Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

Thursday, December 29, 2011

ရှိနေသင့်သလား ... ?

ပြန်မလာဖြစ်တဲ့ ကိုယ့်နေရာလေးကို ရောက်ပြန်တော့လည်း တစိမ်းတရံလို အေးစက်စက် နိုင်လွန်းတယ်လို့ ခံစားမိတယ်။ တစ်ချိန်က ကိုယ့်အတွက် နွေးထွေးမှုတွေ ယုံကြည်မှုတွေ ဖြည့်ဆည်းပေးတဲ့ အဖော်မွန် ဖြစ်ခဲ့လို့ အတိုင်းအဆမဲ့ သံယောဇဉ် တွယ်မိတယ်။ 

ဒါပေမယ့် ...

အချိန်တော်တော်ကြာ ဘာတစ်ခုမှ Creative မလုပ်နိုင်ရင် ဒီနေရာလေး ရှိနေတာထက် မရှိတာက ပိုကောင်းမယ်လို့ ဆုံးဖြတ်မိတယ်။ ပိုင်ရှင်မဲ့နေတဲ့ ဒီနေရာလေးကို အလည်ရောက်လာတဲ့သူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Monday, November 9, 2009

ဝန်ခံတယ်

ဝန်ခံတယ်

မိန်းကလေးတစ်ယောက်ကို ကိုယ့်အသက်ထက်ဆုံး မြတ်နိုး တန်ဖိုးထားတယ်လို့ မပြောဖြစ်ခဲ့ ပေမယ့်လည်း နှစ်ဦးသား ရင်ခုန်သံချင်း ထပ်တူတာမို့ နှစ်ကိုယ့်တစ်စိတ်ထဲ ရှိနေမယ်လို့ ရင်နဲ့အမျှ အရိုးသားဆုံး ၀န်ခံမိပါတယ်။

ဒီရိုးသားမှုဟာ အကောင်းဆုံး လိမ်ညာမှု လို့ထင်ကြတာ အမှန်ပေမယ့် မိတ်ဆွေ အပေါင်းအသင်း တွေအပေါ်မှာ အမှန်တရားကို ဖွင့်ဟ၀န်ခံဖို့အတွက် တကယ်ပဲ ကြီးမားလွန်းတဲ့ စိတ်ဒုက္ခတစ်မျိုးပဲ ဖြစ်စေပါတယ်။ တခြားတစ်ဖက်က ကြည့်ပြန်တော့လည်း လျှို့ဝှက်ချက်ကြီးကို မြိုသိပ်ထားရတာက ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေပြန်ပါတယ်။ ဒီတော့ မရိုးသားတဲ့ အကျိုးဆက်တွေနဲ့ပဲ ဇွတ်မှိတ် နေလိုက်တော့မယ် ဆိုတာထက်စာရင် အမှန်တရားကို ဖွင့်ပြောဝန်ခံလိုက်တာက ပိုပြီး စိတ်လက်ပေါ့ပါးစေတာ အမှန်တရားပဲ ဖြစ်ပါမယ်။ အမှန်တရားကို ဖြစ်ကြောင်းကုန်စင် ဖွင့်ဟ၀န်ခံလိုက်လို့ ကိုယ့်အပေါ် အခင်အမင် ပျက်သွားမှာစိုးတဲ့ အနေအထား ရှိခဲ့မယ်ဆိုရင်လည်း အမှန်ကိုပဲ ရင်ဖွင့်ပြဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိနေပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ အမှန်တရားကို ဖွင့်ပြောလိုက်တဲ့အတွက် ဖိစီးစိတ်တွေ၊ သောကစိတ်တွေ အားငယ်စိတ်တွေ သက်သာသွားစေတယ်လို့ ထင်မိပါတယ်။

တစ်ယောက်သောသူက အရှေ့ကမ္ဘာမှာရှိနေပေမယ့် ကျန်တစ်ယောက်က အနောက်ကမ္ဘာမှာပါ။ တစ်ယောက်က မနက်အရုဏ်အလင်းမှာ မောနင်းလို့ နှုတ်ခွန်းဆက် ချိန်မှာတော့ ကျန်တစ်ယောက်က ကြယ်စင်စုံတဲ့ ညည့်နက်အလယ်မှာ ဂွတ်နိုက်လို့ နှုတ်ဆက်လာတဲ့အတွက် အမှန်ပဲ ရင်နင့်စေခဲ့တာ အခါခါပါ။ နှစ်ယောက်သား တွေ့ဆုံချိန် တဒင်္ဂလေးရယ် ဆိုပေမယ့် ထားရှိကြတဲ့ သံယောဇဉ်တွေက ဝေးလံသလောက် နက်နဲ ခိုင်မြဲလွန်းတယ်လို့ သက်သေထူဝံ့ပါတယ်။ လက်တွေ့မဆန်ပေမယ့် တစ်ယောက်အပေါ် တစ်ယောက် သဟဇာတဖြစ်နေမှုဟာ ချစ်ခင် ပေါင်းသင်းဖို့အတွက် အား ဖြစ်စေပါတယ်။ ခိုင်မြဲတွယ်တာတဲ့ ချစ်ခင်ပေါင်းသင်းမှု တွေဟာ အပြန်အလှန် ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်မှုတွေအပေါ် တည်ဆောက် ထားတာပါ။ နှစ်ဦးသား ခံယူချက်ချင်း ဒါမှမဟုတ် ရင်ခုန်သံချင်း ထပ်တူဖြစ်နေရင် စိတ်ထဲမှာ လုံခြုံစိတ်ချမှု ပိုဖြစ်လာတာနဲ့အတူ အတွေးတွေကိုရော ခံစားချက်တွေကိုပါ မျှဝေလို့ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။


Wednesday, April 22, 2009

စကားလက်ဆောင်

လူကြီး သူမတွေ အမြဲပြောဆို ဆုံးမတဲ့ စကားလေး တစ်ခွန်းရှိတယ်။ ဘယ်ကိစ္စ ဘယ်အရာမဆို ဘာကိုပဲလုပ်လုပ် " သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ " ဆိုတဲ့ စကားလေး တစ်ခွန်းဟာ ပေါ့ပေါ့တန်တန် ထားမယ်ဆိုရင် တန်ဖိုးမရှိပေမယ့်၊ အရေးတယူ စဉ်းစားကြည့်ရင်တော့ အလွန်တန်ဖိုးကြီးတဲ့ စကားလေး တစ်ခွန်းဖြစ်ပါတယ်။ စေတနာအရင်းခံပြီး ပြောတဲ့ စကားလေးမို့ ပိုတန်ဖိုး ကြီးတာအမှန် ဖြစ်ပါတယ်။ ကမ္ဘာနဲ့ယှဉ်ပြီး စီးပွားရေး ပြဿနာတွေ သူသူငါငါ ရင်ဆိုင်နေကြရတာ လူတိုင်းအသိပါ။ တိုင်းပြည်ကြီးရင် ကြီးသလို၊ တိုင်းပြည် ငယ်ရင် ငယ်သလို များများနဲ့ နည်းနည်း ရိုက်ခတ်ခံရတာ ငြင်းနိုင်စရာမရှိပါဘူး။

လွန်ခဲ့တဲ့ ရှစ်လခန့်က ဖြစ်ပါတယ်။ ဦးလေးရဲ့သား၊ ကျွန်နော်ရဲ့ တစ်ဦးတည်းသော ညီဝမ်းကွဲတစ်ယောက် သူ့သူငယ်ချင်းရဲ့ အဆွယ်ကောင်း မှုကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ အပူကပ်ခဲ့တယ်။ မိုးတလုံး လေတလုံး အပြောတွေကြောင့် လူကြီးတွေကလည်း မဖြစ်ဖြစ်အောင် လုပ်ဆောင် ပေးခဲ့ရတယ်။ မင်္ဂလာဒုံလေဆိပ်က ထွက်သွားချိန်ထိ ကကြီး ကနေ အ, အားလုံး ၁၀၀ ၀န်းကျင် ကုန်ကျခဲ့သည်။ နိုင်ငံခြားမှာ ၄ လအတွင်း ကြိတ်ပြီး ငွေပို့ခဲ့တာ ဒီစာရင်းထဲ မပါသေးဘူး ဆိုတာ သိရတယ်။ ခုတော့ မယောင်မလည်နဲ့ ကိုယ့်မွေးရပ်ကို ပြန်ရောက်လာပါပြီ။ ရရှိတဲ့ အကျိုးအမြတ်ကတော့ ငွေကုန်ခဲ့တယ်၊ အချိန်တွေ အလဟဿ ဖြစ်ခဲ့တယ်၊ ဗဟုသုတ မရခဲ့ဘူး။ ဆုံးရှုံးသွားတယ်ဆိုတဲ့ သင်ခန်းစာ တစ်ခုပဲ အသားတင် ကျန်ရစ်ခဲ့တယ်။

ခုချိန်မှာ နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်ရင် ကောင်းမလားလို့ မေးလာရင်တော့ မသွားပါနဲ့လို့တော့ မတားချင်ပါဘူး။ ဒါပေမယ့် မသွားခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ လို့တော့ အမှာစကား ချွေချင်ပါတယ်။ တားချင်တဲ့ အကြောင်းရင်းက စီးပွားရေးပြဿနာကို တိုင်းပြည်ကြီးငယ်တိုင်း ကြုံတွေ့နေရတာကြောင့် ကံသေကံမ အလုပ်အကိုင် ရရှိလိမ့်မယ်လို့ မပြောနိုင်သလို၊ အလွယ်တကူ ရရှိဖို့လည်း မလွယ်ကူပါဘူး။ CNA သတင်းရဲ့ Scroller Bar မှာ ဘယ်ကုမ္ပဏီက အလုပ်သမား ၀န်ထမ်း အရေအတွက် ဘယ်လောက်ကို လျော့ချ လိုက်တယ်ဆိုတာကို စဉ်ဆက်မပြတ် ဖတ်နေရလို့ ဖြစ်ပါတယ်။ လက်ရှိ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေကိုတောင် ညှိနှိုင်းလစာနဲ့ လုပ်အားခလျော့ခံပြီး လုပ်ကိုင်နေရတယ်။ ၀န်ထမ်းအင်အား လျော့ချနေတာကြောင့် သူတို့တတွေလည်း ဘယ်အချိန် အလုပ်ဖြုတ်ခံရမလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရတာမို့ စွန့်စွန့်စားစားနဲ့ သွားဖို့ မတိုက်တွန်းလိုတာ အမှန်ဖြစ်ပါတယ်။ လုပ်အားခတွေ လျော့ချလိုက် တာကြောင့် လူနေမှုစရိတ် ကြီးမြင့်တဲ့ နိုင်ငံရပ်ခြား တိုင်းပြည်မှာ ရေရှည် ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ နေထိုင်စားသောက်စရိတ်၊ ခရီးစရိတ်တွေ မကာမိတာကြောင့် ပြည်တော်ပြန် လာကြတာ တော်တော်များ လာပါတယ်။ အိမ်ကထောက်ပံ့ ပေးနိုင်တယ်ထားအုန်း။ အလုပ်အကိုင် အတည်တကျ မရှိရင် ရေရှည်နေထိုင်ဖို့ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် နိုင်ငံခြားသွား အလုပ်လုပ်မှ ချမ်းသာနိုင်မယ် ဆိုတဲ့ တွေးထင်ထားတဲ့ အယူအဆကို ခဏတော့ မေ့ထားလိုက် စေချင်ပါတယ်။

ခေတ်မီတိုးတက်လာတဲ့ ကမ္ဘာ့ရွာလို လူနေမှု အဖွဲ့အစည်း၊ ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ အတူ ကိုယ့်ဘ၀ တိုးတက်မှုအတွက် ကြိုးစားစွန့်ထွင် လိုတဲ့ လူငယ်တွေရဲ့ မြင့်မားတဲ့ဆန္ဒရှိလို့ တိုင်းတစ်ပါးမှာ အလုပ်လုပ်ကြ၊ ပညာတော်သင်ကြတာကို အားပေးတယ်။ သူများတိုင်းပြည်မှာ အလုပ်သွားလုပ်၊ ပညာသွားသင်တာ ဖြစ်လို့ သူများအိမ်မှာ သွားနေနေရသလို ဖြစ်ပါမယ်။ ကိုယ့်အိမ်မှာလို လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နေလို့မရနိုင် တော့ပါဘူး။ သူတို့အိမ်မို့ သူတို့ဓလေ့ထုံးစံ အတိုင်းလိုက်နာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ခဏတာဧည့်သည် အဖြစ်နဲ့ သွားရောက်နေထိုင် ကြတာကြောင့် အိမ်ရှင်လိုတော့ နေထိုင်သွားလာလို့ ရမှာ မဟုတ်ပါဘူး။ အချိန်အခါနဲ့ အခွင့်အရေး ဆိုတာ ကြုံနိုင်ပါသေးတယ်။ တိုင်းတစ်ပါးကို စွန့်ထွင်ပြီး အလုပ်လုပ်ဖို့ မလုပ်ဖို့ကိုတော့ " သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ " လို့ ပြောချင်ပါတယ်။ ယနေ့ခေတ် လူငယ်နဲ့ အနာဂတ် လူငယ်တွေ အတွက် စေတနာ အမှာစကားလေးပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

Wednesday, March 18, 2009

အမြဲနုပျိုနေစေဖို့


ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားပုံလေးလို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ရင်တော့ ကောင်းပါတယ်။ လူတိုင်းကလည်း ဒီလို ပျော်ရွှင်မှုကို တောင့်တကြမှာ အမှန်ပါ။ တဒင်္ဂလောက် စိတ်လိုလက်ရ ရယ်မော လိုက်နိုင်ရင်တောင် တစ်ရက်ပိုပြီး အသက်ရှည်တယ်ဆိုတာ ယုံကြည်ထားကြတယ် မဟုတ်ပါလား။ အသက်တစ်ရက် ပိုရှည်ဖို့အတွက် ရမယ်ရှာပြီး ရယ်ဖြစ်ရင်တောင် စိတ်ထဲမှာ ပျော်ရွှင်မှု ဆိုတာ မရှိရင် အသက်ပါတဲ့ ရယ်မောခြင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုနဲ့ သောကကို မမျှမတ ရောမွှေထားတဲ့ ဒီဘဝထဲမှာ သောကစိတ်က ပိုများနေမှာပါ။ ကိုယ်လိုချင်တာ မရနိုင်တဲ့အခါမျိုးမှာ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာ နိုင်တဲ့ အခါမျိုးမှာ တက်ရိပ်ပြနေတဲ့ သောကရဲ့ ဒီရေကို ပိုမြင်မိမှာပါ။ သောကဗျာပါဒ စိတ်များတော့ အရွယ်မတိုင်ခင် ရုပ်ရည်ရင့်တာတို့၊ ရုပ်ရည်ကျတာတို့ ဖြစ်ဖို့ အထောက်အကူ ဖြစ်နေမှာပါ။ ဒါကြောင့် လျင်မြန်စွာနဲ့ အိုမင်းခြင်းကို ရှောင်ရှားစေနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ် ..

၁။ ဦးနှောက်ကို အလုပ်ပေးပါ ..
  • စိတ်ကို အချိန်နဲ့အမျှ အလုပ်ပေးထားတာဟာ ဦးနှောက်ရဲ့ တုံ့ပြန်မှု လျော့နည်းလာတာကို ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ် တွေထဲမှာရှိတဲ့ အာရုံကြော မျှင်တွေကို အသစ်ဖွံ့ဖြိုး လာစေတယ်လို့ သိရပါတယ်။ ဒီအာရုံကြောမျှင်တွေက အသက်ကြီးလာတဲ့အခါ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံသစ်နဲ့ စိတ်ကို လေ့ကျင့်ပေးရင် အာရုံကြောမျှင်တွေ အသစ်ပြန်ဖြစ် စေပါတယ်။ ဒါကြောင့် စာဖတ်ရင်ဖြစ်စေ၊ တီဗွီ အစီအစဉ်ကို ကြည့်သည်ဖြစ်စေ ဦးနှောက်ကို တွေးတောစရာ၊ မှတ်သားစရာတွေ ပေးတဲ့ အစီအစဉ်တွေကို ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။
၂။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ ..
  • အသက်ကြီးလာရင် ကိုယ်လက် လှုပ်ရှားမှု နည်းလာပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လည်း နှေးကွေး လာပါတယ်။ ကယ်လိုရီလိုအပ်မှုလည်း နည်းလာပါတယ်။ ဒီအတွက်ကြောင့် ကိုယ်အလေးချိန် လျော့ကျလာစေ ပါတယ်။ ဒါကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
၃။ မိတ်ဆွေ သူငယ်ချင်း များများထားပါ ..
  • ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး မိတ်ဆွေအပေါင်းအသင်း မျုားတဲ့သက်ကြီး ပိုင်းတွေဟာ ရှိရင်းစွဲ အသက်အရွယ်ထက် ပိုပြီး နုပျိုလန်းဆန်း စေတယ်လို့ သိရပါတယ်။ တစ်ဦးအပေါ်တစ်ဦး ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ကောင်းတွေက စိတ်ဖိစီးမှုကို ကာကွယ်ပေးပါသတဲ့။
၎။ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေကို ရှောင်ပါ ..
  • ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း မရှိပေမယ့် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိရင်တောင် အိုမင်း ရင့်ရော်စေတယ်လို့ သိရပါတယ်။ ဆေးလိပ်ငွေ့တွေရှိတဲ့နေရာမှာ ၄ နာရီလောက်ရှိနေရင် ရှိရင်းစွဲ အသက်ထက် ၇ နှစ်စာလောက် အိုစာသွားစေပါတယ်။ အသက် ၄၀ အရွယ် ဆေးလိပ်သောက်သုံးသူရဲ့အသားအရည် ဟာ ဆေးလိပ်မသောက်တဲ့ အသက် ၆၀ အရွယ်ရဲ့ အသားအရည်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆေးလိပ်မှာ ပါဝင်တဲ့အဆိပ်ဓာတ်က အသားအရည်အတွက် အောင်ဆီဂျင်ရရှိမှုကို အားနည်းစေပြီး တစ်ရှူးတွေကို ပျက်စီးစေတယ်လို့ သိရပါတယ်။
၅။ အိပ်ရေး၀၀ အိပ်ပါ ..
  • မိမိရဲ့ ရုပ်ရည်အတွက်ရော၊ ကျန်းမာရေး အတွက်ပါ အချိန်မှန် အိပ်ဖို့နဲ့ အိပ်ရေး၀၀ အိပ်ဖို့ အရေးကြီး ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ကိုယ်ခံအားကို မြင့်တက်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း အထိုက်အလျှောက် ကာကွယ်ပေးပါတယ်။
၆။ စိတ်ဖိစီးမှုကို တိုက်ဖျက်ပါ ..
  • စိတ်ဖိစီးမှုက လူကို အိုမင်းစေပါတယ်။ စိတ်ဖိစီးမှုက လူကို နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပြီး၊ စိတ်တင်းကြပ်မှု တာရှည်လာရင် ကိုယ်ခံအားကို လျော့ပါးလာစေ ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်း ကတော့ တရားထိုင်ခြင်းနဲ့၊ ယောဂကျင့်စဉ်လိုမျိုး စိတ်ကို တည်ငြိမ်စေမယ့် လေ့ကျင့်မှုမျိုးကို လုပ်ဆောင် ပေးသင့်ပါတယ်။
၇။ အိမ်ထောင်ရေးသုခကို ခံစားပါ ..
  • အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရရှိတဲ့ အိမ်ထောင်သည် တွေဟာ အိမ်ထောင်ရေး သုခ အပြည့်မ၀ မရရှိတဲ့ အိမ်ထောင်သည် တွေထက် ၇ နှစ်ပိုပြီး နုပျိုစေတယ်လို့ မှတ်သားရ ပါတယ်။ (အိုမင်းရင့်ရော် တာကနေ ရှောင်လွဲနိုင်အောင် မြန်မြန် အိမ်ထောင်ထူသင့်တယ်လို့ ပြောချင် တာများလား မသိ...၊ အတွေးတွေ ပွားသွားရပါတယ်)။
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

Monday, March 9, 2009

သံယောဇဉ်အမျှင် တန်းတယ် .. ..

