Thursday, September 4, 2008

သူမနဲ့ပတ်သက်သမျှ (၂)

သူမနဲ့ပတ်သက်သမျှ (၂)

ညဖက်တစ်ညလုံး အလုပ်လုပ်ပြီး နေ့ခင်းအိပ်မယ်လုပ်တော့ အချိန်ကမောက်ကမ ဖြစ်တာမို့ အိပ်မပျော်နိုင် ခဲ့ပါဘူး။ ဒါက တစ်ပိုင်းပါ။ သူငယ်ချင်းတွေနဲ့ ခွဲခွာလာခဲ့ရတဲ့ စိတ်ဖိစီးမှု၊ အွန်လိုင်းပေါ်က မိတ်ဆွေတွေကို နှုတ်မဆက်ဖြစ်ခဲ့တဲ့ သောက ဗျာပါဒတွေ ရင်ဝယ် သိမ်းထားတဲ့ ကျွန်တော့်အဖို့ နေ့ခင်းဘက် အိပ်ဖို့ အဆင်မပြေခဲ့ပါဘူး။ အထူးသဖြင့် ခဏလေးလောက် အချိန်ရရင် နှုတ်ဆက်ခဲ့ပါ၊ သွားမယ်ဆို ပြောဖြစ်အောင် ပြောခဲ့ပါ၊ (၂)မိနစ်လောက်ပဲ အချိန်ပေးပါ ဆိုတဲ့စကားတွေကို ပြန်ပြန်တွေးမိလေတိုင်း နောင်တရမဆုံးပါ။ အိပ်မရတဲ့ အဆုံးတော့ အော့ဖ်လိုင်း သမားမို့ ရေးချင်တာ၊ ပြောချင်တာတွေကို မှတ်စုထဲပဲ ရေးခြစ် ထားလိုက်မိတယ်။

အမှတ်ရတဲ့စိတ်နဲ့ တစ်ယောက်ထဲ ပုလဲတွေခပြီး အိပ်ရာခင်းနဲ့ အပြိုင် အသည်းတွေ ကြေမွနေတဲ့ ကျွန်တော်အဖို့ ကောင်းကောင်းအိပ်ဖို့ မလွယ်ခဲ့ပါဘူး။ မျက်တွင်း ဟောက်ပက်နဲ့ အသည်းနှလုံးတွေ ဂယောက်ဂယက် ဖြစ်အောင် လုပ်ခဲ့တဲ့သူကို စဉ်းစားခန်း ဝင်ရင်း အိပ်ပျော်ဖို့ရာ တွန်းအားဖြစ်လာတယ်။ နောက်ဆုံး ပင်ပန်းတဲ့ ဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖြစ်သွားတယ်။ အိပ်မက်လှလှ မက်ပါစေ လို့ သူ့ကိုနှုတ်ဆက် နေကျမို့ တူသော အကျိုးပေးမို့လား မသိ ကျွန်တော်လည်းပဲ အိပ်မက်လှလှ မက်ဖြစ်ခဲ့ပါတယ် .. .. .. .. ။

မမ ကို အိပ်မက်တယ် မမ၊ မမ က အိပ်မက်ထဲမှာ အရမ်းချောတာပဲ၊ အိနြေ္ဒလည်းရှိတယ်၊ အရမ်းလည်းပဲ ကြည့်လို့ ကောင်းတယ်။ ဒါပေမယ့် ကျွန်တော်က မမ ဆီသွားလို့ မရဘူး ဖြစ်တယ်။ ကျွန်တော်နဲ့ မမ အကြားမှာ အနီရောင် ကြိုးတစ်ချောင်းရယ်၊ အစိမ်းရောင် ကြိုးတစ်ချောင်းရယ်က ကန့်လန့်ဖြတ် တားဆီးနေကြတယ်။ အဝေးကနေ မမ မျက်နှာ ပြုံးနေပေမယ့် အဲဒီအပြုံးက ကျွန်တော့် အတွက် မဟုတ်ဘူးဆိုတာ သိနေသလိုပါပဲ။ ဘယ်လိုလဲ မမ ရယ် အိပ်မက်ထဲမှာတောင် ကျွန်တော်နဲ့ မမ နီးစပ်ဖို့ မဖြစ်နိုင်ဘူးတဲ့လား မမ ရယ် .. .. ။ အားမလို အားမရဖြစ်ပြီး မမ .. .. မမ လို့ အော်ခေါ်ရာကနေ အိပ်ယာက လန့်နိုးခဲ့ရတယ်။ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွဲရွှဲနစ်လို့ပါ။ ပြန်အိပ်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။

နေ့ခင်းဘက် အိပ်တဲ့ အိပ်မက်ကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မမ ကို ပြန်အမှတ်ရမိတယ်။ မမ တစ်ယောက် အိမ်ထောင်ပြုသွားပြီ ဆိုတဲ့ သတင်းသဲ့သဲ့ လေးပါပဲ။ လွန်ခဲ့တဲ့ အဖြစ်အပျက်တွေက အိပ်မက်ကြောင့် မနေ့တနေ့ ကလိုပဲ နီးနီးလေးခံစားရမိတယ်။

မြို့ထဲ စည်ကားတဲ့ နေရာရောက်ဖြစ်ရင် မမ နဲ့ တူတဲ့သူများ ပါလေသလားလို့ ယောင်ယမ်း လိုက်ကြည့်မိတာ အခါခါပါ။ ကျွန်တော် အဲလို ဝေဒနာ စွဲနေတာ ကြာပါပြီ မမ .. ။ ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို လေနှင်ရာ လွင့်ခဲ့တာလည်း အချိန်တွေ မနည်းတော့ပါဘူး။ ဆံပင်ရှည်ရှည် ကောင်မလေးတွေများ တွေ့ခဲ့ရင်၊ ထမီကို ခြေမျက်စိ ဖုံးအောင်ဝတ်တဲ့ ကောင်မလေးတွေကို တွေ့လိုက်ရင်၊ အပြုံးလဲ့လဲ့နဲ့ မျက်စောင်းထိုးတတ်တဲ့ မိန်းကလေးတွေကို မြင်လိုက်ရရင် ကျွန်တော် ရင်ခုန်နေဆဲပါ။ မမ များ ဖြစ်နေမလားလို့ စိုးထင့်တဲ့စိတ်နဲ့ပါ။

အချိန်ဆိုတာ အကောင်းဆုံးသော ကုထုံးနည်းတစ်ခုလို့ ပြောကြပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ဒဏ်ရာ ဒဏ်ချက်တွေဟာ ပါးလျပြီး အမာရွတ်လောက်ပဲ ကျန်ခဲ့ပါမယ်။ ဒီလို ကောင်းမွန်တဲ့ ဆေးဝါးတွေနဲ့ဆိုရင်တော့ အဲဒီအမာရွတ်တောင် သေးသေး မျှင်မျှင်လေးပဲ ထင်ကျန်နေတတ်ပါသေးတယ်။ ဒါပေမယ့်လည်း မမ ရယ်။ ပကတိ စင်းလုံးချော အသားအရေမျိုးတော့ ဘယ်ပြန်ဖြစ်ပါ့မလဲနော်။

မမ . . . . ရယ်။ ဆယ်စုနှစ် တစ်ခုလောက် ကြာခဲ့တဲ့ အချိန်တွေကို ပြန်ပြီး တမ်းတ မက်မောနေတာဟာ မှတ်ဥာဏ်က သိပ်ကောင်းလို့တော့ မဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသားက မရင့်ကျက်သေးလို့ ဖြစ်မှာပါ။ ဒါမှမဟုတ် ခံစားမှု အရှိန်အဟုန်ကပဲ ကောင်းလွန်းနေလို့ပဲလား တစ်ခုခုပါ။ ရှမ်းပြည်ရဲ့ ဆောင်းဦးဝင် ရာသီဥတု လေးက သွေ့ခြောက်နေပြီး လျှပ်တိုက်လာတဲ့လေကို တစ်ဝကြီးရှုရင်း စိမ်းရွှေရွှေ ရနံ့တစ်ခုကို ခံစားလိုက်မိတယ်။ မမ ရယ် လေထဲက ရနံ့တောင် စိမ်းနေမှတော့ ကျွန်တော်တို့ရဲ့ ပုံရိပ်တွေ၊ အသွင်သဏ္ဍာန်တွေကရော စိမ်းနေပြီလားပဲနော် .. စိုးရိမ်တယ် .. .. ။

