Tuesday, April 30, 2013

လူဖြစ်ကျိုးနပ်ဖို့

လူသည် တိရစ္ဆာန်ထက် မြင့်မြတ်ရမည်။ လူသည် သက်ရှိ သတ္တ၀ါ တို့အနက် အဆင့် အလွန် ကွာခြား လောက်အောင် မြင့်မား လှသည်။ လူသည် မိမိထက် ကိုယ်ခန္ဓာ အဆမတန် ကြီးမားလှသော ဆင်ကိုပင် ခိုင်းစေနိုင်သည်။ လူသည် ကမ္ဘာမှာ အကြီးမားဆုံး သော ဝေလငါး ကိုလည်း ဖမ်းဆီး နိုင်သည်။ မိမိ၏ အမြင့်မှ ပျံသန်း နိုင်သော ငှက်သတ္တ၀ါ ကိုလည်း ကြိုက်သလို စီရင်နိုင်သည်။ ထို့ကြောင့် လူ၏ အသိဥာဏ် ပညာကို မည်သည့် သတ္တာဝါ မှ မယှဉ်နိုင်ပေ။ အသိဥာဏ် ရှိသော လူကသာ သက်ရှိ သတ္တ၀ါ အားလုံးအပေါ် လွှမ်းမိုး နိုင်သည်။

တိရစ္ဆာန် တို့သည် စာရေး ၊ နေရေး ၊ မေထုန် မှီဝဲရေး ၊ အသက်ရှင်ရေး တို့ကိုသာ စွမ်းဆောင် နိုင်သည်။ လူသည် စာရေး ၊ နေရေး ၊ ချက်ရေး ၊ ဖတ်ရေး ၊ အသက်ရှည်ရေး ဖြင့်သာ အချိန်ကုန် သွားလဆင် လူဖြစ်ကျိုး မနပ်နိုင် တော့ပေ။ တိရစ္ဆာန် နှင့် တန်းတူ ဖြစ်သွား ပေမည်။ လူသည် တိရစ္ဆာန် တို့ထက် အသိဥာဏ် ပညာ ကြီးမား သောကြောင့် အသိဥာဏ် ပညာကို အသုံးချ တတ်မှသာ တိရစ္ဆာန် တို့ထက် သာလွန် ထူးတော်သော လူသား စစ်စစ် ဖြစ်ပေသည်။ လူသားတိုင်း သည် မွေးလာပြီး အသိဥာဏ် အသုံးချ တတ်ပြီ ဆိုကတည်းက ပညာ သင်ကြားရသည်။ ပညာ တတ်သူက ပညာ မတတ်သူ၏ အထက်မှာ နေရသည်။ ပညာပို တတ်သူက ပညာ အတတ်နည်း သူထက် ပို၍ သက်တောင့် သက်သာ စီးပွား ရှာနိုင်သည်။ အတိတ်ကံ ဘယ်လောက် ကောင်းကောင်း ပညာဥာဏ် မရှိလျှင် လူဆင်းရဲ ၊ စိတ်ဆင်းရဲ ၊ ဥစ္စာဆင်းရဲ ရပြီး ဆင်းရဲ မျိုးစုံ နှင့်သာ နပမ်းလုံး နေရသည်။ အတိတ်ကံ ကောင်းပါက ပညာဥာဏ် ရှိလျှင် ရှိသလောက် လူချမ်းသာ ၊ ဥစ္စာချမ်းသာ ၏။ သို့သော် လောကီ ပညာတတ်ရုံ ဖြင့် စိတ်ချမ်းသာ မည်ဟူ၍ မလုံလောက်ပေ။

