အဆောက်အဦရှေ့ လမ်းအချိုးနေရာမှာ အနည်းငယ် မှောင်နေတာကလွဲရင် နီယွန်မီးလုံးတွေနဲ့ တစ်လမ်းလုံး လင်းထိန် နေပါတယ်။ စက်မှုလက်မှု ကျောင်းရှေ့ရောက်တော့ မြူတွေအုပ်ဆိုင်းပြီး ပိန်းပိတ်အောင် ကျလာတာကြောင့် ဒီဇင်ဘာရဲ့ ဆောင်းအလှကို ပိုအသက်ဝင်စေတယ်။ ဂေါက်ကွင်းဂိတ်ပေါက်ထိ ရောက်ခဲ့ပါတယ်။ ခြေသလုံးနဲ့ ပေါင်ကကြွက်သားတွေ တင်းပြီး အတော်လေး နာနေတာကြောင့် အပြန်လမ်းမှာ မပြေးနိုင်တော့ဘဲ မှန်မှန်လေးပဲ လမ်းလျှောက်ပြန်ခဲ့တယ်။

အိမ်မပြန်ခင် ညဈေးထဲဝင်ပြီး Breakfast အနေနဲ့ ထို့ဟူးနွေးဝင်စားတယ်။ စောလွန်းသေးတော့ စားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ထိုင်လက်စနဲ့ တစ်ခါတည်း စားသွားမှာဖြစ်လို့ အခါးရည်သောက်ရင်း စောင့်နေလိုက်တယ်။ ထို့ဟူးနွေး ၂ ပွဲ၊ ထို့ဟူးကျော် ၁ ပွဲနဲ့ ၀က်ခေါက် ၂ ထုပ် စားလိုက်တယ်။ သူ့ခေါက်ဆွဲနဲ့ သူအကြော် လိုက်ဖက်ညီတာကြောင့် အာသာမပြေ သေးပေမယ့် လျော့ပေါ့ပေါ့ပဲ စားလိုက်တယ်။ စားပြီးလို့ ငွေချေမယ်လုပ်တော့မှ ဒိန်းကနဲဆို ကျွန်တော် ခေါင်းနပန်းကြီးသွားတယ်။ ခြေဖ၀ါး လက်ဖ၀ါးတွေမှာ ချွေးစေးတွေ ပြန်လာတယ်။ ပြေးနေတုန်းက ချွေးမထွက်ပေမယ့် ခုမှ ချွေးတွေ တစို့စို့ ထွက်လာတယ်။ ကျောနဲ့ ရင်ဘတ်မှာ ချွေးတွေ စီးကျလို့တောင် နေတယ်။ အိမ်ကထွက်လာ ကတည်းက တစ်ခုခု လိုနေတယ်လို့ မသိစိတ်က နိုးဆော်နေပေမယ့် သိစိတ်က အမှတ်မရတာနဲ့ အရေးကြီးတဲ့ ပိုက်ဆံအိတ် ပါမလာမှန်း ခုမှ အသိဝင်လာတယ်။ ပိုက်ဆံအိတ်ပါမလာဘူးလို့ ပြောရင်လည်း ဆိုင်ရှင်က ယုံမှာ မဟုတ်သလို မနက် ဈေးဦးပေါက် အကြွေးနဲ့တော့ လူကို ဒီအတိုင်း ပြန်လွှတ်လိုက်မယ် မထင်ပါဘူး။ ကိုယ့်ပေါ့လျော့မှုနဲ့ ကိုယ်မို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်။ ပလက်ဖောင်းပေါ် ဖြတ်သွားဖြတ်လာနဲ့ ဈေးဝယ်သူတွေထဲမှာ အသိတစ်ယောက်ယောက်များ ပါလေမလားဆိုပြီး မျက်လုံးကျွတ်မတတ် ရှာနေပေမယ့် ဆိုင်ရှင် အစ်မကြီး မရိပ်မိအောင်တော့ ဟန်ကိုယ့်ဖို့မို့ အခါးရည်ကိုပဲ တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်နေမိတယ်။

မိနစ် ၂၀ လောက်ကြာမှ သောကဗျာပါဒတွေ နုတ်ယူပေးမယ့် ကျေးဇူးရှင် စိုင်းနောင့် ရောက်လာတယ်။ ရောက်တာနဲ့ ကိုယ်က ဦးအောင် ဆီးဟောက် လိုက်တယ်။ မင်းချိန်းထားတဲ့ နေရာကို နာရီဝတ် (အမှန်တော့ ၅ မိနစ်ပါ) ကြာအောင် စောင့်နေပေမယ့် မင်းမလာလို့ ဒီဝိုင်းကို မင်းပဲ ရှင်းလိုက်လို့ ပြောကာရှိသေး သူ့အပြစ်ကို သူဝန်ခံသွားတယ်။ ညက ချက်တင် (ခြင်၏ဦးလေး) ကိုက်လို့ မနက်မထနိုင်တဲ့ အကြောင်း ပြုံးဖားဖားနဲ့ လုပ်နေလို့ မနည်း ခွင့်လွှတ်လိုက်ရတယ်။ ငွေရှင်းမယ့်သူ ရောက်လာမှပဲ လူက နေသာထိုင်သာ ပုံမှန်ဖြစ်သွားတော့တယ်။

ဒီနေ့ ဒီဇင်ဘာ ဆောင်းမနက်ရဲ့ ရာသီအခြေအနေဟာ အေးစက်စက်ဖြစ်လိုက် ချွေးပြိုက်ပြိုက် ကျလိုက်နဲ့ လူကိုတကယ်ပဲ ကယောက်ကယက် ဖြစ်စေတာ အမှန်ပါပဲ။ သွားသတိ စားသတိနဲ့ မမေ့မလျော့ မဖြစ်စေဖို့ အားလုံးကို အသိပေးချင်ပါတယ်။ အားလုံးပဲ လှပပျော်ရွှင်တဲ့ ဒီဇင်ဘာနေ့လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



Sunday, December 6, 2009

အချိန်တွေ နှမြောတတ်ပါစေ

အချိန်တွေ နှမြောတတ်ပါစေ

ကျွန်တော်တို့ရဲ့ ရခဲလှတဲ့ လူ့ဘ၀ဆိုတာ အလွန်ပဲ တိုတောင်းလွန်းတဲ့ အချိန်ကာလလေး ဖြစ်ပါတယ်။ ဒီတိုတောင်းလှတဲ့၊ ရခဲလှတဲ့၊ တန်ဖိုးရှိလှတဲ့ အချိန်လေးမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နေတတ်ဖို့ နဲ့ တစ်ယောက်အပေါ် တစ်ယောက် အပြစ်မမြင်တတ်ဖို့ အလွန်မှ အရေးကြီးပါတယ်။ နောက်ပြီး တစ်ယောက်အပေါ် တစ်ယောက် စိတ်ကောင်း စေတနာကောင်း ထားတတ်ဖို့လည်း အထူး လိုအပ်ပါတယ်။ စိတ်စေတနာကောင်း ရှိဖို့ အဓိကကျတာကို ဒီလို လေ့လာထားဖူး ပါတယ်။

(၁) စိတ်ကောင်းရှိဖို့က (ပထမ)
(၂) ၀ိနည်းလေးစားတတ်ဖို့က (ဒုတိယ)
(၃) ကျန်းမာဖို့က (တတိယ)
(၄) သန့်ရှင်းဖို့က (စတုတ္ထ)
(၅) အ၀တ်အစား ၀တ်တတ်ဖို့က (ပဉ္စမ)
(၆) အနေအထိုင်တတ်ဖို့က (ဆဋ္ဌမ)
(၇) အသွားအလာတတ်ဖို့က (သတ္တမ)
(၈) အပြောအဆိုတတ်ဖို့က (အဋ္ဌမ)
(၉) စည်းကမ်းလိုက်နာဖို့က (န၀မ)
(၁၀) စာတတ်ဖို့က (ဒသမ) ဆိုတာ ဖြစ်ပါတယ်။

လူတိုင်းကိုယ်စီ စိတ်ကောင်းရှိနေဖို့ ပဓာနကျတယ်ဆိုတာ ဘယ်အခါမှ သံသယ မဖြစ်မိပါဘူး။ လူတစ်ယောက်ဟာ စိတ်ကောင်း နှလုံးကောင်း ရှိနေမယ်ဆိုရင် ကျန်တဲ့အရာတွေမှာ အလိုက်သင့် ပြည့်စုံလာမှာ ဖြစ်ပါတယ်။ စိတ်ကောင်းရှိသူ တစ်ယောက်ဟာ ကိုယ်ကျင့်တရားပါ ကောင်းမွန်နေမယ်ဆိုရင် ကျန်လိုအပ်ချက် တွေကို ကြိုးစားဖြည့်ဆည်း လိုက်ရုံနဲ့ လူတော်တစ်ယောက် ဖြစ်လာမှာ ဧကန်အမှန်ဖြစ်ပါမယ်။

အမြဲပဲ မိမိစိတ်ဟာ ကောင်းတဲ့စိတ်လား၊ မကောင်းတဲ့စိတ်လား ဆိုတာကို မကြာမကြာ ပြန်လည်ဆန်းစစ် ကြည့်ဖို့လိုပါတယ်။ တကယ်လို့ လမ်းလွဲရောက်နေတဲ့ အတွေးအခေါ်၊ အယူအဆ၊ အသိတွေဖြစ်နေခဲ့ရင် ဆင်ခြင်တုံဥာဏ်နဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ရင်းနဲ့ စိတ်ကောင်းသူ တစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ယူနိုင်ရပါမယ်။ မိမိရဲ့ စိတ်နှလုံး ဖြူစင်နေမယ်၊ ငြိမ်းချမ်းနေမယ် ဆိုရင် သူတစ်ပါးကို ကြည့်တဲ့အခါ အပြစ်တွေကို မြင်မိမှာ မဟုတ်ပါဘူး။ မိမိရဲ့စိတ်က ညစ်နွမ်းနေမယ်၊ မကြည်မလင်ဖြစ်နေမယ် ဆိုရင် ဘယ်အရာကို ကြည့်ကြည့် အပြစ်တွေပဲ မြင်နေမိမှာ သဘာဝပါ။ ဒါကြောင့် မိမိရဲ့စိတ်အစဉ်ကို သန့်ရှင်းကြည်လင် နေစေဖို့ အမြဲမွေးမြူပါလို့ ပြောချင်ပါတယ်။ ဒီလိုဆိုရင် လောကကြီးဟာ အကြည်းတန် မနေတော့ဘဲ သာယာလှပပြီး ပျော်ရွှင်စရာအတိနဲ့ အပြစ်ကင်းစင်နေတဲ့ မိမိပတ်ဝန်းကျင်ကို ထာဝရ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

တခဏတာ ရရှိထားတဲ့ ဘ၀သေးသေးလေး အချိန်တွေကို တစ်ယောက်အပေါ်တစ်ယောက် ရန်စောင် ငြူစူ စောင်းမြောင်း ကောက်ကျစ် ၀န်တိုမှုတွေ နဲ့အဓိပ္ပာယ်မဲ့ မကုန်ဆုံးကြပါစေနဲ့လို့ ဆန္ဒပြုလိုက်ပါတယ်။



Wednesday, December 2, 2009

မနာလို ၀န်တိုမှု ကင်းပါစေ

မနာလို ၀န်တိုမှု ကင်းပါစေ

ပုထုဇဉ် လူသားတွေရဲ့ သဘော သဘာဝဟာ သူတကာတွေထက် တော်ချင်တယ်၊ တတ်ချင်တယ်၊ ထင်ပေါ်ချင်တယ်၊ ကျော်စောချင်တယ်၊ အချီးမွမ်းခံ ချင်တယ်၊ အရေးပါ အရာရောက်သူ ဖြစ်ချင်တယ်၊ ဘယ်နေရာပဲ ဖြစ်ဖြစ် မိမိသည်သာ နံပါတ်တစ် ဖြစ်ချင်တယ်။ လောဘစိတ် မွှန်တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ဦးတစ်ယောက်ကြောင့် မိမိက နံပါတ်တစ် ဖြစ်မလာခဲ့ရင်၊ အရေးမပါ အရာမရောက်ဘဲ မှေးမှိန်သွားခဲ့ရင်၊ အပြစ်တင် ဝေဖန်ပုတ်ခတ် ခံရင် ထိုထိုသော တစ်ဦးတစ်ယောက် အပေါ် မကျေမနပ် ဖြစ်လာတတ်ပါတယ်။ မိမိရဲ့ လိုအင်ဆန္ဒကို မဖြည့်ဆည်းဘဲ ငြင်းပယ်ခံရတဲ့ အခါ အငြိုးအတေး ကြီးစွာနဲ့ လက်တုန့်ပြန်ဖို့ အခွင့်ကောင်း အချိန်အခါကောင်းကို စောင့်နေတတ်ပါတယ်။

ဖြစ်တည်လာတဲ့ မကျေနပ်စိတ်ကို အရင်းခံပြီး မနာလိုစိတ် ၀န်တိုစိတ်တွေ တိုးလာတယ်။ အဆိုးမြင်လာတယ်၊ အပြစ်တင်ချင်လာတယ်၊ မကောင်းပြောလာမယ်၊ ချောက်တွန်းတာ အဆုံး ပြုမူလာတတ်တယ်။ သူတစ်ဦးတစ်ယောက်ကို မကောင်းကြံတဲ့ စိတ်မွေးပြီး သူ့အကျိုး ပျက်စီးအောင် နည်းမျိုးစုံနဲ့ ကြံဆောင်လာ တတ်တဲ့ အမှောင်ထဲက ရန်သူတွေမို့ ကြောက်ရွံ့ တုန်လှုပ်စရာ ကောင်းလှပါတယ်။

ကျွန်တော်တို့ ခင်တွယ်နေတဲ့ ဘလောဂ့်ရပ်ဝန်းမှာ ဘလောဂ်ဂင်း နေကြတဲ့ ဦးရေပမာဏဟာ မပြောကောင်း မဆိုကောင်း လက်ချိုး ရေတွက်နိုင်အောင်ပဲ နည်းပါးလှတဲ့ အစုအဖွဲ့လေးပါ။ ဒီဘလောဂ်ရပ်ဝန်း ငယ်လေးကို ခိုင်မြဲအောင် တိုးပွားအောင် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိအောင် အပြုသဘောနဲ့ တစ်ဖက်တစ်လမ်း ကနေ ကြိုးစား ကြံဆောင်နေကြတဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ ၀မ်းသာ ဂုဏ်ယူစရာပါ။ ဒါပေမယ့်လဲ တစ်ဦးတစ်ယောက်ရဲ့ ပယောဂကြောင့် ဘလောဂ်လောကကနေ ပျောက်ကွယ်သွားရတဲ့ သူငယ်ချင်းတွေလဲ ရှိပါတယ်။ လတ်တလောဆို မေ၊ ရုံလေးနဲ့ ဂျပန်မလေး တို့ဖြစ်ပါတယ်။ နှမြောတသ ဖြစ်မိတာတော့ အမှန်ပါ။ အပေါ်က ပြောခဲ့သလို မိမိရဲ့ မကျေနပ်စိတ် တစ်ခုတည်းနဲ့ ပျော်ရွှင်နေတဲ့ တစ်ပါးသူရဲ့ဘ၀ကို ညစ်နွမ်းအောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်လောက်အောင် မလုပ်သင့်ဘူးလို့ ထင်မြင်မိပါတယ်။ ကိုယ့်ဘလောဂ်ကို အဝေဖန်ခံနိုင်တဲ့ စွမ်းအားရှိကြပေမယ့် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လာရင်ဖြင့် အရှက်ကြီးတဲ့ မိန်းမသားတွေမို့ မမြင်နိုင်တဲ့ အွန်လိုင်း မျက်နှာစာပေါ်မှာတောင် ဆက်လှုပ်ရှားဝံ့မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။

မိမိကြံစည်ခဲ့သလို အောင်မြင်ပြီး မိမိ မနာလိုဝန်တိုတဲ့သူတွေ ထိခိုက်ပျက်စီးသွားပေမယ့် ကဖျက်ကယက် လုပ်သူတွေအတွက် ဘာအကျိုးအမြတ်မှ မရနိုင်ပါဘူး။ အကျိုးအမြတ် မရနိုင်သလို သူကိုယ်တိုင်လဲ စိတ်ပန်းကိုယ်နွမ်း ဖြစ်ရတာပဲ အဖတ်တင်ကျန်ခဲ့မှာပါ။ တစ်ပါးသူ ထိခိုက် ပျက်စီးသွားမှုမှာ သူလဲပဲကြာရှည် ၀မ်းသာနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အကျိုးမရှိတဲ့ မနာလိုခြင်းအမှုကို သတိနဲ့ဆင်ခြင် ရှောင်ကျဉ်နိုင်ကြ ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



Friday, November 27, 2009

ကျွန်တော့်ဘဝ



ကာတွန်းငွေကြည်မှ ...

Monday, November 23, 2009

သံသယစိတ်လေး ကင်းဝေးပါစေ

သံသယစိတ်လေး ကင်းဝေးပါစေ

ဘလောဂ့်ကို နှစ်နှစ်ကာကာ စွဲလမ်းစေတဲ့ အကြောင်းရင်းတွေတော့ အများကြီးပါ။ ဘလောဂ့်ဂင်း နေရရင် ထမင်းမေ့တယ်၊ ဟင်းမေ့တယ်၊ ဆွေမေ့ မျိုးမေ့နဲ့ အတိတ်ရော ပစ္စုပ္ပန်ပါ မေ့ပစ်တတ်တယ်။  အဲလို အကုန်မေ့ဖြစ်အောင်လည်း ထိုင်ရာကမထ စိတ်လွတ်ကိုယ်လွတ် ဘလောဂ့်နေတတ် လို့ဖြစ်ပါတယ်။ မီးလည်းလာမယ် ကွန်နက်ရှင်းလဲ ကောင်းတယ် ဆိုရင်တော့ သာလို့ဆိုးပြီ မှတ်ပါ။ အလွန်အကျွံ လို့ပဲဆိုဆို သဲတယ်လို့ပဲ ပြောပြောပါ ဘလောဂ့်ဂင်း နေရရင် ကျေနပ်နေတတ်တဲ့ ကျွန်တော်ပါ။ ဘလောဂ့်ဂါစစ်စစ် တစ်ယောက် မဟုတ်ပေမယ့်လည်း ဘလောဂ့်ဂင်း တာကိုတော့ စိတ်ဝင်စားတယ် ပျော်ရွှင်မိတယ်။ ဒီဘလောဂ့်တွေကနေ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ခံစားချက်ကို သိမြင်နိုင်တယ်။ သူတို့ ရေးတဲ့စာ၊ သူတို့ စပ်တဲ့ကဗျာ ကနေ သူတို့ရဲ့ လတ်တလော ခံစားချက်တွေကို သိနိုင်တယ်။ ဒါကြောင့် စိတ်အားငယ်နေမယ် ထင်ရင် ပျော်ရွှင်စေဖို့ အားပေးဖြစ်တယ်။ ပျော်ရွှင်တဲ့ သူကိုတွေ့ရင် အပျော်တွေကူးပြီး ကိုယ်လဲ လိုက်ပျော်ဖြစ်ခဲ့တယ်။  နောက်ပြီး ကိုယ်သိချင်တဲ့ အိုင်တီ နည်းပညာတွေကို ပေါ့ပေါ့ပါးပါး လေ့လာ မှတ်သားနိုင်တာကလည်း အမြတ်တစ်ခုပါ။ ဒါကြောင့် ဘလောဂ့်ကို လှေကား အမျိုးမျိုးထောင်ပြီး မရောက် ရောက်အောင် သွားမြဲ သွားဖြစ်နေတာပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဘလောဂ့်လေးက ကျွန်တော့်ရဲ့ ကိုယ်ပွားတစ်ယောက် လို့ပဲ မြင်မိတယ်။ ကျွန်တော် ပြောမထွက်ခဲ့တဲ့ စကားတွေနဲ့ ရင်ထဲက ခံစားချက်တွေကို တစ်ဖက်တစ်လမ်းကနေ အပြင်ရောက်အောင် ကူညီပေးတယ်လို့ ခံယူထားပါတယ်။ တစ်စုံတစ်ယောက်ကို ရွယ်ရည်ပြီး ရင်ဖွင့်စရာရှိရင် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ရတယ်။ အခက်အခဲနဲ့ ၀မ်းနည်းစရာ အဖြစ်တွေ ကြုံခဲ့ရင်လည်း ဒီပေါ်မှာပဲ ပေါက်ကွဲဖြစ်တယ်။ မေ့ဖျောက်လို့မရနိုင်တဲ့ အမှတ်ရစရာတွေနဲ့ မရှိခဲ့တဲ့ အချစ်ဆိုတာကို လွမ်းဖို့ ဖြစ်လာရင်လည်း ကိုယ့်ဘလောဂ့်မှာပဲ ငိုကြွေးနိုင်တာကြောင့် ဘလောဂ့်ကိုပဲ ခင်တွယ်နေမိတာ အပြစ်မဟုတ်လောက် ပါဘူးလို့ ထင်မိပါတယ်။ (သံယောဇဉ်ရှိတဲ့ အစ်မတစ်ယောက်က ဆုံးမခဲ့ဖူးတယ်။ ဘလောဂ့်ဆိုတာကို အစ်မတော့ နားမလည်ဘူး၊ အချိန်လည်း မပေးနိုင်ဘူးတဲ့။ ငါ့မောင်လည်း မိန်းမယူရင် ဘလောဂ့်ဂါထဲက ရှာမယူနဲ့နော်တဲ့။ အချိန်ပြည့် သူဘလောဂ့် ကိုယ်ဘလောဂ့်နဲ့ဆို ထမင်းငတ်မှာတဲ့ .... ခုတော့ အဲဒီအစ်မလဲ ဆူပါထက်ကျော်ပြီး မဂ္ဂါဘလောဂ့်ဂါ ဖြစ်နေပါပြီ။ ဘလောဂ့်ကပေးတဲ့ ထူးခြားတဲ့ အနှစ်သာရကို ခံစားတတ်သွားပြီ ထင်ပါတယ်။ ဘာဖြစ်ဖြစ် ဘလောဂ်ဂါ အသစ်တစ်ယောက် တိုးလာတာကိုတော့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာစွာနဲ့ ကြိုဆိုပါတယ်။)

ပိုလို့ တန်ဖိုးထားစေတဲ့ အဓိကအကြောင်းကတော့ ဒီဘလောဂ့်လေးကြောင့် စိတ်ချင်းနီး ဆန္ဒချင်းနွယ် ရင်ခုန်သံစဉ်ချင်း တူညီတဲ့ သူငယ်ချင်းတွေ အများကြီး ရလိုက်တာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပိုလို့ရင်းနှီးစေတဲ့ အကြောင်းကလည်း ရှိပါသေးတယ်။ အဲဒါကတော့ အကြောင်းအရာ တစ်ခုကို ကိုယ့်အာဘော် ကိုယ့်အတွေ့အကြုံ ကိုယ်ခံစားမိသလို ၀ိုင်းဝန်းတဂ်ကြ တာပဲ ဖြစ်ပါတယ်။ ဘလောဂ့်အပေါ် ပေးရတဲ့အချိန်နဲ့ ပြန်ရတဲ့ အကျိုးအမြတ်ကို ဘယ်အခါမှ နှိုင်းယှဉ်တွက်ချက်ခဲ့တာ မရှိခဲ့ပါဘူး။ စာဖတ်သူတွေရဲ့ မှတ်ချက်စကားလေး တွေနဲ့တင် ပီတိဝေခဲ့ရတာပါ။ ဒီကြည်နူးမှုတွေကိုပဲ တလေးတစားနဲ့  အမြတ်ရယ်လို့ မှတ်ယူပါတယ်။ တော်လို့ ထင်ပေါ်ချင်လို့ ချီးမွှမ်းခံချင်လို့ အရေးပါ အရာရောက်သူ ဖြစ်ချင်လို့ ဘလောဂ့်ကို ရေးခဲ့တာ မဟုတ်ပါဘူး။ တဆက်တည်း ပြောချင်တာက (ဆုရည် နာမည်နဲ့) နှောင်းအကြောင်းအရာ တွေကြောင့် တစ်စုံတစ်ယောက် ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မယ် ဆိုရင် အမှန်ပဲ စိတ်မကောင်းစွာနဲ့ တောင်းပန်ပါတယ်။ ဗဟုသုတ မကြွယ်ခဲ့လို့ စိတ်ကူးစိတ်သန်း အားနည်းခဲ့လို့ အမှားအယွင်း ဖြစ်ရတယ်လို့ပဲ နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ပါတယ်။ တစ်စုံတစ်ယောက်ကို နစ်နာစေချင်လို့ အသားယူချင်လို့ (ဆုရည် နာမည်နဲ့) ရေးခဲ့တာ မဟုတ်တာကိုလဲ ပြောချင်ပါတယ်။ တင်ကျန်နေသေးတဲ့ သံသယ အမှားကိုလည်း နောင်အလျဉ်းသင့်ရင် ၀န်ခံသွားဖို့ ၀န်မလေးပါဘူးလို့ ကတိပေးပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။






Monday, November 9, 2009

ဝန်ခံတယ်

ဝန်ခံတယ်

မိန်းကလေးတစ်ယောက်ကို ကိုယ့်အသက်ထက်ဆုံး မြတ်နိုး တန်ဖိုးထားတယ်လို့ မပြောဖြစ်ခဲ့ ပေမယ့်လည်း နှစ်ဦးသား ရင်ခုန်သံချင်း ထပ်တူတာမို့ နှစ်ကိုယ့်တစ်စိတ်ထဲ ရှိနေမယ်လို့ ရင်နဲ့အမျှ အရိုးသားဆုံး ၀န်ခံမိပါတယ်။

ဒီရိုးသားမှုဟာ အကောင်းဆုံး လိမ်ညာမှု လို့ထင်ကြတာ အမှန်ပေမယ့် မိတ်ဆွေ အပေါင်းအသင်း တွေအပေါ်မှာ အမှန်တရားကို ဖွင့်ဟ၀န်ခံဖို့အတွက် တကယ်ပဲ ကြီးမားလွန်းတဲ့ စိတ်ဒုက္ခတစ်မျိုးပဲ ဖြစ်စေပါတယ်။ တခြားတစ်ဖက်က ကြည့်ပြန်တော့လည်း လျှို့ဝှက်ချက်ကြီးကို မြိုသိပ်ထားရတာက ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေပြန်ပါတယ်။ ဒီတော့ မရိုးသားတဲ့ အကျိုးဆက်တွေနဲ့ပဲ ဇွတ်မှိတ် နေလိုက်တော့မယ် ဆိုတာထက်စာရင် အမှန်တရားကို ဖွင့်ပြောဝန်ခံလိုက်တာက ပိုပြီး စိတ်လက်ပေါ့ပါးစေတာ အမှန်တရားပဲ ဖြစ်ပါမယ်။ အမှန်တရားကို ဖြစ်ကြောင်းကုန်စင် ဖွင့်ဟ၀န်ခံလိုက်လို့ ကိုယ့်အပေါ် အခင်အမင် ပျက်သွားမှာစိုးတဲ့ အနေအထား ရှိခဲ့မယ်ဆိုရင်လည်း အမှန်ကိုပဲ ရင်ဖွင့်ပြဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိနေပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ အမှန်တရားကို ဖွင့်ပြောလိုက်တဲ့အတွက် ဖိစီးစိတ်တွေ၊ သောကစိတ်တွေ အားငယ်စိတ်တွေ သက်သာသွားစေတယ်လို့ ထင်မိပါတယ်။

တစ်ယောက်သောသူက အရှေ့ကမ္ဘာမှာရှိနေပေမယ့် ကျန်တစ်ယောက်က အနောက်ကမ္ဘာမှာပါ။ တစ်ယောက်က မနက်အရုဏ်အလင်းမှာ မောနင်းလို့ နှုတ်ခွန်းဆက် ချိန်မှာတော့ ကျန်တစ်ယောက်က ကြယ်စင်စုံတဲ့ ညည့်နက်အလယ်မှာ ဂွတ်နိုက်လို့ နှုတ်ဆက်လာတဲ့အတွက် အမှန်ပဲ ရင်နင့်စေခဲ့တာ အခါခါပါ။ နှစ်ယောက်သား တွေ့ဆုံချိန် တဒင်္ဂလေးရယ် ဆိုပေမယ့် ထားရှိကြတဲ့ သံယောဇဉ်တွေက ဝေးလံသလောက် နက်နဲ ခိုင်မြဲလွန်းတယ်လို့ သက်သေထူဝံ့ပါတယ်။ လက်တွေ့မဆန်ပေမယ့် တစ်ယောက်အပေါ် တစ်ယောက် သဟဇာတဖြစ်နေမှုဟာ ချစ်ခင် ပေါင်းသင်းဖို့အတွက် အား ဖြစ်စေပါတယ်။ ခိုင်မြဲတွယ်တာတဲ့ ချစ်ခင်ပေါင်းသင်းမှု တွေဟာ အပြန်အလှန် ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်မှုတွေအပေါ် တည်ဆောက် ထားတာပါ။ နှစ်ဦးသား ခံယူချက်ချင်း ဒါမှမဟုတ် ရင်ခုန်သံချင်း ထပ်တူဖြစ်နေရင် စိတ်ထဲမှာ လုံခြုံစိတ်ချမှု ပိုဖြစ်လာတာနဲ့အတူ အတွေးတွေကိုရော ခံစားချက်တွေကိုပါ မျှဝေလို့ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။


Monday, October 19, 2009

စိတ်ရင်းအမှန်

စိတ်ရင်းအမှန်

စိတ်အေးလက်သာနဲ့ အေးအေးလူလူ နေထိုင်နိုင်တဲ့အချိန်ကို တစ်ခါတလေ တောင့်တမိပါတယ်။ နေလို့ မရဘူးလားလို့ မေးလာရင် နေနိုင်ပါတယ် လို့ပဲ ရိုးရိုးသားသား ဖြေမိပါမယ်။ ဒါပေမယ့်လည်း သမုဒ္ဒရာ ၀မ်းတထွာအတွက် သွားလာလှုပ်ရှား ရုန်းကန်နေရတာကလည်း လူ့သဘောသဘာဝ မဟုတ်လား။ တစ်ကိုယ်ရေ တစ်ကာယဆိုပေမယ့် အချိန်ရှိတုန်း အလုပ်လုပ်နိုင်တုန်း အခြေအနေအချိန်အခါ ပေးတုန်း လုပ်ငန်းအပေါ် အာရုံစူးစိုက် လုပ်ကိုင်ချင်တာ လူငယ်တစ်ယောက်ရဲ့ စိတ်အား ထက်သန်မှုပဲ မဟုတ်ပါလား။ ဒါကြောင့် လောဘတက်တတ်တဲ့ လောကီသားရဲ့ စရိုက်အတိုင်း အလုပ်ပြီးအလုပ် ဇောကပ်လုပ်နေမိတယ်။ ပြန်ဆန်းစစ်ကြည့်ရင် ရလဒ်ကတော့ ကျန်တယ်၊ ဒါပေမယ့် ရှုံးတယ်။ ရှုံးတယ် ဆိုတာက လူမှုရေးနဲ့ ကျန်းမာရေးအပိုင်းပါ။

ခရီးပြီး ခရီးသွားနေရတဲ့ ကျွန်တော့်အတွက် အထိုင်များပြီး ဆီးလေမမှန်၊ အလုပ်များတဲ့ဒဏ် ပိတယ်လို့ပဲ ဆိုရမလား။ ခရီးမဆုံးခင် အိမ်ကိုပြန်ရဖို့ အကြောင်းဖန်လာတယ်။ ပထမတော့ ခါးနာတယ်လို့ပဲ ကိုယ့်ကိုကိုယ် လွယ်လွယ်ပဲ ထင်ထားမိပါတယ်။ အိမ်ကလူကြီးတွေကတော့ ကျောက်ကပ်လို့ ပြောတယ်။ နောက် ခါးမှာ အာရုံကြောညှပ်တယ် လို့လဲ ခြောက်ပြန်တယ်။ တစ်ဆင့်ပိုပြီး Medical checkup လုပ်ဖို့ အတန်တန် တွန်းအားပေးတာကြောင့် တစ်ရက်တော့ အချိန်ပေးသွားခဲ့တယ်။ လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ မှတ်ချက်တွေကြောင့် စိုးရိမ်စိတ်တွေ ကြီးခဲ့ရပြီး စိတ်လက်မသက်မသာ ဖြစ်မိတာတော့ အမှန်ပါ။ လူတစ်ယောက်အတွက် ကျန်းမာရေးက အဓိကမို့ လူကြီးတွေရဲ့ စကားကို နာခံဖို့ပဲ စိတ်ထဲ ပြင်ဆင်ထားလိုက်ပါတယ်။

ပါရဂူဆရာမ ဆိုပေမယ့် ကျွန်တော်နဲ့အသက်ချင်းက မတိမ်းမယိမ်းရယ်ပါ။ လူနာတွေက ပါရဂူဆရာမကို ဒေါက်တာ၊ ပါရဂူ ဆိုပြီ ခေါ်ကြပေမယ့် ကျွန်တော်က အစ်မလို့ ရင်းရင်းနှီးနှီးခေါ်လိုက်တော့ ကျေနပ်တဲ့ပီတိအပြုံးကို သူမရဲ့ ပါဝါမျက်မှန်ကတစ်ဆင့် ဖောက်ပြီး မြင်လိုက်မိတယ်။ Medical checkup မလုပ်ခင် ကျွန်တော်ရဲ့ နေထိုင် သွားလာ စားသောက်တဲ့ အလေ့အထကို မေးတယ်။ သူမရဲ့ ဘ၀င်မကျစေတဲ့ ကောက်ချက်ကတော့ အသင့်စားသုံးနိုင်တဲ့ ကျွန်တော်ရဲ့ စားသောက်စာရင်းတွေပဲ ဖြစ်ပါတယ်။ ကြာရှည်အထားခံအောင် စီမံထားတဲ့ အဆင့်မြင့် အသင့်စား အစားအစာ တွေကြောင့် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်တာကို ကျန်းမာရေး အသိအနေနဲ့ သြ၀ါဒစကားချွေခဲ့ပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်တွေကို ရိုးရိုးရှင်းရှင်း နေထိုင်ပြီး ရှောင်ရှားနိုင်ဖို့ ဗဟုသုတအနေနဲ့ နားထောင်ကြည့်ပါအုန်း။ ပါရဂူရဲ့ အဆိုအရ ကင်ဆာအားလုံးရဲ့ သုံးပုံ တစ်ပုံက လေထုမသန့်ရှင်းတာရယ်နဲ့ ဆေးလိပ်ကြောင့် ဖြစ်ရတယ်လို့ ပြောပါတယ်။ ဆေးလိပ်သောက်တာကို ဖြတ်နိုင်မယ်ဆိုရင်တော့ ကင်ဆာဖြစ်မှု သုံးပုံတစ်ပုံကို ကာကွယ်ပြီးသားဖြစ်တယ်လို့ ဆိုတဲ့သဘောပါ။ ကျွန်တော်က ဆေးလိပ်သောက်တတ်သူ မဟုတ်တာကြောင့် စိုးရိမ်စိတ်တော့ နည်းနည်း ကျသွားပါတယ်။ ဆက်ပြောတာကတော့ ကိုယ်လက်လှုပ်ရှားတာ နည်းမယ်၊ ခွန်အားတိုးစေတဲ့ အစာတွေ (ယမ်းစိမ်းများတဲ့ ၀က်အူချောင်း၊ အသားခြောက်၊ အသားကင်) အရောင်ပါတဲ့ အားဖြည့် အချိုရည်တွေနဲ့ တာရှည်ခံအောင် စီမံထားတဲ့ အစားအသောက်တွေ (အထူးသဖြင့် ခေါက်ဆွဲခြောက်) လွန်လွန်ကျွံကျွံ စားသောက်ရင်တော့ ကင်ဆာဖြစ်စေတဲ့နှုန်း ပိုမြင့်စေတယ်လို့ သိရပါတယ်။