ဗေဒင်က ဒါမျိုးဆိုရင် မှန်တတ်လိုက်တာဗျာ။ ကာလရှည် ဝေးကွာနေသူများနှင့် ပြန်ဆုံရတတ်သည် တဲ့ .. .. ။ ဒါ မင်္ဂလာတစ်ပါးပဲ မဟုတ်ဘူးလားလို့ မေးလာခဲ့ရင် နာကျင်တဲ့အပြုံးနဲ့ပဲ ရယ်ပွဲဖွဲ့လိုက်ချင်ပါတယ်။ သော့ခတ်ထားတဲ့ အတိတ်အိမ်တံခါးကို မပွင့်စေချင်ကာမှ ဇွတ်အတင်း တိုးဖွင့်ပစ်ခဲ့တဲ့ ကံကြမ္မာကို ရိုးမယ် မဖွဲ့တော့ပါဘူး။ တုန်လှုပ်နေတတ်ဆဲ ဖြစ်တဲ့ နှလုံးအိမ်ကို အံ့သြမှင်သက်စွာ ပြန်ကြည့်ရင်း မမ .. .. ရယ်။

ရွှေဘုံသာလမ်းထဲက ဂျေဒိုးနတ်ကို မရောက်ဖြစ်တာ ကြာပြီလေ။ လာစရာအကြောင်းကလဲ မရှိ။ တစ်ယောက်ထဲ ငေါင်စင်းစင်းကြီး မထိုင်ချင်ပေမယ့် မမ ကို အမှတ်ရစေမယ့် အတိတ်ပန်းချီကားလေးကို ပြန်အောင်းမေ့မိပြီး အခုတော့ ရောက်ခဲ့ပါပြီ။ စားသောက်နေသူတွေကို ဖြတ်ကျော်ရင်း လွတ်နေတဲ့ ခုန်ကို ၀င်အထိုင်မှာ ..

အို .. ဒီလိုမလုပ်နဲ့လေ သားရယ်။ သားဘောင်းဘီတွေ ပေကုန်မှာပေါ့ .. .. ။ ဆိုတဲ့ ရင်းနှီးခဲ့ဖူးတဲ့ အသံနေ အသံထား တစ်ခုကို ရင်နဲ့ ခံစားကြည့်မိတယ်။ ကျွမ်းဝင်နေတဲ့ လေသံမို့ မချင့်မရဲနဲ့ လှမ်းကြည့်လိုက်တဲ့အခါမှာ .. မမ .. မမ မှ မမ ရယ်ပါ။ ဘေးနားမှာလည်း ၄ နှစ် ၅ နှစ် အရွယ်ရှိတဲ့ ကလေးလေးတစ်ယောက် ကို ကြင်ကြင်နာနာ ယုယနေလေရဲ့။

မမ .. .. မင်္ဂလာပါ၊ နေကောင်းတယ်နော် .. ။

အသာအယာပဲ ခေါင်းငြိမ့်ပြလိုက်တဲ့ မမ ကိုကြည့်ရင်း မမ လို့ ခေါ်လိုက်တာများ မှားသွားလေရော့ သလား။ ခေါ်ကျင့်မရှိခဲ့တဲ့ နာမည် အရင်းကိုပဲ ခေါ်လိုက်ရကောင်းမလား။ တွေဝေ နေရင်းနဲ့ပဲ ကလေးလေးကို မိတ်ဆက် လိုက်မိတယ်။

