Wednesday, September 24, 2008

ခရီးသွားကုသိုလ်

ခရီးသွားကုသိုလ်

တောင်ကြီးကို အလုပ်ကိစ္စနဲ့သွားဖို့ ပင်လောင်းဈေးရှေ့ ကားမှတ်တိုင်ကို ထွက်ခဲ့တယ်။ လိုင်းကားတော့ မရှိပါဘူး။ လွိုင်ကော်ဖက်က တက်လာတဲ့ လွိုင်ကော်-တောင်ကြီး ဟိုင်းလက်ကားလေး တွေကို အကြုံလိုက်စီးရတာပါ။ ကားဂိတ်မှာတော့ လူသိပ်မရှိ ပါဘူး။ မကြာခင်မှာပဲ လိုင်းကားဆိုက်လာ ပါတယ်။ ထိုင်ခုံအပြည့် ခရီးသည်လိုက်ပါ လာတာမို့ ခြေနင်းခုံကပဲ တွယ်စီးရပါတယ်။ ဒီအထဲမှာ ရဟန်းအို တစ်ပါးလည်း ပါလာပါတယ်။

ကားရှေ့ခန်းမှာသံဃာတော်အတွက် သီးသန့် နေရာသတ်မှတ် ထားပေမယ့် ခရီးစဉ်အစ ကတည်းက သံဃာတော်နှစ်ပါး စီးနင်းလိုက်ပါလာ တာမို့ ရဟန်းအို အတွက် နေရာမရ ဖြစ်ခဲ့ရပါတယ်။ နောက်ဖက်ခုံတွေ မှာတော့ လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းသားတွေရယ်၊ ဈေးသည်တွေရယ် ပါပါတယ်။ ဒါပေမယ့် မသိချင် ယောင်ဆောင်ပြီး နေရာဖယ် မပေးကြ ပါဘူး။ သိပ်မကြာမီမှာ ကားညာဘက်ခြမ်းက နှစ်ယောက်တွဲထိုင်ခုံ ဘေးဘက်မှာ အိပ်ပြီးလိုက်လာတဲ့ အသက် ၅၀ ကျော်ခန့် ကုလားကြီး တစ်ယောက် ရုတ်တရက် နိုးလာပြီး ခြေနင်းခုံမှာ မတ်တပ်ရပ်လိုက်ပါ လာတဲ့ ရဟန်းအိုကြီးကို မြင်တာနဲ့ ချက်ချင်းထရပ်လိုက်ပြီး " ဒီမှာထိုင်ပါ ဘုန်းဘုန်း " ဆိုပြီး စကားမပီတပီနဲ့ ခေါ်ကာ နေရာပေးလိုက် တာကို ကျွန်တော်တို့အားလုံး မြင်တွေ့လိုက်ရပါတယ်။

ထိုသို့နေရာ ပေးလိုက်ရတဲ့ ကုလားကြီးလည်း ကားနောက်ခြေနင်းခုံမှာ မတ်တပ်ရပ်နဲ့ စီးနင်းလိုက်ပါ လာခဲ့ပါတယ်။ ရဟန်းအိုကြီးနဲ့ ကုလားကြီးတို့ တစ်ဦးနဲ့တစ်ဦး သိကျွမ်းသူများ ဖြစ်မယ်လို့ ထင်ပါတယ်။ ကုလားကြီးဟာ မိမိဆင်းမယ့် မှတ်တိုင်နီးလို့ နေရာ ဖယ်ပေးလိုက်တာလို့ပဲ ပထမတော့ ဒီလိုထင်လိုက်ပါတယ်။ ကားက တီကျစ် ကိုကျော်ပြီး ဆင်းမယ့်သူမရှိဘဲ တက်မယ့်သူပဲ များလာပါတယ်။ ပင်လောင်းလမ်းခွဲ ရောက်တော့လည်း ထိုနည်းလည်းကောင်းပါပဲ။ အောင်ပန်းဈေးရှေ့ကို ရောက်တော့ ရဟန်းအိုကြီး ဆင်းသွားပါတယ်။ ကုလားကြီးကတော့ မတ်တပ်ရပ် တွယ်စီးပြီး လိုက်ပါ လာဆဲပဲ ဖြစ်ပါတယ်။ ခရီးတော်တော် လေးကိုရောက်မှ ဟဲဟိုးမြို့အ၀င်မှာမှ ကုလားကြီးဟာ ကားပေါ်က ဆင်းပြီး နွားနို့ပုံး တစ်ပုံးကို ခေါင်းပေါ်တင်ရွက်၊ ကျန်တစ်ပုံးကို လက်ကဆွဲပြီး ထွက်ခွာသွားတာကို မြင်လိုက်ရပါတယ်။ ထိုအခါမှပဲ ကျွန်တော်သည် နို့သည် ကုလားကြီးရဲ့ ဈေးရောင်းသွားရင်း လမ်းခရီးမှာ ဒါနတစ်ခု ပြုသွားပုံ လေးကို သတိပြုမိလိုက်တော့တယ်။

ကားပေါ်မှာ ဘာသာလူမျိုး အမျိုးမျိုး ပါရှိလာသော်လည်း အများနဲ့မတူ စေတနာထားပြီး ကူညီပေးလိုက်တဲ့ ကုလားကြီးရဲ့ ပြုဖွယ်ကိစ္စသည် ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာ တရားအနေနဲ့ ရှုမြင်သုံးသပ်ပါက အမှတ်မထင် မပင်ပန်းသော ဒါနကုသိုလ်တစ်ခုကို ပြုလုပ်လိုက်ခြင်းသာ ဖြစ်တယ်လို့ ကျွန်တော် ထင်မှတ်မိပါတယ်။ ဗုဒ္ဓတရားတော်ရဲ့ အလိုအရ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက် ကုသိုလ်ရနိုင် သည်ဟူသော စကားကို ချက်ချင်း သတိရလိုက်မိပါတယ်။

'' အို .. .. ရဟန်းတော်တို့ ဤနေရာကို ကျောင်းတော်အဖြစ် မှတ်ယူ၍ ယာယီ သီတင်းသုံးတော်မူပါ ဘုရား '' ဟူ၍ စိတ်အာရုံ၌ နှလုံးသွင်းလိုက်လျှင် ငွေကြေး မကုန်ကျဘဲ ကျောင်းတစ်ကျောင်းကို ဆောက်လုပ် လှူဒါန်းလိုက်သကဲ့သို့ ရှိတတ်ပေသည်ဟု နာကြား မှတ်သားမိခဲ့ဖူးပါသည်။ ယခုကိစ္စသည် နို့သည်ကုလားကြီးသည် ရဟန်းအိုကြီးကို ဘာအမျှော်အမြင်မှ မရှိပါဘဲ စေတနာ သန့်သန့်ဖြင့် အကူအညီ ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ လူတကာက ပြုနိုင်လောက်သော်လည်း ဝန်လေးတတ်ကြတဲ့ ဤကဲ့သို့သော ပြုဖွယ်ကိစ္စမှာ ကုလားကြီး၏ စေတနာ ဖြူစင်မှုသည် ဆုမတောင်းသော်လည်း သံသရာ တစ်ကွေ့မှာ ကောင်းမြတ်သော အထောက်အပံ့ တစ်ခုခုကို ရရှိခံစားရမှာပဲလို့ မှတ်ယူပြီး သဒ္ဓါပီတိ ဖြစ်မိပါတယ်။ ယူတတ်ရင် အလွယ်တကူ ရနိုင်တဲ့ ပေါ့ပေါ့ပါးပါး ခရီးသွား ကုသိုလ်လေးကို အားလုံးပဲ ကျေနပ်နိုင်ပါစေ..။ အားလုံးကို လေးစားလျက်ပါ။

Tuesday, September 23, 2008

ချစ်သူ

ငှက်လေးတွေ ဝေဟင်ထက်မှာ
မြင့်မြင့်ပျံကြတယ်
ဖမ်းဖို့ ခက်သလို
မင်းလို သူငယ်ချင်းကို
မေ့ဖို့ ခက်လှတယ် ။

ကြယ်လေးတွေ ကောင်းကင်ထက်မှာ
လင်းလက်နေကြတယ်
ဆွတ်ယူနိုင်ဖို့ ခက်သလို
မင်းလို ချစ်သူကို
မုန်းဖို့ ခက်လှတယ် ။

နေမင်းလည်း ပျောက်ကွယ်..
ပင်လယ်လည်း ခန်းခြောက်သွားမယ်ဆိုလည်း
မင်းလို ချစ်သူကို
ဘယ်လိုမှ
မေ့လို့မရနိုင်ဘူး တစ်ကယ် .. .. ။

Monday, September 22, 2008

ပဲပင်ပေါက်

ပဲပင်ပေါက်

ပင်လောင်းဈေးနေ့မို့ မနက် ကတည်းက ဈေးတစ်ခုလုံး လှုပ်လှုပ်ရွရွနဲ့ တစ်ခြားမြို့က ဈေးကားတွေ၊ ဈေးသည်တွေ ရောက်နှင့်ပြီး ဈေးခင်းဖို့ ပြင်ဆင်နေကြပါပြီ။ ဆောင်းဦးပေါက် လာပြီမို့ အအေးဓာတ်က အခြားဒေသ တွေထက် ပိုကဲတယ်လို့ ထင်မိပါတယ်။ ထွေထွေထူးထူး စားတတ်တာ မဟုတ်တော့ လဘက်ရည်ဆိုင်ထဲဝင် လဘက်ရည်နဲ့ အီကြာကွေးပဲ နေ့တိုင်းအားပေး နေမိပါတယ်။ အီကြာကွေး စားရင်း စာတန်းလေးတစ်ခုကို ဖျက်ကနဲ သတိရမိပြီး တစ်ကိုယ်တည်း ပြုံးမိပါသေးတယ်။ ဘာတဲ့ (လိုရင်းပြောပါ အီကြာမရိုက်ပါနဲ့၊ ချစ်သူမှလွဲရင် စိတ်မရှည်ပါ) ဆိုလားပဲ။ ဂျီတော့ရဲ့ ပေါ်စေချင်တဲ့ စာသားလေးကို မှတ်မှတ်ရရလေး ထည့်ထားတာကို ပြေးမြင်မိတာပါ။ အလုပ်နဲ့မို့ အင်တာနက်နဲ့ ဝေးနေရပေမယ့် အွန်လိုင်းပေါ်က သူငယ်ချင်းတွေ မိတ်ဆွေတွေကို အထူးပဲ အမှတ်ရမိ ပါတယ်။ အလုပ်ရုံအပြန်မှာ သုတ်စားဖို့ အသီးအရွက်တွေ ၀ယ်ဖြစ်တယ်။ ဒီမှာက ခြံထွက်တွေ သိပ်လတ်ဆတ်တာမို့ အရသာပိုထူးကဲ တယ်လို့ ခံစားရပါတယ်။ အသားငါးထက် အသီးအနှံတွေ စားဖြစ်တာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ အိမ်ထောင်ကျရင် အသားငါးနှစ်သက်တဲ့ အိမ်ရှင်မနဲ့ဆို မနည်းညှိယူ ရမယ့်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ကနေ့တော့ ပဲပင်ပေါက် တိုတိုတုတ်တုတ် လေးကို ပြုတ်သုပ် စားဖို့ ၀ယ်လာဖြစ်တယ်။

ပဲပင်ပေါက်ဆိုလို့ အထင်မသေး စေချင်ပါဘူး။ တစ်ချိန်မှာ အစေ့ဖြစ်တဲ့ ပဲ ဟာ အစို့၊ အညှောင့် ထွက်လာပြီဆိုတာနဲ့ (ပဲပင်ပေါက် ဖြစ်လာပြီ ဆိုတာနဲ့)သူတို့ရဲ့ အဟာရတန်ဖိုးတွေကို ထုတ်လွှတ် လိုက်တယ်လို့ ဆိုပါတယ်။ ပဲပင်ပေါက်မှာ ဗီတာမင် B အခြေခံ ၃၀% ပါဝင်ပြီး ဗီတာမင် C ကတော့ ၆၀% အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ ချက်လိုက်ရင် အရသာလည်း ရှိတဲ့အပြင် အစာလည်း ကြေလွယ်ပါတယ်။ စားရတာ အဆင်ပြေတယ်။ ချိုတယ်၊ နူးညံ့တယ်၊ အစိမ်းစားလည်း အရသာရှိတယ်၊ ခန္ဓာကိုယ်သန့်စင်ရေး စနစ်တွေအတွက် ကောင်းတယ်လို့ သိရပါတယ်။ ရေနွေးလေးဖျော၊ မြေပဲဆံထောင်းနဲ့ သုပ်စားလိုက်ရင် လျှာလည်သွားနိုင် ပါတယ်။ ပဲပင်ပေါက်ကိုတော့ မြန်မာပြည် ဈေးတိုင်းရဲ့ ကုန်စိမ်းတန်းမှာ အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်။ လတ်ဆတ်မှုကိုတော့ သတိပြု ရွေးချယ် ၀ယ်ရပါမယ်။ ဆရာမလုပ်တော့ပါဘူး။

ပဲတွေကို ကိုယ်တိုင် အပင်ဖောက်ချင်တယ် ဆိုရင်တော့ သူ့လောက် လွယ်ကူ ရိုးရှင်းတာ မရှိပါဘူး။ အဓိကကျတာ တစ်ချက် နှစ်ချက် သိထားရင် လုပ်စားလို့ ရပါပြီ။ (ကျွန်တော်လည်း ပဲပင်ပေါက် ရောင်းတဲ့ ပလောင်မလေး ကို ဆရာတင်ခဲ့တာပါ) ပထမတော့ လူပျိုက အပျိုလှည့်တယ်အထင်နဲ့ ဘာမှ ပြန်မပြောဘဲ ရီပဲရီနေတာမို့ ပဲဖောက်တဲ့ နည်းကို မနည်းတောင်းခဲ့ရပါတယ်။ ဒါနဲ့ ပြန်ဖောက်သည် ချလိုက်ပါတယ်။

(၁)
ပဲစေ့ကို ကုန်နိုင်၊ စားနိုင်သလောက် ယူပါ။ ဇလုံ ဒါမှဟုတ် ရေပုံးနဲ့ ဖြစ်ဖြစ်ထည့်ပါ။ ရေကို ကြက်သိမ်းနွေးလောက်နဲ့ မြှုပ်အောင် ဖြည့်ပေးပါ။ ပြီးရင် အ၀တ်နဲ့ပိတ်ပြီး သေချာ စည်းထားရပါမယ်။ အနွေးဓာတ် ရှိတဲ့နေရာမှာ တစ်ညသိပ်ထားရပါမယ်။
(၂)
ပိတ်ထားတဲ့ အ၀တ်စပါးကိုမဖယ်ဘဲ ရေကိုသွန်ထုတ်ရပါမယ်။ ရေအသစ် ထပ်ဖြည့်ပါ။ အသာအယာ ပုံးကိုလှုပ်ပေးပြီး နဂိုအတိုင်း ပြန်သိမ်းထားပါ။ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိတဲ့ နေရာမှာဆို ပိုကောင်းပါမယ်။
(၃)
ရေနဲ့ သေသေချာချာ တစ်နေ့ ၃ ကြိမ် ဆေးလိုက် သွန်လိုက် လုပ်ပြီး ကိုယ်လိုချင်တဲ့ အနေအထားထိ အပင်ပေါက်လာတဲ့ အထိစောင့်ပါ။ ကျေနပ်တဲ့ အပင်ပေါက်ရရင် သေချာအောင် ဆေးကြော သန့်စင်ပြီး အပင်မပေါက်တဲ့ ပဲစေ့အချို့ကို ဖယ်ရှားလိုက်ရင် စားလို့ရတဲ့ ပဲပင်ပေါက်ကို ရပါမယ်။

Thursday, September 18, 2008

လိုအပ်ချက်နည်းနည်းနဲ့ ထိရောက်မှုများများ Zinc ဓာတ်

လိုအပ်ချက်နည်းနည်းနဲ့ ထိရောက်မှုများများ Zinc ဓာတ်

ကျွန်တော် အခုရောက်နေတဲ့ အလုပ်ရုံမှာ အလုပ်လုပ်နေတဲ့ ပအိုဝ့်သူလေးတွေ ၂၀ ယောက်လောက်ရှိပါမယ်။ ကပ်လျက် ပွဲရုံမှာလည်း ၂၀ ယောက်ဝန်းကျင် လောက်ရှိပါမယ်။ အိပ်နားနေချိန်နဲ့ ထမင်းစားချိန်ကလွဲရင် အလုပ်နဲ့လက်မပြတ် တကုပ်ကုပ် လုပ်နေနိုင်တာ ချီးကျူးစရာပါပဲ။ တီးတိုး စကားပြောပြီး ရီနေကြ တာကလွဲလို့ အေးအေးလူလူ အလုပ်လုပ်နေနိုင်ကြပါတယ်။ စကားနည်းနည်း ပြောပြီး အလုပ်များများ လုပ်တဲ့ သဘောပါ။ သူတို့ကို ကြည့်လိုက်ရင် ခြေဆုံးခေါင်းဆုံး ရိုးရာဝတ်စုံ ၀တ်ထားတဲ့အပြင် ခေါင်းမှာလည်း ခေါင်းပေါင်း သဘက်အ၀ါရောင် တောက်တောက်ကို ပေါင်းထားကြပါတယ်။ ပျိုပျို အိုအို အားလုံး တစ်ဆင် တစ်ရောင်ထည်းပါပဲ။ အလုပ်ကိစ္စနဲ့ ကျွန်တော် တောင်ကြီးတက်မယ် ပြောတော့ အလှပြင်ပစ္စည်းတွေ မှာကြတယ်။ မိတ်ကပ်တို့ နှုတ်ခမ်းနီတို့ ရေမွှေးတို့ အပြင် အများဆုံးမှာ တာကတော့ ဗီတာမင် E ဆေးလုံးလေးတွေပါပဲ။ နမူနာယူလာပြတာကတော့ ငယ်ငယ်က သောက်ခဲ့တဲ့ ငါးကြီးဆီလို ဆေးလုံးလေးလိုပါပဲ။ နည်းနည်းတော့ အရွယ်ပိုကြီး ပါတယ်။ နောက်တော့ ထူးထူးခြားခြား မှာတာက ဇင့် (Zinc) ဆေး လို့ ပြောတာပါပဲ။ ကျွန်တော်လည်း တစ်ခါမှ မတွေ့ဖူးတာမို့ တော်တော် မေးဝယ်ခဲ့ ရပါတယ်။ ဘယ်မှာ ဘယ်လို အသုံးဝင်တယ်တော့ မသိပေမယ့် သူတို့ မှာတဲ့ အရေအတွက် အတိုင်းဝယ်ပေးလိုက်ပါတယ်။ ပညာတတ် မြို့သား တစ်ယောက် အနေနဲ့ တောသူတောင်သား တွေလောက် ဗဟုသုတမကြွယ်လို့ ကိုယ့်ကိုယ်ကို ရှက်မိပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကျိုင်းတုံကနေ တောင်ကြီးအထိကို သူငယ်ချင်းလေးယောက် DT ဆိုင်ကယ် ၂ စီးနဲ့ ခရီးထွက်ခဲ့ဖူးတယ်။ ခုချိန် ပြန်စဉ်းစားမိရင် တစ်ကယ်ကို မိုက်ရူးရဲဆန်ခဲ့ ပါတယ်။ လူငယ်ဘာဝ စွန့်စားတယ် ဆိုပေမယ့် အသက်အန္တရာယ်ကနေ သီသီလေး လွတ်ခဲ့တဲ့ အကြောင်းလေးပါ။ ဆီဆိုင်မြို့ကို ကျော်တော့ ဆိုင်ကယ် ၂စီးကို အရှိန်တင် ယှဉ်မောင်းရင်းလာရာကနေ လမ်းဘေးက နွားကျောင်းသားတစ်ယောက်က လွယ်အိတ်ကိုမြောက်ပြီး လွယ်အိတ်ထဲ ကနေ လုပ်သေနတ်နဲ့ပစ်တာ ကျွန်တော်တို့ လေးယောက်စလုံး ခဲသီးလုံးစတွေ မှန်ကုန်တယ်။ ကျွန်တော်စီးတဲ့ ဆိုင်ကယ်က ဘာမှ မဖြစ်ပေမယ့် နောက်က ဆိုင်ကယ်က စက်ရပ်သွားတယ်။ လုပ်သေနတ်ပေါက်ကွဲသံနဲ့အတူ ထွက်လာတဲ့ ခဲလုံးလေးတွေ အပစ်ခံရပေမယ့် သွေးပူနေတော့ ချက်ချင်းကြီး မနာသေးပါဘူး။ ဆိုင်ကယ်ကို ပြုပြင်ဖို့ထက် ကိုယ်ခန္ဓာနေရာစုံကနေ ထွက်လာတဲ့ သွေးတွေကြောင့် အားလုံးပဲ မှင်သက်သွားပါတယ်။ ဒဏ်ရသိပ်မရတဲ့ တစ်ယောက်က ကောင်းတဲ့ ဆိုင်ကယ်ကိုယူပြီး ဆီဆိုင်မြို့ကိုပြန်ပြီး ကားငှားရတယ်။ ကံကောင်းထောက်မစွာပဲ ဟိုင်းလက်တစ်စီးရတယ်။ အားချင်းပဲ တောင်ကြီးကို မရပ်မနား မောင်းပြီး စ၀်စံထွန်းဆေးရုံတက်တယ်။ တစ်လမ်းလုံးထွက်တဲ့ သွေးကြောင့် ကားတစ်ခုလုံး ချင်းချင်းနီလို့ပါပဲ။ ကြောက်စိတ်ထက် နောက်ဘာဖြစ်လာမယ် ဆိုတာကိုပဲ သိချင်နေမိတယ်။

ဆေးရုံရောက်တော့ ဆေးကုသဖို့ထက် ရဲစခန်းရောက်နေသလို စစ်လားဆေးလား အရင်လုပ်နေလို့ တော်တော် စိတ်ကုန်ဖို့ ကောင်းပါတယ်။ တစ်နေ့လုံး သွေးက ဆက်မထွက် တော့ပေမယ့် ခန္ဓာကိုယ်ထဲမှာ တစ်ခုခုရှိနေသလို ခံစားရတယ်။ နောက်တစ်ရက်မှ ကိုယ်ထဲရောက်နေတဲ့ ခဲလုံးတွေ ခွဲထုတ်ရတယ်။ ကျွန်တော်က ဒူးခေါင်းမှာ ခဲသီး ၂လုံး ပေါင်မှာ ခဲသီး ၄လုံး၊ နံကြားမှာ ခဲသီး ၄လုံး ပေါင်း ၁၀ လုံးပေါက်ပြီး ၀င်သွားတယ်။ ထူထဲတဲ့ ဂျင်းဘောင်းဘီ ၀တ်ထားတယ်၊ နောက် အကျီင်္က သားရေအထူကြီး အောက်မှာ ဆိုင်ကယ်စီးဝတ်တဲ့ ကိုယ်ကြပ်အကျီင်္က ဖော့ပြားတွေကို ဖြတ်ပြီး ခဲသီးစတွေ ၀င်လာတာမို့ အသားထဲ နက်နက် ရှိုင်းရှိုင်း မရောက်ခဲ့ပါဘူး။ လုပ်သေနတ်မို့လို တစ်ခြားတစ်ဖက်ကို ပေါက်ထွက်မသွားပါဘူး။ ခဲသီး ၁၀လုံးမှာ ၆ လုံးပဲခွဲထုတ်နိုင်ပြီး ပေါင်ထဲက ခဲသီး ၂လုံးနဲ့ နံကြားထဲက ၂ လုံးကိုတော့ မထုတ်ယူ နိုင်ခဲ့ပါဘူး။ ဓာတ်မှန်ရိုက်ပေမယ့် ရွေ့နေတာ တွေ့ရပါတယ်။ လုပ်သေနတ်မှာသုံးထားတာက ခဲသီးလုံးတွေအပြင် သွပ်စ (Zinc) တွေလည်း ပါပါတယ်။ ခွဲထုတ်လိုက်တဲ့ အထဲမှာ ခဲသီး ၂ လုံးနဲ့ သွပ်စ ၄ စ ဖြစ်ပါတယ်။ ဆရာဝန်က နက်နက်ရှိုင်းရှိုင်း ၀င်နေတဲ့ ခဲသီးစတွေကို ဆက်မထုတ် ပေးတော့ပါဘူး။ ခုချိန်ထိ ရာသီဥတုအေးရင် ခဲဆိပ်တက်လို့ ကိုက်နေတုန်းပါပဲ။ လူကြီးတွေ မသိဘဲ ခရီးထွက်လို့ ရခဲ့တဲ့ သင်ခန်းစာပါ။ ခွဲစိတ်လိုက်တဲ့ အနာတွေ ပုံမှန် နေသားကျအောင် စ၀်စံထွန်းဆေးရုံမှာ ၂ လကျော်ကြာ တက်ခဲ့ရပါတယ်။

