Thursday, January 29, 2009

တန်ပြန်သောက

တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက် ကြတဲ့အခါမှာ ၀င်းပတဲ့ အပြုံးမျက်နှာ၊ ချိုသာတဲ့ စကားသံနဲ့ "မင်္ဂလာနံနက်ခင်းပါ" "ကျန်းမာ ချမ်းသာကြပါစေ" ဆိုတဲ့ ပဋိသန္ဓာရ စကားတွေနဲ့ နေ့သစ်ကို စတင်ကြပါတယ်။ ကိုယ့်ရဲ့ အပူမီး၊ သောက ပရိဒေ၀မီးတောက် တွေကိုတော့ ဘယ်သူမှ မရိပ်မိအောင် ဖုံးကွယ် ထားကြတာ ဓမ္မတာပါ။ လောကကြီးထဲမှာ ပရိဒေ၀မီး မတောက်လောင် ခဲ့ဖူးသူ ရယ်လို့ ရှိမယ် မထင်ပါဘူး။ နည်းနည်းလောင် တာနဲ့ များများ တောက်လောင်တာပဲ ကွာခြားမှာပါ။ ကျွန်တော်တင်ပြ ချင်တာကတော့ ကြုံတွေ့လာတဲ့ သောကတွေကို ဘယ်လို ကျော်ဖြတ်သင့်တယ် ဆိုတာလေးပါ။

လူတွေဟာ မိမိတို့ ကြုံတွေ့နေရတဲ့ သောကအပူကိုသာ အကြီးမားဆုံး အပူမီးအဖြစ်နဲ့ ထင်မြင်ယူဆ တတ်ကြပါတယ်။ မိမိလျှောက်လှမ်း ရတဲ့ ဘ၀ခရီးလမ်းကို ဖြတ်သန်းရာမှာ ကြုံတွေ့ရတဲ့ ဒေါမနဿ၊ စိတ်ဖိစီးမှု (Stress)၊ ပူပင် ကြောင့်ကြမှု၊ စိတ်သောက များသည် လူတိုင်းခံစားရမြဲ သောကများ ဖြစ်ပါတယ်။ ထိုထိုသော သောကများ ဖိစီးနှိပ်စက်မှုဒဏ်ကို ခံနေရမယ် ဆိုရင် ထိုသောကဟာ မိမိ တစ်ဦး တစ်ယောက်ထဲကိုပဲ ရွေးဖြစ်တာ မဟုတ်ပါဘူး၊ လူသားတိုင်း နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတာပဲ လို့ ဆင်ခြင်နှလုံးသွင်းနိုင်ရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရနိုင်ပါတယ်။

"ယူတတ်ရင်ဆေး၊ မယူတတ်ရင်ဘေး" ဆိုတဲ့ စကားပုံရှိပါတယ်။ ဖြစ်တည်လာတဲ့ သောက (ဒါမှမဟုတ်) စိတ်ဖိစီးမှု အန္တရာယ်ကို အလေးထားပြီးတော့ အဲဒီသောကကိုပဲ မိမိအတွက် အကျိုးရှိအောင် ဘယ်လိုပြန်ပြီး အသုံးချရမယ် ဆိုတာကို လေ့လာသင့်ပါတယ်။ ပူပင်သောက လုံးဝမရှိဘဲနဲ့ လူဖြစ်ရတာတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် မိမိသောကကင်းစင်ရေး တစ်ခုထဲကိုပဲ ဦးတည်ပြီး အတ္တဆန်ဆန် အများရဲ့ အကျိုးကို လျစ်လျူရှုမယ်၊ သောကနည်းလွန်းပြီး မိမိအကျိုး၊ သူတစ်ပါးအကျိုး အတွက် စိုးရိမ်ပူပန်မှု မရှိဘူး၊ ကြုံရာနေ၊ ကျရာစားဘ၀နဲ့ ဘ၀ကို ပေါ့ပေါ့တန်တန် နေထိုင်သွားမယ် ဆိုရင် ထိုသူအတွက် ကောင်းကောင်းကြီး ကို ပျက်စီးစေပါတယ်။ တစ်ကိုယ်ကောင်း သမားအဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဖြစ်တည်လာတဲ့ သောကတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပြီး သောကဝေဒနာနဲ့ အသားကျစွာ နေထိုင်တတ်မယ် ဆိုရင် ထိုသူရဲ့ ဘ၀ဟာ အညွှန့်တလူလူနဲ့ ရှင်သန် တိုးတက် လာမှာ ဖြစ်ပါတယ်။

လောကမှာ လူအချို့ဟာ မိမိက မပြောင်းလဲနိုင်တဲ့၊ မပြုပြင်နိုင်တဲ့ ကိစ္စရပ်တွေအတွက် ပူပင်သောက ရောက်နေတတ်ကြ ပါတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ဟာ တားဆီးပစ်ဖို့၊ ပြုပြင် ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တဲ့ သဘာဝ နိယာမ တရားတွေ ဖြစ်ပါတယ်။ အဲဒီ ရှောင်လွဲမရနိုင်တဲ့ ကိစ္စတွေအတွက် သောကရောက် နေမယ့်အစား မအိုခင်၊ မနာခင်၊ မသေခင် အချိန်ကလေးမှာ အတ္တ နဲ့ ပရ ညီမျှတဲ့ အကျိုးကိစ္စများကို ဆောင်ရွက်ပေးခြင်းက လောကီ လောကုတ္တရာ အတွက် အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ မိမိတတ်နိုင်၊ စွမ်းဆောင်နိုင်တဲ့ ကိစ္စရပ်တွေအတွက် ပူပင်ခြင်းဟာ အကြောင်းမဟုတ်ပါဘူး။ မိမိ တတ်နိုင်သလောက် ကူညီ ဖြေရှင်းပေးခြင်း အားဖြင့် အများရဲ့ ချစ်ခင် လေးစားမှု၊ အားကိုး ယုံကြည်မှုတို့ကို ခံယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘဘာဝ ဘေးအန္တရာယ်ဆိုးတွေနဲ့ ကံကြမ္မာဆိုး တွေကသာ မိမိ မမြင်စွမ်းနိုင်သော၊ မဖြေရှင်းနိုင်သော သောက တိုးပွားစေတဲ့ အခြေခံ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီကိစ္စရပ်တွေကို မျက်နှာလွဲထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အဓိကကတော့ သောကကို အကောင်းမြင် ရှုထောင့်ကနေ ကြည့်မြင်တတ်ဖို့ ဖြစ်ပါတယ်။ ရှိသင့်သည်ထက် ပိုလွန်တဲ့ သောကမီးကြောင့် စိတ်ဒုက္ခ ကြီးမားစွာနဲ့ ဘ၀ခရီးကို လျှောက်လှမ်းနေသူ တစ်ဦး မဖြစ်သင့်ပါဘူး။ ယထာဘူတကျတဲ့ အမြင်နဲ့ ဆင်ခြင်ပိုင်းခြားပြီး ဖြစ်သင့်တဲ့ ကိစ္စတွေမှာ ရှိသင့်တဲ့ သောကကို အရင်းပြုပြီး အကျိုးရှိရှိ အသုံးချတတ်ကြပါလို့ တင်ပြချင်ပါတယ်။ အားလုံးကိုပဲ သောက ကင်းဝေးစေချင်ပါတယ်။ သောက ကင်းဝေးနိုင်ကြပါစေ။


Wednesday, January 28, 2009

Epinions Top 10

ပစ္စည်းအသစ်အဆန်း ပေါ်တိုင်း ၀ယ်ယူ သုံးစွဲတတ်သူ အိမ်ရှင်မတွေ အတွက် အကောင်းဆုံး ပစ္စည်းတွေရဲ့ Top 10 ကို ဖော်ပြပေးထားတဲ့ ၀က်ဘ်ဆိုက်လေး တစ်ခုကို မျှဝေပေး ချင်ပါတယ်။ ဘယ်ပစ္စည်းက သုံးရတာ အကောင်းဆုံး ဖြစ်တယ်။ ဘယ်ပစ္စည်း ကတော့ ဘယ်လို ဘယ်ချမ်းသာ မကောင်းဘူးဆိုတဲ့ အတွေ့အကြုံတွေ၊ သတင်းအချက် အလက်တွေကို စုစည်း ဖော်ပြထားတဲ့ ၀က်ဘ်ဆိုက်လေးပါ။ လျှပ်စစ်ပစ္စည်းနဲ့ Digital ထုတ်ကုန်များ ဖြစ်တဲ့ ကင်မရာကစလို့  DVD, PDAs, Monitor, Printers, Car Stereos, Microwaves, Flat Panel TVs, GPS Devices တွေအဆုံး ထိပ်တန်းဝင် ပစ္စည်းတွေကို ဖော်ပြပေးထားပါတယ်။ ပစ္စည်းတစ်ခု ၀ယ်ယူသုံးစွဲ တော့မယ် ဆိုရင် ဒီဝက်ဘ်ဆိုက်လေးကို မသွားကြည့်ဘဲနဲ့ အလျင်စလို ဆုံးဖြတ်ချက်ချ မစောလိုက်ပါနဲ့။ မိမိဝယ်လိုတဲ့ ပစ္စည်းနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေ၊ အတွေ့အကြုံတွေ သိရှိနိုင်တဲ့အပြင် ဘယ်ဆိုင်က ဘယ်ဈေး ဆိုတာကိုပါ နှိုင်းယှဉ်ဖော်ပြထားတာ တွေ့ရှိရပါတယ်။ လိပ်စာကတော့ www.epinions.com ပဲဖြစ်ပါတယ်။