မမ မင်းသတင်းတွေ စုံစမ်းကြည့်သေးတယ်ကွာ၊ ဘယ်လိုမှ စုံစမ်းလို့မရလို့ပါ .. .. ။

ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် မမ ၊ ကျွန်တော် နယ်ကို ရောက်နေလို့ပါ .. .. ။

ငါ့မောင်က အိမ်ထောင်ကျနေပြီလား .. .. ။

ခေါင်းကို ခါရမ်းရင်း .. ကျွန်တော် အိမ်ထောင်မပြုသေးပါဘူး မမ .. .. ရယ် .. .. ။

သြော် တွေ၊ ဟုတ်ကဲ့ တွေ နဲ့ ထပ်နေပြီး စကားလုံးအသစ်ကို ရှာမတွေ့ခဲ့ပါဘူး။ လေးလံတဲ့ စိတ်နဲ့ မမ မျက်နှာကိုကြည့်ရင်း စက္ကန့်လေးတွေ ရင်ခုန်သံ စည်းချက်လို ပိုပြီး မြန်ဆန်လာတယ်။ ကျွန်တော့် အမြင်တွေေ၀၀ါးလာပြီး မနက်က အိပ်မက်မက်ခဲ့တာ ပိုမိုပြီး ပြတ်သားလာ သလိုလို ခံစားမိတယ်။

အနီရောင်ကြိုးတစ်ချောင်းနဲ့ အစိမ်းရောင် ကြိုးတစ်ချောင်း .. ..
ကျွန်တော့်အတွက် မဟုတ်တဲ့ အပြုံးတစ်ခု .. ..
ကျွန်တော့အတွက် မဟုတ်တဲ့ နောက်ထပ် အပြုံးတစ်ခု .. ..

ကဲ သွားလိုက်ဦးမယ်နော့် မမ .. မောင် ..။ နောက်ကို လမ်းတွေ့လည်း ခေါ်ပါကွယ် .. .. တဲ့ ..။

ပြောပြောဆိုဆိုပဲ ဆိုင်ထဲက တစ်လှမ်းချင်းထွက်ခွာသွားတဲ့ မမ ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း နှုတ်က ဆွံ့အ နေမိပါတော့တယ်။ မမ ဘယ်မှာနေတယ်၊ မမ ဘာလုပ်နေတယ် ဆိုတဲ့ အချက်တွေက ကျွန်တော့် အတွက် မလိုအပ်တော့ပါဘူး။ မမ ရဲ့ ဦးနှောက်အတွေးထဲမှာ ကျွန်တော်ဟာ သေဆုံးနေပြီ ဖြစ်သလို ကျွန်တော့်ရဲ့ အိပ်မက်ထဲမှာလည်း မမ ဟာ မီးနီပြနေတဲ့ မီးပွိုင့်တစ်ခု ဖြစ်ခဲ့ပါပြီ .. ။

ဒါပေမယ့် မမ ရယ်၊ ခံစားတတ်တဲ့ နှလုံးသား အစုံဟာ မသေဆုံးသေးသရွေ့၊ မမ ကို ကျွန်တော် ရင်းရင်းနှီးနှီး အမှတ်ရနေမှာပါ .. .. ။
ဆံပင်ရှည်ရှည် မိန်းကလေးတွေများ တွေ့ခဲ့ရင် .. ..
ထမီကို ခြေမျက်စိ ဖုံးအောင်ဝတ်တဲ့ ကောင်မလေးတွေကို တွေ့ခဲ့ရင် .. ..
အပြုံးလဲ့လဲ့နဲ့ မျက်စောင်းထိုးတတ်တဲ့ မိန်းကလေးတွေကို တွေ့ခဲ့ရင် .. ..
မမ တစ်ယောက် အမှတ်နဲ့ ..
ကျွန်တော် ရင်ခုန်နေဆဲပါ ..
မမ ကို အမှတ်ရနေဆဲပါ ..
မမ ကို သတိရနေတတ်တာကိုတော့ ခွင့်လွတ်ပေးပါ မမ ရယ် .. .. ။


(၂၂-၈-၂၀၀၈၊ သောကြာနေ့၊ ပဲခူးမြို့)

No comments: