Wednesday, September 24, 2008

ခရီးသွားကုသိုလ်

ခရီးသွားကုသိုလ်

တောင်ကြီးကို အလုပ်ကိစ္စနဲ့သွားဖို့ ပင်လောင်းဈေးရှေ့ ကားမှတ်တိုင်ကို ထွက်ခဲ့တယ်။ လိုင်းကားတော့ မရှိပါဘူး။ လွိုင်ကော်ဖက်က တက်လာတဲ့ လွိုင်ကော်-တောင်ကြီး ဟိုင်းလက်ကားလေး တွေကို အကြုံလိုက်စီးရတာပါ။ ကားဂိတ်မှာတော့ လူသိပ်မရှိ ပါဘူး။ မကြာခင်မှာပဲ လိုင်းကားဆိုက်လာ ပါတယ်။ ထိုင်ခုံအပြည့် ခရီးသည်လိုက်ပါ လာတာမို့ ခြေနင်းခုံကပဲ တွယ်စီးရပါတယ်။ ဒီအထဲမှာ ရဟန်းအို တစ်ပါးလည်း ပါလာပါတယ်။

ကားရှေ့ခန်းမှာသံဃာတော်အတွက် သီးသန့် နေရာသတ်မှတ် ထားပေမယ့် ခရီးစဉ်အစ ကတည်းက သံဃာတော်နှစ်ပါး စီးနင်းလိုက်ပါလာ တာမို့ ရဟန်းအို အတွက် နေရာမရ ဖြစ်ခဲ့ရပါတယ်။ နောက်ဖက်ခုံတွေ မှာတော့ လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းသားတွေရယ်၊ ဈေးသည်တွေရယ် ပါပါတယ်။ ဒါပေမယ့် မသိချင် ယောင်ဆောင်ပြီး နေရာဖယ် မပေးကြ ပါဘူး။ သိပ်မကြာမီမှာ ကားညာဘက်ခြမ်းက နှစ်ယောက်တွဲထိုင်ခုံ ဘေးဘက်မှာ အိပ်ပြီးလိုက်လာတဲ့ အသက် ၅၀ ကျော်ခန့် ကုလားကြီး တစ်ယောက် ရုတ်တရက် နိုးလာပြီး ခြေနင်းခုံမှာ မတ်တပ်ရပ်လိုက်ပါ လာတဲ့ ရဟန်းအိုကြီးကို မြင်တာနဲ့ ချက်ချင်းထရပ်လိုက်ပြီး " ဒီမှာထိုင်ပါ ဘုန်းဘုန်း " ဆိုပြီး စကားမပီတပီနဲ့ ခေါ်ကာ နေရာပေးလိုက် တာကို ကျွန်တော်တို့အားလုံး မြင်တွေ့လိုက်ရပါတယ်။

ထိုသို့နေရာ ပေးလိုက်ရတဲ့ ကုလားကြီးလည်း ကားနောက်ခြေနင်းခုံမှာ မတ်တပ်ရပ်နဲ့ စီးနင်းလိုက်ပါ လာခဲ့ပါတယ်။ ရဟန်းအိုကြီးနဲ့ ကုလားကြီးတို့ တစ်ဦးနဲ့တစ်ဦး သိကျွမ်းသူများ ဖြစ်မယ်လို့ ထင်ပါတယ်။ ကုလားကြီးဟာ မိမိဆင်းမယ့် မှတ်တိုင်နီးလို့ နေရာ ဖယ်ပေးလိုက်တာလို့ပဲ ပထမတော့ ဒီလိုထင်လိုက်ပါတယ်။ ကားက တီကျစ် ကိုကျော်ပြီး ဆင်းမယ့်သူမရှိဘဲ တက်မယ့်သူပဲ များလာပါတယ်။ ပင်လောင်းလမ်းခွဲ ရောက်တော့လည်း ထိုနည်းလည်းကောင်းပါပဲ။ အောင်ပန်းဈေးရှေ့ကို ရောက်တော့ ရဟန်းအိုကြီး ဆင်းသွားပါတယ်။ ကုလားကြီးကတော့ မတ်တပ်ရပ် တွယ်စီးပြီး လိုက်ပါ လာဆဲပဲ ဖြစ်ပါတယ်။ ခရီးတော်တော် လေးကိုရောက်မှ ဟဲဟိုးမြို့အ၀င်မှာမှ ကုလားကြီးဟာ ကားပေါ်က ဆင်းပြီး နွားနို့ပုံး တစ်ပုံးကို ခေါင်းပေါ်တင်ရွက်၊ ကျန်တစ်ပုံးကို လက်ကဆွဲပြီး ထွက်ခွာသွားတာကို မြင်လိုက်ရပါတယ်။ ထိုအခါမှပဲ ကျွန်တော်သည် နို့သည် ကုလားကြီးရဲ့ ဈေးရောင်းသွားရင်း လမ်းခရီးမှာ ဒါနတစ်ခု ပြုသွားပုံ လေးကို သတိပြုမိလိုက်တော့တယ်။