Tuesday, January 27, 2009

Danica Patrick


တနင်္ဂနွေနေ့က ဆံသဆိုင်သွားပြီး ဆံပင်ညှပ်တယ်။ ချော်တွင်းကုန်း လမ်းဆုံမှာပါ။ ဆံပင်လာညှပ်တဲ့ ဧည့်သည်ကများတော့ အလှည့်ကျ စောင့်ရတယ်။ ကိုယ့်ရှေ့မှာ ၅ ယောက်ရှိတယ် ကိုယ်က နံပါတ် ၆ ပေါ့။ ညှပ်သမားက ၃ ယောက်ဆိုတော့ စောင့်ရတာ ကြာမယ်မထင် ပါဘူး။ ဒါနဲ့ ဆိုင်က ဖတ်ဖို့ ချထားပေးတဲ့ ဂျာနယ်တွေ ထိုင်ဖတ်ဖြစ်တယ်။ အားကစား ဂျာနယ်က အများဆုံးပါ။ ဖတ်ပြီးသား အဟောင်းတွေပဲ ဆိုတော့ တစ်ခြား စိတ်ဝင်စားစရာ ဖတ်စရာ ဂျာနယ်တွေကို မျက်စိရှာမိတယ်။ ဒါနဲ့ ဆိုင်ထောင့်မှာ ပုံထားတဲ့ ဂျာနယ်တွေဆီ မျက်စိ ရောက်သွားတယ်။ အဟောင်းပုံထဲက ဂျာနယ်တွေ ဖွတယ်။ အဟောင်းပုံကို မွှေတာ လုပ်နေကြ အလုပ်မို့ပါ။ ဒါကို ဆိုင်ရှင်က ကျွန်တော့်ကိုကြည့်ပြီး နှာခေါင်းရှုံ့တယ်။ " အမှိုက်ပဲ " ဆိုတဲ့ သဘောပါ။ မိန်းကလေးတွေ ညှပ်တဲ့ဆိုင်ကို သွားဖြစ်ရင် ဂျာနယ်တွေ ဖတ်ဖြစ်မှာ မဟုတ်ပါဘူး။ ကြည့်စရာ ရှုစရာတွေက အများသားမို့ပါ။ ညှပ်ပေးလိုက်၊ လျှော်ပေးလိုက်၊ မှုတ်ပေးလိုက်နဲ့ ဆိုတော့ တစ်နေကုန် ဆိုင်ကနေ ပြန်ဖြစ်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် အန်တီလေးက အသေအချာ မှာလိုက်တယ်။ "ကောင်မလေးဆိုင်ကို လုံးဝ မသွားညှပ်ရ" တဲ့။

ဂျာနယ်တွေထဲမှာ ၀န်ကြီးဌာနတစ်ခုက ထုတ်တဲ့ ကနောင်ဂျာနယ် ဆိုတာရွေးခဲ့တယ်။ ဂျာနယ်ထဲက ပြည်ပအနုပညာ ဆိုတဲ့ ကဏ္ဍအောက်က စာလေးတစ်ပုဒ်ကို စိတ်ဝင်စားသွားတယ်။ အကြမ်းဖျဉ်း ၃ ခေါက်လောက်ဖတ်ပြီး ဇာတ်လိုက်မင်းသမီး နာမည်ကို အလွတ်ကျက် လာလိုက်တယ်။ ခုရေးတဲ့ ပို့စ်ရဲ့မင်းသမီးက အရပ် ၅ ပေ ၂ လက်မ၊ အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ Danica Patrick ဖြစ်တယ်။ အမျိုးသမီး ပြိုင်ကားမောင်း ချန်ပီယံ တစ်ယောက်ပါ။ အမျိုးသမီး တွေချည်းပြိုင်တဲ့ ကားမောင်းပြိုင်ပွဲ မဟုတ်ပါဘူး။ အမျိုးသား ပြိုင်ဖက်တွေ ကြားထဲမှာ ၀င်ပြိုင်နေတဲ့ မိန်းကလေး တစ်ယောက်ပါ။ သူမ အကြောင်းကို Sport Channel တွေမှာ ခဏခဏ မြင်ဖူးပေမယ့် အမှတ်တမဲ့ပါပဲ။ ခုတော့ တိုက်ဆိုင်တာနဲ့ ပို့စ်တင်ဖို့ စိတ်ကူးရလာပါတယ်။

သူတို့အနောက်နိုင်ငံမှာ ယောက်ျားတွေနဲ့ အပြိုင် ရင်ပေါင်တန်းနိုင်တယ် ဆိုတာကို ဒီကောင်မလေးက ခိုင်ခိုင်မာမာ သက်သေ ထူပြထားပါတယ်။ သူတို့ဆီမှာ နာမည်ကြီး ကားပြိုင်ပွဲ တစ်မျိုးဖြစ်တဲ့ Indy Car Series ပြိုင်ပွဲဟာ Speed မြန်နှုန်းမြင့်ပြီး ထိန်းသိမ်းရခက်ခဲတဲ့ 1500 cc ပြိုင်ကားတွေနဲ့ ပြိုင်ပွဲဝင်ရတဲ့ ပြိုင်ပွဲ အမျိုးအစား ဖြစ်ပါတယ်။ ကျွန်တော့် အိပ်မက် ကားပြိုင်ပွဲတွေပေါ့ဗျာ။ ဒီလိုပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင် ယောက်ျားတွေ တောင်ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတာပါ။ ဒါကို သူမက ၂ ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ Danica Patrick ဟာ ကားမောင်းပြိုင်ပွဲမှာ စိတ်ဓာတ်ကြံ့ခိုင်ယုံ တင်မကပါဘူး။ ရူပါကလည်း လူတကာငေးလောက် အောင်ကို လှပကျော့ရှင်း လှပါတယ်။ (အွန်လိုင်းပေါ်တွင် သူမ ပုံများ ကြည့်ရှုနိုင်ပါတယ်) သူ့ရဲ့ ဖြူးလွန်းတဲ့ ရူပကာကြောင့် " ၀ါနာဘရားသား " ရုပ်ရှင်ကုမ္ပဏီ နဲ့ရုပ်ရှင် ကားကြီးတွေ ရိုက်ဖို့ ပြင်ဆင်နေတာကို သိရပါတယ်။ ခုတော့ မထွက်သေးပါဘူး။ မကြာမီ လာမည် မျှော်ပေါ့ဗျာ။ သူမအကြောင်းကို ဆက်ဖတ်ချင် သေးတယ် ဆိုရင်တော့ ဒီကသွားကြည့် နိုင်ပါတယ်။
http://www.freewebs.com/allentown98/danicapatrick.htm
http://www.people.com/people/article/0,,20193274,00.html
http://www.starpulse.com/Athletes/Patrick,_Danica/Biography

Sunday, January 25, 2009

မရေရာမှု

နှစ်ကိုယ်တူ
လျှောက်ခဲ့ဖူးတဲ့
လမ်းကျဉ်းထဲရောက်ရင်
မင်း .. ရှိလေမလားလို့
စောင်းငဲ့ကြည့်မိတယ် .. ။

နှစ်ကိုယ်တူ
ထိုင်ခဲ့ဖူးတဲ့
ခုံတန်းလေးကိုတွေ့ရင်
မင်း .. ရောက်နေမလားလို့
မျက်စိရှာကြည့်မိတယ် .. ။

ချစ်သူရယ် ..
ငါ့ရဲ့ လွမ်းဆွတ်မှုတွေအတွက်
ကြယ်ကြွေချိန် ခဏလေးမှာ
တောင်းဆု ပြုလို့ရခဲ့ရင်လေ
မင်းလေး .. .. ငါ့ရင်ခွင်ကို
မနှေး အမြန် အရောက်ပြန်လာဖို့
တောင်းဆု ချွေမိမှာပါ .. .. ။

Charles Robert Darwin (1809-1882)

www.darwin-online.org.uk
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဆိုရင် သမိုင်းမှာ အထင်ရှားဆုံး သိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ ချားလ်စ်ဒါဝင်ရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။ အမှတ်ရနေစေဖို့ တင်ပြလိုက်ပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ စာပေပေါင်းချုပ်ကို အွန်လိုင်းပေါ်မှာ ဖတ်ရှု လေ့လာနိုင် ပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ အွန်လိုင်း ပရောဂျက်ကို ကိန်းဘရစ် တက္ကသိုလ်က ဆောင်ရွက်ခဲ့ပါတယ်။ မူရင်း စာမျက်နှာပေါင်း ၅၀၀၀၀ နဲ့ ရုပ်ပုံပေါင်း ၄၀၀၀၀ တို့ကို Digital format ပြောင်းပြီး အားလုံးကို အင်တာနက် ပေါ်မှာ ဖတ်ရှုနိုင် ပါတယ်။ ဘ၀ဆင့်ကဲ ပြောင်းလဲပုံနဲ့ စပ်လျဉ်းတဲ့ ဒါဝင်ရဲ့ သီအိုရီနဲ့ ဒါဝင်အကြောင်း စိတ်ဝင်စားသူတိုင်း လေ့လာနိုင်ပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ ဝက်ဘ်ဆိုက်ကို သမိုင်းပညာရှင် Dr. Van Wyhe က လေးနှစ်ကြာ ကမ္ဘာပတ်ပြီး ဒါဝင်ရဲ့ ကိုယ်ပိုင် စာမူပွားများနဲ့ သူ့ရဲ့ အတွေးအခေါ်နဲ့ သူ့အကြောင်း ရေးသားထားတဲ့ စာပေများကို ရှာဖွေခဲ့ပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ ဝက်ဘ်ဆိုက်မှာ ယင်းပညာရှင်ကြီးကိုယ်တိုင် ရေးတဲ့ တစ်ခါမျှထုတ်ဝေရခြင်း မရှိသေးတဲ့ စာမူများလည်း ဖော်ပြပေးထား ပါတယ်။ ဂျာမန်၊ ဒိန်းမတ်နဲ့ ရုရှာဘာသာပြန် များကိုလည်း တွေ့ရှိရပါတယ်။ ချားလ်စ်ဒါဝင်ရဲ့ အွန်လိုင်းလိပ်စာကတော့ www.darwin-online.org.uk ဖြစ်ပါတယ်။

darwin-online.org.uk

Friday, January 23, 2009

မှားမိတယ် .. ကျေနပ်နိုင်ပါစေ



နယ်မှာနေတုန်းက ဆိုရင် မြို့တစ်ဝက် ကျော်လောက်က ကွန်တော် ဘယ်မှာနေတယ်၊ ဘယ်အိမ်က ဘယ်သူ့ရဲ့သား၊ ဘာအားကစား လုပ်ပြီး ဘာအလုပ်အကိုင် လုပ်တယ် ကအစ သိကြတယ်။ အဆုံးစွန် ပြောရရင် လမ်းထိပ်ကွမ်းယာဆိုင်က ခွေးပါပီလေးကို ၀င်းဇော်လို့ ပြောလိုက်ရင် အမြီးတနှံ့နှံ့နဲ့ ကျွန်တော့် အိမ်ကို တန်းတန်းမတ်မတ် လိုက်ပြပေးမှာပါ။ (ဘာလို့လဲ ဆိုတော့ အဲဒီ ခွေးပါပီကို အမြဲလော်လီပေါ့(တ်) ကျွေးနေကျမို့ပါ)။ ရန်ကုန်ကို ပြောင်းလာတာ ကြာခဲ့ပေမယ့် အရှေ့(၇)အိမ်၊ အနောက်(၇)အိမ် မရင်းနှီး ဖြစ်ပါဘူး။ မျက်နှာချင်း တန်းနေမိပေမယ့် မိတ်ဆွေအဖြစ်နဲ့ မခင်ဖြစ်ခဲ့ကြတာပါ။ အကြမ်းဖျဉ်း အားဖြင့်တော့ ဒီကောင်မလေးကတော့ တိုက်(-)က၊ ဒီကောင်လေးက ခြံ(-)က ဆိုတာလောက်တော့ သိပါတယ်။ ဒါကတော့ အပြင် လက်တွေ့ဘ၀က ကျွန်တော်ရဲ့ မရင့်ကျက်တဲ့ ပေါင်းသင်း ဆက်ဆံရေး အပိုင်းလေးပါ။

နက်ပေါ်မှာကျတော့ ခင်မင်မိတဲ့ မိတ်ဆွေတွေ အားလုံးအားလုံးကို တစ်ပြေးညီ ရင်းနှီးမိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်မြင်ရင်းနှီးခွင့် မရခဲ့ပေမယ့်လည်း ရင်မှရေးတဲ့ စာတွေ၊ ဖွဲ့သီတဲ့ ကဗျာတွေကို ဖတ်ရင်းနဲ့ စိတ်ထဲစွဲစွဲထင်ထင် ခင်မင်ဖြစ်ခဲ့ပါတယ်။ တင်ပြတဲ့ အကြောင်းအရာတွေ မတူညီပေမယ့် အားလုံးက တစ်စုံတစ်ယောက်ကို သိစေချင်၊ ဖတ်စေချင်တဲ့ ဆန္ဒတော့ ရှိကြမယ်လို့ ထင်မိပါတယ်။ ဒီအထဲမှာမှ ထူးထူးခြားခြား ဘလောဂ့်တစ်ခုမှာ ရည်ရွယ်သူ တစ်ဦးတည်း (တစ်ဦးတည်း) အတွက်ကိုပဲ တစ်စိုက်မတ်မတ် ရေးတဲ့ အိမ်လေးကို ရောက်သွားဖြစ်ခဲ့ပါတယ်။ စာတွေဖြစ်စေ၊ ကဗျာတွေ ဖြစ်စေ သက်ဆိုင်သူ အတွက်သာ ဖြစ်တာကို သိရှိရပါတယ်။ ရေးသမျှ စာတွေ ကဗျာတွေက ညက်ညော ကောင်းမွန်လွန်းတာမို့ မကြာမကြာ သွားဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်ဖြစ်သမျှ စာတွေ၊ ကဗျာတွေထဲမှာ စာရေးသူ ၀မ်းနည်းနေမယ် ထင်ရင် အားရှိအောင် အားပေးမိပါတယ်။ စာရေးသူ ပျော်နေတာတွေ့ရင် အပျော်တွေကို မျှယူ ပျော်မိပါတယ်။ ရိုးရှင်းလွန်းတဲ့ ရိုးရိုးရှင်းရှင်း ဆက်နွယ်မှုရယ်ပါ။

တစ်နေ့ကပါ။ ဖော်ပြခဲ့တဲ့ စာရေးသူရဲ့ ချစ်ရသူ တစ်ဦးတည်းအပေါ် တစ်သီးပုဂ္ဂလ ခံစားချက် သန့်သန့်လေးကို မဆီမဆိုင် ကြားကနေ ကျွန်တော်က ၀င်ပြီး ခါးနာမိခဲ့တဲ့အတွက် အဝေးကနေ့ ခဲနဲ့လှမ်း အထုခံရသလို ခံစားလိုက်ရပါတယ်။ စာရေးသူရဲ့ အတတ်ပညာကို လေးစားပါတယ်။ လုပ်တဲ့ အလုပ်အကိုင် အပေါ်မှာလည်း လေးစားပါတယ်။ ရေးဖွဲ့လေသမျှ စာတွေ ကဗျာတွေကိုလည်း လေးစားပါတယ် လို့ ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ မရင့်ကျက်တဲ့ အမြင်အတွက်၊ သေးသိမ်တဲ့ စိတ်ထား အတွက်နဲ့ (စာရေးသူအစ်မ တစ်ယောက်) စိတ်မကွက်စေချင်တာ အမှန်ပါ။ နစ်နာစေလိုတဲ့ ဆန္ဒအလျဉ်း မရှိခဲ့တာကြောင့် ခွင့်လွှတ် နားလည်ပေးဖို့ တောင်းပန်ပါတယ်။ (စာရေးသူအစ်မ) သိသည် ဖြစ်စေ၊ မသိချင်သည်ဖြစ်စေ ကျွန်တော့်ရဲ့ အပြုအမူအတွက် အနူးအညွတ် တောင်းပန်ပါရစေ။ ကျွန်တော်နားလည် ထားတဲ့ လူမှုဆက်ဆံရေး ချို့ယွင်းမှုကို ကျွန်တော်ကပဲ ပြုပြင်ယူပါ့မယ်လို့ ကတိပေးပါတယ်။ အစ်မရေ .. .. .. ကျေနပ်နိုင်ပါစေ။

Thursday, January 22, 2009

မမေ့နိုင်တဲ့ တမ်းချင်း



တစ်ကြိမ်ထဲ မကတော့ဘူး

မကြာ မကြာ ဒဏ်ရာတွေ ဗလပွနဲ့ ငါ့အသည်း

မနာဘဲ ဘယ်နေမလဲနော် .. ..