နောက်ဆုံး ပါရဂူအကြံပြုတာကတော့ ကိုယ်လက်လှုပ်ရှားတာ တစ်နေ့ ၂ ကြိမ်လုပ်ရမယ်။ စနစ်ကျတဲ့ လေ့ကျင့်ခန်းကို အချိန်မှန် လုပ်ပေးရမယ်။ လမ်းများများ လျှောက်ပေးရမယ်။ အစားအသောက်ဆိုရင် အဆီ အဆိမ့် အငန် လျော့ပြီး ဖြစ်နိုင်ရင် ၀မ်းတွင်းသား၊ အသားစိမ်း ကို ရှောင်ရမယ်။ ပင်လယ်စာနဲ့ သစ်သီးများများ စားပေးရမယ်။ သားကြီးငါးကြီးထက် ဟင်းသီးဟင်းရွက်ကို ပိုစားပေးရမယ်။ ဒါဆိုရင် ကင်ဆာ ၁၂ မျိုးဖြစ်တဲ့ ပါးစပ်ခံတွင်း၊ လည်မျို၊ အစာမျိုပြွန်၊ အဆုပ်၊ ပန်ကရိယ၊ အစာအိမ်၊ အူ၊ သည်းခြေ၊ အသည်း၊ ရင်သား၊ သားအိမ်နံရံ၊ ဆီးကျိတ်နဲ့ ကျောက်ကပ် ကင်ဆာတွေကို တင်ကြိုကာကွယ်နိုင်တဲ့အကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တယ်။ ကျေးဇူးတင်ရှိစွာနဲ့ ပြန်မယ်လုပ်တော့ သူ့ဆလင်းဘတ် ထဲကနေ ရွှေရောင် လိပ်စာကတ်လေး တစ်ခုထုတ်ပေးပါတယ်။ စိတ်ထဲ ကျိတ်ကျေနပ်မဆုံးခင်လေးပဲ ရှစ်မိုင်မှာ သူ့အမျိုးသားဖွင့်ထားတဲ့ Fitness Center မှာ Member ၀င်ပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ တစ်ကိုယ်လုံး နင်သလိုလို ခံစားလိုက်ရပေမယ့် ဟုတ်ကဲ့ သွားပါမယ်လို့ ကတိပေးခဲ့ရတယ်။ အိမ်နဲ့လည်း သိပ်မှ မဝေးတာ အမှန်ပဲ သွားဖြစ်မှာပါ။

ဆေးခန်းမှာ ၂ ညတက်ခဲ့တယ်။ Medical Checkup ရဲ့ အဖြေကို မသိရသေးခင်မှာ လူက ပေါ့ပါးလန်းဆန်းခြင်းတော့ မရှိသေးပါဘူး။ သို့လော သို့လော အခြေအနေမှာ နက်ပေါ်လည်း အရင်လို အညောင်းခံပြီး အချိန်ပြည့် ထိုင်နေနိုင်မယ် မထင်ပါဘူး။ ဘလောဂ့်ထဲ လွန်လွန်ကျူးကျူး အလည်လွန်တတ်တဲ့ ကျွန်တော့်ရဲ့ခြေလှမ်းကိုလည်း နည်းနည်းတော့ ထိန်းချုပ်ရအုန်းမှာဆိုတော့ မိတ်ဆွေသူငယ်ချင်းတွေရဲ့အိမ်ကို ခဏခဏ ရောက်မလာနိုင်တာကို နားလည်ခွင့်လွှတ် ပေးစေချင်ပါတယ်။ ခရီးသွားနေတဲ့ အချိန်အတောအတွင်း အခင်မင်မပျက် အချိန်မှန် လာလာလည်တဲ့ မိတ်ဆွေတွေရဲ့ မှတ်ချက်စကားလေးတွေကို ပြန်ဖတ်ရတော့ အမှန်ပဲ မျက်ရည်လည်မိတယ်။ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ကျွန်တော့် အပေါ်ထားရှိတဲ့ သံယောဇဉ်တွေကို အလေးမထားလို့ မရပါဘူး။ ကျွန်တော်ခဏခဏ ပြောဖြစ်တဲ့ စကားကတော့ အပြင်မှာထက် နက်ပေါ်မှာက စိတ်ရင်းမှန်နဲ့ ခင်မင်တဲ့ မိတ်ဆွေရောင်းရင်းတွေ အများကြီး ရှိနေတာကိုပါပဲ။ ဘာဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်။ အားလုံးပဲ ကိုယ်စိတ်နှလုံး ရွှင်လန်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။







Sunday, October 18, 2009

ပြန်လာပါ ..

ပြန်လာပါ

အချစ်တဲ့လား
အချစ်ကို မသိတတ်ခင်မှာ
လူတွေကိုချစ်ခဲ့ဖူးတယ်
အလျော်အစားမရှိတဲ့ အချစ်က
ပူဆွေးစေတယ်
ဝမ်းနည်းစေတယ်
သောကပွားစေတယ်
လှောင်ချိုင့်နဲ့တူတယ် နဲ့
အချစ်ကို ကျောခိုင်းခဲ့တယ် .. ..

အချစ်တဲ့လား
အချစ်ကို အချစ်မှန်းသိလာတော့
အချစ်က
နူးညံ့တယ်
ချိုမြိန်တယ်
ရင်ခုန်တယ်
ပျော်ရွှင်တယ်
ကြည်နူးတယ်
ခံစားချက်တွေလည်း အများကြီး
မျှော်လင့်ချက်တွေလည်း တသီကြီးနဲ့
ဆက်ရန်တွေလည်းရှိနေဦးမယ်
အချစ်ကိုထိမှ
အချစ်ဆိုတာကို
ချစ်တတ်လာတယ်
ဒါပေမယ့် အချစ်က ဝေးတစ်နေရာဆီမှာ .. ..


Friday, October 16, 2009

" .. ဒုံရင်း .. "

" .. ဒုံရင်း .. "

'' သွားမတွေ့ရင် အသိပဲ '' ဆိုတဲ့ ပျိုပျိုဒေါ်လေး နှစ်ယောက်ရဲ့ တစ်ချက်လွတ်အမိန့်ကြောင့်သာ မဟုတ်ရင် သွားဖို့ဆန္ဒမရှိတာ အမှန်ပါ။ ပြောပုံကိုလည်း နားထောင်ကြည့် ပါအုန်း '' နင့် ဒီအသက် ဒီအရွယ်အထိ မူးရင် ရှူစရာတောင် မရှိလို့ ငါတို့က ရှာထားပေးရတာ၊ ခုသွားတွေ့ချေ ... တဲ့ " ခရီးရောက်မဆိုက် ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို အနားပေးချင်ပေမယ့် ခုတော့ ဆက်လှုပ်ရှားရအုန်းမယ် ထင်ပါတယ်။ သူများကိုသာ မစွံဘူးနဲ့ ဘာညာ ပြောချင်တာ။ သူတို့ကိုယ်၌လည်းပဲ ခုချိန်ထိ ဂေါ်မစွံသေးတာတော့ သတိမေ့ နေပုံရပါတယ်။ ထားလိုက်ပါ၊ လူကြီးကို စောဒကတက်ရင် ကိုယ့်ပဲ အပြစ်ရှိပါမယ်။ လူကြီးက လက်နဲ့ရေးတော့ ကိုယ်က ခြေနဲ့ဖျက်ဖို့ မာန်မထားနိုင်ခဲ့ပါဘူး။

အမှန်အတိုင်း ၀န်ခံရရင်တော့ ကျွန်တော်က မစွံသေးတာ မဟုတ်ပါဘူး။ မစွံချင်သေးတာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘ၀လက်တွဲဖော် ရယ်လို့ တစ်သက်လုံး ကြင်နာသွားရမယ့် မိန်းကလေးဟာ ကိုယ်လိုချင်တဲ့ " စံ " ဖြစ်ပါ့မလား ဂျီးများနေတာရယ်၊ သံသယစိတ်နဲ့ စိုးရိမ်စိတ် များနေတာရယ်ကြောင့် လွတ်လွတ်သွားတာတွေ များခဲ့ပါပြီ။ ဒီလို ရင်ခံစရာ အကြောင်းတွေက ထပ်ထပ်လာတော့ နှလုံးသားအရေးကို အနားပေးထားတာပဲ ဖြစ်ပါတယ်။ ခုတော့ မရှိတာကိုပဲ အပြစ်တင်စရာ ဖြစ်နေတာမို့ မခံချိ မခံသာ ဖြစ်မိတာတော့ အမှန်ပါ။ ကိုယ့်မှာလည်း လက်ဆုပ်လက်ကိုင် အထုတ်နဲ့ အထည်နဲ့ ပြစရာမရှိလေတော့ ကိုယ့်အပြစ်နဲ့ကိုယ်မို့ အတွန့်မတက်တော့ဘဲ အိမ်ထောင်ဖက်တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တွေ့တယ်ဆိုတာလည်း ယာယီသဘော မဟုတ်ပါဘူး အတည်ပါ အမှန်အတည်ပါ .. ။

ဝတ်နေကျမဟုတ်တဲ့ နက်ပြာရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ပြီး မှန်ထဲကြည့်မိတယ်။ ခရီးကပန်းလာတော့ အသားကညို၊ မျက်တွင်းကကျနေတဲ့ အပြင် အမွှေးအမျှင်တွေကိုလည်း မသ နိုင်သေးတော့ ရုပ်ကြမ်းကြီးနဲ့ပါ။ ဘယ်လိုပုံပဲ ဖြစ်နေပါစေ ဖူးစာမှန်ရင်တော့ ရွာလည်မှာ အသေအချာပဲလို့ စိတ်ထဲတင်းထားလိုက်မိတယ်။ တွေ့ဖို့ချိန်းထားတဲ့ နေရာက (၃)လမ်း မှတ်တိုင်နဲ့ မနီးမဝေး ရှမ်းကန် မှာပါ။ ကားကို ပလက်ဖောင်းမှာတင် ရပ်ထားပြီး ဆိုင်ထဲဝင်တော့ ပန်းရောင်ဝတ်ထားတဲ့ မိန်းကလေးကို ရှာကြည့်တယ်။ ဆိုင်ရဲ့အတွင်းဘက် ထောင့်ကျတဲ့ စားပွဲမှာကြိုရောက်နေတဲ့ မိန်းကလေးကို အရန်သင့်တွေ့ရပါတယ်။ ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ဖို့လှမ်းအသွားမှာ ကောင်မလေးက .. ရည်မွန်စွာနဲ့ပဲ ..

" ဒီမှာထိုင်ပါ အစ်ကိုဝင်းဇော် " လို့ မတ်တပ်ရပ်ပြီး ဖိတ်မန္တပြုလာပါတယ်။
" အရင်က သိခဲ့ဖူးလားမသိဘူး " လို့ သံသယစိတ်နဲ့ မေးကြည့်မိတော့ .. (ကိုယ့်ကိုယ်ကိုယ် မလုံမလဲလည်း ဖြစ်မိပါတယ်)
" သိတယ်လေ အစ်ကိုဝင်းဇော် ရဲ့အန်တီတွေက ပြောထားလို့လေ " တဲ့၊ လေပူတစ်ချက်တော့ မသိမသာ မှုတ်ထုတ်လိုက် မိတယ်။ တင်းကြပ်တယ် ထင်မိတဲ့ နက်တိုင်ကို နည်းနည်းလှုပ်ပြီး ဆွဲလျော့ထားမိတယ်။ နောက်ပြီး ကောင်မလေးရဲ့ နာမည် မေးတယ်၊ ရိုင်းတယ်ထင်ပေမယ့် အသက်မေးမိတယ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ ဖုန်းနံပတ်နဲ့ လိပ်စာတွေပါ မှတ်ထားလိုက်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ လိပ်စာကတ်လေးပဲ ကမ်းပေးလိုက်တယ်။ ကောင်မလေးက အသားလည်းဖြူတယ်၊ အရပ်အမောင်းလည်း ကောင်းတယ်၊ ဆံကေသာက တင်ပါးကျော်တယ်၊ စကားပြော တော့လည်း ကျွန်မ ကျွန်မနဲ့မို့ ယဉ်ကျေးတယ်။ သိချင်တာတွေကို သိမ်သိမ်မွေ့မွေ့နဲ့ ပြုံးပြုံးလေး ပြန်ဖြေတယ်။ ကျွန်တော့်ဘက်ကတော့ နုတ်မှတ်မရှိဘဲ အမှတ်ပြည့်ပေးနေမိတယ်။ အင်ထရိုဝင်တာ များပြီမို့ ညနေစာစားဖို့ ကျွန်တော်က ကမ်းလှမ်းလိုက်တယ်။ ဒါနဲ့ မီနူးကတ်တောင်းပြီး ကောင်မလေးကိုပဲ ဟင်းရွေးစေပါတယ်။ ဟင်းတွေလာမချခင်မှာ စကားဆက်ပြောနေမိတယ်။
" ရင်းရင်းနှီးနှီး အစ်ကိုလို့ပဲခေါ်မယ်နော် "
" ရတယ်လေ၊ အဆင်ပြေသလို ခေါ်ပါ "
" ဒါနဲ့ .. .. အစ်ကို ရည်စားထားဖူးလား " ဒဲ့ဒိုးကြီးဆိုတော့ ..
" အော် .. အင်း .. အလုပ်မှာပဲ အာရုံစိုက်နေရလို့ မထားအားပါဘူး၊ မထားဖြစ်ခဲ့ပါဘူး "
" မယုံချင်ပေမယ့် အမြီးမပေါက်သေးဘူးဆိုတဲ့ သဘောပေါ့နော် "
" ဘာကို ဆိုလိုတာလဲ မသိဘူးနော် "
" ဘာမှ မဟုတ်ပါဘူး၊ အပေါင်းအသင်းနည်းတယ် ဆိုတော့လေ "
" ဟုတ်၊ အပြင်မှာ အပေါင်းအသင်း နည်းတယ်ဆိုပေမယ့် အွန်လိုင်းပေါ်မှာတော့ စိတ်ချင်းဆက်နေတဲ့ သူငယ်ချင်းတွေ အများကြီးရှိပါတယ် "
" ဘယ်လို သူငယ်ချင်းမျိုးလဲ .. ပြောပြလေ .. စိတ်ဝင်စားတယ် "
" သာမန်ခင်တယ်ဆိုပေမယ့် စိတ်ရင်းအမှန်နဲ့ ခင်တဲ့ သူငယ်ချင်းတွေပါ "
" ဟုတ်ပါပြီ၊ မိန်းကလေးတွေလား ယောက်ျားလေးတွေလား ၊ ဘာတွေပြောကြတာလဲ "
" ယောက်ျားလေးနည်းပြီး မိန်းကလေးတွေ များတယ်၊ အယောက် ၃၀ ကျော် ၄၀ လောက်ရှိမယ်၊ အင်း .. ပြောစရာတွေတော့ မကုန်နိုင်ပါဘူး၊ အကြောင်းအရာက စုံလင်တော့ တစ်နေကုန်အပြင် ညညဆို တစ်နာရီ၊ နှစ်နာရီ လောက်မှ အိပ်ဖြစ်တယ်၊ ဖြတ်မရတဲ့ သံယောဇဉ် အမျှင်တန်းတွေဆိုရင် မမှားပါဘူး "
ကောင်မလေး မျက်နှာအရောင်နဲ့ အနေအထားပြောင်းသွားတာကို သတိထားလိုက်မိတယ်။ တစ်ခုခုတော့ လွှဲနေပြီဆိုတာ သဘောပေါက်လိုက်တယ်။ ဒါပေမယ့် နောက်ကျသွားပြီ ..

" ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မ အစွန်းအထင်းမရှိအောင် နေထိုင်ပြုမူတယ်၊ ဖြူစင်အောင် ကြိုးစားတယ်၊ ဖြူစင်တဲ့ ကျွန်မဘ၀ကိုလည်း အပြစ်အနာဆာ ကင်းတဲ့သူဆီကိုပဲ အပ်နှံချင်တယ်၊ အစ်ကိုဝင်းဇော်ကို အပြစ်တင်တာ မဟုတ်ပါဘူး၊ ကျွန်မ ပြောမှားဆိုမှားတာရှိရင် ဗွေမယူပါနဲ့၊ ကျွန်မအလုပ်ရှိသေးလို့ အရင် ပြန်နှင့်တော့မယ် " ဆိုပြီး အပြေးတစ်ပိုင်းနဲ့ ထွက်သွားတဲ့ ကောင်မလေးရဲ့ကျောပြင်ကို ဒီအတိုင်းကြည့်နေမိတယ်။ အော် .. ရုပ်ကလေး လှသလောက် သဘောထားလေး နုလိုက်တာလို့ မှတ်ချက်ပြုမိပါတယ်။

ကျွန်တော့်ရဲ့ လိပ်စာကတ်တောင် ယူမသွားနိုင် လောက်အောင်ဘဲ အလျင်လိုပြီး ပြန်သွားလေရဲ့။ အပြောင်းအလဲမြန်ပြီး ခန့်မှန်းရခက်တဲ့ မိန်းကလေးတွေရဲ့ စိတ်ကို နားမလည်နိုင်ခဲ့တာ ကျွန်တော့်အားနည်းချက် ဆိုတာ ၀န်ခံပါတယ်။ တဒင်္ဂ အချိန်အတွင်းမှာ ကောင်မလေးအဖို့ စိတ်ခုစရာ ၀မ်းနည်းစရာ စိတ်ဒဏ်ရာရစရာ ကြုံခဲ့ရင်ဖြင့် ကျွန်တော့်အပြစ်ရယ်လို့ပဲ ပုံစေချင်ပါတယ်။ ဖြူစင်တဲ့ သူ့ဘ၀လေးကို အပြစ်အနာအဆာကင်းတဲ့၊ အနှောင်အဖွဲ့ကင်းတဲ့ သူအတွက် ပေးဆပ်ချင်တဲ့ သူ့ဆန္ဒကို လေးစားပါတယ်။ စားသူမဲ့သွားပေမယ့် တဖွဲဖွဲ လာချနေတဲ့ ဟင်းပန်းကန်တွေကိုကြည့်ရင်း အိမ်ပြန်ရောက်ရင် ဒေါ်လေး တွေကို ဘယ်လို ဖြေရှင်းချက်ပေးရမယ်ဆိုတာ တွေးရင်း ရင်လေးမိတာ အမှန်ပါ။ အလာတုန်းက ခြေလှမ်းတွေ သွက်ခဲ့ပေမယ့် အပြန်လမ်းမှာတော့ .. လေးကန်တဲ့ ခြေလှမ်းတွေနဲ့ပါ .. .. ။

( အပြစ်မဟုတ်ပေမယ့် အပြစ်မြင်တတ်တဲ့ သူတွေကို အမှန်ပဲ ဖြေရှင်းပေးရ ခက်လှပါတယ်။ ကိုယ့်လုပ်‌ရပ်‌က မှန်တယ်ထင်ပြီး လုပ်နေပေမယ့် တစ်ဖက်သား အမြင်မှာတော့ အမှားတွေ ဖြစ်နေတတ်တယ်။ မလိမ်မညာဘဲ ပြောတတ်တဲ့ ကိုယ့်ရဲ့ စကားလုံးတိုင်းဟာ တစ်ဖက်သားအတွက် ၀မ်းနည်းမှုနဲ့ စိတ်ထိခိုက်စရာတွေ ဖြစ်စေတတ်တယ် ဆိုတာကို ဆင်ခြင်စရာ သင်ခန်းစာယူစရာ အဖြစ်နဲ့ .. .. )

Saturday, May 23, 2009

ခဏလေးပေမယ့် ကျေးဇူးကမ္ဘာ ပါ ..

  • ချွေးစိုလက်နဲ့ အိမ်ခန်းတံခါးကို ဖွင့်အ၀င်မှာ မှိန်ဖျော့ဖျော့ မီးရောင်ကြောင့် တစ်ခန်းလုံး ပိုလို့ ငြိမ်သက်ပြီး တိတ်ဆိတ်လွန်းတယ် လို့ ခံစားရမိတယ်။ 
  • အိမ်ရှင် မရှိတဲ့ အခိုက်အတန့်မှာ အိမ်လည်လာတဲ့ ဧည့်သည်တွေကို အိမ်ရှင်ကိုယ်စား တစ်စုံတစ်ယောက် သောသူကို ရည်ရွယ်ထားတဲ့ လေးဖြူရဲ့ သီချင်းသံလေးက ဆီးကြိုမြဲ ရှိနေမှာပါ။ 
  • မိတ်ဆွေ သူငယ်ချင်းတွေရဲ့ သံယောဇဉ်နွယ်တဲ့ နှုတ်ဆက်စကား တွေကြောင့် ရင်အမောကို ပြေပျောက်စေတဲ့ အတွက် အတိုင်းမသိ ကြည်နူးရပါတယ်။ အလုံးစုံသော သံယောဇဉ်တွေနဲ့ အချိန်တိုင်း အိမ်လည် ရောက်ရောက် လာတတ်တဲ့ အတွက်လည်း ရင်နဲ့အမျှ ၀မ်းသာမိပါတယ်၊ ကျေးဇူးလည်း တင်မိပါတယ်။ တစ်ဦးချင်းစီရဲ့ နွေးထွေးတဲ့ စေတနာကို အလေးအနက် ထားတယ်၊ တန်ဖိုးထား လေးစားတယ်လို့ ထပ်လောင်း ပြောချင်ပါတယ်။
  • သွားသုတ်သုတ် လာသုတ်သုတ် ဘ၀သမားမို့ အားလုံးသော သူငယ်ချင်းတွေကို အိမ်ပေါက်စေ့ နှုတ်ဆက်ဖို့ အချိန်မပေး နိုင်သေးတာကို နားလည်ပေးဖို့ မေတ္တာရပ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး အေးချမ်းနိုင်ကြပါစေ ..

Thursday, April 23, 2009

ခဏတာ နှုတ်ဆက်ချင်တယ် ..

ခဏတာ နှုတ်ဆက်ချင်တယ် ..

  • အွန်လိုင်းပေါ်က ညီအစ်ကိုမောင်နှမများ၊ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ စာဖတ်သူများ အားလုံး အားလုံး မင်္ဂလာပါ။
  • အချိန်ပေးပြီး တကူးတက အိမ်လည် ရောက်လာတဲ့ အတွက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
  • ကျွန်တော် ဝါသနာထုံတဲ့ ဘလော့ဂ်ရေးခြင်းကို ခေတ္တရပ်နားပါမယ်။

အားလုံးပဲ အစစ အရာရာ အဆင်ပြေ ရွှင်လန်း ချမ်းမြေ့ ကြပါစေလို့ ဆန္ဒပြုပါတယ်။
လေးစားလျက်နဲ့ .. ..




(စာမျက်နှာ ၁၅ ၊ လေးဖြူ)
အတိတ်တွေက မှုန်ဝါးပေမဲ့ ငါတို့နှစ်ဦးဇာတ်လမ်းမှာ
တချို့နေရာက ကောင်းခန်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမဲ့ မြင်ရတယ်
အဓိပ္ပာယ်မရှိတာ သိပေမဲ့ တစ်ခါတလေ
တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်
တွေ့ရင် မှတ်မိအုန်းမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်းရောက်နေမလဲ
(ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ သတိရပါတယ်)၂

အတိတ်တွေက မှုန်ဝါးပေမဲ့ ငါတို့နှစ်ဦးဇာတ်လမ်းမှာ
တချို့နေရာက ကောင်းခန်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမဲ့ မြင်ရတယ်
အဓိပ္ပာယ်မရှိတာ သိလဲပဲ တစ်ခါတလေ
တိုက်ဆိုင်မှုတွေ ရှိလာတော့ငါ အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်လွယ် ငါမေ့မရဘူးကွယ်
ဘယ်ဆီကို မင်းရောက်နေမယ်
(ဘာတွေကို မင်းလုပ်နေမယ်
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ
သတိရပါတယ်/တစ်ခါတလေ ငါသတိရပါတယ်)၂

အတိတ်ရယ် မှတ်မိအုန်းမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
--- မင်းရောက်နေလဲ (ဘယ်ဆီကိုမင်းရောက်နေမလဲ)
--- မင်းလုပ်နေမလဲ (ဘာတွေကို မင်းလုပ်နေမလဲ)
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ သတိရပါတယ်
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ
တစ်ခါတလေ ငါသတိရပါတယ် ..
သတိရနေမယ် ...




Wednesday, April 22, 2009

စကားလက်ဆောင်

လူကြီး သူမတွေ အမြဲပြောဆို ဆုံးမတဲ့ စကားလေး တစ်ခွန်းရှိတယ်။ ဘယ်ကိစ္စ ဘယ်အရာမဆို ဘာကိုပဲလုပ်လုပ် " သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ " ဆိုတဲ့ စကားလေး တစ်ခွန်းဟာ ပေါ့ပေါ့တန်တန် ထားမယ်ဆိုရင် တန်ဖိုးမရှိပေမယ့်၊ အရေးတယူ စဉ်းစားကြည့်ရင်တော့ အလွန်တန်ဖိုးကြီးတဲ့ စကားလေး တစ်ခွန်းဖြစ်ပါတယ်။ စေတနာအရင်းခံပြီး ပြောတဲ့ စကားလေးမို့ ပိုတန်ဖိုး ကြီးတာအမှန် ဖြစ်ပါတယ်။ ကမ္ဘာနဲ့ယှဉ်ပြီး စီးပွားရေး ပြဿနာတွေ သူသူငါငါ ရင်ဆိုင်နေကြရတာ လူတိုင်းအသိပါ။ တိုင်းပြည်ကြီးရင် ကြီးသလို၊ တိုင်းပြည် ငယ်ရင် ငယ်သလို များများနဲ့ နည်းနည်း ရိုက်ခတ်ခံရတာ ငြင်းနိုင်စရာမရှိပါဘူး။

လွန်ခဲ့တဲ့ ရှစ်လခန့်က ဖြစ်ပါတယ်။ ဦးလေးရဲ့သား၊ ကျွန်နော်ရဲ့ တစ်ဦးတည်းသော ညီဝမ်းကွဲတစ်ယောက် သူ့သူငယ်ချင်းရဲ့ အဆွယ်ကောင်း မှုကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ အပူကပ်ခဲ့တယ်။ မိုးတလုံး လေတလုံး အပြောတွေကြောင့် လူကြီးတွေကလည်း မဖြစ်ဖြစ်အောင် လုပ်ဆောင် ပေးခဲ့ရတယ်။ မင်္ဂလာဒုံလေဆိပ်က ထွက်သွားချိန်ထိ ကကြီး ကနေ အ, အားလုံး ၁၀၀ ၀န်းကျင် ကုန်ကျခဲ့သည်။ နိုင်ငံခြားမှာ ၄ လအတွင်း ကြိတ်ပြီး ငွေပို့ခဲ့တာ ဒီစာရင်းထဲ မပါသေးဘူး ဆိုတာ သိရတယ်။ ခုတော့ မယောင်မလည်နဲ့ ကိုယ့်မွေးရပ်ကို ပြန်ရောက်လာပါပြီ။ ရရှိတဲ့ အကျိုးအမြတ်ကတော့ ငွေကုန်ခဲ့တယ်၊ အချိန်တွေ အလဟဿ ဖြစ်ခဲ့တယ်၊ ဗဟုသုတ မရခဲ့ဘူး။ ဆုံးရှုံးသွားတယ်ဆိုတဲ့ သင်ခန်းစာ တစ်ခုပဲ အသားတင် ကျန်ရစ်ခဲ့တယ်။

ခုချိန်မှာ နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်ရင် ကောင်းမလားလို့ မေးလာရင်တော့ မသွားပါနဲ့လို့တော့ မတားချင်ပါဘူး။ ဒါပေမယ့် မသွားခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ လို့တော့ အမှာစကား ချွေချင်ပါတယ်။ တားချင်တဲ့ အကြောင်းရင်းက စီးပွားရေးပြဿနာကို တိုင်းပြည်ကြီးငယ်တိုင်း ကြုံတွေ့နေရတာကြောင့် ကံသေကံမ အလုပ်အကိုင် ရရှိလိမ့်မယ်လို့ မပြောနိုင်သလို၊ အလွယ်တကူ ရရှိဖို့လည်း မလွယ်ကူပါဘူး။ CNA သတင်းရဲ့ Scroller Bar မှာ ဘယ်ကုမ္ပဏီက အလုပ်သမား ၀န်ထမ်း အရေအတွက် ဘယ်လောက်ကို လျော့ချ လိုက်တယ်ဆိုတာကို စဉ်ဆက်မပြတ် ဖတ်နေရလို့ ဖြစ်ပါတယ်။ လက်ရှိ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေကိုတောင် ညှိနှိုင်းလစာနဲ့ လုပ်အားခလျော့ခံပြီး လုပ်ကိုင်နေရတယ်။ ၀န်ထမ်းအင်အား လျော့ချနေတာကြောင့် သူတို့တတွေလည်း ဘယ်အချိန် အလုပ်ဖြုတ်ခံရမလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရတာမို့ စွန့်စွန့်စားစားနဲ့ သွားဖို့ မတိုက်တွန်းလိုတာ အမှန်ဖြစ်ပါတယ်။ လုပ်အားခတွေ လျော့ချလိုက် တာကြောင့် လူနေမှုစရိတ် ကြီးမြင့်တဲ့ နိုင်ငံရပ်ခြား တိုင်းပြည်မှာ ရေရှည် ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ နေထိုင်စားသောက်စရိတ်၊ ခရီးစရိတ်တွေ မကာမိတာကြောင့် ပြည်တော်ပြန် လာကြတာ တော်တော်များ လာပါတယ်။ အိမ်ကထောက်ပံ့ ပေးနိုင်တယ်ထားအုန်း။ အလုပ်အကိုင် အတည်တကျ မရှိရင် ရေရှည်နေထိုင်ဖို့ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် နိုင်ငံခြားသွား အလုပ်လုပ်မှ ချမ်းသာနိုင်မယ် ဆိုတဲ့ တွေးထင်ထားတဲ့ အယူအဆကို ခဏတော့ မေ့ထားလိုက် စေချင်ပါတယ်။

ခေတ်မီတိုးတက်လာတဲ့ ကမ္ဘာ့ရွာလို လူနေမှု အဖွဲ့အစည်း၊ ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ အတူ ကိုယ့်ဘ၀ တိုးတက်မှုအတွက် ကြိုးစားစွန့်ထွင် လိုတဲ့ လူငယ်တွေရဲ့ မြင့်မားတဲ့ဆန္ဒရှိလို့ တိုင်းတစ်ပါးမှာ အလုပ်လုပ်ကြ၊ ပညာတော်သင်ကြတာကို အားပေးတယ်။ သူများတိုင်းပြည်မှာ အလုပ်သွားလုပ်၊ ပညာသွားသင်တာ ဖြစ်လို့ သူများအိမ်မှာ သွားနေနေရသလို ဖြစ်ပါမယ်။ ကိုယ့်အိမ်မှာလို လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နေလို့မရနိုင် တော့ပါဘူး။ သူတို့အိမ်မို့ သူတို့ဓလေ့ထုံးစံ အတိုင်းလိုက်နာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ခဏတာဧည့်သည် အဖြစ်နဲ့ သွားရောက်နေထိုင် ကြတာကြောင့် အိမ်ရှင်လိုတော့ နေထိုင်သွားလာလို့ ရမှာ မဟုတ်ပါဘူး။ အချိန်အခါနဲ့ အခွင့်အရေး ဆိုတာ ကြုံနိုင်ပါသေးတယ်။ တိုင်းတစ်ပါးကို စွန့်ထွင်ပြီး အလုပ်လုပ်ဖို့ မလုပ်ဖို့ကိုတော့ " သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ " လို့ ပြောချင်ပါတယ်။ ယနေ့ခေတ် လူငယ်နဲ့ အနာဂတ် လူငယ်တွေ အတွက် စေတနာ အမှာစကားလေးပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

Saturday, April 18, 2009

အတွေ့ချင်ဆုံး ၁၀ ယောက်


နှစ်သစ်ကို အွန်လိုင်းပေါ်က သူငယ်ချင်း မိတ်ဆွေတွေရဲ့ ပို့သတဲ့ မေတ္တာတွေ အနန္တနဲ့ ပျော်ရွှင်စွာ ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။ အမှန်လဲ စိတ်နှလုံး အေးချမ်းခဲ့ပါတယ်။ သင်္ကြန်ရက်အတွင်း ပို့စ်အသစ် တင်မဖြစ်ခဲ့ပေမယ့် စီဗုံးမှာ ပျော်ပျော်ကြီး ရေလာလောင်းကြတဲ့ သူငယ်ချင်းတွေရဲ့ နှုတ်ဆက်စကား တွေကြောင့် တကယ်ပဲ ရင်ထဲ လှိုက်လှဲစွာ ကြည်နူး ခဲ့ရပါတယ်။ ဘလောဂ့်ကို စိတ်ဝင်တစားနဲ့ ရေးခဲ့တာ ၄-၄-၀၉ ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်နှစ် ဆိုတဲ့ ကာလအတွင်းမှာ အွန်လိုင်းပေါ်က ခင်မင်ခွင့်ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေ မှတ်သားထားတဲ့ ဒိုင်ယာရီထဲ ပြန်စစ်ကြည့်တော့ ၄၈၀ ကျော် ၅၀၀ နီးပါး ရှိခဲ့ပါတယ်။ ကနဦး ခင်မင်ခဲ့တဲ့ ဘလောဂ်ဂါတွေ မထင်မရှား ကွယ်ပျောက်သွားခဲ့ ကြသလို၊ မကြာမတင် လင်းလက်လာတဲ့ ဘလောဂ်ဂါလက်သစ် တွေအဆုံး ဖြစ်ပါတယ်။ ၀န်ခံရရင် အွန်လိုင်းပေါ် မိတ်ဆွေ သူငယ်ချင်းတွေ အရေအတွက် များပေမယ့် အပြင် လက်တွေ့မှာတော့ မျက်နှာချင်းဆိုင် တွေ့ဆုံဖြစ်တဲ့ သူငယ်ချင်း ဆိုလို့ ကနေ့အထိ တစ်ယောက်မှ မရှိခဲ့သေးတာတော့ အမှန်ဖြစ်ပါတယ်။ ခရီးတွင်တွင် သွားနေရတဲ့ ကျွန်တော့်ရဲ့ အားနည်းချက်လည်း ပါမယ် ထင်ပါတယ်။

" တွေ့ဖူးချင်ဆုံး ၁၀ ယောက် " ဆိုပြီး လိပ်ပြာလေး က သင်္ကြန်ရက်အတွင်း Tag ထားခဲ့ပါတယ်။ လိပ်ပြာလေး ရေးတဲ့ မူရင်းပို့စ် ကိုတော့ အကြိမ်ကြိမ်ကြိုးစားပြီး ဖွင့်ပေမယ့် သူ့ဘလောဂ့်အိမ်ကို ဖွင့်မရခဲ့ပါဘူး။ Tag ခေါင်းစဉ်က " တွေ့ဖူးချင်ဆုံး ၁၀ ယောက် " လို့ ဆိုထားတဲ့အတွက် မျက်နှာလိုက်စရာ ဖြစ်လာပါတယ်။ ဖြစ်ချင်တဲ့ ရင်တွင်း ဆန္ဒကတော့ စာရေးဖော် စာရေးဖက်၊ စာဖတ်ဖော် စာဖတ်ဖက် အွန်လိုင်း သူငယ်ချင်း အားလုံးကို တွေ့ဖူး မြင်ဖူး ချင်ပါတယ်။ လောဘကြီးလွန်းတယ်လို့ ထင်မိမလားပဲဗျာ။ တတ်နိုင်ဘူးလေ ကန့်သတ်ချက်လေးနဲ့မှ ပျော်စရာ ကောင်းမှာပါ။

ကျွန်တော့်အတွက် တွေ့ဖူးချင်ဆုံး ၁၀ ယောက်က မိန်းကလေး ၁၀ ယောက်လုံး ဖြစ်နေရင်တော့ ပြောစမှတ် ဖြစ်မယ် ထင်ပါတယ်။ ဒီအတွက် ပြဿနာတော့ ရှိမယ် ဖြစ်မယ် မထင်ပါဘူး။ ကျားကျားချင်းတော့ လမ်းမှာမတွေ့ ဖြစ်ရင်တော့ တိရစ္ဆာန်ရုံသွားကြည့်လည်း တွေ့နိုင်သေးတာပဲ မဟုတ်လား။ (၀ိုင်းရိုက်ရင်တော့ ပြေးပြီသာမှတ်) တွေ့ဖူးချင်တဲ့ ဒီ ၁၀ ယောက် ထဲမှာလည်း ကျွန်တော့်ကို ကြည့်မရနိုင်အောင် သိပ်မုန်းနေတဲ့ မိန်းကလေးတွေလည်း ပါပါတယ်။ မုန်းနေပေမယ့် တွေ့ဖူးချင် သေးတဲ့ ဆန္ဒကို မဖုံးဖိနိုင်တာတော့ အမှန်ဖြစ်ပါတယ်။ ကျွန်တော် အတွေ့ချင်ဆုံး မိန်းကလေး ၁၀ ယောက်တော့ .. ..

