Showing posts with label ကိုယ်ကျင့်တရား. Show all posts
Showing posts with label ကိုယ်ကျင့်တရား. Show all posts

Thursday, September 12, 2024

စာဖတ်ပါ



 

စာဖတ်ပါ

ရန်ကုန် ဌေးဇော်

မိဘတို့သည် သားသမီးများ စကားပြော တတ်သည့် အရွယ်သို့ ရောက်လျှင်ပင် စာရေးတတ် စာဖတ်တတ် လေအောင် ကျောင်းသို့ စေလွှတ်၍ စာသင်စေသည်။ ကလေးများ ကျောင်းသို့ရောက် သော် ဆရာဆရာမ တို့သည် ထိုကလေးများကို စာရေးတတ် စာဖတ်တတ် ကြစေရန် ပထမဦးဆုံး ဗျည်းအက္ခရာ များမှစ၍ စာကြီးပေကြီး များအထိ သင်ကြားပို့ချကြ လေသည်။ ဤသို့ ငယ်စဉ်ကအစပြု၍ မိဖဆရာသမား တို့က စာဖတ်တတ်အောင် သင်ကြားပေးကြ သည်မှာ စာဖတ်တတ် ခြင်းကြောင့် ကလေးတို့၏ အနာဂတ် ကောင်းကျိုးကို ဖန်တီးနိုင်စေရန် ရည်သန်သောကြောင့် ဖြစ်လေသည်။ လူမျိုးအသီးသီး၊ ဘာသာအသီးသီး တို့တွင် အများအားဖြင့် စာနှင့်စာပေ ဟူ၍ ရှိကြသည်။ စာပေသည် စာမှပေါ်ပေါက် လာသည်။ စာသည် စကား၏ သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စံနစ်တကျ စီစဉ်ရေးသား တင်မှတ်ထားသော အမှတ်အသား ဖြစ်သည်။ အချို့ နိုင်ငံများတွင် ရုပ်ပုံသင်္ကေတ များမှ ဆင်းသက်လာသည့် အရေးအမှတ် များကိုပါ စာဟု ခေါ်ကြသည်။

Sunday, September 1, 2024

စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြု

 



စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြု

          ယနေ့ခေတ်လူငယ် တော်တော်များများ အွန်လိုင်း၊ မီဒီယာများဖြင့် ပျော်မွေ့နေကြသည်။ လူငယ်တွေသာမက လူလတ် ပိုင်း၊ တချိုလူကြီးပိုင်း တွေလည်း အွန်လိုင်းကို စွဲလန်းနေကြသည်။ ကလေးများ ဂိမ်းစွဲလာကြသည်။ ကိုယ်လက် လှုပ်ရှားမှု မရှိ။ လေးလံ လာကြသည်။ လူမှုဆက်ဆံရေး နယ်ပယ် ကျဉ်းမြောင်းခြင်းနှင့် အတူ လောကနီတိ သဘောသဘာဝ ချို့ယွင်း လာကြသည်။ အရေးကြီးဆုံး အချက်ဖြစ်သည့် စာပေလေ့လာ ဖတ်ရှုမှုလည်း အားနည်း လာကြသည်။ စာဖတ် အားနည်းခြင်းက ဘ၀တိုးတက်မှု နာရီလက်တံများကို အတိုင်းအတာ တစ်ခုအထိ ရပ်တန့်သွား စေသည်။ ခေတ်စနစ်၏ တောင်းဆိုချက်အရ ရုပ်ဝတ္တုတွေ တိုးတက် လာသည်။ အကျိုးပြု စာပေများ ဖတ်ဖိုထက် အွန်လိုင်းများ၊ အီလက်ထရောနစ် မီဒီယာများ၊ ဒစ်ဂျစ်တယ်လ် များဖြင့်သာ ပျော်မွေ့နေကြသည်။ သို့သော် အွန်လိုင်းကို အကျိုးရှိရှိ မသုံးမပြုကြပေ။ စာမဖတ်ကြဘဲ ဂိမ်းဆော့ခြင်း၊ မီဒီယာကြည့်ခြင်း တို့ဖြင့်သာ အချိန် ကုန်မှန်းမသိ တစ်နေ့တာ ပြီးဆုံးသွားပြန်သည်။

Monday, November 12, 2018

ဆယ်ကျော်သက်များအကြား မြင့်မားလာနေသော သေကြောင်းကြံစည်မှုများ


ဆယ်ကျော်သက်များအကြား မြင့်မားလာနေသော သေကြောင်းကြံစည်မှုများ

ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူငယ်တွေ လွတ်လပ်မှုကို မြတ်နိုးကြတယ်။ စူးစမ်းကြည့်ချင် ကြတယ်။ ကိုယ်ဘယ်လောက် လုပ်နိုင်သလဲ ဆိုတာကို စမ်းသပ်ကြည့်ချင် ကြတယ်။ တစ်ချိန်တည်းမှာ သူတို့ကို အန္တရာယ်တွေ ကလဲ ၀ိုင်းဝိုင်းလည် နေတယ်။

လူကြီးတစ်ယောက် ဆိုင်ကယ် စီးတော့မယ်ဆိုရင် ဦးခေါင်းကို ကာကွယ်ဖို့ ဦးထုပ်ဆောင်းပါ လိမ့်မယ်။ လမ်း သဘောတရား၊ စက်ရဲ့ လုပ်ဆောင်ချက်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အစရှိ တာတွေကို အမှန်တကယ် နားလည် သဘောပေါက်သူ တွေဖြစ်တဲ့ အတွက် ဆိုင်ကယ်ကို အန္တရာယ် မဖြစ်အောင် ဂရုတစိုက် စီးကြပါလိမ့်မယ်။ သူတို့ကို လမ်းခုလတ်မှာ လူဆိုးတွေ၊ သူခိုးတွေကလဲ ပစ်မှတ်အဖြစ် ရွေးချယ်မှု အားနည်းပါတယ်။ သူတို့ကို ချောင်းရိုက်မယ့် သူတွေ လဲ မရှိသလောက်ပါပဲ။

Sunday, October 22, 2017

ကောင်းကျိုးကိုယ်၌တည်ပါစေ (သို့မဟုတ်) လူ့တန်ဖိုး


ကောင်းကျိုးကိုယ်၌တည်ပါစေ (သို့မဟုတ်) လူ့တန်ဖိုး

မြန်မာအဘိဓာန်တွင် တန်ဖိုးဟူသော ဝေါဟာရကို ပစ္စည်းတစ်ခုခုကို ရောင်းဝယ်ရန် သတ်မှတ်ထားသော ငွေ ၊ ကျသင့်သော အခ ဟုလည်းကောင်း ၊ ကျေးဇူးဂုဏ် ၊ အဖိုးတန်မှုဟု လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ " မီးတိုင်ငယ်လည်း သူ့အရွယ်နှင့်အစွယ်နှင့် ၊ စံပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့် " ဆိုသလို မီးတိုင်ငယ်၏ တန်ဖိုးသည် အလင်းရောင် ၊ စံပယ်ဖူး၏ တန်ဖိုးသည် သင်းပျံ့သောရနံ့ ဖြစ်ကြောင်း ပေါ်လွင်၏။ ပတ်ဝန်းကျင်ရှိ အရာဝတ္ထု ၊ ဒြပ်ရှိ ၊ ဒြပ်မဲ့များ၏ တန်ဖိုးကို တိတိကျကျ သတ်မှတ်၍ ရနိုင်သော်လည်း လူ့တန်ဖိုးကိုမူ အတိအကျ သတ်မှတ်ရန် မလွယ်ကူပေ။ လူအများက တန်ဖိုးရှိသူ ၊ တန်ဖိုးမဲ့သူ ဟူ၍ သတ်မှတ်သုံးနှုန်း နေသည့်တိုင် မည်သည့်အရာဖြင့် တိုင်းတာခြင်း ကိုမူ ဂဃနဏ မသိကြချေ။ မိမိတို့၏ လုပ်ရပ်တစ်ခုကြောင့် တန်ဖိုးရှိသူတစ်ဦး ဖြတ်တတ်သလို တန်ဖိုးမဲ့သူ အဖြစ်သို့လည်း ကျရောက်သွားတတ်သည်။ လူ့ဘ၀တစ်ခုကို ရရှိချိန်တွင် ဘ၀ အနှစ်သာရ ပြည့်ဝစေရေး အတွက်ဆိုလျှင် လူ့တန်ဖိုး ကို နားလည်ပြီး နားလည်ထားသည့် အတိုင်း ကျင့်ကြံအားထုတ် ဆောင်ရွက်ရေးမှာ လူသားအားလုံး အတွက် အခြေခံ လိုအပ်ချက်ပင် ဖြစ်ပေသည်။

Tuesday, May 21, 2013

တကယ်လုပ် အဟုတ်ဖြစ်ရမည်

ကျွန်တော်တို့ လူအများစုဟာ အများအားဖြင့် မိဘတွေရဲ့ အုပ်ထိန်းမှု အောက်မှာ နေထိုင် ခဲ့ရတဲ့ လူတွေပါ။ မွေးခါစကနေ သေသည်အထိ ဆိုပါတော့။ မွေးခါစ ကတော့ မိဘတို့က လက်ပေါ်မှာ သားလေး ဖျားမှာစိုးလို့ ၊ သမီးလေး ဖျားမှာစိုးလို့ ဆိုပြီး ဂရုစိုက် ခဲ့ကြတယ်။ နည်းနည်း အရွယ် ရောက်လာပြီး စကား တီတီတာတာ ပြောတတ်စ ၊ လမ်းလျှောက် တတ်စ မှာတော့ မိမိ သားသမီး တွေကို စိုးရိမ်စိတ် နဲ့ ဟိုဟာ မလုပ်နဲ့ ၊ ဒီဟာ မလုပ်နဲ့ ဆိုပြီး တားမြစ် ခဲ့ကြပါတယ်။ မိဘရဲ့ မေတ္တာ ဆိုတော့ ကျွန်တော် မှားတယ်လို့လည်း မဆိုလို ချင်ဘူး။ တစ်ခါ တစ်ရံမှာလည်း မှားတာ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ကလေးတွေဟာ တစ်စ တစ်စနဲ့ ကြီးပြင်းလာပြီး ကျောင်းနေတဲ့ အရွယ် ရောက်တဲ့အခါ မှာတော့ မိဘတွေရဲ့ စိုးရိမ်စိတ်နဲ့ တားမြစ် ပိတ်ပင်မှု ကြောင့် ကျောင်းစာ တွေမှာတောင် မိမိရဲ့ ကိုယ်ပိုင် အသိဥာဏ် နဲ့ မဆုံးဖြတ် ရဲတော့ဘဲ ဆရာ ၊ ဆရာမ တွေရှင်းပြမှ နားလည်တာမျိုး ၊ ကျူရှင်တွေ တက်ရတာမျိုး တွေ ဖြစ်ကုန် ပါတယ်။

လူ့သမိုင်း တစ်လျှောက်မှာ အမှား မလုပ်ဖူး သူရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ လူ့ဘ၀ ကိုက အမှားနည်းအောင် ၊ အမှားကင်းအောင် ရှောင်လို့ မရတဲ့ ဘ၀ပါ။ မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား ရယ်လို့ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေကို မဆိုထားနဲ့ ၊ လုပ်ငန်း ကျွမ်းကျင်တဲ့ လူကြီး တွေတောင်မှ သူတို့ရဲ့ လုပ်ငန်းမှာ မှားတတ် ကြတာ ပါပဲ။ ဒါကြောင့် မို့လို့လည်း ကျီးကန်ရှင်ကြီး က ဆေးသမား သားသေ ၊ ဗေဒင်ဆရာ လည်းနွားပျောက် လို့ မိန့်ဆို ဖူးပါတယ်။

သို့ပါ၍ နေ့စဉ် လုပ်ဆောင် နေသော လုပ်ငန်း ဆောင်တာ များတွင် ကြုံတွေ့ ရသော အမှားများကို သင်ခန်းစာ ယူကာ အမှန်ဖြစ်အောင် ပြုပြင် ၊ မှန်ကန်၍ အကျိုးများ လုပ်ရပ်များ ကို ကောင်းသည်ထက် ကောင်းအောင် ကြံစည် အားထုတ် လုပ်ဆောင် ပါက လုပ်ငန်းခွင် အောင်မြင်မှု နဲ့ အတူ ဘ၀ ရည်မှန်းချက် ၊ မျှော်လင့်ချက် များသည် မုချ မာန အဟုတ် ဖြစ်နေ မည်သာ ဖြစ်ပါသည်။

ကျွန်တော်တို့ လူငယ် အများစုပဲ ကြည့်ပါ။ ကိုယ်နဲ့ သင့်လျော်မယ် ထင်လို့ ၊ အံဝင် ခွင်ကျ ဖြစ်မယ် ထင်လို့ ၀ယ်လိုက်တဲ့ အ၀တ်အစား ဟာ ဘောင်းဘီ ဆိုပွနေတာတို့ ၊ ရှည်နေတာ ၊ ခါးကြီးနေတာတို့ ၊ ခါးကျပ် နေတာတို့ တွေ့ကြုံ ရတတ်ပါတယ်။ အဲဒီ အထဲကမှ ကိုယ်နဲ့ သင့်လျှော်မယ့် ၊ အံဝင်ခွင်ကျ ဖြစ်မယ့် အ၀တ်အစား တွေကို ရွေးပြီး ၀တ်ကြ ရတာပါ။ အဲဒီလိုပဲ လောကမှာ မိမိနဲ့ သင့်လျှော်မယ့် အံဝင် ခွင်ကျ ဖြစ်မယ့် အလုပ်ရယ် လို့လည်း မရှိပါဘူး။ မိမိက သင့်လျော်မယ် ထင်လို့ ၊ အံဝင် ခွင်ကျမယ် ထင်လို့ အလုပ်တွေမှာ အတွေ့အကြုံ လည်းမရှိ ၊ ကျွမ်းကျင်မှု လည်း မရှိသေးတော့ အမှားတွေ တွေ့နေတတ် ပါတယ်။ ဒီလိုနဲ့ မိမိက လုပ်လိုက် မှားလိုက် ၊ မှားလိုက် ပြင်လိုက် ၊ ပြင်လိုက် မှားလိုက် ၊ ထပ်မှားလိုက် ထပ်ပြင်လိုက် နဲ့ပဲ အောင်မြင်မှု ရအောင် ကြိုးစား အားထုတ် နေရတာပါ။ တစ်ချို့ ပြောတာကို ကျွန်တော် ကြားဖူး ပါတယ်။ ငါ့ဘ၀မှာ တစ်ခါမှ အမှား မလုပ်ဖူးဘူးတဲ့။ အဲဒီစကားမျိုး ပြောတဲ့သူဟာ မိမိ ကျူးလွန် ခဲ့ဖူးတဲ့ အမှားကို ၊ ပြုလုပ် ခဲ့တဲ့ အမှားကို သင်ခန်းသာ မယူတတ် လို့ပါပဲ။ ဒီအမှားကို သင်ခန်းစာ မယူတတ်တဲ့ အတွက် လူတော် လူကောင်း တစ်ယောက် မဖြစ်နိုင် ပါဘူး။ အမှားကို သင်ခန်းစာ ယူတတ်ခဲ့မှ သာလျှင် လူတော် လူကောင်း တစ်ယောက် ဖြစ်ပါတယ်။ လူတော် လူကောင်း ဆိုတဲ့ နေရာမှာ ၂ မျိုး ၂ စား ရှိပါတယ်။ လူတော် ဆိုတာ ကတော့ ဆရာဝန် တစ်ယောက် ဟာ လူနာတွေကို ခွဲစိတ် ကုသတဲ့ နေရာမှာ ကျွမ်းကျင်တယ် ၊ အင်ဂျင်နီယာ တစ်ယောက်ဟာ လုပ်ငန်းပိုင်း ဆိုင်ရာတွေမှာ ကျွမ်းကျင်တယ် ၊ ပန်းရံ ဆရာ တစ်ယောက်ဟာ ပန်းရံ လုပ်ငန်းကို ကျွမ်းကျွမ်း ကျင်ကျင် လုပ်နိုင်တယ်။ ပန်းပု ဆရာ ကလည်း ရုပ်လုံး ရုပ်ကြွ တွေ ပုံဖော်တဲ့ နေရာမှာ ကျွမ်းကျင်တယ် စသည်ဖြင့် ဒီလို လူတွေကို လူတော်လို့ ခေါ်နိုင် ပါတယ်။ ဒါ့အပြင် ရည်မှန်းချက် တာဝန်တွေ အောင်မြင်ဖို့ အတွက် စနစ်တကျ စီမံခန့်ခွဲ နိုင်တဲ့ ခေါင်းဆောင်တွေ ၊ တာဝန် အောင်မြင်ဖို့ အတွက် ကြီးကြပ် ကွပ်ကဲမှု အနည်းဆုံး နဲ့ လိုက်ပါ ဆောင်ရွက် နေကြတဲ့ ငယ်သားတွေ ၊ မိမိလုပ်ငန်း အလိုက် ကျွမ်းကျင် နေကြတဲ့ လူတွေ အားလုံးကလည်း လူတော် တွေပဲလို့ ဆိုနိုင်ပါတယ်။ လူကောင်း ဆိုတာကတော့ မိမိ အတွက်ရော ၊ သူတစ်ပါး အတွက်ရော ၊ ပတ်ဝန်းကျင် အတွက်ပါ အကျိုး ရှိစေတဲ့ သူတွေကို ခေါ်ပါတယ်။

လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ တစ်ကယ် ဖြစ်ချင် တစ်ကယ်လုပ် အဟုတ် ဖြစ်ရမည် ဆိုတဲ့ အတိုင်း မိမိ လုပ်ရမယ့် လုပ်ငန်းနဲ့ ပတ်သက်လို့ သေချာစွာ စဉ်းစား ဆင်ခြင် သုံးသပ်ပြီး ရဲရဲဝံ့ဝံ့ လုပ်ဆောင် ပါက အောင်မြင် နိုင်မှာပဲ ဖြစ်ပါတယ်။ အောင်မြင်မှု ရအောင် ဆောင်ရွက်တဲ့ နေရာမှာ ထိုက်သင့်တဲ့ အတွေ့အကြုံ လည်း လိုအပ်ပါတယ်။ အတွေ့အကြုံ ဆိုတဲ့ နေရာမှာ ကိုယ်တိုင် လုပ်ဆောင် ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံရယ် ၊ ပတ်ဝန်းကျင် က ရတဲ့ အတွေ့အကြုံ ရယ် ဘယ်လို ဟာမျိုးပဲ ဖြစ်ပါစေ ထုတ်နုတ် အသုံးချ နိုင်ရန် အသုံးဝင် အဖိုးတန် တာပဲ ဖြစ်ပါတယ်။

ကမာရွတ် ( အာဇာနည် )

http://pyichit-thar.blogspot.com/2013/05/blog-post_21.html

Saturday, May 4, 2013

အမျိုးဘာသာ ခိုင်မြဲရာ


ကမ္ဘာ့နိုင်ငံ အသီးသီး တို့တွင် လူမျိုး နှင့် ဘာသာဟူ၍ သူတို့ ယုံကြည်မှု ဖြင့် သူတို့ ရှိနေကြသည်မှာ လူတိုင်း သိမြင် ကြပါမည်။ ထို့အတူ ကျွန်ုပ်တို့ မြန်မာ နိုင်ငံတော်ကြီး မှာလည်း မြန်မာ ဆိုသော အမျိုးအနွယ် တို့သည် ဗုဒ္ဓဘာသာ ကို ယုံကြည် ကိုးကွယ်လျက် ရှိသော ထေရ၀ါဒ ဗုဒ္ဓ သာသနာ ထွန်းတောက်ရာ နိုင်ငံကြီး တစ်ခု ဖြစ်ပေသည်။

ယနေ့ အချိန်သည် အမျိုးသားရေး မျက်စိဖွင့်ကာ အမျိုးဘာသာ ၊ သာသနာတော် ကို တည်ဆောက် သွားကြရမည့် ကာလ ဖြစ်လေသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်ုပ်တို့ မြန်မာ နိုင်ငံတော် ကြီးကို တိုင်းတစ်ပါး သားမှ ဘာသာ ၊ ယဉ်ကျေးမှု တို့က ခြေချ နေရာယူ နေပြီ ဆိုတာကို စာဖတ်သူတို့ မျက်မြင် ဖြစ်ပါသည်။ ဥပမာ - တိုင်းတစ်ပါး ၀တ်စား ဆင်ယင်မှု ၊ တိုင်းတစ်ပါး ယဉ်ကျေးမှု နှင့် ဗုဒ္ဓဘာသာ မဟုတ်သော အခြား ဘာသာတို့က တရွေ့ရွေ့ တိုးဝင် နေရာယူ နေသည်ကို သိမြင် ကြပါလိမ့်မည်။

အခြား ဘာသာတို့သည် ကလေးငယ် များကိုပါ လက်ဆွဲ၍ သူတို့ ဘုရားကျောင်း ကို သွားကြ လေသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်တွေ ကတော့ " ဟာ ... ကလေးတွေ ဘုန်းကြီးကျောင်း မှာ ရှုပ်ပါတယ် ၊ တော်ရာမှာ ဆော့ ကစားနေပါ .... " ဟု လူကြီး တော်တော် များများ ပြောလေ့ ရှိကြပါသည်။ ထိုအချက်မှာ လွဲမှားသော အတွေးအခေါ် ဟု ဆိုရပါမည်။ ငယ်စဉ် ဘ၀ ကတည်းက ဗုဒ္ဓဘာသာ စာပေ ယဉ်ကျေးမှု တို့ကို ခေါင်းထဲ ရိုက်မသွင်း ခဲ့တာကြောင့် ထိုကလေးများ ကြီးပြင်း လာသော အခါတွင် မိမိတို့ ဘာသာ လူမျိုး အတွက် စိုးရိမ်စရာ ဖြစ်လာ ရလေသည်။ ယခုမှာပင် ကျွန်ုပ်တို့ မျက်ဝါး ထင်ထင် တွေ့မြင် နေရတာတွေ တင်ပြရလျှင် အသက် ၅၀ ၀န်းကျင် တို့သည် လူကြီးပိုင်းကို ရောက်နေပြီဟု ဆိုရပါမည်။ သို့ရာတွင် ထို လူကြီး အမျိုးသား အမျိုးသမီး တို့ကား မိမိတို့ ဘာသာ ယဉ်ကျေးမှု ဓလေ့စရိုက် တို့ကို သေချာ ကျနစွာ မသိလေတော့ သားသမီးငယ် လူငယ် လူရွယ်များကို မဆုံးမ ၊ မသွန်သင် နိုင်ကြပါဘဲ အမြင် မတော်သော ၀တ်စား ဆင်ယင်မှု ၊ အမူအကျင့် ၊ အပြောအဆို တို့မှာ ရိုင်းပျ ကြမ်းတမ်း ကြပါလေ သည်။ ကိုယ့်အထက် ကြီးသော လူကြီးသူမ များထံဝယ် ချည်းကပ် ဆည်းပူး လေ့လာမှု အားနည်း ကြရလေသည်။ ဒါကြောင့် အနာဂတ် ကာလတွင် အမျိုး ဘာသာ အတွက် အလွန်မှ စိတ်မအေး နိုင်စရာများ တွေ့နေရမည် ဖြစ်ပေသည်။

ဤနေရာတွင် အမရပူရ ၊ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနက ဘိဝံသ ၏ ကဗျာလေး တစ်ပုဒ်က ဤသို့ ဆိုထား ပါသည်-



" မျိုးဆက်သစ် များသို့ မှာတမ်း "



အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်

အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်က

မပြတ်မစဲ အိုးပင်ကွဲလည်း

အမြဲတစေ တည်ရှိနေသို့

ထွေထွေသွေးသား ကလေးများ၌

ဘုရားတံဆိပ် ဘာသာစိတ်ကို

ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်

ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်

ကိုယ်စီခတ်နှိပ် စေသတည်း ။

ဟူသော ဆရာတော် ဘုရားကြီး ၏ ကဗျာသည် ဗုဒ္ဓဘာသာ မြန်မာ ကလေးများကို ငယ်စဉ် ကာလ ကတည်းက ရင်ထဲ နှလုံးသားထဲ မှာ ဘာသာစိတ် တို့ တည်ကိန်း နေရေး အညွှန်းပြု ထားခြင်း ဖြစ်ပါသည်။ ကလေးငယ် များကို ယခုကာလ ကတည်းက ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာပေ ၊ မင်္ဂလာ တရား သင်တန်း တို့မှ သင်ကြား လေ့လာ စေဖို့ လိုပါသည်။

၁၄-၃-၂၀၁၃ ရက်နေ့က ဓမ္မစကူးလ် ဖောင်ဒေးရှင်း နှစ်ပတ်လည် အခမ်းအနား မှာလည်း ခေတ္တ မြန်မာပြည် ရောက် ပီနံ ဆရာတော်ကြီး နှင့် ဆရာတော် သံဃာတော် တို့ကလည်း မိန့်ကြား ခဲ့ကြရာမှာ ဘာသာစာပေ မသိသော ကလေးတို့အား ဘာသာစာပေ ယဉ်ကျေးမှု အဖြစ် လေ့လာ သင်ကြား နိုင်ရေးကို ဆိုထားရာမှာ ဘာသာ ပျောက်လျှင် လူမျိုး ပျောက်နိုင်ပါသည်။ လူမျိုး ပျောက်လျှင် နိုင်ငံပါ ထိပါး ပျက်စီး သွားစေနိုင် ပါသည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တို့ကလည်း သူတစ်ပါးသော ယဉ်ကျေးမှု ကိုမှ အထင်ကြီး အလေးထား ၊ မြန်မာနိုင်ငံ ရဲ့ နေရာ တော်တော် များများ မှာ အမြင်မတော် ကြည့်မကောင်းသော အပြုအမူ ၀တ်စားမှု တို့ကို တွေ့မြင် နေရပါသည်။ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို စော်ကား နေသကဲ့သို့ ယူဆ ရပါသည်။ ခေတ်မီတာတော့ ကောင်းပါသည်။ ခေတ်ဆန်ပြီး လော်လီ တာကတော့ သရုပ်ပျက် စေပါသည်။ ကိုယ့်ဘာသာ ကိုယ့် ယဉ်ကျေးမှု ကို မျက်ကွယ်ပြု ထားသူတို့ သည် စင်စစ် ပြောရလျှင် အမျိုးဖျက် သူများ ဖြစ်သည်ဟု ထင်မိ ပါသည်။

တိုင်းတစ်ပါး ယဉ်ကျေးမှု ၀တ်စား ဆင်ယင်မှု တို့သည် မြန်မာမှု မဟုတ်ပါ။ ကျွန်ုပ်တို့ မြန်မာနိုင်ငံ တွင် မြန်မာမှု ဓလေ့ ထုံးတမ်း စဉ်လာ ဟူသော ဆိုရိုးစကား နှင့် အညီ မြန်မာ့ ယဉ်ကျေးမှု ၊ ၀တ်စား ဆင်ယင် ထုံးဖွဲ့မှု တို့မှာ လွန်ခဲ့သော နှစ် တစ်ထောင်ကျော် ပုဂံခေတ် ကတည်းက ရှိနေပြီ ဖြစ်ပါသည်။ အမျိုး ဘာသာ သာသနာ နှင့် ဆီလျှော်သော အမျိုးဂုဏ် ကို ဖော်ဆောင်သော ယဉ်ကျေးမှု တို့ မဆိတ်သုန်း ရလေအောင် ဘာသာ တရားကို လက်ကိုင် ထား ပြုမူ နေထိုင် သွားကြဖို့ ရာမှာ မြန်မာလူမျိုး တို့တွင် တာဝန်ရှိ သကဲ့သို့ ရင်ထဲ အသည်းထဲ နှလုံးထဲမှာပါ ငါတို့သည် ဗုဒ္ဓဘာသာ သာကီဝင်နွယ် တွေပါလား ဆိုသည့် မျှော်ထောက်ရှု ဖို့အတွက် မြန်မာ တစ်မျိုးသား လုံးတို့၏ အရေးပင် ဖြစ်ပါသည်။

ဆရာဇော်ဂျီ ကလည်း ဒီနေရာမှာ ဘာသာ နှင့် လူမျိုးကို မီးမောင်း ထိုးပြသည့် ကဗျာလေး တစ်ပုဒ်မှာ အမျိုးသားရေး စိတ်ဓာတ် ထားရှိ စေရန် နှင့် ခိုင်မြဲ တည်ကြည်သော ဗုဒ္ဓ ဘာသာဝင် များ ဖြစ်စေဖို့ ကို ရည်ညွှန်း ဖော်ပြ ထားပါသည်။ " မသေခင် မိမိတို့ ဘာကို ပြုခဲ့မည်နည်း " ဟုလည်း ရည်ရွယ် ထားပါသည်။



" သင်သေသွားသော် "


လူ့ပြည်လောက လူ့ဘ၀ကား

အိုရနာရ ဦးမည် မှန်ပေတည့်

သို့တပြီးကား

သင်သေသွားသော်

သင်ဖွားသောမြေ သင်တို့မြေသည်

အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ ။

သင်၏ အမျိုးသား စာစကားလည်း

ကြီးပွား တိုးမြှင့် ကျန်ကောင်း သင့်၏ ။

သင်ဦးချ၍ အမျှဝေရန် စေတီသာနှင့်

သစ္စာ အရောင် ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက် ၀င်းလျှက် ကျန်စေ သတည်း ။ ။
( ဆရာဇော်ဂျီ )



အချုပ် ဆိုရပါလျှင် မြန်မာ တစ်မျိုးသား လုံးသည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရန် အမှန် လိုပါသည်။ သို့ရာတွင် ခေတ်ဆန်သည် ဆိုသည်ထက် ခေတ်ကို လော်လည်ခြင်း မဖြစ်သင့်ပါ။ တိုင်းတစ်ပါး ၏ ၀တ်စား ဆင်ယင်မှု ယဉ်ကျေးမှု တို့သည် မြန်မာ ရိုးရာဓလေ့ ထုံးတမ်း ယဉ်ကျေးမှု အမွေ မဟုတ်ပါ။ မိမိ ဘာသာ စာပေ ယဉ်ကျေးမှု တို့ကို အမျိုးသားရေး မျက်စိဖြင့် ရှုမြင် သုံးသပ်ကာ ၀ံသာနု ရက္ခိတ တရားတည်း ဟူသော အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက် သွားနိုင်မည့် မျိုးဆက်သစ် လူငယ်များကို လက်ဆင့်ကမ်း သင်ကြား ပို့ချ ပေးသွားရန်မှာ အရေးကြီး သကဲ့သို့ ဓမ္မစကူးလ် ကျောင်းများ ကိုလည်း ၀ိုင်းဝန်း ပံ့ပိုး ကူညီ ပေးသွား နိုင်ကြ ပါစေရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။



( ရွှေတိုင်လွင် )

Tuesday, April 30, 2013

လူဖြစ်ကျိုးနပ်ဖို့

လူသည် တိရစ္ဆာန်ထက် မြင့်မြတ်ရမည်။ လူသည် သက်ရှိ သတ္တ၀ါ တို့အနက် အဆင့် အလွန် ကွာခြား လောက်အောင် မြင့်မား လှသည်။ လူသည် မိမိထက် ကိုယ်ခန္ဓာ အဆမတန် ကြီးမားလှသော ဆင်ကိုပင် ခိုင်းစေနိုင်သည်။ လူသည် ကမ္ဘာမှာ အကြီးမားဆုံး သော ဝေလငါး ကိုလည်း ဖမ်းဆီး နိုင်သည်။ မိမိ၏ အမြင့်မှ ပျံသန်း နိုင်သော ငှက်သတ္တ၀ါ ကိုလည်း ကြိုက်သလို စီရင်နိုင်သည်။ ထို့ကြောင့် လူ၏ အသိဥာဏ် ပညာကို မည်သည့် သတ္တာဝါ မှ မယှဉ်နိုင်ပေ။ အသိဥာဏ် ရှိသော လူကသာ သက်ရှိ သတ္တ၀ါ အားလုံးအပေါ် လွှမ်းမိုး နိုင်သည်။

တိရစ္ဆာန် တို့သည် စာရေး ၊ နေရေး ၊ မေထုန် မှီဝဲရေး ၊ အသက်ရှင်ရေး တို့ကိုသာ စွမ်းဆောင် နိုင်သည်။ လူသည် စာရေး ၊ နေရေး ၊ ချက်ရေး ၊ ဖတ်ရေး ၊ အသက်ရှည်ရေး ဖြင့်သာ အချိန်ကုန် သွားလဆင် လူဖြစ်ကျိုး မနပ်နိုင် တော့ပေ။ တိရစ္ဆာန် နှင့် တန်းတူ ဖြစ်သွား ပေမည်။ လူသည် တိရစ္ဆာန် တို့ထက် အသိဥာဏ် ပညာ ကြီးမား သောကြောင့် အသိဥာဏ် ပညာကို အသုံးချ တတ်မှသာ တိရစ္ဆာန် တို့ထက် သာလွန် ထူးတော်သော လူသား စစ်စစ် ဖြစ်ပေသည်။ လူသားတိုင်း သည် မွေးလာပြီး အသိဥာဏ် အသုံးချ တတ်ပြီ ဆိုကတည်းက ပညာ သင်ကြားရသည်။ ပညာ တတ်သူက ပညာ မတတ်သူ၏ အထက်မှာ နေရသည်။ ပညာပို တတ်သူက ပညာ အတတ်နည်း သူထက် ပို၍ သက်တောင့် သက်သာ စီးပွား ရှာနိုင်သည်။ အတိတ်ကံ ဘယ်လောက် ကောင်းကောင်း ပညာဥာဏ် မရှိလျှင် လူဆင်းရဲ ၊ စိတ်ဆင်းရဲ ၊ ဥစ္စာဆင်းရဲ ရပြီး ဆင်းရဲ မျိုးစုံ နှင့်သာ နပမ်းလုံး နေရသည်။ အတိတ်ကံ ကောင်းပါက ပညာဥာဏ် ရှိလျှင် ရှိသလောက် လူချမ်းသာ ၊ ဥစ္စာချမ်းသာ ၏။ သို့သော် လောကီ ပညာတတ်ရုံ ဖြင့် စိတ်ချမ်းသာ မည်ဟူ၍ မလုံလောက်ပေ။