တိမ်တောက်နေတဲ့ ကောင်းကင်ကို မြင်တော့ ရင်ကို ပိုအိုက်လာစေတယ်။ ဒီလို ပြိုးပြက်တဲ့ အလင်းရောင်ဟာ လွမ်းကျန်ခဲ့တဲ့ ကိုယ့်အဖို့ ဘယ်လိုမှ ခံနိုင်ရည် မရှိဘူးဆိုတာ မင်းလေး ယုံနိုင်မလားပဲ။ မင်းနဲ့ အတူရှိနေခဲ့တဲ့ ခဏတာ အချိန်လေးမှာ ရာသီဥတုလေးက တကယ့်ကို ထာဝရ အိုအေစစ်လေးပါ။ ဒီအချိန်လေးကိုပဲ ဖမ်းဆုပ်ထားနိုင်မယ် ဆိုရင် ကိုယ့်အတွက် အတိုင်းထက် အလွန် ကျေနပ်မှုကို ဖြစ်မစေမှာ အမှန်ပါ။ နွေးနေတဲ့ ရေမှုန်လေးတွေရယ်၊ မြေသင်းရနံ့လေးရယ်၊ တိမ်ကင်းတဲ့ ကောင်းကင်ပြာပြာ ကြီးရယ်က မင်းလေးကို ဒီနွေရက်မှာ ပြောပြ ပါလိမ့်မယ် .. ကိုယ်မင်းကို သံယောဇဉ် ရှိနေတယ် ဆိုတာကိုပါ။

မဟာဆန်တဲ့ မျက်နှာလေးနဲ့ အပြုံးတွေ ဝေနေတဲ့ မင်းလေးကို မျက်စိထဲကနေ မထွက်နိုင်ခဲ့ဘူးလေ။ မင်းလေးရဲ့ ဂုဏ်ပုဒ်တွေက အချစ်ကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း တွေနဲ့ အတူ အမျက်ဒေါသ ကင်းသူလည်း ဖြစ်တယ်။ အလွန်နူးညံ့သိမ်မွေ့ တတ်သူတစ်ဦးဖြစ်ပြီး နှုတ်ထွက် စကားတွေတိုင်းက တစ်ပါးသူအတွက် ပျားသကာလို ချိုမြိန်စေတယ်။ မင်းလေးရဲ့ ဂရုတစိုက် လုပ်ကိုင်ပေးတတ်မှုတွေ အမြဲပဲ တစ်ဘက်လူအပေါ် အကာအကွယ် ပေးတတ်မှုတွေနဲ့ ကျေနပ်မှုတွေကြောင့် လူချစ်လူခင် ပေါများသူဖြစ်တယ်။ ဒါပေမဲ့ လည်း ကိုယ်တိုင်မှာတော့ အမြဲခံစားကျိုးပဲ့ လွယ်တတ်တဲ့  စိုးရိမ်ပူပန်ခြင်းတွေနဲ့  ချစ်စရာ အလွန်ကောင်းသူ တစ်ဦးပါတဲ့။ ဒီလို စိုးရိမ် ကြောင့်ကျစိတ် ကြောင့်ပဲ ကိုယ့်ကို အပြည့်အ၀ မယုံကြည်ခဲ့ တာလေလားပဲနော်။

ကိုယ်မင်းကို လွမ်းတယ်။ နှုတ်ခမ်းနဲ့ လွမ်းတာမဟုတ်ပါဘူး။ ရင်မှာဖြစ်တဲ့ နှလုံးသားနဲ့ လွမ်းတယ် ဆိုတာကို ယုံစေချင်တယ်။ တစ်နေ့နေ့ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မင်းလေးကို စောင့်နေမိတယ်။ မင်းဆီက နူးညံ့တဲ့ အပြုံးတစ်ပွင့်နဲ့အတူ နွေးထွေးတဲ့ လက်တစ်စုံရဲ့ အင်အားကို ကိုယ်တမ်းတ နေမိတယ်။ ကိုယ်ညည်းဖို့ မင်းလေး ပေးထားတဲ့ သီချင်းလေးတွေကို ကောင်းကင်ပေါ် ကြယ်တွေစုံတဲ့ ညမှာ မင်းလေးရှိနေမယ့် နေရာကို ရော်ရည်မှန်းပြီး ညည်းချင်းထပ် နေမိတယ်။ ကိုယ့်သံယောဇဉ်တွေဟာ အဖော်မပါတဲ့ လမ်းမပေါ် ရှင်သန်လျက်ပါ။ အလွမ်းတွေနဲ့ ဝေးစေမယ့် နေရာသစ်ဆီကို ခေါ်သွားနိုင်မယ့် သူဟာ မင်းလေးပဲ ဖြစ်တယ်ဆိုတာ ကိုယ်ယုံကြည်တယ်။

အဖြူသက်သက် ကိုယ့်နှလုံးကို ပုံရိပ်ထင်စေတာ မင်းလေးပဲဆို ယုံမှားသံသယ မဖြစ်မိပါဘူး။ အလတ်ဆတ်ဆုံး နဲ့ အသန့်ရှင်းဆုံး ရင်ခုန်သံတွေကို ပထမဆုံး ဖြစ်ပေါ် စေခဲ့တာလည်း မင်းလေးပဲ ဖြစ်တယ်ဆို ၀န်ခံပါရစေ။ မင်းလေးကို သံယောဇဉ်ရှိ တယ်ဆိုတာကို ကိုယ် အပွင့်လင်းဆုံး ၀န်ခံခဲ့ပါပြီ။ ပကတိ ရိုးသားတဲ့ စကားလုံးတွေရဲ့ နောက်မှာ အစစ်မှန်ဆုံး ရင်ခုန်သံတွေကို မင်လေး မေ့နိုင်မှာလား။ ကိုယ့်ဘ၀မှာ အမြတ်နိုးဆုံး ဆိုတဲ့ နေရာလေးမှာ ရှိနေစေဖို့ ရည်ရွယ်ရင်း၊ မျှော်လင့်ရင်း မင်းလေးနဲ့ ဝေးရမှာ ကြောက်မိတဲ့ ကိုယ့်ရဲ့ စိုးရိမ်စိတ်နဲ့အတူ မင်းလေး ပြောဖို့ကျန်နေသေးတဲ့ စကားလေး တစ်ခွန်းကို စောင့်မျှော်နေလျက်ပါ။






Friday, March 6, 2009

မိတ်ကောင်းဆွေမွန်

ကိုယ်ကိုယ်တိုင်က စီးပွားရေးသမား ဖြစ်တဲ့အပြင် လူအများနဲ့ ပေါင်းသင်းဆက်ဆံ နေရတဲ့ ကားသမား တစ်ယောက် ဖြစ်တယ်။ မတူညီတဲ့ လူအမျိုးမျိုး၊ ခြားနားတဲ့ စိတ်အထွေထွေ ရှိနေကြတဲ့ လောကသားတွေနဲ့ နေ့စဉ် ပြောဆို ဆက်ဆံ ပေါင်းသင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကိုယ်ကတော့ လူငယ်ပီပီ ဖောက်သည်တွေကို အမြဲပဲ ဦးညွတ်ပြီး တလေးတစား ဆက်ဆံပါတယ်။ ဟင်းသီး ဟင်းရွက်သည် ကိုလည်း အလိုက်အထိုက် ဆလံပေး ဆက်ဆံပါတယ်။ ကုန်တိုက် မန်နေဂျာနဲ့လည်း လည်တငြိမ့်ငြိမ့် ရိုသေတာမို့ ကိုယ့်ကိုယ်ကိုယ် တစ်ခါတလေ ပေါတောတော ဖြစ်နေသလားလို့ ဆန်းစစ်မိပါတယ်။ လုပ်ငန်းရဲ့သဘော သဘာဝမို့ ပေါနေရင်လည်း ခွင့်လွတ်နိုင်မယ် ထင်ပါတယ်။ လူတွေထဲက လူတစ်ယောက်မို့ နေ့တွေထပ်လို့ ရက်တွေ ဆက်လာတော့လည်း အဆင်မပြေရင် မပြေသလို ဘုစကားတွေ ပြောဖြစ်မိတယ်။ စိတ်ထဲက ပါလို့တော့ မဟုတ်ပါဘူး။ မိတ်ဆွေ အပေါင်းအသင်းတွေကို လိုချင် တပ်မက်ပါတယ်။ စိတ်သဘောခြင်း ထပ်တူသည် ဖြစ်စေ စိတ်အမြင်ခြင်း ဆန့်ကျင်သည် ဖြစ်ပါစေ လူတိုင်းနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်။ မှန်ကန်တဲ့ မိတ်ဆွေစစ် တစ်ယောက်ရဖို့ နှစ်တွေ အကြာကြီးစောင့်ရပါစေ စောင့်ရကျိုးနပ်တယ်လို့ပဲ မြင်မိပါတယ်။

မိတ်ဆွေကောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကျွန်းကိုကိုင်းမှီ၊ ကိုင်းကိုကျွန်းမှီ ဆိုသလို အပြန်အလှန် မှီခို၊ အပြန်အလှန် လေးစားမှုရှိကြရ ပါမယ်။ တစ်ယောက်ရဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေကို တစ်ယောက်က လေးစား အသိအမှတ်ပြုပြီး တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖေးမကူညီ ဖြည့်စွမ်းပေး ရပါမယ်။ တစ်ယောက်ရဲ့ ဘေးအန္တရာယ်ကို တစ်ယောက်က ကာကွယ်စောင့်ရှောက်ပြီး တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က ၀မ်းမြောက် ၀မ်းသာ ဂုဏ်ယူတတ် ရပါမယ်။ တစ်ယောက်က ကောင်းစားရင် ကျန်တစ်ယောက်က မနာလို ၀န်တိုခြင်း မရှိပါဘဲ မုဒိတာစိတ် ထားရှိတတ် ရပါမယ်။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က သည်းခံခွင့်လွှတ်ပြီး တစ်ယောက်ရဲ့ အကျိုးကို တစ်ယောက်က ဆောင်ရွက်ပေးခြင်းဟာ မိတ်ကောင်း ဆွေကောင်းတွေရဲ့ ကျင့်ကြံအပ်တဲ့ ကောင်းမြတ်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း ဆိုတာကတော့ တစ်ကိုယ်ကောင်း မဆန်တဲ့သူ။ စေတနာမှန်ကန်တဲ့သူ၊ အကျိုးတူ ကိစ္စရပ်များကို သတ္တိရှိရှိ ပူးပေါင်း ဆောင်ရွက် ကူညီလိုစိတ်ရှိသူ၊ အခက်အခဲ အကြပ်အတည်းတွေနဲ့ အရေးကြုံ လာတဲ့အခါ ခေါင်းရှောင် သွေဖီ မသွားပါဘဲ မိမိရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီ ဖြေရှင်းပေးတာတွေ ပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အခြားတစ်ယောက်ရဲ့ အမှားအယွင်းနဲ့ အပြစ်တွေကိုပဲ ကြည့်ပြောနေမယ်၊ အားနည်းချက်တွေကိုပဲ မြင်နေမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ကို သူ့အပေါင်း အသင်း မိတ်ဆွေတွေက ရှောင်ရှားဖယ်ပြန် သွားကြမှာ ဓမ္မတာပါ။ အဲဒီနည်းနဲ့ လူတွေကို စည်းရုံးသိမ်းသွင်းလို့ မရနိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ချို့ယွင်းမှုနဲ့ ပြစ်ချက်ဆိုတာ အနည်းနဲ့အများတော့ ရှိတတ်ကြတာ သဘာဝပါ။ ပုထုစဉ် လူသားမို့ ခြောက်ပစ်ကင်း သဲလဲစင် တယ်ဆိုတာ မရှိနိုင်ပါဘူး။ လူတစ်ယောက်ဆီကနေ အကောင်းတွေချည်း မျှော်လင့်လို့ မရစကောင်း တာကိုတော့ နားလည်ထားပြီးသား ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ စိန်ကောင်း ကျောက်ကောင်း တစ်ပွင့်ရဖို့ ငွေကြေးဥစ္စာနဲ့ ပုံအောပေးပြီး ရနိုင်ပေမဲ့လည်း မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း တစ်ယောက်ကို ရရှိနိုင်ဖို့ အတွက်တော့ ငွေကိုပုံအောပေးလို့ မရနိုင်ကောင်းပါဘူး။ စိန်ကောင်း ကျောက်ကောင်းထက် မိတ်ကောင်း ဆွေကောင်းက ပိုပြီး ရှားပါတယ်။ ပိုပြီး တန်ဖိုးကြီးပါတယ်။ စိန်ကောင်း ကျောက်ကောင်းကို တန်ဖိုးထား သတ်မှတ်လို့ ရနိုင်ပေမယ့် မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်းမှာ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့အကြောင်း ပြောကြား ချင်ပါတယ်။ အားလုံးကို လေးစားခင်မင်လျက်ပါ။

Sunday, March 1, 2009

ရင်ထဲက လွန်ဆွဲပွဲ (သို့) နှစ်ယောက်ထဲက တစ်ယောက်

ဖိုးရှမ်းငယ်ငယ်က ၀၀ကစ်ကစ်လေးမို့ ရပ်ကွက်ထဲကို လမ်းသလားပြီးလို့ အိမ်ပြန်ရောက်ရင် ပါးနှစ်ဖက်လုံး ရောင်သွားသလား အောင့်မေ့ရတယ်။ တွေ့သမျှ ကိုကို မမတွေက ပါးဖောင်းဖောင်း နှစ်ဖက်ကို အားမလို အားမရနဲ့ ဆွဲဆွဲသွားကြလို့ပါ။ ၁၀ နှစ်ပြည့်လို့ ကိုရင်ဝတ်ပြီးမှပဲ အရပ်က ရှည်ထွက်ပြီး လူကြီး တစ်ယောက်လို ကလန်ကလား ဖြစ်သွားတယ်။ ငယ်က ဖိုးရှမ်းလို့ ခေါ်ရာကနေ ကြီးတော့ ရှမ်းကြီးလို့ ချစ်စနိုး ပြောင်းခေါ်ကြတယ်။ ဖိုးရှမ်း ဖေဖေက ရှမ်း-တရုတ်စပ်တယ်။ အလုပ်ကတော့ ကုန်တင်ကားကြီးတွေ ထောင်ပြီး ကုန်တွေ ခရီးသည်တွေ ပို့တဲ့အလုပ် လုပ်တယ်။ သူ့ဝါသနာနဲ့ သူ့ကျွမ်းကျင်ရာက ဒီကားအလုပ်ပါပဲ။ မှန်တာ ၀န်ခံရင် ကားသမားဆိုတော့ အသောက်အစားတော့ မကင်းပါဘူး။ ဒါပေမယ့် မေမေနဲ့ မိသားစုကိုတော့ ဒုက္ခမပေးခဲ့ပါဘူး။ မေမေကတော့ ချက်တယ် ပြုတ်တယ် လျှော်တယ် ဖွတ်တယ်။ နေ့ခင်းဖက်ဆို တစ်လမ်းကျော်က သူငယ်ချင်းအိမ်မှာ တစ်နေကုန် သွားနေတယ်။ (အမှန်တော့ အပျင်းပြေ ဖဲသွားကစားတာပါ) မေမေနဲ့အတူ ဖိုးရှမ်းလည်း အမြဲလိုက်သွားလေ့ရှိတဲ့ အိမ်ဖြစ်တယ်။ အဲဒီအိမ်မှာ ဖိုးရှမ်းထက် ၂ နှစ်ငယ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ နာမည်က နန်းလောဝ်ခမ်း လို့ခေါ်တယ်။ ဖိုးရှမ်းတို့ ဖေဖေလိုမျိုးပဲ ကုန်ကားထောင်တယ်။ လုပ်ငန်းတူလည်းဖြစ်၊ တစ်မြို့တည်းသား တွေလည်းဖြစ်။ စားအိမ် သောက်အိမ်လည်း ဖြစ်တော့ ငယ်ကတည်းက ဖိုးရှမ်းလေးနဲ့ လောဝ်ခမ်းတို့ နှစ်ယောက်ကိုစေ့စပ် ထားလိုက်ကြတယ်။ တစ်ဦးတည်းသောသားနဲ့ တစ်ဦးတည်းသော သမီးမို့ ဆွေမျိုးစပ်ပြီး သွေးချင်းနီးအောင် လူကြီးတွေက စီမံခဲ့တာပါ။

