Thursday, September 4, 2008

အချစ်ကိုပုံဖော်ယူမယ်



ညအမှောင်ထုမှာ လရောင်မှိန်ပျပျ အကူအညီနဲ့ ကားမောင်းရတာ တစ်ခုခုကို အမှတ်ရသလိုလို၊ စိတ်ထဲ ဘ၀င်မကျ သလိုလိုနဲ့ လီဗာနင်းပြီး အရှိန်တင် မောင်းနေမိပါတယ်။ တစ်ချက်တစ်ချက် ဆန့်ကျင်ဘက်လမ်းက ထိုးလာတဲ့ ကားရှေ့မီးတွေ့ရင် အရှိန်လျော့ရင်း လမ်းဘေးဆွဲချ ပေးလိုက်တယ်။ ကားလက်ကိုင်ကို ဖွဖွကိုင်ရင်း ဒက်ဘုတ်ကို ကြည့်လိုက်တော့ ည ၁၁း၃၀ ရှိနေပြီ။ ဒီလိုနဲ့ ကားကက်ဆက်ကို ပလေးလိုက်တော့ .. ..

အနီးဆုံးလား .. အဝေးဆုံးလား .. မင်းနဲ့ အတူအမြဲတမ်းရှိမယ် ..
ဘာတွေကောင်းလဲ .. ဘာတွေဆိုးလဲ
ရင်ဆိုင်လို့ ချစ်ပါရစေ .. မင်းလေးပဲ မင်းလေးကြောင့် .. တို့ဘ၀ဟာ အသက်ရှူနေခဲ့ ..
အကြင်နာများစွာ .. ယူဆောင်ရင်းလေ .. ထာဝရအနားရှိမယ် .. အချစ်ရေ ..
ပြောင်းလဲတတ်တဲ့ .. တို့ရဲ့ဒီကမ္ဘာမြေထဲ တည်မြဲခြင်းအကြောင်း တစ်ခုရှိတယ် ..
မင်းနဲ့တို့နဲ့ ချစ်တဲ့ အကြင်နာလေးပဲ .. ရင်ခုန်သံတွေ အင်အား မရပ်ဘူးလေ ..
သိပ်ချစ်ရတဲ့ မင်းနဲ့ .. အတူနေရုံပဲ .. ကျန်တာတွေ ဘာမှ အရေးမကြီးဘူးလေ ..
မျက်စိမှိတ် ချစ်တော့ ဘာဖြစ်သေးလဲ ကြင်နာသူကိုပဲ .. အမြဲယုံမိတယ်
တို့အချစ်တွေ ဆုံးဖို့ လမ်းမရှိ .. ..

ဖြူဖြူကျော်သိန်းရဲ့ အနီးဆုံးလား အဝေးဆုံးလား သီချင်းရဲ့ ကောလက်ပုဒ်လေးကို နားထောင်မိတယ်။ အမှန်ကတော့ ညဖက်ကားမောင်းရင် အိပ်မငိုက်အောင်၊ စိတ်ကို မညစ်ညူးအောင် ပြင်းရှရှ ဆူညံ့သံနဲ့ သီချင်းဖွင့် နားထောင်လေ့ရှိတယ်။ သီချင်းစာသားလေးကို လိုက်ရေရွတ်ရင်း တဒင်္ဂမေ့ထားမယ်လို့ ပြင်ဆင်ထားတဲ့ ရင်ထဲက စူးနစ်နစ် သံယောဇဉ်ကို တမင်လှုံ့ဆော် လိုက်သလိုဖြစ်သွားတယ်။ တွေ့မြင်ခွင့် မရနိုင်သေးတဲ့ ချစ်သူလေးရဲ့ မှုန်ပျပျ ရုပ်သွင်ကို ရင်ထဲပုံဖော်ရင်း စီယာတိုင်ကို ကီးဘုတ်အမှတ်နဲ့ .. ..

အလုပ်က ပြန်လာပီလား .. ..
ကျောင်းက ပြန်လာတာလား .. ..
စာရော လုပ်ဖြစ်ရဲ့လား .. ..
ပင်ပန်းနေပီပေါ့ .. ..
တစ်နေကုန် စောင့်နေသေးတယ် .. ..
ထမင်းရော စားပီးပီလား .. ..
နေရော ကောင်းရဲ့လား .. ..
ကျန်းမာရေးကို ဂရုစိုက်ပါ .. ..
ဘာဖြစ်နေရင် ဘာဆေးကို သောက်လိုက်နော် .. ..
အခု ဘာလုပ်နေလဲ .. ..
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ .. ..