ပညာ မတတ်သူရော ၊ ပညာတတ် သူပါ စားဝတ် နေရေး ၊ ချမ်းသာရေး အတွက် လုံးပမ်း နေရသည်။ ထို အရေး အတွက် စီးပွားရှာ ၊ ပညာရှာ ၊ ပြေလည် နေရုံ ဖြင့်တော့ လူဖြစ်ကျိုး မနပ်နိုင်ပေ။ လူသည် တိရစ္ဆာန်ထက် ချမ်းသာလို ပါလျှင် လောကီ ပညာ ၊ စီးပွား ပညာ တို့အပြင် လောကုတ္တရာ ပညာချမ်းသာ ကြွယ်ဝ တတ်မြောက် မှသာ တိရစ္ဆာန်ထက် အဆင့်မြင့် ပေသည်။ တိရစ္ဆာန် လိုက်၍ မမှီနိုင်သော ချမ်းသာမှု ကို ယူနိုင်မှသာ တိရစ္ဆာန် ထက်ပို၍ မြင့်မြတ် ပေမည်။ စီးပွား ဥစ္စာ ချမ်းသာပြီး ထိုင် ပိုင်ဆိုင်မှု တွေကို စိတ်မချဘဲ သေသွားလျှင် လောဘစိတ် ဖြင့် သေမည်။ စီးပွားပျက်ပြီး မကျေနပ် ပါက ဒေါသစိတ်ဖြင့် သေမည်။ လောကုတ္တရာ အသိဥာဏ် မပြည့်စုံလျှင် မောဟစိတ် ဖြင့် သေမည်။ လောဘ ၊ ဒေါသ ၊ မောဟ တို့ဖြင့် သေပါက အပါယ် ၄ ဘုံသို့ ကျကာ ( ပြိတ္တာ ၊ ငရဲ ၊ တိရစ္ဆာန် ) ဖြစ်သွား ပေမည်။

ထိုကဲ့သို့သော လူဘ၀ ဖြစ်လာ ရခြင်းသည် လွန်စွာမှ နမြောစရာ ကောင်းလှ ပေသည်။ ထို့ကြောင့် လူရယ်လို့ ဖြစ်လာလျှင် လောကီ ပညာ ၊ စီးပွား ပညာ ၊ စည်းစိမ် ဥစ္စာ ဘာတွေ ချမ်းသာ ချမ်းသာ လူဖြစ်ကျိုး မနပ်သေးပေ။ တိရစ္ဆာန် နှင့် အဆင့်ကွာ လိုလျှင် လောကုတ္တရာ ပညာဥာဏ် တတ်မြောက် မှသာ အဆင့်မြင့် သည့်လူ ဖြစ်လာ ပေမည်။ လူဖြစ် လာပါလျက် အပါယ် ၄ ဘုံမှ လွတ်မြောက် နိုင်လောက်အောင် လောကုတ္တရာ ပညာ မတတ်လျှင် လူဖြစ်ကျိုး မနပ်တော့ပေ။ ထို့ကြောင့် လူဖြစ်ကျိုး နပ်အောင် အပါယ် ၄ ဘုံမှ လွတ်မြောက် အောင် ကြိုးစားဖို့ လိုအပ်ပေသည်။

လူဖြစ် ရခြင်း၏ အဓိက ရည်ရွယ်ချက် သည် ၀မ်းစာရှာ ဖို့မဟုတ် ၊ အိပ်ဖို့ မဟုတ် ၊ စားဖို့ မဟုတ် ၊ ကာမဂုဏ် ခံစားဖို့ မဟုတ် ၊ ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်သည်။ တိရစ္ဆာန် တွင် ၀မ်းစာရှာခြင်း ၊ အိပ်ခြင်း ၊ စားခြင်း ၊ ကာမဂုဏ် ခံစားခြင်း ဟူသော အချက် ၄ ချက် ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ ၄ ချက်ပင် ရှိသည်။ ဤ ၄ ချက်သာ ရှိနေပါက လူသည် တိရစ္ဆာန် နှင့် ဘာမျှမထူး ၊ အတူတူ သာဖြစ်သည်ဟု မေတ္တာရှင် ( ရွှေပြည်သာ ) ဆရာတော် က ဟောကြား ခဲ့သည်။ ဆက်လက်၍ ဆရာတော် က လူသားသည် ကုသိုလ် ( ပရဟိတ အလုပ် ) ကို လုပ်တတ်သည်။ တိရစ္ဆာန် က မလုပ်တတ် ၊ ဤကုသိုလ် ( ပရဟိတ ) အလုပ်ကြောင့် သာလဆင် လူသားသည် တိရစ္ဆာန် ထက် သာလန် မြင့်မြတ် သွားခြင်း ဖြစ်သည်။ (၃၁)ဘုံတွင် လူ့ဘုံ သည်သာလျှင် ကုသိုလ် လုပ်၍ ရပေသည်။ အခြားဘုံ များက လူ့ဘုံ ကဲ့သို့ တင်းပြည့် ကျပ်ပြည့် မရနိုင်ပေ။ လူ့ဘုံ အောက်တွင် ရှိသော အပါယ် ၄ ဘုံ တွင် ဆင်းရဲ ဒုက္ခသည် များလွန်း သောကြောင့် မည်သည့် ကုသိုလ်မှ ပြုလုပ်၍ မရပေ။ လူ့ဘုံ အထက်တွင် ရှိသော နတ်ဘုံ ၊ ဗြဟ္မာဘုံ တို့တွင်ကား ချမ်းသာ သူတွေ များလွန်း အားကြီး သောကြောင့် မည်သည့် ကုသိုလ်ကိုမျှ ကောင်းကောင်း လုပ်၍ မရနိုင်ပေ။ ဥပမာ အားဖြင့် နတ်ပြည် နှင့် ဗြဟ္မာပြည် တွင် အလှူခံ ပုဂ္ဂိုလ် မရှိ သောကြောင့် ဒါနကုသိုလ် မည်သို့မျှ မပြုနိုင်ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဘုရားလောင်း သည် နတ်ပြည်သို့ ရောင်လျှင် သက်တမ်းပြည့် မနေရဘဲ သက်တမ်း၏ သုံးပုံ တစ်ပုံ လောက်သာ နေကာ မိမိကိုယ်ကို သေအောင် ပြု၍ လူ့ပြည်သို့ ပြန်သွား ကြသည်။ လူ့ပြည် သို့ ရောက်မှ ဒါန ၊ သီလ စသော ကုသိုလ် ပါရမီ များကို တင်းပြည့် ကျပ်ပြည့် ဆည်းပူး ကြသည်။ ထို့ကြောင့် " လူ့ဘ၀ ရခဲ လှပေ၏ ၊ ခဏတာ ရလာသော လူ့ဘ၀ ကို အကျိုးရှိရှိ နေကြ ၊ အသုံးချကြ လို့ ... " ပြောခဲ့သော ဘိုးဘွား တို့၏ စကားသည် လွန်စွာမှ တန်ဖိုး ရှိခဲ့ပေသည်။ လူဖြစ်ပြီး ပညာမဲ့သည့် လူ့ဘ၀ကို ကာမဂုဏ် ခံစားဖို့ အတွက်သာ အသုံးချ၍ နေမည် ဆိုလျှင် အပါယ် ၄ ပါးသို့ သွားပြီး လူဖြစ် ရခြင်း၏ အဓိက ရည်ရွယ်ချက် ကို သိသော ပညာရှိသည် လူ့ဘ၀ ကို ကုသိုလ်ရဖို့ အတွက် အသုံးချရ၍ နိဗ္ဗာန်သို့ သွားသည်။ ပုထုဇဉ်တိုင်း လောဘရူး ၊ မောဟရူး ၊ ဒေါသရူး ၊ မာနရူး တွေနဲ့ ပြည့်နှက် နေသော ဤလောကကြီး တွင် နည်းနည်းရှုး နှင့် များများရူးသာ ကွာခြား ကြသည်။ ထို အရူးရောဂါကို တရားစခန်း ဆေးရုံမှ သမထ ၀ိပဿနာဖြင့် ကုသလျှင် ပျောက်ကင်း နိုင်သည်။

ရခဲလှစွာသော လူ့ဘ၀မှာ လူဖြစ်ကျိုးနပ် ဖို့အတွက် ရလာတဲ့ အချိန်လေး အတွင်း မိမိတို့ တတ်နိုင် သလောက် ဒါန ကုသိုလ် ၊ သီလ ကုသိုလ် ၊ ၀ိပဿနာ ကုသိုလ် တို့ကို ကျင့်ကြံ ကြိုးစား အားထုတ် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်း ရေးသားလိုက် ပါသည်။ လူတိုင်း လူတိုင်း လိုက်နာ ကျင့်ကြံ ကြိုးစား အားထုတ်ရင်း လူ့ဘ၀ကြီးကို အကျိုးရှိအောင် နေထိုင် ကြပါစို့ လို့ ရေးသား လိုက်ရပါသည်။
ကိုးကား

(၁) မေတ္တာရှင် ( ရွှေပြည်သာ ) ၊ လူဖြစ်ရခြင်း ရဲ့ အဓိက ရည်ရွယ်ချက်

(၂) လူဖြစ်ကျိုးနပ်ဖို့ သောတာပန် သို့ ( အက်စ်အက်စ် ခင်မောင်အေး )

Sunday, December 6, 2009

အချိန်တွေ နှမြောတတ်ပါစေ

အချိန်တွေ နှမြောတတ်ပါစေ

ကျွန်တော်တို့ရဲ့ ရခဲလှတဲ့ လူ့ဘ၀ဆိုတာ အလွန်ပဲ တိုတောင်းလွန်းတဲ့ အချိန်ကာလလေး ဖြစ်ပါတယ်။ ဒီတိုတောင်းလှတဲ့၊ ရခဲလှတဲ့၊ တန်ဖိုးရှိလှတဲ့ အချိန်လေးမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နေတတ်ဖို့ နဲ့ တစ်ယောက်အပေါ် တစ်ယောက် အပြစ်မမြင်တတ်ဖို့ အလွန်မှ အရေးကြီးပါတယ်။ နောက်ပြီး တစ်ယောက်အပေါ် တစ်ယောက် စိတ်ကောင်း စေတနာကောင်း ထားတတ်ဖို့လည်း အထူး လိုအပ်ပါတယ်။ စိတ်စေတနာကောင်း ရှိဖို့ အဓိကကျတာကို ဒီလို လေ့လာထားဖူး ပါတယ်။

(၁) စိတ်ကောင်းရှိဖို့က (ပထမ)
(၂) ၀ိနည်းလေးစားတတ်ဖို့က (ဒုတိယ)
(၃) ကျန်းမာဖို့က (တတိယ)
(၄) သန့်ရှင်းဖို့က (စတုတ္ထ)
(၅) အ၀တ်အစား ၀တ်တတ်ဖို့က (ပဉ္စမ)
(၆) အနေအထိုင်တတ်ဖို့က (ဆဋ္ဌမ)
(၇) အသွားအလာတတ်ဖို့က (သတ္တမ)
(၈) အပြောအဆိုတတ်ဖို့က (အဋ္ဌမ)
(၉) စည်းကမ်းလိုက်နာဖို့က (န၀မ)
(၁၀) စာတတ်ဖို့က (ဒသမ) ဆိုတာ ဖြစ်ပါတယ်။

လူတိုင်းကိုယ်စီ စိတ်ကောင်းရှိနေဖို့ ပဓာနကျတယ်ဆိုတာ ဘယ်အခါမှ သံသယ မဖြစ်မိပါဘူး။ လူတစ်ယောက်ဟာ စိတ်ကောင်း နှလုံးကောင်း ရှိနေမယ်ဆိုရင် ကျန်တဲ့အရာတွေမှာ အလိုက်သင့် ပြည့်စုံလာမှာ ဖြစ်ပါတယ်။ စိတ်ကောင်းရှိသူ တစ်ယောက်ဟာ ကိုယ်ကျင့်တရားပါ ကောင်းမွန်နေမယ်ဆိုရင် ကျန်လိုအပ်ချက် တွေကို ကြိုးစားဖြည့်ဆည်း လိုက်ရုံနဲ့ လူတော်တစ်ယောက် ဖြစ်လာမှာ ဧကန်အမှန်ဖြစ်ပါမယ်။

အမြဲပဲ မိမိစိတ်ဟာ ကောင်းတဲ့စိတ်လား၊ မကောင်းတဲ့စိတ်လား ဆိုတာကို မကြာမကြာ ပြန်လည်ဆန်းစစ် ကြည့်ဖို့လိုပါတယ်။ တကယ်လို့ လမ်းလွဲရောက်နေတဲ့ အတွေးအခေါ်၊ အယူအဆ၊ အသိတွေဖြစ်နေခဲ့ရင် ဆင်ခြင်တုံဥာဏ်နဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ရင်းနဲ့ စိတ်ကောင်းသူ တစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ယူနိုင်ရပါမယ်။ မိမိရဲ့ စိတ်နှလုံး ဖြူစင်နေမယ်၊ ငြိမ်းချမ်းနေမယ် ဆိုရင် သူတစ်ပါးကို ကြည့်တဲ့အခါ အပြစ်တွေကို မြင်မိမှာ မဟုတ်ပါဘူး။ မိမိရဲ့စိတ်က ညစ်နွမ်းနေမယ်၊ မကြည်မလင်ဖြစ်နေမယ် ဆိုရင် ဘယ်အရာကို ကြည့်ကြည့် အပြစ်တွေပဲ မြင်နေမိမှာ သဘာဝပါ။ ဒါကြောင့် မိမိရဲ့စိတ်အစဉ်ကို သန့်ရှင်းကြည်လင် နေစေဖို့ အမြဲမွေးမြူပါလို့ ပြောချင်ပါတယ်။ ဒီလိုဆိုရင် လောကကြီးဟာ အကြည်းတန် မနေတော့ဘဲ သာယာလှပပြီး ပျော်ရွှင်စရာအတိနဲ့ အပြစ်ကင်းစင်နေတဲ့ မိမိပတ်ဝန်းကျင်ကို ထာဝရ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

တခဏတာ ရရှိထားတဲ့ ဘ၀သေးသေးလေး အချိန်တွေကို တစ်ယောက်အပေါ်တစ်ယောက် ရန်စောင် ငြူစူ စောင်းမြောင်း ကောက်ကျစ် ၀န်တိုမှုတွေ နဲ့အဓိပ္ပာယ်မဲ့ မကုန်ဆုံးကြပါစေနဲ့လို့ ဆန္ဒပြုလိုက်ပါတယ်။



Wednesday, March 18, 2009

အမြဲနုပျိုနေစေဖို့


ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားပုံလေးလို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ရင်တော့ ကောင်းပါတယ်။ လူတိုင်းကလည်း ဒီလို ပျော်ရွှင်မှုကို တောင့်တကြမှာ အမှန်ပါ။ တဒင်္ဂလောက် စိတ်လိုလက်ရ ရယ်မော လိုက်နိုင်ရင်တောင် တစ်ရက်ပိုပြီး အသက်ရှည်တယ်ဆိုတာ ယုံကြည်ထားကြတယ် မဟုတ်ပါလား။ အသက်တစ်ရက် ပိုရှည်ဖို့အတွက် ရမယ်ရှာပြီး ရယ်ဖြစ်ရင်တောင် စိတ်ထဲမှာ ပျော်ရွှင်မှု ဆိုတာ မရှိရင် အသက်ပါတဲ့ ရယ်မောခြင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုနဲ့ သောကကို မမျှမတ ရောမွှေထားတဲ့ ဒီဘဝထဲမှာ သောကစိတ်က ပိုများနေမှာပါ။ ကိုယ်လိုချင်တာ မရနိုင်တဲ့အခါမျိုးမှာ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာ နိုင်တဲ့ အခါမျိုးမှာ တက်ရိပ်ပြနေတဲ့ သောကရဲ့ ဒီရေကို ပိုမြင်မိမှာပါ။ သောကဗျာပါဒ စိတ်များတော့ အရွယ်မတိုင်ခင် ရုပ်ရည်ရင့်တာတို့၊ ရုပ်ရည်ကျတာတို့ ဖြစ်ဖို့ အထောက်အကူ ဖြစ်နေမှာပါ။ ဒါကြောင့် လျင်မြန်စွာနဲ့ အိုမင်းခြင်းကို ရှောင်ရှားစေနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ် ..

၁။ ဦးနှောက်ကို အလုပ်ပေးပါ ..
  • စိတ်ကို အချိန်နဲ့အမျှ အလုပ်ပေးထားတာဟာ ဦးနှောက်ရဲ့ တုံ့ပြန်မှု လျော့နည်းလာတာကို ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ် တွေထဲမှာရှိတဲ့ အာရုံကြော မျှင်တွေကို အသစ်ဖွံ့ဖြိုး လာစေတယ်လို့ သိရပါတယ်။ ဒီအာရုံကြောမျှင်တွေက အသက်ကြီးလာတဲ့အခါ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံသစ်နဲ့ စိတ်ကို လေ့ကျင့်ပေးရင် အာရုံကြောမျှင်တွေ အသစ်ပြန်ဖြစ် စေပါတယ်။ ဒါကြောင့် စာဖတ်ရင်ဖြစ်စေ၊ တီဗွီ အစီအစဉ်ကို ကြည့်သည်ဖြစ်စေ ဦးနှောက်ကို တွေးတောစရာ၊ မှတ်သားစရာတွေ ပေးတဲ့ အစီအစဉ်တွေကို ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။
၂။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ ..
  • အသက်ကြီးလာရင် ကိုယ်လက် လှုပ်ရှားမှု နည်းလာပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လည်း နှေးကွေး လာပါတယ်။ ကယ်လိုရီလိုအပ်မှုလည်း နည်းလာပါတယ်။ ဒီအတွက်ကြောင့် ကိုယ်အလေးချိန် လျော့ကျလာစေ ပါတယ်။ ဒါကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
၃။ မိတ်ဆွေ သူငယ်ချင်း များများထားပါ ..
  • ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး မိတ်ဆွေအပေါင်းအသင်း မျုားတဲ့သက်ကြီး ပိုင်းတွေဟာ ရှိရင်းစွဲ အသက်အရွယ်ထက် ပိုပြီး နုပျိုလန်းဆန်း စေတယ်လို့ သိရပါတယ်။ တစ်ဦးအပေါ်တစ်ဦး ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ကောင်းတွေက စိတ်ဖိစီးမှုကို ကာကွယ်ပေးပါသတဲ့။
၎။ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေကို ရှောင်ပါ ..
  • ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း မရှိပေမယ့် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိရင်တောင် အိုမင်း ရင့်ရော်စေတယ်လို့ သိရပါတယ်။ ဆေးလိပ်ငွေ့တွေရှိတဲ့နေရာမှာ ၄ နာရီလောက်ရှိနေရင် ရှိရင်းစွဲ အသက်ထက် ၇ နှစ်စာလောက် အိုစာသွားစေပါတယ်။ အသက် ၄၀ အရွယ် ဆေးလိပ်သောက်သုံးသူရဲ့အသားအရည် ဟာ ဆေးလိပ်မသောက်တဲ့ အသက် ၆၀ အရွယ်ရဲ့ အသားအရည်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆေးလိပ်မှာ ပါဝင်တဲ့အဆိပ်ဓာတ်က အသားအရည်အတွက် အောင်ဆီဂျင်ရရှိမှုကို အားနည်းစေပြီး တစ်ရှူးတွေကို ပျက်စီးစေတယ်လို့ သိရပါတယ်။
၅။ အိပ်ရေး၀၀ အိပ်ပါ ..
  • မိမိရဲ့ ရုပ်ရည်အတွက်ရော၊ ကျန်းမာရေး အတွက်ပါ အချိန်မှန် အိပ်ဖို့နဲ့ အိပ်ရေး၀၀ အိပ်ဖို့ အရေးကြီး ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ကိုယ်ခံအားကို မြင့်တက်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း အထိုက်အလျှောက် ကာကွယ်ပေးပါတယ်။
၆။ စိတ်ဖိစီးမှုကို တိုက်ဖျက်ပါ ..
  • စိတ်ဖိစီးမှုက လူကို အိုမင်းစေပါတယ်။ စိတ်ဖိစီးမှုက လူကို နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပြီး၊ စိတ်တင်းကြပ်မှု တာရှည်လာရင် ကိုယ်ခံအားကို လျော့ပါးလာစေ ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်း ကတော့ တရားထိုင်ခြင်းနဲ့၊ ယောဂကျင့်စဉ်လိုမျိုး စိတ်ကို တည်ငြိမ်စေမယ့် လေ့ကျင့်မှုမျိုးကို လုပ်ဆောင် ပေးသင့်ပါတယ်။
၇။ အိမ်ထောင်ရေးသုခကို ခံစားပါ ..
  • အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရရှိတဲ့ အိမ်ထောင်သည် တွေဟာ အိမ်ထောင်ရေး သုခ အပြည့်မ၀ မရရှိတဲ့ အိမ်ထောင်သည် တွေထက် ၇ နှစ်ပိုပြီး နုပျိုစေတယ်လို့ မှတ်သားရ ပါတယ်။ (အိုမင်းရင့်ရော် တာကနေ ရှောင်လွဲနိုင်အောင် မြန်မြန် အိမ်ထောင်ထူသင့်တယ်လို့ ပြောချင် တာများလား မသိ...၊ အတွေးတွေ ပွားသွားရပါတယ်)။
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

Monday, March 16, 2009

သူ့အတွက် ရိုးဂုဏ်မျှသာ


ဖုန်ထနေတဲ့ မြေနီလမ်းပေါ် ကလေးငယ်တစ်သိုက် လွတ်လွတ်လပ်လပ် ပြေးလွား ဆော့ကစားနေကြတယ်။ ပျော်ရွှင်နေတဲ့ ကလေးငယ်တွေကို ကြည့်ပြီး သူတို့လေးတွေရဲ့ အပူအပင်ကင်းတဲ့ ဘ၀လေးကို အားကျမိခဲ့တယ်။ လောဘတွေ မောဟတွေ မာနတွေ ကင်းစင် နေတာကြောင့်လဲ သူတို့ရဲ့ ဘ၀လေးတွေ ဖြူစင်တယ်။ လိုချင်တပ်မက်မှု ဆိုတာလည်းဘာမှ မရှိသေးတာမို့ သူတို့ အတွေးလေး တွေလည်း စင်ကြယ်တယ်။ ဆာရင်စားမယ်၊ ပျော်စရာတွေ့ရင် ရယ်မောမယ်၊ ၀မ်းနည်းစရာတွေ့ရင် အမေ့ကို တမ်းတပြီး ငိုမယ်။ နေညိုလို့ အိပ်ချိန်တန်ရင် အမေ့ရဲ့ နွေးထွေးတဲ့ ရင်ငွေ့အိပ်ယာက အသင့်မို့ လိုလေးသေးမရှိ ပြည့်စုံပါတယ်လို့ ပြောနိုင်ပါတယ်။

ကြောင့်ကျမဲ့ ကလေးဘ၀ကို ပြန်တမ်းတလို့ မရနိုင်မှန်းသိပေမယ့် ပြန်ရောက်ချင် မိပါတယ်။ ကလေးသဘာဝ ဘာပဲ လိုချင်လိုချင် ပူဆာလိုက်ရုံနဲ့ ရနိုင်တယ် မဟုတ်ပါလား။ ရောက်နေတဲ့ လက်ရှိဘ၀လေးကို ကျေနပ်တင်းတိမ် နိုင်ပေမယ့် တခါတလေ အားငယ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လိုချင်နေတာ ကိုယ်ဖြစ်ချင် နေတာတွေ ထင်သလို ဖြစ်မလာလို့ပါ။ အားငယ်စရာ မဟုတ်ပေမယ့် အားငယ်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လိုချင်လွန်းတဲ့ အရာက ပင်မြင့် တော်ဝင်ပန်း ဖြစ်နေလို့ပါ။

အဆုံးစွန်မှာတော့ လူတစ်ယောက်မှာ ပညာမရှိရင် အသိဥာဏ်ရှိမယ်။ အသိဥာဏ်မရှိရင် ဆွေမျိုး အသိုင်းအ၀ိုင်းရှိမယ်။ ဆွေမျိုး အသိုင်းအ၀ိုင်းမရှိရင် မိတ်ကောင်း ဆွေကောင်းတွေ ရှိမယ်။ ဘာမှ မရှိတော့ရင်တောင်မှ ဘာများ အားငယ်နေမှာလဲနော်။ အမေပေးထားတဲ့ ဦးနှောက်ရှိသေးတယ်။ နောက် ခြေနှစ်ဖက်၊ လက်နှစ်ဖက် ရှိသေးတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အာမခံပေးနိုင်မဲ့ ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားလဲ ရှိသေးတယ်။ ဒါဆို လူဖြစ်ရကျိုးတော့ နပ်ပါသေးတယ် မဟုတ်ပါလား။ ရိုးသားမှုကိုတော့ ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးနဲ့ အမြတ်အစွန်း အများဆုံး ရရှိစေတဲ့ အရင်းအနှီး တစ်မျိုး ဖြစ်တယ်လို့ ထင်မိပါတယ်။ မိမိနဲ့ ဆက်သွယ်လာသူ မှန်သမျှ အပေါ်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ ရိုးသားမှုကို ပြသပါ။ ရိုးသားမှုကို ပြသဖို့အတွက် အချိန်တော့ လိုပါမယ်။ ရိုးသားမှုအတွက် အချိန်ပေးဆပ်မှုကတော့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါမယ်။ ရိုးသားခြင်းဟာ အင်မတန် ရှားပါးတဲ့ ရတနာတစ်မျိုးလည်း ဖြစ်ပါတယ်။ လူတိုင်း လိုအပ်တဲ့ ပေးဆပ်ခြင်းမျိုးလည်း ဖြစ်ပါတယ်။ ရိုးသားပြီး သိမ်မွေ့တဲ့လူကိုတော့ ဘယ်သူမှ ဥပေက္ခာမပြုနိုင်ဘူးလို့ ထင်မိပါတယ်။ အသိအမှတ် မပြုဘဲလည်း နေလို့ မရနိုင်ပါဘူး။ ကျွန်တော့်မှာက ရိုးသားမှုတစ်ခုပဲ ပေးနိုင်စွမ်းသေးလို့ပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ .. .. ။


Thursday, March 12, 2009

ဖြစ်ချင်မိတဲ့ ဆန္ဒလေး .. ..

ခရီးထွက်နေရရင် ပျော်စရာ သိပ်ကောင်းမှာပဲလို့ လူတွေက ထင်ကြပါမယ်။ အပျော်ခရီး ကို သူငယ်ချင်းတွေနဲ့ သွားရတယ် ဆိုရင်တော့ ပျော်စရာအတိ ဖြစ်မှာပါ။ ခုတော့ အလုပ်တစ်ဖက်နဲ့ ခရီးထွက်တာဆိုတာ့ ပျော်ဖို့ နေနေသာသာ အန္တရာယ် မဖြစ်အောင် ဂရုစိုက်နေတာနဲ့ပဲ စိတ်ဖိစီးမှုတွေ များများ လာရတယ်။ အလုပ်က ခရီးထွက်နေရတဲ့ အလုပ်ပေမို့ ခရီးသွားရတဲ့ ကံပါတယ်လို့ ဆိုရမှာပေါ့။ ခရီးစဉ်တိုင်းတော့ အဆင်ပြေ ချောမွေ့တယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ကားက မဖောက်ရင် လူက ဖောက်တယ်။ လူနဲ့ ကားနဲ့ ကောင်းရင် ကုန်တွေက ဖောက်တယ်။ နောက် လမ်းကအဆင်မပြေ တာတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် နိစ္စဒူဝ လုပ်နေရတဲ့ အလုပ်မို့ ပျော်တာလည်း မဟုတ်တော့ဘူး၊ မပျော်ဘူးလည်း မဆိုနိုင် တော့ပါဘူး။ ခရီးထွက်လို့ လက်ငင်း ရဖြစ်တဲ့ အကျိုးကတော့ ဘုရားစာ များများ ရွတ်ဖြစ်တာပဲ ပြောစရာရှိပါတယ်။ ဒုက္ခကို ကြောက်လို့တော့ ဟုတ်ပါဘူး မမြင်နိုင်တဲ့ အန္တရာယ်တွေ ကင်းအောင်ပါ။

မနေ့က ပဲခူးကနေ ပြန်ရောက်ရောက်ချင်းပဲ ပင်ပန်းတာကို အကြောင်းပြပြီး ချက်ချင်း ရေချိုးလိုက်မိတယ်။ အပူရှပ်သလို ဖြစ်ပြီး ခုတော့ ကိုယ်လက် မအီမသာ ဖြစ်ရတယ်။ ဖွင့်ထားတဲ့ Chat Box ကနေ ကျောက်မြောင်းက သယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ကိုးကွယ်တဲ့ ဘာသာအယူ ၀ါဒမတူတဲ့ ချစ်သူနှစ်ဦးရဲ့ ရင်တွင်းဇာတ်လမ်း အဖြစ်အပျက်လေးကို ဆွေးနွေးဖြစ်ခဲ့တယ်။ တစ်ယောက်က ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်၊ ကျန်တစ်ယောက်က ခရစ်ယာန်ဘာသာ ကိုးကွယ်တယ်။ စိတ်တူကိုယ်တူ ချစ်သူဘ၀ကို မရောက်ဖြစ်သေးတဲ့ သယ်ချင်း နှစ်ယောက်ပါ။ တစ်ယောက်ကို တစ်ယောက် မြတ်နိုးခဲ့ ပေမယ့်လည်း ဘာသာတရား ကိုင်းရှိုင်းလွန်းတဲ့ နှစ်ဖက် မိဘဆွေမျိုး တွေကြောင့် ရှေ့ဆက်မတိုးနိုင်တဲ့ မေတ္တာဘွဲ့ဖွင့် ဇာတ်လမ်းလေးပါ။ ဒီအကြောင်းလေး ပြောဖြစ်တော့ ကျိုင်းတုံက စီနီယာ သူငယ်ချင်း စုံတွဲကို သွားသတိရမိတယ်။ စီနီယာ အစ်မက ခရစ်ယာန်၊ စီနီယာ အစ်ကိုက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်။ ယူခါစတုန်းကတော့ သူ့ဘာသာ ကိုယ့်ဘာသာကို ယုံကြည်သလို နှစ်ဦးသဘောတူ တစ်မျိုးစီ ကိုးကွယ်ခဲ့ကြတယ်။ ဘာမှတော့ ပြဿနာ ကြီးကြီးမားမား မရှိခဲ့တဲ့ အေးချမ်းတဲ့ အိမ်ထောင်ရေးလေးပါ။ ဒါပေမယ့် နှစ်တွေကြာပြီး သားသမီးတွေ ရလာတဲ့အခါ အမေနဲ့ ပိုအနေနီးတဲ့ သားသမီးတွေက ခရစ်ယာန်လေးတွေ ဖြစ်ကုန်တယ်။ စီနီယာ အစ်ကိုခင်မျာလည်း ဇနီးနဲ့ သားသမီးကို ချပ်ကျောင်း အကြိုအပို့ လုပ်ရင်းကနေပဲ နောက်ဆုံးတော့ မိသားစုကို ငဲ့ညာပြီး ဘာသာခြားကို ကူးသွားခဲ့တယ်။ ခုထက်ထိ နွေးထွေးတဲ့ မိသားစုလေးနဲ့အတူ ရှေ့ခရီးကို ချီတက်ဆဲပါ။ နောက်ပေါက် ကောင်လေးနဲ့ ကောင်မလေးကရော တံတိုင်းလို ခြားနေတဲ့ ဘာသာအယူဝါဒကို ဘယ်လို ကျော်လွှားနိုင်မှာ လဲနော်။ ရှေ့ဆက်ဖြစ်ရင်တော့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်လာမှာ အမှန်ပါပဲ။

တကယ်တော့ အချစ်ဆိုတာ သူ့ကဏ္ဍနဲ့သူ၊ သူ့ကံဇာတာနဲ့သူ သတ်မှတ်ပြီးသား ဖြစ်နေရင် အင်မတန် မြတ်နိုးစရာ ကောင်းတဲ့ ခံစားချက် တစ်ခုပါ။ အဲဒီအချစ်ကို ဘာသာအယူဝါ တွေနဲ့ ပိုင်းခြား၊ ငွေကြေးအရှိန်အ၀ါ တွေနဲ့တိုင်းတာ၊ မာနအတ္တတွေ တကိုယ်ကောင်း ဆန်မှုတွေနဲ့ ချိန်ထိုး နေမယ်ဆိုရင် အချစ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်သွားပါမယ်။ အမှန်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလည်း မဟုတ်သလို၊ ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ပါဘူး။ အနီးစပ်ဆုံး ပြောရရင် တစ်ဦးနဲ့ တစ်ဦး စိတ်တူ ကိုယ်တူ ဖလှယ်ခြင်းလို့ မြင်မိပါတယ်။ တစ်ဦးရဲ့ ပျော်ရွှင်မှုကို တစ်ဦးဆီကို ပေးပြီး ဖလှယ်တာဟာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်စေပါတယ်။ ဒါကြောင့် ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ တစ်ဦးအပေါ် တစ်ဦး နားလည်မှုရှိပြီး အပေးအယူ မျှတခဲ့မယ်ဆိုရင် ပျော်ရွှင်တဲ့ ဘ၀တစ်ခုကို တည်ဆောက် ယူနိုင်မယ်လို့ ထင်မြင်မိပါတယ်။

သယ်ချင်းနဲ့ အပေါ်ကအတိုင်း ဆွေးနွေးနေရင်းနဲ့ပဲ အင်တာနက် ကွန်နက်ရှင်းက ပြတ်သွားတယ်။ သွေးရိုးသွေးတန်း ကွန်နက်ရှင် ဒေါင်းတယ်လို့ပဲ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ဂရုမပြုဘဲ ပစ်ထားတာ ကြာပီဖြစ်တဲ့ ဖုန်းတွေ အလိမ်းလိမ်းတက်နေတဲ့ modem ကိုဖုန်သုတ်ဖို့ ကောက်ကိုင်လိုက်တာ မီးစွဲနေတဲ့ မီးသွေးခဲကို ကိုင်လိုက်မိသလို လက်တစ်ခုလုံး အပူလောင် သွားတယ်။ အပူလွန်ကဲနေတဲ့ modem ကိုလည်း လက်ကနေ လွတ်ချလိုက်ရတယ်။ ခုမှပဲ အိပ်ခန်းကို ညော်နံ့သင်းနေစေတဲ့ တရားခံကို တွေ့တာ ဖြစ်တယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်ပစ္စည်းတွေ ချည်းပဲဆိုတော့ ဒီလို ညော်နံ့က နှာခေါင်း ယဉ်နေတာမို့ ဖာသိဖာသာပဲ နေခဲ့မိပါတယ်။ Modem မကောင်းရင်တော့ အင်တာနက်တက်ဖို့ တစ်ရက် နှစ်ရက်လောက်တော့ သည်းခံရပါအုန်းမယ်။ ဒီလိုတွေးပြီး စိတ်မကောင်း ဖြစ်ရတယ်။ နေ့တိုင်း အင်တာနက်ပေါ် အလည်လွန် နေတတ်သူ တစ်ယောက်အနေနဲ့ ရုတ်တရက် အင်တာနက်ပေါ် မတက်ဖြစ်တဲ့ ရင်ထဲက ခံစားချက်ကို နားလည်နိုင်ကြမှာပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