ဒါပေမဲ့လည်း


ရင်းနေတဲ့ ဒဏ်ရာလေး


အနာကျက်မြန်မှာစိုးလို့


ဒဏ်ရာတွေ ပေးပေးတတ်တဲ့ မင်းလေးကို


ပိုပိုပြီး အမှတ်ရနေမိတယ် .. .. ။



Wednesday, January 21, 2009

လိမ်းကာ ခြယ်သ နေ့စဉ်ဘဝ



ချော်တွင်းကုန်း ပါရမီဂုံးကျော် တံတားနဲ့ မနီးမဝေး အိမ်လေးမှာ ကောင်မလေး တစ်ယောက်ရဲ့ မွေးနေ့ကို ရောက်ခဲ့တယ်။ ကောင်မလေး ဆိုပေမယ့် ၉ တန်းကျောင်းသူ လေးတစ်ယောက်ပါ။ ရင်းနှီးတဲ့ လုပ်ငန်းတူ မိတ်ဆွေ တစ်ယောက်ရဲ့ သမီးလေး ဖြစ်ပါတယ်။ ရောက်တာ စောတာပဲလား၊ နောက်ကျလို့ပဲလား တော့မသိဘူး။ လူတော့ရှင်းတယ်။ အဆင့်မြင့် အုန်းနို့ခေါက်ဆွဲနဲ့ ဧည့်ခံပါတယ်။ စိတ်ကြိုက် ထည့်စားနိုင်အောင် စီစဉ်ပေးတယ်။ အဆီနဲ့ အုန်းနို့များလို့ သိပ်မစားနိုင်ပါဘူး။ ၃ ပန်းကန် စားပြီးတာနဲ့ ရပ်ထားလိုက်တယ်။ စားသောက်ပြီးတော့ အိမ်ကဒေါ်လေးတွေ စီမံပေးလိုက်တဲ့ မွေးနေ့ လက်ဆောင်ဘူးကို မွေးနေ့ရှင် ကလေးမလေးကို ပေးလိုက်တယ်။ သူကလည်း ကျွန်တော့်ရှေ့တင် လက်ဆောင်ပစ္စည်းကို ဖောက်ပြီးကြည့်တယ်။ ဘာများလက်ဆောင် ရသလဲပေါ့။ လက်ဆောင် အဖြစ်နဲ့ အလှပြင်ပစ္စည်း set ကလေး ဖြစ်တယ်။ စုစုပေါင်း အလှပြင်ပစ္စည်း အမယ် ၈ မျိုးပါတယ်။ နာမည်ကြီး တံဆိပ်တွေ ဖြစ်တယ်။ တန်ဖိုးက ၃၂၀၀၀ိ တဲ့။ ကျွန်တော်တောင် မျက်ခုံးလှုပ်သွားတယ်။ (နှမြောတာ အဟီး၊ ဒါတောင် ကိုယ်တိုင် ၀ယ်ပေးရတာ မဟုတ်ဘူး၊ တွန့်တိုတတ်တဲ့ ဒီလို ဒီအကြောင်းကြောင့် လွတ်သွားတဲ့ ငါးကြီးတွေ မနည်းတော့ဘူး)။
မွေးနေ့အိမ်ကအပြန် သူငယ်ချင်းက အဆွယ်ကောင်းတာနဲ့ပဲ တာမွေပလာဇာကို လိုက်လာဖြစ်တယ်။ သူငယ်ချင်းက အပျော်တမ်း ဂျာနယ်လစ်ပါ။ သတင်းယူပေးတယ်။ သူ့နာမည်နဲ့တော့ ဂျာနယ်ပေါ် ပြန်ပါမလာပါဘူး။ တစ်မျိုးတော့ တစ်မျိုးကြီးပါ။ သူ့ဝါသနာနဲ့ သူမို့ မတိုက်တွန်းခဲ့ သလို၊ တားမြစ်ခဲ့ခြင်းလဲ မလုပ်ခဲ့ပါဘူး။ သူ့ယုံကြည်ချက်နဲ့ သူမို့ သူ့ဖန်တီးမှုကို သူဂုဏ်ယူရှာပါတယ်။ လွယ်လွယ်ပြောရရင် ရှယ်ဒိုး သတင်းကောက်သမား ပေါ့နော်။ အချက်အလက် တွေစုဆောင်း ပေးရတယ်။ သူ့ data ကနေပြီးတော့ ဆရာကြီးတွေက ဆောင်းပါးရေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျာနယ်မှာ ကိုယ်တိုင် မရေးတာကတော့ သူ့ဆောင်းပါဆို အပယ်ခံရလို့တဲ့လေ။ စိတ်မကောင်းစရာပါ။ (အနော်တို့ ဘလောဂ့်မှာလည်း စာမူစိစစ်တဲ့ အယ်ဒီတာ ရှိခဲ့ရင် ကျွန်တော့်ပို့စ်တွေ တစ်ပုဒ်မှ ဘလောဂ့်ပေါ် တင်ကျန်မှာ မဟုတ်ဘူး ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ စာအရေးအသား ညံ့လို့လေ) ကနေ့လည်း သတင်းကောက်ဖို့ တာမွေပလာဇာကို ရောက်လာတာပါ။ သူ့ဒီဇိုင်းက ဘေးလွတ်အိတ် တစ်လုံးလွယ်လျက် နဲ့ပါ။ လွတ်အိတ်ထဲမှာ အဆင့်မနိမ့်တဲ့ အသံဖမ်းကိရိယာ၊ ကင်မရာ၊ mp3၊ mp4၊ notebook အသေးလေး၊ card reader ၊ battery စုံလို့ပါပဲ။ ကနေ့ သတင်းကောက်တဲ့ ခေါင်းစဉ်က ကိုယ့်ဝင်ငွေထဲကနေ အလှကုန် ပစ္စည်းကို ၀ယ်ယူသုံးစွဲမှု အချိုးအစားကို ကောက်ယူတာပါ။ စိတ်ဝင်စားစရာမို့ သူ့နောက်ကို တကောက်ကောက်နဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လာမိတယ်။ အသိတွေနဲ့ မတွေ့ပါစေနဲ့လို့လည်း စိတ်ထဲ ကြိတ်ဆုတောင်း နေမိတယ်။

မြို့ပြ လူနေမှုပုံစံရဲ့ တိုးတက် ပြောင်းလဲလာမှုကြောင့် ငွေကြေး သုံးစွဲရာမှာ အရင်ကနဲ့ မတူတော့ဘဲ လိုက်လံ ပြောင်းလဲ လာပါတယ်။ လူငယ်တွေဟာ အလှကုန် ပစ္စည်းအတွက်နဲ့ ငွေကြေးတွေ ပိုမိုသုံးစွဲ လာတာကို တွေ့ရတယ်။ ကနေ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ သူတွေကတော့ လုပ်ငန်းခွင်ထဲက အသက် ၁၆ နှစ်ကနေ ၃၅ အတွင်း၊ ပညာ အရည်အချင်း ကတော့ ၈ တန်းအောင်ကနေ ဘွဲ့ရတွေအထိ ပါဝင်တဲ့ လူငယ် လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသမီးလေးတွေဟာ မိမိဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေက မိမိဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ သုံးစွဲကြတာကို သိရပါတယ်။ မိန်းကလေးတွေ အသုံးပြုကြတဲ့ အခြေခံ အလှကုန် ပစ္စည်းတွေ ကတော့ သနပ်ခါးခဲ (ဗူး)၊ မိတ်ကပ်အခဲ၊ မိတ်ကပ်အရည်၊ လိုင်နာ၊ စနိုး၊ အသားလိမ်း အလှဆီ၊ ကိုယ်လိမ်းပေါင်ဒါ၊ ရေမွှေး၊ roll-on ဂျိုင်းနံ့ပျောက်ဆေး၊ နှုတ်ခမ်းနီ၊ ဟဲကုတ်၊ လက်သည်းနီ ဆိုးဆေး၊ ဖျက်ဆေး၊ ဆံပင်သန်ဆေးလုံး၊ shampo စုံလို့ပါပဲ။ အမျိုးသားတွေကျတော့ ခေါင်းလိမ်းဆီ၊ ဂျယ်လီ၊ အသားဖြူ cream၊ snow ၊ ရေမွေး၊ roll-on ၊ မျက်နှာသုတ် soft tissue paper စုံအောင်ကို သုံးကြတယ်လို့ သိရပါတယ်။


အိမ်ပြင်တစ်ခါ ထွက်ဖို့ အတွက် အချိန်လုံလုံ လောက်လောက်နဲ့ အလှပြင် ထွက်ကြတာ များပါတယ်။ ဒီအထဲကမှ အလှပြင် ပစ္စည်း တစ်မျိုးတစ်လေ (သနပ်ခါး တစ်မျိုးတည်း) သုံးသူတွေလည်း တွေ့ရပါတယ်။ ယောက်ျားလေးထဲမှာ ဘာအလှကုန် မှ မသုံးဖြစ်တဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ (ပင်ကိုယ်အလှ လေပဲလား၊ အချိန်မရလို့ လေပဲလား)။ မေးမြန်းသမျှကို ဖော်ဖော်ရွေရွေ နဲ့ ပျော်ပျော်ရွှင်ရွှင် ဟာသနှောနှောပြီး ဖြေသွားကြတာမို့ ပျော်စရာ ကောင်းပါသေးတယ်။ ဓာတ်ပုံရိုက်မယ် ဆိုတော့လည်း စတိုင်လ် အပြည့်နဲ့ တပျော်တပါးကြီး လျောလျောရှူရှူ အရိုက်ခံကြပါတယ်။ (ဓာတ်ပုံကိုတော့ ခွင့်ပြုချက်မရလို့ မတင်တော့ပါဘူး။) လူငယ်တွေရဲ့ အလုပ်ခွင်မှာ ပျော်ပျော်ပါးပါး အလုပ်လုပ် နေကြတာကိုလည်း အားကျခဲ့မိပါတယ်။ ကဲ သူငယ်ချင်းရေ မင်း data တွေကို ယူပြီး ငါလည်း ပို့စ်တစ်ပုဒ် ရေးလိုက်ပါပြီ။ မြို့ပြ ခေတ်လူငယ် များရဲ့ အလှကုန် ပစ္စည်းသုံးစွဲမှု နေ့စဉ်ဘ၀ ဖြစ်စဉ်လေးကို ဖတ်ပေးလို့ ကျေးဇူးပါ။

SDL Free Translation

ဘာသာစကား အမြောက်အမြားကို ပြောင်းလဲ ဖတ်ရှု နိုင်တဲ့ Translator  ၀က်ဘ်ဆိုက် တစ်ခုကို မျှဝေ ပေးချင်ပါတယ်။ မူရင်း အင်္ဂလိပ်ဘာသာ ကနေ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဒတ်ခ်ျ၊ ပေါ်တူဂီ၊  ရုရှား၊ နော်ဝေနဲ့ ဂျပန် ဘာသာ ၉ မျိုးကို ပြောင်းလဲ ပေးနိုင်ပါတယ်။ ထူးခြားတာကတော့ တရုတ်ဘာသာကို တော့ဖြင့် ပြောင်းလဲမပေးနိုင်ပါဘူး။ မိမိသိလိုသော ဘာသာစကားကို ပြန်ဆိုဖို့ Text Translator ကို အသုံးပြုနိုင်တဲ့ အပြင် ဖတ်လိုတဲ့ ၀က်ဘ်ဆိုက် တစ်ခုလုံးအတွက် ဘာသာပြန် ပေးမယ့် Web Translator လည်း ပါဝင်ပါတယ်။ Web Translator လုပ်ဆောင်ရန် အတွက် ၀က်ဘ်ဆိုက်ရဲ့ လိပ်စာကို ရိုက်သွင်းအသုံးပြု ရန်သာ ဖြစ်ပါတယ်။ လင့်ခ်ကတော့ www.freetranslation.com ပဲဖြစ်ပါတယ်။

Tuesday, January 20, 2009

ထားရစ်ခဲ့ပါ

အချစ်ငတ်သူ တစ်ယောက်အတွက်
အချစ် ကဝေမလေးရယ်
စိတ်လိုလက်ရ
ဟားတိုက်လှောင်ပြောင် လိုက်စမ်းပါ
ဘာကြောင့်ပဲ ရယ်ရယ်
မင်းရဲ့ အရယ် အပြုံး တွေ
ငါ တစ်သက်လုံး သိမ်းထားမယ်။

မင်းထားခဲ့မယ့် လမ်းအခွဲမှာ
ကြေကွဲမယ့်စကား မဆိုပါလေနဲ့
အဝေးကို ထွက်သွားနိုင်ပါတယ်
င့ါအဖို့ အသက်ရှင် ကျန်ရစ်တာ
လိုလားနေသေးရင်
ထာဝရပဲ ထားထား
တစ်ခဏပဲ ဆိုဆို
ရုတ်တရက် နှုတ်မဆက်ဘဲ ထားရစ်ခဲ့ပါ
မင်းလေးပြောသလို
မျှော်လင့်ချက်နဲ့ ဆက်အသက်ရှင်ချင်လို့ပါ။

မင်းထားခဲ့မယ့် လမ်းခွဲမှာ
ဝမ်းမနည်းချင်ဘူး
ပြန်မဆုံရင် ကံကုန်ပြီလို့
ယုံလိုက်ပါမယ်
နောက်ဆုံးထွက်သက်အထိပေါ့ .. .. ။


Monday, January 19, 2009

လူပေါင်းမှားပြီ

ကွန်ပျူတာ ရှေ့မှာ အလိုမကျတဲ့စိတ်နဲ့ ငူငူကြီးထိုင်နေတဲ့ လူတစ်ယောက်ကို မျက်စိထဲ မြင်ယောင်ပြီး တွေးကြည့်ပါ။ သူဘာတွေများ စဉ်းစားနေလဲ၊ သူဘာတွေများ အတွေးနယ်ချဲ့နေလဲ၊ သူဘာတွေများ ကြံစည်နေသလဲ ဆိုတာပေါ့။ အလိုမကျတဲ့ သူ့မျက်နှာကို ကြည့်ပြီးတော့ ရည်းစားပူ မိနေတာပဲလား၊ ဒါလည်း မဟုတ်လောက် ပါဘူး။ ဒါမှမဟုတ် စောစောစီးစီး မ၀ါ ဆီက စားချင့်စဖွယ် အစားအသောက် တွေကို တကယ်မစားရဘဲ အငမ်းသက်သက် ကြည့်ပြီး ပြန်လာတာမို့လို့လား။ တကယ်အဖြေရှာ မရခဲ့တာ အမှန်ပါ။ သူ့ကို ကြည့်နေရင်းနဲ့ပဲ သူ့လက်တစ်ဖက်က keyboard ပေါ်က function key (F5) ကို အကြိမ်ကြိမ် နှိပ်နေတာကို တွေ့ရတယ်။ တစ်ခါတစ်ခါ ဖော့ဖော့ လေးနှိပ်နေသလို၊  တစ်ခါတစ်ခါ တော့လည်း အသံထွက်လောက်အောင် ဒေါသနဲ့ နှိပ်နေတာကိုလည်း အတိုင်းသား ကြားနေရတယ်။ တစ်ခါတလေ F5 နဲ့ enter key နဲ့ ပေါင်းနှိပ်နေတာ ကိုလည်း တွေ့ရပြန်တယ်။ အင်း .. .. ဒါက ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ကိုယ့်ဖာသာကိုယ် ပြန်ဝေဖန်နေတာပါ။


ဘဝမှာ ကုန်ဆုံးသွားပြီးရင် ဘယ်သောအခါမှ ပြန်မရနိုင်တော့တဲ့ အရာ ၃ မျိုးရှိတယ်။ အချိန်ရယ်၊ စကားလုံးတွေနဲ့ အခွင့်အရေး တွေပဲ ဖြစ်တယ်။ မသေချာ မရေရာတဲ့ အရာ ၃ ခု ကတော့ အိပ်မက်ရယ်၊ အောင်မြင်မှုရယ်နဲ့ ကံကြမ္မာရယ်ပဲ ဖြစ်တယ်။ နည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ မိတ်ဆွေတွေရဲ့ အိမ်တံခါး ဖွင့်ဖို့အတွက်နဲ့ အိမ်တံခါးကို (F5) အကြိမ်ပေါင်း မြောက်များစွာ ခေါက်ခဲ့ရတယ်။ ဒါတောင် သိပ်အဆင်မပြေတဲ့ အိမ်ဆို ပြူတင်းပေါက် (C-box)က ပေါ်တာ မဟုတ်ဘူး။ ပြူတင်းပေါက် မပွင့်တော့ နှုတ်ဆက်ဖို့ အခွင့်အရေး နည်းသွားတာပေါ့နော်။ ဒါနဲ့ သာကြောင်းမာကြောင်း စကားပြောဖြစ်ဖို့ (Comment) အတွက်နဲ့ ဆွံ့အ နားမကြားတဲ့ သူတွေလို အော်အော်ပြော (F5 + enter) နေရတာကြောင့် မကုန်ဆုံးသင့်တဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒီလိုနဲ့ စိတ်ပန်း လူပန်း ဖြစ်ရတာ ကြာပါပြီ။ စိတ်မကျ၊ ရုပ်မကျ ဘဲ ဘယ်ခံနိုင်ပါမလဲနော်။

ဖြစ်ချင်တာ မဖြစ်တဲ့လောကမှာ စိတ်ညစ်ညူး စရာတွေက အများသားပါ။ လမ်းပြင် ထွက်လျှောက်တော့ 
  • ဟေ့ .. ၀င်းဇော်ကြီး မင်းတော်တော် ရုပ်နာသွားတယ် . . ။ 
ဟိုက် .. ဒါတင်ပဲလားဆိုတော့။ မဟုတ်သေးပါဘူး။ 
  • မင်း ဂျီ ကလည်း တော်တော် လျောနေတယ် တဲ့။
လုပ်ချလိုက်ပြန်ပြီ။ ကိုယ့်နောက်ကျောကို ကိုယ်မလုံချင်တော့ဘူး။ ကျွန်တော် ကလည်း နှုတ်ခမ်းပါးလျှာသွတ် စွာနဲ့ပဲ ပြန်ပက် လိုက်ပါတယ်။ 
  • ရုပ်နာမှာပေါ့ကွ .. နေ့တိုင်း အလိုက်မလိုကျစိတ်၊ သောကဗျာပါဒစိတ် တွေက များမှများပဲ .. လို့၊ ဂျီလျောတာ မဟုတ်ဘူးဟေ့ ..  အထိုင်များတာက တစ်ကြောင်း၊ ဂျီကို ဘလောဂ်လိုက်တာက တစ်ကြောင်းမို့ လျောနေတာကွ .. လို့။
ဒါနဲ့ပဲ တစ်နေ့တစ်နေ့ တိုးတိုး လာနေတဲ့ Stress ကို လျော့ချဖို့ အင်နာပွန်စီ တစ်ကဒ်နဲ့ function key row ပျက်သွားတဲ့ ကီးဘုတ်အတွက် ကီးဘုတ်အသစ် တစ်ခု ၀ယ်ဖြစ်လိုက်တယ်။ ပြန်ပါလေဦးတော့ မြန်မာဒေါ်လာ ဂဏန်း ၅လုံး။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေဗျာ။

ဆုံလိုက်တိုင်း



မြင်မြင်နေတယ် အာရုံမှာလေ
ပုံမှန်မနက်တိုင်းပဲ ကားမှတ်တိုင်မှာလေ
ဘတ်စ် ကားတွေ စောင့်ကြည့် တိုင်းပေါ့
(၁၀) နာရီဆို ပုံမှန်ပါ သူလာပြီ အထာကျ ကြပေါ့
သရုပ်ပျက်အောင် လည်ပြန်ငေးပြီး
တချို့လူများက ကြည့်ကြည့်
ဆုံလိုက်တိုင်း မောမောကာနေတယ် .. အို
ဆုံလိုက်တိုင်း မောမောကာနေတယ် .. ရေး
ဆုံလိုက်တိုင်း မောမောကာနေတယ် ..မန်းလေးသူရေ
.. .. မန်းလေးသူရေ .. ..

(၁၀) နာရီဆို ပုံမှန်ပါ သူလာပြီ အထာကျ ကြပေါ့
သရုပ်ပျက်အောင် လည်ပြန်ငေးပြီး
တချို့လူများက ကြည့်ကြည့်
ကျွန်တော် ကြွေနေပါပြီ မန်းလေးရေ
တကယ်ပါ ခင်ဗျားလှလိုက်တာ
လှိုက်လှိုက်ဖို ရင်ဘတ်ထဲက
လူပျိုကြီးရေ ဒုက္ခ
ဆုံလိုက်တိုင်း မောမောကာနေတယ် .. အို
ဆုံလိုက်တိုင်း မောမောကာနေတယ် .. ရေး
ဆုံလိုက်တိုင်း မောမောကာနေတယ် .. မန်းလေးသူရေ .. ..

ဆုံလိုက်တိုင်း မောမောကာနေတယ် .. အို
ဆုံလိုက်တိုင်း မောမောကာနေတယ် .. ရေး
ဆုံလိုက်တိုင်း မောမောကာနေတယ် .. မန်းလေးသူရေ .. ..

ခုတလော နားထောင်ဖြစ်တဲ့ စီးရီးတွေထဲက ဒီသီချင်းလေးကို စွဲစွဲထင်ထင် နားထောင်မိတယ်။ တိုက်ဆိုင်မှုတစ်ခု အနေနဲ့ပါ။ T-Home စီးရီးထဲက တေးရေး ဗီနိုထွန်း ရေးပြီး တေးဆို အယ်လ်လွန်းဝါ ရဲ့ " ဆုံလိုက်တိုင်း " သီချင်းလေးကို နှစ်သက်လို့ မျှဝေပေးလိုက်ပါတယ်။ ဒီကနေ ဒေါင်းယူ နိုင်ပါတယ်။


Sunday, January 18, 2009

Chewing Gum


စနေနေ့ မနေ့ညက EPL တစ်ပြိုင်တည်း ကန်တဲ့ ဘောလုံးပွဲစဉ် ၂ ပွဲ ကြည့်ဖြစ်တယ်။ ဘော်လ်တန်-မန်ယူ (၀း၁) ပွဲနဲ့ ချယ်ဆီး-စတုစီးတီး (၂း၁) တို့ပွဲတွေ ဖြစ်တယ်။ တစ်ချိန်တည်း ကန်တာကြောင့် ချာနယ်လှည့်ပြီး ကြည့်နေရတာနဲ့ အလုပ်ပို ခဲ့ပါတယ်။ အဝေးကွင်း သွားကန်ရတဲ့ မန်ယူပွဲကိုပဲ ပိုကြည့်ဖြစ်တယ်။ ကစားသမား တော်တော်များများ ကစားနေရင်းနဲ့ ပီကေ၀ါးကြတယ်။ မကစားတဲ့ မန်ယူ နည်းပြကြီး ဖာဂူဆန်လည်း ပီကေ ကို အချိန်ပြည့်ဝါးတာ တွေ့ရတယ်။ အားကစား သမားတွေတင် ပဲလားဆိုတော့ လျှပ်တစ်ပြက် ရိုက်သွားတဲ့ ပရိတ်သတ်တွေ ထဲမှာလည်း ပီကေကို နှစ်နှစ်ခါခါ ၀ါးနေကြတာကို တွေ့ရတယ်။ ပီကေ ၀ါးတဲ့အကျင့်ဟာ ဘောလုံးနဲ့ ဆက်နွယ်နေသူတွေပဲ ၀ါးသလားဆိုတော့ မဟုတ်ပါဘူး။ လူတိုင်း ၀ါးပါတယ်။ ပါးစပ် အနံအသက် ပျောက်အောင် ၀ါးတယ်။ စိတ်လှုပ်ရှားမှု တစ်ခုခု ပြေပျောက် စေဖို့အတွက် ၀ါးတယ်။ တစ်ချို့လည်း စွဲစွဲလန်းလန်း ၀ါးတယ်။ ပီကေ ၀ါးခြင်းရဲ့ အကျိုးအပြစ်ကိုတော့ ဂဃနဏ မသိပါဘူး။ ဒါပေမယ့် ကလေးကနေ လူကြီးအထိ နှစ်သက်စွာ ၀ါးကြတာကို တွေ့ရပါတယ်။ ရုပ်ရှင်ရုံထဲမှာဆို သာလို့ဆိုးသေး ပါတယ်။ ဘယ်နေရာ ကြည့်ကြည့် ၀ါးပြီးသား ပီကေတွေ ပစ်ထားတာ ထုနဲ့ထည်နဲ့ပါ။


ဘီဘီစီ သတင်းတစ်ခုမှာ ဖတ်လိုက်ရတာကို ပြန်ပြီးမျှဝေ ပေးချင်ပါတယ်။ ပီကေ (ခ) ချွင်းဂန်း (chewing gum) ၀ါးခြင်းဟာ အူပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုတွေကို အမြန်ဆုံး နလန်ပြန်ထစေနိုင် တယ်လို့ သိရပါတယ်။ အူပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့ လူနာတွေကို လေ့လာရာမှာ ပီကေ ၀ါးခြင်းဟာ အူတွေရဲ့ လှုပ်ရှားမှုကို ပုံမှန် ပြန်ဖြစ်လာစေပြီး၊ အစာချက်တဲ့ စနစ်ကိုလည်း အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် အူပိုင်းဆိုင်ရာ ခွဲစိတ်ပြီးတဲ့ လူနာတွေကို သကြားဓာတ် ပါဝင်မှု နည်းတဲ့ ပီကေကို ၀ါးစေခြင်းဖြင့် လူနာတွေ အမြန်နလန်ထစေတဲ့ အထောက်အထားတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါဟာ မှန်ကန်တဲ့ ဆေးညွှန်းကောင်း တစ်ခု မဟုတ်ဘူးလို့လည်း သုံးသပ်ထားပါတယ်။



ငယ်တုန်းက ပီကေစားရင် ဦးနှောက်ပျက်တယ်။ မှတ်ဥာဏ်တွေ လျော့ကျစေတယ်လို့ သိခဲ့ပါတယ်။ ခုတော့ ပီကေအစွမ်းကို သိချင်တာနဲ့ ကျွန်တော်လည်း ပီကေ ကို တစ်နေကုန် ၀ါးကြည့်တယ်။ ပူရှိန်းရှိန်းအရသာ၊ ချိုလွင်လွင်အရသာ တွေကုန်ရင် ထွေးထုတ်လိုက်တယ်။ နောက် ပီကေအသစ် ထပ်ထည့် ၀ါးတယ်။ ညဘက်လည်း ရောက်ရော ခေါင်းတစ်ခြမ်းထဲ ကိုက်နေတာကို ခံစားရတယ်။ ခေါင်းကိုက်တဲ့ အခြမ်းက မျက်လုံးလည်း အောင့်သက်သက် ဖြစ်တာ ခံစားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေကုန် ၀ါးကြိတ်နေရတဲ့ အတွက်ကြောင့်ပဲ ဖြစ်တယ်။ (ပိုဝါးတဲ့ အံသွားဖက် ခေါင်းက ပိုကိုက်ပါတယ်။) ဒါက ပီကေကို အတိုင်းအဆ မရှိ၊ အချိန်အဆမဲ့ ၀ါးတဲ့ အပြစ်လို့ပဲ ဆိုရမလားပဲ။ ဆင်ခြင်နိုင်ကြပါစေဗျာ။



Friday, January 16, 2009

မြန်မာ Online Library ကြော်ငြာ


http://www.co2zenith.co.cc ဘလောဂ့်မှာ ကြော်ငြာထားတဲ့ မြန်မာ online library ၀က်ဘ်ဆိုက်လေး တစ်ခုကို မျှဝေပေးချင် ပါတယ်။ မြန်မာ စာဖတ်ပရိသတ်များ အတွက် အီးဘွတ် (ebooks) များကို pdf, MS 2003, MS 2007 format နဲ့အခမဲ့ အလွယ်တကူ ဒေါင်းလော့လုပ်ပြီး ဖတ်ရှုလို့လည်း ရနိုင်ပါတယ်။ အခုလက်ရှိ မြန်မာစာအုပ်များ နှင့် English စာအုပ်ပေါင်း ၃၀၀ ကျော်ကို တင်ထားပြီး ဆက်လက်တင် နေဆဲဖြစ်ပါတယ်။ အာလုံး အသုံးပြု လွယ်ကူအောင် ၀က်ဘ်ဆိုဒ်ကို ရိုးရှင်းသေသပ်စွာ ပြုလုပ်ထားပြီး စာအုပ်များကို ကိုယ်ပိုင်ဆာဗာတွင်သာ သိမ်းဆည်း ထားသောကြောင့် ဒေါင်းလုပ်လုပ်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်ခြင်းလုံးဝ မဖြစ်ပေါ်နိုင်ပါဘူး။ Books Hive ဟာ မြန်မာလူမျိုးများ အတွက်သာ ရည်ရွယ်ပြီး သီးသန့် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ သုတ၊ ရသ၊ ပညာပေး စာမေးပွဲ စသည်တို့နှင့် သက်ဆိုင်သည့် စာအုပ်များ တင်ထားရှိနှင့်ပြီး ဖြစ်ပါတယ်။ ၀က်ဘ်ဆိုဒ်ရဲ့ လိပ်စာကတော့ www.books-hive.com ဖြစ်ပါတယ်။ အားလုံးပဲလာရောက် လေ့လာ၊ အားပေး ကြပါအုန်းလို့ ထပ်ဆင့်ဖိတ်ခေါ် ပါတယ်။

for All Mobiles

Mobile phone တွေအတွက် သင့်တော်တဲ့ Ringtones, Logos, Melodies, Screensavers, Video, MP3 နဲ့ Java Games တွေကို စုစည်းထားတဲ့ ၀က်ဘ်ဆိုက်လေးပါ။ လိုအပ်သမျှ Fecture များကို ထည့်သွင်း အသုံးပြုနိုင်တဲ့ software လေးပဲ ဖြစ်ပါတယ်။ နှစ်သက်သည်များကို ဖုန်းထဲ download လုပ်တဲ့အခါမှာ အချိန်ကြာမြင့်တတ် ပေမယ့် အသုံးဝင်တဲ့ software တစ်ခု ဖြစ်တဲ့အကြောင်း မျှဝေပေးချင်ပါတယ်။ လိပ်စာကတော့ http://www.cargarmovil.com ပဲ ဖြစ်ပါတယ်။

Thursday, January 15, 2009

တစ်ဝက်အမှန်၊ ၅၀% က ဟန်

လျှပ်စစ်မီးလာရင် ဘာပဲပြောပြော ခါးချိအောင်ထိုင်ပြီး နက်ပေါ်မှာ ဆိုက်ကားနင်းလို့ ရသေးတယ်။ မီးမလာတော့ ငြိမ်းတာပေါ့လို့ အလိုမကျတဲ့ စိတ်ကို သပ်ချရင်းကွန်ပျူတာရှေ့က ခွာဖို့ မချင့်မရဲ ထလိုက်တယ်။ အောက်ထပ်ဆင်းပြီး မီးစက်သွားဖွင့်ရင်လည်း မေးခွန်းပေါင်းများစွာကို စောစောစီးစီး ဖြေရှင်းနေရမှာမို့ မဖွင့်ဖြစ်ခဲ့ဘူး။ မီးလာရင် ချက်ချင်းသိအောင်တော့ ups နဲ့ speaker ကို မီးခလုပ် ဖွင့်ထားလိုက်တယ်။ ဝေးဝေးလံလံလည်း မသွားဖြစ်ပါဘူး။ ကီးဘုတ်ကို နေရာရွေ့ပြီး မော်နီတာ ရှေ့မှာပဲ စားပွဲခုံပေါ် မှောက်အိပ် လိုက်မိတယ်။
=း =း =
မှေးကနဲ အိပ်ပျော်ရုံရှိပါသေးတယ်။ ကျွန်တော့်ကို ဂျိုင်းနှစ်ဘက်ကနေ ကြမ်းတမ်းတဲ့ လက်အစုံက ဆွဲမပြီး နောက်ပြန် အနေအထားနဲ့ ဒရောသောပါး အလျင်စလို ခေါ်ယူသွားတာ ခံရတယ်။ သတိလစ်တာ မဟုတ်တာကြောင့် မ ချီသွားတဲ့ လူနှစ်ယောက်ကို မ၀ံ့မရဲကြည့်လိုက်တာ့ အရပ် ၁၀ ပေလောက်မြင့်ပြီး၊ အစိမ်းရောင် အသားအရေ၊ ကြမ်းတမ်း ခက်ထန်တဲ့ မျက်နှာထားနဲ့ ပါကွက်သားတွေ ဖြစ်နေတာကို သိလိုက်ရတယ်။ အကူအညီ အော်ခေါ်ဖို့ လုပ်တော့လည်း လည်ချောင်းကနေအသံက ထွက်မလာဘူး။ ရုန်းကန်ဖို့ ကြိုးစားပြန်တော့လည်း အားအင်ကမရှိပါဘဲ နွမ်းခွေသလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် ခေါင်းအေးအေးထားပြီးအခြေအနေသုံးသပ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ချောက်ထဲကို ခုန်ချလိုက်သလို လေဟုန်စီး ပြုတ်ကျသွားတယ်။ ကျွန်တော်လည်း လိုဏ်ခေါင်းသံနဲ့ အတူ ငယ်သံပါအောင်အော်ပြီး ပြုတ်ကျ သွားတယ်။ ရုတ်ကနဲရပ်သွားတာနဲ့ ပိန်းပိန်းပိတ် မည်းမှောင်နေပြီး စိမ်းရွှေရွှေအနံ့၊ ညှီပုပ်ပုပ်အနံ့တွေနဲ့ အတူ ကယ်ပါ ယူပါ အကူအညီအော်တောင်း နေတဲ့ဆူညံသံ လွှမ်းခြုံနေတဲ့ နေရာသစ်တစ်ခုကို ရောက်လာရတယ်။ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ခွင့် မရခင်မှာဘဲ အေးစက်မာကျောပြီး ဒေါသသံအပြည့်နဲ့ မေးမြန်း အစွပ်စွဲခံရတယ် .. ..

