Thursday, September 4, 2008

ရင်ဖွင့်ဖော် .. .. သို့

ဘဝမှာ ကိုယ်က ကြင်နာရမယ့်သူ
ကိုယ့်ကို ကြင်နာမယ့်သူ ဆိုတာမျိုးကို
လိုလား တောင့်တမိတတ်ကြတာ သဘာဝပါပဲ ..
ဘဝတိုတိုလေးမှာ တစ်ဦးနဲ့တစ်ဦး
မေတ္တာ၊ အကြင်နာနဲ့ စေတနာတွေမျှဝေပေးရင်း
တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမလေးနဲ့
နေသွားရလို့တော့ လောကကြီးဟာ နေပျော်စရာဖြစ်မှာပါ .. ..

ဒုက္ခတွေ ပင်လယ်ဝေလို့
သောကဝန်တွေ ပိနေစမ်းပါစေ
ကြင်နာသူသာ ကိုယ့်အနားမှာရှိနေမယ်ဆိုရင်
ကြုံစမ်းပါစေ လောကဓံတရားတွေ ရဲရဲကြီး ရင်ဆိုင်ဝံ့ပြီပေါ့ .. ..
တစ်ခါတလေတော့လည်း..
မင်းလေး .. မကြိုက်တဲ့ ပန်းတွေကို နှစ်သက်မိတယ်
မင်းလေး .. မကြိုက်တဲ့ ကဗျာတွေကို သီကုံးနေမိတယ်
မင်းလေး .. မကြိုက်တဲ့ စကားတွေကို အထပ်ထပ် ပြောနေမိတယ်
မင်းလေး .. မကြိုက်တဲ့ အပြုအမူတွေ အကြိမ်ကြိမ် လွန်ကျူးနေမိတယ် .. ..

ဒီလိုဆိုတော့
ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခုကို ရနိုင်ဖို့ မလွယ်နိုင်မှန်းသိပေမယ့်
အပေးအယူမျှသူနဲ့ အတူရှိနေလို့ကတော့ ပျော်စရာနေ့တွေအများကြီး
ပိုင်ဆိုင်ခွင့်ရမှာတော့ အသေအချာပါပဲ .. ..
ကိုယ်နဲ့ မင်း ..
မိုင်ထောင်ချီကွာဝေးနေရပေမယ့်
စိတ်ချင်း သွယ်ယှက်နေတာမို့
ကိုယ့်အနား မင်းရှိနေသလို မင်းအနား ကိုယ်ရှိနေပါမယ် .. ..

ပျော်တော့လည်းအတူတူ
ဝမ်းနည်းတော့လည်းအတူတူမို့
သောကတွေမျှဝေလို့ရမယ့်
ရင်ဖွင့်ဖော်ရယ် .. ..
အဝေးတစ်နေရာမှာ
မင်းလေးကို ရင်နဲ့အမျှ
အချိန်တိုင်း
တမ်းတမ်းတ လွမ်းဆွတ်ကြောင်း သိစေချင်တယ် .. .. ။

2 comments:

ကိုတိုး said...

အစ်ကိုရေ မိုင်ထောင်ချီဝေးနေတဲ့ ဘဝခရီးမှာ စိတ်ချင်းဆက်သွယ်နေတာမို့ မင်းအနားမှာကိုယ်ရှိနေ သလို ကိုယ့်အနားမှာလည်း မင်းရှိနေပါတယ်တဲ့လေ အဲဒါတော့ မှန်မမှန်တော့မသိဘူးအစ်မကိုရေ။ ရင်ခွင်ဖော်သို့တမ်းတချင်း ဖတ်သွားတယ် အစ်ကိုရေ။
ပျော်ရွှင်ပါစေဗျာ။

Nge Naing said...

ဝင်းဇော်ရေ
ခရီးသွားရင်း တင်လိုက်တဲ့ ပို့စ်လေးခုလုံးကို လာဖတ်သွားပါတယ်၊ စာအရေးအသားတွေ အဖွဲ့အနွဲ့တွေ ကောင်းလို့ ဖတ်လို့သိပ်ကောင်းပါတယ် ဒါပေမယ့် သိပ်အားမပေးချင်ဘူး။ အချစ်တွေအလွမ်းတွေချည်းပဲ ဖြစ်နေတော့ စာဖတ်သူတွေအတွက် ရိုးသွားနိုင်ပါတယ်။ ကားမှောင်းရင်း လက်တွေ့မကျတဲ့အရာတွေကို သိပ်ပြီးလည်း စိတ်ကူးယဉ်မနေနဲ့အုံး အန္တရယ်များပါတယ်။ စိတ်ကူးယဉ်နေတုန်း ကားရောလူရော ချောက်ထဲရောက်သွားရင် နောက်ဘယ်တော့မှ စိတ်ကူးယဉ်လို့မရ ဖြစ်သွားဦးမယ်။ ခရီးသွားရင်း ကြုံရတဲ့ ဒေသန္တာရ ဗဟုသုတလေးတွေကိုလည်း ရေးနိုင်ရင် ပိုကောင်းပါတယ်။ လမ်းခရီးမှာ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းနေပါတယ်။