Wednesday, March 11, 2009

အတွေးတွေ ဆန့်ထုတ်ချင်တယ်

အလုပ်ကိစ္စနဲ့ သွားနေရတဲ့ ထောက်ကြန့်တို့ ပဲခူးတို့ ဆိုတာ ကျွန်တော့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လို လူးလာခေါက်တုန့် သွားနေကျ ဖြစ်တယ်။ ဘယ်အချိန်စထွက်ရင် အိမ်ကို ဘယ်အချိန်မှာ ပြန်ရောက်မယ် ဆိုတဲ့ ကြာမြင့်ချိန်ကို တွက်ချက်နေ စရာမလိုအောင် ခေါင်းထဲ အလွတ်ရမြဲပါ။ ခုတော့ မှန်းခဲ့လေသမျှ တေ့လွဲလွဲ တာတော့ မဟုတ်ပါဘူး။ ငါးပါးမှောက်အောင်ကို လွဲခဲ့ပါတယ်။ ခရီးဆောင်အိတ်ကို နောက်ခန်းထဲ ထည့်ပြီးတာနဲ့ ကားကို ရန်ကုန်ဘက်ဆီ ဦးတည်လိုက်တယ်။ပဲခူးကို ရောက်နေတဲ့ ၆ ရက်လုံးလုံး ပစ်ထားတဲ့ကားကို ပြန်ခါနီးမှ တံခါးလေးဖွင့် တက်မောင်းခဲ့တဲ့ နမော်နမဲ့ နိုင်တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်ရတယ်။ အင်းတိုင် မရောက်ခင်လေးမှာ ကားက တိုင်ပင်ခြင်းမရှိပါဘဲနဲ့ ညင်ညင်သာသာပဲ စက်ထိုးရပ်သွားတယ်။ တစ်ယောက်ထဲ ခရီးထွက်နေကျမို့ ဒီလိုအခက်အခဲ လောက်တော့ ကိုင်တွယ်ဖြေရှင်း နေကျပါ။ ကားပေါ်ကဆင်းတော့ ရှင်နေမင်းရဲ့ ဘုန်းတန်ခိုး အစွမ်းကုန် တောက်ပတဲ့ အချိန်အခါမို့ လူကိုမိုက်ကနဲ ဖြစ်စေလောက်အောင် နေအပူရှိန်က သံလျှပ်ပမာ လင်းလက် ပြင်းထန်လွန်းလှပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းရင်း ငါဟဲ့ ယောက်ျား သေခါမှ ဇွဲလျော့မယ် ဆိုတဲ့ဗန္ဓုလထုံး နှလုံးမူပြီး ကားစက်ဖုံးကို ဖွင့်ပြင်တယ်။ နာရီဝက်ကြာတော့ ကျွန်တော့်ရဲ့ ကားပြင်ပညာသာ ကုန်သွားတယ် ကားက တုတ်တုတ်မျှ လှုပ်မလာပါဘူး။ အိမ်က ဖျက်ကနစ်တွေလည်း ခုနကမှ ရှမ်းပြည်တက်သွားလို့ ဆန့်ကျင်ဘက် လမ်းခွဲခဲ့ကြတာဆိုတော့ သူတို့ကို မျှော်လို့မရတော့ဘူး။ ဒီတစ်ခါတော့ ကားက လူကို ပြန်စီးတဲ့ အချိန်ရောက်ပြီမို့ အလှည့်ကျရင် မနွဲ့စတမ်းပါပဲ။


အမှတ်(၄)လမ်းမကြီး လမ်းဆုံရောက်တဲ့အထိ တွန်းလိုက်ရတာမို့ လူလည်း တော်တော်လေး ဗြိုင်းသွားတယ်။ ဒီလိုဖြစ်ဖို့ ရာသီဥတုကလည်း ခြေထိုးနေတာမို့ ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ မှတ်ယူမိပါတယ်။ မြေညီ ကတ္တရာလမ်း ပြေပြေ လေးမို့ပဲ တော်တော့တယ်။ ဒီလို အခက်အခဲလေးတွေ ကြုံပြန်တော့ အိမ်ကိုအရင်ဆုံး သတိမရဖြစ်ဘဲ အွန်လိုင်းပေါ်က ဘော်ဒါတွေကို စီကနဲ အစီအရီ တန်းမြင်မိတယ်။ (အဟိ . . ထမင်းလုံး တစ္ဆေခြောက်တာလဲ ဟုတ်ပါဘူး၊ ပုန်းပန်းချီမ တွယ်နေတာလဲ ဟုတ်ပါဘူး။ ကိုယ် ကိုယ်၌က စိတ် ကယောက်ကယက် ဖြစ်နေတာ၊ ဘော်ဒါတွေကို အဲလောက် သံယောဇဉ် ကြီးတယ်ဆိုတာ ယုံ) ၀ပ်ရှော့ရှေ့ ပန်ဒါပင်ရိပ်အောက်က ထန်းလျက် ပက်လက် ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်နဲ့ ကားပြင်တာကို ထိုင်စောင့်နေမိတယ်။ မျက်နှာကို နေထိုးပေမယ့် ပင်ပန်းတဲ့အရှိန် ကြောင့် မျက်နှာလွဲ မနေတော့ဘဲ နေထိုးတဲ့အလင်းကနေ အဖြူရောင် မီးလုံးတွေကြားမှာ ပန်းရောင် မိန်းကလေး တစ်ယောက်ကို ထဲထဲဝင်ဝင် မြင်မိတယ်။ သေချာကြည့်လေ မသဲကွဲလေ၊ အားစိုက်ကြည့်လေေ၀၀ါးသွားလေမို့ အားမလိုအားမရ ဖြစ်စေတာ အမှန်ပါပဲ။ ၀ပ်ရှော့ဆရာတွေ ၁၀ မိနစ်လောက် ကားကို စစ်ဆေးပြီးတော့ ကျွန်တော်ဆီ ပြန်လာတယ်။ ကားရဲ့ပြစ်ချက်က "ဓာတ်ဆီ ကုန်နေတာ အစ်ကိုလေး" တဲ့ခင်ဗျာ .. .. ။ ရှက်လိုက်တာမှ မျက်နှာတောင် ထားစရာနေရာ မရှိတော့ ပါဘူး။ ရန်ကုန်ကနေ စထွက်ကတည်းက တိုင်ကီအပြည့် ဖြည့်ထားတာမို့ ကုန်နိုင်စရာ အကြောင်းမရှိ ပါဘူး။ ပဲခူးရောက်တော့လည်း ဘယ်မှ သွားဖြစ်တာ မဟုတ်တာကြောင့် သွေးရိုးသွေးတန်း ကုန်တာတော့ မဟုတ်လောက်ပါဘူး။ ဆီတိုတဲ့ တရားခံတွေကို ချက်ချင်း ပြေးမြင်မိတယ်။ ပြန်လာပါစေအုန်း ဘယ်လို ပညာပြန်ပြရမယ် ဆိုတာကို အကြွေးစနစ်နဲ့ တေးထားလိုက်မိတယ်။


ပဲခူးကနေ ဘယ်အချိန် ထွက်လာတယ်ဆိုတာကို ပြောဖြစ်ခဲ့ပေမယ့် အိမ်ကို အချိန်လွန်မှ ရောက်လာလို့လည်း တကူးတက ခေါ်မေးမြန်းတာ မရှိခဲ့ပါဘူး။ အိမ်အလုပ်က လူကို စိတ်ချမ်းသာစေတဲ့ ကောင်းကွက်လေး တစ်ခုပါ။ အပေါ်ထပ်တက်ပြီး အိပ်ခန်းတံခါးကို ဖွင့်ဝင်တော့ ၀ါယာညော်တဲ့ အနံ့က တစ်ခန်းလုံး လွှမ်းခြုံနေတယ်။ သင်္ကာမကင်းဖြစ်မိတဲ့ ကွန်ပျူတာကို ဖွင့်ကြည့်တော့ အကောင်းအတိုင်းပဲ Window က ပုံမှန် တက်လာတယ်။ နက်ထဲဝင်ကြည့်တော့ ရောက်နှင့်နေတဲ့ ဘော်ဒါတွေလည်း မနည်းပါဘူး။ ကိုယ်ကစပြီး နှုတ်ဆက်လေ့ မရှိတာကြောင့် G-talk ကို ဒီအတိုင်းပဲ ဖွင့်ထားလိုက်တယ်။ ဘာအတွက်ကြောင့် ကိုယ်က စပြီး နှုတ်မဆက်ဖြစ်တာလဲ ဆိုတဲ့ အကြောင်းရင်းက တစ်ဖက်လူ အနေနဲ့ စာဖတ်နေတာလား၊ အလုပ်များနေတာလား၊ ကိုယ့်ထက် အရေးပါတဲ့လူနဲ့ စကားပြောနေတာလား ဆိုတဲ့ အားနာစိတ်၊ အလိုက်တသိ စိတ်လေးကြောင့် အွန်လိုင်းပေါ် တွေ့နေပေမယ့် နှုတ်မဆက်ဖြစ်တာကို နားလည်ပေးစေချင် ပါတယ်။ ထင်သလို မာနကြီးတာလည်း မဟုတ်ပါဘူး၊ စတယ်ကိုင်တာလည်း မဟုတ်တဲ့ အကြောင်း သိစေချင်ပါတယ်။ ဘယ်လိုအချိန်မျိုး၊ ဘယ်လို အခြေအနေမျိုး မှာမဆို တခြားသူတွေရဲ့ ခံစားချက်ကို လေးစားတတ်ခြင်းဟာ ယဉ်ကျေး သိမ်မွေ့မှု တစ်မျိုးပဲလို့ မြင်မိပါတယ်။ (ဆက်ရေးပါအုန်းမယ်)

Friday, March 6, 2009

မိတ်ကောင်းဆွေမွန်

ကိုယ်ကိုယ်တိုင်က စီးပွားရေးသမား ဖြစ်တဲ့အပြင် လူအများနဲ့ ပေါင်းသင်းဆက်ဆံ နေရတဲ့ ကားသမား တစ်ယောက် ဖြစ်တယ်။ မတူညီတဲ့ လူအမျိုးမျိုး၊ ခြားနားတဲ့ စိတ်အထွေထွေ ရှိနေကြတဲ့ လောကသားတွေနဲ့ နေ့စဉ် ပြောဆို ဆက်ဆံ ပေါင်းသင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကိုယ်ကတော့ လူငယ်ပီပီ ဖောက်သည်တွေကို အမြဲပဲ ဦးညွတ်ပြီး တလေးတစား ဆက်ဆံပါတယ်။ ဟင်းသီး ဟင်းရွက်သည် ကိုလည်း အလိုက်အထိုက် ဆလံပေး ဆက်ဆံပါတယ်။ ကုန်တိုက် မန်နေဂျာနဲ့လည်း လည်တငြိမ့်ငြိမ့် ရိုသေတာမို့ ကိုယ့်ကိုယ်ကိုယ် တစ်ခါတလေ ပေါတောတော ဖြစ်နေသလားလို့ ဆန်းစစ်မိပါတယ်။ လုပ်ငန်းရဲ့သဘော သဘာဝမို့ ပေါနေရင်လည်း ခွင့်လွတ်နိုင်မယ် ထင်ပါတယ်။ လူတွေထဲက လူတစ်ယောက်မို့ နေ့တွေထပ်လို့ ရက်တွေ ဆက်လာတော့လည်း အဆင်မပြေရင် မပြေသလို ဘုစကားတွေ ပြောဖြစ်မိတယ်။ စိတ်ထဲက ပါလို့တော့ မဟုတ်ပါဘူး။ မိတ်ဆွေ အပေါင်းအသင်းတွေကို လိုချင် တပ်မက်ပါတယ်။ စိတ်သဘောခြင်း ထပ်တူသည် ဖြစ်စေ စိတ်အမြင်ခြင်း ဆန့်ကျင်သည် ဖြစ်ပါစေ လူတိုင်းနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်။ မှန်ကန်တဲ့ မိတ်ဆွေစစ် တစ်ယောက်ရဖို့ နှစ်တွေ အကြာကြီးစောင့်ရပါစေ စောင့်ရကျိုးနပ်တယ်လို့ပဲ မြင်မိပါတယ်။

မိတ်ဆွေကောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကျွန်းကိုကိုင်းမှီ၊ ကိုင်းကိုကျွန်းမှီ ဆိုသလို အပြန်အလှန် မှီခို၊ အပြန်အလှန် လေးစားမှုရှိကြရ ပါမယ်။ တစ်ယောက်ရဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေကို တစ်ယောက်က လေးစား အသိအမှတ်ပြုပြီး တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖေးမကူညီ ဖြည့်စွမ်းပေး ရပါမယ်။ တစ်ယောက်ရဲ့ ဘေးအန္တရာယ်ကို တစ်ယောက်က ကာကွယ်စောင့်ရှောက်ပြီး တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က ၀မ်းမြောက် ၀မ်းသာ ဂုဏ်ယူတတ် ရပါမယ်။ တစ်ယောက်က ကောင်းစားရင် ကျန်တစ်ယောက်က မနာလို ၀န်တိုခြင်း မရှိပါဘဲ မုဒိတာစိတ် ထားရှိတတ် ရပါမယ်။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က သည်းခံခွင့်လွှတ်ပြီး တစ်ယောက်ရဲ့ အကျိုးကို တစ်ယောက်က ဆောင်ရွက်ပေးခြင်းဟာ မိတ်ကောင်း ဆွေကောင်းတွေရဲ့ ကျင့်ကြံအပ်တဲ့ ကောင်းမြတ်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း ဆိုတာကတော့ တစ်ကိုယ်ကောင်း မဆန်တဲ့သူ။ စေတနာမှန်ကန်တဲ့သူ၊ အကျိုးတူ ကိစ္စရပ်များကို သတ္တိရှိရှိ ပူးပေါင်း ဆောင်ရွက် ကူညီလိုစိတ်ရှိသူ၊ အခက်အခဲ အကြပ်အတည်းတွေနဲ့ အရေးကြုံ လာတဲ့အခါ ခေါင်းရှောင် သွေဖီ မသွားပါဘဲ မိမိရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီ ဖြေရှင်းပေးတာတွေ ပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အခြားတစ်ယောက်ရဲ့ အမှားအယွင်းနဲ့ အပြစ်တွေကိုပဲ ကြည့်ပြောနေမယ်၊ အားနည်းချက်တွေကိုပဲ မြင်နေမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ကို သူ့အပေါင်း အသင်း မိတ်ဆွေတွေက ရှောင်ရှားဖယ်ပြန် သွားကြမှာ ဓမ္မတာပါ။ အဲဒီနည်းနဲ့ လူတွေကို စည်းရုံးသိမ်းသွင်းလို့ မရနိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ချို့ယွင်းမှုနဲ့ ပြစ်ချက်ဆိုတာ အနည်းနဲ့အများတော့ ရှိတတ်ကြတာ သဘာဝပါ။ ပုထုစဉ် လူသားမို့ ခြောက်ပစ်ကင်း သဲလဲစင် တယ်ဆိုတာ မရှိနိုင်ပါဘူး။ လူတစ်ယောက်ဆီကနေ အကောင်းတွေချည်း မျှော်လင့်လို့ မရစကောင်း တာကိုတော့ နားလည်ထားပြီးသား ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ စိန်ကောင်း ကျောက်ကောင်း တစ်ပွင့်ရဖို့ ငွေကြေးဥစ္စာနဲ့ ပုံအောပေးပြီး ရနိုင်ပေမဲ့လည်း မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း တစ်ယောက်ကို ရရှိနိုင်ဖို့ အတွက်တော့ ငွေကိုပုံအောပေးလို့ မရနိုင်ကောင်းပါဘူး။ စိန်ကောင်း ကျောက်ကောင်းထက် မိတ်ကောင်း ဆွေကောင်းက ပိုပြီး ရှားပါတယ်။ ပိုပြီး တန်ဖိုးကြီးပါတယ်။ စိန်ကောင်း ကျောက်ကောင်းကို တန်ဖိုးထား သတ်မှတ်လို့ ရနိုင်ပေမယ့် မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်းမှာ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့အကြောင်း ပြောကြား ချင်ပါတယ်။ အားလုံးကို လေးစားခင်မင်လျက်ပါ။