ဖေဖေက အမြဲခရီးထွက်တော့ ဖိုးရှမ်းလေးကို မေမေရဲ့အချစ်ကပဲ အလေးပိုခဲ့ပြီး အရမ်းပဲ အလိုလိုက်တယ်။ တစ်ဦးတည်းရှိတဲ့ ဖိုးရှမ်းကို မျက်နှာမငယ်ရအောင် လိုလေသေးမရှိ ဖြည့်ဆည်းပေး ခဲ့တယ်။ ဖိုးရှမ်းလေး ၁၀ တန်းအောင်တော့ အိမ်ကို တစ်ခါမှ မခွဲစဖူးခွဲပြီး တစ်နယ်တကျေးကို ကျောင်းသွားတက်တယ်။ လှောင်အိမ်က လွှတ်လိုက်တဲ့ ငှက်ကလေးလို လွတ်လပ်သွားတယ်။ ပြင်ပဗဟုသုတကို နီးနီးကပ်ကပ် လေ့လာခွင့်ရတော့ အမြင်ကျယ်တာ ရှိခဲ့သလို။ လောကအတွေ့အကြုံ မရှိလို့ ဆုံးရှုံးနစ်နာ တာတွေလည်း မနည်းပါဘူး။ တောင်ကြီးမှာ နေတုန်းကတော့ အိမ်ကို မကြာမကြာ ပြန်ရောက်ခဲ့ပေမယ့်။ မန်းလေးကို ကျောင်းပြောင်း တက်တော့ အကြောင်းပြချက် အမျိုးမျိုးနဲ့ အိမ်မပြန်ဖြစ်တာ နှစ်နဲ့ချီခဲ့တယ်။ ကျောင်းပြီးသွားပေမယ့် ရန်ကုန်မှာ ဟိုလိုလို ဒီလိုလိုနဲ့ အကြာကြီးပဲ သောင်တင်နေမိတယ်။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ်ဌာနကို မေ့လျော့လွယ် စေတာကတော့ မကုန်ဆုံးနိုင်တဲ့ အတတ်ပညာတွေ နည်းပညာတွေကို ဆည်းပူးနေလို့ပါ။ ဘွဲ့ယူတဲ့နှစ်မှာပဲ မေမေနေမကောင်းလို့ ဖိုးရှမ်း အိမ်ပြန်ဖြစ်ခဲ့တယ်။ မေမေ့ကို နောက်ဆုံးတွေ့ဖို့  ပြန်ခဲ့တယ် ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ မွေးမေမေကို ဘာမှ မယ်မယ်ရရ ကျေးဇူးခွင့်မရခဲ့တဲ့ ဖိုးရှမ်းလေးဟာ မေမေ မရှိတော့မှ နောင်တ ရခဲ့တယ်။

မေမေက ဖိုးရှမ်းလေးကို ကတိတစ်ခွန်းပဲ တောင်းသွားတယ်။ အိမ်က စီးပွားရေးကို ဦးစီးပြီး ၃၀ ပြည့်တဲ့နှစ်မှာ လူကြီးတွေ သဘောတူထားတဲ့ လောဝ်ခမ်းနဲ့ လက်ထပ်ယူဖို့ပဲ ဖြစ်ပါတယ်။ ဖိုးရှမ်းလေးခမျာ မိဘနှစ်ပါးလုံး မရှိတော့တဲ့ နယ်ကိုစွန့်ပြီး မြို့ပေါ် ပြောင်းလာတယ်။ အဖေရဲ့ လက်ငုတ်လက်ရင်း အလုပ်ကို ဦးစီးလုပ်ကိုင်တယ်။ တိုးတက်အောင် လုပ်တယ်။ မေမေမှာထားတဲ့အတိုင်း နန်းလောဝ်ခမ်းကို ဆက်သွယ်တယ်။ အထက်တန်း အောင်တဲ့အထိ အတူတူ ကျောင်းတက်ခဲ့တဲ့ ငယ်သူငယ်ချင်း ဖြစ်ပေမယ့် ခုချိန်မှာ ပြန်တွေ့တော့ နှစ်ယောက်လုံး အိုးတိုး အန်းတန်းနဲ့ရယ်ပါ။ စကားပြောတော့လည်း အယောင်အယောင် အမှားမှားတွေပါပဲ။ လောဝ်ခမ်းက ကွန်ပျူတာတက္ကသိုလ် ကျောင်းပြီးတာနဲ့ နယ်မှာပဲ မိဘတွေနဲ့အတူ အခြေချနေတယ်။ မိန်းကလေးဆိုတော့ တကူးတက အပြင်အလုပ်ထွက်လုပ်တာ မရှိခဲ့ပါဘူး။ ဖိုးရှမ်းနဲ့ လောဝ်ခမ်းတို့ နှစ်ယောက်ပြန်တွေ့ပြီး နောက်ပိုင်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်ခဲ့ပါဘူး။

လုပ်ငန်းခွင်ထဲရောက်တော့ ဖိုးရှမ်းခမျာ လူငယ်တို့ သဘာဝ အပျော်အပါးတွေနောက် မလိုက်နိုင်ရှာ ခဲ့ပါဘူး။ မြားမြှောင်လှတဲ့ အလုပ်ထဲမှာပဲ နစ်နေရတော့ နှလုံးသားရေးကို ရှေ့တန်း မတင်နိုင်ခဲ့တာ အမှန်ပါ။ တစ်နှစ်ကို ၈ လလောက် ခရီးထွက်နေရသူ တစ်ယောက်အတွက် အလုပ်အပေါ်မှာပဲ သံယောဇဉ်တွယ် နေမိတယ်။ (အမှန်တော့ လောဘဇော ကပ်နေတာပါ။) မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ် သင်္ကြန်လောက်ကစပြီး အလုပ်က ပါးလာတယ်။ ခရီးကို ကြိုကြားကြိုကြား လောက်ပဲ သွားရတော့တယ်။ ဒါနဲ့ ဖိုးရှမ်း ၀ါသနာပါတဲ့ အင်တာနက်နဲ့ အချိန်ကုန်စေခဲ့တယ်။ အင်တာနက်ပေါ်မှာ ဟိုလူနဲ့တွေ့လည်း သံယောဇဉ်တွယ်မိ၊ ဒီတစ်ယောက်နဲ့ တွေ့လည်း သံယောဇဉ်တွယ်မိနဲ့ ကိုယ့်ကိုယ်ကို ဘယ်ဟာက အမှားအမှန်၊ ဘယ်ဟာက အတုအယောင် ဆိုတာကို မဆန်းစစ်မိခဲ့တာ အမှန်ပါ။ အမှားသံဝေဂတွေ တော်တော်လေး ရပြီးမှပဲ ဖိုးရှမ်းခမျာ တည်တည်ငြိမ်ငြိမ် ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဖိုးရှမ်းရဲ့ နှလုံးသွေးကို သံစဉ်မမှန်အောင် ခုန်စေတဲ့ အချစ်ဆိုတာကို စတင်တွေ့ခဲ့တယ်။ အချစ်ကို မျက်စိနဲ့  ကိုယ်တိုင်ကိုယ်ကျ တပ်အပ် မမြင်ဖူးသေးပေမယ့် ကြားနေရတဲ့ အသံလွင်လွင်လေးကပဲ ဖိုးရှမ်းလေးရဲ့ နှလုံးစည်းချက်ကို လှုပ်ခတ်စေတယ်ဆိုတာ ၀န်ခံပါတယ်။ လေလိုင်းထဲက ပို့လိုက်တဲ့ ပုံလေးတွေကိုကြည့်ပြီး သံယောဇဉ်ပိုတွယ်စေတယ် ဆိုရင်လည်း မမှားပါဘူး။

အချိန်ဆိုတဲ့ ယန္တယားကို ရှေ့ဆက်မရအောင် တားထားလို့ မရသလို၊ ကိုယ့်စိတ်ကြိုက် ပြုပြင် ဖန်တီးယူလို့ ရကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဖိုးရှမ်းတစ်ယောက်ရဲ့ နှလုံးသားရေးရာ လွန်ဆွဲတိုက်ပွဲဟာ မကြာမတင်မှာ အဆုံးအဖြတ် ပေးရမဲ့ ပန်းတိုင်ကို ရောက်တော့မှာ ဖြစ်ပါတယ်။ ဖိုးရှမ်းအဖို့ မိဘတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ငယ်သူငယ်ချင်း ကိုပဲ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်မလား၊ ထူထောင်သင့်ပါသလား။ ဒါမှမဟုတ်ပါပဲ မိဘစကားကို ဖယ်ရှားပြီး ဖိုးရှမ်းရင်ထဲမှာ နေရာအပြည့် ယူထားတဲ့ 21 Vs Me နဲ့  စိတ်ယိုင်ပြီး အနှစ်သာရပြည့်တဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ထူထောင် သင့်ပါလား။ 2010 Elections ထက်ပိုအရေးကြီးတဲ့ ဖိုးရှမ်းလေးရဲ့ ရင်ထဲက လွန်ဆွဲပွဲလေးမှာ ဘယ်သူ့ကို အလေးသာစေချင်တယ်၊ ဘယ်သူ့ကို အလေးထားရမယ် ဆိုတဲ့ အားပေးစကားလေးကို ဖိုးရှမ်းကို ခင်မင်တဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအားလုံးက မဖြစ်မနေ အကြံဥာဏ် ပေးကြပါအုန်းလို့ တောင်းဆိုချင်ပါတယ်။ မပျက်မကွက်နဲ့ပါ။

Wednesday, February 25, 2009

မိန်းမစကား နားထောင်သင့် - မသင့်

အိမ်ထောင်ပြုတယ် ဆိုတာ အခြေခံအနေနဲ့ ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြ ကြိုက်ကြလို့ပါ။ အကြင်သူနှစ်ဦး ချစ်သူတွေ ဖြစ်ကြပြီးမှ လက်ထပ်ကြတာ ရာခိုင်နှုန်းများတတ် ပါတယ်။ ရာခိုင်နှုန်း အနည်းငယ် လောက်သာ အိမ်က လူကြီးတွေ ပေးစားလို့ ယူဖြစ်ကြတာ ဖြစ်ပါတယ်။ ချစ်ကြတယ် ဆိုတဲ့ နေရာမှာ တစ်ယောက် အကျိုးကို တစ်ယောက်က လိုလားတယ် နှစ်သက်တယ် စိတ်တူ ကိုယ်တူ ဖြစ်တယ် ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ချစ်ကြတယ်ပြောပြော အိမ်ထောင်တစ်ခု ထူထောင်လို့ အတူနေကြပြီ ဆိုတာနဲ့ တစ်ယောက်က အခြားတစ်ယောက်ကို မိမိလိုလားတဲ့စိတ်နဲ့ အားနည်းချက်တွေကို ဝေဖန် ထောက်ပြမှာ အမှန်ပါပဲ။ (ဥပမာအားဖြင့် သွားတိုက်ဆေးဘူးကို ညှစ်တဲ့ နေရာချင်း မတူတာတို့၊ ဆပ်ပြာကို အသုံးပြုပြီး ရေပြန် မဆေးထားတာတို့ တွေကအစပေါ့) လူဟာ ဘယ်သောအခါမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ယောက်ျားလေးမှာ မရှိတဲ့ အရည်အချင်းက မိန်းကလေးမှာ ရှိနေတတ်ပါတယ်။ ကိုယ်မတွေးမိတဲ့ အတွေးအခေါ်ကောင်းတွေ သူတွေးမိတာတွေလည် ရှိတတ်ပါတယ်။

ယောက်ျားလေးနဲ့ မိန်းကလေးတွေ များသောအားဖြင့် ပြဿနာတစ်ခုအပေါ်မှာ ရှုမြင်တဲ့ အမြင်တွေ သုံးသပ်ပုံတွေ မတူတတ်ကြပါဘူး။ စီးပွားရေး၊ လူမှုရေး၊ အထွေထွေ ကိစ္စ တွေမှာပဲဖြစ်ပါစေ ယောက်ျားလေးတွေရဲ့ အားနည်းချက်၊ ဟာကွက်တွေကို ထောက်ပြနိုင်စွမ်း တဲ့ မိန်းကလေးတွေ ရှိတယ်။ ဒါကိုလက်ခံတတ်ရင် သာယာတဲ့ အိမ်ထောင် တစ်ခု ဖြစ်လာမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ငါသာ စေ့စပ်သေချာတယ်။ ငါလို ယောက်ျားဆိုတဲ့ မဟာဖိုဝါဒ သမားတွေအတွက် ဘယ်မိန်းမစကားကိုမှ နားမထောင်သင့်ဘူး လို့ ထင်မှတ်ပြီး ကိုယ်ထင်ရာ ကိုယ်စိုင်းရင်ဖြင့် အိမ်ထောင်ရေး အမှားအယွင်းတွေ ဖြစ်တတ်ကြပါတယ်။ လူတိုင်း ကိုယ့်စိတ်ကြိုက် ပြုမူနေထိုင်နိုင်တယ် ဆိုပေမယ့် အိမ်ထောင်တစ်ခု ဖြစ်လာရင်တော့ ညှိနှိုင်းယူရတဲ့ အပိုင်းကို ဦးစားပေးရမှာပေါ့နော်။

ချစ်ခြင်းမေတ္တာကို အခြေခံပြီး အိမ်ထောင်ထူထောင် ထားတဲ့ မိသားစုတစ်ခုမှာ မိန်းမတွေအနေနဲ့ ကိုယ့်ယောက်ျားကို မကောင်းတဲ့ ဒုစရိုက်အလုပ်တွေကို လုပ်ခိုင်းမယ် မထင်ပါဘူး။ ခြွင်းချက်တော့ ရှိချင်ရှိမှာပါ။ ဒါပေမယ့် များသောအားဖြင့်တော့ မိန်းမတွေဟာ ကိုယ့်ယောက်ျားရဲ့ အကျိုး၊ ကိုယ့်မိသားစုရဲ့ အကျိုးကိုရှေးရှုပြီး ပြောတာ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီနေရာမှာ ယောက်ျားက မိန်းမပြောတိုင်း ယုံကြည်နာခံမှာလား ဆိုပြီး စိုးရိမ်စရာ မရှိပါဘူး။ ယောက်ျားကလည်း ဘယ်စကားက ငါ့အကျိုးစီးပွား၊ ငါ့ကျန်းမာရေး အတွက်ပြောတယ်။ ဘယ်စကားကဖြင့် ငါ့မိသားစု တစ်ခုလုံးရဲ့ အကျိုးစီးပွား အတွက် ပြောတယ် ဆိုတာကို ဝေဖန် ချင့်ချိန်အုန်းမှာပါ။ သက်သက် ဒီမိန်းမ အစိုးရိမ်လွန်ပြီး ပြောနေတာ ဆိုရင်လည်းပဲ မိန်းမက စိတ်ရင်း အမှန်နဲ့ စေတနာနဲ့ ပြောတာဖြစ်လို့ သူရှေ့မှာတော့ လေးလေးစားစား နားထောင်သင့်ပါတယ်။ စကားပုံတောင် ရှိပါတယ်။ မိန်းမစကားနားထောင်ရင် အိုတောင် မဆင်းရဲဘူးတဲ့။ ဒါကြောင့် ကိုယ့်မိန်းမက ကိုယ့်အကျိုးကို လိုလားတဲ့ စိတ်နဲ့ အစစအရာရာကို ပြောမှာဖြစ်လို့ အိမ်ထောင်ရှင် ယောက်ျားတိုင်း ကိုယ့်မိန်းမစကားကို နားထောင်သင့်တယ်လို့ ဒီလို တွေးထင်မိ ပါတယ်။ ဒီအထဲမှာ ကိုယ်မပါသေးပေမယ့် နည်းနည်းတော့ ကျင့်သားရအောင် အင်ထရိုဝင်ပြီး ပရယ်ဒီကယ် လုပ်ထားရတာပါ။ အားလုံးပဲ ပျော်ရွှင် နိုင်ပါစေ။

Photobucket

Tuesday, February 24, 2009

အဆင်ပြေ ပါစေ ကြယ်ပိန်

Sent at 10:17 AM on Tuesday

thinstar1: hi
Win: မင်္ဂလာပါ၊ ဘယ်သူများပါလဲ၊ တွေ့ရတာ ၀မ်းသာပါတယ်
thinstar1: hi
Win: ပြောပါ၊ say something pls
thinstar1: ခင်ချင်လွန်းလို့ပါရှင့်၊ အဟိ
Win: ခင်တတ်ပါတယ်၊ ဘယ်သူများလဲ မသိဘူးနော်
thinstar1: မသိဘူး
Win: မ-သိဘူး နဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်
thinstar1: အင်း
Win: နာမည်တူတွေ များတယ်နော်
thinstar1: အဲဒါကိုတော့သိတယ်
Win: ခင်ချင်တာပဲ နာမည်လေးတော့ ပြောသင့်တာပေါ့
thinstar1: မပြောချင်လို့ပါ
Win: ဒါမှလည်း စကားပြောရတာ အဆင်ပြေတာပေါ့၊ ဒါဆို ဘလောဂ့်ရှိလား
thinstar1: ဘလော့လ်ဆိုတာဘာလဲ၊ မသိ
Win: ဒါဆို ကျွန်တော့်ကို ဘယ်လိုသိပြီး ဘာလို့ ခင်ချင်တာလဲတော့ မသိဘူး
thinstar1: အမြင်ကပ်လို့
Win: အန်
thinstar1: အကြောင်းသိချင်လို့
Win: ကောင်းပ
thinstar1: ဘာကောင်လဲလို့၊ တကယ်ပြောတာ
Win: ဘာမှ မဟုတ်ပါဘူးဗျာ၊ သာမန်လူထဲက လူပါပဲ
thinstar1: ဟုတ်လောက်ပါတယ်
Win: ခုပဲ ဗေဒင်တွက်လာတာ၊ လူမုန်းများတယ်တဲ့၊ မှန်တာတော့ မှန်နေပြီ
thinstar1: တကယ်ဟုတ်လောက်တယ်
Win: ပြောပါအုန်း
thinstar1: အရမ်းမှန်တယ်၊ ဗေဒင်ဆရာကိုအိမ်မှာပူဇော်ထား သိလား
Win: အမြင်ကပ်တာ ဘာကြောင့်လဲ၊ အကြောင်းတော့ ရှိမှာပါ
thinstar1: အခြေကြီးတယ်လို့ ပြောာသံကြားလို့
Win: နံပတ် ၁၁ ပဲစီးတာပါ
thinstar1: ဟင်၊ အဲဒါကြောင့်ဖြစ်ချင်ဖြစ်မှာပါ
Win: ဘယ်သူက မြောက်ပေးလိုက်တာလဲ မသိဘူးနော်
  • ကနေ့အထိတော့ ဘယ်သူ့ကိုမှ အမှား မလုပ်ခဲ့သေးပါဘူး
  • အထင်လွဲတာ ဖြစ်ပါမယ်
  • တောင်းပန်ပါတယ်
  • နစ်နာ ထိခိုက်တာများ ရှိရင်
thinstar1: ဟင်၊ နင်ကို ငါ ခုမှသိတာ၊ ဘာထိခိုက်မှု့မှ မရှိဘူး
Win: ဒါဆို ဘာလို့ အမြင်ကတ်တာလဲ
thinstar1: စိတ်ထဲ တမျိုးဖြစ်နေလို့၊ အင်ဗိုက်လုပ်လိုက်တာ
Win: ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်စေချင်ပါတယ်ဗျာ
thinstar1: မာန ကြီးတယ်လို့ ပြောသံကြားလို့ပါဆိုဟာ
Win: ကျွန်တော်က အားလုံးကို ခင်တတ်ပါတယ်
thinstar1: ဟုတ်ကဲ့ရှင့်၊ ဟုတ်၊ ယုံပါတယ်ရှင့်
Win: မာနဆိုတာ ကျွန်တော် ပြောချင်ပါတယ်၊ ခုလိုမျိုးပေါ့၊ ခင်ချင်တယ်ပြောပြီး
  • နာမည်တောင်မပြောပြနိုင်တာ
  • ဘယ်လို သူငယ်ချင်းကောင်းဖြစ်လာမလဲနော်
thinstar1: နင်အသိဆုံးနေမှာပေါ့ဟာ
thinstar1: မပြောချင်လို့ပေါ့
Win: ဒါဆို ဘယ်လိုလုပ် ဆက်ခင်မလဲ၊ စဉ်းစားကြည့်ပါအုန်း
thinstar1: ထင်ချင်သလို ထင်နိုင်တယ်
Win: ကျွန်တော်က မျက်နှာမရှိတဲ့သူနဲ့ စကားပြောနေရမှာလား
thinstar1: မစဉ်းစားချင်ဘူး
Win: သယ်ချင်းတို့ဘက်က မာန လျော့သင့်တယ်မဟုတ်လား
ခင်မင်ချင်စိတ် တကယ်ရှိခဲ့ရင် ပြောပါတယ်
thinstar1: မပြောရင် ခင်လို့မရဘူးဆို၊ သဘောအတိုင်းပဲ
Win: အဲဒီ သဘော မဟုတ်ပါဘူး
  • သယ်ချင်းတို့က
  • ကိုယ့်ဘက်ပဲကိုယ်ကြည့်တတ်တာပဲ
  • ကျွန်တော့် သယ်ချင်းတွေ အများဆုံးက blogger တွေ ဖြစ်တယ်
  • ဒီလို ဘုမသိ ဘမသိ နဲ့တော့ စကားပြောရတာ တစ်မျိုးကြီးပါပဲ
  • မေးလို့လည်း အဆင်မချော
  • ပြောတော့လည်း ဘုနဲ့ဘောက်
  • တောင်းပန်တော့လည်း အထက်စီးက မဆင်းချင်ဘူး
  • အစကတည်းက မခင်နဲ့ပေါ့ဗျာ
  • ဒါကို ကျွန်တော်ကပဲ မာနကြီးတယ်ဖြစ်ရတယ်။
---------------------------------------------------------------

thinstar1@gmail.com လိပ်စာနဲ့ မနေ့က ကျွန်တော့်ကို အရင်လာပြီး Invite လုပ်ထားခဲ့တယ်။ ဒီမနက် အဲဒီကလေးမ ကပဲ အရင်ဝင်ပြီး အပေါ်ကအတိုင်းပဲ စကားပြောဖြစ်ခဲ့တယ်။ စကားစပြောကတည်း လူတဖက်သားကို အကောင်းမမြင် ခဲ့ပါဘူး။ ကျွန်တော်ကပဲ အတတ်နိုင်ဆုံး လိုက်လျောပြီး စကားပြောခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေတာတော့ အမှန်ပါပဲ။ ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို လျှို့လျှို့ဝှက်ဝှက် နေချင်သူတွေ အနေနဲ့ သူများတွေကိုလည်း မိတ်ဆွေဖွဲ့နေစရာများ လိုသေးလားလို့ မေးချင်ပါတယ်။ နာမည်လေး တစ်လုံးလောက်တောင် မပြောပြ နိုင်လောက်အောင် လျှို့ဝှက်ထား ချင်တယ်ဆိုရင် ဒါဟာ ရိုးသားမှု မရှိဘူးလို့ သုံးသပ်မိပါတယ်။ ဒီလို ဒီအကြောင်းတွေ မကြာခဏ ဖြစ်တတ်လွန်းလို့ Invite လုပ်လာရင် အမြဲပဲ No ပေးခဲ့မိပါတယ်။ လူတိုင်းကို သူငယ်ချင်းလို၊ မိတ်ဆွေရောင်းရင်းလို ဖော်ဖော်ရွေရွေ ခင်မင် တတ်ပါတယ်။ ခင်လည်း ခင်ချင်ပါတယ်။ လိုအပ်တဲ့ အကူအညီကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေး တတ်ပါတယ်။ (အိပ်စိုက်ပြီးတော့ပါ) ဒါပေမယ့် နှစ်ဦးနှစ်ဖက် စိတ်ရင်းအမှန်နဲ့ ခင်မင်ဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ စောစောစီးစီး နှလုံးနာစရာဖြစ်လို့ ဒီလို ရေးဖြစ်ခဲ့ပါတယ်။ နစ်နာသူများရှိရင် ဒီကပဲ တောင်းပန်ပါရစေ။

ငို

Friday, February 20, 2009

ဆုံနေကျအိပ်မက်ထဲ

မနေ့ကနဲ့ မတူတဲ့ ဒီဘက်နေ့တွေရဲ့လှုပ်ရှားမှုများက အရင်ကထက် သွတ်လက်ပေါ့ပါး လွန်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိပါတယ်။ ဘာပဲ လုပ်လုပ် စိတ်လက် ပေါ့ပါးနေပြီး ဖျက်ဖျက်လတ်လတ် ရှိလှတယ်။ အတွေးအခေါ် တွေကလည်း ကြည်လင် တောက်ပနေတယ်လို့ ခံစားရမိတယ်။ စိတ်ရွှင်တယ်ဆိုတော့ ဘာလုပ်လုပ် သီချင်းတအေးအေးနဲ့မို့ ဒေါ်လေးတွေက မေးငေါ့ပြီး တစ်ယောက်ကို တစ်ယောက် လက်တို့ကြတယ်။ ခေါင်းထဲမှာ လုပ်စရာတွေ အစီအရီနဲ့ဆိုတော့ ပတ်ဝန်းကျင်ကို သိပ်ဂရုမပြု မိပါဘူး။ မနက် ၅ နာရီခွဲကတည်းက အိပ်ယာထတယ်။ ကားတွေ အဆင်သင့်ဖြစ်အောင် ဘော်ဒီကိုအောက် ပို့ထားလိုက်တယ်။ ဘယ်သူ ဘယ်သွားသွား အဆင်သင့်ဖြစ်အောင်ပါ။ (စေတနာလို့ မထင်လိုက်ပါနဲ့ အပြင်ထွက်စရာရှိလို့ ခေါ်ရင် မရှိလို့ကတော့ ကွိုင်တက်နိုင်တယ်လေ၊ ခေါင်းက ဒီလို ကြည်လင်နေတာ) ဂျင်းပန်ကိုစွပ် စီအင်န်စီကိုဝတ်ပြီး အစိမ်းရောင်တွေ ဖြည့်ထားတဲ့ သာရေပိုက်ပိုက်အိတ်ကို ခါးကြားထိုးပြီး လမ်းထိပ်ထွက်ခဲ့တယ်။ ဘယ်လဲ ... လို့ လှမ်းမေးတော့ လဘက်ရည်သွားသောက်မလို့ ဆိုပြီး ခပ်သွက်သွက်လေး ထွက်လာခဲ့တယ်။

ဖုန်းမပြောဖြစ်တာ တစ်နည်းအားဖြင့်တော့ ဖုန်းမဆက်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ ဖုန်းမပြောဖြစ်တာ ဟန်းဆက် မရှိလို့ ဖုန်းမရှိလို့တော့ မဟုတ်ပါဘူး။ ဖုန်းဆက်ပြောစရာ ဘော်ဘော်လည်း မရှိ၊ ဖော်ဖော်လည်း မရှိတာကြောင့်ပါ။ သိပ်သနားစရာကောင်းတဲ့ ကိုယ့်ဘ၀လေးလို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မိပါသေးတယ်။ အိမ်မှာ နံပါတ် ၉ လုံးနှိပ်ရင် သတိပေးခံရမယ်။ နယ်ဝေးဆိုရင် မေးမနေနဲ့ ဆက်စရာမလိုဘူး။ ဒီလို ချွေတာတဲ့ အကြောင်းလေးတွေရှိတယ်။ ဒေါ်လေးတွေက ပျိုပျိုကြီးတွေဖြစ်ပြီး သာလိက၊ စာကလေး၊ ကတ္တ၀ါ တွေ ၀င်စားထားတာ ဆိုတော့ နားပူတာ မခံနိုင်ပါဘူး။ ဒါကြောင့် ဖုန်းပြောစရာရှိရင် လမ်းထိပ်ကိုပဲ ထွက်ရတယ်။ ဆသရ ကမမကြီးတွေ မရောက်သေးရင် ယောင်လည်လည်နဲ့ လဘက်ရည်ဆိုင်ကနေ စောင့်နေရတယ်။ ရောက်လာရင် ကိုယ်ကဦးအောင် နေရာယူရတယ် နယ်ဝေးဆက်မှာဆိုတော့ အချိန်ပေးရတတ်တယ်လေ။ ညနေခင်းဘက်ဆိုရင် ဒီဘက်က လူရှင်းပေမယ့် ဟိုဘက်အဆောင်မှာ လိုင်းတွေ ပြွတ်သိပ်မှုနဲ့ ကြုံတွေ့ရတတ်တာ ခဏခဏပါ။ ဒီလိုနဲ့ ရှိန်းမြမြ ကလေးအသံ လွင်လွင်လေးကို နားဆင်နိုင်ဖို့အတွက်နဲ့ မနက်တစ်ချိန် ညနေတစ်ချိန် မဖြစ်မနေ ဖုန်းဆက်ဖို့ ကျေနပ်စွာနဲ့ ဒီဂျူတီကို တိုးယူလိုက်တယ်။

အနေမနီးပေမယ့် အလှမ်းဝေးတယ် မထင်မိပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဆက်နွယ်နေတဲ့ မသိစိတ်လေးကြောင့် အနေနီးနေခဲ့တယ်။ မမြင်မတွေ့ နိုင်ပေမယ့် မျက်ဝန်းထဲက မထွက်နိုင်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဘေးချင်းယှဉ်ရှိစေမယ့် ကြယ်စုံညရဲ့ အိပ်မက်လေးတွေ  အမြဲရှိနေခဲ့တယ်။ ဆုတောင်း မပြည့်သေးပေမယ့် စိတ်ဆောင်လိုက် လေတိုင်း လေပြေနဲ့အတူ အပြေးအသော့နှင်လာမယ့် မင်းရဲ့ ရယ်သံလေးကို ရင်နဲ့အပြည့် ဖမ်းဆုပ်ထားမြဲဖြစ်တယ် ဆိုတာ ယုံကြည်စေချင်တယ်။ ချိုမြိန်တဲ့ အရသာရှိပေမယ့် အောင့်သော နာကျင်မှုကိုပေးတဲ့ ကြင်နာမှုတွေကို အပြုံးမပျက် ပူဆာယူလျက်ပါ။  အချစ်ကို တင်ကြို အိပ်မက်မက် တတ်သူဟာ အချစ်ချောက်ထဲကိုကျဖို့ ပိုပိုနီးစပ်စေဆိုတာ သိနေပေမယ့် နှစ်ဦးသားဆုံနေကျ အိပ်မက်ထဲကိုပဲ တိုးလို့ မြင်မက်နေဆဲပါ။ ညတိုင်းမြင်မက် အိပ်မက်တိုင်းမှာ မင်းသာ အမြဲနေရာယူဆဲပါ .... .... ။

love Pictures, Images and Photos
ပုံကို photobucket ကနေ ယူသုံးထားတယ်နော်။

Monday, February 16, 2009

လိုအင်လေး ပြည့်စုံစေ

ကုန်မြန်တဲ့ ရန်ကုန်ဆောင်း ရယ်ပဲလား။ ဒါမှမဟုတ် ကိုယ့်အတွက် ဆောင်းဆိုတဲ့ အရသာကို မခံစားလိုက်ရတာပဲလား။ ဆောင်းတွင်းသာ ကုန်သွားတယ် အနွေးထည်တွေ တကူးတက ထုတ်မ၀တ် လိုက်ရပါဘူး။ ပုံမှန် မနက် ၆ နာရီ အိပ်ယာထတာနဲ့ ရေချိုးခန်းဝင် ရေချိုးနေကျမို့ အေးရင်တောင်မှ စောစောရေချိုးလို့ အေးတာပဲဆိုပြီး စိတ်ထဲဒီအတိုင်းပဲ တွေးမိပါတယ်။ ခပ်လွင်လွင်လေးနဲ့ ဖုန်တွေသယ်လာတဲ့ လေကိုရှူရှိုက်မိတော့ အော် .. နွေကိုတောင် ကူးနေပါလားလို့ နွေရနံ့ သင်းသင်းလေးကို ခံစားရင်း သူငယ်ချင်းတစ်ယောက် ချိန်းထားတဲ့ ဘူဖေးဆိုင်ကို ထွက်လာခဲ့တယ်။ တနင်္ဂနွေနေ့မို့ ကားရပ်ဖို့ နေရာမရတတ်ပါဘူး။ လွတ်တဲ့နေရာမှာ ရပ်ရတာမို့ ဆိုင်နဲ့ အလှမ်းဝေးပါသေးတယ်။ သိမ်ကြီးဈေးရဲ့ စတုဂံ ခုံးကျော်တံတားဘေးနား ကားကပ်ရပ်ပြီး ဆိုင်ဘက်ကို အေးအေးလူလူ လမ်းလျှောက် လာလိုက်တယ်။

နိုင်ငံခြားသင်္ဘောလိုင်းမှာ အင်ဂျင်နီယာပညာနဲ့ သင်္ဘောလိုက်နေတဲ့ သူငယ်ချင်းနဲ့ မတွေ့ဖြစ်တာ ၂ နှစ်ကျော်ခဲ့ပါပြီ။ ကျွန်တော့်လို ကော်မစွံသေးတဲ့ လူပျိုသိုးပါပဲ။ ဘူဖေးဆိုင်ရှေ့မှာ စီးကရက်ခဲပြီး ကြိုစောင့်နေတဲ့ သူငယ်ချင်းကိုတွေ့တော့ နေလောင်တယ်လို့ ထင်ရတဲ့ အသားအရည်နဲ့ ကြည့်လို့တော့ ကောင်းပါတယ်။ ကျားကျားလျားလျား သင်္ဘောသားကြီးနဲ့တော့ လိုက်ဖက်ပါတယ်။ အလာပ သလာပပြောပြီး ဆိုင်ထဲ ၀င်ဖြစ်တယ်။ ကိုယ်ယူကိုယ်ရ ဘူဖေးထုံးစံအတိုင်း ရောက်တာနဲ့ စတီးပုံစံခွက်ကို လှမ်းယူတယ်။ ကုန်နိုင်သလောက်လေး ထမင်းထည့်တယ်။ ဟင်းကောင်တာ ဖက်ရောက်တော့ ကျွန်တော့်ဝသီအတိုင်း အသားတွေ ငါးတွေထက် ပဲကြီးနှပ်ချက်ကို လက်ငြိုးထိုးတယ်။ ပဲပြားနဲ့ ပဲပင်ပေါက်ကြော်ကို ပြတယ်။ နောက် ပြောင်းဖူးကြော်ကို တောင်းတယ်။ လုံလောက်ပါပြီ။ သူငယ်ချင်းက သက်သတ်လွတ်လား မေးတော့ မဟုတ်ဘူး ဒီလိုပဲ စားတတ်လို့ပါလို့ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တယ်။ လူတော်တော် များများ အများအားဖြင့်တော့ အပြင်ထွက် ထမင်းစားကြရင် ကောင်းပေ့ ညွှန့်ပေ့ ဆိုတဲ့ ပုဇွန်ချက်တို့၊ ငါးခူကြော်ဆီပြန်တို့၊ ကြက်သဲကြက်မြစ်တို့၊ ဆိတ်သား ဆတ်သားတွေ စားကြတာပါ။ အိမ်မှာ တကူးတက မချက်စားဖြစ်တဲ့ ဟင်းတွေကို ဒီလိုနေရာမှာ ကော့တက်နေတဲ့ ထမင်းနဲ့ ဇိမ်ရှိရှိ လွေးကြတာပါ။ ကျွန်တော်ကတော့ အသီးအရွက်ပြုတ်သုပ်နဲ့တင် တင်းတိမ်နိုင်၊ စားနေကျမို့ သားကြီး ငါးကြီးတွေ မစားဖြစ်ပါဘူး။ လူထူး လူဆန်းမဟုတ်ပေမယ့် သူများအိမ် ဧည့်သည်သွားလုပ်ရင် အလုပ်ရှုပ် စေတတ်တာကိုတော့ အားနာမိပါတယ်။ ကိုယ့်အတ္တလေးကို တခါတလေလည်း ခဏလောက်ဖြစ်ဖြစ်တော့ လျော့ပေးမိချင်ပါရဲ့။