ကျွန်တော်ပြောချင်တဲ့ သွပ်ဓာတ် Zinc က လုပ်သေနတ်ကပေးတဲ့ အသိမဟုတ်ပါဘူး။ ဆေးပညာက ပေးတဲ့ အသိပညာပါ။ ခုဆိုရင် Zinc ဓာတ်ပါဝင်တဲ့ ဆေးတွေ အလှကုန်ပစ္စည်းတွေ ဈေးကွက်မှာ နေရာကဏ္ဍတစ်ခုနဲ့ အထင်ကရ ပေါ်ထွက်လာပြီး နေရာရလာတာပါပဲ ဖြစ်ပါတယ်။ အသားအရေ ကျစ်လျစ်ပြီး ကြည်လင်ဖို့နဲ့ ဆံပင်ကျွတ်ရာကနေ ကင်းဝေးစေပြီး ဆံပင် နက်နက်ထူထူလေးဖြစ်စေဖို့ သွပ်ဓာတ် လိုအပ်တယ်လို့ အကြမ်းဖျဉ်း သိရပါတယ်။

ကျွန်တော်တို့ လူသားတွေအနေနဲ့ ကိုယ်ခန္ဓာအတွက် သွပ်ဓာတ်လိုအပ်ချက်က နည်းနည်းလေး ဖြစ်လို့ သွပ်ကို Trace Element လို့ပဲ ခေါ်ပါတယ်။ တစ်ကယ်တော့ သွပ်ဟာ Mineral အုပ်စုဝင် ဖြစ်ပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ ပမာဏက မဆိုစလောက်နည်းနည်းလေးမို့ Trace Elememt ရယ်လို့ပဲ အမှတ်သညာ ပြုခဲ့တာပါ။ လူကြီးတစ်ယောက် တစ်ကိုယ်လုံးကို စစ်စစ်ပေါက်ပေါက် ရှာကြည့်ပါမှ သွပ်ဓာတ်ပမာဏက (၂)ဂရမ် ဒါမှမဟုတ် (၃)ဂရမ် လောက်ပဲ ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ အရိုး၊ အကြော၊ အဆစ်၊ ကြွက်သားမျှင် ထဲမှာ သွပ်ပမာဏ အများအပြားရှိပြီး၊ အနည်းအကျဉ်းကတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါ၊ ဆံကေသာ၊ ခြေသည်း လက်သည်း များထဲမှာ ပျံ့နှံ့ပြီး တည်ရှိနေပါတယ်။

သွပ်ဓာတ်ဟာ ခန္ဓာကိုယ်အတွက် အထိုက်အလျှောက် အရေးကြီးပါတယ်။ ပမာဏလေးက မဆိုစလောက်ပေမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဗေဒ လုပ်ငန်း ဆောင်တာ များမှာလိုအပ်တဲ့ အင်ဇိုင်းတွေမှာ သွပ်ဓာတ်ပါဝင် နေတဲ့အတွက်ဖြစ်ပါတယ်။ သွပ်ဓာတ်ရှိမှသာ ဖြစ်တည်နိုင်တဲ့ အင်ဇိုင်းတွေဟာ ခန္ဓာကိုယ်အတွက် စွမ်းအင် (Energy) ရဖို့ ကစီဓာတ်ကို ဖြိုခွင်းခြင်းမှာ ဖြစ်ပါတယ်။ အာရုံခံကြောများအတွက် လိုအပ်တဲ့ ဓာတ်ပစ္စည်းများထဲမှာ သွပ်ဓာတ်က ပါဝင်ရပြန်ပါတယ်။ ဒါကြောင့် သွပ်ဓာတ်ချို့တဲ့ရင် အာရုံကြောပိုင်းဆိုင်ရာ ထုံကျဉ်နာတာ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ သွပ်ဓာတ်ချို့တဲ့ရင် ခန္ဓာကိုယ် ကြီးထွားမှုကို သိသိသာသာ ယုတ်လျော့သွား နိုင်ပါတယ်။ အရပ်မထွက်တဲ့အပြင် လိင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုပါ မရှိတော့ပါဘူး။ လူကြီးတွေအတွက်တော့ နှလုံးမှာ အားနည်းပြီး အင်မတန် ပင်ပန်း နွမ်းနှယ်တတ်ပါတယ်။ အာရုံခံစားနိုင်မှု နည်းပါးပါတယ်။ အရေးကြီးတာကတော့ ဦးရေပြားမှာ ရောဂါဖြစ်ပြီး ဆံပင်တွေ အဆုပ်လိုက် ကျွတ်ထွက်တတ်ပါတယ်။ ဆံပင်ကျွတ်ပြီး ပြန်မပေါက်တော့ဘဲ ထိပ်ပြောင်နေတတ်ပါတယ်။ ဆံပင်တွေ ခြောက်ကပ် ကွဲအက်ပြီး အရောင်ဖျော့နေတတ်ပါတယ်။ နီကျင်မယ်။ အရေပြားမှာ ထိခိုက်သွားနိုင်တဲ့အတွက် အကွက်တွေပေါ်ပြီး မလှမပ ဖြစ်ပါမယ်။ သားသမီးရဖို့ ရာမှာလည်း အခက်အခဲတွေ့ကြုံရတတ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

သွပ်ဓာတ်ချို့တဲ့မှု မဖြစ်ဖို့အတွက် ဆေးစား ဆေးသောက်တာထက် အစားအစာ စားတတ်ဖို့ ပိုပြီး အရေးကြီးပါတယ်။ ပင်လယ်ရေထွက် အစားအစာတွေ ဖြစ်တဲ့ ပုဇွန်၊ ဂဏန်း၊ ပင်လယ်ငါး၊ ကမာ၊ ဂုံးကောင်တွေထဲမှာ သွပ်ဓာတ်အများကြီး ပါဝင်ပါတယ်။ နောက် လွယ်လွယ်ကူကူ ရနိုင်တာကတော့ နွားနို့ပဲဖြစ်ပါတယ်။ နောက် မြေပဲ၊ သစ်ကြားသီး၊ ကြက်ဥ စတာတွေမှာလည်း သွပ်ဓာတ်ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်များအနေနဲ့ အခြေအနေအရ သွပ်ဓာတ်ပါဝင်တဲ့ ဆေးကို စားသုံးပေး ရပါတယ်။ တစ်ခု သတိပြုရမှာက သွပ်ဓာတ်ကို မလိုအပ်ပါဘဲ ပိုမို စားသုံးမိရင် ပျို့အန်တတ်ပါတယ်။ အသက်အန္တရာယ်တော့ မရှိနိုင်ပါဘူး။

သည်ကနေ့ ဈေးကွက်ထဲမှာ အလှအပအတွက် Zinc ခေါ် သွပ်ဓာတ်ကို မှီဝဲဖို့ တိုက်တွန်းတဲ့ ဆေးကြော်ငြာတွေ၊ ခေါင်းလျှော်ရည်ကြော်ငြာတွေ ပလူပျံနေပါတယ်။ လှပချင်တဲ့ ပျိုမေညီမငယ်တွေ ကလည်း လှပမယ်၊ နုပျိုမယ်ဆိုရင် စမ်းသုံးကြည့်ဖို့ ၀န်မလေးကြပါဘူး။ ဒါကြောင့် သွပ်ဓာတ်ဆိုင်ရာ ဗဟုသုတရှိအောင် လေ့လာ ကြည့်ပြီးမှသာ ဘာတွေ လုပ်ရင် မကောင်းမလဲ၊ ဘာလုပ်သင့်သလဲဆိုတာ ဆုံးဖြတ်ကြစေချင်ပြီး၊ ဒီနေရာမှာ ပိုမို နားလည်တဲ့ ဆေးပညာရှင်တွေ အနေနဲ့ ဗဟုသုတ အလို့ငှာ ဖြည့်စွက် အကြံပြုစေချင်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။

(၁၀-၉-၂၀၀၈၊ ဗုဒ္ဓဟူးနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

ချစ်သူကို ပန်းပေးမယ်

ချစ်သူကို ပန်းပေးမယ်

နှင်းဆီ
နှင်းဆီနီဟာ အချစ်ရဲ့သင်္ကေတ တစ်ခုဖြစ်တယ်
ချစ်ဖူးသူတိုင်း
ချစ်ကြသူတိုင်း
ချစ်မယ့်သူတိုင်း
ချစ်တတ်သူတိုင်း
လွမ်းတတ်သူတိုင်း
ခံစားတတ်သူတိုင်း
နှလုံးသားရှိသူတိုင်းဟာ နှင်းဆီကိုမှ သက်သေ တိုင်တည် မပြုတတ်ဘူးဆိုရင် ခေတ်မမှီဘူး ဖြစ်နေပါမယ်
နှလုံးသားရှိသူတိုင်းဟာ သူတို့ရဲ့ ရင်တွင်းဖြစ်တည်လာတဲ့ ခံစားချက်တွေကို နှင်းဆီပန်းလေးတွေနဲ့ တစ်ဆင့်ခံ ဖွင့်ဟတတ်ကြပါတယ်
နှင်းဆီပန်းရဲ့ အရောင်လေးတွေဟာ ချစ်စကားကို ကိုယ်စားပြုပေးကြသလို
နှင်းဆီပွင့်ရဲ့ အရေအတွက်များဟာလည်း ညွှန်းဖွဲ့စကားတွေ တစ်ဆင့်ခံ ချစ်ဋီကာ ဖွဲ့သီပေးကြပါမယ်
နှင်းဆီပွင့် အရေအတွက်အတိုင်း ချစ်သူလေးထံ စကားလေးပါးလိုက်ရအောင်ပါ .. ..

နှင်းဆီ (၁) ပွင့် = တစ်သက်လုံးပုံလို့ ယုံကြည်ချစ်ခြင်း အချစ်ပြင်းနဲ့ ရင်တွင်းက ချစ်တာပါ
နှင်းဆီ (၂) ပွင့် = တို့နှစ်ယောက်ကြား ခိုင်မြဲတဲ့ နှောင်တွယ်မှု အထိမ်းအမှတ်ပါ
နှင်းဆီ (၃) ပွင့် = I love you.
နှင်းဆီ (၄) ပွင့် = သစ္စာတရားနဲ့ ကတိပြုလျက် ပေးဆက်တာပါ
နှင်းဆီ (၅) ပွင့် = တို့မှာ နောင်တမရှိဘူး မင်းလေးသိလား
နှင်းဆီ (၆) ပွင့် = မင်းအတွက်ဖြစ်စေချင်တယ်။ တို့ .. .. တမ်းတနေတယ်
နှင်းဆီ (၇) ပွင့် = Lucky seven ပေါ့နော်၊ ကံကောင်းပါစေ .. တောင်းဆုချွေလျက်၊ တို့တော့ အရူးအမူး ဖြစ်နေပြီ
နှင်းဆီ (၈) ပွင့် = အရာအားလုံး မင်းကို ပေးဆပ်မယ်
နှင်းဆီ (၉) ပွင့် = တို့နှစ်ဦးသား ကမ္ဘာဆုံးတိုင် ချစ်ကြရစေသား
နှင်းဆီ (၁၀) ပွင့် = အချစ်လေးကို အပြစ်တွေးစရာမရှိအောင် ချစ်တယ်
နှင်းဆီ (၁၁) ပွင့် = ကိုယ့်ဘ၀မှာ မင်းတစ်ယောက်တည်းကိုပဲ ချစ်မယ်
နှင်းဆီ (၁၂) ပွင့် = သံသယကင်းတဲ့ စွဲလမ်းခြင်းတွေနဲ့ပါ
နှင်းဆီ (၁၃) ပွင့် = တိတ်တခိုး ချစ်နေရတယ်
နှင်းဆီ (၂၄) ပွင့် = ဘာပဲလုပ်လုပ် မင်းရုပ်လွှာလေး ၂၄ နာရီမြင်နေရတယ်
နှင်းဆီ (၃၃) ပွင့် = အလေးအနက် ထပ်ပြောမယ် သိပ်ချစ်တယ်
နှင်းဆီ (၃၆) ပွင့် = တစ်ခါဆုံတွေ့ မေ့လို့မရ ထာဝရတိုင်
နှင်းဆီ (၄၄) ပွင့် = တစ်သက်သာ ထာဝရပါလို့ ကတိပေးပါတယ်
နှင်းဆီ (၅၀) ပွင့် = ဘယ်တော့မှ ၀မ်းမနည်းရမယ့် အချစ်မျိုးနဲ့ပါ
နှင်းဆီ (၅၆) ပွင့် = ၅ နဲ့ ၆ လိုပဲ မင်းရဲ့အနီးဆုံးမှာ မင်းကို ချစ်နေသူက ငါ
နှင်းဆီ (၉၉) ပွင့် = နားလည်ပေးမှု ရာနှုန်းပြည့်နဲ့ ရာသက်ပန် ချစ်သွားမှာပါ
နှင်းဆီ (၁၀၀) ပွင့် = နှစ်တစ်ရာတိုင် အသက်ထက်ဆုံး ရိုးမြေကျ ချစ်နေပါ့မယ်
နှင်းဆီ (၃၆၅) ပွင့် = နေ့တိုင်း သတိရနေတယ်၊ အချိန်တိုင်း သတိရတယ်၊ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်လုံးလုံး သတိရနေတယ်
နှင်းဆီ (၁၀၀၀) ပွင့် = ပန်းဆိုင်သာ ပြန်ဖွင့်လိုက်ပါ