ပညာ မတတ်သူရော ၊ ပညာတတ် သူပါ စားဝတ် နေရေး ၊ ချမ်းသာရေး အတွက် လုံးပမ်း နေရသည်။ ထို အရေး အတွက် စီးပွားရှာ ၊ ပညာရှာ ၊ ပြေလည် နေရုံ ဖြင့်တော့ လူဖြစ်ကျိုး မနပ်နိုင်ပေ။ လူသည် တိရစ္ဆာန်ထက် ချမ်းသာလို ပါလျှင် လောကီ ပညာ ၊ စီးပွား ပညာ တို့အပြင် လောကုတ္တရာ ပညာချမ်းသာ ကြွယ်ဝ တတ်မြောက် မှသာ တိရစ္ဆာန်ထက် အဆင့်မြင့် ပေသည်။ တိရစ္ဆာန် လိုက်၍ မမှီနိုင်သော ချမ်းသာမှု ကို ယူနိုင်မှသာ တိရစ္ဆာန် ထက်ပို၍ မြင့်မြတ် ပေမည်။ စီးပွား ဥစ္စာ ချမ်းသာပြီး ထိုင် ပိုင်ဆိုင်မှု တွေကို စိတ်မချဘဲ သေသွားလျှင် လောဘစိတ် ဖြင့် သေမည်။ စီးပွားပျက်ပြီး မကျေနပ် ပါက ဒေါသစိတ်ဖြင့် သေမည်။ လောကုတ္တရာ အသိဥာဏ် မပြည့်စုံလျှင် မောဟစိတ် ဖြင့် သေမည်။ လောဘ ၊ ဒေါသ ၊ မောဟ တို့ဖြင့် သေပါက အပါယ် ၄ ဘုံသို့ ကျကာ ( ပြိတ္တာ ၊ ငရဲ ၊ တိရစ္ဆာန် ) ဖြစ်သွား ပေမည်။

ထိုကဲ့သို့သော လူဘ၀ ဖြစ်လာ ရခြင်းသည် လွန်စွာမှ နမြောစရာ ကောင်းလှ ပေသည်။ ထို့ကြောင့် လူရယ်လို့ ဖြစ်လာလျှင် လောကီ ပညာ ၊ စီးပွား ပညာ ၊ စည်းစိမ် ဥစ္စာ ဘာတွေ ချမ်းသာ ချမ်းသာ လူဖြစ်ကျိုး မနပ်သေးပေ။ တိရစ္ဆာန် နှင့် အဆင့်ကွာ လိုလျှင် လောကုတ္တရာ ပညာဥာဏ် တတ်မြောက် မှသာ အဆင့်မြင့် သည့်လူ ဖြစ်လာ ပေမည်။ လူဖြစ် လာပါလျက် အပါယ် ၄ ဘုံမှ လွတ်မြောက် နိုင်လောက်အောင် လောကုတ္တရာ ပညာ မတတ်လျှင် လူဖြစ်ကျိုး မနပ်တော့ပေ။ ထို့ကြောင့် လူဖြစ်ကျိုး နပ်အောင် အပါယ် ၄ ဘုံမှ လွတ်မြောက် အောင် ကြိုးစားဖို့ လိုအပ်ပေသည်။

လူဖြစ် ရခြင်း၏ အဓိက ရည်ရွယ်ချက် သည် ၀မ်းစာရှာ ဖို့မဟုတ် ၊ အိပ်ဖို့ မဟုတ် ၊ စားဖို့ မဟုတ် ၊ ကာမဂုဏ် ခံစားဖို့ မဟုတ် ၊ ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်သည်။ တိရစ္ဆာန် တွင် ၀မ်းစာရှာခြင်း ၊ အိပ်ခြင်း ၊ စားခြင်း ၊ ကာမဂုဏ် ခံစားခြင်း ဟူသော အချက် ၄ ချက် ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ ၄ ချက်ပင် ရှိသည်။ ဤ ၄ ချက်သာ ရှိနေပါက လူသည် တိရစ္ဆာန် နှင့် ဘာမျှမထူး ၊ အတူတူ သာဖြစ်သည်ဟု မေတ္တာရှင် ( ရွှေပြည်သာ ) ဆရာတော် က ဟောကြား ခဲ့သည်။ ဆက်လက်၍ ဆရာတော် က လူသားသည် ကုသိုလ် ( ပရဟိတ အလုပ် ) ကို လုပ်တတ်သည်။ တိရစ္ဆာန် က မလုပ်တတ် ၊ ဤကုသိုလ် ( ပရဟိတ ) အလုပ်ကြောင့် သာလဆင် လူသားသည် တိရစ္ဆာန် ထက် သာလန် မြင့်မြတ် သွားခြင်း ဖြစ်သည်။ (၃၁)ဘုံတွင် လူ့ဘုံ သည်သာလျှင် ကုသိုလ် လုပ်၍ ရပေသည်။ အခြားဘုံ များက လူ့ဘုံ ကဲ့သို့ တင်းပြည့် ကျပ်ပြည့် မရနိုင်ပေ။ လူ့ဘုံ အောက်တွင် ရှိသော အပါယ် ၄ ဘုံ တွင် ဆင်းရဲ ဒုက္ခသည် များလွန်း သောကြောင့် မည်သည့် ကုသိုလ်မှ ပြုလုပ်၍ မရပေ။ လူ့ဘုံ အထက်တွင် ရှိသော နတ်ဘုံ ၊ ဗြဟ္မာဘုံ တို့တွင်ကား ချမ်းသာ သူတွေ များလွန်း အားကြီး သောကြောင့် မည်သည့် ကုသိုလ်ကိုမျှ ကောင်းကောင်း လုပ်၍ မရနိုင်ပေ။ ဥပမာ အားဖြင့် နတ်ပြည် နှင့် ဗြဟ္မာပြည် တွင် အလှူခံ ပုဂ္ဂိုလ် မရှိ သောကြောင့် ဒါနကုသိုလ် မည်သို့မျှ မပြုနိုင်ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဘုရားလောင်း သည် နတ်ပြည်သို့ ရောင်လျှင် သက်တမ်းပြည့် မနေရဘဲ သက်တမ်း၏ သုံးပုံ တစ်ပုံ လောက်သာ နေကာ မိမိကိုယ်ကို သေအောင် ပြု၍ လူ့ပြည်သို့ ပြန်သွား ကြသည်။ လူ့ပြည် သို့ ရောက်မှ ဒါန ၊ သီလ စသော ကုသိုလ် ပါရမီ များကို တင်းပြည့် ကျပ်ပြည့် ဆည်းပူး ကြသည်။ ထို့ကြောင့် " လူ့ဘ၀ ရခဲ လှပေ၏ ၊ ခဏတာ ရလာသော လူ့ဘ၀ ကို အကျိုးရှိရှိ နေကြ ၊ အသုံးချကြ လို့ ... " ပြောခဲ့သော ဘိုးဘွား တို့၏ စကားသည် လွန်စွာမှ တန်ဖိုး ရှိခဲ့ပေသည်။ လူဖြစ်ပြီး ပညာမဲ့သည့် လူ့ဘ၀ကို ကာမဂုဏ် ခံစားဖို့ အတွက်သာ အသုံးချ၍ နေမည် ဆိုလျှင် အပါယ် ၄ ပါးသို့ သွားပြီး လူဖြစ် ရခြင်း၏ အဓိက ရည်ရွယ်ချက် ကို သိသော ပညာရှိသည် လူ့ဘ၀ ကို ကုသိုလ်ရဖို့ အတွက် အသုံးချရ၍ နိဗ္ဗာန်သို့ သွားသည်။ ပုထုဇဉ်တိုင်း လောဘရူး ၊ မောဟရူး ၊ ဒေါသရူး ၊ မာနရူး တွေနဲ့ ပြည့်နှက် နေသော ဤလောကကြီး တွင် နည်းနည်းရှုး နှင့် များများရူးသာ ကွာခြား ကြသည်။ ထို အရူးရောဂါကို တရားစခန်း ဆေးရုံမှ သမထ ၀ိပဿနာဖြင့် ကုသလျှင် ပျောက်ကင်း နိုင်သည်။

ရခဲလှစွာသော လူ့ဘ၀မှာ လူဖြစ်ကျိုးနပ် ဖို့အတွက် ရလာတဲ့ အချိန်လေး အတွင်း မိမိတို့ တတ်နိုင် သလောက် ဒါန ကုသိုလ် ၊ သီလ ကုသိုလ် ၊ ၀ိပဿနာ ကုသိုလ် တို့ကို ကျင့်ကြံ ကြိုးစား အားထုတ် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်း ရေးသားလိုက် ပါသည်။ လူတိုင်း လူတိုင်း လိုက်နာ ကျင့်ကြံ ကြိုးစား အားထုတ်ရင်း လူ့ဘ၀ကြီးကို အကျိုးရှိအောင် နေထိုင် ကြပါစို့ လို့ ရေးသား လိုက်ရပါသည်။
ကိုးကား

(၁) မေတ္တာရှင် ( ရွှေပြည်သာ ) ၊ လူဖြစ်ရခြင်း ရဲ့ အဓိက ရည်ရွယ်ချက်

(၂) လူဖြစ်ကျိုးနပ်ဖို့ သောတာပန် သို့ ( အက်စ်အက်စ် ခင်မောင်အေး )

2 comments:

မငုံ said...

ပထမဆုံး စာပြန်ရေးတာကို ၀မ်းသာတယ်လို့ ပြောပြရစေ ကိုချစ်ဖေရေ...
မငုံလဲ အချိန်ရ ရသလို စာတွေပြန်ရေးမယ် စိတ်ကူးတယ်။ အခုတလောလဲ စာတွေရေးဖြစ်အောင် ကြိုးစားနေတယ်။ စာပြန်ေ၇းပါနော့။။။

နောက် အခုပိုစ့်လေးကို တော်တော်သဘောကျတယ်။ မှန်တယ်..အခုက ရုပ်ဝတ္တုတွေတိုးတက်လာတော့ စိတ်တွေ တော်တော်များများ သီးသန့်ဆန်လာ၊ တကိုယ်ကောင်းဆန်လာကြပြီ။ မိသားစုမှအပ မိတ်ဆွေတွေ ရှားပါးလာသလို တချို့များဆို မိသားစုဝင်အချင်းချင်းအပေါ် အတ္တစိတ်များလာကြပြီ။ မငုံ အမြင်မှာတော့ အဲဒီလူတွေဟာ လူဖြစ်ရကျိုးမနပ်ဘူးပေါ့...လု့ဘ၀ကိုရောက်လာတာ ဆယ်ဂဏန်းခဏတာလေးမှာလေနော့..လူ့ကျင့်ဝတ်တွေနဲ့ ဘုရားကြိုက်တဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတာတွေကို လုပ်နိုင်သလောက်လုပ်ပြီး လူဖြစ်လာရကျိုးနပ်စေချင်တယ်။ မငုံတော့ သံသရာဆိုတာ အရမ်းကြောက်တယ်။ ဒီဘ၀မှာတောင် ရှေးက၀ဋ်တွေကြောင့် ကံအကျိုးပေးမကောင်းတာခံရရင် လိမ့်နေတာ တော်ပါပြီ နောက်ဘ၀ထိ သယ်မသွားချင်တော့ဘူး။

:) ဆရာကြီးမဟုတ်ဘူးနော်။။ စိတ်ထဲရှိတာ ရှယ်ခဲ့တာ ။ အခုစာရေးဖို့ ကုန်ကြမ်းရှာနေတာ ကျေးဇူးပဲ ကိုချစ်ဖေရေ..မငုံ ကုန်ကြမ်းရပြီ။

thura aung said...

လူဆိုတာ‌သေမျိုး၊‌တွေချည်းပါဘဲ။
‌သေသွားရင်‌၊‌တော့~~~
ကုသိုလ်‌နဲ့အကုသိုလ်‌ဒီ(၂)မျိုးဘဲ
ပါသွားကြမှာပါ။