ပုံစံခွက်နဲ့ အစားအသောက်တွေ ထည့်စားနေရင်းနဲ့ မန်းလေးမှာ ကျောင်းတက်တုန်းက အဆောင်ကျောင်းသား ဘ၀ကို ပြုန်းစားပဲ ပြန်အမှတ်ရမိတယ်။ အဆောင်ရောက်စ အဆောင်နေထိုင်ခွင့် ပုံစံတွေဖြည့်တော့ အစားအသောက်စာရင်းမှာ အမဲမစား၊ ၀က်မစား လို့ပဲ ရေးရမှာ ဖြစ်ပေမယ့် မှတ်ချက်ကွက်မှာ ငါး/ငါးခြောက် မစားလို့ အတွန့်တက်ခဲ့တယ်။ အခန်းဖော် ပင်းဒယသားက ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံမစားတဲ့။ နောက် အင်းသားဘော်ဒါက ခြေနှစ်ချောင်းသား မရှောင်လို့ ကွန့်တယ်။ တောင်ကြီးသား တရုတ်ကတော့ အကုန်စား(မနဲစေနဲ့) ဆိုပြီးတင်ခဲ့တယ်။ ဒီတော့ ထမင်းစားဆောင် လေးယောက်စား စားပွဲတစ်လုံးမှာ ကျွန်တော်တို့ လေးယောက်အတူတူ ကျတယ်။ ထမင်းစား စားပွဲဘေးမှာ စာလေးတစ်ကြောင်း ရေးပြီးကပ်ထားတယ်။ လူထူးလူဆန်း ကျောင်းသား လေးယောက် ဆိုပြီးတော့ပါ။ ထပ်ထားတဲ့ ပုံစံခွက်လေးခွက်ကို အုပ်ထားတဲ့ ထမင်းအုပ်ကို ဖွင့်ကြည့်လိုက်ရင် အမြဲပဲ ကျွန်တော်တို့ လေးယောက်အတွက် ဟင်းက ဘရာကျော်ကို ခရမ်းချဉ်သီး များများနဲ့ ချက်ထားတဲ့ ဟင်းပဲ အမြဲရတယ်။ တစ်ခါပဲ စားဖြစ်ခဲ့ပါတယ်။ အရသာပျက်နေတဲ့ ဘရာကျော်ဟင်းနဲ့ ကာလာတက်ပြီး မာကလောင်နေတဲ့ ထမင်းကို မ၀ါးနိုင် ခဲ့လို့ပါ။ ကင်တင်းက ထမင်း ၂ ထုပ်ဝယ်တယ်။ အိမ်ကထည့်ပေးလိုက်တဲ့ အကြော်အလှော်နဲ့ပဲ စခန်းသွားဖြစ်တယ်။ ငြီးငွေ့လာရင် ကင်တင်းက ကုလားမလေးဆိုင်မှာ အ၀စားလိုက်တယ်။ အပြောင်းအလဲလေးလည်း ဖြစ်အောင်ပါ။

အသားဟင်းတွေ ထည့်မစားဘဲ သက်သတ်လွတ်စားနေတဲ့ ကျွန်တော့်ကို ဟင်းကောင်တာက မမလေး တွေက စာနာစိတ်နဲ့ သရက်ချဉ်သုပ်နဲ့ မြင်းခွာရွက်သုပ် အပိုဆု လာချပေးသေးတယ်။ နောက်ပြီး ပြောပါသေးတယ်။ ကျွန်မတို့ဆိုင်က အသားငါးဟင်းတွေကို လတ်ဆတ်တဲ့ ပစ္စည်းတွေနဲ့ အရသာရှိအောင် ကျွမ်းကျင်တဲ့ စားဖိုမှူးကြီးတွေ ကိုယ်တိုင် ချက်ပြုတ်ထားတာကြောင့် စိတ်ချစွာနဲ့ စားသောက်နိုင်ပါကြောင်း ချိုသာတဲ့ အသံနဲ့ မေတ္တာရပ်ခံနေတာကြောင့် အရမ်းပဲ အားနာမိ ပါတယ်။ အကျိုးအကြောင်းပြောပြီး တောင်းပန်လိုက်ပေမယ့် ဆိုင်ကောင်တာက မမလေးရဲ့ စေတနာနဲ့ ၀က်သားအချိုချက် တစ်ပွဲ ဖရီးကစ် ထပ်စားလိုက်ရတယ်။ ဒါကို သူငယ်ချင်းက သိပ်ကြည်ချင်ပုံမရဘဲ ဘေးကနေ စကားနာ ထိုးနေပါတော့တယ်။ ဒါနဲ့ သူနိုင်ငံခြားက ပြန်လာတာ ဘာလက်ဆောင်မှ ပါမလာလို့ လိုချင်တာ တစ်ခုခု ပြောရင် ၀ယ်ပေးမယ့်အကြောင်း စကားကမ်းလာပါတယ်။ ကိုယ်ကလည်း ကလေးမဟုတ် နောက်ပြီး ရန်ကုန်က လက်ဆောင်ပစ္စည်းပဲမို့ စိတ်တော့ သိပ်မ၀င်စားလှပါဘူး။ နိုင်ငံခြားပြန်မို့ နိုင်ငံခြားက ဘောလ်ပင်လေးဖြစ်ဖြစ်၊ ဒိုင်ယာရီ စာအုပ်လေး ဖြစ်ဖြစ် လက်ဆောင်ရခဲ့ရင် ကျွန်တော့်အတွက် တန်ဖိုးရှိခဲ့မှာ အမှန်ပါ။ ခုတော့ ဒီရောက်မှ စိတ်ကြိုက်ဝယ်ပေးမယ်ဆိုတော့ သိပ်ဘ၀င်မကျလှပါဘူး။ အလိုမကျတဲ့ စိတ်ကို ရင်ထဲမှာပဲ သိုဝှက်ထားရင်းပဲ စိတ်ပေါက်ပေါက်နဲ့ ဆိုင်ငွေရှင်း ကောင်တာက ကောင်မလေးကို မေးငေါ့ပြရင်း "" ငါအဲဒီ ကော်ပတ်ရုပ်လေးကို လိုချင်တယ်.. ၀ယ်ပေးပါ "" လို့ ပြောလိုက်တာ့။ မင်းကလည်း မင်းအစွမ်းအစနဲ့ မင်းဖာသာ ၀ယ်တော့ ငါတော့ လုပ်မပေးနိုင်ဘူးဆိုပြီး ဒေါတသောသောနဲ့ ငွေရှင်းပြီး ထွက်သွားလေပါရဲ့။ အော် ကော်ပတ်ရုပ်လေး ကျမှ တွန့်တိုရန်ကောလို့ စိတ်ထဲတွေးပြီး ပြုံးမိပါတယ်။ အားလုံးပဲ ကျေနပ်နိုင်ပါစေ။

Photobucket

Tuesday, February 10, 2009

လျှောက်လမ်းလေး

လမ်းကလေး ဆိုတဲ့ စကားလုံးဟာ တစ်မျိုးတမယ် ထူးခြားမှု ရှိလို့တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြောက်မြားစွာသော လမ်းလေးတွေကို အားလုံးပဲ လျှောက်လှမ်းဖူး တာကြောင့်ပဲ ဖြစ်ပါတယ်။ မြေနီလမ်း၊ ကျောက်ခင်းလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း နဲ့ ဖြောင့်သော၊ ကောက်သော၊ ဝေ့၀ိုက်သော လမ်းကလေးတွေ စသည် စသည်များပါ။ ပန်းခင်းတဲ့ လမ်းကလေးများကိုလည်း လျှောက်ဖူးသူတို့ ရှိကြပါမယ်။ ထပ်တူ ထပ်မျှ ကြည်နူးပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ခရောင်းလမ်းကိုလည်း လျှောက်ခဲ့ဖူးသူတွေ ရှိကြမှာပါ။ သူတို့အတွက်တော့ အမှန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် နေရာတိုင်းမှာ လူတိုင်းက လျှောက်ခဲ့ရတဲ့ လမ်းကလေးတွေကို မေ့ထားလို့ ရမယ် မထင်ပါဘူး။

ဒီလမ်းကလေး တစ်နည်းအားဖြင့် ဒီကန်ပတ် လမ်းကလေးကို လျှောက်ခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်ကြာခဲ့တယ်။ ဆူညံပေမယ့်လည်း စည်ကားပြီး မျက်စိ ပသာဒရှိလှပါတယ်။ လတ်ဆတ်တဲ့လေနဲ့ အတူ တခါတခါ တံငါသည်ရဲ့ ပံ့ပိုးမှုနဲ့ ညှီစို့စို့ငါးနံ့ကိုပါ ခံစားရတတ်ပါတယ်။ လွယ်အိတ်ကို ပုခုံးသိုင်းပြီး ကြောင့်ကျမှု ကင်းစွာနဲ့ ကျောင်းတက်ချိန်အမီ အပြေးတစ်ပိုင်းနဲ့ လျှောက်ခွင့်ရခဲ့တဲ့ လမ်းကလေး ဖြစ်တယ်။ ကျောင်းအိမ်စာတွေကို တနင့်တပိုးနဲ့ မနိုင်ဝန်ထမ်းစဉ်က နာကျင် ရှိုက်ငိုရင်းနဲ့ လမ်းမပျောက်ခဲ့တဲ့ လမ်းကလေး ဖြစ်တယ်။ ဒီမြေနီ ကန်ပတ်လမ်းလေးပေါ်မှာ ခင်မင်ရာ သူငယ်ချင်းတွေနဲ့ ခေါက်တုန့် ခေါက်ပြန် လျှောက်ခဲ့ဖူးတယ်။ တစ်နယ် တစ်ကျေးကို ကြင်သူနဲ့ ပြောင်းသွားတဲ့ ဆရာမလေးတစ်ယောက်ကို ဒီလမ်းကလေးမှာ မြင်နေကျဖြစ်တယ်။ အယူအဆ မတူပါဘဲ ဘ၀အဖော် ဖြစ်ချင်သူလေးနဲ့အတူ ဒီလမ်းကလေးပေါ် စက်ဘီးလေးတွန်းရင် အတူယှဉ် လျှောက်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလမ်းကလေးမှာ ကျွန်တော့်အပေါ် စာနာနားလည် ပြီး ထွေးပွေ့မဲ့သူ တစ်ဦးတစ်ယောက်မှ ရှိခဲ့ပါရဲ့လားလို့ ဆန်းစစ်ခဲ့ခြင်းတော့ မရှိပါဘူး။

ဒီလမ်းကလေး တစ်နည်းအားဖြင့် ဒီလမ်းသွယ်လေးကို ကျွန်တော် ဖြတ်လျှောက်ခဲ့တာ နှစ်အနည်းငယ် ခန့် ကြာမြင့်ခဲ့ပါပြီ။ မာကျူရီမီးနဲ့ ထိန်ညီး နေပေမယ့် ရှုပ်ထွေးပွေလီပြီး အမြဲပဲ သတိနဲ့လျှောက်နေရတဲ့ လမ်းကလေးပါ။ လွှင့်ပျံ့နေတဲ့ ပြူတင်းလိုက်ကာရဲ့ ဖွဲ့တည်မှုကို မခံစားနိုင်ဘဲ လှုပ်လီလှုပ်လှည့် ပလက်ဖောင်းအံဖုံးပေါ် ကျွံမကျအောင် လျှောက်ရတဲ့ လမ်းကလေးပါ။ ကားမှတ်တိုင် နှစ်ခုဟာ မျက်စောင်းထိုး အနေအထားမှာရှိနေပြီး လမ်းဘေး လဘက်ရည်ဆိုင် ရှိနေတတ်လို့ ဣနြေ္ဒရရ လျှောက်ခွင့် မရတဲ့ လမ်းသွယ်လေးကို ဖြတ်လျှောက်ရတာ အကြိမ်ကြိမ်ပါ။ အမှောင်နဲ့အတူ လူပြတ်တတ်တဲ့ မီးကင်းရုံနံဘေးဟာ ကြိမ်ဖန်များစွာ စိုးရွံ့စိတ်ကို ပေးတတ်ပါသေးတယ်။ ရင့်ကျက်ချင် ဟန်ဆောင်မှုနဲ့ အမှိုက်ပုံ ကမူလေးကိုကျော်ပြီး ပြည်လမ်းမကြီးရဲ့ မီးအလင်းရောင်ကို မြင်မိမျှ အနည်းငယ် စိတ်သက်သာရာ ရစေတဲ့ လမ်းသွယ်ကလေးပါ။ ဒါပေမယ့် ဒီလမ်းကလေးမှာ ကျွန်တော့်အပေါ် သံသယအကြည့်နဲ့ နာကျင် မုန်းတီးနေလေသူ တစ်စုံတစ်ယောက်က တိတ်တဆိတ် ကြည့်နေမလားဆိုတာတာ အမြဲပဲ သောကဝေနေမိပါတယ်။

အထက်တန်း ကျောင်းသားဘ၀ ကျောင်းတက်တိုင်း လျှောက်ဖြစ်ခဲ့တဲ့ နောင်တုံကန် ကန်ပတ် လမ်းကလေးရဲ့ အမှတ်ထင်ထင် ရှိခဲ့တာလေး နဲ့ ခုရောက်နေတဲ့ ရှစ်မိုင်အလွန် တစ်မှတ်တိုင် လောက်က လမ်းသွယ်လေးရဲ့ တဒင်္ဂမြင်ကွင်းလေးကို ခံစားမိတာ ဖြစ်ပါတယ်။ လျှောက်ခဲ့တဲ့ လမ်းကလေးတွေမှာ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့် မရခဲ့သည်ဖြစ်စေ၊ ကိုယ်တိုင်ရွေးချယ် လျှောက်ခဲ့ရတဲ့ လမ်းပဲဖြစ်စေ လျှောက်ရတဲ့ ဘ၀လမ်းကလေးတိုင်း သာသာယာယာ ရှိစေချင်တဲ့ ဆန္ဒနဲ့ .. .. ။

အစ်မသက်ဝေရဲ့ လမ်းကလေးများအကြောင်း ကိုဖတ်နိုင်ပါသေးတယ် ။
Photobucket

Thursday, January 29, 2009

တန်ပြန်သောက

တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက် ကြတဲ့အခါမှာ ၀င်းပတဲ့ အပြုံးမျက်နှာ၊ ချိုသာတဲ့ စကားသံနဲ့ "မင်္ဂလာနံနက်ခင်းပါ" "ကျန်းမာ ချမ်းသာကြပါစေ" ဆိုတဲ့ ပဋိသန္ဓာရ စကားတွေနဲ့ နေ့သစ်ကို စတင်ကြပါတယ်။ ကိုယ့်ရဲ့ အပူမီး၊ သောက ပရိဒေ၀မီးတောက် တွေကိုတော့ ဘယ်သူမှ မရိပ်မိအောင် ဖုံးကွယ် ထားကြတာ ဓမ္မတာပါ။ လောကကြီးထဲမှာ ပရိဒေ၀မီး မတောက်လောင် ခဲ့ဖူးသူ ရယ်လို့ ရှိမယ် မထင်ပါဘူး။ နည်းနည်းလောင် တာနဲ့ များများ တောက်လောင်တာပဲ ကွာခြားမှာပါ။ ကျွန်တော်တင်ပြ ချင်တာကတော့ ကြုံတွေ့လာတဲ့ သောကတွေကို ဘယ်လို ကျော်ဖြတ်သင့်တယ် ဆိုတာလေးပါ။

လူတွေဟာ မိမိတို့ ကြုံတွေ့နေရတဲ့ သောကအပူကိုသာ အကြီးမားဆုံး အပူမီးအဖြစ်နဲ့ ထင်မြင်ယူဆ တတ်ကြပါတယ်။ မိမိလျှောက်လှမ်း ရတဲ့ ဘ၀ခရီးလမ်းကို ဖြတ်သန်းရာမှာ ကြုံတွေ့ရတဲ့ ဒေါမနဿ၊ စိတ်ဖိစီးမှု (Stress)၊ ပူပင် ကြောင့်ကြမှု၊ စိတ်သောက များသည် လူတိုင်းခံစားရမြဲ သောကများ ဖြစ်ပါတယ်။ ထိုထိုသော သောကများ ဖိစီးနှိပ်စက်မှုဒဏ်ကို ခံနေရမယ် ဆိုရင် ထိုသောကဟာ မိမိ တစ်ဦး တစ်ယောက်ထဲကိုပဲ ရွေးဖြစ်တာ မဟုတ်ပါဘူး၊ လူသားတိုင်း နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတာပဲ လို့ ဆင်ခြင်နှလုံးသွင်းနိုင်ရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရနိုင်ပါတယ်။

"ယူတတ်ရင်ဆေး၊ မယူတတ်ရင်ဘေး" ဆိုတဲ့ စကားပုံရှိပါတယ်။ ဖြစ်တည်လာတဲ့ သောက (ဒါမှမဟုတ်) စိတ်ဖိစီးမှု အန္တရာယ်ကို အလေးထားပြီးတော့ အဲဒီသောကကိုပဲ မိမိအတွက် အကျိုးရှိအောင် ဘယ်လိုပြန်ပြီး အသုံးချရမယ် ဆိုတာကို လေ့လာသင့်ပါတယ်။ ပူပင်သောက လုံးဝမရှိဘဲနဲ့ လူဖြစ်ရတာတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် မိမိသောကကင်းစင်ရေး တစ်ခုထဲကိုပဲ ဦးတည်ပြီး အတ္တဆန်ဆန် အများရဲ့ အကျိုးကို လျစ်လျူရှုမယ်၊ သောကနည်းလွန်းပြီး မိမိအကျိုး၊ သူတစ်ပါးအကျိုး အတွက် စိုးရိမ်ပူပန်မှု မရှိဘူး၊ ကြုံရာနေ၊ ကျရာစားဘ၀နဲ့ ဘ၀ကို ပေါ့ပေါ့တန်တန် နေထိုင်သွားမယ် ဆိုရင် ထိုသူအတွက် ကောင်းကောင်းကြီး ကို ပျက်စီးစေပါတယ်။ တစ်ကိုယ်ကောင်း သမားအဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဖြစ်တည်လာတဲ့ သောကတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပြီး သောကဝေဒနာနဲ့ အသားကျစွာ နေထိုင်တတ်မယ် ဆိုရင် ထိုသူရဲ့ ဘ၀ဟာ အညွှန့်တလူလူနဲ့ ရှင်သန် တိုးတက် လာမှာ ဖြစ်ပါတယ်။