Tuesday, February 24, 2009

အဆင်ပြေ ပါစေ ကြယ်ပိန်

Sent at 10:17 AM on Tuesday

thinstar1: hi
Win: မင်္ဂလာပါ၊ ဘယ်သူများပါလဲ၊ တွေ့ရတာ ၀မ်းသာပါတယ်
thinstar1: hi
Win: ပြောပါ၊ say something pls
thinstar1: ခင်ချင်လွန်းလို့ပါရှင့်၊ အဟိ
Win: ခင်တတ်ပါတယ်၊ ဘယ်သူများလဲ မသိဘူးနော်
thinstar1: မသိဘူး
Win: မ-သိဘူး နဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်
thinstar1: အင်း
Win: နာမည်တူတွေ များတယ်နော်
thinstar1: အဲဒါကိုတော့သိတယ်
Win: ခင်ချင်တာပဲ နာမည်လေးတော့ ပြောသင့်တာပေါ့
thinstar1: မပြောချင်လို့ပါ
Win: ဒါမှလည်း စကားပြောရတာ အဆင်ပြေတာပေါ့၊ ဒါဆို ဘလောဂ့်ရှိလား
thinstar1: ဘလော့လ်ဆိုတာဘာလဲ၊ မသိ
Win: ဒါဆို ကျွန်တော့်ကို ဘယ်လိုသိပြီး ဘာလို့ ခင်ချင်တာလဲတော့ မသိဘူး
thinstar1: အမြင်ကပ်လို့
Win: အန်
thinstar1: အကြောင်းသိချင်လို့
Win: ကောင်းပ
thinstar1: ဘာကောင်လဲလို့၊ တကယ်ပြောတာ
Win: ဘာမှ မဟုတ်ပါဘူးဗျာ၊ သာမန်လူထဲက လူပါပဲ
thinstar1: ဟုတ်လောက်ပါတယ်
Win: ခုပဲ ဗေဒင်တွက်လာတာ၊ လူမုန်းများတယ်တဲ့၊ မှန်တာတော့ မှန်နေပြီ
thinstar1: တကယ်ဟုတ်လောက်တယ်
Win: ပြောပါအုန်း
thinstar1: အရမ်းမှန်တယ်၊ ဗေဒင်ဆရာကိုအိမ်မှာပူဇော်ထား သိလား
Win: အမြင်ကပ်တာ ဘာကြောင့်လဲ၊ အကြောင်းတော့ ရှိမှာပါ
thinstar1: အခြေကြီးတယ်လို့ ပြောာသံကြားလို့
Win: နံပတ် ၁၁ ပဲစီးတာပါ
thinstar1: ဟင်၊ အဲဒါကြောင့်ဖြစ်ချင်ဖြစ်မှာပါ
Win: ဘယ်သူက မြောက်ပေးလိုက်တာလဲ မသိဘူးနော်
  • ကနေ့အထိတော့ ဘယ်သူ့ကိုမှ အမှား မလုပ်ခဲ့သေးပါဘူး
  • အထင်လွဲတာ ဖြစ်ပါမယ်
  • တောင်းပန်ပါတယ်
  • နစ်နာ ထိခိုက်တာများ ရှိရင်
thinstar1: ဟင်၊ နင်ကို ငါ ခုမှသိတာ၊ ဘာထိခိုက်မှု့မှ မရှိဘူး
Win: ဒါဆို ဘာလို့ အမြင်ကတ်တာလဲ
thinstar1: စိတ်ထဲ တမျိုးဖြစ်နေလို့၊ အင်ဗိုက်လုပ်လိုက်တာ
Win: ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်စေချင်ပါတယ်ဗျာ
thinstar1: မာန ကြီးတယ်လို့ ပြောသံကြားလို့ပါဆိုဟာ
Win: ကျွန်တော်က အားလုံးကို ခင်တတ်ပါတယ်
thinstar1: ဟုတ်ကဲ့ရှင့်၊ ဟုတ်၊ ယုံပါတယ်ရှင့်
Win: မာနဆိုတာ ကျွန်တော် ပြောချင်ပါတယ်၊ ခုလိုမျိုးပေါ့၊ ခင်ချင်တယ်ပြောပြီး
  • နာမည်တောင်မပြောပြနိုင်တာ
  • ဘယ်လို သူငယ်ချင်းကောင်းဖြစ်လာမလဲနော်
thinstar1: နင်အသိဆုံးနေမှာပေါ့ဟာ
thinstar1: မပြောချင်လို့ပေါ့
Win: ဒါဆို ဘယ်လိုလုပ် ဆက်ခင်မလဲ၊ စဉ်းစားကြည့်ပါအုန်း
thinstar1: ထင်ချင်သလို ထင်နိုင်တယ်
Win: ကျွန်တော်က မျက်နှာမရှိတဲ့သူနဲ့ စကားပြောနေရမှာလား
thinstar1: မစဉ်းစားချင်ဘူး
Win: သယ်ချင်းတို့ဘက်က မာန လျော့သင့်တယ်မဟုတ်လား
ခင်မင်ချင်စိတ် တကယ်ရှိခဲ့ရင် ပြောပါတယ်
thinstar1: မပြောရင် ခင်လို့မရဘူးဆို၊ သဘောအတိုင်းပဲ
Win: အဲဒီ သဘော မဟုတ်ပါဘူး
  • သယ်ချင်းတို့က
  • ကိုယ့်ဘက်ပဲကိုယ်ကြည့်တတ်တာပဲ
  • ကျွန်တော့် သယ်ချင်းတွေ အများဆုံးက blogger တွေ ဖြစ်တယ်
  • ဒီလို ဘုမသိ ဘမသိ နဲ့တော့ စကားပြောရတာ တစ်မျိုးကြီးပါပဲ
  • မေးလို့လည်း အဆင်မချော
  • ပြောတော့လည်း ဘုနဲ့ဘောက်
  • တောင်းပန်တော့လည်း အထက်စီးက မဆင်းချင်ဘူး
  • အစကတည်းက မခင်နဲ့ပေါ့ဗျာ
  • ဒါကို ကျွန်တော်ကပဲ မာနကြီးတယ်ဖြစ်ရတယ်။
---------------------------------------------------------------

thinstar1@gmail.com လိပ်စာနဲ့ မနေ့က ကျွန်တော့်ကို အရင်လာပြီး Invite လုပ်ထားခဲ့တယ်။ ဒီမနက် အဲဒီကလေးမ ကပဲ အရင်ဝင်ပြီး အပေါ်ကအတိုင်းပဲ စကားပြောဖြစ်ခဲ့တယ်။ စကားစပြောကတည်း လူတဖက်သားကို အကောင်းမမြင် ခဲ့ပါဘူး။ ကျွန်တော်ကပဲ အတတ်နိုင်ဆုံး လိုက်လျောပြီး စကားပြောခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေတာတော့ အမှန်ပါပဲ။ ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို လျှို့လျှို့ဝှက်ဝှက် နေချင်သူတွေ အနေနဲ့ သူများတွေကိုလည်း မိတ်ဆွေဖွဲ့နေစရာများ လိုသေးလားလို့ မေးချင်ပါတယ်။ နာမည်လေး တစ်လုံးလောက်တောင် မပြောပြ နိုင်လောက်အောင် လျှို့ဝှက်ထား ချင်တယ်ဆိုရင် ဒါဟာ ရိုးသားမှု မရှိဘူးလို့ သုံးသပ်မိပါတယ်။ ဒီလို ဒီအကြောင်းတွေ မကြာခဏ ဖြစ်တတ်လွန်းလို့ Invite လုပ်လာရင် အမြဲပဲ No ပေးခဲ့မိပါတယ်။ လူတိုင်းကို သူငယ်ချင်းလို၊ မိတ်ဆွေရောင်းရင်းလို ဖော်ဖော်ရွေရွေ ခင်မင် တတ်ပါတယ်။ ခင်လည်း ခင်ချင်ပါတယ်။ လိုအပ်တဲ့ အကူအညီကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေး တတ်ပါတယ်။ (အိပ်စိုက်ပြီးတော့ပါ) ဒါပေမယ့် နှစ်ဦးနှစ်ဖက် စိတ်ရင်းအမှန်နဲ့ ခင်မင်ဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ စောစောစီးစီး နှလုံးနာစရာဖြစ်လို့ ဒီလို ရေးဖြစ်ခဲ့ပါတယ်။ နစ်နာသူများရှိရင် ဒီကပဲ တောင်းပန်ပါရစေ။

ငို

Thursday, January 29, 2009

တန်ပြန်သောက

တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက် ကြတဲ့အခါမှာ ၀င်းပတဲ့ အပြုံးမျက်နှာ၊ ချိုသာတဲ့ စကားသံနဲ့ "မင်္ဂလာနံနက်ခင်းပါ" "ကျန်းမာ ချမ်းသာကြပါစေ" ဆိုတဲ့ ပဋိသန္ဓာရ စကားတွေနဲ့ နေ့သစ်ကို စတင်ကြပါတယ်။ ကိုယ့်ရဲ့ အပူမီး၊ သောက ပရိဒေ၀မီးတောက် တွေကိုတော့ ဘယ်သူမှ မရိပ်မိအောင် ဖုံးကွယ် ထားကြတာ ဓမ္မတာပါ။ လောကကြီးထဲမှာ ပရိဒေ၀မီး မတောက်လောင် ခဲ့ဖူးသူ ရယ်လို့ ရှိမယ် မထင်ပါဘူး။ နည်းနည်းလောင် တာနဲ့ များများ တောက်လောင်တာပဲ ကွာခြားမှာပါ။ ကျွန်တော်တင်ပြ ချင်တာကတော့ ကြုံတွေ့လာတဲ့ သောကတွေကို ဘယ်လို ကျော်ဖြတ်သင့်တယ် ဆိုတာလေးပါ။

လူတွေဟာ မိမိတို့ ကြုံတွေ့နေရတဲ့ သောကအပူကိုသာ အကြီးမားဆုံး အပူမီးအဖြစ်နဲ့ ထင်မြင်ယူဆ တတ်ကြပါတယ်။ မိမိလျှောက်လှမ်း ရတဲ့ ဘ၀ခရီးလမ်းကို ဖြတ်သန်းရာမှာ ကြုံတွေ့ရတဲ့ ဒေါမနဿ၊ စိတ်ဖိစီးမှု (Stress)၊ ပူပင် ကြောင့်ကြမှု၊ စိတ်သောက များသည် လူတိုင်းခံစားရမြဲ သောကများ ဖြစ်ပါတယ်။ ထိုထိုသော သောကများ ဖိစီးနှိပ်စက်မှုဒဏ်ကို ခံနေရမယ် ဆိုရင် ထိုသောကဟာ မိမိ တစ်ဦး တစ်ယောက်ထဲကိုပဲ ရွေးဖြစ်တာ မဟုတ်ပါဘူး၊ လူသားတိုင်း နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတာပဲ လို့ ဆင်ခြင်နှလုံးသွင်းနိုင်ရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရနိုင်ပါတယ်။

"ယူတတ်ရင်ဆေး၊ မယူတတ်ရင်ဘေး" ဆိုတဲ့ စကားပုံရှိပါတယ်။ ဖြစ်တည်လာတဲ့ သောက (ဒါမှမဟုတ်) စိတ်ဖိစီးမှု အန္တရာယ်ကို အလေးထားပြီးတော့ အဲဒီသောကကိုပဲ မိမိအတွက် အကျိုးရှိအောင် ဘယ်လိုပြန်ပြီး အသုံးချရမယ် ဆိုတာကို လေ့လာသင့်ပါတယ်။ ပူပင်သောက လုံးဝမရှိဘဲနဲ့ လူဖြစ်ရတာတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် မိမိသောကကင်းစင်ရေး တစ်ခုထဲကိုပဲ ဦးတည်ပြီး အတ္တဆန်ဆန် အများရဲ့ အကျိုးကို လျစ်လျူရှုမယ်၊ သောကနည်းလွန်းပြီး မိမိအကျိုး၊ သူတစ်ပါးအကျိုး အတွက် စိုးရိမ်ပူပန်မှု မရှိဘူး၊ ကြုံရာနေ၊ ကျရာစားဘ၀နဲ့ ဘ၀ကို ပေါ့ပေါ့တန်တန် နေထိုင်သွားမယ် ဆိုရင် ထိုသူအတွက် ကောင်းကောင်းကြီး ကို ပျက်စီးစေပါတယ်။ တစ်ကိုယ်ကောင်း သမားအဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဖြစ်တည်လာတဲ့ သောကတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပြီး သောကဝေဒနာနဲ့ အသားကျစွာ နေထိုင်တတ်မယ် ဆိုရင် ထိုသူရဲ့ ဘ၀ဟာ အညွှန့်တလူလူနဲ့ ရှင်သန် တိုးတက် လာမှာ ဖြစ်ပါတယ်။

လောကမှာ လူအချို့ဟာ မိမိက မပြောင်းလဲနိုင်တဲ့၊ မပြုပြင်နိုင်တဲ့ ကိစ္စရပ်တွေအတွက် ပူပင်သောက ရောက်နေတတ်ကြ ပါတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ဟာ တားဆီးပစ်ဖို့၊ ပြုပြင် ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တဲ့ သဘာဝ နိယာမ တရားတွေ ဖြစ်ပါတယ်။ အဲဒီ ရှောင်လွဲမရနိုင်တဲ့ ကိစ္စတွေအတွက် သောကရောက် နေမယ့်အစား မအိုခင်၊ မနာခင်၊ မသေခင် အချိန်ကလေးမှာ အတ္တ နဲ့ ပရ ညီမျှတဲ့ အကျိုးကိစ္စများကို ဆောင်ရွက်ပေးခြင်းက လောကီ လောကုတ္တရာ အတွက် အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ မိမိတတ်နိုင်၊ စွမ်းဆောင်နိုင်တဲ့ ကိစ္စရပ်တွေအတွက် ပူပင်ခြင်းဟာ အကြောင်းမဟုတ်ပါဘူး။ မိမိ တတ်နိုင်သလောက် ကူညီ ဖြေရှင်းပေးခြင်း အားဖြင့် အများရဲ့ ချစ်ခင် လေးစားမှု၊ အားကိုး ယုံကြည်မှုတို့ကို ခံယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘဘာဝ ဘေးအန္တရာယ်ဆိုးတွေနဲ့ ကံကြမ္မာဆိုး တွေကသာ မိမိ မမြင်စွမ်းနိုင်သော၊ မဖြေရှင်းနိုင်သော သောက တိုးပွားစေတဲ့ အခြေခံ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီကိစ္စရပ်တွေကို မျက်နှာလွဲထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အဓိကကတော့ သောကကို အကောင်းမြင် ရှုထောင့်ကနေ ကြည့်မြင်တတ်ဖို့ ဖြစ်ပါတယ်။ ရှိသင့်သည်ထက် ပိုလွန်တဲ့ သောကမီးကြောင့် စိတ်ဒုက္ခ ကြီးမားစွာနဲ့ ဘ၀ခရီးကို လျှောက်လှမ်းနေသူ တစ်ဦး မဖြစ်သင့်ပါဘူး။ ယထာဘူတကျတဲ့ အမြင်နဲ့ ဆင်ခြင်ပိုင်းခြားပြီး ဖြစ်သင့်တဲ့ ကိစ္စတွေမှာ ရှိသင့်တဲ့ သောကကို အရင်းပြုပြီး အကျိုးရှိရှိ အသုံးချတတ်ကြပါလို့ တင်ပြချင်ပါတယ်။ အားလုံးကိုပဲ သောက ကင်းဝေးစေချင်ပါတယ်။ သောက ကင်းဝေးနိုင်ကြပါစေ။


Friday, January 23, 2009

မှားမိတယ် .. ကျေနပ်နိုင်ပါစေ



နယ်မှာနေတုန်းက ဆိုရင် မြို့တစ်ဝက် ကျော်လောက်က ကွန်တော် ဘယ်မှာနေတယ်၊ ဘယ်အိမ်က ဘယ်သူ့ရဲ့သား၊ ဘာအားကစား လုပ်ပြီး ဘာအလုပ်အကိုင် လုပ်တယ် ကအစ သိကြတယ်။ အဆုံးစွန် ပြောရရင် လမ်းထိပ်ကွမ်းယာဆိုင်က ခွေးပါပီလေးကို ၀င်းဇော်လို့ ပြောလိုက်ရင် အမြီးတနှံ့နှံ့နဲ့ ကျွန်တော့် အိမ်ကို တန်းတန်းမတ်မတ် လိုက်ပြပေးမှာပါ။ (ဘာလို့လဲ ဆိုတော့ အဲဒီ ခွေးပါပီကို အမြဲလော်လီပေါ့(တ်) ကျွေးနေကျမို့ပါ)။ ရန်ကုန်ကို ပြောင်းလာတာ ကြာခဲ့ပေမယ့် အရှေ့(၇)အိမ်၊ အနောက်(၇)အိမ် မရင်းနှီး ဖြစ်ပါဘူး။ မျက်နှာချင်း တန်းနေမိပေမယ့် မိတ်ဆွေအဖြစ်နဲ့ မခင်ဖြစ်ခဲ့ကြတာပါ။ အကြမ်းဖျဉ်း အားဖြင့်တော့ ဒီကောင်မလေးကတော့ တိုက်(-)က၊ ဒီကောင်လေးက ခြံ(-)က ဆိုတာလောက်တော့ သိပါတယ်။ ဒါကတော့ အပြင် လက်တွေ့ဘ၀က ကျွန်တော်ရဲ့ မရင့်ကျက်တဲ့ ပေါင်းသင်း ဆက်ဆံရေး အပိုင်းလေးပါ။

