Monday, September 22, 2008

ပဲပင်ပေါက်

ပဲပင်ပေါက်

ပင်လောင်းဈေးနေ့မို့ မနက် ကတည်းက ဈေးတစ်ခုလုံး လှုပ်လှုပ်ရွရွနဲ့ တစ်ခြားမြို့က ဈေးကားတွေ၊ ဈေးသည်တွေ ရောက်နှင့်ပြီး ဈေးခင်းဖို့ ပြင်ဆင်နေကြပါပြီ။ ဆောင်းဦးပေါက် လာပြီမို့ အအေးဓာတ်က အခြားဒေသ တွေထက် ပိုကဲတယ်လို့ ထင်မိပါတယ်။ ထွေထွေထူးထူး စားတတ်တာ မဟုတ်တော့ လဘက်ရည်ဆိုင်ထဲဝင် လဘက်ရည်နဲ့ အီကြာကွေးပဲ နေ့တိုင်းအားပေး နေမိပါတယ်။ အီကြာကွေး စားရင်း စာတန်းလေးတစ်ခုကို ဖျက်ကနဲ သတိရမိပြီး တစ်ကိုယ်တည်း ပြုံးမိပါသေးတယ်။ ဘာတဲ့ (လိုရင်းပြောပါ အီကြာမရိုက်ပါနဲ့၊ ချစ်သူမှလွဲရင် စိတ်မရှည်ပါ) ဆိုလားပဲ။ ဂျီတော့ရဲ့ ပေါ်စေချင်တဲ့ စာသားလေးကို မှတ်မှတ်ရရလေး ထည့်ထားတာကို ပြေးမြင်မိတာပါ။ အလုပ်နဲ့မို့ အင်တာနက်နဲ့ ဝေးနေရပေမယ့် အွန်လိုင်းပေါ်က သူငယ်ချင်းတွေ မိတ်ဆွေတွေကို အထူးပဲ အမှတ်ရမိ ပါတယ်။ အလုပ်ရုံအပြန်မှာ သုတ်စားဖို့ အသီးအရွက်တွေ ၀ယ်ဖြစ်တယ်။ ဒီမှာက ခြံထွက်တွေ သိပ်လတ်ဆတ်တာမို့ အရသာပိုထူးကဲ တယ်လို့ ခံစားရပါတယ်။ အသားငါးထက် အသီးအနှံတွေ စားဖြစ်တာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ အိမ်ထောင်ကျရင် အသားငါးနှစ်သက်တဲ့ အိမ်ရှင်မနဲ့ဆို မနည်းညှိယူ ရမယ့်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ကနေ့တော့ ပဲပင်ပေါက် တိုတိုတုတ်တုတ် လေးကို ပြုတ်သုပ် စားဖို့ ၀ယ်လာဖြစ်တယ်။

ပဲပင်ပေါက်ဆိုလို့ အထင်မသေး စေချင်ပါဘူး။ တစ်ချိန်မှာ အစေ့ဖြစ်တဲ့ ပဲ ဟာ အစို့၊ အညှောင့် ထွက်လာပြီဆိုတာနဲ့ (ပဲပင်ပေါက် ဖြစ်လာပြီ ဆိုတာနဲ့)သူတို့ရဲ့ အဟာရတန်ဖိုးတွေကို ထုတ်လွှတ် လိုက်တယ်လို့ ဆိုပါတယ်။ ပဲပင်ပေါက်မှာ ဗီတာမင် B အခြေခံ ၃၀% ပါဝင်ပြီး ဗီတာမင် C ကတော့ ၆၀% အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ ချက်လိုက်ရင် အရသာလည်း ရှိတဲ့အပြင် အစာလည်း ကြေလွယ်ပါတယ်။ စားရတာ အဆင်ပြေတယ်။ ချိုတယ်၊ နူးညံ့တယ်၊ အစိမ်းစားလည်း အရသာရှိတယ်၊ ခန္ဓာကိုယ်သန့်စင်ရေး စနစ်တွေအတွက် ကောင်းတယ်လို့ သိရပါတယ်။ ရေနွေးလေးဖျော၊ မြေပဲဆံထောင်းနဲ့ သုပ်စားလိုက်ရင် လျှာလည်သွားနိုင် ပါတယ်။ ပဲပင်ပေါက်ကိုတော့ မြန်မာပြည် ဈေးတိုင်းရဲ့ ကုန်စိမ်းတန်းမှာ အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်။ လတ်ဆတ်မှုကိုတော့ သတိပြု ရွေးချယ် ၀ယ်ရပါမယ်။ ဆရာမလုပ်တော့ပါဘူး။