ကားပေါ်မှာ ဘာသာလူမျိုး အမျိုးမျိုး ပါရှိလာသော်လည်း အများနဲ့မတူ စေတနာထားပြီး ကူညီပေးလိုက်တဲ့ ကုလားကြီးရဲ့ ပြုဖွယ်ကိစ္စသည် ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာ တရားအနေနဲ့ ရှုမြင်သုံးသပ်ပါက အမှတ်မထင် မပင်ပန်းသော ဒါနကုသိုလ်တစ်ခုကို ပြုလုပ်လိုက်ခြင်းသာ ဖြစ်တယ်လို့ ကျွန်တော် ထင်မှတ်မိပါတယ်။ ဗုဒ္ဓတရားတော်ရဲ့ အလိုအရ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက် ကုသိုလ်ရနိုင် သည်ဟူသော စကားကို ချက်ချင်း သတိရလိုက်မိပါတယ်။

'' အို .. .. ရဟန်းတော်တို့ ဤနေရာကို ကျောင်းတော်အဖြစ် မှတ်ယူ၍ ယာယီ သီတင်းသုံးတော်မူပါ ဘုရား '' ဟူ၍ စိတ်အာရုံ၌ နှလုံးသွင်းလိုက်လျှင် ငွေကြေး မကုန်ကျဘဲ ကျောင်းတစ်ကျောင်းကို ဆောက်လုပ် လှူဒါန်းလိုက်သကဲ့သို့ ရှိတတ်ပေသည်ဟု နာကြား မှတ်သားမိခဲ့ဖူးပါသည်။ ယခုကိစ္စသည် နို့သည်ကုလားကြီးသည် ရဟန်းအိုကြီးကို ဘာအမျှော်အမြင်မှ မရှိပါဘဲ စေတနာ သန့်သန့်ဖြင့် အကူအညီ ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ လူတကာက ပြုနိုင်လောက်သော်လည်း ဝန်လေးတတ်ကြတဲ့ ဤကဲ့သို့သော ပြုဖွယ်ကိစ္စမှာ ကုလားကြီး၏ စေတနာ ဖြူစင်မှုသည် ဆုမတောင်းသော်လည်း သံသရာ တစ်ကွေ့မှာ ကောင်းမြတ်သော အထောက်အပံ့ တစ်ခုခုကို ရရှိခံစားရမှာပဲလို့ မှတ်ယူပြီး သဒ္ဓါပီတိ ဖြစ်မိပါတယ်။ ယူတတ်ရင် အလွယ်တကူ ရနိုင်တဲ့ ပေါ့ပေါ့ပါးပါး ခရီးသွား ကုသိုလ်လေးကို အားလုံးပဲ ကျေနပ်နိုင်ပါစေ..။ အားလုံးကို လေးစားလျက်ပါ။

11 comments:

khin oo may said...

မတွေ.တာ ကြာပြီး ခရီးသွားနေတယ်ကြားတယ်။ ယူတတ်ကရ၏ ဆိုတဲ.စကားပုံလိုဘဲပေါ။

တားမြစ် ထားသော... said...

အင်း။
ကြည်နူးစရာ အဖြစ်အပျက်ပါ။ တစ်ခုတော့ရှိရဲ့ အဲဒီပတ်ဝန်းကျင်မှာရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တွေ စိတ်မှာဘယ်လိုခံစားလဲ သိချင်တယ်။

သုခမိန်(E-Journal)

သက်တန့် said...

အကိုရေ... ခရီးသွားရင်းလည်း ဒီလို ပေါ့ပေါ့ပါးပါး ကုသိုလ်မျိုးတွေ လုပ်လို့ ရကြောင်း မှတ်ယူသွားပါတယ်...
ရဟန်း သံဃာတွေတင်မကဘဲ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုလည်း ညှာတာ ထောက်ထားကြမယ်ဆိုရင် အတိုင်းထက် အလွန်ပဲပေါ့နော်...

- said...

အစ်ကိုသုခမိန်၊ ညီမလေးသက်တန့်-----
ရန်ကုန်လိုင်းကားလို ခဏတဖြုတ်စီးရတာ မဟုတ်ဘဲ၊ ခရီးဝေးသွားနေရာတာကြောင့် နေရာ ဖယ်မပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ သူတို့က ခရီးအစ-အဆုံး(လွိုင်ကော်-တောင်ကြီး) စီးကြတဲ့ ခရီးသည်တွေ ဖြစ်မယ်ထင်ပါတယ်။ လာဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။...

ဇနိ said...

ခရီးသွားရင်း အလှူလုပ်ရတာပေါ့ဗျာ..
တတ်နိုင်ရင် အဲသလိုအလှူလေးတွေလုပ်ရတာ ကောင်းပါတယ်

BLACK DREAM said...

ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာ ဘာညာဆိုပြီး အသားလွတ် အသားယူနေတတ်တဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် အရှက်ရစရာ..။ အတုယူစရာပေါ့ အစ်ကိုရေ..။ ဒါနဲ့ ပင်လောင်းဆိုတာ ကျွန်တော့် မိခင်တပ်ရင်း တည်ရှိတဲ့နေရာလေးပါ..။ ဖတ်ရင်း ရင်ထဲမှာတော်တော်လေးတောင် သတိရမိသွားတယ်...။ အားပေးလျှက် :)

လင်းဦး(စိတ်ပညာ) said...

ဟုတ်တယ်ဗျ... တကယ်တော့ ခရီးသွားကုသိုလ်လေးတော့ သွားရင်းလာရင်းနဲ့ ယူသင့်ပါတယ်

ရွှေပြည်သူ said...

သိပ်မှန်ပါတယ် မောင်လေးရေ... ကုလားကြီးရဲ့ ဒါနကိုလည်း သာဓုသုံးကြိမ်ခေါ်မိသလို လေးစားမိပါတယ်။ အတွေ့အကြုံနဲ့ အတုယူစရာတစ်ခုကို စာရေးကောင်းကောင်းနဲ့ ပြန်မျှဝေပေးတာ ကျေးဇူးတင်ပါတယ်...

တောင်ပေါ်သား said...

ဒီစာလေးကို ဖတ်ပြီး ရင်ထဲမှာ တစ်ခုခုကိုပီတိ ဖြစ်ရပါတယ်ဗျာ.. ဒီလို တခါတလေ မထင်မှတ်ပဲ ကုသိုလ်လုပ်လိုက်ခြင်းအားဖြင့် ကောင်းမူတွေအများကြီး ရမှာပါ..

မသက်ဇင် said...

ကောင်းလိုက်တဲ့ ကုသိုလ်လေးနော်--
မြန်မာလူမျိုးတွေ အတုယူသင့်ပါတယ်--
ခင်မင်လျက်
မသက်ဇင်

မစ်(စ်)သွန်းသွန်း said...

အင်း..ဖတ်ရတာ ကြက်သီးတောင်နည်းနည်းထသွားသလိုပဲ။ မျက်လုံးထဲ မြင်ယောင်လာတယ်။ မဆီမဆိုင် အသားလွတ် ကုလားဆိုမုန်းတယ် ဆိုတဲ့ ဗမာတွေကို ဒီပို့စ်လေးပေးဖတ်ချင်မိတယ်။