နက်ပေါ်မှာကျတော့ ခင်မင်မိတဲ့ မိတ်ဆွေတွေ အားလုံးအားလုံးကို တစ်ပြေးညီ ရင်းနှီးမိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်မြင်ရင်းနှီးခွင့် မရခဲ့ပေမယ့်လည်း ရင်မှရေးတဲ့ စာတွေ၊ ဖွဲ့သီတဲ့ ကဗျာတွေကို ဖတ်ရင်းနဲ့ စိတ်ထဲစွဲစွဲထင်ထင် ခင်မင်ဖြစ်ခဲ့ပါတယ်။ တင်ပြတဲ့ အကြောင်းအရာတွေ မတူညီပေမယ့် အားလုံးက တစ်စုံတစ်ယောက်ကို သိစေချင်၊ ဖတ်စေချင်တဲ့ ဆန္ဒတော့ ရှိကြမယ်လို့ ထင်မိပါတယ်။ ဒီအထဲမှာမှ ထူးထူးခြားခြား ဘလောဂ့်တစ်ခုမှာ ရည်ရွယ်သူ တစ်ဦးတည်း (တစ်ဦးတည်း) အတွက်ကိုပဲ တစ်စိုက်မတ်မတ် ရေးတဲ့ အိမ်လေးကို ရောက်သွားဖြစ်ခဲ့ပါတယ်။ စာတွေဖြစ်စေ၊ ကဗျာတွေ ဖြစ်စေ သက်ဆိုင်သူ အတွက်သာ ဖြစ်တာကို သိရှိရပါတယ်။ ရေးသမျှ စာတွေ ကဗျာတွေက ညက်ညော ကောင်းမွန်လွန်းတာမို့ မကြာမကြာ သွားဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်ဖြစ်သမျှ စာတွေ၊ ကဗျာတွေထဲမှာ စာရေးသူ ၀မ်းနည်းနေမယ် ထင်ရင် အားရှိအောင် အားပေးမိပါတယ်။ စာရေးသူ ပျော်နေတာတွေ့ရင် အပျော်တွေကို မျှယူ ပျော်မိပါတယ်။ ရိုးရှင်းလွန်းတဲ့ ရိုးရိုးရှင်းရှင်း ဆက်နွယ်မှုရယ်ပါ။

တစ်နေ့ကပါ။ ဖော်ပြခဲ့တဲ့ စာရေးသူရဲ့ ချစ်ရသူ တစ်ဦးတည်းအပေါ် တစ်သီးပုဂ္ဂလ ခံစားချက် သန့်သန့်လေးကို မဆီမဆိုင် ကြားကနေ ကျွန်တော်က ၀င်ပြီး ခါးနာမိခဲ့တဲ့အတွက် အဝေးကနေ့ ခဲနဲ့လှမ်း အထုခံရသလို ခံစားလိုက်ရပါတယ်။ စာရေးသူရဲ့ အတတ်ပညာကို လေးစားပါတယ်။ လုပ်တဲ့ အလုပ်အကိုင် အပေါ်မှာလည်း လေးစားပါတယ်။ ရေးဖွဲ့လေသမျှ စာတွေ ကဗျာတွေကိုလည်း လေးစားပါတယ် လို့ ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ မရင့်ကျက်တဲ့ အမြင်အတွက်၊ သေးသိမ်တဲ့ စိတ်ထား အတွက်နဲ့ (စာရေးသူအစ်မ တစ်ယောက်) စိတ်မကွက်စေချင်တာ အမှန်ပါ။ နစ်နာစေလိုတဲ့ ဆန္ဒအလျဉ်း မရှိခဲ့တာကြောင့် ခွင့်လွှတ် နားလည်ပေးဖို့ တောင်းပန်ပါတယ်။ (စာရေးသူအစ်မ) သိသည် ဖြစ်စေ၊ မသိချင်သည်ဖြစ်စေ ကျွန်တော့်ရဲ့ အပြုအမူအတွက် အနူးအညွတ် တောင်းပန်ပါရစေ။ ကျွန်တော်နားလည် ထားတဲ့ လူမှုဆက်ဆံရေး ချို့ယွင်းမှုကို ကျွန်တော်ကပဲ ပြုပြင်ယူပါ့မယ်လို့ ကတိပေးပါတယ်။ အစ်မရေ .. .. .. ကျေနပ်နိုင်ပါစေ။

Thursday, January 15, 2009

တစ်ဝက်အမှန်၊ ၅၀% က ဟန်

လျှပ်စစ်မီးလာရင် ဘာပဲပြောပြော ခါးချိအောင်ထိုင်ပြီး နက်ပေါ်မှာ ဆိုက်ကားနင်းလို့ ရသေးတယ်။ မီးမလာတော့ ငြိမ်းတာပေါ့လို့ အလိုမကျတဲ့ စိတ်ကို သပ်ချရင်းကွန်ပျူတာရှေ့က ခွာဖို့ မချင့်မရဲ ထလိုက်တယ်။ အောက်ထပ်ဆင်းပြီး မီးစက်သွားဖွင့်ရင်လည်း မေးခွန်းပေါင်းများစွာကို စောစောစီးစီး ဖြေရှင်းနေရမှာမို့ မဖွင့်ဖြစ်ခဲ့ဘူး။ မီးလာရင် ချက်ချင်းသိအောင်တော့ ups နဲ့ speaker ကို မီးခလုပ် ဖွင့်ထားလိုက်တယ်။ ဝေးဝေးလံလံလည်း မသွားဖြစ်ပါဘူး။ ကီးဘုတ်ကို နေရာရွေ့ပြီး မော်နီတာ ရှေ့မှာပဲ စားပွဲခုံပေါ် မှောက်အိပ် လိုက်မိတယ်။
=း =း =
မှေးကနဲ အိပ်ပျော်ရုံရှိပါသေးတယ်။ ကျွန်တော့်ကို ဂျိုင်းနှစ်ဘက်ကနေ ကြမ်းတမ်းတဲ့ လက်အစုံက ဆွဲမပြီး နောက်ပြန် အနေအထားနဲ့ ဒရောသောပါး အလျင်စလို ခေါ်ယူသွားတာ ခံရတယ်။ သတိလစ်တာ မဟုတ်တာကြောင့် မ ချီသွားတဲ့ လူနှစ်ယောက်ကို မ၀ံ့မရဲကြည့်လိုက်တာ့ အရပ် ၁၀ ပေလောက်မြင့်ပြီး၊ အစိမ်းရောင် အသားအရေ၊ ကြမ်းတမ်း ခက်ထန်တဲ့ မျက်နှာထားနဲ့ ပါကွက်သားတွေ ဖြစ်နေတာကို သိလိုက်ရတယ်။ အကူအညီ အော်ခေါ်ဖို့ လုပ်တော့လည်း လည်ချောင်းကနေအသံက ထွက်မလာဘူး။ ရုန်းကန်ဖို့ ကြိုးစားပြန်တော့လည်း အားအင်ကမရှိပါဘဲ နွမ်းခွေသလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် ခေါင်းအေးအေးထားပြီးအခြေအနေသုံးသပ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ချောက်ထဲကို ခုန်ချလိုက်သလို လေဟုန်စီး ပြုတ်ကျသွားတယ်။ ကျွန်တော်လည်း လိုဏ်ခေါင်းသံနဲ့ အတူ ငယ်သံပါအောင်အော်ပြီး ပြုတ်ကျ သွားတယ်။ ရုတ်ကနဲရပ်သွားတာနဲ့ ပိန်းပိန်းပိတ် မည်းမှောင်နေပြီး စိမ်းရွှေရွှေအနံ့၊ ညှီပုပ်ပုပ်အနံ့တွေနဲ့ အတူ ကယ်ပါ ယူပါ အကူအညီအော်တောင်း နေတဲ့ဆူညံသံ လွှမ်းခြုံနေတဲ့ နေရာသစ်တစ်ခုကို ရောက်လာရတယ်။ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ခွင့် မရခင်မှာဘဲ အေးစက်မာကျောပြီး ဒေါသသံအပြည့်နဲ့ မေးမြန်း အစွပ်စွဲခံရတယ် .. ..

ယမမင်း
  • အသင် လူ့ဘဝမှာ ကိုယ့်ဘ၀မှန်ကို ဖုံးကွယ်ပြီး လူတွေကို လိမ်လည် လှည့်ဖြားခဲ့တယ်။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • နေပါအုန်း ယမမင်းခင်ဗျား။ ကျွန်တော် လူ့ဘ၀မှာ ဘလောဂ် နည်းနည်းပါးပါး ရေးပါတယ်။ ပရော်ဖက်ရှင်နယ် တော့ မဟုတ်ပါဘူး။ အပျော်တမ်းပါ။ ဒီအတွက်နဲ့အပြစ်ယူမယ်ဆိုရင် တရားမျှတမှာ မဟုတ်ပါဘူး။ အကျိုးပြု စာတွေပဲ ရေးပါတယ်။ ကျွန်တော်ရေးတဲ့ စာတွေကို ကျေးဇူးတင်တယ် ဆိုတဲ့ ထောက်ခံချက် (ကွန်မင့်) နည်းနည်းပါးပါး ရှိပါတယ်။ ထပ်ရေးပါဆိုတဲ့ ထောက်ခံချက် လည်း ရှိထားပါသေးတယ်။ ပြန်လည် စစ်ဆေးပေးဖို့ မေတ္တာရပ်ခံပါတယ်။ ယမမင်း ကြီးခင်ဗျား။
ယမမင်း
  • ရေးတာ ချွတ်တာကို ပြောတာမဟုတ်။ ကိုယ့်ဘ၀မှန်ကို ဖုံးကွယ်ထားတာ ပိုအပြစ်ကြီးတယ်။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • သည်းခံပါအုန်း ယမမင်းခင်ဗျား။ ဒါကတော့ ဒီလိုရှိပါတယ်။ ကျွန်တော့် ဘ၀အမှန် တစ်ဝက်ကို ဖော်ပြထားပြီး ဖြစ်ပါတယ်။၊ ကျန် ၅၀%ကိုတော့ မလိမ်မညာဘဲမသိစေချင်တဲ့ သဘောနဲ့သာ ချန်လှပ်ထားတာပဲ ရှိပါတယ်။ ချန်လှပ်ထားတဲ့ ဘ၀တစ်ဝက်ကနေ လူတစ်ဖက်သား နစ်နာအောင်လည်း မပြော၊ မဆို၊ မရေး၊ မဆွယ်၊  မကျူ၊ မယူ ခဲ့ပါဘူး။ နောင်တော့် နောင်တော် ဘလောဂ့်ဂါများ ကျင့်သုံးတဲ့ လမ်းစဉ်ကိုပဲ မသွေမတိမ်း လျှောက်ခဲ့တာ ၀န်ခံပါတယ်။ တစ်ချို့များဆိုရင် ဘ၀မှန်ကို ၁၀၀% ထိဖုံးကွယ်ထားတာ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် နာမည်အမှန် ဘယ်သူဘယ်ဝါ၊ ယောက်ျား/ မိန်းမ၊ နေရာဒေသ၊ အလုပ်အကိုင် တွေအထိ လျှို့ဝှက်ထား တာလည်း ရှိပါတယ်။ ချွန်တာတော့ မဟုတ်ပါဘူး။ ပင့်ပေးတာလည်း မဟုတ်ပါဘူး။ နားလည်ပေးဖို့ တောင်းဆိုတာပါ။
  • ဘလောဂ့်လောက မှာထက် ချက်တင်းလောကမှာ သာလို့ဆိုးတဲ့ လူတွေပိုများပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မသိပါဘဲနဲ့ ၀င်ဝင်ရောပြီး ကိုယ်ရေးအချက် အလက်တွေ မသိမသာ မေးမေး သွားတတ်ပါ သေးတယ်။ invite လုပ် မိတ်ဖွဲ့လာတော့လည်း ကိုယ်က ဘလောဂ့်မိတ်ဆွေတွေ အမှတ်နဲ့ ကျွန်တော်ကတော့ ဘယ်သူပါ၊ ဘလောဂ့်လိပ်စာ ကတော့ဒီမှာပါ၊ ဒီမြို့၊ ဒီမြို့နယ်မှာ နေပါတယ်၊ ဘာအလုပ် လုပ်စားတယ်ပါလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါတယ်။ ဖြစ်သင့် တာကတော့ invite လုပ်တဲ့ ပုဂ္ဂိုလ်လည်းပဲ နာမည်မပြောချင်နေပါ။ ကျွန်တော်ကတော့ ကျား/မ ပါ၊ ဘယ်မှာနေပါတယ်၊ ဘယ်အကြောင်းကြောင့် ခင်မင်ချင်လို့ မိတ်ဆက်ပါတယ်။ ဒီအခြေအနေဆို မဆိုးသေးပါဘူး။ ခုတော့ အထက်စီးကနေပဲ ကျောကျောသွားလို့ မတတ်နိုင်တဲ့အဆုံး ကျွန်တော်လည်း ချက်တင်းတဲ့ မိတ်ဆွေတွေကို အားလုံး Block လုပ်ထားမိပါတယ်။ အပြစ်ကတော့ သေးသေးလေးပါ ယမမင်း။
ယမမင်း
  • တော်တိတ်၊ ဖုံးကွယ်တာတော့ ဖုံးကွယ်တာပဲ။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • စဉ်းစားပါအုန်း ယမမင်းခင်ဗျား။ ကျွန်တော် google မှာ register လုပ်ကတည်းကိုက အတည်ဖြစ်ခဲ့ပြီမို့ လက်ခံသူက အပြစ်ပိုကြီး .. .. ကြီး .. ကြီး.. .....
ယမမင်း
  • ပါးကွက်သားတွေ အပြစ်သားကို ခုချက်ချင်း ဆီပူမီးတိုက်လိုက် .. .. ။ ဒုန်း .. .. ။
ဖြေရှင်း လျှောက်လဲချက် မပြီးခင်မှာပဲ ပါးကွက်သားတွေရဲ့ ဆွဲခေါ်ရာနောက်ကို ဒရွတ်တိုက် ပါသွားတယ်။ ဒီလို လိုက်ပါလာရင်းကနေ လမ်းတစ်လျှောက် တွေ့ရာ အပြစ်သားတွေကို ကြည့်မိတော့ အလိုလေး .. ..မြင်ဖူးတယ် .. .. မြင်ဖူးတယ် .. .. လို့လှမ်းပြီး နှုတ်အဆက်မှာ ခြေထောက်ကို မီးဟပ်မိလို့ လန့်ဖြန့်ပြီး ရုန်းအထွက် ပါးကွက်သားတွေက လက်အလွတ်မို့ ဆူပွတ်နေတဲ့ ဆီအိုးထဲကို ပြုတ်ကျသွားတယ်။ လွတ်လိုလွတ်ငြား ကိုယ်ကို လှိမ့်ထွက်လိုက်တာ ဗုန်း .. ဆို ထိုင်အိပ်နေတဲ့ ကွန်ပျူတာ ခုံပေါ်ကနေ အေးစက်စက် ပါကေးကြမ်းပေါ် ပြုတ်ကျသွားမှ အိမ်မက်မက်နေမှန်း သိရတော့တယ်။ အေးစိမ့်တဲ့ မနက်ခင်းရဲ့ အအေးဓာတ်အောက်မှာ ဇောချွေးတွေကို သုတ်ရင်းနဲ့ မီးလင်းနေတဲ့ ups နဲ့ speaker ကို မ၀ံ့မရဲ ကြည့်ဖြစ်မိတယ်။ ဆက်ပြီး ဘလောဂ့်ဂင်း ဖြစ်ပါအုန်းမလား။ ဘလောဂ့်မိတ်ဆွေ တွေရဲ့ အိမ်လေးတွေကို မျက်စိထဲ အစီအရီ မြင်ယောင်နေမိတယ်။ ကိုယ့်ရဲ့ မဆင်မခြင် အတ္တစိတ် မှိန်မှိန်လေးကြောင့် တစ်ပါးသူအပေါ် အပြစ်လုပ်မိလေပြီလား ?၊ လူတွေမှာ ရိုးသားတဲ့ စိတ်ကလေးတွေ ဘာလို့ မျက်ကွယ် ပြုထားနိုင်ကြတာလည်း ပေါ့နော်။ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုပေမယ့် တစ်ဦးနဲ့ တစ်ဦးပေါင်းသင်း ဆက်ဆံရေးမှာ မရှိမဖြစ် လိုအပ်တဲ့ ရိုးသားမှုနဲ့ ပွင့်လင်းတဲ့ အမြင်လေးရှိရင် အားလုံးပျော်ရွှင် အဆင်ပြေ နိုင်မှာပါ။ ခိုးလုခိုးလု နဲ့ မတင်မကျတဲ့ စိတ်အစဉ်ကနေ အားလုံးသော မိတ်ဆွေများ စိတ်ရှင်းသန့်နိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။