ယမမင်း
  • အသင် လူ့ဘဝမှာ ကိုယ့်ဘ၀မှန်ကို ဖုံးကွယ်ပြီး လူတွေကို လိမ်လည် လှည့်ဖြားခဲ့တယ်။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • နေပါအုန်း ယမမင်းခင်ဗျား။ ကျွန်တော် လူ့ဘ၀မှာ ဘလောဂ် နည်းနည်းပါးပါး ရေးပါတယ်။ ပရော်ဖက်ရှင်နယ် တော့ မဟုတ်ပါဘူး။ အပျော်တမ်းပါ။ ဒီအတွက်နဲ့အပြစ်ယူမယ်ဆိုရင် တရားမျှတမှာ မဟုတ်ပါဘူး။ အကျိုးပြု စာတွေပဲ ရေးပါတယ်။ ကျွန်တော်ရေးတဲ့ စာတွေကို ကျေးဇူးတင်တယ် ဆိုတဲ့ ထောက်ခံချက် (ကွန်မင့်) နည်းနည်းပါးပါး ရှိပါတယ်။ ထပ်ရေးပါဆိုတဲ့ ထောက်ခံချက် လည်း ရှိထားပါသေးတယ်။ ပြန်လည် စစ်ဆေးပေးဖို့ မေတ္တာရပ်ခံပါတယ်။ ယမမင်း ကြီးခင်ဗျား။
ယမမင်း
  • ရေးတာ ချွတ်တာကို ပြောတာမဟုတ်။ ကိုယ့်ဘ၀မှန်ကို ဖုံးကွယ်ထားတာ ပိုအပြစ်ကြီးတယ်။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • သည်းခံပါအုန်း ယမမင်းခင်ဗျား။ ဒါကတော့ ဒီလိုရှိပါတယ်။ ကျွန်တော့် ဘ၀အမှန် တစ်ဝက်ကို ဖော်ပြထားပြီး ဖြစ်ပါတယ်။၊ ကျန် ၅၀%ကိုတော့ မလိမ်မညာဘဲမသိစေချင်တဲ့ သဘောနဲ့သာ ချန်လှပ်ထားတာပဲ ရှိပါတယ်။ ချန်လှပ်ထားတဲ့ ဘ၀တစ်ဝက်ကနေ လူတစ်ဖက်သား နစ်နာအောင်လည်း မပြော၊ မဆို၊ မရေး၊ မဆွယ်၊  မကျူ၊ မယူ ခဲ့ပါဘူး။ နောင်တော့် နောင်တော် ဘလောဂ့်ဂါများ ကျင့်သုံးတဲ့ လမ်းစဉ်ကိုပဲ မသွေမတိမ်း လျှောက်ခဲ့တာ ၀န်ခံပါတယ်။ တစ်ချို့များဆိုရင် ဘ၀မှန်ကို ၁၀၀% ထိဖုံးကွယ်ထားတာ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် နာမည်အမှန် ဘယ်သူဘယ်ဝါ၊ ယောက်ျား/ မိန်းမ၊ နေရာဒေသ၊ အလုပ်အကိုင် တွေအထိ လျှို့ဝှက်ထား တာလည်း ရှိပါတယ်။ ချွန်တာတော့ မဟုတ်ပါဘူး။ ပင့်ပေးတာလည်း မဟုတ်ပါဘူး။ နားလည်ပေးဖို့ တောင်းဆိုတာပါ။
  • ဘလောဂ့်လောက မှာထက် ချက်တင်းလောကမှာ သာလို့ဆိုးတဲ့ လူတွေပိုများပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မသိပါဘဲနဲ့ ၀င်ဝင်ရောပြီး ကိုယ်ရေးအချက် အလက်တွေ မသိမသာ မေးမေး သွားတတ်ပါ သေးတယ်။ invite လုပ် မိတ်ဖွဲ့လာတော့လည်း ကိုယ်က ဘလောဂ့်မိတ်ဆွေတွေ အမှတ်နဲ့ ကျွန်တော်ကတော့ ဘယ်သူပါ၊ ဘလောဂ့်လိပ်စာ ကတော့ဒီမှာပါ၊ ဒီမြို့၊ ဒီမြို့နယ်မှာ နေပါတယ်၊ ဘာအလုပ် လုပ်စားတယ်ပါလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါတယ်။ ဖြစ်သင့် တာကတော့ invite လုပ်တဲ့ ပုဂ္ဂိုလ်လည်းပဲ နာမည်မပြောချင်နေပါ။ ကျွန်တော်ကတော့ ကျား/မ ပါ၊ ဘယ်မှာနေပါတယ်၊ ဘယ်အကြောင်းကြောင့် ခင်မင်ချင်လို့ မိတ်ဆက်ပါတယ်။ ဒီအခြေအနေဆို မဆိုးသေးပါဘူး။ ခုတော့ အထက်စီးကနေပဲ ကျောကျောသွားလို့ မတတ်နိုင်တဲ့အဆုံး ကျွန်တော်လည်း ချက်တင်းတဲ့ မိတ်ဆွေတွေကို အားလုံး Block လုပ်ထားမိပါတယ်။ အပြစ်ကတော့ သေးသေးလေးပါ ယမမင်း။
ယမမင်း
  • တော်တိတ်၊ ဖုံးကွယ်တာတော့ ဖုံးကွယ်တာပဲ။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • စဉ်းစားပါအုန်း ယမမင်းခင်ဗျား။ ကျွန်တော် google မှာ register လုပ်ကတည်းကိုက အတည်ဖြစ်ခဲ့ပြီမို့ လက်ခံသူက အပြစ်ပိုကြီး .. .. ကြီး .. ကြီး.. .....
ယမမင်း
  • ပါးကွက်သားတွေ အပြစ်သားကို ခုချက်ချင်း ဆီပူမီးတိုက်လိုက် .. .. ။ ဒုန်း .. .. ။
ဖြေရှင်း လျှောက်လဲချက် မပြီးခင်မှာပဲ ပါးကွက်သားတွေရဲ့ ဆွဲခေါ်ရာနောက်ကို ဒရွတ်တိုက် ပါသွားတယ်။ ဒီလို လိုက်ပါလာရင်းကနေ လမ်းတစ်လျှောက် တွေ့ရာ အပြစ်သားတွေကို ကြည့်မိတော့ အလိုလေး .. ..မြင်ဖူးတယ် .. .. မြင်ဖူးတယ် .. .. လို့လှမ်းပြီး နှုတ်အဆက်မှာ ခြေထောက်ကို မီးဟပ်မိလို့ လန့်ဖြန့်ပြီး ရုန်းအထွက် ပါးကွက်သားတွေက လက်အလွတ်မို့ ဆူပွတ်နေတဲ့ ဆီအိုးထဲကို ပြုတ်ကျသွားတယ်။ လွတ်လိုလွတ်ငြား ကိုယ်ကို လှိမ့်ထွက်လိုက်တာ ဗုန်း .. ဆို ထိုင်အိပ်နေတဲ့ ကွန်ပျူတာ ခုံပေါ်ကနေ အေးစက်စက် ပါကေးကြမ်းပေါ် ပြုတ်ကျသွားမှ အိမ်မက်မက်နေမှန်း သိရတော့တယ်။ အေးစိမ့်တဲ့ မနက်ခင်းရဲ့ အအေးဓာတ်အောက်မှာ ဇောချွေးတွေကို သုတ်ရင်းနဲ့ မီးလင်းနေတဲ့ ups နဲ့ speaker ကို မ၀ံ့မရဲ ကြည့်ဖြစ်မိတယ်။ ဆက်ပြီး ဘလောဂ့်ဂင်း ဖြစ်ပါအုန်းမလား။ ဘလောဂ့်မိတ်ဆွေ တွေရဲ့ အိမ်လေးတွေကို မျက်စိထဲ အစီအရီ မြင်ယောင်နေမိတယ်။ ကိုယ့်ရဲ့ မဆင်မခြင် အတ္တစိတ် မှိန်မှိန်လေးကြောင့် တစ်ပါးသူအပေါ် အပြစ်လုပ်မိလေပြီလား ?၊ လူတွေမှာ ရိုးသားတဲ့ စိတ်ကလေးတွေ ဘာလို့ မျက်ကွယ် ပြုထားနိုင်ကြတာလည်း ပေါ့နော်။ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုပေမယ့် တစ်ဦးနဲ့ တစ်ဦးပေါင်းသင်း ဆက်ဆံရေးမှာ မရှိမဖြစ် လိုအပ်တဲ့ ရိုးသားမှုနဲ့ ပွင့်လင်းတဲ့ အမြင်လေးရှိရင် အားလုံးပျော်ရွှင် အဆင်ပြေ နိုင်မှာပါ။ ခိုးလုခိုးလု နဲ့ မတင်မကျတဲ့ စိတ်အစဉ်ကနေ အားလုံးသော မိတ်ဆွေများ စိတ်ရှင်းသန့်နိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။

Wednesday, January 14, 2009

ကိုယ့်စတိုင်လ်လေး ပြင်မယ်

အွန်လိုင်းမှာ ဓာတ်ပုံ တည်းဖြတ်တဲ့ ၀က်ဘ်ဆိုက်တွေထဲမှာ စိတ်ကို ကျေနပ်စွာနဲ့ ရွှင်ပြုံး ပျော်ရွှင် စေတဲ့ ၀က်ဘ်ဆိုက် တစ်ခု မျှဝေပေး ချင်ပါတယ်။ ကိုယ့်မျက်နှာကို မိုနာလီဇာရဲ့ အ၀တ်အစားနဲ့ မြင်ရရင် ဘယ်လို ခံစားရမလဲ စမ်းသပ်နိုင်ပါတယ်။ ဒီလို ပုံပြောင်းဖို့ ဒီမှာ effect ပေါင်း ၇၀ ကျော် ပေးထားပါတယ်။ ကိုယ်ရွေးလိုက်တဲ့ effect ပေါ် မူတည်ပြီး ကိုယ့်ဓာတ်ပုံလေး ပြုံးချင်စရာ ဖြစ်စေမှာပါ။ ပြုပြင်ပြီး ပုံကို သိမ်းလို့ရသလို အခြား ဆိုက်တွေမှာ avator အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ ဒီ effect တွေက မျက်နှာကိုပဲ အဓိကထား ပြုပြင် ပြောင်းလဲ ပေးတာမို့ အသုံးပြုမယ့် ဓာတ်ပုံဟာ passpost ပုံဆိုရင် ပိုကောင်းမွန်ပါတယ်။ ဓာတ်ပုံအရွယ်အစားကို 500 KB အထိ လက်ခံပါတယ်။ လိပ်စာကတော့ www.photofunia.com ဖြစ်ပါတယ်။ ပျော်ရွှင် အဆင်ပြေကြ ပါစေ။