ဘာလိုပဲဖြစ်ပါစေ
နှင်းဆီဟာ အချစ်ရဲ့ သင်္ကေတ ..
ချစ်ကြသူတွေရဲ့ စကားမဲ့တေးသံ ..
မနက်ဖြန်တိုင်းအတွက် ရင်ခုန်ပွင့် ..
မျှော်လင့်ခြင်းနဲ့ အသက်ဆက်ဖို့ ..
ရင်နာသူထွက်ပေါက် စွဲလောက်တဲ့ ပန်းမို့ ..
ကမ္ဘာတည်သရွေ့ အချစ်ရှိနေမှာ အမှန်ဆိုရင် ..
နှင်းဆီပွင့်လေးတွေ မြင်တိုင်း ရင်လှိုင်းလှုပ်ခတ် အသုံးချတတ်ကြပါစေ .. .. .. ။

(၉-၉-၂၀၀၈၊ အင်္ဂါနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

Thursday, September 11, 2008

ကိုကိုတွေသိထားရမယ့် ညီမလေးတို့ရဲ့ လျှို့ဝှက်ချက်

ကိုကိုတွေသိထားရမယ့် ညီမလေးတို့ရဲ့ လျှို့ဝှက်ချက်

အချစ်ဟာ စစ်ပွဲတစ်ပွဲဆိုရင် ကျွန်တော်က အဲဒီစစ်ပွဲမှာ အောင်နိုင်သူပဲ ဖြစ်ချင်ပါတယ်။
အချစ်ဟာ ကစားပွဲတစ်ပွဲဆိုရင် ကျွန်တော်က အဲဒီကစားပွဲမှာ အနိုင်ရသူပဲ ဖြစ်ချင်နေမိပါတယ်။
တစ်ကယ်လို့ အချစ်ဟာ ပန်းကလေးတစ်ပွင့်နဲ့ တူနေမယ်ဆိုရင် ကျွန်တော့်နားမှာ ကောက်ပြီး ပန်ထားမိမှာပါ။ (မာမီလို့ပဲ ထင်ချင်ထင်ပါစေ)
ဒါပေမယ့် ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်နေပါစေ၊ ကိုယ့်ကောင်မလေးက ကိုယ့်ကို ဖွင့်မပြောဘဲ ထိန်ချန်ထားတဲ့ လျှို့ဝှက်ချက်(၅)ချက် ရှိတယ်။
သူငယ်ချင်းတို့ရော သိရဲ့လား။ ကိုယ့်ကောင်မလေးကတော့ '' ပြောဘူး၊ သတ်ရင်သတ်လိုက်၊ အသေသာ ခံသွားမယ် " ဆိုပြီး ကျွန်တော်တို့ကို ပြောပြသွားမှာ မဟုတ်ပါဘူး။ ကောင်မလေးတွေ ထိန်ချန်ထားတယ်ဆိုတဲ့ လျှို့ဝှက်ချက်(၅)ချက်ကို ကိုယ်တို့အချင်းချင်း သိသင့် သိထိုက်တယ်ထင်လို့ လက်မတို့ဘဲ ပြောလိုက်ပါရစေ .. .. ။

လျှို့ဝှက်ချက်(၁)၊ ပိုးပန်းဖို့အရေး တို့ဖက်က မနှေးစေနဲ့

" မြင်မြင်ချင်းကို ချစ်မိပြီ " ဆိုတဲ့ " Love at first Sight " ဆိုတာကို ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒီစကားလိုပဲ " မြင်မြင်ချင်းကို သောက်ညင်ကတ် ချင်စိတ် ပေါက်မိတယ် " ဆိုတဲ့ စကားကိုလည်း သိကြမယ်ထင်ပါတယ်။ မိန်းကလေး တစ်ယောက်ကို ကိုယ်က စိတ်ဝင်စားလို့ ချစ်စကား လိုက်ပြောရင် ကောင်မလေးက " ရှင့်ကို ကျွန်မလေ မြင်မြင်ချင်း ချစ်စိတ်ဝင်သွားတယ် သိလား " လို့တော့ ပြောမှာ မဟုတ်ပါဘူး။ နှာခေါင်းရှုံ့၊ ခြေဆောင့်ပြီး ကိုယ့်ကို မြင်မြင်ချင်း သောက်ညင်ကတ် တဲ့အမူအရာ လုပ်ပြသွားတာကို ခံရမှာ အသေအချာပါပဲ။ (မူတာမူတာ)

ကိုယ်က မိန်းကလေးတစ်ယောက်ကို လက်ဆယ်ဖြာ ယှက်ကာဆက်ပြီး အသည်းနှလုံး အလှူခံနေပြီဆိုရင် မိန်းကလေးဘက်က စတင်ပြီး စဉ်းစားခန်းဝင်ပါပြီ။ " အင်း ရုပ်ကလေးကတော့ မဆိုးဘူး၊ ချောချောလေးပဲ၊ ဒါပေမယ့် မူလိုက်အုန်းမှ " ဆိုပြီး ချစ်တော့ချစ်တယ်။ မိန်းကလေးတန်မဲ့ နှုတ်အလိုကိုတော့ မလိုက်သေးဘူး ဆိုပြီး ချစ်ကြောင်း ကြိုက်ကြောင်း ကိုယ်အမူအရာ တွေနဲ့ပဲ ပြောနေပါလိမ့်မယ်။ ချစ်ပါတယ် ကြိုက်ပါတယ်ဆိုပြီး ဗြုန်းစားကြီး အဖြေပေးအုန်းမှာ မဟုတ်ပါဘူး။ အဲ ရုပ်က ပုံမလာ၊ ပန်းမလာ တောဂိုက် ဖြစ်နေမယ် ဆိုရင်တော့ မျက်စောင်းတွေ၊ ဂျိုစောင်းတွေ၊ လက်ဝါးစောင်းတွေ အကျွေးခံပြီသာမှတ်ပါ။ ဒါကြောင့် မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို လက်ဖြန့်တောင်း တော့မယ်ဆိုရင် အချိန်အနည်းငယ်ကနေ အချိန်အများကြီး ပိုးပန်းပေးဖို့ လိုပါမယ်။ မိန်းကလေးမို့ အရှက်အကြောက် ကြီးတတ်တဲ့ မိန်းကလေးတို့သဘာဝကို သိနေဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ရင်ထဲမှာ ကိုယ်ရှိနေပေမယ့်လည်း ဖွင့်ပြောဖို့ ခက်လှတဲ့ အနေအထားကို ကောင်းကောင်း သဘောပေါက် နားလည်ထားရပါမယ်။ ဒါကြောင့် ပိုးပန်းဖို့ အရေး ၀န်မလေးရပါဘူး။

လျှို့ဝှက်ချက်(၂)၊ မပြောရစေနဲ့ အလိုက်သိပါစေ

မိန်းကလေးတွေဟာ ကိုယ်တို့ ယောက်ျားတွေထက် ဆက်ဆံရေး ကောင်းတယ်လို့ ပြောလို့ရတယ်။ မိတ်ဆွေများတယ်ပေါ့။ ယောက်ျားတွေ ထက်လည်း စကား များများ ပြောနိုင်စွမ်းရှိကြပါတယ်။ နောက်ပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ "အင်း၊ အဲ၊ အော်" လုပ်တတ်ကြတယ်။ (Follow ကောင်းတာပေါ့) ။ မိန်းကလေး တစ်ယောက်နဲ့ စကားပြောလို့ သူလေးက ကိုယ့်ကို " ဟီလိုက်၊ ဟဲလိုက် " မလုပ်ဘဲ၊ " အင်းလိုက်၊ အဲလိုက် " ချည်းပဲ လုပ်နေပြီဆိုရင် သေချာပေါက် မှတ်လိုက်ပါ။ ကိုယ်ပြောနေတဲ့ စကားကို ရာနှုန်းပြည့် စိတ်မ၀င်စားဘူးဆိုတာ ကျိန်းသေနေပါပြီ။ ကိုယ်က စကားတစ်ခွန်း ပြောလိုက်တိုင်း သူလေးက "သြ၊ အင်း၊ အဲ ဟုတ်တာပေါ့၊ ဒီလိုလား၊ ဒါ မှန်တာပေါ့ " စတဲ့ စကားလုံး တိုတိုတွေနဲ့ ပြောနေပြီဆိုရင် ကိုယ်က အလိုက်သိတော့။ သူလေးကတော့ ပါးစပ်ကနေ ဖွင့်ပြောမှာ မဟုတ်ဘူး။ လိမ္မာပါးနပ်စွာနဲ့ ကိုယ်ပြောနေတဲ့ အကြောင်းအရာကို ဒီမှာတင်ရပ်ပြီး၊ ဟာသနှောပြီး တစ်ခြားအကြောင်းအရာ ပြောင်းပြောဖို့ ကြီးစားပေတော့ သူငယ်ချင်းတို့ရေ။

လျှို့ဝှက်ချက်(၃)၊ တစ်ဘက်စောင်းနင်း ခင်မင်မှုဇာတ်လမ်း

သ၀န်တိုတာပဲ ပြောရမလား၊ အချစ်ကြီးတာပဲ ဆိုရမလားပဲ။ ကောင်မလေးတစ်ယောက်ဟာ သူ့ချစ်သူကောင်လေးရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ခင်မင် ရင်းနှီးစွာနဲ့ အပေါင်းအသင်း လုပ်လို့ရပေမယ့် သူချစ်နေတဲ့ သူ့ချစ်သူကောင်လေး ကိုတော့ သူ့သူငယ်ချင်း မိန်းကလေး အပေါင်းအသင်းတွေနဲ့ ရင်းနှီးသွားမှာ ခင်မင်သွားမှာကို မလို လားကြပါဘူး။ ဒါကို မယုံမရှိပါနဲ့။ အရမ်းချစ်ကြတဲ့ သူငယ်ချင်း မိန်းကလေးနှစ်ယောက် ရှိတယ်။ ကောင်မလေးတစ်ယောက်ရဲ့ ချစ်သူက သူ့ကောင်မလေး သူငယ်ချင်းကို ရင်းရင်းနှီးနှီးကြီး ဆက်ဆံတာကို သူ့ကောင်မလေးက နှစ်သက်မှာ မဟုတ်ပါဘူး။ မိန်းကလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် မခေါ်နိုင်၊ မပြောနိုင်တဲ့ အဆင့်အထိ ရောက်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ယောက်ျားလေးတွေအနေနဲ့ ကိုယ့်ချစ်သူလေးရဲ့ မိန်းကလေး သူငယ်ချင်း အပေါင်းအသင်းနဲ့ တွေ့ရင် စကားပြောတာ ဖြစ်ဖြစ်၊ အနေအထိုင် အမူအယာပဲ ဖြစ်ဖြစ် ဆင်ဆင်ခြင်ခြင် ရှိသင့်ပါတယ်။ မုန့်ကိုသာ ဝေစားမယ်။ အချစ်ကိုတော့ ဝေမစားနိုင်တဲ့ သူတို့ရဲ့ မနောကို ကိုယ်တို့ယောက်ျားသားတွေ အလိုက် သိနေဖို့ လိုပါမယ်။

လျှို့ဝှက်ချက်(၄)၊ ကိုကိုနော်

ဘယ်ကောင်မလေးကမှ ကိုယ့်ချစ်သူကောင်လေးကို ကိုယ့်ထက်လှတဲ့၊ ချောတဲ့ ကောင်မလေးနဲ့ အရောဝင်နေတာကို ရှုစိမ့်မယ်၊ မုဒိတာပွားနိုင်မယ် မရှိပါဘူး။ ကိုယ်ကတော့ အဲဒီမဒီချောကို ရိုးရိုးသားသား လို့ပဲပြောပြော၊ ဖြူဖြူစင်စင် လို့ပဲဆိုဆို ဒါမှမဟုတ် နှာရောင်ငန်းဖျားစိတ်နဲ့ လျှာကြောရှည်နေတာပဲ ဖြစ်ဖြစ် ကိုယ့်ကောင်မလေးက အစိုးရိမ်တွေပိုပြီး ဘယ်လိုမှ ကြည့်မရ၊ ရှုမရ ဖြစ်နေပါလိမ့်မယ်။ စိတ်အားငယ် နေပါလိမ့်မယ်။ မိန်းကလေးဘက်က မယ်ကုဝဏ် လို ဖြစ်နေ ပေမယ့် သူ့ချစ်သူကတော့ နတ်သူလေးကျနေတာပဲ (အမှန်က နတ်ကတော်နဲ့ တူချင်တူနေမှာပါ)၊ မျက်လုံးလေးက ဝိုင်းစက်ပြီး ရွှန်းလဲ့နေတာပဲ (အမှန်က ပြူးထက် ပြီး ငေါနေမှာပါ)၊ နှာတံလေးက စင်းနေတာပဲ (အမှန်က အလယ်မှာ ပြားနေတာ လူတိုင်းကသိပါတယ်)၊ နှုတ်ခမ်းလေးကလည်း ဖူးဖူးလေး (အမှန်က ဖူးနေတာ မဟုတ်၊ ဆူပြီး ထော်လှန်နေတဲ့နှုတ်ခမ်း ရှင်ဖြစ်မှာပါ) ဆိုပြီး စိတ်ကျေနပ်အောင် ပြောတတ်ကြတာ မဟုတ်ဘူးလားဗျာ။ ဘာကြောင့်လဲ ဆိုတာ့ Love is Blind လေ။ အချစ်ဗိုင်းရပ်စ် ကိုက်သွားလို့ ကန်းနေတဲ့ မျက်စိနဲ့ကြည့်မှတော့ မလှလည်း လှနေတာပဲ မဟုတ်လား။ အလှအပဆိုတာ ကြည့်ရှုသူနဲ့ပဲ ဆိုင်တာ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ထက် အဆ(၁၀၀) မပြောနဲ့ တစ်ဆပဲ သာတဲ့ အပျိုချောနဲ့ ကိုယ့်ချစ်သူကောင်လေး ထိုင်စကေားပြောနေပြီ ဆိုရင်တော့ သူလေးရဲ့ ရင်ထဲမှာ ဆူနာမီရေလှိုင်းတင် မကပါဘူး၊ ဟာရီကိန်းမုန်တိုင်းပါ ၀င်မွှေသလို ခံစားနေရ ပါလိမ့်မယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လောက် ချစ်ပါတယ်၊ ကြိုက်ပါတယ်၊ သစ္စာရှိပါတယ် ဆိုတဲ့ အောင်လက်မှတ်တွေ ဘယ်လောက်ပဲပေးပေး ခိုးချပြီး အောင်တာပဲလို့ တစ်ဖက်သတ် သံသယ၀င်နေလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ ပုရိသ တွေအနေနဲ့ စုမိတဲ့အချစ်တွေအားလုံး သူလေး တစ်ယောက်တည်း အတွက်ပါလို့ သက်သေပြနိုင်အောင် အနေအထိုင်လေးတော့ ဆင်ခြင်ကြစို့ပါ။

လျှို့ဝှက်ချက်(၅)၊ ဝေးဝေးမသွားနဲ့

မိန်းကလေးတွေဟာ တစ်မျိုးပါပဲ။ သူတို့ အချစ်ကြီးလာရင် ကြောက်ဖို့ ကောင်းပါတယ်။ သူတို့ မျက်စိအောက်က အပျောက်မခံနိုင်ကြဘူး။ အရေးကြီးတယ်၊ သွားစရာ ရှိတယ်လို့ပါဆိုလည်း မရပါဘူး။ " သူလေးထက် အရေးကြီးတဲ့ ကိစ္စရှိသေးလား " တဲ့။ နောက်ပြီး job ka a yay kyi tar pae. lote pot. ya tal ဆိုတဲ့ အပြောလေးတွေနဲ့ အရည်ပျော်လု မတတ်ပါပဲ။ မိန်းကလေးတွေ ဆိုတာ ကိုယ့်ချစ်သူနဲ့ အမြဲတစေ အတူ နေလိုတဲ့ ဆန္ဒရှိကြတယ်။ အားငယ် တတ်ကြတာမို့ပါ။ မျက်စိအောက်က အပျောက်မခံနိုင်ကြပါဘူး။ (တစ်ချို့ကောင်လေးတွေက လက်သွတ်တာမို့ပါ) ဒါကြောင့် အချိန်ရနိုင် သရွေ့ကို သူတို့လေးနဲ့ အတူနေပေးနိုင်ဖို့ ကြိုးစားပေးသင့်ပါတယ်။ သူတို့ ရင်ထဲက အချစ်စိတ်တွေကို ကိုယ်တို့ ယောက်ျားတွေ နားလည်ပေးသင့်ပါတယ်။ အပြန်အလှန် အားဖြင့် တို့ယောက်ျားတွေရဲ့ အခက်အခဲကိုလည်း သူတို့ နားလည်လာအောင် တဖြည်းဖြည်း နားသွင်းရမှာ တာဝန်တစ်ခုပေါ့ဗျာ။

လောကမှာ အချစ်သာရှိရင် အရာရာ ပြီးပြည့်စုံပြီး ကမ္ဘာကြီးလည်း သာယာလှပနေမှာပါ။ အချစ်ရှိနေရင် ဆူးမွေ့ယာမှာလည်း အိပ်ရဲတယ်။ ခရောင်းလမ်းလည်း လျှောက်လှမ်းရဲတယ်။ မီးပင်လယ်လည်း ကူးရဲတယ်။ ဓားတောင်ကိုလည်း ကျော်ဖြတ်ရဲတယ်။ အချစ်မရှိရင် အချစ်မဲ့ရင် ဘ၀ဟာ သေနေသလိုပါပဲ ဒါကြောင့် အချစ်ဟာ လောကမှာ အရေးကြီးဆုံးနဲ့ မရှိမဖြစ်အရာပါ။ မိန်းကလေးတွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်မိတဲ့အတွက် လာအော်မယ့်သူတွေကို ရှောင်ရှားရင်းနဲ့ အားလုံး ကျေနပ်နိုင်ပါစေလို့။

(၉-၉-၂၀၀၈၊ အင်္ဂါနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

ကျမျက်ရည် သက်သေတည်မယ်

ကျမျက်ရည် သက်သေတည်မယ်

နေ၀င်ဆည်းဆာ တောက်ပမှုနဲ့အတူ
ရုတ်တရက် အံ့ဖွယ်ရာလို ပေါ်လာပြီး
အမှတ်မထင် ပျောက်ကွယ်သွားတတ်တဲ့ ပျော်ရွှင်မှုလေး တစ်ချို့ကို
ရပ်တန့် ငေးမောပြီး နေ့စဉ်ဖြတ်ကျော်လာခဲ့ရတယ် .. ..

မင်းလေး ကိုယ့်ဆီကို
ပျော်ရွှင်ကြည်နူးဖွယ်ရာ အဖြစ်
ရောက်လာခဲ့တာလား
ကိုယ်ကတော့
မင်းလေးကို ပိုမိုပြီး ဖက်တွယ် နေမိအုန်းမှာပါ .. ..

ခက်ခက်ခဲခဲ ရောက်လာတဲ့
မင်းလေးရဲ့ ပုံရုပ်လွှာကို
အမှောင်ထဲမှာ ကွယ်ဝှက်လို့ထားပေမယ့်
ကိုယ်ကတော့ မင်းလေးကို
ပိုပြီးမြင်အောင် ကြည့်ရအုန်းမှာပါ .. ..

မင်းလေး လက်တွင်းက သေခြင်းတရားရဲ့
ထိုးနှက်ချက်ကြောင့် ကိုယ့်ဘဝကို မီးတောက်တစ်ခုအဖြစ်နဲ့
ခုန်ပေါက်သွားပါစေ .. ..

ကိုယ့်မျက်လုံးအိမ်မှ မျက်ရည်တို့ စီးဆင်းခဲ့ကြပြီး
အဲဒီမျက်ရည်တွေကို မင်းလေးကို ပူဇော်တဲ့အနေနဲ့
မင်းလေးခြေရင်းမှာ စီးဆင်းသွားပါစေ .. ..

ပြီးတော့လေ ..
ကိုယ့်ရင်ထဲက နာကျင်မှုဝေဒနာက
မင်းလေးဟာ ကိုယ့်ရဲ့ ကိုယ်ပွားဖြစ်နေပြီဆိုတာ
မင်းလေးကို ပြောပါရစေ .. .. ။

(၈-၉-၂၀၀၈၊ တနင်္လာနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

Friday, September 5, 2008

နားလည်ခွင့်လွှတ် စေချင်တယ်

ကိုယ် သိပ်ချစ်တဲ့ မိသားစုနဲ့ဝေးကွာနေမယ်
ကိုယ် သိပ်ခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်နေမယ်
ကိုယ် သိပ်အလေးထားတဲ့ သူတွေနဲ့ စကားပြောဆိုခွင့် မရဘူး ဖြစ်နေမယ်
ကိုယ် သိပ်တန်ဖိုးထားတဲ့ အလုပ်ကို လုပ်ကိုင်ခွင့် မရဘူး ဖြစ်နေမယ်
ကိုယ် သိပ်မြတ်နိုးလွန်းတဲ့ အရာတစ်ခုကို ရယူပိုင်ဆိုင်ခွင့်မရဘူး ဖြစ်နေမယ် .. ..
ကိုယ် ချစ်ခင် မြတ်နိုး တန်ဖိုးထားတဲ့ သူတွေက .. ..

ကိုယ့်ကို နာကျင်အောင် လုပ်နေတယ်
ကိုယ့်ကို ဂရုမစိုက်ဘဲ ပစ်ထားတယ်
ကိုယ့်ကို အထင်လွဲပြီး မုန်းနေတယ် .. လို့
သံသယစိတ်တွေနဲ့
အမုန်းတရားတွေ ရင်မှာပိုက်ပြီး ၀န်ထုပ်ဝန်ပိုး ဖြစ်နေမိ ပါတယ် .. .. ။

ပြန်တွေးကြည့်လိုက်တော့
ကိုယ်တွင်း အမုန်းတရားတွေဟာ လူကို ဝမ်းနည်းစေတယ် စိတ်ပျက်အားငယ်စေတယ်
အမုန်းတရားကို ကိုးကွယ်တဲ့သူဟာ အထီးကျန်ဆန်လာတယ်
မိမိကိုယ်ကို ချိုးနှိမ်ထားသလို ဖြစ်တယ်
အမုန်းတရားတွေ
စိတ်ဆိုးခြင်းနဲ့ မခံချင်စိတ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခ ပေးလာတယ်
အမုန်းတရားတွေ အထွတ်အထိပ် ရောက်တဲ့အခါ
မိမိရဲ့ ပင်ကိုယ်စရိုက်က ခက်ထန်စွာ ပြောင်းလဲသွားတယ်လို့ ထင်ရတယ်
ဒီလိုနဲ့
တစ်ရက်မှာ ၂၄ နာရီ၊ တစ်ပတ်မှာ ၇ ရက် ဒီအမုန်းတရားတွေ နှိပ်စက်နေတာမို့
ခေါင်းတစ်ခြမ်းကိုက်လာတယ်၊ ခေါင်းတစ်ခုလုံးအုံ လာတယ်
ဇက်ကြောတက်တယ်၊ အစာအိမ်ရောဂါရလာတယ်
မရှိခဲ့ မဖြစ်ခဲ့တဲ့ ရောဂါတွေ ၀င်လာတယ်
နောက်တော့ နှလုံးရောဂါ သွေးတိုးတာတွေ ပါလာတယ်
ရုပ်ပိုင်း စိတ်ပိုင်း မညီမျှမှု ဖြစ်လာတယ်၊ စားချိန် အိပ်ချိန် မမှန်တော့
အခြားချို့ယွင်းမှုတွေ ဆက်တိုက်ဆိုသလို နောက်ကလိုက်လာတယ်
ဒီအခါမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုန်းသွားတယ် ..

လူတွေမှာ ပျော်ရွှင်တာနဲ့ ၀မ်းနည်းတာကို
တစ်ပြိင်တည်း ရင်မှာပိုက်ထားလို့ မဖြစ်နိုင်ပါဘူး
ဝမ်းနည်းအားငယ်နေတဲ့ အချိန်မှာ ပျော်ရွှင်နိုင်မှာ မဟုတ်သလို
အားပါးတရ ဝမ်းသာပျော်ရွှင်နေတဲ့ အချိန်မှာ ၀မ်းနည်းတာတွေကိုလည်း
သိမ်းဆည်းထားလို့ ရမှာ မဟုတ်ပါဘူး..

ဒီလို စိတ်ပျက်အားငယ်နေတဲ့ အခိုက်အတန့်မှာ
ဘယ်အရာက ၀မ်းသာအောင် ပျော်ရွှင်အောင် ဆောင်ကျဉ်းပေးနိုင်မလဲ ..

စိတ်မဆိုးပါနဲ့ သည်းခံပါ ဆိုတဲ့
အလွန်မှ ရိုးရှင်းပြီး သမာတမတ်ကျတဲ့ စကားလေးကိုပဲ ရင်မှာပိုက်ပြီး

ကိုယ့်ရဲ့စိတ်ထဲမှာ ကျိတ်မနိုင် ခဲမရတဲ့
မထွေးနိုင် မမြိုနိုင်တဲ့ စိတ်ဆင်းရဲမှုတွေ သောက ဗျာပါဒတွေကို
ထွေးပစ် အန်ပစ်လိုက်ပါမယ် ..
မိမိကိုယ်ကို ဖျက်ဆီးနေတဲ့
ကိုယ်တွင်းက အမုန်းတရားတွေကိုလည်း မထားတော့ပါဘူး
ပွားလဲ မပွားစေတော့ပါဘူး
စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက်
ခွင့်လွှတ်နားလည်ခြင်း နဲ့ သည်းခံခြင်း စကားလေးကို ရင်ဝယ်ပိုင်ပိုင် စွဲကိုင်ရင်း .. .. .. .
အားလုံးကို အဆင်ပြေ ပျော်ရွှင်စေချင် ပါတယ် ..

(ချစ်သူ ခင်သူ မြတ်နိုးသူ တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အားလုံးသို့)

(၅-၉-၂၀၀၈၊ သောကြာနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

Thursday, September 4, 2008

ရင်ဖွင့်ဖော် .. .. သို့

ဘဝမှာ ကိုယ်က ကြင်နာရမယ့်သူ
ကိုယ့်ကို ကြင်နာမယ့်သူ ဆိုတာမျိုးကို
လိုလား တောင့်တမိတတ်ကြတာ သဘာဝပါပဲ ..
ဘဝတိုတိုလေးမှာ တစ်ဦးနဲ့တစ်ဦး
မေတ္တာ၊ အကြင်နာနဲ့ စေတနာတွေမျှဝေပေးရင်း
တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမလေးနဲ့
နေသွားရလို့တော့ လောကကြီးဟာ နေပျော်စရာဖြစ်မှာပါ .. ..

ဒုက္ခတွေ ပင်လယ်ဝေလို့
သောကဝန်တွေ ပိနေစမ်းပါစေ
ကြင်နာသူသာ ကိုယ့်အနားမှာရှိနေမယ်ဆိုရင်
ကြုံစမ်းပါစေ လောကဓံတရားတွေ ရဲရဲကြီး ရင်ဆိုင်ဝံ့ပြီပေါ့ .. ..
တစ်ခါတလေတော့လည်း..
မင်းလေး .. မကြိုက်တဲ့ ပန်းတွေကို နှစ်သက်မိတယ်
မင်းလေး .. မကြိုက်တဲ့ ကဗျာတွေကို သီကုံးနေမိတယ်
မင်းလေး .. မကြိုက်တဲ့ စကားတွေကို အထပ်ထပ် ပြောနေမိတယ်
မင်းလေး .. မကြိုက်တဲ့ အပြုအမူတွေ အကြိမ်ကြိမ် လွန်ကျူးနေမိတယ် .. ..

ဒီလိုဆိုတော့
ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခုကို ရနိုင်ဖို့ မလွယ်နိုင်မှန်းသိပေမယ့်
အပေးအယူမျှသူနဲ့ အတူရှိနေလို့ကတော့ ပျော်စရာနေ့တွေအများကြီး
ပိုင်ဆိုင်ခွင့်ရမှာတော့ အသေအချာပါပဲ .. ..
ကိုယ်နဲ့ မင်း ..
မိုင်ထောင်ချီကွာဝေးနေရပေမယ့်
စိတ်ချင်း သွယ်ယှက်နေတာမို့
ကိုယ့်အနား မင်းရှိနေသလို မင်းအနား ကိုယ်ရှိနေပါမယ် .. ..

ပျော်တော့လည်းအတူတူ
ဝမ်းနည်းတော့လည်းအတူတူမို့
သောကတွေမျှဝေလို့ရမယ့်
ရင်ဖွင့်ဖော်ရယ် .. ..
အဝေးတစ်နေရာမှာ
မင်းလေးကို ရင်နဲ့အမျှ
အချိန်တိုင်း
တမ်းတမ်းတ လွမ်းဆွတ်ကြောင်း သိစေချင်တယ် .. .. ။

အချစ်ကိုပုံဖော်ယူမယ်



ညအမှောင်ထုမှာ လရောင်မှိန်ပျပျ အကူအညီနဲ့ ကားမောင်းရတာ တစ်ခုခုကို အမှတ်ရသလိုလို၊ စိတ်ထဲ ဘ၀င်မကျ သလိုလိုနဲ့ လီဗာနင်းပြီး အရှိန်တင် မောင်းနေမိပါတယ်။ တစ်ချက်တစ်ချက် ဆန့်ကျင်ဘက်လမ်းက ထိုးလာတဲ့ ကားရှေ့မီးတွေ့ရင် အရှိန်လျော့ရင်း လမ်းဘေးဆွဲချ ပေးလိုက်တယ်။ ကားလက်ကိုင်ကို ဖွဖွကိုင်ရင်း ဒက်ဘုတ်ကို ကြည့်လိုက်တော့ ည ၁၁း၃၀ ရှိနေပြီ။ ဒီလိုနဲ့ ကားကက်ဆက်ကို ပလေးလိုက်တော့ .. ..

အနီးဆုံးလား .. အဝေးဆုံးလား .. မင်းနဲ့ အတူအမြဲတမ်းရှိမယ် ..
ဘာတွေကောင်းလဲ .. ဘာတွေဆိုးလဲ
ရင်ဆိုင်လို့ ချစ်ပါရစေ .. မင်းလေးပဲ မင်းလေးကြောင့် .. တို့ဘ၀ဟာ အသက်ရှူနေခဲ့ ..
အကြင်နာများစွာ .. ယူဆောင်ရင်းလေ .. ထာဝရအနားရှိမယ် .. အချစ်ရေ ..
ပြောင်းလဲတတ်တဲ့ .. တို့ရဲ့ဒီကမ္ဘာမြေထဲ တည်မြဲခြင်းအကြောင်း တစ်ခုရှိတယ် ..
မင်းနဲ့တို့နဲ့ ချစ်တဲ့ အကြင်နာလေးပဲ .. ရင်ခုန်သံတွေ အင်အား မရပ်ဘူးလေ ..
သိပ်ချစ်ရတဲ့ မင်းနဲ့ .. အတူနေရုံပဲ .. ကျန်တာတွေ ဘာမှ အရေးမကြီးဘူးလေ ..
မျက်စိမှိတ် ချစ်တော့ ဘာဖြစ်သေးလဲ ကြင်နာသူကိုပဲ .. အမြဲယုံမိတယ်
တို့အချစ်တွေ ဆုံးဖို့ လမ်းမရှိ .. ..

ဖြူဖြူကျော်သိန်းရဲ့ အနီးဆုံးလား အဝေးဆုံးလား သီချင်းရဲ့ ကောလက်ပုဒ်လေးကို နားထောင်မိတယ်။ အမှန်ကတော့ ညဖက်ကားမောင်းရင် အိပ်မငိုက်အောင်၊ စိတ်ကို မညစ်ညူးအောင် ပြင်းရှရှ ဆူညံ့သံနဲ့ သီချင်းဖွင့် နားထောင်လေ့ရှိတယ်။ သီချင်းစာသားလေးကို လိုက်ရေရွတ်ရင်း တဒင်္ဂမေ့ထားမယ်လို့ ပြင်ဆင်ထားတဲ့ ရင်ထဲက စူးနစ်နစ် သံယောဇဉ်ကို တမင်လှုံ့ဆော် လိုက်သလိုဖြစ်သွားတယ်။ တွေ့မြင်ခွင့် မရနိုင်သေးတဲ့ ချစ်သူလေးရဲ့ မှုန်ပျပျ ရုပ်သွင်ကို ရင်ထဲပုံဖော်ရင်း စီယာတိုင်ကို ကီးဘုတ်အမှတ်နဲ့ .. ..

အလုပ်က ပြန်လာပီလား .. ..
ကျောင်းက ပြန်လာတာလား .. ..
စာရော လုပ်ဖြစ်ရဲ့လား .. ..
ပင်ပန်းနေပီပေါ့ .. ..
တစ်နေကုန် စောင့်နေသေးတယ် .. ..
ထမင်းရော စားပီးပီလား .. ..
နေရော ကောင်းရဲ့လား .. ..
ကျန်းမာရေးကို ဂရုစိုက်ပါ .. ..
ဘာဖြစ်နေရင် ဘာဆေးကို သောက်လိုက်နော် .. ..
အခု ဘာလုပ်နေလဲ .. ..
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ .. ..

စိုးရိမ်စိတ်နဲ့ ဒီလို ကြင်ကြင်နာနာ မေးလိုက်တာကိုရော သူ သိမှသိပါရဲ့လား .. ။ ကျွန်တော်ရဲ့ နှစ်သိမ့်မှုကို အသိအမှတ်ပြုပါရဲ့လား .. ။ အသိအမှတ် မပြုချင်ပေမယ့် တုန့်ပြန်မှု တွေကိုတော့ ရင်ထဲ အတိုင်းမသိ ကျေနပ်စွာ လက်ခံနေခဲ့မိတယ်။ မေးခွန်းတစ်ခုနဲ့ တစ်ခုကြားမှာ တုန့်ပြန်မှုတွေ ကြန့်ကြာ နေတာကိုတော့ ဘ၀င်မကျနိုင်စရာပါ။ ဒီဝေဒနာတွေကို ကုစားဖို့ တောင်တောင်အီအီတွေးရင်း အင်တားကီးကိုပဲ နှိပ်နေမိပါတယ်။ အလိုမကျတာ မှန်ပေမယ့် သူလေး မသိအောင် မြိုသိပ်ထားလိုက်မိတယ် .. ။

သူလေးနဲ့ ပတ်သက်သမျှ ကျွန်တော့်အဖို့ ရေပေါ် အရုပ်ရေးနေရသလို ခံစားရမိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နိုင်ပေမယ့် ချစ်ခြင်းမေတ္တာမှာ အိုမင်းခြင်း၊ ရင့်ရော်ခြင်း၊ ကွာခြားခြင်း၊ တစ်ဆက်တစ်စပ်တည်း ရှိခြင်း၊ နီးခြင်း၊ ဝေးလွန်းခြင်း၊ နိမ့်ခြင်း၊ မြင့်ခြင်းတွေ မရှိပါဘူး မဟုတ်လား။ ပညာတတ်ခြင်း၊ မတတ်ခြင်းကရော အချစ်ကို သိမ်ငယ် စေပါသလား။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အချစ်ကို မမျှဝေနိုင်တော့ဘူး တဲ့လား .. ။ ဒီလိုတော့ မထင်ခဲ့ပါဘူး။ စိတ်ထဲ ဆက်နွယ် ဆက်သွယ်မှုကနေ နားလည် စွန့်လွှတ်ပေးနိုင်မှုကသာ ပဓာနကျပြီး အချစ်ဟာ နူးညံ့သိမ်မွေ့တဲ့ မမြင်နိုင်တဲ့ စွမ်းအင်တွေဆီကို ခေါ်ဆောင် သွားနိုင်တယ် လို့ပဲ ထင်မြင်မိချင်ပါတယ်။

ဘ၀မှာ ကိုယ်က ကြင်နာရမယ့်သူ၊ ကိုယ့်ကို ကြင်နာမယ့်သူ ဆိုတာမျိုးကို လိုလားတောင့်တ မိတတ်ကြတာ သဘာဝပါ။ ဘ၀တိုတိုလေးမှာ တစ်ဦးနဲ့ တစ်ဦး မေတ္တာတွေ၊ အကြင်နာတွေ၊ စေတနာတွေ မျှဝေပေးကြရင်း ဖေးဖေး မမကလေးနေသွား ရမယ်ဆိုရင် လောကကြီးဟာ သာယာလှပပြီး နေချင့်စဖွယ်လေး ဖြစ်နေမှာပါ။ ဒုက္ခတွေ ပင်လယ်ဝေလို့ သောက၀န်တွေ ပိနေပါစေ ကြင်နာသူသာ ကိုယ့်အနားမှာ ရှိနေမယ်ဆိုရင် ကြုံစမ်းပါစေ လောကဓံတရားတွေ ရဲရဲနဲ့ ပျော်ပျော်ကြီး ရင်ဆိုင်ဝံ့ပြီပေါ့ .. ။ ဒီလိုပဲ ကျွန်တော့်အချစ်ကို ပုံဖော်ခဲ့ချင်ပါတယ်။

(၂၆-၈-၂၀၀၈၊ အင်္ဂါနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

ဝိညာဉ်နဲ့အတူနေမယ်

အခန်းငယ်ထဲမှာငါ
ဖြတ်ဝင်လာတဲ့ လရောင်ကို
လက်ပြန် ရိုက်ချလိုက်တာ
ဆို့နင့်တဲ့ ရှိုက်သံနဲ့
ငိုစရာရှိတာ မငိုရဲတဲ့အဖြစ် .. ..