လောကမှာ လူအချို့ဟာ မိမိက မပြောင်းလဲနိုင်တဲ့၊ မပြုပြင်နိုင်တဲ့ ကိစ္စရပ်တွေအတွက် ပူပင်သောက ရောက်နေတတ်ကြ ပါတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ဟာ တားဆီးပစ်ဖို့၊ ပြုပြင် ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တဲ့ သဘာဝ နိယာမ တရားတွေ ဖြစ်ပါတယ်။ အဲဒီ ရှောင်လွဲမရနိုင်တဲ့ ကိစ္စတွေအတွက် သောကရောက် နေမယ့်အစား မအိုခင်၊ မနာခင်၊ မသေခင် အချိန်ကလေးမှာ အတ္တ နဲ့ ပရ ညီမျှတဲ့ အကျိုးကိစ္စများကို ဆောင်ရွက်ပေးခြင်းက လောကီ လောကုတ္တရာ အတွက် အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ မိမိတတ်နိုင်၊ စွမ်းဆောင်နိုင်တဲ့ ကိစ္စရပ်တွေအတွက် ပူပင်ခြင်းဟာ အကြောင်းမဟုတ်ပါဘူး။ မိမိ တတ်နိုင်သလောက် ကူညီ ဖြေရှင်းပေးခြင်း အားဖြင့် အများရဲ့ ချစ်ခင် လေးစားမှု၊ အားကိုး ယုံကြည်မှုတို့ကို ခံယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘဘာဝ ဘေးအန္တရာယ်ဆိုးတွေနဲ့ ကံကြမ္မာဆိုး တွေကသာ မိမိ မမြင်စွမ်းနိုင်သော၊ မဖြေရှင်းနိုင်သော သောက တိုးပွားစေတဲ့ အခြေခံ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီကိစ္စရပ်တွေကို မျက်နှာလွဲထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အဓိကကတော့ သောကကို အကောင်းမြင် ရှုထောင့်ကနေ ကြည့်မြင်တတ်ဖို့ ဖြစ်ပါတယ်။ ရှိသင့်သည်ထက် ပိုလွန်တဲ့ သောကမီးကြောင့် စိတ်ဒုက္ခ ကြီးမားစွာနဲ့ ဘ၀ခရီးကို လျှောက်လှမ်းနေသူ တစ်ဦး မဖြစ်သင့်ပါဘူး။ ယထာဘူတကျတဲ့ အမြင်နဲ့ ဆင်ခြင်ပိုင်းခြားပြီး ဖြစ်သင့်တဲ့ ကိစ္စတွေမှာ ရှိသင့်တဲ့ သောကကို အရင်းပြုပြီး အကျိုးရှိရှိ အသုံးချတတ်ကြပါလို့ တင်ပြချင်ပါတယ်။ အားလုံးကိုပဲ သောက ကင်းဝေးစေချင်ပါတယ်။ သောက ကင်းဝေးနိုင်ကြပါစေ။


Monday, January 19, 2009

လူပေါင်းမှားပြီ

ကွန်ပျူတာ ရှေ့မှာ အလိုမကျတဲ့စိတ်နဲ့ ငူငူကြီးထိုင်နေတဲ့ လူတစ်ယောက်ကို မျက်စိထဲ မြင်ယောင်ပြီး တွေးကြည့်ပါ။ သူဘာတွေများ စဉ်းစားနေလဲ၊ သူဘာတွေများ အတွေးနယ်ချဲ့နေလဲ၊ သူဘာတွေများ ကြံစည်နေသလဲ ဆိုတာပေါ့။ အလိုမကျတဲ့ သူ့မျက်နှာကို ကြည့်ပြီးတော့ ရည်းစားပူ မိနေတာပဲလား၊ ဒါလည်း မဟုတ်လောက် ပါဘူး။ ဒါမှမဟုတ် စောစောစီးစီး မ၀ါ ဆီက စားချင့်စဖွယ် အစားအသောက် တွေကို တကယ်မစားရဘဲ အငမ်းသက်သက် ကြည့်ပြီး ပြန်လာတာမို့လို့လား။ တကယ်အဖြေရှာ မရခဲ့တာ အမှန်ပါ။ သူ့ကို ကြည့်နေရင်းနဲ့ပဲ သူ့လက်တစ်ဖက်က keyboard ပေါ်က function key (F5) ကို အကြိမ်ကြိမ် နှိပ်နေတာကို တွေ့ရတယ်။ တစ်ခါတစ်ခါ ဖော့ဖော့ လေးနှိပ်နေသလို၊  တစ်ခါတစ်ခါ တော့လည်း အသံထွက်လောက်အောင် ဒေါသနဲ့ နှိပ်နေတာကိုလည်း အတိုင်းသား ကြားနေရတယ်။ တစ်ခါတလေ F5 နဲ့ enter key နဲ့ ပေါင်းနှိပ်နေတာ ကိုလည်း တွေ့ရပြန်တယ်။ အင်း .. .. ဒါက ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ကိုယ့်ဖာသာကိုယ် ပြန်ဝေဖန်နေတာပါ။


ဘဝမှာ ကုန်ဆုံးသွားပြီးရင် ဘယ်သောအခါမှ ပြန်မရနိုင်တော့တဲ့ အရာ ၃ မျိုးရှိတယ်။ အချိန်ရယ်၊ စကားလုံးတွေနဲ့ အခွင့်အရေး တွေပဲ ဖြစ်တယ်။ မသေချာ မရေရာတဲ့ အရာ ၃ ခု ကတော့ အိပ်မက်ရယ်၊ အောင်မြင်မှုရယ်နဲ့ ကံကြမ္မာရယ်ပဲ ဖြစ်တယ်။ နည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ မိတ်ဆွေတွေရဲ့ အိမ်တံခါး ဖွင့်ဖို့အတွက်နဲ့ အိမ်တံခါးကို (F5) အကြိမ်ပေါင်း မြောက်များစွာ ခေါက်ခဲ့ရတယ်။ ဒါတောင် သိပ်အဆင်မပြေတဲ့ အိမ်ဆို ပြူတင်းပေါက် (C-box)က ပေါ်တာ မဟုတ်ဘူး။ ပြူတင်းပေါက် မပွင့်တော့ နှုတ်ဆက်ဖို့ အခွင့်အရေး နည်းသွားတာပေါ့နော်။ ဒါနဲ့ သာကြောင်းမာကြောင်း စကားပြောဖြစ်ဖို့ (Comment) အတွက်နဲ့ ဆွံ့အ နားမကြားတဲ့ သူတွေလို အော်အော်ပြော (F5 + enter) နေရတာကြောင့် မကုန်ဆုံးသင့်တဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒီလိုနဲ့ စိတ်ပန်း လူပန်း ဖြစ်ရတာ ကြာပါပြီ။ စိတ်မကျ၊ ရုပ်မကျ ဘဲ ဘယ်ခံနိုင်ပါမလဲနော်။

ဖြစ်ချင်တာ မဖြစ်တဲ့လောကမှာ စိတ်ညစ်ညူး စရာတွေက အများသားပါ။ လမ်းပြင် ထွက်လျှောက်တော့ 
  • ဟေ့ .. ၀င်းဇော်ကြီး မင်းတော်တော် ရုပ်နာသွားတယ် . . ။ 
ဟိုက် .. ဒါတင်ပဲလားဆိုတော့။ မဟုတ်သေးပါဘူး။ 
  • မင်း ဂျီ ကလည်း တော်တော် လျောနေတယ် တဲ့။
လုပ်ချလိုက်ပြန်ပြီ။ ကိုယ့်နောက်ကျောကို ကိုယ်မလုံချင်တော့ဘူး။ ကျွန်တော် ကလည်း နှုတ်ခမ်းပါးလျှာသွတ် စွာနဲ့ပဲ ပြန်ပက် လိုက်ပါတယ်။ 
  • ရုပ်နာမှာပေါ့ကွ .. နေ့တိုင်း အလိုက်မလိုကျစိတ်၊ သောကဗျာပါဒစိတ် တွေက များမှများပဲ .. လို့၊ ဂျီလျောတာ မဟုတ်ဘူးဟေ့ ..  အထိုင်များတာက တစ်ကြောင်း၊ ဂျီကို ဘလောဂ်လိုက်တာက တစ်ကြောင်းမို့ လျောနေတာကွ .. လို့။
ဒါနဲ့ပဲ တစ်နေ့တစ်နေ့ တိုးတိုး လာနေတဲ့ Stress ကို လျော့ချဖို့ အင်နာပွန်စီ တစ်ကဒ်နဲ့ function key row ပျက်သွားတဲ့ ကီးဘုတ်အတွက် ကီးဘုတ်အသစ် တစ်ခု ၀ယ်ဖြစ်လိုက်တယ်။ ပြန်ပါလေဦးတော့ မြန်မာဒေါ်လာ ဂဏန်း ၅လုံး။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေဗျာ။

Thursday, January 15, 2009

တစ်ဝက်အမှန်၊ ၅၀% က ဟန်

လျှပ်စစ်မီးလာရင် ဘာပဲပြောပြော ခါးချိအောင်ထိုင်ပြီး နက်ပေါ်မှာ ဆိုက်ကားနင်းလို့ ရသေးတယ်။ မီးမလာတော့ ငြိမ်းတာပေါ့လို့ အလိုမကျတဲ့ စိတ်ကို သပ်ချရင်းကွန်ပျူတာရှေ့က ခွာဖို့ မချင့်မရဲ ထလိုက်တယ်။ အောက်ထပ်ဆင်းပြီး မီးစက်သွားဖွင့်ရင်လည်း မေးခွန်းပေါင်းများစွာကို စောစောစီးစီး ဖြေရှင်းနေရမှာမို့ မဖွင့်ဖြစ်ခဲ့ဘူး။ မီးလာရင် ချက်ချင်းသိအောင်တော့ ups နဲ့ speaker ကို မီးခလုပ် ဖွင့်ထားလိုက်တယ်။ ဝေးဝေးလံလံလည်း မသွားဖြစ်ပါဘူး။ ကီးဘုတ်ကို နေရာရွေ့ပြီး မော်နီတာ ရှေ့မှာပဲ စားပွဲခုံပေါ် မှောက်အိပ် လိုက်မိတယ်။
=း =း =
မှေးကနဲ အိပ်ပျော်ရုံရှိပါသေးတယ်။ ကျွန်တော့်ကို ဂျိုင်းနှစ်ဘက်ကနေ ကြမ်းတမ်းတဲ့ လက်အစုံက ဆွဲမပြီး နောက်ပြန် အနေအထားနဲ့ ဒရောသောပါး အလျင်စလို ခေါ်ယူသွားတာ ခံရတယ်။ သတိလစ်တာ မဟုတ်တာကြောင့် မ ချီသွားတဲ့ လူနှစ်ယောက်ကို မ၀ံ့မရဲကြည့်လိုက်တာ့ အရပ် ၁၀ ပေလောက်မြင့်ပြီး၊ အစိမ်းရောင် အသားအရေ၊ ကြမ်းတမ်း ခက်ထန်တဲ့ မျက်နှာထားနဲ့ ပါကွက်သားတွေ ဖြစ်နေတာကို သိလိုက်ရတယ်။ အကူအညီ အော်ခေါ်ဖို့ လုပ်တော့လည်း လည်ချောင်းကနေအသံက ထွက်မလာဘူး။ ရုန်းကန်ဖို့ ကြိုးစားပြန်တော့လည်း အားအင်ကမရှိပါဘဲ နွမ်းခွေသလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် ခေါင်းအေးအေးထားပြီးအခြေအနေသုံးသပ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ချောက်ထဲကို ခုန်ချလိုက်သလို လေဟုန်စီး ပြုတ်ကျသွားတယ်။ ကျွန်တော်လည်း လိုဏ်ခေါင်းသံနဲ့ အတူ ငယ်သံပါအောင်အော်ပြီး ပြုတ်ကျ သွားတယ်။ ရုတ်ကနဲရပ်သွားတာနဲ့ ပိန်းပိန်းပိတ် မည်းမှောင်နေပြီး စိမ်းရွှေရွှေအနံ့၊ ညှီပုပ်ပုပ်အနံ့တွေနဲ့ အတူ ကယ်ပါ ယူပါ အကူအညီအော်တောင်း နေတဲ့ဆူညံသံ လွှမ်းခြုံနေတဲ့ နေရာသစ်တစ်ခုကို ရောက်လာရတယ်။ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ခွင့် မရခင်မှာဘဲ အေးစက်မာကျောပြီး ဒေါသသံအပြည့်နဲ့ မေးမြန်း အစွပ်စွဲခံရတယ် .. ..

ယမမင်း
  • အသင် လူ့ဘဝမှာ ကိုယ့်ဘ၀မှန်ကို ဖုံးကွယ်ပြီး လူတွေကို လိမ်လည် လှည့်ဖြားခဲ့တယ်။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • နေပါအုန်း ယမမင်းခင်ဗျား။ ကျွန်တော် လူ့ဘ၀မှာ ဘလောဂ် နည်းနည်းပါးပါး ရေးပါတယ်။ ပရော်ဖက်ရှင်နယ် တော့ မဟုတ်ပါဘူး။ အပျော်တမ်းပါ။ ဒီအတွက်နဲ့အပြစ်ယူမယ်ဆိုရင် တရားမျှတမှာ မဟုတ်ပါဘူး။ အကျိုးပြု စာတွေပဲ ရေးပါတယ်။ ကျွန်တော်ရေးတဲ့ စာတွေကို ကျေးဇူးတင်တယ် ဆိုတဲ့ ထောက်ခံချက် (ကွန်မင့်) နည်းနည်းပါးပါး ရှိပါတယ်။ ထပ်ရေးပါဆိုတဲ့ ထောက်ခံချက် လည်း ရှိထားပါသေးတယ်။ ပြန်လည် စစ်ဆေးပေးဖို့ မေတ္တာရပ်ခံပါတယ်။ ယမမင်း ကြီးခင်ဗျား။
ယမမင်း
  • ရေးတာ ချွတ်တာကို ပြောတာမဟုတ်။ ကိုယ့်ဘ၀မှန်ကို ဖုံးကွယ်ထားတာ ပိုအပြစ်ကြီးတယ်။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • သည်းခံပါအုန်း ယမမင်းခင်ဗျား။ ဒါကတော့ ဒီလိုရှိပါတယ်။ ကျွန်တော့် ဘ၀အမှန် တစ်ဝက်ကို ဖော်ပြထားပြီး ဖြစ်ပါတယ်။၊ ကျန် ၅၀%ကိုတော့ မလိမ်မညာဘဲမသိစေချင်တဲ့ သဘောနဲ့သာ ချန်လှပ်ထားတာပဲ ရှိပါတယ်။ ချန်လှပ်ထားတဲ့ ဘ၀တစ်ဝက်ကနေ လူတစ်ဖက်သား နစ်နာအောင်လည်း မပြော၊ မဆို၊ မရေး၊ မဆွယ်၊  မကျူ၊ မယူ ခဲ့ပါဘူး။ နောင်တော့် နောင်တော် ဘလောဂ့်ဂါများ ကျင့်သုံးတဲ့ လမ်းစဉ်ကိုပဲ မသွေမတိမ်း လျှောက်ခဲ့တာ ၀န်ခံပါတယ်။ တစ်ချို့များဆိုရင် ဘ၀မှန်ကို ၁၀၀% ထိဖုံးကွယ်ထားတာ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် နာမည်အမှန် ဘယ်သူဘယ်ဝါ၊ ယောက်ျား/ မိန်းမ၊ နေရာဒေသ၊ အလုပ်အကိုင် တွေအထိ လျှို့ဝှက်ထား တာလည်း ရှိပါတယ်။ ချွန်တာတော့ မဟုတ်ပါဘူး။ ပင့်ပေးတာလည်း မဟုတ်ပါဘူး။ နားလည်ပေးဖို့ တောင်းဆိုတာပါ။
  • ဘလောဂ့်လောက မှာထက် ချက်တင်းလောကမှာ သာလို့ဆိုးတဲ့ လူတွေပိုများပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မသိပါဘဲနဲ့ ၀င်ဝင်ရောပြီး ကိုယ်ရေးအချက် အလက်တွေ မသိမသာ မေးမေး သွားတတ်ပါ သေးတယ်။ invite လုပ် မိတ်ဖွဲ့လာတော့လည်း ကိုယ်က ဘလောဂ့်မိတ်ဆွေတွေ အမှတ်နဲ့ ကျွန်တော်ကတော့ ဘယ်သူပါ၊ ဘလောဂ့်လိပ်စာ ကတော့ဒီမှာပါ၊ ဒီမြို့၊ ဒီမြို့နယ်မှာ နေပါတယ်၊ ဘာအလုပ် လုပ်စားတယ်ပါလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါတယ်။ ဖြစ်သင့် တာကတော့ invite လုပ်တဲ့ ပုဂ္ဂိုလ်လည်းပဲ နာမည်မပြောချင်နေပါ။ ကျွန်တော်ကတော့ ကျား/မ ပါ၊ ဘယ်မှာနေပါတယ်၊ ဘယ်အကြောင်းကြောင့် ခင်မင်ချင်လို့ မိတ်ဆက်ပါတယ်။ ဒီအခြေအနေဆို မဆိုးသေးပါဘူး။ ခုတော့ အထက်စီးကနေပဲ ကျောကျောသွားလို့ မတတ်နိုင်တဲ့အဆုံး ကျွန်တော်လည်း ချက်တင်းတဲ့ မိတ်ဆွေတွေကို အားလုံး Block လုပ်ထားမိပါတယ်။ အပြစ်ကတော့ သေးသေးလေးပါ ယမမင်း။
ယမမင်း
  • တော်တိတ်၊ ဖုံးကွယ်တာတော့ ဖုံးကွယ်တာပဲ။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • စဉ်းစားပါအုန်း ယမမင်းခင်ဗျား။ ကျွန်တော် google မှာ register လုပ်ကတည်းကိုက အတည်ဖြစ်ခဲ့ပြီမို့ လက်ခံသူက အပြစ်ပိုကြီး .. .. ကြီး .. ကြီး.. .....
ယမမင်း
  • ပါးကွက်သားတွေ အပြစ်သားကို ခုချက်ချင်း ဆီပူမီးတိုက်လိုက် .. .. ။ ဒုန်း .. .. ။
ဖြေရှင်း လျှောက်လဲချက် မပြီးခင်မှာပဲ ပါးကွက်သားတွေရဲ့ ဆွဲခေါ်ရာနောက်ကို ဒရွတ်တိုက် ပါသွားတယ်။ ဒီလို လိုက်ပါလာရင်းကနေ လမ်းတစ်လျှောက် တွေ့ရာ အပြစ်သားတွေကို ကြည့်မိတော့ အလိုလေး .. ..မြင်ဖူးတယ် .. .. မြင်ဖူးတယ် .. .. လို့လှမ်းပြီး နှုတ်အဆက်မှာ ခြေထောက်ကို မီးဟပ်မိလို့ လန့်ဖြန့်ပြီး ရုန်းအထွက် ပါးကွက်သားတွေက လက်အလွတ်မို့ ဆူပွတ်နေတဲ့ ဆီအိုးထဲကို ပြုတ်ကျသွားတယ်။ လွတ်လိုလွတ်ငြား ကိုယ်ကို လှိမ့်ထွက်လိုက်တာ ဗုန်း .. ဆို ထိုင်အိပ်နေတဲ့ ကွန်ပျူတာ ခုံပေါ်ကနေ အေးစက်စက် ပါကေးကြမ်းပေါ် ပြုတ်ကျသွားမှ အိမ်မက်မက်နေမှန်း သိရတော့တယ်။ အေးစိမ့်တဲ့ မနက်ခင်းရဲ့ အအေးဓာတ်အောက်မှာ ဇောချွေးတွေကို သုတ်ရင်းနဲ့ မီးလင်းနေတဲ့ ups နဲ့ speaker ကို မ၀ံ့မရဲ ကြည့်ဖြစ်မိတယ်။ ဆက်ပြီး ဘလောဂ့်ဂင်း ဖြစ်ပါအုန်းမလား။ ဘလောဂ့်မိတ်ဆွေ တွေရဲ့ အိမ်လေးတွေကို မျက်စိထဲ အစီအရီ မြင်ယောင်နေမိတယ်။ ကိုယ့်ရဲ့ မဆင်မခြင် အတ္တစိတ် မှိန်မှိန်လေးကြောင့် တစ်ပါးသူအပေါ် အပြစ်လုပ်မိလေပြီလား ?၊ လူတွေမှာ ရိုးသားတဲ့ စိတ်ကလေးတွေ ဘာလို့ မျက်ကွယ် ပြုထားနိုင်ကြတာလည်း ပေါ့နော်။ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုပေမယ့် တစ်ဦးနဲ့ တစ်ဦးပေါင်းသင်း ဆက်ဆံရေးမှာ မရှိမဖြစ် လိုအပ်တဲ့ ရိုးသားမှုနဲ့ ပွင့်လင်းတဲ့ အမြင်လေးရှိရင် အားလုံးပျော်ရွှင် အဆင်ပြေ နိုင်မှာပါ။ ခိုးလုခိုးလု နဲ့ မတင်မကျတဲ့ စိတ်အစဉ်ကနေ အားလုံးသော မိတ်ဆွေများ စိတ်ရှင်းသန့်နိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။