လိပ်ပြာလေး ကျွန်တော့်ကို Tag ထားလို့ တွေ့ဖူးချင်တာပါ။
မီကူးမီ ဘာမှ ဟုတ်ပါဘူး၊ တွေ့ဖူးချင်တာပါ။
ပန်းခင်းလေး မအားမလပ်တဲ့ ကုမ္ပဏီအလုပ်တွေကြားက ကောင်မလေး။
ချင်းမလေး စကားပြောတာ မပီတဲ့ ကလေးမလေး။
ငှက်ငယ်လေး ပို့စ်အသစ်တင်တိုင်း အသိပေးတယ်။
မီးလေးဇာ အကြွားပိုပြီး အမြဲ ၀ိတ်လျော့နေတဲ့ အစ်မ။
ကောင်းကင်ဖြူ အမြဲ အကူအညီတောင်းပေမယ့် တစ်ခါမှ လုပ်မပေးနိုင်လို့ အမှတ်တရ ဖြစ်စေတယ်။
ကောင်းကင်ပြာ ရှမ်းပြည်တောင်ပိုင်းက ရွာငံသူ မို့လို့။
မေတ္တာရောင်ပြန် ရုံးမသွားခင်မနက်တိုင်း ၀င်နှုတ်ဆက်နေတတ်လို့။
မခင်ဦးမေ ဓာတ်ပုံတစ်ခု၊ စာတစ်ကြောင်းနဲ့ ကွန်မင့် ၁၀၀ ကျော်ရအောင် လုပ်နိုင်လို့။

တွေ့ဖူးချင်ဆုံး ၁၀ ယောက် တော့ ပြည့်သွားပြီ ဖြစ်ပါတယ်။ အမှန်တော့ အပေါ်က ပြောခဲ့သလိုပဲ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို တွေ့ဖူးချင်တာ တကယ့်ဆန္ဒအမှန်ပါ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ ဘ၀သေးသေးလေးမှာ နေပျော်သလို နေနေရပါတယ်။ ကျန်ရှိနေတဲ့ သူငယ်ချင်းတွေလဲ စိတ်မကွပ်ဖို့ အသိပေး တောင်းပန်ချင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ကြ ပါစေဗျာ။


Saturday, April 11, 2009

သင်္ကြန်ရေဖြင့် အေးချမ်းကြပါစေ

သင်္ကြန်လို့ ဆိုလိုက်တာနဲ့ မျက်စိထဲ မြင်မိတာက ရေပက်မယ် ရေကစားကြမယ် ဆိုတာပဲ ဖြစ်ပါတယ်။ လုပ်နေတဲ့ အလုပ်တွေကို လက်စသတ်ပြီး သင်္ကြန်မှာ ပျော်ပါးဖို့ အားခဲတတ် ကြတယ်။ သင်္ကြန်မရောက်သေး ပေမယ့် သင်္ကြန်အကြို သီချင်းတွေတော့ နေရာတိုင်းမှာ လှုံ့ဆော်နေသလို ခံစားရတယ်။ မရိုးနိုင်တဲ့ သင်္ကြန်မိုး ရုပ်ရှင်ထဲက သီချင်းတွေက လွှမ်းမိုးတုန်းဖြစ်တယ်။ ခေတ်သစ် rap သင်္ကြန်သီချင်း တွေလည်းပဲ ဆန်းပြားတဲ့ ကကွက်၊ တက်ကြွတဲ့ တီးလုံးနဲ့ နေရာအနှံ့ အပြိုင်းအရိုင်း ကြားနေရတယ်။ ကလေးတွေကအစ သင်္ကြန်မှာ ကစားဖို့ လေဖိအားသုံး ရေသေနတ်တွေ ကိုယ်စီနဲ့ သင်္ကြန်မှာ ပျော်ဖို့အသင့် ဖြစ်နေကြပါပြီ။ အရင့်အရင် နှစ်တွေကလောက် ရေကစားမဏ္ဍပ်တွေ မများပေမယ့် အစီအရီတော့ တွေ့နေရပါပြီ။ ပြည်တွင်းဖြစ် ဂျစ်ကားတွေ၊ ပါပလေကာနဲ့ ဟိုင်းလက်ကား တွေတော့ အမိုးတောင် ဖြုတ်ပြီးနေကြပါပြီ။ ရိုးရာသင်္ကြန်ရဲ့ အငွေ့အသက် ကတော့ ပိုပြီးရုပ်လုံးပေါ်နေပြီ ဖြစ်ပါတယ်။

နှစ်သစ်ကို ကြိုဆိုတဲ့ ရိုးရာသင်္ကြန်ကို ကျွန်တော်တို့ မြန်မာနိုင်ငံတင် ကျင်းပတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့ အာရှနိုင်ငံအတော် များများကလည်း သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကြပါတယ်။ ယိုးဒယား မှာက ဆောင်ကရန် ၊ လာအိုမှာက Bpee Mai ၊ ကမ္ဘောဒီးယား မှာက Chaul Chnam Thmey ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မလေးရှား၊ နောက် တောင်အာရှက ဘင်္ဂါလီ၊ ပန်ဂျပ်၊ သီရိလင်္ကာ တမီးလ်လူမျိုး နဲ့ မြန်မာတွေ ရှိတတ်တဲ့ နိုင်ငံတိုင်းမှာလည်း အစုအဖွဲ့လေးနဲ့ နှစ်သစ်ကူး ပွဲတော်လေးကို ဆင်နွှဲကြပါသေးတယ်။ သင်္ကြန် ဆိုတဲ့ စကားလုံးဟာ သက္ကတဘာသာ စကား သင်္ကန္တ ကနေ ဆင်းသက်လာပြီး ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်း ဟု အဓိပ္ပာယ် ရပါတယ်။ မြန်မာပြက္ခဒိန် ကောဇာသက္ကရာဇ် အရ ၁၃၇၀ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ကူးပြောင်းခြင်းလည်း ဖြစ်ပါတယ်။

သင်္ကြန်လို့ ဆိုလိုက်တာနဲ့ မပါမဖြစ်တာကတော့ သိကြားမင်း နဲ့ ဗြဟ္မာကြီး ဇာတ်လမ်း ဖြစ်ပါတယ်။ သင်္ကြန်၊ သက္ကရာဇ် အကြောင်းများနဲ့ ပတ်သက်ပြီး သိကြားမင်းနဲ့ အာသီ အမည်ရှိတဲ့ ဗြဟ္မာမင်းတို့ အငြင်း အခုန် ဖြစ်ခဲ့တယ်။ အငြင်းပွားမှုကို လူ့ပြည်မှာ က၀ါလမိုင်း ဆရာကြီးထံသွားပြီး အဆုံးအဖြတ် ခံယူရာ ဗြဟ္မာကြီး ရှုံးသွားတယ်လို့ သိရပါတယ်။ ခေါင်းဖြတ်ကြေး လောင်းခဲ့ကြ တာကြောင့် ဗြဟ္မာကြီးက ခေါင်းဖြတ်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။ အဲဒီ ဗြဟ္မာဦးခေါင်းကြီးကို ရေထဲလည်း ချလို့မရ၊ ကုန်းပေါ်လည်း တင်ထားလည်း မဖြစ်တာကြောင့် နတ်သမီး (၇)ပါးက တစ်နှစ်တစ်ယောက် ကိုင်ထားပေး ကြရတယ်လို့ အဆိုရှိပါတယ်။ ဒီနှစ်တော့ ဃောရဿ အမည်ရှိတဲ့ နတ်သမီးက မှောက်ခုံ အနေအထားနဲ့ ဗြဟ္မာဦးခေါင်းကို လှမ်းလင့်သည် လို့ သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာက ဖော်ပြထားပါတယ်။ နောက်ပြီး သင်္ကြန်ကာလမှာ သိကြားမင်းက လူပြည်ဆင်းလေ့ရှိတယ် ဆိုတဲ့အယူလည်း ရှိပါတယ်။ ဒီနှစ် သင်္ကြန်စာမှာတော့ ဘာနုရာဇာ အမည်ရှိတဲ့ တနင်္ဂနွေဂြိုဟ်မင်း က ဂဠုန်ကိုစီးပြီး သန်လျက်နဲ့ သံစဉ်ကို ကိုက်ကာ မြောက်ဘက်အရပ်ကနေ အရှေ့တောင်ထောင့်ကို ၀င်တယ်လို့ သိရပါတယ်။

သင်္ကြန်မှာ နှစ်ဟောင်းက ဓလေ့တွေကို နှစ်သစ်မရောက်အောင် ဆေးကြောကြတဲ့ အယူရှိကြပါတယ်။ သက်ကြီး ၀ါကြီးတွေကို ခေါင်းလျှော်ပေးတယ်၊ ခြေသည်း လက်သည်း လှီးပေးတယ်၊ သင်္ကြန်မတိုင်ခင် ရှင်ပြု ၊ ရဟန်းခံတဲ့ ဓလေ့လည်း ကနေ့အထိ အခြေတည်လျက် ရှိတယ်။ လူငယ်တွေကတော့ အရင်က အမွေးနံ့သာ ထည့်ထားတဲ့ ငွေဖလား ဒါမှမဟုတ် ကြေးဖလား ထဲကနေ သပြေခက်နဲ့ ရေပက်တဲ့ အလေ့ရှိခဲ့ပေမယ့် ခုတော့ တိမ်ကောနေပြီ ဖြစ်ပါတယ်။ ခေတ်အလိုအရ ရေခွက်၊ ရေပုံး၊ ရေပိုက်နဲ့ အားရပါးရ ပက်လိုက်ရမှာ စိတ်ထဲ နေသာထိုင်သာ ရှိသွားတဲ့သဘော ဖြစ်ပါတယ်။ ရုပ်အဆင်း ပိုလှတဲ့ အပျိုလေးတွေတော့ ရေပိုစိုမယ့် သဘောပါ။

သင်္ကြန်တွင်း သင်္ကြန်သံချပ်ထိုးကြတဲ့ အလေ့အထလည်း တဖြည်းဖြည်း တိမ်ကော ကွယ်ပျောက်စပြု နေပြီဖြစ်ပါတယ်။ ညဘက် သင်္ကြန်အလှပြကားတွေ လှည့်လည် ပြသမှုကလည်း ငွေကုန်ကြေးကျတာကို အကြောင်းပြုလို့ အနာဂတ်မျိုးဆက်တွေ မြင်တွေ့ရဖို့ ခဲယဉ်းသွားပြီ ဖြစ်ပါတယ်။ သင်္ကြန် သံချပ်တွေ နေရာမှာ စကားပြော Hip Hop သီချင်းတွေ၊ သံစဉ်မြန် Remix သီချင်းတွေ နဲ့ တွန့်ကျေကွေးနေအောင် ကပြနိုင်တဲ့ Disc Jockey - DJ တွေက အလျင်အမြန် နေရာယူလာ ပါတယ်။ ရှေးက ဓလေ့ထုံးတမ်းများဟာ ခေတ်ရေစီးကြောင်းရဲ့ တိုက်စားမှုကြောင့် အသွင်ကွဲလာတာ ဖြစ်ပါတယ်။

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်တဲ့ သင်္ကြန်သည် ၁၃၇၀ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ပြောင်းလဲခြင်း သက်သက်မဟုတ်ဘဲ အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲခြင်း၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးရဲ့ ကောင်းကျိုးကို ဖော်ဆောင်တဲ့ ပြောင်းလဲခြင်း ဖြစ်ပါစေလို့ ဆန္ဒပြုရင်း နှစ်သစ်မှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ရှိကြပါစေ .. .. ။

Thursday, April 9, 2009

လေမဖြတ်အောင် အခါးရည်ကို ဆောင်

ခုနှစ်ရန်ကုန်နွေက မတ်လဆန်း ကတည်းက ပြင်းပြစွာနဲ့ လူတိုင်းကို ပူလောင်စွာ ခံစားစေခဲ့တယ်။ မိုးလင်းကနေ မိုးချုပ်အထိ အပူဒဏ်ကို လူးလူးလှိမ်းလှိမ့် ထိတွေ့နေရတယ်။ အပူဒဏ်ကာကွယ်ဖို့ လူလုပ် ဇိမ်ခံ ပစ္စည်းတွေဖြစ်တဲ့ အဲကွန်းနဲ့ ပန်ကာကလည်း ချစ်ဖေကြီး မီးကမလာတော့ ဆွေးရတယ်။ မီးမလာတော့ ချစ်သမီး ရေက မလာပြန်ဘူး ဒါနဲ့ လွမ်းစရာလေး ထပ်ပြန်ရော။ ဆွေးတာတွေ လွမ်းတာတွေ ကင်းဝေးဖို့ ရေသန့်ဘူးကို အဖော်လုပ်ပြီး ဆိုက်ဘာဆိုင် ဆီကိုပဲ ခြေဦးလှည့် နေမိတယ်။ တစ်ရက် နှစ်ရက်ဆို ဆိုင်ရှင်က ကြည်ဖြူစွာနဲ့ ကြိုဆိုပါရဲ့။ သုံးရက် လေးရက်ကြာရင် ဆိုင်က သိပ်မကြည်တော့ဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က လှေကား ရှည်ရှည်နဲ့ မသွားရဘူးဆိုပြီး ကာဖြူးထုတ်ထားတဲ့ ဘလောဂ့်ရွာတွေကို အကုန်လျှောက်သွား နေလို့လေ။ ဒါကြောင့် သူ့စီးပွားရေးကို တုတ်နဲ့ အထိုးခံရမှာကြောက်တာနဲ့ ဆိုင်ရှင်က ကျွန်တော့်ကိုတွေ့ရင် လှန့်နေတာ။ မကောင်းကြံတာ မဟုတ်ပေမယ့် ကိုယ်မှာ သွားလည်စရာ ဒီဘလောဂ့် အိမ်လေးတွေပဲ ရှိတာကြောင့် နားလည်ပေး စေချင်ပါတယ်။ ဥတုပူလို့ ရေခဲစိမ် ရေသန့်ဗူးတွေ တအားသောက်တော့လည်း အစာအိမ် ရောင်သလို ဖြစ်ပြီး တနေ့က ၀မ်းပျက်တာ ခံစားရတယ်။ ဆေးအလျင်မီလို့ ခုလို ပြန်တွေ့နိုင်တာပါ။ ဆေးခန်းဒေါက်ဒေါက်က မှာလိုက်တယ် ဒီလို ရာသီမှာ ရေသန့်ဗူး သောက်တာထက် ရေကျက်အေး ဖြစ်ဖြစ် ရေနွေးကြမ်း (အခါးရည်) ဖြစ်ဖြစ် သောက်တာ ပိုကောင်းတယ်လို့ အကြံပေးခဲ့တယ်။

လဖက်ရည်ကြမ်း တစ်နေ့ သုံးခွက် သောက်သုံးဖြစ်မယ် ဆိုရင် လေဖြတ်ခြင်း အန္တရာယ်ကနေ သိသာထင်ရှားစွာ လျော့နည်းစေတယ်လို့ သိရပါတယ်။ လူကြီးပိုင်းမှာ အဖြစ်များတတ်တဲ့ လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရှိတဲ့ လက်ဖက်ရည်ကြမ်း ထဲမှာ ကမဲလီးယားအပင်ကနေ ပြုပြင်ထားတဲ့ လက်ဖက်ရည်ကြမ်း ဖြစ်တယ်လို့ သိရပါတယ်။ လူတွေက လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့အထ ကနေ လေဖြတ်တဲ့ ရောဂါဆိုးကို ကာကွယ်နိုင်ကြောင်းကို သိသူ အလွန်နည်းပါးတယ်လို့ သိရပါတယ်။ များသောအားဖြင့် လေဖြတ်ဝေဒနာ ခံစားလာကြတဲ့ အခါမှသာ ဆေးဝါးကုသမှု ခံယူကြတယ်လို့ သိရပါတယ်။ လေဖြတ်ခြင်းသည် အလွန်လျင်မြန်စွာ ဆိုးကျိုးသက်ရောက်မှု ဖြစ်စေပြီး လေဖြတ်ဝေဒနာရှင်တွေ အနေနဲ့ ဆေးဝါးကုသမှု ခံယူရာမှာ အလွန် နောက်ကျတတ်ကြ ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် အနည်းဆုံး လက်ဖက်ရည်ကြမ်း သုံးခွက် သောက်သုံးခြင်းဖြင့် လေဖြတ်ခြင်း ဝေဒနာကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် လေဖြတ်ခြင်းကြောင့် ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း တင်ကြို ကာကွယ်မှု ပြုရာရောက်တယ်လို့ သိရှိပါတယ်။

ရှမ်းပြည် တောဘက်မှာတော့ အိမ်လည်က မီးဖိုဘေးမှာ မြေအိုးလေးထဲ လက်ဖက်ခြောက်ခပ်ပြီး တနေကုန် သောက်နေတတ်တဲ့ တောင်သူတွေကို တွေ့ဖူးတယ်။ ပင်လောင်းဘက်က အရွက် သေးမျှင်မျှင်နဲ့ စော်ဘွားနှုတ်ခမ်းမွှေး လက်ဖက်ခြောက်တွေဆို နာမည်ကြီးတယ်။ တာရှည် သိုလှောင်ထားလဲ မှိုမတက်ဘူး။ နောက် ဟဲဟိုးဘက်က ပလောင် လက်ဖက်ခြောက်လဲပဲ ရေနွေးထဲမှာ စိမ်းဖန့်ဖန့်နဲ့ မို့ သောက်ရတာ ခံတွင်းတွေ့စေတယ်။ အင်းသားတွေကျတော့ လက်ဖက်ခြောက်ကို လှော်ပြီးမှ သောက်ကြတယ်။ ထူးခြားတဲ့ လက်ဖက်ရည်ကြမ်း အရသာကို ဖြစ်စေတယ်။ နောက် နှမ်းလှော်ပြီး လက်ဖက်ခြောက်နဲ့အတူ ထည့်သောက် ကြသေးတယ်။ ကောက်ညှင်းရွက်မွေး ပါထည့်သောက်လို့ကတော့ ဆွေမျိုးတောင် ရေထားရလိမ့်မယ်။ မြောက်ပိုင်းက ရွှေဖီမိုးလွတ် လက်ဖက်ခြောက်တွေလဲ နာမည်ကြီးတယ်။ ဒီဘက်ခေတ်မှာတော့ လက်ဖက်ခြောက် အနံ့ကို စပယ်ပန်းအနံ့နဲ့ ပြုပြင်ပြီး လှပသေသပ်တဲ့ သံဗူးတွေနဲ့ ပြည်ပပို့ကုန်အနေနဲ့ တရုတ်ဘက်က ၀င်လာတာ များတယ်။ စပယ်ပန်းအနံ့နဲ့မို့ လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့ကို ပိုစွဲမက်စေပါတယ်။ အ၀ါရောင် Auramine O ဆိုးဆေးကြောင့် လက်ဖက်အစိုတွေ ဈေးကွက်ပျက်ချိန်မှာ လက်ဖက်ခြောက်ပွဲရုံ ပိုင်ရှင် သူငယ်ချင်း စိုင်းနောင့် အတွက် အခမဲ့လက်ဖက်ခြောက် ကြော်ငြာ ၀င်ပေးလိုက်ပါတယ်။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ .. ဆန္ဒပြုလိုက်ပါတယ်။


လက်ဖက်စိုက်ခင်းတွင် လက်ဖက်ခူးနေကြစဉ်



( ပုံတွေကို google image ကနေ ယူထားတယ်နော် )

Tuesday, April 7, 2009

သူ့ကြောင့် .. ..

ကျွန်တော်တို့ဆီမှာ ပြဿနာ တစ်ခုခုဖြစ်ရင် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ပြဿနာရဲ့ ရင်းမြစ်ကို မရှာဘဲ တစ်ပါးသူကိုပဲ လက်ညိုးထိုးတတ်တဲ့ ဥာဉ်ဆိုးလေး ရှိတယ်။ သူ့လက်ညိုး ကိုယ့်ထိုး။ ကိုယ့်လက်ညိုး သူ့ထိုးနဲ့ တခါမှ တရားခံ မမိတတ်ပါဘူး။ လူတစ်ဦးချင်းဆီနဲ့ အဖွဲ့အစည်းလိုက် အားနည်းချက် တွေဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်လဲ ဂုဏ်သိက္ခာအတွက် အပုံကြီးကြီး ပုံပေးလိုက်လို့ ပြဿနာအေးအောင် ဖြေရှင်းလိုက်တာလဲ ဖြစ်နိုင်ပါတယ်။ တရားသဖြင့် ဆိုတာထက် ငွေမျက်နှာက ပိုကြီး နေတတ်ပါတယ်။ အရှိန်အ၀ါကြီးသူ ဖြစ်ရင် စည်းကမ်း သတ်မှတ်ချက်တွေကို အလွယ်တကူ သွေဖယ်နိုင်စွမ်း ပါတယ်။ တလောက ဓာတုချည်ထည် ဆိုးဆေးကြောင့် နာမည်ရှိတဲ့ လက်ဖက်ထွက် ရောင်းကုန်တံဆိပ် (၄၃)မျိုးကို စားသောက်ကုန် စာရင်းကနေ ပယ်ဖျက်လိုက်တာ ကြားသိရပါတယ်။ ကုမ္ပဏီ တာဝန်ရှိသူတွေ ပြောစကားအရတော့ သူတို့မှာ တာဝန်မရှိဘဲ သူတို့ကိုယ်စား စေလွတ်ထားတဲ့ ကုန်သည်၊ ပွဲစားနဲ့ လဖက်ထွက်ရာ တောင်ပေါ်ကိုပဲ လက်ညိုးထိုးနေကြ တာကို တရားကျစွာ ဖတ်လိုက်ရတယ်။

ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေမှာ ဓာတုပစ္စည်းနဲ့ ရှင်းရှင်း လွတ်ကင်းတာ ရယ်လို့ ခပ်ရှားရှားပါ။ အသီးအနှံ၊ သားငါး၊ ခေါက်ဆွဲခြောက်၊ နို့မှုန့်၊ ငါးသေတ္တာ၊ ထိုးမုန့်လမုန့်၊ ဖျော်ရည်မျိုးစုံ၊ ငါးပိငါးခြောက်၊ ပုဇွန်ခြောက်၊ လက်ဖက် တွေနဲ့ အသင့်စား အစားအသောက်တွေကို မူရင်း အရည်အသွေးထက် ရေရှည်အထား ခံအောင်နဲ့ ပိုကောင်းမွန်အောင် ဆိုပြီး ဓာတုဆေးဝါး အကူအညီနဲ့ အဆင့်မြှင့်တင်လေ့ ရှိကြပါတယ်။ ဒါကို စားသုံးသူတွေက သိနေပေမယ့် ပေါချောင်ကောင်း နောက် လိုက်နေတာရယ်၊ ၀င်ငွေနဲ့ လောက်ငအောင် ချင့်ချိန်သုံးစွဲရတာရယ် ကြောင့် မကောင်းမှန်းသိပေမဲ့ မျက်စိစုံမှိတ် ၀ယ်ယူစားသုံး နေရတာလဲ ပါပါမယ်။ စားသုံးသူရဲ့ အားနည်းချက်ကို သိတဲ့ထုတ်လုပ်သူ တွေအနေနဲ့လည်း လုပ်ရဲနေတဲ့ သဘောမှာ ရှိပါတယ်။ လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုဗေဒ ပစ္စည်းတွေ ပါဝင်တဲ့ အစားအစာတွေကို ရေရှည်စားသုံးမိရင် အစာအိမ်ကင်ဆာ၊ အူကင်ဆာ တို့လို ကင်ဆာရောဂါကို နောင်နှစ်ပေါင်း ၂၀-၃၀ ကြာလောက်မှ ရောဂါဖြစ်စေ တတ်ပါတယ်။ နောက် မျိုးရိုးဗီဇကို ထိခိုက်စေတဲ့ ဥာဏ်ရည်မမီတာ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံတာတွေ ကြုံတွေ့ စေနိုင်ပါတယ်။ လတ်တလော အနေနဲ့ အစားအသောက် မသန့်ရှင်းတာ စားမိရင် အသည်းရောင် အသားဝါရောဂါ၊ ၀မ်းပျက် ၀မ်းလျောရောဂါ တွေ ချက်ချင်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် စားသုံးသူတွေ အနေနဲ့ ချိုတာ၊ မွေးတာ၊ လှတာကို မမက်ဘဲ သဘာဝကပေးတဲ့ အစားအသောက်ကို ပိုမိုရွေးချယ် စားသုံးသင့်ပါတယ်။ မဖြစ်မနေ စားသုံးရမယ် ဆိုရင်တောင် ဓာတုဆေးအာနိသင် ကင်းစင်နိုင်သမျှ ကင်းစင်အောင် သန့်စင်ပစ်ဖို့ လိုကြောင်း အကြံပြုချင်ပါတယ်။

ခုချိန်မှာ ခေတ်မီသူတိုင်း အငန်လျော့စား ကြတယ်။ အဆီလျော့စား ကြတယ်။ သကြား ရှောင်ကြတယ်။ ဟင်းချိုမှုန့် ရှောင်ကြတယ်။ အရောင်ပါတဲ့ အစားအစာ ရှောင်ကြတယ်။ သားကြီးငါးကြီး ရှောင်ကြတယ်။ အဲဒါတွေ အစား ဟင်းသီးဟင်းရွက် ပိုစားလာကြတယ်။ ကျန်းမာရေး လိုက်စားလာကြတယ်။ လူကြီးတွေသာ ဆားအငန် လျော့စားရတာ မဟုတ်ပါဘူး။ အိမ်သုံးဆားဟာ ကလေးတွေကိုလည်း ဆိုးကျိုး ဖြစ်ပေါ် စေပါတယ်။ ကလေးတွေကို ဆားပေါ့ပေါ့ ကျွေးမွေးခြင်းအားဖြင့် အသက်ကြီးလာတဲ့ အခါ နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို ကျဆင်းစေနိုင် ပါတယ်။ ၆နှစ် အရွယ်ကလေး တစ်ယောက်ရဲ့ ဆားလိုအပ်ချက်က တစ်နေ့ ၃ ဂရမ်ထက် မပိုသင့်ပါဘူး။ ဒါကြောင့် ကလေးတွေအတွက် ပြင်ဆင်ချက်ပြုတ် ရာမှာလည်း လိုတာထက် ပိုပြီး ဆားကို အသုံးမပြုမိစေဖို့ အရေးကြီးပါတယ်။ ကလေးတွေအတွက် အသင့်လုပ် မုန့်ထုတ်အချို့မှာ ဆားနဲ့ အချိုမှုန့် ပါဝင်နှုန်းများတာကို စားကြည့်တာနဲ့ သိနိုင်ပါတယ်။ ဒါကြောင့် အလွယ်တကူ ရနိုင်တဲ့ မုန့်ထုတ်တွေကို ချင့်ချိန်ပြီး ကလေးတွေကို ကျွေးသင့်ပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို ငယ်စဉ်ကလေး ဘ၀ကတည်းက အငန်လျော့စား မှ အသက်ကြီးလာတဲ့အခါ လေဖြတ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းတို့မှ ရှောင်ကျဉ်နိုင်မှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရ ပါတယ်။

( မှီငြမ်းတာက )

မော်ဒန်သတင်းဂျာနယ် (၂၀-၃-၂၀၀၉)


Reader's Digest (2008, Feb) "Salt can be bad for kids too"

E-Mail Icon Generator

ကြော်ငြာ Spam သမားတွေဟာ အီးမေးလ် လိပ်စာတွေကို Program အမျိုးမျိုးအသုံးပြုပြီး ရှာဖွေလေ့ ရှိတတ်ပါတယ်။ သူတို့ရန်က လွတ်အောင် ကိုယ့် အီးမေးလ် လိပ်စာကို Icon အဖြစ် ပြောင်းထားလိုက်ရင် ရှာမတွေ့နိုင်တော့ဘူးလို့ ဆိုထားပါတယ်။ g-Mail အပြင် Yahoo mail, AOL mail, Hotmail, MSN mail နှင့် အခြားသော မေးလ်များစွာကို Icon အဖြစ်ပြောင်းလဲပေး နိုင်ပါတယ်။ ဖော်ပြပါဝက်ဘ်ဆိုက်ရဲ့ Enter your e-mail address မှာ မိမိ လိပ်စာ ထည့်သွင်းပြီး Generate နှိပ်လိုက်ရင် အွန်လိုင်းပေါ် အသုံးပြုနိုင်တဲ့ မိမိလိပ်စာရဲ့ Icon နဲ့ URL ကို ရရှိနိုင်ပါတယ်။ ကြော်ငြာ Spam တွေရဲ့ရန်က ကြိုတင်ကာကွယ်နိုင်အောင် သုံးကြည့်နိုင်တဲ့ ၀က်ဘ်ဆိုက်ကို ဒီနေရာ နှိပ် ပြီးသွားနိုင်ပါတယ်။

Sunday, April 5, 2009

အလွမ်းသင့်ငှက်

လွမ်းတယ် ကလေးရယ်
ဒါပေမဲ့လည်း
အလွမ်းဝဲကယက်ထဲမှာပဲ
မကျရှုံးချင်ခဲ့ဘူး။
ခေတ်ရဲ့ ရေစီးကြောင်းမှာ
တစ်ထပ်ထဲ မစီးမျောနိုင်သေးတာ
ကိုယ်ကိုယ်၌က
ညံ့လို့ပါ ကလေးရယ် .. .. ..

မြင်မြင်သမျှ အပြုံးတွေက
ကလေးရဲ့ အပြုံးလေးလောက် မလှပသလို
ကမ်းလင့်လာတဲ့ လက်တွေကိုလည်း
အကြွင်းမဲ့ မဆုပ်ကိုင်ရက်ပါဘူး။
တစ်နွေပြောင်းလေတိုင်း
အိမ်ဝေးသူ တစ်ယောက်ရဲ့
အိမ်လွမ်းဝေဒနာက
ခုထိ မပြောင်းလဲနိုင်သေးတာ
နွေးထွေးတဲ့ ကလေးရင်ငွေ့က
ခွဲခွာလာကတည်းကပါ .. .. ..

ဆန္ဒ နဲ့ ဘဝ
ပြောင်းပြန် အချိုးကျသွားတဲ့ အခြေမှာ
အတိတ်နေ့စွဲတွေက
အနာဂတ်ကို မှေးမှိန်စေခဲ့တယ်။
ဒီအချိန်ရောက်ရင်
နွေကြို ဥသြရဲ့ တေးသီသံကို လွမ်းတယ်
ချက်(ပ်)ကျောင်းထဲက ခေါင်းလောင်းသံကို လွမ်းတယ်
ယူကလစ်တန်းရဲ့ မြေနီလမ်းကို လွမ်းတယ်
မီးခိုးရောင် ကောင်းကင်ပေါ် အုပ်စုဖွဲ့ပျံနေတဲ့ ဗျိုင်းတွေကိုလွမ်းတယ်
ဘောင်ပင်ခတ်နေတဲ့ ကန်နံဘေးက ဗေဒါပင်ကို လွမ်းတယ်
တူနှစ်ကိုယ် ဆင်နွှဲခွင့်မရတဲ့ အတာသင်္ကြန်ရက်တွေကို လွမ်းတယ်
နောက်ပြီး
တောင်ပံ့ကျိုးတဲ့ အလွမ်းငှက်တစ်ကောင်ရဲ့
နွေးထွေးတဲ့ ရင်ငွေ့ပိုင်ရှင် ကလေးကို
အလွမ်းဆုံးပါပဲ ကလေးရယ် .. .. .. ။

Friday, April 3, 2009

စိတ်ဖိစီးမှု ဖြေဖျောက်ဖို့

ခုတလော စိတ်ဖိစီးမှုတွေ များနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ အလုပ်ကြောင့်တော့ မဟုတ်ပါဘူး။ နယ်ကို ရောက်နေတာ ဖြစ်လို့ ကိုးနတ်ရှင်ကိုပဲ ပါးပါးလေး အပြစ်မြင်မိတယ်။ ပိုက်ပိုက်ပေးပေမယ့် ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူးဆိုတာ သိရတော့ ပိုလို့ စိတ်ညစ်ရတယ်။ ကျွန်တော်နည်းတူ အကြောင်းကြောင်း ကြောင့် စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတယ် ဆိုရင် စိတ်ဖိစီးမှု ၊ စိတ်ပင်ပန်းမှု ၊ စိတ်အလိုမကျမှု တွေကို သက်သာအောင် နဲ့ ဘယ်လို ဖြေဖျောက်ရမယ် ဆိုတာလေး မျှဝေ ပေးချင်ပါတယ် .. ..

ခဏတဖြုတ်နားပါ
  • စိတ်မပါတဲ့ အလုပ်ကို ဆက်တိုက် လုပ်နေရသည် ဖြစ်စေ၊ စိတ်သွားတိုင်း ကိုယ်မပါဘဲ လုပ်နေရသည် ဖြစ်စေ စိတ်ပန်းလူပန်း ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လုပ်လက်စ အလုပ်ကို ၅ မိနစ် ဖြစ်စေ၊ ၁၀ မိနစ်ဖြစ်စေ နားလိုက်ပါ။ လမ်းထလျှောက်ပါ၊ ရေထသောက်ပါ။ ဒါတွေက စိတ်ဖိစီးမှုတွေကို ရှင်းလင်းစေပြီး ဖိအားတွေကို လျော့စေပါတယ်။

အားကစားလုပ်ပါ
  • အလုပ်တွေပြီးရင် ချက်ချင်း အိပ်ယာထဲ ထိုးမအိပ် သင့်ပါဘူး။ အားကစား စင်တာ တစ်ခုခုကိုသွားပြီး စိတ်ပါလက်ပါ ကစားလိုက်ပါ။ (ကာရာအိုကေ ကို စိတ်လွတ်ကိုယ်လွတ် ဆိုလိုက် ရင်လည်း အားကစား လုပ်သလိုပါပဲ ) ဒီလိုလုပ်ခြင်းဖြ့င် စိတ်ဖိစီးမှုကို အထိုက်အလျှောက် မေ့လျော့ စေပါတယ်။

အလုပ်ချိန်ကို ခွဲခြားပါ
  • မနက်စောစော လန်းဆန်း တက်ကြွနေချိန်မှာ ခက်ခဲပြီး ဥာဏ်သုံးရတဲ့ အလုပ်တွေ လုပ်ပါ။ ပင်ပန်းနေတဲ့ ညနေပိုင်း အချိန်တွေမှာ ပေါ့ပေါ့ပါးပါး အလုပ်တွေကို ရွေးချယ်လုပ်ပါ။

သီချင်းနားထောင်ပါ
  • အလုပ်နားချိန်မှာ မိမိကြိုက်နှစ်သက်ရာ သီချင်းတစ်မျိုးမျိုးကို နားထောင်ပြီး အပန်းဖြေပါ။

အလုပ်ချိန်ကို ပြောင်းကြည့်ပါ
  • ကိုယ်ပိုင်အလုပ်ဖြစ်ရင် တစ်ခါတလေ မနက်အစောကြီး အလုပ်ထသွားကြည့်ပါ။ တစ်ခါတလေ မိုးချုပ်သည်အထိ အချိန်ပို လုပ်ကြည့်ပါ။ အလုပ်ချိန် အပြောင်းအလဲ လေးတွေကလည်း ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ကို လန်းဆန်းစေပါတယ်။

( အမှားပါရင် ကျယ်ကျယ်သာ အော်သွားပါ။)
( Reader's Digest, 2008, March. " Five ways to Manage Workplace Stress " )

Key Logger ပိတ်မယ်


Cyber cafe ကနေ ကိုယ်ရေးကိုယ်တာ သုံးစွဲနေသူ တွေအတွက် ကိုယ်ရဲ့ အကောင့် password တွေကို key logger ကနေ မသမာသဖြင့် ခိုးယူခြင်း မခံရအောင် ကာကွယ်နိုင်ဖို့ နည်းလမ်း သေးသေးလေး မျှဝေချင်ပါတယ်။ အင်တာနက်ထဲမ၀င်ခင်

  • Ctrl + Shift + Esc ဒါမှမဟုတ် Ctrl + Atl + Del တွဲနှိပ်ပြီး Task Manager ကို ခေါ်လိုက်ပါ။
  • နောက် Process tab ထဲဝင်ပြီး active ဖြစ်နေတဲ့ msdts.exe ဆိုတာကို လိုက်ရှာကြည့်ပါ။
  • msdts.exe ဆိုတာတွေ့ရင် right click နဲ့ end process နှိပ်လိုက်ပါ။


ဒါဆိုရင် key logger ပရိုဂရမ်ကို ယာယီကာကွယ် သွားနိုင်ပြီ ဖြစ်ပါတယ်။ စိတ်ထဲပိုရှင်း ချင်ရင်တော့ နက်ထဲမ၀င်ခင် Task manager ပေါ်က ပရိုဂရမ်တွေကို Disable ဒါမှမဟုတ် End process လုပ်ပြီး ကိုယ်သုံးမယ့် Application လောက်သာ Manually ခေါ်သုံးတာ အကောင်းဆုံးဖြစ် ပါမယ်။

အင်တာနက်ကို အသုံးပြုပြီးရင်လည်း မမေ့မလျော့ Sign out လုပ်ပါ၊ Tools bar ထဲမှာ Clear Private Data လုပ်ခဲ့ဖို့ သတိရပါ။ အမှန်တော့လည်း မသမာတဲ့ ဆော့ဖ်ဝဲ သုံးထားတဲ့ ကွန်ပျူတာတွေ ဆိုရင် အပြည့်အ၀ လုံခြုံမှု မပေးနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ လုံခြုံရေးကို သတိထားပြီး အင်တာနက် အသုံးပြုသင့် တယ်လို့ အကြံပေးချင်ပါတယ်။

Keylogger ကာကွယ်ဖို့ neos-safekeys


create HDR (www.createhdr.com)


create HDR (www.createhdr.com)

ဓာတ်ပုံရိုက် ၀ါသနာ ပါကြပေမယ့် ပရော်ဖက်ရှင်နယ် မဟုတ်တော့ ထွက်လာတဲ့ ပုံတွေက မကြည်မလင် ဖြစ်နေရင် စိတ်ချမ်းသာမယ် မထင်ပါဘူး။ အွန်လိုင်းပေါ်က ဓာတ်ပုံတွေ တည်းဖြတ်တဲ့ ၀က်ဘ်ဆိုက် တွေထဲက တစ်ခုပါ။ ကင်မရာကနေ ရိုက်လို့ရတဲ့ ပုံတွေထက် ပိုမို ကြည်လင် တောက်ပ စိုလွင် ချင်တယ်ဆိုရင် ဒီဝက်ဘ်ဆိုက်မှာ ပုံတွေကို upload လုပ်ပြီး ပြုပြင် နိုင်ပါတယ်။ ပြုပြင်ပြီး ပုံတွေရဲ့ code ကို လွယ်လင့်တကူ ရယူနိုင်ပြီး ဘလောဂ့်တွေပေါ် ပြန်အသုံးပြုနိုင် ပါတယ်။ ပုံတွေကို အံ့အားသင့်စေပြီး ကြည်လင် တောက်ပအောင် ဖန်တီးပေးတဲ့ ၀က်ဘ်ဆိုက် ကတော့ www.createhdr.com ပဲ ဖြစ်ပါတယ်။

Tuesday, March 31, 2009

ရေစီး ကမ်းပြို စေတနာ

အိမ်ကနေ ထွက်နေကျ အချိန်ထက် ကနေ့တော့ စောပြီးရုံးကို ထွက်လာခဲ့သည်။ တာမွေကနေ ရွှေဂုံတိုင် ၁၀၀ ကျပ်၊ ရွှေဂုံတိုင်ကနေ ဆူးလေ ၁၀၀ ကျပ် ဆိုပြီး ကားဆရာတွေက လမ်းပိုင်းနှစ်ခု ခွဲလိုက်တဲ့အတွက် ၂၀၀ ကျပ် တောင်းတာကြောင့် အသွားအပြန် အတွက် ၄၀၀ ကျပ်ကုန်သည်။ ရေရှည် အကျိုးအတွက် စဉ်းစားပြီး လိုင်းကားမစီးဘဲ မြို့ထဲသွားနိုင်မယ့် နည်းလမ်းလေး ညကတည်းက တစ်ကိုယ်တည်း ကြိတ်တွေးထားသည်။ တာမွေလမ်းမပေါ်မှာ ဆူးလေ ရောက်မည့် ကားတွေ လိုင်းစုံ၊ နံပါတ်စုံ၊ အရွယ်အစား စုံလင်လှပေမယ့် ရတဲ့ဝင်ငွေနဲ့ ကုန်ကျမယ့် ထွက်ငွေညီမျှအောင် ကြိုးစားတွက်ဆ သုံးစွဲရမှုာမို့ လိုင်းကားကို တစ်ချက်စောင်းငဲ့ ကြည့်ပြီး တာမွေဘူတာကို ကိုချစ်ဖေတစ်ယောက် ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ မြို့ပတ်ရထားလက်မှတ်ကို ၁၀ ကျပ် နဲ့ဝယ်ပြီး ရထားဆိုက်ချိန်ကို ကြည့်တော့ နောက် ၅ မိနစ်ဆို ဆိုက်မည်ဖြစ်သည်။ လက်ျာရစ် ပလက်ဖောင်းပေါ် ရပ်စောင့်ရင်း ဘေးပတ်ဝန်းကျင်ကို စနည်းနာကြည့်တော့ သူလိုကိုယ်လို ရုံးသမားတွေများသည်။ မြို့ထဲ ဆိုင်သွားဖွင့်မည့် ဈေးသည် သုံး-လေးယောက်ပါသည်။ ကျောင်းသားတွေလည်း ပါသည်။ ယူနီဖောင်းဝတ် တွေလည်း ပါသည်။ ရန်ကုန်မြို့ရောက်မှ ပထမဆုံး စီးဖြစ်တဲ့ မြို့ပတ်ရထားပေါ်ကနေ မလှမပရှုခင်းတွေ ခံစားရင်း ဘူတာကြီးမှာ ဂိတ်ဆုံးသည်။ ပန်းဆိုးတန်း ဂုံးတံတားကို ကျော်တော့ ရုံးကအနီးကလေး ဖြစ်သွားသည်။ ၄၀၀ ကျပ်ကုန်မည့် ခရီးကို ၂၀ ကျပ်နဲ့ ချွေတာနိုင်ခဲ့တာကြောင့် ကိုချစ်ဖေ တစ်ယောက် အကျေနပ်ကြီး ကျေနပ်ကာ ရင်ထဲ အေးမြမြလေး ခံစားမိတာ အမှန်ဖြစ်သည်။

နေ့ခင်း ၁၂ နာရီမှာ နယ်အရောင်း ကိုယ်စားလှယ်နေနဲ့ လုပ်မည့် အစည်းအဝေးအတွက် မနက်ကတည်းက ပြင်ဆင်ရသည်။ ရုံးရောက်တယ် ဆိုရင်ပဲ အစည်းအဝေးအတွက် လိုအပ်သည်များ ညွှန်ကြားရသည်။ မိမိကိုယ်တိုင်လည်း ပြောစရာရှိသည်များကို ပြင်ဆင်ရသည်။ စာရွက်စာတမ်းများ၊ ဖိုင်တွဲများ၊ စာအုပ်များကို အဆင်သင့်ဖြစ်အောင် စုစည်းရသည်။ သည်ကြားထဲ နေ့စဉ် လုပ်ဆောင်နေကျ ပုံမှန်အလုပ်ကိုလည်း လုပ်ဆောင် ပေးရသေးသည်။ အလုပ်များပြီ ဆိုရင် ဖြစ်နေကျ ဖုန်းက တဂွမ်ဂွမ်လာသည်။ စိတ်ပျက်စရာ ဖြစ်ပေမယ့် ဖြေကြား ပေးနေရတာက ၀တ္တရားတစ်ခု ဖြစ်သည်။ ဟန်းဖုန်းဆိုရင်တော့ ပိတ်ထားလို့ ဖြစ်သေးသည်။ ပိတ်မရတဲ့ ကြိုးဖုန်းဆိုတော့ ခေါ်သမျှဖုန်းကို ဒိုင်ခံဖြေရှင်း ပေးရသည်။ ၁၂ နာရီမတ်တင်းပြီဖြစ်လို့ ကိုချစ်ဖေတစ်ယောက် အစည်းအဝေးခန်း သွားဖို့ အခန်းထဲက ထွက်ဖို့ ပြင်ဆင်လိုက်သည်။ အဲဒီခဏမှာပဲ စားပွဲပေါ်က ဖုန်းမြည်လာလို့ စိတ်အလိုမကျပေမယ့် ကောက်ယူ ထူးလိုက်ပါသည်။

" ဟလို "
" မောင်လား "


ရင်းနှီးခြင်း မရှိတဲ့အသံ ဖြစ်တဲ့အပြင် ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ အသံချိုချိုလေးဖြစ်သည်။ အိမ်က ဇနီးသည် မအေးငြိမ်းကတော့ ကိုချစ်ဖေကို " ကိုချစ်ဖေ " လို့သာ တုံးတိတိ ခေါ်သည်။ တဖက်က ဖုန်းအသံရှင်သည် မအေးငြိမ်း တစ်ယောက် မဟုတ်သည်မှာ သေချာသည်။ ဖုန်းနံပါတ် မှားဝင်လာတာ ဖြစ်မည်။ အတွေးတွေ ဝေနေတာကြောင့် " ဟုတ် " လို့တစ်ခွန်း ၀င်ထောက်လိုက်သည်။ ဒါနဲ့ တစ်ဖက်ဖုန်းရှင်က ..

" မောင် .. ညနေပြန်ရင် မှာလိုက်တဲ့ ကလေးအားဆေးရယ် ပါရာစီတမော ဆေးအရည်ရယ် မမေ့နဲ့နော်"
" အေးပါ "

အလုပ်များတဲ့ပုံနဲ့ စကားစဖြတ်ပြီး ဖုန်းကိုချမယ် လုပ်တော့ တစ်ဖက် အသံရှင်က ဆက်ထွက်လာသည်

" ပြီးတော့ ငယ် သုံးနေကျ ဟိုဆေးလည်း ကုန်နေပြီ .. သိလား "
" ဘာဆေးလည်း မသိ .. .."
" အော် မောင်ကလည်း .. သောက်နေကျ ဆေးလုံးအနီလေးပါဆို .. "

မိန်းကလေးရဲ့ မချင့်မရဲ အသံစာစာလေးက ထွက်လာပြန်သည်

" အေး .. အေး .. ဟုတ်ပါပြီ၊ ဒါပဲနော် .. "


ကိုချစ်ဖေ တစ်ယောက် ပြောပြောဆိုဆို ဖုန်းကိုအတင်းချ။ တိုင်ကပ်နာရီကို တစ်ချက်လှမ်းကြည့်ရင်း အစည်းအဝေးခန်းမ ဆီကို ကသိုက်ကရိုက် အပြေးတပိုင်းနဲ့ ထွက်လာခဲ့သည်။ အစည်းအဝေးက ရုံးဆင်းချိန်လွန်မှ အစသတ်နိုင်ခဲ့သည်။ စိတ်မောလူမော ဖြစ်သွားတာကြောင့် ရုံးခန်းထဲ ထားစရာရှိတာ ထားပြီးတာနဲ့ အိမ်တန်းပြန်သည်။ ပန်းဆိုးတန်း ဂုံးတံတားပေါ်အတက် ရုပ်ရှင်ပိုစတာကို လှမ်းအကြည့်မှာ အစည်းအဝေးခန်း သွားခါနီး ဖုန်းမှားဝင်သည့်အကြောင်း ပြန်ပြောင်း အမှတ်ရ မိလိုက်သည်။

"ကလေးအားဆေး၊ ပါရာစီတမော့အရည် နဲ့ နောက် သောက်နေကျ ဆေးလုံးအနီလေး .. " တဲ့

ဇနီးသည်က လင်တော်မောင်ကို သတိမရမှာ စိုးရိမ်စိတ်နဲ့ ဖုန်းဆက်အသိပေး တာဖြစ်မယ်လို့ ကိုချစ်ဖေ တွေးမိသည်။ တစ်ဖက် ဖုန်းဆက်သူ ကလည်း ဖုန်းနံပါတ်ကို သေချာမမေး မစူးစမ်း။ ကိုချစ်ဖေကလည်း အလုပ်ရှုပ်နေလို့ ပြန်မရှင်းပြနိုင်။ နောက်ပြီး " ဆေးလုံးအနီလေး " တဲ့။ ဘာဆေးပါလိမ့်။ ကိုချစ်ဖေ တစ်ယောက် မဆီမဆိုင် ခေါင်းစားမိသည်။

ဘယ်လိုပင် ဖြစ်ပါစေ ညနေအိမ်အပြန်မှာ ဇနီးသည် အထပ်ထပ် အမှာချွေခဲ့တဲ့ ကြားက " ဆေး ၃ မျိုး " လုံး ၀ယ်မလာတဲ့ " မောင် " ဆိုတဲ့ လူကြီးမင်း တစ်ယောက် အတွက်တော့ ကျဉ်းထဲကြပ်ထဲ ခဏတာ ရောက်သွားမယ့် အဖြစ်အပျက်လေးကို တွေးမိပြီး ကိုချစ်ဖေ တစ်ယောက် ပြုံးလိုက်မိသည်။

(ပုံကို google image ကနေယူထားပါတယ်)

Duplicate File Finder 3.5


နောက် freeware လေးတစ်ခုပါ။ 112 KB လေးပဲရှိတယ်။ သူ့ရဲ့ စွမ်းဆောင်ချက်ကတော့ ကွန်ပျူတာထဲက ဖိုင်တစ်ခုဟာ နေရာခွဲပြီး ၂ ဖိုင် ၃ ဖိုင် ဖြစ်နေရင် စုစည်းပြီး ရှာပေးပါတယ်။ ထပ်နေတဲ့ ဖိုင်တွေကို ဖျက်ပစ်နိုင်တာကြောင့် ကွန်ပျူတာရဲ့ free space ကိုပိုရစေပါတယ်။ မိမိရှာလိုတဲ့ ဖိုင်ရဲ့ Extension (jpeg, doc, pmd, p65, xls, pdf .....etc ) နဲ့ ရှာချင်တဲ့ Drive ကို ရွေးချယ်ပေးယုံပဲ ဖြစ်ပါတယ်။ ကွန်ပျူတာထဲ ထပ်နေတဲ့ ဖိုင်တွေကို မိနစ်ပိုင်းအတွက် ရှာပေးနိုင်တဲ့ freeware လေးရဲ့ Zip ဖိုင်ကို ဒီကနှိပ် ပြီး ယူနိုင်ပါတယ်။ အဆင်ပြေကြပါစေ။