Thursday, January 1, 2009

လုံခြုံစေချင်တယ်

ခေတ်ရေစီးကြောင်းတွေ တဟုန်ထိုး ပြောင်းလဲမှုအောက်မှာ ကျွန်တော်တို့ လူငယ်တွေရဲ့ ၀တ်ပုံ၊ စားပုံ နေထိုင် သွားလာပုံတွေဟာ ခေတ်နဲ့ အညီဖြစ်စေ၊ ခေတ်မီသည် ဖြစ်စေ၊ ခေတ်လွန်၍ ဖြစ်စေ လျင်မြန်စွာနဲ့ ပြောင်းလဲနေတာ အမှန်ပါ။ ပြောင်းလဲတဲ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု ရှိတဲ့ ရုပ်ဝတ္ထုများ တိုးတက်လာတာ ရှိသလို ဆုတ်ယုတ်သွားတဲ့ ရုပ်ပိုင်းဆိုင်ရာ တွေလည်း ရှိပါတယ်။ ကမ္ဘာ့ရွာ ဖြစ်တည်မှုကို အကြောင်းပြပြီး နိုင်ငံတစ်ခုနဲ့ တစ်ခု ယဉ်ကျေးမှုတွေ ယှက်နွယ်နိုင်ပေမယ့်လည်း အခြေခံ ယဉ်ကျေးမှုခြင်း မတူညီတဲ့ ဝတ်စားဆင်ယင်မှုကိုတော့ ပုံတူကူးယူလို့ မဖြစ်သင့်တဲ့အကြောင်းကို ညီငယ်၊ ညီမငယ်တွေကို သတိမူ စေချင်ပါတယ်။

မြို့ထဲသွားဖြစ်တိုင်း ရောက်လေ့ရှိတဲ့ နေရာကတော့ ဗိုလ်ချုပ်လမ်းမပေါ်နဲ့ ဗိုလ်ချုပ်ဈေး ၀န်းကျင်ကိုပဲ အရောက်များပါတယ်။ နောက် ထရိတ်ဒါးဟိုတယ်ကို ပတ်ပြီး ဆူးလေဘုရားလမ်းက ဘတ်စ်ကားမှတ်တိုင်ပါ။ သွားလာလှုပ်ရှားနေတဲ့ မြင်ကွင်းထဲမှာ ထူးခြားတာကတော့ ကောင်မလေးတွေ အပေါ်ပိုင်း ဟတတ နဲ့မလုံမခြုံရယ်ပါ။ ပူတဲ့ရာသီကြောင့် ပါးလွှာတာကလည်း တစ်ပိုင်းပေါ့။ ခန္ဓာအပေါ်ပိုင်း အရှက်လုံရုံသာသာ အင်္ကျီလေးနဲ့ဖြစ်တယ်။ အောက်ပိုင်းမှာတော့ ချက်အောက် ရောက်အောင် ဂွတိုတို ဘောင်းဘီတွေ ၀တ်တယ်။ စကပ်ပါးလှပ်လှပ် လေးတွေ ၀တ်တယ်။ ဘောင်တစ်ဝက်ကျော်တဲ့ ဘောင်းဘီတိုလေးတွေ ၀တ်တယ်။ လူမြင်ကွင်းအလယ်မှာ မတင့်တယ်တာ အမှန်ပါ။ စေ့စေ့ မကြည့်ရက်နိုင်အောင် ပိုမိုဝတ်ဆင် လာကြတာကို သတိထားမိတယ်။ ဘောင်းဘီဂွတွေ တိုတော့ အနောက်ကကြည့်ရင် အတွင်းခံကိုတောင် မမြင်ချင်ပါပဲ တွေ့နေရတယ်။ အသစ်ဆိုရင်တော့ ခံသာပါသေးရဲ့။ အသားဖြူရင်တော့ တစ်မျိုးပေါ့။

တစ်ရက် ရှစ်မိုင် ရွှေဘဲစားသောက်ဆိုင် ရှေ့တည့်တည့်က သန်းဖေလေး စမူဆာသုတ် ဆိုင်ကို သွားစားဖြစ်တယ်။ အခန်းကျဉ်းကျဉ်းပေါ်မှာ ထိုင်ခုံပုလေးတွေနဲ့ ထိုင်စားရတာ။ နေခင်းဘက်ဆိုတော့ နေရာမရဘူး။ ဒါနဲ့ ဆိုင်အောက်ဖက် လမ်းမပေါ်ခုံပုလေးနဲ့ပဲ ထိုင်စားဖြစ်တယ်။ ကားလာရင် ကိုယ်က ထပြီး လမ်းဘေးကပ် ပေးရတယ်။ စမူဆာသုတ်က ငရုတ်သီးမထည့်ဘဲ ပုံမှန်စားရင်တောင် တော်တော်လေးကို စပ်နေပါသေးတယ်။ အစပ်ကြိုက်သူများတော့ ခပ်စပ်စပ်နဲ့ မှာစားကြတယ်။ ဒီလိုနဲ့ ဟင်းရည်ခွက်ကို ငုံ့အသောက် မျက်လုံးက ဆိုင်အပေါ်ဘက်မှာ စားနေကြတဲ့ ကောင်မလေး တစ်သိုက်ဆီကို ရောက်သွားတယ်။ ကျောပေးထိုင်တဲ့ ကောင်မလေးရဲ့ အင်္ကျီနောက်ခြမ်းမှာ ကြိုးမျှင်မျှင်လေး တစ်ချောင်းပဲ ပါတယ်။ ခါးကနေ ကျောတပြင်လုံး အတိုင်းသား မြင်နေရတယ်။ ဘေးတိုက်ထိုင်တဲ့ ကောင်မလေးရဲ့ ဘောင်းဘီတိုကြောင့် တင်ပါးပေါ်လု ပေါ်ခင်ဖြစ်နေပြီး ပါးလွှာတဲ့ အတွင်းခံကြောင့် ထင်သာမြင်သာ တွေ့နေရတယ်။ ဂျင်းစကတ် ၀တ်ထားတဲ့ မျက်နှာချင်းဆိုင်က ကောင်မလေးရဲ့ ပေါင်နှစ်ခုက စုနေပေမယ့် အောက်ကကြည့်နေမို့ အားလုံးအထင်းသားပါပဲ။ အော် မလုံခြုံလိုက်ပုံများ ရင်လေးမိပါတယ်။ မကြည့်သင့် ပေမယ့် မျက်စေ့ရှေ့မှာ မြင်နေရတော့ ကြည့်မိဖြစ်သွားတယ်။

ဝတ်စားဆင်ယင်တာကို ခေတ်နဲ့လျော်ညီစွာ ၀တ်ဆင်တာကိုတော့ အပြစ်မဆိုသာ ပါဘူး။ ဒါပေမယ့် အပျိုလေးတွေ တန်မဲ့ အပျိုဂုဏ်ပုဒ် ကျဆင်းစေလောက်အောင် ၀တ်စားတာကိုတော့ သတိကြီးစွာနဲ့ ရှောင်ကြဉ်သင့်ပါတယ်။ မြန်မာ အမျိုးသမီးကောင်း လေးတွေ ကိုယ့်ယဉ်ကျေးမှုကို ဘာလို့များ ခိုင်မြဲအောင် မထိန်းသိမ်း နိုင်ရပါသလဲ။ မေးခွန်းထုတ်စရာပါ။

မိမိဥစ္စာပစ္စည်းကို မိမိလုံခြုံအောင် သိမ်းဆည်းထားပါမှ သူခိုးသူဝှက်တို့ ရန်ကနေ ကင်းဝေးမှာပါ။ ဒီလိုပါပဲ မိမိတို့ရဲ့ ၀တ်စား ဆင်ယင်မှုတွေကို လုံခြုံအောင် ၀တ်စားဆင်ယင်နိုင်ပါမှ ယဉ်ကျေးမှု အရှက်သိက္ခာကို မပွန်းပဲ့အောင်၊ လူအများ အထင်သေး မခံရအောင် စောင့်ရှောက် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု၊ မိမိဂုဏ်သိက္ခာ၊ မိမိအပျိုဂုဏ်တွေ မလျော့ပါးစေဖို့၊ အထင်သေး အမြင်သေး မခံရစေဖို့ မြန်မာမိန်းကလေးများ လုံခြုံမှု ရှိကြပါလို့ တိုက်တွန်းချင်ပါတယ်။

Saturday, December 20, 2008

be Generous Person

သဘောထားကြီးမြတ်သူ ဖြစ်ပါစေ
အမှန်တရားကို မသိနိုင် မမြင်နိုင်သူဟာ တစ်ကိုယ်ကောင်းဆန်ပါတယ်။
တစ်ကိုယ်ကောင်းဆန်သူဟာ အလိုလောဘကြီးတယ်။
တစ်ကိုယ်ကောင်းဆန်သူဟာ တစ်ကိုယ်ရေစည်းကမ်းမရှိဘူး။
တစ်ကိုယ်ကောင်းဆန်သူဟာ စကားကို ပေါ့ပေါ့တန်တန် ပြောတယ်။
ဒီလိုလူမျိုးကို ကိုယ်ကျင့်တရားမရှိဘူးလို့ ခေါ်တယ်။
ဒီလိုလူမျိုးကို အသိဥာဏ်ပညာ ကင်းမဲ့တယ်လို့လည်း ခေါ်တယ်။

ပေါင်းသင်း ဆက်ဆံရေးဟာ လူနဲ့ လူ့ပတ်ဝန်းကျင်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုသာ အားကိုးရာလို့ ပြောဆိုနေကြပေမယ့် လူဆိုတာ တစ်ဦး တစ်ယောက်တည်း၊ တစ်ကိုယ်တည်း မရပ်တည်နိုင်ပါဘူး။ ကိုယ့်ကိုယ်တိုင် အားကိုး အားထားရာ ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကိုတော့ မေ့လျော့ထားလို့ မရပါဘူး။ ဒီလိုပေါင်းသင်း ဆက်ဆံရာမှာ ကိုယ်ပေါင်းတဲ့သူဟာ ကိုယ့်အပေါ် စိတ်ထားမှန်ကန်ပါမှ အဆင်ပြေပြေ ဆက်ဆံနိုင်မှာပါ။ လိမ်လည်လှည့်ဖြား ခံရရင် ခင်မင်မှုတွေဟာ သဲထဲရေသွန်သလို ဖြစ်သွားမှာပါ။ ကိုယ့်သူငယ်ချင်းကို ခင်မင်စိတ်နဲ့ ကိုယ့်အတွင်းရေးကို ပြောပြမိတာတွေ ရှိတတ်ပါတယ်။ ကိုယ့် မိတ်ဆွေသူငယ်ချင်းက ကိုယ့်ကို သစ္စာမရှိ ကျောခိုင်းသွားရင် ကိုယ့်နောက်ကျောကို ဓားနဲ့ အမွှမ်းခံရသလို ခံစားရပါမယ်။

လူတစ်ယောက်ဟာ ရုပ်ရည် ဘယ်လောက်ပဲ လှနေပါစေ၊ အတတ်ပညာတွေ ခေါင်မိုးထိအောင် တတ်နေပါစေ စိတ်ထားမမှန်ရင် စိတ်ထားမရိုးဖြောင့်ရင် သူ့ကို ပေါင်းသင်းတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဖယ်ကြဉ်ခြင်းကို ခံရမှာ မလွဲမသွေပါပဲ။ နောက်ဆုံးတော့ တစ်ကိုယ်တည်း အဖော်မဲ့ပြီး စိတ္တဇသမား တစ်ယောက်လို ယောင်တောင်တောင် ဖြစ်နေမှာပါ။ စကားပြောဖော် မဲ့သွားတာမို့ ဆွံ့အ နားမကြားတဲ့ ရောဂါသည်လို လွင်လွင်လေးနဲ့ ရူးနေမှာ အသေအချာပါပဲ။

လူ့လောကကြီးမှာ လူတွေဟာ အမှီရှိမှ တိုးတက်ပါမယ်။ ကိုယ်အမှီသဟဲ ပြုတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကလည်း ကိုယ့်အပေါ် ကောင်းပါမှ အရာရာ တိုးတက်အဆင်ပြေ ပါမယ်။ ကိုယ်နဲ့ ရေရှည် လက်တွဲမယ့် လူတစ်ယောက်ဟာ ကိုယ့်အပေါ် စိတ်ထားမှန်ကန်ဖို့၊ စိတ်လှသူ ဖြစ်ဖို့ အထူးလိုအပ်ကြောင်း ပြောကြား ချင်ပါတယ်။ စိတ်နှလုံး နူးညံ့ သိမ်မွေ့သူတွေနဲ့ ကြုံဆုံ နိုင်ပါစေ၊ စိတ်သဘောထားကြီး မြတ်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Friday, December 19, 2008

ဘဝတန်ဖိုး

မိမိရဲ့ဘဝကို သူတစ်ပါးက လေ့လာသင်ယူသလို သူတစ်ပါးရဲ့ ဘဝကိုလည်း မိမိက အမြဲ လေ့လာ သင်ယူနေရ ပါတယ်။ ဒီလို အစဉ်အမြဲ လူတိုင်း လူတိုင်းကို လေ့လာနိုင်မယ်ဆိုရင် အချိန်တိုင်းအဖို့ အဖိုးတန်တဲ့ အတွေးသစ်တွေ၊ အမြင်သစ်တွေ၊ အတွေ့အကြုံသစ်တွေ ရရှိနိုင်မှာ မလွဲပါဘူး။ ဒါဆိုရင် လူ့ဘဝကြီးဟာ ငြီးငွေ့ဖို့ အချိန်ဆိုတာ မရှိနိုင်တော့ပါဘူး။ မိမိရဲ့ဘဝ အောင်မြင် တိုးတက်ဖို့အတွက် အမြဲကြံစည် တွေးဆ အားထုတ် နေရမှာ ဖြစ်ပါတယ်။ လေ့လာ သုံးသပ်လို့ရတဲ့ ဘဝ အတွေ့အကြုံ ဗဟုသုတ တွေနဲ့ မိမိဘဝကို မိမိကိုယ်တိုင်ပဲ ပြုစုပျိုးထောင် အရောင်တင်ပေးရမှာ ဖြစ်ပါမယ်။

လျှောက်လှမ်းရမယ့် ဘဝခရီးမှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြဿနာတွေ၊ မပြည့်စုံမှုတွေ၊ အဆင်မပြေမှုတွေ၊ ဒုက္ခဗျာပါဒ တွေနဲ့ မလွဲမသွေ ကြုံတွေ့ရမှာကို ကြောက်ရွံ့နေလို့ မဖြစ်ပါဘူး။ ဒီအခက်အခဲ တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ အဲဒီ အခက်အခဲ အတက်အကျ အနိုင်အရှုံးတွေဟာ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အရည်အချင်းကို စမ်းသပ် စစ်ဆေးတဲ့ မှတ်ကျောက် တစ်ခုပဲလို့ ပြောချင်ပါတယ်။ ရင်ဆိုင်ရတဲ့ အခက်အခဲ ပြဿနာ ကြီးလေ အရည်အချင်း လိုအပ်လေ၊ အရည်အချင်း ပိုပြည့်ဝလာလေ ဂုဏ်တက်လေပဲ ဖြစ်ပါမယ်။ အခက်အခဲတွေ့တိုင်း ကျောခိုင်းရှောင်ပုန်း အရှုံးပေးခဲ့မယ်ဆိုရင် ဘဝမှာ အောင်မြင်မှု ဆိုတဲ့ အသီးအပွင့်ကို ဆွတ်ခူး ခံစားရမှာ မဟုတ်ပါဘူး။ မဆုတ်မနစ် ကြိုးစား ရုန်းကန်မှသာ မိမိရည်မှန်းချက် အမှန်ကို ရရှိစေမှာ ဖြစ်ပါတယ်။

အတတ်ပညာ ပြည့်ဝခြင်းသည် ဦးနှောက်ကောင်းတဲ့ လူတော်လူချွန် အဖြစ်ကို ရရှိစေပါတယ်။ နှလုံးလှခြင်းသည် ရိုးသား ဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်ခြင်း စတဲ့ အရည်အသွေးများကို ဖြစ်ပေါ် စေပါတယ်။ ပညာတတ် လူတော် ဖြစ်ရုံနဲ့ မပြည့်စုံပါဘူး။ ပညာတတ်ပြီး စိတ်ကောင်း စေတနာကောင်း ရှိဖို့လည်း လိုအပ်လှပါတယ်။

ရွှေငွေ စည်းစိမ် ဥစ္စာတွေ ပျက်စီးဆုံးရှုံးသွားရင် ပြန်ရှာလို့ ရနိုင်တာမို့ မဆုံးဘူးပဲ သဘောထား နိုင်ပါတယ်။ ကျန်းမာရေး မကောင်းဖြစ်ရင်လည်း ခဏတာမို့ ပြန်လည်ကုစား နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ ပျက်စီး ယိုယွင်းခဲ့မယ်၊ ကိုယ်ကျင့်တရား တွေအဖတ်ဆယ် မရခဲ့ရင်တော့ လူ့အသိုင်းအ၀ိုင်း ထဲကို ပြန်ဝင်ဆန့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သူ့ဘဝ တစ်လျှောက်လုံး အရိပ်မည်းအောက်မှာ သိမ်သိမ်ငယ်ငယ်နဲ့ နေသွားရတော့ မှာပါ။ လူ့မူ အဖွဲ့အစည်းက လက်ခံတော့မှာ မဟုတ်ဘဲ ၀ိုင်းပယ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထူးချွန်ထက်မြက်တဲ့ အရည်အသွေး တွေနဲ့ ပြည့်စုံတဲ့ လူတော်လူကောင်းများ၊ ခေတ်ပညာတတ်များ အနေနဲ့ မိမိဘဝကို မိမိ အစဉ်ပြုစု ပျိုးထောင်  ဖြည့်ဆည်းနေရမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ငှက်တွေဟာ ပျံရင်းနဲ့ သေရသလို၊ လူတွေမှာလည်း ကြံရင်းနဲ့ သေကြရတာပါ။ ကိုယ်စီ ကိုယ်စီ ဘဝတန်ဖိုး အလှတိုးနိုင်ကြပါစေ .. ..။