Tuesday, January 13, 2009

သတ္တိ

အကြောင်းအရာ တစ်ခုခုနဲ့ တွေ့ကြုံလို့ လူတွေမှာ သတ္တိရှိလာကြတယ်။ သတ္တိတွေ ဘယ်ကလာတယ် ဆိုတာ ဂဃနဏ သေသေချာချာတော့ လူတိုင်း မသိနိုင်ပါဘူး။ ကြောက်စိတ်ကို ဖုံးကွယ်ဖို့အတွက် ဖြစ်ပေါ်လာတာလား? အများကောင်းကျိုး အတွက် စွန်လွှတ်အနစ်နာခံဖို့ ဖြစ်ပေါ်လာတာလား ? ပြောနိုင်တာ တစ်ခုကတော့ သတ္တိဆိုတာ ထူးခြားတဲ့ အစွမ်းတစ်ခု ဆိုတာပါပဲ။ ကျွန်တော်တို့မှာ ရှိတဲ့ သတ္တိ ဆိုတာ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ အရည်အချင်း ဖြစ်ချင်မှ ဖြစ်မယ်။ ကျွန်တော်တို့ရဲ့ သတ္တိဟာ မွေးရာပါ ဖြစ်ချင်မှ ဖြစ်မယ်။ ပြောနိုင်တာကတော့ ကျွန်တော်တို့ရဲ့ သတ္တိဟာ ကျွန်တော်တို့ ရလာတဲ့ အတွေ့အကြုံတွေ၊ ကျွန်တော်တို့ စုဆောင်းလာတဲ့ အရည်အချင်းတွေ၊ ကျွန်တော်တို့ နောက်မှာ ရှိနေတဲ့ တွန်းအားတွေ ကြောင့် ကျွန်တော်တို့ သတ္တိရှိတယ် ဆိုတာ ဖြစ်လာပါတယ်။

စာရနေတဲ့ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲကို မကြောက်ပေမယ့် စာမရတဲ့ ကျောင်းသားကတာ့ စာမေးပွဲကို ကြောက်နေတာမျိုး .. .. အမှောင်ထဲမှာ လက်နှိပ်ဓာတ်မီး မပါဘဲ လမ်းလျှောက် သွားတာထက် လက်နှိပ် ဓာတ်မီးထိုးပြီး လမ်းလျှောက် သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ သတ္တိနဲ့ ယုံကြည်မှုမျိုး .. ..

ဘီလီယံနဲ့ချီပြီး ချမ်းသာကြွယ်ဝသူ တစ်ယောက်ဟာ ငွေလေးတစ်သိန်း ကျပျောက်မှာကို မစိုးရိမ်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စား တစ်ယောက် အတွက် ငွေတစ်ရာလောက် အလဟဿ ဆုံးရှုံးသွားမှာကို စိုးရိမ်ကြောင့်ကြနေတာမျိုး .. .. စတဲ့ အဖြစ်အပျက်တွေ ဟာ လူတွေမှာရှိတဲ့ သတ္တိ ဖြစ်ပေါ်မှုရဲ့ အကြောင်းရင်းကို တစ်စိတ်တစ်ဒေသ လှစ်ဟ ဖော်ပြနေတာ ဖြစ်ပါတယ်။

ကနေ့ ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့ သတ္တိမျိုးမှာ သူရဲကောင်းဆန်တဲ့ သတ္တိမျိုး မဟုတ်ပါဘူး။ နေ့စဉ်ဘ၀မှာ ရော၊ သမိုင်းဝင် လှုပ်ရှားမှု တွေမှာပါ သတ္တိကို ပြသဖို့ လိုအပ်ပါတယ်။ အများကောင်းကျိုး အတွက် လိုအပ်တဲ့ သတ္တိကတော့ ဖြောင့်မတ် တည်ကြည်စွာ နေထိုင် လုပ်ကိုင်ဝံ့တဲ့ သတ္တိ ပဲဖြစ်တယ်။ ကိုယ့်စိတ်ကို ချုပ်တီးနိုင်တဲ့ သတ္တိမျိုး ဖြစ်တယ်။ အမှန်ကို ပြောရဲတဲ့ သတ္တိမျိုးဖြစ်တယ်။ မရှိကို အရှိ ဟန်ဆောင်ခြင်းကို တော်လှန်ရဲတဲ့ သတ္တိမျိုး ဖြစ်တယ်။ မိမိရဲ့ သမ္မာအာဇီဝ ၀င်ငွေနဲ့ ဖြောင့်မှန်စွာ နေထိုင်ရဲတဲ့ သတ္တိမျိုး ဖြစ်တယ်။ သူတစ်ပါးရဲ့ စည်းစိမ် ဥစ္စာကိုမှီခိုပြီး မမှန်မကန် နေထိုင်ခြင်းကို ဆန့်ကျင်တဲ့ သတ္တိမျိုး ဖြစ်တယ်။

တကယ်တော့ သတ္တိဆိုတာ လူတစ်ယောက်ရဲ့ မွေးရာပါ စိတ်ဓာတ်တစ်ခု မဟုတ်ဘဲ သူ့ရဲ့ အရည်အချင်း၊ နောက်ခံ အခြေအနေ၊ အတွေ့အကြုံနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု တွေကြောင့် ဖြစ်ပေါ်လာတယ် ဆိုတာကို ကျွန်တော်တို့ နားလည် သဘောပေါက် သင့်ပါတယ်။

Monday, January 5, 2009

တင်ကြို အနာဂတ် .. ..

မနက်ဖြန်ဆိုတဲ့ အနာဂတ်သေးသေး လေးကို မစဉ်းစားဘဲ မနေနိုင်တဲ့ အရာတစ်ခုလို ဖြစ်နေမိတယ်။ မနက်ဖြန်အတွက် ရတက်မအေးလို့ အိပ်မပျော်တစ်လှည့်၊ အိပ်ပျော်တစ်လှည့်နဲ့ မိုးလင်းတဲ့ရက်တွေ ရှိခဲ့ပါတယ်။ တစ်ညတစ်လေလည်း မနက်ဖြန်ဆိုတာကို စဉ်းစားရင်းနဲ့ အိပ်ပျော်သွားတတ် ပြန်ပါတယ်။ မနက်ဖြန်ဆိုတာ နောင်မှ ဖြစ်လာမဲ့ အရေးကိစ္စဖြစ်လို့ ဒီကနေ့မှာ ထည့်စဉ်းစားစရာ မလိုဘူးလို့ လူတော်တော် များများက ပြောကြပါတယ်။ ဒါပေမယ့် ကိုယ်ရင်ဆိုင်ရမယ့်၊ ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာ တွေအတွက် ကြိုတင် ပြင်ဆင်မှုအနေနဲ့ စဉ်းစားပြီး အိပ်ဖြစ်ကြတာ အရွယ်ရောက်သူတိုင်း လိုလို ဖြစ်ပါမယ်။

မနက်ဖြန်ဆိုတာ မသေချာ မရေရာတဲ့ စိတ်ကူးလို့ ဆိုပေမယ့် လူတွေဟာ ဒီကနေ့ပြီးသွားရင် နက်ဖြန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတဲ့ အတွေးတွေနဲ့ မနက်ဖြန်အတွက် တင်ကြို ပြင်ဆင်ကြရမှာ အမှန်ဖြစ်ပါတယ်။ " မနေ့က အိပ်မက်၊ နက်ဖြန်စိတ်ကူး၊ ဒီနေ့မှာ ဘဝ " ဆိုရိုးစကားလိုပဲ မနေ့ညက မက်ခဲ့တဲ့ အိပ်မက် ကောင်းကောင်းဆိုးဆိုးကို မူတည်ပြီး အိပ်မက်ဆိုးရင် ဘာကြောင့် အိပ်မက်ဆိုးရသလဲ ဒီလို အိပ်မက်ဆိုး မမက်ရလေအောင် ကနေ့ ဘယ်လိုဆင်ခြင်ရမယ်၊ ဘယ်လိုနေထိုင် ပြုပြင်ရမယ် ဆိုတာ စဉ်းစားရပါမယ်။ အိပ်မက်ကောင်း ဖြစ်ခဲ့ရင်လည်း ဘာအတွက်နဲ့ ရလဒ်ကောင်းတဲ့ အိပ်မက် ဖြစ်သလဲ။ နောင် ဒီထက်ကောင်း မွန်တဲ့၊ အဓိပ္ပာယ်ပိုရှိတဲ့ အိပ်မက်ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရမယ်။ ဒီလို စိတ်ကူးလေးများ ရှိခဲ့ရင် မနက်ဖြန်ဆိုတဲ့ အနာဂတ် သေးသေးလေးက ပိုပြီး လှပလာမှာ အသေအချာပါ။

လူ့လောကမှာ အမှန်တော့ မနေ့ကပြီးခဲ့တဲ့ ကိစ္စတွေကို မေ့ပစ်လိုက်လို့ မရပါဘူး။ မနေ့က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေပေါ် မူတည်ပြီး ဒီကနေ့မှာ အဆင်ပြေအောင်၊ အကျိုးများအောင် သင်ခန်းစာယူပြီး အသုံးချတတ်ရမှာ ဖြစ်ပါတယ်။ မနေ့က မလုပ်ဖြစ်ခဲ့တဲ့ ကိစ္စကြီးငယ်တွေကို ကနေ့ ပြီးပြတ်အောင် လက်စသပ် ရပါမယ်။ မနေ့က တစ်ပါးသူတွေ ထိခိုက်နစ်နာအောင် လုပ်မိခဲ့တဲ့ ကိစ္စများရှိရင် ဒီကနေ့ အဲလို အဖြစ်အပျက် မဖြစ်အောင် ဆင်ခြင်တုံတရားထားပြီး မနေ့ကကိစ္စအတွက် နောင်တရမယ့် အခြေအနေကနေ လွတ်မြောက်အောင် ဖန်တီးနိုင်မှာပါ။ လူဆိုတာ အမှားနဲ့ မကင်းနိုင်ဘူးလို့ ဆိုပေမယ့် အမှားနည်းနိုင်သမျှ ဆင်ခြင်ဥာဏ်ကို လွှာသုံးပြီး ကိုယ်လည်းအကျိုးရှိ၊ သူတစ်ပါးလည်း ထိခိုက်နစ်နာမှု မရှိရအောင် လုပ်ဆောင် နိုင်မယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးတွေ ပါပဲ။

ဒါကြောင့် လူ့ဘ၀ဆိုတာ ဒီနေ့အတွက်နဲ့ပဲ လက်တွေ့ကျတယ် ဆိုပေမယ့် ကုန်ဆုံးသွားတဲ့ မနေ့က အဖြစ်အပျက်တွေနဲ့လည်း သက်ဆိုင်နေသလို အနာဂတ်လှပဖို့ ဆိုတာကလည်း ဒီကနေ့လုပ်တဲ့ လုပ်ဆောင်ချက်တွေက အဆုံးအဖြတ် ပေးတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီကနေ့ဟာ မနက်ဖြန်အတွက် အချိန်ကာလတွေကို စက္ကန့်မခြား ဘ၀ရဲ့ အချို အခါးကို သယ်ဆောင်သွား နေတာပဲဖြစ်ပါတယ်။ ဒါဆိုရင် အနာဂတ်ဆိုတဲ့ ကိုယ့်ရဲ့ ကမ္ဘာကြီး သာယာလှပဖို့ ဒီကနေ့ကစပြီး ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။


Thursday, January 1, 2009

လုံခြုံစေချင်တယ်

ခေတ်ရေစီးကြောင်းတွေ တဟုန်ထိုး ပြောင်းလဲမှုအောက်မှာ ကျွန်တော်တို့ လူငယ်တွေရဲ့ ၀တ်ပုံ၊ စားပုံ နေထိုင် သွားလာပုံတွေဟာ ခေတ်နဲ့ အညီဖြစ်စေ၊ ခေတ်မီသည် ဖြစ်စေ၊ ခေတ်လွန်၍ ဖြစ်စေ လျင်မြန်စွာနဲ့ ပြောင်းလဲနေတာ အမှန်ပါ။ ပြောင်းလဲတဲ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု ရှိတဲ့ ရုပ်ဝတ္ထုများ တိုးတက်လာတာ ရှိသလို ဆုတ်ယုတ်သွားတဲ့ ရုပ်ပိုင်းဆိုင်ရာ တွေလည်း ရှိပါတယ်။ ကမ္ဘာ့ရွာ ဖြစ်တည်မှုကို အကြောင်းပြပြီး နိုင်ငံတစ်ခုနဲ့ တစ်ခု ယဉ်ကျေးမှုတွေ ယှက်နွယ်နိုင်ပေမယ့်လည်း အခြေခံ ယဉ်ကျေးမှုခြင်း မတူညီတဲ့ ဝတ်စားဆင်ယင်မှုကိုတော့ ပုံတူကူးယူလို့ မဖြစ်သင့်တဲ့အကြောင်းကို ညီငယ်၊ ညီမငယ်တွေကို သတိမူ စေချင်ပါတယ်။

မြို့ထဲသွားဖြစ်တိုင်း ရောက်လေ့ရှိတဲ့ နေရာကတော့ ဗိုလ်ချုပ်လမ်းမပေါ်နဲ့ ဗိုလ်ချုပ်ဈေး ၀န်းကျင်ကိုပဲ အရောက်များပါတယ်။ နောက် ထရိတ်ဒါးဟိုတယ်ကို ပတ်ပြီး ဆူးလေဘုရားလမ်းက ဘတ်စ်ကားမှတ်တိုင်ပါ။ သွားလာလှုပ်ရှားနေတဲ့ မြင်ကွင်းထဲမှာ ထူးခြားတာကတော့ ကောင်မလေးတွေ အပေါ်ပိုင်း ဟတတ နဲ့မလုံမခြုံရယ်ပါ။ ပူတဲ့ရာသီကြောင့် ပါးလွှာတာကလည်း တစ်ပိုင်းပေါ့။ ခန္ဓာအပေါ်ပိုင်း အရှက်လုံရုံသာသာ အင်္ကျီလေးနဲ့ဖြစ်တယ်။ အောက်ပိုင်းမှာတော့ ချက်အောက် ရောက်အောင် ဂွတိုတို ဘောင်းဘီတွေ ၀တ်တယ်။ စကပ်ပါးလှပ်လှပ် လေးတွေ ၀တ်တယ်။ ဘောင်တစ်ဝက်ကျော်တဲ့ ဘောင်းဘီတိုလေးတွေ ၀တ်တယ်။ လူမြင်ကွင်းအလယ်မှာ မတင့်တယ်တာ အမှန်ပါ။ စေ့စေ့ မကြည့်ရက်နိုင်အောင် ပိုမိုဝတ်ဆင် လာကြတာကို သတိထားမိတယ်။ ဘောင်းဘီဂွတွေ တိုတော့ အနောက်ကကြည့်ရင် အတွင်းခံကိုတောင် မမြင်ချင်ပါပဲ တွေ့နေရတယ်။ အသစ်ဆိုရင်တော့ ခံသာပါသေးရဲ့။ အသားဖြူရင်တော့ တစ်မျိုးပေါ့။