ပဲတွေကို ကိုယ်တိုင် အပင်ဖောက်ချင်တယ် ဆိုရင်တော့ သူ့လောက် လွယ်ကူ ရိုးရှင်းတာ မရှိပါဘူး။ အဓိကကျတာ တစ်ချက် နှစ်ချက် သိထားရင် လုပ်စားလို့ ရပါပြီ။ (ကျွန်တော်လည်း ပဲပင်ပေါက် ရောင်းတဲ့ ပလောင်မလေး ကို ဆရာတင်ခဲ့တာပါ) ပထမတော့ လူပျိုက အပျိုလှည့်တယ်အထင်နဲ့ ဘာမှ ပြန်မပြောဘဲ ရီပဲရီနေတာမို့ ပဲဖောက်တဲ့ နည်းကို မနည်းတောင်းခဲ့ရပါတယ်။ ဒါနဲ့ ပြန်ဖောက်သည် ချလိုက်ပါတယ်။

(၁)
ပဲစေ့ကို ကုန်နိုင်၊ စားနိုင်သလောက် ယူပါ။ ဇလုံ ဒါမှဟုတ် ရေပုံးနဲ့ ဖြစ်ဖြစ်ထည့်ပါ။ ရေကို ကြက်သိမ်းနွေးလောက်နဲ့ မြှုပ်အောင် ဖြည့်ပေးပါ။ ပြီးရင် အ၀တ်နဲ့ပိတ်ပြီး သေချာ စည်းထားရပါမယ်။ အနွေးဓာတ် ရှိတဲ့နေရာမှာ တစ်ညသိပ်ထားရပါမယ်။
(၂)
ပိတ်ထားတဲ့ အ၀တ်စပါးကိုမဖယ်ဘဲ ရေကိုသွန်ထုတ်ရပါမယ်။ ရေအသစ် ထပ်ဖြည့်ပါ။ အသာအယာ ပုံးကိုလှုပ်ပေးပြီး နဂိုအတိုင်း ပြန်သိမ်းထားပါ။ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိတဲ့ နေရာမှာဆို ပိုကောင်းပါမယ်။
(၃)
ရေနဲ့ သေသေချာချာ တစ်နေ့ ၃ ကြိမ် ဆေးလိုက် သွန်လိုက် လုပ်ပြီး ကိုယ်လိုချင်တဲ့ အနေအထားထိ အပင်ပေါက်လာတဲ့ အထိစောင့်ပါ။ ကျေနပ်တဲ့ အပင်ပေါက်ရရင် သေချာအောင် ဆေးကြော သန့်စင်ပြီး အပင်မပေါက်တဲ့ ပဲစေ့အချို့ကို ဖယ်ရှားလိုက်ရင် စားလို့ရတဲ့ ပဲပင်ပေါက်ကို ရပါမယ်။

3 comments:

ကိုတိုး said...

အစ်ကိုရေ ပင်လောင်းဈေးဆိုလို့အမှတ်ရသွားပြန်ပြီ အများဆုံးဖြစ်တဲ့ ရှမ်းပြည်ဘက်ကဈေးက ၅ ရက်တစ်ဈေးလားလို့ပဲ ကျွန်တော်သိသလောက်ပြောတာနော် ပုံမှန်ဈေးတော့ရှိတယ် ၅ ရက်ဈေးနေ့ကျရင်ပိုစီတယ် ဆိုပဲ ဟုတ်လား အစ်ကို...။ ကျွန်တော်လည်း အောင်ပန်းမြို့မှာ ဆောင်းတွင်းနှစ်လလောက်နေဖူးပါတယ်။ ဟိုအရင်ကပေါ့နော် အခုတော့ မဟုတ်ဘူးအစ်ကိုရေ......... ပျော်ရွှင်ပါစေဗျာ။

လင်းဦး(စိတ်ပညာ) said...

နည်းကို မှတ်သွားပြီဗျို့။ လုပ်ကြည့်ဦးမယ်

မသက်ဇင် said...

ပဲပင်ပေါက်လုပ်နည်းလည်းတတ်တယ်နော်-----
မသက်ဇင်က ကချင်ပြည်နယ်က ရှမ်းနီ စပ်လေ-- ပဲပင်ပေါက် ဟင်းမပါတဲ့နေ့  မရှိသလောက်ကို အိမ်မှာ စားကြတာစွန်ထန်ချက်လည်း ပဲပင်ပေါက်ပါတယ်--- အသားနဲ့ ပဲပင်ပေါက်ကျော်တယ်-- ပဲတီချဉ်လုပ်တယ်--ပဲပင်ပေါက်ရေနွေးဖျောသုတ်တယ်--ပဲပြားနဲ့ပဲပင်ပေါက်ကျော်စားတယ်----စားချင်လိုက်တာ---ပဲပင်ပေါက်--
ခင်မင်လျက်
မသက်ဇင်