Neo's Safekeys 2008 2.3.0


စာရေးပျင်းတာနဲ့ ဖရီးရတာလေး ခြေဆန့်မိတယ်။ 1.8 MB ပမဏရှိတဲ့ freeware လေးပါ။ နက်ကဖီးဆိုင်သွားပြီး သုံးနေရတဲ့ သူတွေအတွက် ဆိုင်က ကွန်ပျူတာထဲမှာ key logger ဆိုတဲ့ ပရိုဂရမ်ထည့်ထားရင် မိမိ Keyboard ကနေရိုက်သမျှ တွေကို မသမာတဲ့သူက အကုန်သိနေမှာပါ။ ကိုယ့်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် တွေအတွက် မလုံခြုံတော့တာ အမှန်ပါပဲ။ ငွေကြေးနဲ့ ဆိုင်တဲ့ အချက်အလက် တွေသာမက ကိုယ်ရေးကိုယ်တာ အတွက် သုံးတဲ့ ဂျီမေးလ် အကောင့်တွေကိုပါ keyboard ကနေ ရိုက်မထည့်ပဲ ခု freeware ကရလာမဲ့ ကီးလေးတွေကို mouse နဲ့ ကလစ်နှိပ်ပြီး ဖွင့်ယူပါ။ key word တွေကို သူက (*) အက္ခရာ အနေနဲ့ ထုတ်ပေးမှာပါ။ ကီးဘုတ်ကို အသုံးပြုတာ မဟုတ်တဲ့အတွက် keylogger ကိုကြောက်စရာမလိုတော့ပါဘူး။ ဒီ freeware ရဲ့ zip ဖိုင်ကို ဒီကနှိပ် ပြီး ယူနိုင်ပါတယ်။ အဆင်ပြေကြ ပါစေ။

Monday, March 30, 2009

နေ့သစ်ရဲ့ မနက်များစွာ ..

waiting for .......... .com လို့တစ်မျိုး၊ connection to .......... .com လို့တစ်နည်း transferring data from .......... .com လို့ အမျိုးမျိုး လူကိုဝမ်းချနေပြီး နောက်ဆုံးမှာတော့ The requested URL could not be retrieved ဆိုတာနဲ့ တစ်နေသာ ကုန်သွားတယ် ကိုယ့်ရဲ့ ဘလော့စာမျက်နှာပေါ် မရောက်ခဲ့ရပါဘူး။ Connection မကောင်းတော့ ဆိုင်ရှင် တရုတ်ကြီးကို လှမ်းလှမ်းရှိုးရတယ်။ သူကလည်း သဘောပေါက်စွာနဲ့ ငွေသွားရှင်းရင် အများကြီး သက်ညာခွင့် ပေးခဲ့လို့သာ နက်ပေါ်တက်ဖို့ သက်ဆိုးပိုရှည် စေခဲ့ပါတယ်။ ဒါလိုနဲ့ စိတ်အစဉ်ကို ဆွဲဆောင်စေတဲ့ ဘလောဂ့်ကို ရောက်နိုင်နိုးနိုး စောင့်ပေမယ့် ထူးခြားမလာ ခဲ့တာကြောင့် အိပ်ယာထဲ စောစောဝင်ဖြစ်တယ်။ ခရီးထွက်နေတာဖြစ်လို့ အိမ်မှာလို ကိုယ့်အိပ်ခန်းထဲမှာ ခုတင်ပေါ် သက်တောင့်သက်သာ အိပ်ရတာ မဟုတ်ပါဘူး။ ယာဉ်မောင်းရဲ့ နောက်ခန်း ဆိုဖာခုံလေးက ကျွန်တော့်ရဲ့ လတ်တလော နိဗာန်ဘုံ ဖြစ်ပါတယ်။ ခုံတန်းဆိုပေမယ့် လူတစ်ယောက် ကျယ်ကျယ်လွင့်လွင့် အိပ်လို့ရနိုင်တယ်။ ကောင်းကောင်း ခြေဆန့်ထုတ်လို့ ဖြစ်ပါတယ်။ အညောင်းမမိပါဘူး။ ဇိမ်ကျမယ့် inn တွေ guest house တွေမှာ တကူးတက သွားမအိပ်ဖြစ်ပါဘူး။ ကိုယ်က သိက္ခာဘယ်လောက်ပဲ ရှိတယ်ပြောပြောပါ။ ကားသမားဆိုတာနဲ့ လူတိုင်းက နှာခေါင်းရှုံ့ကြတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေက အစ လူကိုကြည့်တဲ့ မျက်လုံး၊ ပြောထွက်လာတဲ့ စကားတွေက လူတစ်ယောက်အတွက် မခံချိ မခံသာ ဖြစ်စေလောက် ပါတယ်။ မိန်းကလေး တစ်ယောက်နဲ့ ခင်မိရင် တစ်ဖက်သားအမြင်မှာ အဲဒီ မိန်းကလေးကို ကိုယ်ကပဲ သွေးဖောက်သောက် လေမလားဆိုပြီး မိန်းကလေးအတွက် စိုးရိမ်ပေးနေတတ်တဲ့ စေတနာ စကားတွေ အတွက် စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ ဘာဖြစ်ဖြစ် ကားစောင့်ပြီးသားလည်း ဖြစ်အောင် ကားပေါ်ပဲ အမြဲ လွတ်လွတ်လပ်လပ် အိပ်ဖြစ်တယ်။

မခမ်းနားတဲ့ ငြီးငွေ့ဖွယ် အိပ်ယာအကြောင်းကို ယောင်နေတာနဲ့ ဆိုလိုရင်း အကြောင်းအရာကို မရောက်နိုင်ဘူး ဖြစ်တယ်။ ရေးချင်တာက တစ်ညတာ အိပ်စက်ပြီး နောက်တစ်ရက် နေ့သစ်မနက်မှာ ဘယ်လိုအိပ်ယာထတယ် ဆိုတာကို ပြောပြချင်တာပါ။ ဘ၀သမား တစ်ယောက်အတွက်တော့ နေဖင်ထိုးအောင် မအိပ်ဖြစ်တာတော့ အမှန်ပါ။ ညဖက် ဘယ်လောက်ပဲ အလုပ်များပြီး ညည့်နက်အောင် အိပ်ဖြစ်ပါစေ။ မနက် အာရုံမတက်ခင် လေးနာရီခွဲ နဲ့ ငါးနာရီ လောက်ပုံမှန် အိပ်ယာထဖြစ် ပါတယ်။ ဆင်းရဲတဲ့ ကံဇာတာ ပါလာတာလည်း ဖြစ်နိုင်ပါတယ်။ နာရီနိုးစက် အကူအညီလည်း မလိုခဲ့ပါဘူး။ တစ်ယောက်ယောက်ကို ဘယ်အချိန်မှာ လာနိုးပါ ဆိုတဲ့ စကားကြုံလည်း မကမ်းလှမ်းခဲ့ ဖူးပါဘူး။ နိုးကြားနေတတ်တဲ့ အာရုံအသိက အိပ်ယာကနိုးလို့ လက်ပတ်နာရီကို ကြည့်လိုက်ရင် ထနေကျ အိပ်ယာထချိန် ဖြစ်နေတတ်ပါတယ်။ ဒါက ကျွန်တော်ရဲ့ နေ့စဉ် ရိုးရှင်းတဲ့ မနက်အိပ်ယာထချိန်ပဲ ဖြစ်ပါတယ်။

'' မနက်မှာဘယ်လိုအိပ်ယာကထလဲ '' လို့ Tag ခံထားတာ ပြီးခဲ့တဲ့အပတ် ကတည်းကပါ။ အဆင်မပြေတဲ့ အမျိုးမျိုးသော အကြောင်းကြောင့် ချက်ချင်း မရေးနိုင်ခဲ့ပါဘူး။ ရေးပြီးပြန်တော့လည်း ကောင်းမွန်ခြင်း မရှိတဲ့ ကွန်နက်ရှင်ကြောင့် ပို့စ်အဖြစ် မတင်ဖြစ် နိုင်ခဲ့ပြန်ပါဘူး။ Tag ထားတဲ့ လမင်းငယ် တို့ ကိုလည်း အားနာပါတယ်။ လမင်းငယ် တို့ရဲ့ မနက်ခင်းတိုင်းမှာ နွေးထွေးပြီး ကြင်နာမှုအပြည့်ပါတဲ့ အိပ်ယာထ ဆည်းလည်းသံလေးကို အားကျမိတာတော့ အမှန်ပါ။ ကျွန်တော်လဲပဲ ဘယ်တော့မှများ လမင်းငယ်တို့လို စိတ်လက်ပေါ့ပါးပြီး မင်္ဂလာတွေနဲ့ ပြည့်စုံနေတဲ့ နံနက်ခင်းလေးကို ပိုင်ဆိုင်နိုင်မလဲ လေလို့ အတွေးတွေ ပွားရပါတယ်။ အားလုံးကိုပဲ ပျော်ရွှင်စေချင်ပါတယ်။


Thursday, March 26, 2009

အရင်းစစ်တော့


ကိုချစ်ဖေဇနီး မအေးငြိမ်းက အညာသူစစ်စစ်ပါ။ အေးဆေးတည်ငြိမ်ပြီး နားအေးပါးအေး နေတတ်တဲ့ အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်တယ်။ နယ်မှာနေစဉ်ခါက ဆိတ်ငြိမ်တဲ့ ၀န်းကျင်ကြောင့် စိတ်နေစိတ်ထားလည်း နူးနူးညံ့ညံ့ ရှိလှပါတယ်။ အလုပ်ကို အကြောင်းပြုပြီး ကိုချစ်ဖေတို့ ဇနီးမောင်နှံ တာမွေကို ပြောင်းလာကြရတယ်။ ကိုချစ်ဖေတို့ နေတဲ့တာမွေက တော်တော်လေးကို စည်ကားပြီး အချက်အခြာကျ လှပါတယ်။ မနက်ဖက်ဆို လမ်းဘေးဈေးသည်တွေ အစီအရီနဲ့ ပလက်ဖောင်း ဈေးခင်းလေး ရှိတတ်သလို ညဖက် လူခြေတိတ်ချိန်ထိ အသွားအလာ ပြတ်တယ်ရယ်လို့ မရှိတတ်ပါဘူး။ ဆိုက်ကားသံ၊ အမှိုက်သိမ်း တွန်းလှည်းသံ၊ ရေသန့် တွန်းလှည်းသံ၊ အလှူခံတွေရဲ့ အော်သံတွေအပြင် ဥဒဟို သွားလာနေတဲ့ လိုင်းကားအစုံစုံရဲ့ ဟွန်းသံ၊ ဘရိတ်နင်းသံ၊ လီဘာညစ်သံ တွေကို နိစ္စဓူဝ ကြားနေရတဲ့ ဆူညံသံတွေကြောင့် မအေးငြိမ်းခင်မျာ သည်းမခံနိုင်တော့ပါဘူး။ နူးညံ့တဲ့ စိတ်တွေ ပျောက်ပြီး ကြားသမျှ အသံတွေနောက်ကို တိုက်ခန်းထဲကနေ တဗျစ်တောက်တောက် ရေရွတ်နေတော့တာပါပဲ။ ပြောရခက်လို့သာ ကြည့်နေရတာ၊ နို့မဟုတ်ရင် အော်လွှတ်မယ့် သူပါ။

တစ်နေ့တစ်နေ့ နားမခံသာတဲ့ ဆူညံသံတွေကို အကြောင်းပြုပြီး ဇနီးသည်ကို နားချရတယ်။ သည်းခံပါ၊ ခွင့်လွှတ်ပါ၊ သူတို့မှာလည်း သူတို့မိသားစုရဲ့ တစ်ဝမ်းတခါး အတွက် လှုပ်ရှား သွားလာ လုပ်ကိုင်နေရတာ ဖြစ်လို့ ခန္ဓီတရားနှလုံးသွင်းပြီး နားလည်ပေးဖို့ တိုက်တွန်းရတယ်။ ဒီလိုနဲ့ စိတ်ရင်းမှန်တဲ့ မအေးငြိမ်း တစ်ယောက် တရားသဘော နှလုံးသွင်းပြီး တစ်ယောက်ထဲ အလိုမကျဘဲ ဗျစ်တောက်ဗျစ်တောက် ပြောတဲ့ ဥာဉ်ဆိုးလေး လျော့သွားတယ်။ တစ်နေ့ ရုံးအားရက် တစ်ရက်မှာ နေ့လည်စာစားပြီး ကိုချစ်ဖေ တစ်ယောက် မှေးကနဲ အိပ်ပျော်သွားတယ်။ သိပ်ကြာလိုက်မယ် မထင်ပါဘူး။ ကလေးနဲ့ လူငယ်လူရွယ် သုံးလေးယောက် လောက်က သံပြိုင်အော်လိုက်တဲ့ အသံကြောင့် ကိုချစ်ဖေ လန့်နိုးပြီး ကပြာကယာ ထထိုင်လိုက်မိတယ်-

  • " ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ခင်ဗျာ၊ အသုံးမလိုတော့တဲ့ နို့ဆီဗူးခွံများ၊ ရေသန့်ဗူးခွံများ၊ ဆေးပုလင်းခွံ၊ ကတ္တီပါ ဖိနပ်ပျက်များ၊ မီးချောင်း အကျွမ်းများ၊ မီးသီး အကျွမ်းများ ရှိရင် စွန့်ကြဲပေးပါ။ ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ များခင်ဗျား "

လို့ အိမ်နောက်ဖေး လမ်းကြားကနေ သံပြိုင်အော်သံကို ကြားလိုက်ရတာကြောင့် ကိုချစ်ဖေ စိတ်ထဲမှာတော့ ဒီကလေးတွေ ငါ့မိန်းမနဲ့တော့ တွေ့တော့မှာပဲ ဆိုပြီး စိုးရိမ်စိတ် ၀င်သွားမိတယ်။ ဒါနဲ့ မအေးငြိမ်းကို ကြည့်လိုက်တော့ ဘုရားခန်းထဲမှာ ဘုရားပန်းအိုးတွေ တိုက်ချွတ်နေတာ တွေ့ရလို့ အနည်းငယ် စိတ်အေး သွားရတယ်။ အရင်လို ဒီလိုအနီးကပ် ဆူညံပူညံသံ ကြားလို့ကတော့ ဗျစ်တောက်ဗျစ်တောက် တင်မကတော့ဘူး အသားကုန် ကလော်တုပ် အဟုတ်လုပ်ခဲ့တယ်။ ဒါနဲ့ ကိုချစ်ဖေ တစ်ယောက် ဇနီးဆီ သွားပြီး

  • " မိန်းမရေ၊ ခုတခါတော့ တယ်ငြိမ်ပါလားနော်။ အေးပေါ့လေ စိတ်တိုစရာတွေ ကြုံတိုင်းသာ အော်ဟစ် နေမယ် ဆိုရင်လည်း ပတ်ဝန်းကျင်က ကဲ့ရဲ့ပါမယ်။ တရားသဘောနဲ့သာ စိတ်ကိုဖြေပါ"

လို့ တိုက်တွန်း လိုက်ပါတယ်။ ဒီအခါမှာ ဇနီးသည်ဖြစ်သူ မအေးငြိမ်း ပြန်ပြော လိုက်တာကတော့ -

  • " သြော် ကိုချစ်ဖေ၊ ရှင်က ဘာသိလို့လဲ၊ အရင်တုန်းက အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တဲ့ ဗူးခွံ၊ ပုလင်းခွံတွေ ရောင်းစားရမှန်း သိလို့ အခု လွှင့်မပြစ်တော့ဘဲ ရောင်းစား နေတာပါတော်၊ ဒီကောင်လေးတွေရဲ့ ကျေးဇူးကြောင့်ပဲ ရှင်ကြိုက်တတ်တဲ့ အရွက်ဟင်းတစ်ခွက် ပိုချက်နိုင်တာ။ အမှိုက်ထဲကနေ ငွေဖြစ်အောင် သူတို့လေးတွေ သင်ပေးထားတာလေ။ သူတို့က မိန်းမတို့ရဲ့ ကျေးဇူးရှင်လေးတွေ ဆိုလည်း မမှားဘူးပေါ့ " တဲ့ဗျာ။

ဘာကြောင့် ကမ္ဘာကြီး ဒီလောက် ငြိမ်းချမ်းနေမှန်း ခုမှအကြောင်းစုံ သိရတော့တယ်။ အော် .. ငြိမ်းချမ်းတဲ့ ကမ္ဘာမြေ၊ အေးချမ်းတဲ့ ကမ္ဘာမြေ .. ။

Wednesday, March 25, 2009

'' ကောင်မလေးအတွက်ကဗျာ”


လှပခွင့် မရတဲ့  ညနေခင်းတစ်ခုမှာ
ကောင်မလေးနဲ့ ငါ မဆုံနိုင်အောင်ဝေးခဲ့ 
အချစ်မဲ့ နေပြီဖြစ်တဲ့  နေရာဟောင်းလေးတွေ ပြန်ရောက်တိုင်း
မျက်ဝန်းထဲ ကောင်မလေးရဲ့ ပုံရိပ်တွေမြင်တိုင်း
ရင်မှာ သွက်သွက်ခါအောင် လွမ်းတယ် . . .

ဝေးရပြီဆိုပေမယ့်လည်း သူနှစ်သက်တဲ့ 
သီချင်းတွေ ငါပြန်ဆိုမိနေတုန်းပဲ
အလွမ်းဆိုတာ စကားလုံးလေးလှသလောက်
သစ်ရွက်ကြွေလို ဝေပြဖို့ က
ရင်နင့်လွန်းလှပါတယ် ကောင်မလေးရယ် . . .

သတိရစိတ်နဲ့  တိတ်တိတ်ကလေးသိုဝှက်ထားတဲ့ 
မျှော်လင့် ချက်လေးတွေလည်း ပြိုပျက်ခဲ့ပြီ
တကယ်ဆို သူပြန်မလာနိုင်တော့ဘူး
ဆုံနိုင်ခွင့် ”ဆိုတဲ့  စကားလုံးလေးကိုပဲ
တိတ်တိတ်ကလေး ရွတ်ဆိုရင်း
လေလှိုင်းကြားက ကောင်မလေးရဲ့  အသံတွေ
ငါ့ နားစည်ထက် ပျံ့ လွှင့်နေတယ် . . .

( ပန်းခင်းလေး )

ကွန်နက်ရှင်မကောင်းလို့ ဘလောဂ့်ပေါ် တင်မဖြစ်သေးတဲ့ ပန်းခင်းလေး ရဲ့ ကဗျာလေးပါ။