တစ်ရက် ရှစ်မိုင် ရွှေဘဲစားသောက်ဆိုင် ရှေ့တည့်တည့်က သန်းဖေလေး စမူဆာသုတ် ဆိုင်ကို သွားစားဖြစ်တယ်။ အခန်းကျဉ်းကျဉ်းပေါ်မှာ ထိုင်ခုံပုလေးတွေနဲ့ ထိုင်စားရတာ။ နေခင်းဘက်ဆိုတော့ နေရာမရဘူး။ ဒါနဲ့ ဆိုင်အောက်ဖက် လမ်းမပေါ်ခုံပုလေးနဲ့ပဲ ထိုင်စားဖြစ်တယ်။ ကားလာရင် ကိုယ်က ထပြီး လမ်းဘေးကပ် ပေးရတယ်။ စမူဆာသုတ်က ငရုတ်သီးမထည့်ဘဲ ပုံမှန်စားရင်တောင် တော်တော်လေးကို စပ်နေပါသေးတယ်။ အစပ်ကြိုက်သူများတော့ ခပ်စပ်စပ်နဲ့ မှာစားကြတယ်။ ဒီလိုနဲ့ ဟင်းရည်ခွက်ကို ငုံ့အသောက် မျက်လုံးက ဆိုင်အပေါ်ဘက်မှာ စားနေကြတဲ့ ကောင်မလေး တစ်သိုက်ဆီကို ရောက်သွားတယ်။ ကျောပေးထိုင်တဲ့ ကောင်မလေးရဲ့ အင်္ကျီနောက်ခြမ်းမှာ ကြိုးမျှင်မျှင်လေး တစ်ချောင်းပဲ ပါတယ်။ ခါးကနေ ကျောတပြင်လုံး အတိုင်းသား မြင်နေရတယ်။ ဘေးတိုက်ထိုင်တဲ့ ကောင်မလေးရဲ့ ဘောင်းဘီတိုကြောင့် တင်ပါးပေါ်လု ပေါ်ခင်ဖြစ်နေပြီး ပါးလွှာတဲ့ အတွင်းခံကြောင့် ထင်သာမြင်သာ တွေ့နေရတယ်။ ဂျင်းစကတ် ၀တ်ထားတဲ့ မျက်နှာချင်းဆိုင်က ကောင်မလေးရဲ့ ပေါင်နှစ်ခုက စုနေပေမယ့် အောက်ကကြည့်နေမို့ အားလုံးအထင်းသားပါပဲ။ အော် မလုံခြုံလိုက်ပုံများ ရင်လေးမိပါတယ်။ မကြည့်သင့် ပေမယ့် မျက်စေ့ရှေ့မှာ မြင်နေရတော့ ကြည့်မိဖြစ်သွားတယ်။

ဝတ်စားဆင်ယင်တာကို ခေတ်နဲ့လျော်ညီစွာ ၀တ်ဆင်တာကိုတော့ အပြစ်မဆိုသာ ပါဘူး။ ဒါပေမယ့် အပျိုလေးတွေ တန်မဲ့ အပျိုဂုဏ်ပုဒ် ကျဆင်းစေလောက်အောင် ၀တ်စားတာကိုတော့ သတိကြီးစွာနဲ့ ရှောင်ကြဉ်သင့်ပါတယ်။ မြန်မာ အမျိုးသမီးကောင်း လေးတွေ ကိုယ့်ယဉ်ကျေးမှုကို ဘာလို့များ ခိုင်မြဲအောင် မထိန်းသိမ်း နိုင်ရပါသလဲ။ မေးခွန်းထုတ်စရာပါ။

မိမိဥစ္စာပစ္စည်းကို မိမိလုံခြုံအောင် သိမ်းဆည်းထားပါမှ သူခိုးသူဝှက်တို့ ရန်ကနေ ကင်းဝေးမှာပါ။ ဒီလိုပါပဲ မိမိတို့ရဲ့ ၀တ်စား ဆင်ယင်မှုတွေကို လုံခြုံအောင် ၀တ်စားဆင်ယင်နိုင်ပါမှ ယဉ်ကျေးမှု အရှက်သိက္ခာကို မပွန်းပဲ့အောင်၊ လူအများ အထင်သေး မခံရအောင် စောင့်ရှောက် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု၊ မိမိဂုဏ်သိက္ခာ၊ မိမိအပျိုဂုဏ်တွေ မလျော့ပါးစေဖို့၊ အထင်သေး အမြင်သေး မခံရစေဖို့ မြန်မာမိန်းကလေးများ လုံခြုံမှု ရှိကြပါလို့ တိုက်တွန်းချင်ပါတယ်။

Tuesday, December 30, 2008

A Fresh Look at Bad Breath

ခံတွင်းနံခြင်း

မြို့ထဲသွားလာရင်းနဲ့ ရောက်ရာနေရာမှာ ပလက်ဖောင်းပေါ် ဖြစ်စေ၊ ကတ္တရာ လမ်းမပေါ် ဖြစ်စေ၊ တိုက်နံရံခြေရင်း ဖြစ်စေ၊ ကားမှတ်တိုင်နံရံမှာ ဖြစ်စေ ကွမ်းတံထွေးတွေ ရဲတွတ်နေတာ သိပ်ကို အမြင်ဆိုးပါတယ်။ ကိုယ်ကိုယ်တိုင် ကွမ်းမစားလို့ ကွမ်းစားတဲ့သူကို ရှုတ်ချတာတော့ မဟုတ်ပါဘူး။ သူ့လွတ်လပ်ခွင့်နဲ့ သူမို့ စားနိုင်ပါတယ်။ ဒါပေမယ့် စနစ်တကျ ကွမ်းသွေးထွေးနိုင်ရင် ပိုကောင်းမယ် ထင်မိလို့ပါ။ မေးကြည့်ဖြစ်ပါတယ် ဘာလို့ ကွမ်းစား ဖြစ်သလဲပေါ့။ တစ်ချို့က မိရိုးဖလာ စားတာရှိတယ် (ပြောရရင် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စားလာတာ)။ တစ်ချို့က သူများကိုအားကျလို လိုက်ဝါးရင်းနဲ့ ဖြတ်မရဘဲ စွဲသွားတာ။ တစ်ချို့ကျတော့ ပါးစပ်နံလို့ စားဖြစ်သွားတာ။ သူ့ယုံကြည်ချက်နဲ့ သူမို့ ကောင်းကြပါတယ်။ 

ပါးစပ်နံလို့ သူများကို အားနာတယ်ဆိုလို့ တစ်ခု သတိရမိပါတယ်။ လူကြီးနဲ့ စကားပြောရင် လက်ဖ၀ါးနဲ့ ပါးစပ်ကို အုပ်အုပ်ပြီ ပြောရတာကလည်း အဆင်မပြေလှပါဘူး။ လူမှု ဆက်ဆံရေး နယ်ပယ်မှာ ခံတွင်းအနံ့ နံတာကလည်း အခန်းတကဏ္ဍ အရေးပါပါတယ်။ ခံတွင်းနံ့ နံတတ်သူတွေဟာ ပေါင်းသင်း ဆက်ဆံရေးမှာ အနှောင့်အယှက် ဖြစ်စေယုံသာမက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု လျော့စေတတ် ပါတယ်။ ဒီဘက်ခေတ်မှာ ခံတွင်းနံ့ပျောက်တဲ့ ဂျင်တန် ဆေးလုံးတွေ၊ ဆေးပြားတွေ၊ spray တွေ ပေါနေပါပြီ။ ဒါပေမယ့် လူသုံးနည်း နေပါသေးတယ်။ သုံးရမှာ သိနေပေမယ့် လူတကာ မဆောင်နိုင်ကြပါဘူး။ ကျွန်တော် အပါအ၀င်ပေါ့။ ဒါကြောင့် ပါးစပ်နံတာ၊ ခံတွင်းမကောင်းလို့ အနံ့နံတာနဲ့ ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး ဆောင်ရမှာတွေ၊ ရှောင်ရမှာတွေကို မျှဝေပေးချင် ပါတယ်။
  • ပါးစပ်နံတာကို ကိုယ်တိုင်သိဖို့ ခဲယဉ်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ခံတွင်းနံ့ကို ကိုယ့်နှာခေါင်းက ယဉ်နေလို့ပဲ ဖြစ်ပါတယ်။
  • ခံတွင်းနံ့ နံရတာဟာ အစာအိမ် မကောင်းလို့ ဖြစ်ရတာ များပါတယ်။ ဒါ့အပြင် ခံတွင်းနံ့ဆိုးဟာ ပါးစပ်ရဲ့ အနောက်ဖက်ခြမ်းက ထွက်တတ်ပါတယ်။
  • သွားမှန်မှန် တိုက်ပေးတာက ပါးစပ်နံတာကို အထိုက်အလျှောက် ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အနံ့ဆိုးတွေက သွားပွတ်တံ မရောက်နိုင်တဲ့ နေရာကနေလည်း ထွက်လာနိုင်ပါတယ်။
  • အစားစားပြီးတိုင်း ပါးလုတ်ကျင်းပေးတာကလည်း ခံတွင်း သန့်ရှင်းရေးကို အထောက်အကူ ဖြစ်စေပါတယ်။
  • ခံတွင်းနံ့ ပျောက်ကင်းစေဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ သွားဆရာဝန်နဲ့  အစစ်ဆေးခံ ပြသသင့်ပြီး သွားအပေါက်များ၊ ပျက်စီးနေတဲ့ သွားများကို ပြုပြင်သင့်ပါတယ်။ ခံသွင်းကို မခြောက်သွေ့စေဖို့ ရေများများ (မကြာမကြာ) သောက်ပေးသင့် ပါတယ်။ သွားတိုက်မယ်ဆိုရင် အထူးသဖြင့် လျှာအပေါ်မှာပါ တိုက်ပေးသင့် ပါတယ်။ ဒါမှ ခံတွင်းနံ့ ကင်းတဲ့ လူသန့်တစ်ယောက် ဖြစ်လာမှာပါ။ ဖတ်ပေးလို့ ကျေးဇူးပါ။

Friday, December 26, 2008

လှတ ပတ ဖြစ်ဖို့

"ကလေးလေးက ချစ်စရာလေး၊ ဝဝကစ်ကစ်လေး ဘာတွေများ ကျွေးလည်းမသိဘူးနော်" လို့ အမေးခံရတဲ့ အမေတိုင်း ၀မ်းပမ်းတသာနဲ့ အားပါးတရ ရှင်းပြပါလိမ့်မယ်။ ကလေးကို ဘယ်လိုကျွေးပြီး ဘယ်လို ပြုစုနေတယ် ဆိုတာကိုပေါ့။ ငယ်တုန်းကလေးဘဝမှာ ဝ ချင်သလောက် ဝ နိုင်ပါတယ်။ ဝ ပါမှ ကျန်းမာမှာ ဖြစ်ပါတယ်။

ကလေးဘဝ ကျော်လွန်ပြီး ဆယ်ကျော်သက် ဖြစ်လာတဲ့အခါမှာ ခေတ်မီတဲ့ အပြင်အဆင် ဒီဇိုင်းတွေနဲ့ စတိုင်လ်ကျကျ ၀တ်ချင်လာတဲ့ စိတ်ကလေးကြောင့် ကိုယ်ခန္ဓာသွယ်လျပြီး အချိုးကျနဖို့ အာရုံစိုက်လာကြတယ်။ များသောအားဖြင့် မိန်းကလေးတွေ ဖြစ်ပါတယ်။ နည်းမှန် လမ်းမှန်နဲ့ ကိုယ်လက် လှုပ်ရှားမှုလေး လုပ်တာထက် နည်းလမ်းမမှန်ကန်တဲ့ အစားအစာ အငတ်ခံတာ၊ ဘေးထွက်ဆိုးကျိုး များတဲ့ ဆေးတွေ သောက်သုံး တာတွေကြောင့် မိန်းကလေး တစ်ယောက်မှာ ရှိသင့်တဲ့ အသားအရေ၊ ခန္ဓာကိုယ် အချိုးအစားမျိုး မရှိတော့ဘဲ ပုံပန်းမကျ ပိန်လှီသွားတာကို မြင်တွေ့ဖူးမှာပါ။ လှချင် ပချင်တဲ့ စိတ်လေးတစ်ခုထဲနဲ့ စနစ်တကျ မဟုတ်တဲ့ ကိုယ်အလေးချိန် လျော့ချနည်းတွေရဲ့ အကျိုးဆက်ကတော့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင် စရာရှိပါတယ်။ ပညာသင်တဲ့ အရွယ်ဖြစ်လို့ အသက်အရွယ်နဲ့ လိုက်ပြီး ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်မျိုးတော့ ရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကျန်းမာကြံ့ခိုင်ပြီး လှပစိုပြေမှု ရှိမှာပါ။ ဆယ်ကျော်သက် အရွယ်ကတော့ ပိန်တာ၊ ၀တာတွေဟာ အပြောင်းအလဲ မြန်တတ်ပါတယ်။ ထိန်းချုပ်ဖို့ မသင့်တော်သေးပါဘူး လို့မြင်မိပါတယ်။

ဆယ်ကျော်သက် အရွယ်လွန်လို့ အပျိုဖော်ဝင်တဲ့ ၂၀ ကျော် ၃၀ ၀န်းကျင်အရွယ် ရောက်လာရင် အမြင်တစ်မျိုး ဖြစ်လာပါမယ်။
" မတွေ့တာကြာလို့လားမသိဘူး၊ ပိန်သွားတယ်နော်"
လို့များ တစ်ယောက်ယောက်ရဲ့ နှုတ်ဆက်စကား ကြားမိရင် အကျေနပ်ကြီး ကျေနပ်ပြီး
" အို . . . အခုက ၀လာတာ၊ အရင်ကဆို ဒီထက်တောင် ပိန်သေး"
ဆိုပြီး ချက်ချင်းကြီး တုန့်ပြန်ပြောဆိုမိကြမှာပါ။

"ဟယ် .. .. ဝလာလိုက်တာကြည့်စမ်း၊ ပုံပျက်နေပြီ၊ ဝိတ်လျော့အုန်း" လို့
ဆိုတဲ့ မှတ်ချက်စကား ကြားလိုက်ရင်တော့ဖြင့် အပြောခံရသူခဗျာ စိတ်ဓာတ် အကြီးအကျယ် ကျဆင်း သွားနိုင်ပါတယ်။ စိတ်ထဲနေလည်း တိုးတိုးလေး ရေရွတ်မိတာက
" အင်း .. ဘာမှလည်း သိပ်မစားပဲနဲ့များ၊ ဒီကြားထဲ ဝ, ဝ လာနေတာ စိတ်ကိုညစ်တယ်"
ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ပြန်ပြောမိမှာပါ။ ဒီလို အပြောခံရပြီ ဆိုတာနဲ့ အစားအသောက်တွေ တစ်အားကြီးလျော့ပစ်၊ ကိုယ်ခန္ဓာက လိုအပ်တဲ့ အာဟာရမရတော့ အားလျော့လာ၊ ဒီလိုနဲ့ အချိန်တိုင်း ဗိုက်ဆာသလို ဖြစ်ပြီး၊ တစ်ခါတလေ အငမ်းမရစားပစ်လိုက်နဲ့ နဂိုကထက် ပိုပြီး အလေးချိန် တိုးလာမှာတော့ အသေအချာပါပဲ။

ကိုယ်အလေးချိန် တိုးဖို့ဆိုတာ လွယ်ကူပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် တစ်ပေါင်၊ နှစ်ပေါင် ကျဖို့ အတွက်တော့ အချိန်ယူရပါမယ်။ စိတ်ရှည်ရပါမယ်။ ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးကို ဇွဲရှိရှိနဲ့ အချိန်မှန် လုပ်ဆောင်ပေးရပါမယ်။ အစားအသောက် ကိုလည်း အချိန်နဲ့ စနစ်တကျစားပြီး အာဟာရဖြစ်ဖို့ ကိုလည်း ဝဝလင်လင် စားပေးရပါမယ်။ အဆီတိုးမှာစိုးလို့ ဆိုပြီးတော့ အသားမစားဘဲ ငါးအမျိုးမျိုးကို စားကောင်းအောင် ချက်ပြုတ် စားသောက်တာ ကိုယ်အလေးချိန် လျော့ဖို့အတွက် အထောက်အကူ ဖြစ်ပါတယ်။

အစားအသောက် တစ်ခုခု မစားခင် ရေနည်းနည်း သောက်တာ၊ စားသောက်ပြီးတဲ့ အခါမှာလည်း ရေနည်းနည်း ထပ်ပြီး သောက်ပေးတာက အစားအသောက်ကို အလွန်အကျွံ မစားသောက် မိအောင် ထိန်းပေးထားသလို ဖြစ်ပါတယ်။ အစာချေဖျက်ဖို့ အတွက်လည်း အထောက်အကူ ဖြစ်စေ ပါတယ်။

အမှန်တော့ ကိုယ်လက် လှုပ်ရှားရာမှာပဲ ဖြစ်ဖြစ်၊ အစားအသောက်ကို စားသုံးတာပဲ ဖြစ်ဖြစ် စိတ်ပျော်ရွှင်နေဖို့ တော့လိုအပ်ပါတယ်။ ကိုယ်လက်ကြံ့ခိုင်ဖို့ အတွက် အားကစား တစ်ခုခုကို ဇွဲရှိရှိနဲ့ ရေရှည် အချိန်ပေးပြီး ကြိုးစားကစားမယ် ဆိုရင် သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ် အချိုးအစားကို ထိန်းထားပေး နိုင်ပါတယ်။ ဒီလိုဆိုရင် ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်တဲ့အပြင် ကြံ့ခိုင်တဲ့ ပြေပြစ်တဲ့ ကိုယ်ခန္ဓာမျိုးကိုပါ ပိုင်ဆိုင်ခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူတိုင်း လှပနိုင်ပါစေ၊ လှပသူတိုင်းလည်း ပျော်ရွှင်နိုင်ပါစေ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။