မင်းမျက်ရည်ထဲ
တစွတ်စွတ် ငါလျှောက်ခဲ့သလို
ငါ့အတွေးတွေ
မီးခိုးငွေ့လို မင်းလွင့်ပျောက်ခဲ့တယ် .. ..

မင်းနဲ့ငါ
ကာရန်မဆန်တဲ့
လူသားဝါဒနဲ့ အနုပညာ
ချစ်ခြင်းအတွေးနဲ့
တစ်ယောက်အဓိပ္ပာယ် တစ်ယောက်လေးနက်ခဲ့တယ် .. ..

အပြစ်ကင်းတဲ့
မင်းရယ်သံတွေ
အတိုင်းသား ကြားနေရတုန်းပဲ
မင်းအကြောင်းတွေးရင်း အိပ်မဖြစ်တဲ့ညတွေ
ငါကော်ဖီတစ်ခွက် ဖျော်လိုက်တယ်
အိပ်ပျော်နေတဲ့ မင်းဝိညာဉ်ကို
တယုတယ ငါဖမ်းဆုပ်ဖို့
ကော်ဖီတစ်ဝက်သောက်တယ်
မင်းနာမည်ကို တိုးတိုးငြီးဖို့
ငါ့မှာ ဆွံ့အသွားခဲ့တယ်
အဝေးတစ်နေရာက မင်းလေးရယ်
သိစေချင်တယ် .. .. .. ။
(၂၅-၈-၂၀၀၈၊ တနင်္လာနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

မိန်းကလေးများရဲ့ မျက်ရည်


သဘာဝတရားက မိန်းကလေးများရဲ့ အားနည်းချက်ကို ဖြည့်စွက်ပြီး ထွက်ပေါက် ပေးတဲ့အနေနဲ့ မျက်ရည် လမ်းကြောင်းကို အပို တပ်ဆင်ပေး လိုက်သလားတော့ မပြောတတ်ပါဘူး။ မိန်းမသားတို့ လက်နက်ဟာ မျက်ရည်စက် ပါမောင်ရယ် ဆိုတဲ့ သီချင်းစာသားကို နားထဲ ကြားယောင်နေမိ ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးတို့ရဲ့ အဓိက ကွာခြားချက်ကလဲ မျက်ရည်ပဲ ဖြစ်ပါတယ်။ မိန်းကလေးတို့ ပင်ကိုယ် သဘာဝကိုက အငိုလွယ်ခဲ့ကြ တာပါ။

မိန်းကလေးများ ဘာအတွက်ကြောင့် မျက်ရည်ထွက်လွယ် ရပါသလဲ။? သိရန်တော့ ခက်လဲလှပါတယ်။ မိန်းကလေးတွေ မျက်ရည်လွယ်တဲ့ အတွက် ကျွန်တော်တို့ အတွက် စိတ်ရှုပ်လေ့ရှိသလို တစ်ခါတရံလည်း စိတ်လှုပ်ရှားခဲ့ရပါတယ်။ မိန်းကလေးတွေ အငိုလွယ်ရတဲ့ အကြောင်းခြင်းရာများ တစ်ရာမက ရှိသော်လည်း အဓိကအချက်ကတော့ .. ..
အပျော်လွန်၍လည်း ဖြစ်နိုင်ပါတယ်။
ဒေါသထွက်လွန်း၍လည်း ဖြစ်နိုင်ပါတယ်။
ဝမ်းနည်း လွန်လွန်း၍လည်း ဖြစ်နိုင်ပါတယ်။
ရူးသွပ်၍လည်း ဖြစ်နိုင်ပါတယ်။
အမှားအယွင်း တစ်ခုခု လုပ်ခဲ့မိ၍လည်း ဖြစ်နိုင်ပါတယ်။
ဆုံးရှုံး နစ်နာမှု တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တစ်ခါတလေမှာတော့ ဖော်မပြနိုင်တဲ့ အကြောင်းတစ်စုံတစ်ရာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကိုယ်တွေ့ အနေနဲ့ ရက်ပိုင်းလေးပဲ ရှိသေးတဲ့ အဖြစ်အပျက်လေး တစ်ခုပါ။ ခင်မင်ရတဲ့ မိန်းကလေး တစ်ယောက်ကို ချစ်လွန်လွန်းလို့ စမိခဲ့ပါတယ်။ စကားလေး တစ်ခွန်းအတွက်နဲ့ ငိုကြီးချက်မနဲ့ မိုက်ကရိုဖုန်းထဲ ငိုပြီး ရန်တွေ့တာကို ကြုံခဲ့ရပါတယ်။ အတွေ့အကြုံက မရှိတော့ မှင်သက်သွားပြီး ဘာမျှ ပြန်မပြောနိုင် လောက်အောင် အံ့သြခဲ့ရပါတယ်။ စိတ်မကောင်း ကြီးခြင်းလည်း ဖြစ်ခဲ့ရပါတယ်။ ဝမ်းနည်းပက်လက် ခံစားသွားရတာတော့ အမှန်ပါ။ သူလေးရဲ့ ဝမ်းနည်းမှုက အတိုင်းအတာ တစ်ခုအထိတော့ တုန်လှုပ်သွား တာတော့ အသေအချာပါပဲ။

ဒီလိုကြုံတွေ့ရရင်ဖြင့် ယောက်ျားသားတွေ အနေနဲ့က .. ..
ဒီလောက် မျက်ရည်လွယ်နေမှတော့ စိတ်မရှည်တော့ဘူး ..
ထစ်ကနဲရှိ ငိုနေတာပဲ ..
နင့်ငိုရှိုက်သံက ငါ့စိတ်ကို ညစ်ငြူးစေတယ် .. အဲဒီလိုတွေတော့ လုံးဝ မတုန့်ပြန်မိစေဖို့ အထူးပဲ တိုက်တွန်း လိုပါတယ်။ ယောက်ျား ရင့်မာတစ်ယောက် အနေနဲ့ ကိုယ်ချင်း မစာနာရာ ကျပါတယ်။

ခြုံငုံပြီးပြောရရင် မိန်းကလေးတွေ ငိုကြခြင်းနဲ့ ပတ်သက်ပြီး အဓိက အကြောင်း(၃)ချက်ရှိပါတယ် ….
(၁) ခံစားချက်ကြောင့် ငိုခြင်း။
(၂) မခံချင်စိတ်ကြောင့် ငိုခြင်း။
(၃) အကြောင်းမဲ့ ငိုခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘာအကြောင်းနဲ့ပဲ ငိုငိုပါ။ သူတို့လေးကို လျစ်လျူမရှုဘဲ နည်းနည်းပါးပါး တောင်းပန်ပြီး ချော့မော့လိုက်ရင် မိနစ် အနည်းငယ်လောက်နဲ့ ကျေနပ်ပြီး ပီတိဝေဖြာ ပြုံးပန်းဝေဆာ လာပါလိမ့်မယ်၊ မိန်းကလေးဆိုတာ အချော့ကြိုက် တာကိုလည်း ကိုယ်က နားလည်ထားရပါမယ်။ ဝမ်းနည်းလို့ပဲဖြစ်စေ၊ အကြောင်းမဲ့ ကြောင့်ပဲဖြစ်စေ၊ ဘာကြောင့်ပဲ ငိုငို ကျွန်တော်တို့ ယောက်ျားသားတွေ အနေနဲ့ အကောင်းဆုံး ချဉ်းကပ်ဖို့ နည်းလမ်းကတော့ လက်ကိုင်ပဝါ သန့်သန့် ဖြူဖြူ စင်စင်လေး တစ်ထည်ကို အဆင်သင့် ဆောင်ထားဖို့ပဲ ဖြစ်ပါကြောင်း အသိပေးလို ပါတယ်။ အားလုံးကို လေးစားလျက်ပါ။ အမှားအယွင်း တစ်စုံတရာ ရှိရင် ခွင့်လွှတ်စေချင် ပါတယ် .. .. ။ (၂၄-၈-၂၀၀၈၊ တနင်္ဂနွေနေ့၊ အောင်ပန်းမြို့)

သူမနဲ့ပတ်သက်သမျှ (၂)

သူမနဲ့ပတ်သက်သမျှ (၂)

ညဖက်တစ်ညလုံး အလုပ်လုပ်ပြီး နေ့ခင်းအိပ်မယ်လုပ်တော့ အချိန်ကမောက်ကမ ဖြစ်တာမို့ အိပ်မပျော်နိုင် ခဲ့ပါဘူး။ ဒါက တစ်ပိုင်းပါ။ သူငယ်ချင်းတွေနဲ့ ခွဲခွာလာခဲ့ရတဲ့ စိတ်ဖိစီးမှု၊ အွန်လိုင်းပေါ်က မိတ်ဆွေတွေကို နှုတ်မဆက်ဖြစ်ခဲ့တဲ့ သောက ဗျာပါဒတွေ ရင်ဝယ် သိမ်းထားတဲ့ ကျွန်တော့်အဖို့ နေ့ခင်းဘက် အိပ်ဖို့ အဆင်မပြေခဲ့ပါဘူး။ အထူးသဖြင့် ခဏလေးလောက် အချိန်ရရင် နှုတ်ဆက်ခဲ့ပါ၊ သွားမယ်ဆို ပြောဖြစ်အောင် ပြောခဲ့ပါ၊ (၂)မိနစ်လောက်ပဲ အချိန်ပေးပါ ဆိုတဲ့စကားတွေကို ပြန်ပြန်တွေးမိလေတိုင်း နောင်တရမဆုံးပါ။ အိပ်မရတဲ့ အဆုံးတော့ အော့ဖ်လိုင်း သမားမို့ ရေးချင်တာ၊ ပြောချင်တာတွေကို မှတ်စုထဲပဲ ရေးခြစ် ထားလိုက်မိတယ်။

အမှတ်ရတဲ့စိတ်နဲ့ တစ်ယောက်ထဲ ပုလဲတွေခပြီး အိပ်ရာခင်းနဲ့ အပြိုင် အသည်းတွေ ကြေမွနေတဲ့ ကျွန်တော်အဖို့ ကောင်းကောင်းအိပ်ဖို့ မလွယ်ခဲ့ပါဘူး။ မျက်တွင်း ဟောက်ပက်နဲ့ အသည်းနှလုံးတွေ ဂယောက်ဂယက် ဖြစ်အောင် လုပ်ခဲ့တဲ့သူကို စဉ်းစားခန်း ဝင်ရင်း အိပ်ပျော်ဖို့ရာ တွန်းအားဖြစ်လာတယ်။ နောက်ဆုံး ပင်ပန်းတဲ့ ဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖြစ်သွားတယ်။ အိပ်မက်လှလှ မက်ပါစေ လို့ သူ့ကိုနှုတ်ဆက် နေကျမို့ တူသော အကျိုးပေးမို့လား မသိ ကျွန်တော်လည်းပဲ အိပ်မက်လှလှ မက်ဖြစ်ခဲ့ပါတယ် .. .. .. .. ။

မမ ကို အိပ်မက်တယ် မမ၊ မမ က အိပ်မက်ထဲမှာ အရမ်းချောတာပဲ၊ အိနြေ္ဒလည်းရှိတယ်၊ အရမ်းလည်းပဲ ကြည့်လို့ ကောင်းတယ်။ ဒါပေမယ့် ကျွန်တော်က မမ ဆီသွားလို့ မရဘူး ဖြစ်တယ်။ ကျွန်တော်နဲ့ မမ အကြားမှာ အနီရောင် ကြိုးတစ်ချောင်းရယ်၊ အစိမ်းရောင် ကြိုးတစ်ချောင်းရယ်က ကန့်လန့်ဖြတ် တားဆီးနေကြတယ်။ အဝေးကနေ မမ မျက်နှာ ပြုံးနေပေမယ့် အဲဒီအပြုံးက ကျွန်တော့် အတွက် မဟုတ်ဘူးဆိုတာ သိနေသလိုပါပဲ။ ဘယ်လိုလဲ မမ ရယ် အိပ်မက်ထဲမှာတောင် ကျွန်တော်နဲ့ မမ နီးစပ်ဖို့ မဖြစ်နိုင်ဘူးတဲ့လား မမ ရယ် .. .. ။ အားမလို အားမရဖြစ်ပြီး မမ .. .. မမ လို့ အော်ခေါ်ရာကနေ အိပ်ယာက လန့်နိုးခဲ့ရတယ်။ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွဲရွှဲနစ်လို့ပါ။ ပြန်အိပ်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။

နေ့ခင်းဘက် အိပ်တဲ့ အိပ်မက်ကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မမ ကို ပြန်အမှတ်ရမိတယ်။ မမ တစ်ယောက် အိမ်ထောင်ပြုသွားပြီ ဆိုတဲ့ သတင်းသဲ့သဲ့ လေးပါပဲ။ လွန်ခဲ့တဲ့ အဖြစ်အပျက်တွေက အိပ်မက်ကြောင့် မနေ့တနေ့ ကလိုပဲ နီးနီးလေးခံစားရမိတယ်။

မြို့ထဲ စည်ကားတဲ့ နေရာရောက်ဖြစ်ရင် မမ နဲ့ တူတဲ့သူများ ပါလေသလားလို့ ယောင်ယမ်း လိုက်ကြည့်မိတာ အခါခါပါ။ ကျွန်တော် အဲလို ဝေဒနာ စွဲနေတာ ကြာပါပြီ မမ .. ။ ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို လေနှင်ရာ လွင့်ခဲ့တာလည်း အချိန်တွေ မနည်းတော့ပါဘူး။ ဆံပင်ရှည်ရှည် ကောင်မလေးတွေများ တွေ့ခဲ့ရင်၊ ထမီကို ခြေမျက်စိ ဖုံးအောင်ဝတ်တဲ့ ကောင်မလေးတွေကို တွေ့လိုက်ရင်၊ အပြုံးလဲ့လဲ့နဲ့ မျက်စောင်းထိုးတတ်တဲ့ မိန်းကလေးတွေကို မြင်လိုက်ရရင် ကျွန်တော် ရင်ခုန်နေဆဲပါ။ မမ များ ဖြစ်နေမလားလို့ စိုးထင့်တဲ့စိတ်နဲ့ပါ။

အချိန်ဆိုတာ အကောင်းဆုံးသော ကုထုံးနည်းတစ်ခုလို့ ပြောကြပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ဒဏ်ရာ ဒဏ်ချက်တွေဟာ ပါးလျပြီး အမာရွတ်လောက်ပဲ ကျန်ခဲ့ပါမယ်။ ဒီလို ကောင်းမွန်တဲ့ ဆေးဝါးတွေနဲ့ဆိုရင်တော့ အဲဒီအမာရွတ်တောင် သေးသေး မျှင်မျှင်လေးပဲ ထင်ကျန်နေတတ်ပါသေးတယ်။ ဒါပေမယ့်လည်း မမ ရယ်။ ပကတိ စင်းလုံးချော အသားအရေမျိုးတော့ ဘယ်ပြန်ဖြစ်ပါ့မလဲနော်။

မမ . . . . ရယ်။ ဆယ်စုနှစ် တစ်ခုလောက် ကြာခဲ့တဲ့ အချိန်တွေကို ပြန်ပြီး တမ်းတ မက်မောနေတာဟာ မှတ်ဥာဏ်က သိပ်ကောင်းလို့တော့ မဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသားက မရင့်ကျက်သေးလို့ ဖြစ်မှာပါ။ ဒါမှမဟုတ် ခံစားမှု အရှိန်အဟုန်ကပဲ ကောင်းလွန်းနေလို့ပဲလား တစ်ခုခုပါ။ ရှမ်းပြည်ရဲ့ ဆောင်းဦးဝင် ရာသီဥတု လေးက သွေ့ခြောက်နေပြီး လျှပ်တိုက်လာတဲ့လေကို တစ်ဝကြီးရှုရင်း စိမ်းရွှေရွှေ ရနံ့တစ်ခုကို ခံစားလိုက်မိတယ်။ မမ ရယ် လေထဲက ရနံ့တောင် စိမ်းနေမှတော့ ကျွန်တော်တို့ရဲ့ ပုံရိပ်တွေ၊ အသွင်သဏ္ဍာန်တွေကရော စိမ်းနေပြီလားပဲနော် .. စိုးရိမ်တယ် .. .. ။

ဗေဒင်က ဒါမျိုးဆိုရင် မှန်တတ်လိုက်တာဗျာ။ ကာလရှည် ဝေးကွာနေသူများနှင့် ပြန်ဆုံရတတ်သည် တဲ့ .. .. ။ ဒါ မင်္ဂလာတစ်ပါးပဲ မဟုတ်ဘူးလားလို့ မေးလာခဲ့ရင် နာကျင်တဲ့အပြုံးနဲ့ပဲ ရယ်ပွဲဖွဲ့လိုက်ချင်ပါတယ်။ သော့ခတ်ထားတဲ့ အတိတ်အိမ်တံခါးကို မပွင့်စေချင်ကာမှ ဇွတ်အတင်း တိုးဖွင့်ပစ်ခဲ့တဲ့ ကံကြမ္မာကို ရိုးမယ် မဖွဲ့တော့ပါဘူး။ တုန်လှုပ်နေတတ်ဆဲ ဖြစ်တဲ့ နှလုံးအိမ်ကို အံ့သြမှင်သက်စွာ ပြန်ကြည့်ရင်း မမ .. .. ရယ်။

ရွှေဘုံသာလမ်းထဲက ဂျေဒိုးနတ်ကို မရောက်ဖြစ်တာ ကြာပြီလေ။ လာစရာအကြောင်းကလဲ မရှိ။ တစ်ယောက်ထဲ ငေါင်စင်းစင်းကြီး မထိုင်ချင်ပေမယ့် မမ ကို အမှတ်ရစေမယ့် အတိတ်ပန်းချီကားလေးကို ပြန်အောင်းမေ့မိပြီး အခုတော့ ရောက်ခဲ့ပါပြီ။ စားသောက်နေသူတွေကို ဖြတ်ကျော်ရင်း လွတ်နေတဲ့ ခုန်ကို ၀င်အထိုင်မှာ ..

အို .. ဒီလိုမလုပ်နဲ့လေ သားရယ်။ သားဘောင်းဘီတွေ ပေကုန်မှာပေါ့ .. .. ။ ဆိုတဲ့ ရင်းနှီးခဲ့ဖူးတဲ့ အသံနေ အသံထား တစ်ခုကို ရင်နဲ့ ခံစားကြည့်မိတယ်။ ကျွမ်းဝင်နေတဲ့ လေသံမို့ မချင့်မရဲနဲ့ လှမ်းကြည့်လိုက်တဲ့အခါမှာ .. မမ .. မမ မှ မမ ရယ်ပါ။ ဘေးနားမှာလည်း ၄ နှစ် ၅ နှစ် အရွယ်ရှိတဲ့ ကလေးလေးတစ်ယောက် ကို ကြင်ကြင်နာနာ ယုယနေလေရဲ့။

မမ .. .. မင်္ဂလာပါ၊ နေကောင်းတယ်နော် .. ။

အသာအယာပဲ ခေါင်းငြိမ့်ပြလိုက်တဲ့ မမ ကိုကြည့်ရင်း မမ လို့ ခေါ်လိုက်တာများ မှားသွားလေရော့ သလား။ ခေါ်ကျင့်မရှိခဲ့တဲ့ နာမည် အရင်းကိုပဲ ခေါ်လိုက်ရကောင်းမလား။ တွေဝေ နေရင်းနဲ့ပဲ ကလေးလေးကို မိတ်ဆက် လိုက်မိတယ်။

မမ မင်းသတင်းတွေ စုံစမ်းကြည့်သေးတယ်ကွာ၊ ဘယ်လိုမှ စုံစမ်းလို့မရလို့ပါ .. .. ။

ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် မမ ၊ ကျွန်တော် နယ်ကို ရောက်နေလို့ပါ .. .. ။

ငါ့မောင်က အိမ်ထောင်ကျနေပြီလား .. .. ။

ခေါင်းကို ခါရမ်းရင်း .. ကျွန်တော် အိမ်ထောင်မပြုသေးပါဘူး မမ .. .. ရယ် .. .. ။

သြော် တွေ၊ ဟုတ်ကဲ့ တွေ နဲ့ ထပ်နေပြီး စကားလုံးအသစ်ကို ရှာမတွေ့ခဲ့ပါဘူး။ လေးလံတဲ့ စိတ်နဲ့ မမ မျက်နှာကိုကြည့်ရင်း စက္ကန့်လေးတွေ ရင်ခုန်သံ စည်းချက်လို ပိုပြီး မြန်ဆန်လာတယ်။ ကျွန်တော့် အမြင်တွေေ၀၀ါးလာပြီး မနက်က အိပ်မက်မက်ခဲ့တာ ပိုမိုပြီး ပြတ်သားလာ သလိုလို ခံစားမိတယ်။

အနီရောင်ကြိုးတစ်ချောင်းနဲ့ အစိမ်းရောင် ကြိုးတစ်ချောင်း .. ..
ကျွန်တော့်အတွက် မဟုတ်တဲ့ အပြုံးတစ်ခု .. ..
ကျွန်တော့အတွက် မဟုတ်တဲ့ နောက်ထပ် အပြုံးတစ်ခု .. ..

ကဲ သွားလိုက်ဦးမယ်နော့် မမ .. မောင် ..။ နောက်ကို လမ်းတွေ့လည်း ခေါ်ပါကွယ် .. .. တဲ့ ..။

ပြောပြောဆိုဆိုပဲ ဆိုင်ထဲက တစ်လှမ်းချင်းထွက်ခွာသွားတဲ့ မမ ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း နှုတ်က ဆွံ့အ နေမိပါတော့တယ်။ မမ ဘယ်မှာနေတယ်၊ မမ ဘာလုပ်နေတယ် ဆိုတဲ့ အချက်တွေက ကျွန်တော့် အတွက် မလိုအပ်တော့ပါဘူး။ မမ ရဲ့ ဦးနှောက်အတွေးထဲမှာ ကျွန်တော်ဟာ သေဆုံးနေပြီ ဖြစ်သလို ကျွန်တော့်ရဲ့ အိပ်မက်ထဲမှာလည်း မမ ဟာ မီးနီပြနေတဲ့ မီးပွိုင့်တစ်ခု ဖြစ်ခဲ့ပါပြီ .. ။

ဒါပေမယ့် မမ ရယ်၊ ခံစားတတ်တဲ့ နှလုံးသား အစုံဟာ မသေဆုံးသေးသရွေ့၊ မမ ကို ကျွန်တော် ရင်းရင်းနှီးနှီး အမှတ်ရနေမှာပါ .. .. ။
ဆံပင်ရှည်ရှည် မိန်းကလေးတွေများ တွေ့ခဲ့ရင် .. ..
ထမီကို ခြေမျက်စိ ဖုံးအောင်ဝတ်တဲ့ ကောင်မလေးတွေကို တွေ့ခဲ့ရင် .. ..
အပြုံးလဲ့လဲ့နဲ့ မျက်စောင်းထိုးတတ်တဲ့ မိန်းကလေးတွေကို တွေ့ခဲ့ရင် .. ..
မမ တစ်ယောက် အမှတ်နဲ့ ..
ကျွန်တော် ရင်ခုန်နေဆဲပါ ..
မမ ကို အမှတ်ရနေဆဲပါ ..
မမ ကို သတိရနေတတ်တာကိုတော့ ခွင့်လွတ်ပေးပါ မမ ရယ် .. .. ။


(၂၂-၈-၂၀၀၈၊ သောကြာနေ့၊ ပဲခူးမြို့)