စိုးရိမ်စိတ်နဲ့ ဒီလို ကြင်ကြင်နာနာ မေးလိုက်တာကိုရော သူ သိမှသိပါရဲ့လား .. ။ ကျွန်တော်ရဲ့ နှစ်သိမ့်မှုကို အသိအမှတ်ပြုပါရဲ့လား .. ။ အသိအမှတ် မပြုချင်ပေမယ့် တုန့်ပြန်မှု တွေကိုတော့ ရင်ထဲ အတိုင်းမသိ ကျေနပ်စွာ လက်ခံနေခဲ့မိတယ်။ မေးခွန်းတစ်ခုနဲ့ တစ်ခုကြားမှာ တုန့်ပြန်မှုတွေ ကြန့်ကြာ နေတာကိုတော့ ဘ၀င်မကျနိုင်စရာပါ။ ဒီဝေဒနာတွေကို ကုစားဖို့ တောင်တောင်အီအီတွေးရင်း အင်တားကီးကိုပဲ နှိပ်နေမိပါတယ်။ အလိုမကျတာ မှန်ပေမယ့် သူလေး မသိအောင် မြိုသိပ်ထားလိုက်မိတယ် .. ။

သူလေးနဲ့ ပတ်သက်သမျှ ကျွန်တော့်အဖို့ ရေပေါ် အရုပ်ရေးနေရသလို ခံစားရမိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နိုင်ပေမယ့် ချစ်ခြင်းမေတ္တာမှာ အိုမင်းခြင်း၊ ရင့်ရော်ခြင်း၊ ကွာခြားခြင်း၊ တစ်ဆက်တစ်စပ်တည်း ရှိခြင်း၊ နီးခြင်း၊ ဝေးလွန်းခြင်း၊ နိမ့်ခြင်း၊ မြင့်ခြင်းတွေ မရှိပါဘူး မဟုတ်လား။ ပညာတတ်ခြင်း၊ မတတ်ခြင်းကရော အချစ်ကို သိမ်ငယ် စေပါသလား။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အချစ်ကို မမျှဝေနိုင်တော့ဘူး တဲ့လား .. ။ ဒီလိုတော့ မထင်ခဲ့ပါဘူး။ စိတ်ထဲ ဆက်နွယ် ဆက်သွယ်မှုကနေ နားလည် စွန့်လွှတ်ပေးနိုင်မှုကသာ ပဓာနကျပြီး အချစ်ဟာ နူးညံ့သိမ်မွေ့တဲ့ မမြင်နိုင်တဲ့ စွမ်းအင်တွေဆီကို ခေါ်ဆောင် သွားနိုင်တယ် လို့ပဲ ထင်မြင်မိချင်ပါတယ်။

ဘ၀မှာ ကိုယ်က ကြင်နာရမယ့်သူ၊ ကိုယ့်ကို ကြင်နာမယ့်သူ ဆိုတာမျိုးကို လိုလားတောင့်တ မိတတ်ကြတာ သဘာဝပါ။ ဘ၀တိုတိုလေးမှာ တစ်ဦးနဲ့ တစ်ဦး မေတ္တာတွေ၊ အကြင်နာတွေ၊ စေတနာတွေ မျှဝေပေးကြရင်း ဖေးဖေး မမကလေးနေသွား ရမယ်ဆိုရင် လောကကြီးဟာ သာယာလှပပြီး နေချင့်စဖွယ်လေး ဖြစ်နေမှာပါ။ ဒုက္ခတွေ ပင်လယ်ဝေလို့ သောက၀န်တွေ ပိနေပါစေ ကြင်နာသူသာ ကိုယ့်အနားမှာ ရှိနေမယ်ဆိုရင် ကြုံစမ်းပါစေ လောကဓံတရားတွေ ရဲရဲနဲ့ ပျော်ပျော်ကြီး ရင်ဆိုင်ဝံ့ပြီပေါ့ .. ။ ဒီလိုပဲ ကျွန်တော့်အချစ်ကို ပုံဖော်ခဲ့ချင်ပါတယ်။

(၂၆-၈-၂၀၀၈၊ အင်္ဂါနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

No comments: