Thursday, August 6, 2015

ရေခဲရေ ပုံးလိုက်အလောင်းခံရန် စိန်ခေါ်ခဲ့ကြပြီး နောက်ဝယ်


ရေခဲရေ ပုံးလိုက်အလောင်းခံရန် စိန်ခေါ်ခဲ့ကြပြီး နောက်ဝယ်

 
(Best of ALS Ice Bucket Challenge)

 အရင်နှစ် နွေရာသီတုန်းက Ice-bucket Challenge ဆိုတာ ခေတ်စားခဲ့တယ်။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ရေခဲပုံးကြီးကို ခေါင်းပေါ်ကနေ လောင်းချဖို့ စိန်ခေါ်ကြတာ ဖြစ်ပြီး သာမန်လူထု ကနေ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ ၊ အနုပညာနဲ့ အားကစား အကျော်အမော် တွေကအစ ကျယ်ပြန့်စွာ ပါဝင် ခဲ့ကြတယ်။ အခုလို ရေခဲရေ ပုံးလိုက် အလောင်းခံဖို့ စိန်ခေါ်ခဲ့ ကြတဲ့ နောက်ကွယ်မှာ ကမ္ဘာ လောကကြီး အတွက် ဘာတွေများ အကျိုးရှိသွား ပါလိမ့် ... ။

သင်ကိုယ်တိုင် Ice-bucket Challenge ကို ဘွာခတ် ခဲ့တယ် ဆိုရင်တောင် အနည်းဆုံး လူမှုကွန်ရက် စာမျက်နှာ တွေမှာတော့ အကျော်အမော် ပုဂ္ဂိုလ်တွေ ရေခဲပုံးလိုက် အလောင်းခံ နေပုံတွေကို ကြည့်ခွင့် ရခဲ့မှာပါ။ အဲဒါတွေဟာ တကယ်တော့ မွန်မြတ်ဖွယ် ကောင်းတဲ့ အလှူ အတန်း ပြုတဲ့နည်း တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာ လောကကြီးကို အများကြီး ကောင်းကျိုး ပြုခဲ့ပါတယ်။

Facebook တစ်ခုတည်း ပေါ်မှာ Ice-bucket Challenge ဗီဒီယိုဖိုင် တွေကို လွှင့်တင်ခဲ့သူ ဦးရေ ၁၇ သန်းခန့် ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း က လူသန်းပေါင်း ၄၄၀ လောက်က ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဗီဒီယိုဖိုင် လွှင့်တင်တာ ၊ လူတွေက ပြန်လည် ကြည့်ရှုတာတွေ ကနေ သက်ဆိုင်ရာ လူမှု ကူညီရေး အသင်းအဖွဲ့ တွေက ပိုက်ဆံတွေ အလုံးအရင်းနဲ့ ရရှိ ခဲ့ကြတယ်။

ဥပမာ ယူကေ က Motor Neurone ရောဂါ ထိန်းချုပ်ရေး အသင်းဟာ Ice-bucket Challenge ကနေ စတာလင်ပေါင်  ခုနစ်သန်း ရရှိခဲ့တယ်။ ပေါလာ နဲ့ ရောဘတ် တို့စုံတွဲကနေ ဇာတ်လမ်း စခဲ့တာ ဖြစ်တယ်။ အမေရိကား မှာ Ice-bucket Challenge ခေတ်စားနေတာ သူတို့ သတိထား မိပြီးတော့ Facebook ပေါ်မှာ Motor Neurone အတွက် ရန်ပုံငွေ ရှာဖွေရေး စာမျက်နှာ တစ်ခု တည်ထောင် လိုက်ပြီးတော့ Ice-bucket Challenge ကို စတင်ခဲ့တာ ဖြစ်တယ်။ အရင်ဆုံး သူတို့ကို သူတို့ ရေခဲပုံးလိုက် အလောင်းခံပြီး ဗီဒီယိုဖိုင်ကို လွှင့်တင် ခဲ့ကြပြီး နောက်ထပ် တစ်ယောက်ကို စိန်ခေါ် ခဲ့ကြတယ်။ ကြည့်ရှုသူ တွေကို ဒီလို ရေခဲပုံးလိုက် အလောင်းခံ ရတာဟာ Motor Neurone ရောဂါ ကုသနိုင်ရေး အတွက် ရန်ပုံငွေ ထူထောင်ခြင်း ဖြစ်ပြီး ရန်ပုံငွေ လိုအပ်ချက် စတင်လင် ပေါင် ခုနစ်သန်း ဖြစ်တယ်ဆိုတာ ကို ဖော်ပြ ခဲ့ကြတယ်။ အလှူရှင်တွေ နည်းများ မဆို ငွေလှူဒါန်း နိုင်မယ့် Text Message နံပါတ် ICED55 ကိုလည်း သတ်မှတ် ဖော်ပြခဲ့ ကြတယ်။ တစ်နှစ် အတွင်းမှာ Ice-bucket Challenge တစ်ခုတည်း ကနေ သူတို့ဟာ စတာလင်ပေါင် လေးသန်းကျော် ကောက်ခံ ရရှိခဲ့ပြီး ဖြစ်တယ်။

အမေရိကား မှာလည်း ၂၀၁၄ ခုနှစ်တုန်းက ALS ရောဂါ ကုသရေး အသင်းကနေ Ice-bucket Challenge လုပ်တာ သြဂုတ်လ နဲ့ စက်တင်ဘာလ နှစ်လအတွင်းမှာ အလှူငွေ ဒေါ်လာ ၁၁၅ သန်း ရရှိခဲ့ ပါတယ်။ အဲဒီလို ငွေကြေး ရရှိခဲ့တဲ့ အတွက်လဲ ALS ရောဂါဆိုင်ရာ သုတေသန လုပ်ငန်းကို သုံးဆတိုးပြီး လုပ်ကိုင် နိုင်ခဲ့ခြင်း ဖြစ်တယ်။

ဒါ့အပ်ြင MND ရောဂါ တိုက်ဖျက်ရေး အသင်းကလဲ Ice-bucket Challenge နဲ့ တစ်နှစ်အတွင်း ထူးထူးခြားခြား ရန်ပုံငွေ ထူထောင်နိုင် ခဲ့ကြောင်း ၊ MND ရောဂါကို လူထုက သတိထားမိ သွားပြီး သုတေသန လုပ်ငန်းအတွက် အများအပြား လှူဒါန်းခဲ့ ကြကြောင်း ၊ အဲဒီ ရန်ပုံငွေတွေ ကြောင့်လဲ MND ရောဂါ အကြောင်းကို ရိုက်ကူးထားတဲ့ ပရော်ဖက်ဆာ စတီဖင် ဟော့ကင်း အကြောင်း ရိုက်ကူးထားတဲ့ The Theory of Eveything ထွက်ပေါ် လာခဲ့တယ်။

သိပ္ပံသုတေသန လောကမှာ ဘယ်တုန်းကမှ ဒီလောက် မြန်ဆန် ကြီးမားတဲ့ ရန်ပုံငွေကို မတည်ထောင် နိုင်ခဲ့ပါဘူး။ ရေခဲပုံးလိုက် အလောင်းခံပြီတော့ လူထု စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖို့ ဆိုတာလည်း Facebook လို အခမဲ့ လူမှုကွန်ရက် တွေ မရှိရင် မဖြစ်နိုင် ပါဘူး။ ပထမဆုံး အကြိမ်အဖြစ် တကယ့် ထိပ်တန်း ပညာရှင်တွေ ၊ နိုင်ငံတော် အကြီးအကဲတွေ ကအစ Facebook ကို အမြင် ကြည်လာ ကြတယ်။ သူတို့ ကိုယ်တိုင် Facebook အကောင့်တွေ လုပ်ကြတယ်။ သုံးကြတယ်။

အရင်တုန်းက လူမှုကွန်ရက် တွေကို ဆက်သွယ်ရေး ကိရိယာထက် ပိုပြီး မမြင်ခဲ့ပါဘူး။ အခုတော့ လူထု တစ်ရပ်လုံး ပါဝင်တဲ့ လှုပ်ရှားမှုကြီး တွေကို ဒီ လူမှုကွန်ရက် တွေပေါ်ကနေ လှုံ့ဆော် စည်းရုံးလို့ ရတယ်ဆိုတာ ကို ကျွန်တော်တို့ သဘောပေါက် လက်ခံလာကြ ပါပြီ။ ဒါပေမယ့် Ice-bucket Challenge တွေ ရပ်သွားခဲ့ ပါတယ်။ ဘာကြောင့်လဲ ...

သူတို့ဆီက လေးစားစရာ ကောင်းတဲ့ စိတ်ဓာတ်ပါ။ Ice-bucket Challenge ကို ပြုလုပ်ပြီး မိမိတို့ သုတေသန လုပ်ငန်းတွေ အတွက် လုံလောက်ပြည့်စုံတဲ့ ရန်ပုံငွေကို ရရှိပြီဖြစ်လို့ ယခုနှစ် နွေရာသီမှာ Ice-bucket Challenge ကို ထပ်မလုပ် ခဲ့ကြပါဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတိုင်ပင်ဘဲနဲ့ Ice-bucket Challenge ပြုလုပ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု နဲ့ ယူကေ တို့ဟာ မိမိ လိုအပ်ချက် ပြည့်မီသွားတဲ့ အခါ ရန်ပုံငွေ ကောက်ခံရေး လှုပ်ရှားမှု တွေကို ရပ်တန့်လိုက်တာ အတုယူဖို့ ကောင်းပါတယ်။

ဒီလိုနဲ့ အမှတ်မထင် ပါပဲနဲ့ ရေခဲပုံး တစ်ပုံးနဲ့ Facebook ကို အရင်းပြုလို့ လူသားမျိုးနွယ်စု တွေအတွက် အလွန် အရေးပါတဲ့ သုတေသန လုပ်ငန်းကြီး တွေကို ဆက်လက် လုပ်ကိုင်နိုင်ဖို့ ရန်ပုံငွေ ထူထောင် နိုင်ခဲ့တဲ့ အကြောင်း လေ့လာ ရေးသား လိုက်ရပါတယ်။



Kim Kardashians ALS Ice Bucket Challenge

 

Monday, July 20, 2015

အသက် ၁၈ နှစ်မပြည့်သူများကို ဆေးလိပ် မရောင်းချပေး သော်လည်း ဆေးရွက်ကြီးစိုက်ခင်း များတွင်မူ အလုပ်လုပ် စေသောအခါ ...




 နိုင်ငံအတော် များများမှာ အသက် ၁၈ နှစ် မပြည့်သေးသူ တွေကို ဆေးလိပ် မရောင်းပေး ပါဘူး။ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီ ပြည်နယ်မှာ ဆိုရင် ဆေးလိပ် ဝယ်ယူခွင့်ကို အသက် ၂၁ နှစ်ထိ တိုးမြှင့် သတ်မှတ် ထားပါတယ်။ ဆေးလိပ်ပေး မဝယ်ဘူး ဆိုပေမယ့် ဆေးလိပ်မှာ မပါလို့ မပြီးတဲ့ ဆေးရွက်ကြီး စိုက်ခင်းတွေမှာ ကျတော့ လုပ်သားတွေ အများစုဟာ အသက် ၁၈ နှစ်အောက် ကလေးတွေ ဖြစ်နေတာ ကျတော့ကော သူတို့ရဲ့ ကျန်းမာရေးကို မထိခိုက် စေဘူးလား .. လို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။

အမေရိကန် ပြည်ထောင်စု မြောက်ကာရို လိုင်းနားပြည်နယ် ဟာ ဆေးရွက်ကြီးကို အဓိက စိုက်ပျိုးတဲ့ ပြည်နယ် ဖြစ်ပါတယ်။ မနက်အရုဏ် တက်ချိန် ရောက်ရင်ကိုပဲ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ်ထက် မပိုတဲ့ ကလေးတွေဟာ အိပ်မှုန်စုံမွှားနဲ့ အမေ့ကို နှုတ်ဆက်ရင်း ဆေးရွက်ကြီး စိုက်ခင်းထဲကို တစ်လှမ်းချင်း လှမ်းဝင် သွားတာ တွေ့ရ ပါလိမ့်မယ်။ နေထွက်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဒီ ဆေးရွက်ကြီး စိုက်ခင်းတွေရဲ့ အပူချိန်ဟာ ဂဏန်းသုံးလုံး ကို ရောက်သွား ပါလိမ့်မယ်။ ဒီ အပူချိန်ကို အန်တုဖို့ သူတို့ လက်ထဲမှာ ရေတစ်ဘူးပဲ ပါပါတယ်။

မနက် ၆ နာရီလောက်မှာ သူတို့ကို ကားတွေက လာကြို ပါတယ်။ တစ်နာရီလောက် ကားစီးရတဲ့ ခရီးအဆုံး မှာတော့ ထင်းရှူးတောကြီး တစ်တောကို ရောက်ပြီး အဲဒီတောရဲ့ နောက်မှာ ၊ သက်ဆိုင်ရာက အလွယ်တကူ မမြင်နိုင်တဲ့ နေရာမှာ ကျယ်ပြန့် များပြားစွာ စိုက်ပျိုးထားတဲ့ ဆေးရွက်ကြီး စိုက်ခင်းထဲကို ဒီကလေးတွေ အလုပ် ဝင်လုပ် ရပါတော့မယ်။ ဒီကလေး တွေဟာ ရေသောက်ဖို့ ခဏနားခွင့် ရှိပါတယ်။ ဒါပေမဲ့ သူတို့အတွက် အိမ်သာ မရှိပါဘူး။ သူတို့ဟာ တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိထားသူ တွေလဲ မဟုတ်တဲ့ အတွက် အလုပ်ရှင်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မကျေနပ်မှု ရှိလာရင် ဘယ်ကိုမှလဲ တိုင်လို့ မရပါဘူး။ ကလေးတွေဟာ အမှိုက်ထည့်တဲ့ ကြွပ်ကြွပ်အိတ်ကို ခေါင်းနဲ့ လက်မောင်း ပေါက်တွေ ဖောက်ပြီး ကိုယ်ပေါ် စွပ်ချရပါတယ်။ လက်ကိုလဲ ကြွပ်ကြွပ်အိတ် တွေနဲ့ပဲ စည်းနှောင်ကြ ပါတယ်။ ဆေးရွက်ကြီး အပင်နဲ့ တိုက်ရိုက် ထိတွေ့လို့ မဖြစ်ပါဘူး။ နီကိုတင်း တွေက အရေပြား ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်သွား ပါလိမ့်မယ်။ အထူးသဖြင့် မနက်ခင်း ဆေးရွက်ကြီးတွေ စိုနေတဲ့ အချိန်မျိုးမှာ ဖြစ်ပါတယ်။ နည်းနည်း ဂရုမစိုက် မိတာနဲ့ ဆေးရွက်ကြီး ထဲက နီကိုတင်းတွေ အရေပြား ထဲကို စိမ့်ဝင်သွားပြီး ပျို့မယ်၊ အန်မယ်၊ မူးမယ်၊ ခေါင်းကိုက်မယ်၊ အစာစားချင်စိတ် ကုန်ခန်းမယ် ၊ အိပ်မရဖြစ်မယ် ၊ ဒီကြားထဲ ဆေးရွက်ကြီး တွေကို ပိုးသတ်ဆေး ဖျန်းထားတယ် ဆိုရင် ပိုလို့တောင် ဆိုးဆိုးရွားရွား ခံရ ပါသေးတယ်။

အပူချိန် ၁ဝဝ ဒီဂရီ ဖာရင်ဟိုက် ကျော်နေတဲ့ နေပူကျဲကျဲ ထဲမှာ ထိမိတာနဲ့ လူကို ထိခိုက် စေ မယ့် ဆေးရွက် ကြီး တွေကြား ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် လို့ ဆေးရွက် ကြီးတွေ သန်စွမ်း လာအောင် လိုအပ်သလို လုပ်ပေး နေရတဲ့ ဒီကလေး တွေကို အသက် ၁၈ နှစ် မပြည့်မချင်း ဆေးလိပ် ဝယ်ခွင့် မရှိလို့ပြောရင် ဘာပြန်ပြော ကြမှာပါလိမ့်။ သူတို့ဟာ ဒီစိုက်ခင်း တွေထဲမှာ တစ်ရက်ကို အနည်းဆုံး ၁၂ နာရီ အလုပ်လုပ်ကြ ရပါတယ်။ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားနဲ့ အခြားနိုင်ငံ အတော် များများမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို အခကြေးငွေ ပေးပြီး အလုပ် လုပ်ခိုင်းရင် တရားဥပဒေနဲ့ ငြိစွန်းပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံမျိုးမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်ဟာ မိဘ ခွင့်ပြုချက် နဲ့တင် အလုပ်လုပ် နေကြပြီး အသက် ၁၄ နှစ်ပြည့်ရင် ဘာခွင့်ပြုချက်မှ တောင်းဖို့ မလိုတော့ ပါဘူး။ အသက် ၁၆ နှစ်ပြည့်ပြီး သွားရင် စတိုးဆိုင် တွေမှာ တစ်ရက်ကို ၁၈ နာရီ အလုပ်လုပ်ခွင့် ရှိကြပြီး အခုလို ဆေးရွက်ကြီး ခူးဆွတ် ပျိုးထောင် နေရတဲ့ ကလေးတွေကို ကျောင်းနေဖို့လဲ ဘယ်သူမှ မတိုက်တွန်း ကြပါဘူး။

လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့တွေ ကတော့ ဆေးရွက်ကြီး စိုက်ခင်းထဲ လွင့်ပါး ပျောက်ဆုံးနေတဲ့ ကလေးလုပ်သား တွေအတွက် မားမားမတ်မတ် ရပ်တည်ပေးပြီး ဆေးရွက်ကြီး စိုက်ခင်းတွေမှာ ကလေးတွေကို မသုံးဖို့ အကြိမ်ကြိမ် ကန့်ကွက် ပြောဆိုခဲ့တယ် ဆိုပေမယ့် အခုအချိန် ထိတော့ မဟန့်တား နိုင်သေးပါဘူး။

အလုပ်ချိန် အကြာကြီး၊ ရာသီဥတု ကလဲ ပူပြင်းလှတယ်၊ ကျောင်းလဲ မသွားရဘူး။ ဒါပေမဲ့လည်း ဒီဆေးရွက်ကြီး စိုက်ခင်းကနေ ထွက်သွားဖို့ ကလေးတွေက မစဉ်းစားကြ သလို မိဘ တွေကလဲ မလုပ်နဲ့လို့ မတားနိုင် ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကရတဲ့ ငွေလေးနဲ့ပဲ သူတို့ မိသားစုတွေ နေထိုင် စားသောက် ရလို့ပဲ ဖြစ်ပါတယ်။

ဒီတော့ ဆေးလိပ်သောက်မှ ဆေးလိပ်ရဲ့ဆိုးကျိုးတွေ ရတာ မဟုတ်ဘဲ ဆေးရွက်ကြီး စိုက်ခင်းမှာ အလုပ်လုပ် နေရတဲ့ ကလေးတွေ ဟာလဲ ကျန်းမာရေး အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့အပြင် ကျောင်းတက်ခွင့် ပါ မရကြလေတော့ လူ့စွမ်းအား အရင်းအမြစ်ကို များစွာ ထိခိုက် စေနိုင်တာမို့ အသက် မပြည့်သေးသူ တွေကို ဆေးလိပ်လဲ ပေးမသောက် ၊ ဆေးရွက်ကြီး စိုက်ခင်းတွေမှာလဲ အလုပ် ပေးမလုပ် သင့်ဘူးလို့ အလွယ်ပြော နိုင်ပေမယ့် သူတို့လေး တွေရဲ့စားဝတ်နေရေး ကလဲ ရှိသေးတော့ ကိုင်တွယ်ရ ခက်တဲ့ ပြဿနာ ဖြစ်နေတယ် ဆိုတာကို လေ့လာရေးသား လိုက်ရပါတယ်။

Tuesday, July 7, 2015

နားကြပ်ဖြင့် နားထောင်မှုကြောင့် အကြားအာရုံ ချို့တဲ့မှု စောစီးစွာ ဖြစ်ပွားနိုင်



နားကြပ်ဖြင့် နားထောင်မှုကြောင့် အကြားအာရုံ ချို့တဲ့မှု စောစီးစွာ ဖြစ်ပွားနိုင်

လမ်းပေါ်မှာ လူငယ်လေးတွေ နားကြပ်ကိုယ်စီ နဲ့ ဆိုင်ကယ်စီး နေကြတာကို တွေ့ရပါတယ်။ အားကစား ခန်းမတွေ သွားတော့လဲ အားလုံး နားထောင်ဖို့ သီချင်းကို စပီကာကြီး တွေနဲ့ ဖွင့်ပေး ထားပေမယ့် ကိုယ့်နားကြပ် လေးနဲ့ကို နားထောင် ရင်း ကစားနေကြ သူတွေ ရှိနေပါတယ်။ အိမ်တွေ မှာလဲ ရှေ့မှာ တီဗွီ ဖွင့်ထားပြီး နားကြပ်ကြီး တပ်လို့ ဂိမ်းဆော့ နေတဲ့ ကလေးတွေ ရှိနေသလို ညအိပ်ရာ ဝင်ရင် တပ်လိုက်တဲ့ နားကြပ်ဟာ မနက်မိုးလင်း တဲ့အထိ နားမှာ တပ်လျက် ဖြစ်နေကြ သူတွေကိုလဲ တွေ့ရပါတယ်။ အချို့ကလဲ မီးစက်သံတွေ၊ အဆောက်အအုံ ဆောက်လုပ်တဲ့ အသံတွေရဲ့ ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံး နားကြပ်တပ်ပြီး သီချင်း ကျယ်ကျယ် ဖွင့်ထား လိုက်ကြ ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ်၊ နားကြပ်တပ်ပြီး သီချင်း၊ အသံ အစရှိတာ တွေကို နားထောင်သက် ကြာလာရင် အကြားအာရုံကို ထိခိုက် စေနိုင်ပါတယ်။
  • အရင်က အသံကြည်ရွှင် နေတဲ့ ဂစ်တာသံဟာ တဖြည်းဖြည်း တိုးလာသလို ခံစားရဖူး ပါသလား။
  • တီဗွီမှာ စကားပြောတဲ့ အသံကို သေသေချာချာ မကြားရလို့ အသံ ထထချဲ့ ရပါသလား။
  • လူတွေ အများကြီးနဲ့ ဆူညံ ပွက်လောရိုက် နေတဲ့ စားသောက်ဆိုင် တွေထဲမှာ အသံကုန် အော်ဟစ်ပြီး စကားပြောတာ ကျင့်သား ရနေပြီလား။
  • ဒါဟာ သင့်အကြားအာရုံ ချို့တဲ့မှု စဖြစ်နေပြီ ဆိုတဲ့ သတိပေးချက်ပဲ ဆိုတာကို သင်သိ ပါရဲ့လား။

သီချင်းနဲ့ ရုပ်ရှင်ပေါ် အမွေ့လျော်ဆုံး ဖြစ်တဲ့ ကလေးတွေ၊ လူငယ်တွေဟာ နားကြပ် အများဆုံး အသုံးပြုကြတာ ဖြစ်ပြီး သူတို့ရဲ့ အကြား အာရုံဟာ အသက်ကြီး လာတာနဲ့ အမျှ ချို့တဲ့လာပုံများ နောက်ဆို သက်ကြီးရွယ်အို နားလေးတဲ့ အသက်အရွယ် ဟာ အများကြီး စောလာ လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ခေတ်ကြီး တိုးတက်  လာတာနဲ့အမျှ လူတွေဟာ အသံကို နားထောင်ခွင့် အမျိုးမျိုး ပိုပြီးရလာကြ ပါတယ်။ မိုဘိုင်းဖုန်းနဲ့ တစ်ကိုယ်တည်း နားထောင်မယ်၊ စတိတ်ရှိုး တွေကို LIVE သွားကြည့်မယ်၊ ဘားဆိုင်၊ စားသောက်ဆိုင် တွေမှာ တေးသီချင်း တွေနဲ့ ဧည့်ခံလာတယ်၊ ရုပ်ရှင်ရုံ တွေမှာလဲ အသံစနစ် တွေကို အကျယ်ကြီး တပ်ဆင် လာကြတယ်။ ရှေးတုန်းက လူတွေမှာ ကြားရတဲ့ ဆူညံသံ နည်းနည်းလေးပဲ ရှိခဲ့ပေမယ့် အခုခေတ် လူတွေမှာတော့ ဘယ်ကိုပဲ သွားသွား ဆူညံသံတွေက ပြည့်နေပါတယ်။

ကျယ်လောင်တဲ့ အသံကို အချိန် အကြာကြီး နားထောင် နေရရင် အသက်အရွယ် မရွေး အန္တရာယ်ရှိ ပါတယ်။ ဂီတသံ ဖြစ်စေ၊ ရေစီးကျသံ ဖြစ်စေ၊ ခေါင်းလောင်းသံ လေးတွေ ဖြစ်စေ လူက ခံနိုင်တာထက် ကျယ်နေမယ် ဆိုရင် ဆူညံသံပါပဲ။ ဒါကို ရေရှည် နားထောင် နေရရင်လဲ အကြားအာရုံ ချို့ယွင်းတာ ပါပဲ။ တစ်ခါတလေ ငယ်စဉ် ကတည်းက ကြားလာခဲ့တဲ့ ဆူညံသံကြောင့် ကြီးလာမှ နားဒုက္ခ ရောက်တာလဲ ရှိပါတယ်။

ဘယ်လို အသံမျိုးက လူကို ဒုက္ခပေး နိုင်သလဲဆိုရင် ၈၅ ဒက်ဆီဘယ် ရှိတဲ့ အသံတွေပေါ့။ မြို့ထဲကို ကားမောင်း သွားနေတုန်း ကားထဲကနေ ကြားရတဲ့ ယာဉ်သွား ယာဉ်လာ အသံတွေဟာ ၈၅ ဒက်ဆီဘယ် ကျော်ပါတယ်။ ဒီထက် အသံကျယ်လေ၊ လူကို ဒုက္ခပေး နိုင်လေ ဖြစ်ပါတယ်။ အခု ဘာမှမဖြစ်ဘူး ဆိုရင်တောင် နောက်ကို ဖြစ်လာ ပါလိမ့်မယ်။ နားကြပ်တွေ၊ ဟမ်းဖုန်းတွေ ကနေ ကြားနေရတဲ့ အသံတွေဟာ ဒက်ဆီဘယ် ၁၂ဝ လောက် ရှိပါတယ်။ ဒက်ဆီဘယ် ၁၁ဝေ ကျာ်ရင် အာရုံကြော ဆဲလ်တွေရဲ့ မိုင်းလင်း အလွှာကို ကွာကျစေပြီး နားကနေ ဦးနှောက်ကို လျှပ်စစ်လှိုင်းတွေ ထုတ်လွှတ်မှုကို အနှောင့်အယှက် ပေးပါတယ်။ ဒါကို မဆင်ခြင်ဘဲ အသံ အကျယ်ကြီးကို ဆက်နားထောင် နေမယ်ဆိုရင် သင်ဟာ ပြန်ကုလို့ မရတော့တဲ့ နားပျက်စီးမှု မျိုးနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ကြီးတွေ တောင်မှ ဆူညံမှု ဒက်ဆီဘယ် ၉ဝ ပဲရှိပါတယ်။ လွှစက်၊ ဂျက်စကီး တို့က ဒက်ဆီဘယ် ၁ဝဝ လောက် ရှိပါတယ်။ သိပ်ကျယ် လှပါတယ်ဆိုတဲ့ ကလပ်တွေ၊ စတိတ်ရှိုး တွေကတောင် အသံ ၁ဝ၅ ဒက်ဆီဘယ် ပဲ ထွက်ပါတယ်။ ဒါပေမဲ့ ကား ကက်ဆက်ကို ခပ်ကျယ်ကျယ် ဖွင့်ထားမယ် ဆိုရင် ဒက်ဆီဘယ် ၁၂ဝ အထိ ရှိနိုင်ပြီး သေနတ်သံ တောင်မှ ဒက်ဆီဘယ် ၁၄ဝ ပဲရှိတဲ့အခါ သင် နားကြပ်နဲ့ နားထောင်နေတဲ့ အသံဟာ ဒက်ဆီဘယ် ၁၂ဝ အထိကို ရှိနိုင်တယ် ဆိုတာ အထူးဂရုပြု စေချင်ပါတယ်။

နားဟာ ကျယ်လောင်တဲ့ အသံရဲ့ ဒဏ်ကို ခံလိုက်ရရင် ခေတ္တဖြစ်စေ၊ နာရီပိုင်းဖြစ်စေ၊ ရက်ပိုင်းဖြစ်စေ အူနေတာမျိုး၊ အသံကို ခပ်အုပ်အုပ် လေးပဲ ကြားရတာမျိုး တမင်တကာ ဖြစ်သွားစေပြီး နားကို အနားပေး ထားလေ့ ရှိပါတယ်။ ပုံမှန် အသံတွေ ထွက်နေတဲ့ အချိန်မှာ ထူးထူးခြားခြား ဖောက်ထွက် လာတဲ့ အသံမျိုးတွေဟာ နားစည်ကို အလွန် ဒုက္ခပေးလေ့ ရှိပါတယ်။ ဒါကြောင့် ကိုယ့်နားကို အနားပေးဖို့ လိုအပ်လာပြီ ဆိုရင် အဲဒီလို ကာရံမဲ့၊ ထွက်ချင်သလို ထွက်နေတဲ့ ဆူညံသံ တွေနဲ့ ကင်းဝေးတဲ့ နေရာကို သွားဖို့တော့ လိုအပ် ပါလိမ့်မယ်။

ဒါကြောင့် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ တတ်နိုင် သလောက် နားကြပ်နဲ့  သီချင်း နားမထောင်ဘဲ စပီကာဖွင့်ပြီး နားထောင်သင့် သလို ဖုန်းပြောရင်လဲ အတတ်နိုင်ဆုံး စပီကာဖွင့်ပြီး ပြောပါ။ စကားကိုလဲ
လေသံလျှော့ ပြောပြီး အရာရာကို ခပ်တိုးတိုး လေးပဲ နားထောင်တဲ့ အကျင့် လုပ်သင့်တယ် လို့ လေ့လာ ရေးသား လိုက်ရပါတယ်။

Monday, July 6, 2015

သင် .. မလိုအပ်ဘဲ ' သွား ' မနုတ်ပါနဲ့ ...


သင် ..  မလိုအပ်ဘဲ ' သွား ' မနုတ်ပါနဲ့ ...

သွားကိုက်လို့ စိတ် အနှောင့်အယှက် ဖြစ်တာကို မခံနိုင်တဲ့ အဆုံး သွားဆရာဝန်ဆီ သွားပြီး သွားနုတ်ပေးဖို့ တောင်းဆိုဖူးကြ မှာပါ။ သွားဆရာဝန် ကလဲ နုတ်ပေးလို့ ရတဲ့သွားကို နုတ်ပေး သလို နုတ်ပေး လိုက်ရင် လူကို ထိခိုက်စေမယ့် သွားကို မနုတ်သင့် သေးဘူးလို့ စည်းရုံး ပြောဆိုလေ့ ရှိပါတယ်။

ဒါကို နားထောင် လိုက်နာသင့်တယ်လို့ အကြံပြု ပါရစေ။ ဘာကြောင့် လဲဆိုတော့ ဗြိတိန်နိုင်ငံက မိတ်ဆွေ တစ်ဦးဟာ အသေးစား သွားခွဲစိတ်မှုလေး တစ်ခု ခံယူပြီးနောက် အသစ်ဖြစ်ပျက် သမျှကို မမှတ်မိ နိုင်တော့လို့ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မှတ်ဉာဏ် ရပ်တန့်သွားခြင်း ဖြစ်ပြီး အရင် ဖြစ်ခဲ့သမျှကို မှတ်မိပေမယ့် နောက်ထပ် ဖြစ်ပျက် တာတွေကို မမှတ်မိ တော့တာပါ။

ဝီလျံဟာ အမြဲကိုက်နေတဲ့ အံသွား တစ်ချောင်းရဲ့အမြစ်ကို ဖြတ်ထုတ်ပစ်ဖို့ သွားဆရာဝန်ဆီ သွားခဲ့တယ်။ သွားဆေးခန်းက လူနာ လဲလျောင်း ပေးရတဲ့ ထိုင်ခုံပေါ် နေရာယူ လိုက်တယ်။ ဆရာဝန်က သူ့ကို ထုံဆေး ထိုးပေးတယ်။ အဲဒီနောက်ပိုင်း ဘာတွေ ထပ်ဖြစ်တယ် ဆိုတာကို ဝီလျံ လုံးဝ မမှတ်မိတော့ ပါဘူး။ ဝီလျံရဲ့ ခန္ဓာကိုယ်တွင်း ဇီဝနာရီဟာ ဆရာဝန်နဲ့ ခွဲစိတ်မှု ပြုလုပ်နေတဲ့ မတ် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄ဝ မိနစ်မှာ လုံးဝ ရပ်တန့် သွားခဲ့တယ်။

အဲဒီအချိန်က စပြီး ဝီလျံဟာ ဘာကိုမှ မိနစ် ၉ဝ ထက်ပိုပြီး သတိမရတော့ ပါဘူး။ ဒါပေမဲ့ အရင်တုန်းက ကိစ္စတွေ ကိုတော့ အားလုံး မှတ်မိ နေပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က လူတစ်ယောက်နဲ့  ပတ်သက် တာတွေကို ကောင်းကောင်း မှတ်မိ နေပေမယ့် အဲဒီလူ အခု ဘယ်မှာနေတယ် ဆိုတာကို မသိတော့ပါဘူး။ အဆိုးဆုံး ကတော့ မနက် အိပ်ရာနိုး လိုက်တိုင်း အဲဒီနေ့မနက် သွားဆရာဝန်ဆီ သွားဖို့ ပြင်ဆင် သလိုပဲ ပြင်ဆင် နေတတ်ပြီး သွားဆရာဝန်ဆီ သွားရမယ် လို့ ပြောပြော နေတာပါပဲ။ ဝီလျံ ဟာ အဲဒီနေ့ နောက်ပိုင်းကို မမှတ်မိနိုင် တော့ဘဲ မနက် မိုးလင်းလို့ ထလိုက်တိုင်း အဲဒီ နောက်ဆုံး မှတ်ဉာဏ်ပဲ ပြန်ပေါ်နေတာ ဖြစ်ပါတယ်။ သူ့ဇနီးက သူ့တစ်နေ့တာ ဖြစ်ပျက်ခဲ့ သမျှကို သူ့စမတ်ဖုန်းထဲ ရေးသွင်း ပေးနေမှသာ သူပြန်ဖတ်ပြီး မနေ့က ဘာဖြစ်ခဲ့တယ် ဆိုတာကို အသစ် မှတ်သား ရရှာ ပါတယ်။

ဘာမဟုတ်တဲ့ သွားအမြစ် ဖြတ်တဲ့ ခွဲစိတ်မှုဟာ ဝီလျံရဲ့ ဦးနှောက်ကို ဘာကြောင့်များ ဒီလောက် ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု ဖြစ်စေခဲ့တာ ပါလိမ့်။ ဆရာဝန်ရဲ့ စိတ်ထဲမှာတော့ ဝီလျံကို ခွဲစိတ် နေတုန်းမှာ တစ်စုံတစ်ရာ မှားယွင်းမှု ဖြစ်တယ်လို့ မထင်ခဲ့ပါဘူး။ ခွဲစိတ်မှုပြီးလို့ ဝီလျံရဲ့ မျက်နှာကို ကာကွယ်ထားတဲ့ မှန်အနက်ကြီးကို ဖယ်လိုက်မှ ဝီလျံဟာ ဖြူဖပ်ဖြူရော် ဖြစ်နေတာကို သတိထား မိခဲ့ကြတာပါ။ မတ်တတ်ရပ် ခိုင်းလိုက်တော့ ယိမ်းထိုး နေပါပြီ။ ပြီးတော့ သူ့မျက်လုံး တွေက ငေးကြောင် ကြည့်နေပြီး သွားစိုက် ဆရာဝန်ကို အခုမှ ရောက်လာတဲ့ အတိုင်း ပြန်နှုတ်ဆက် နေပါတယ်။ သူ့ကို ဆေးရုံတင် လိုက်ရပါတယ်။ ဆေးရုံကို သုံးရက် တက်လိုက်ရ ပေမယ့် ဘာကိုမှ မိနစ်အနည်းငယ် ထက်ပိုပြီး မမှတ်မိ တာကိုတော့ ကုစားလို့ မရတော့ပါဘူး။

ပထမတော့ ဝီလျံဟာ ထုံဆေးနဲ့ မတည့်လို့ ဖြစ်တာ၊ ဦးနှောက်ထဲ သွေးယိုစီး တာလို့ ယူဆခဲ့ ပေမယ့် ဦးနှောက်ထဲ သွေးယိုစီးတဲ့ အထောက် အထား မတွေ့ခဲ့ပါဘူး။ ဆက်လက် စမ်းသပ် စစ်ဆေးမှု အရ ဝီလျံ ဟာ မှတ်ဉာဏ် အသစ်ကို မေ့လျော့သော ရောဂါ anterograde amnesia ကို ခံစားနေရတယ် ဆိုတာ တွေ့ရှိခဲ့ ပါတယ်။ ဝီလျံ ဝက်ရူးပြန် တုန်းက သူ့ ဦးနှောက်ထဲက မီးခိုးရောင် အပိုင်း အတော် များများကို ဖြတ်ထုတ် ခဲ့ရပါတယ်။ ဒီ မီးခိုးရောင် အပိုင်းတွေဟာ ဦးနှောက်ရဲ့ ပုံနှိပ်တိုက် နှယ် အလုပ်လုပ် ပေးပါတယ်။ သတိရစရာ တွေကို အခန်းလိုက် ပရင့်ထုတ် ပေးပါတယ်။ ဒီ မီးခိုးရောင် အပိုင်းတွေ မရှိဘဲ ဝီလျံဟာ ဘာကိုမှ မမှတ်မိ နိုင်ပါဘူး။ ဒါပေမဲ့ ထူးထူးခြားခြား ဆိုသလိုပဲ ဝီလျံရဲ့ ဦးနှောက်ဟာ တစ်ပိုင်းနဲ့ တစ်ပိုင်း အချိတ်အဆက် မိနေခဲ့ ပါတယ်။ ဒါဖြင့်ရင် အခု သွားအမြစ် ဖြတ်မှ ဘာဖြစ်လို့  မှတ်ဉာဏ်အသစ် မှတ်သား နိုင်စွမ်း ပျောက်သွားတာ ပါလိမ့်။

ဝီလျံရဲ့ ပြဿနာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာလို့ ယူဆ ကြပြန်တယ်။ အပြင်းအထန် နာကျင်မှုကို ခံစားခဲ့ရတဲ့ လူနာတွေဟာ အဲဒီ နာကျင်စေတဲ့ ကိစ္စတွေကို ပြန်မတွေးချင် တော့ဘဲ မေ့လျော့ပစ် လိုက်လေ့ရှိတယ်။ ဒါဟာ ရောဂါတော့ မဟုတ်၊ အကျင့်တစ်ခု ပေါ့။ ဒါပေမဲ့ အဲဒီ အကျင့်ဟာ အဖြစ်အပျက် အသစ်တွေကို မမှတ်မိ နိုင်အောင် လို့တော့ အနှောင့်အယှက် ပေးလေ့ မရှိပါဘူး။ နောက်ပြီး ဝီလျံမှာ ဒီလို နာကျင်စွာ ခံစားခဲ့ရတဲ့ အဖြစ်ဆိုး မျိုးလဲ မရှိခဲ့ပါဘူး။

ဒီ အနေအထား အရ ဝီလျံရဲ့ ဦးနှောက်ဟာ အာရုံကြော ဆက်ကြောင်း ငယ်လေးတွေ ပြတ်တောက် သွားပြီး ကွန်ပျူတာ ပရင်တာ ဟာ ပုံမှန် လှုပ်ရှားနေ ပေမယ့် မင်မလိုက်တော့ သလို ခံစားလိုက်ရ တာပါ။ ဒါကြောင့် မိနစ် ၉ဝ လောက် ကြာသွားရင်ကို ခုနက ကိစ္စတွေက ကိုယ်ပျောက် မင်လိုပဲ တဖြည်းဖြည်းနဲ့ လွင့်ပါး ပျောက်ကွယ် သွားတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီ အာရုံကြော မျှင်တွေ ပြတ်တောက်မှုဟာ သွားအမြစ် ဖြတ်ထုတ်မှုနဲ့ ဘာကြောင့် ဆက်နွှယ် နေတယ်ဆိုတာ ထုံးစံအတိုင်း သိပ္ပံ ပညာရှင် များက အဖြေရှာ အုံးမယ်လို့ ပြောပါတယ်။ ဗြိတိန်နိုင်ငံ ဆေးလောက သမိုင်းမှာ ဦးနှောက် မပျက်စီးဘဲ မှတ်ဉာဏ် ပျောက်ဆုံးတဲ့ လူ ငါးဦး ရှိတယ်လို့ ဆိုပါတယ်။ သူတို့အားလုံးဟာ သွားဆရာဝန်နဲ့ ခွဲစိတ်မှု ပြုလုပ်နေတုန်း မှတ်ဉာဏ် ပျောက်ဆုံး ခဲ့တာတော့ မဟုတ်ပေမယ့် ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတုန်း တစ်ပုံစံတည်းပဲ ကြုံတွေ့  ခဲ့ကြတာလို့ ဆိုပါတယ်။

ဒါဆိုရင်တော့ အာရုံကြောမျှင် လေးတွေ ပြတ်တောက် သွားရုံနဲ့လည်း ဦးနှောက်ရဲ့ပင်မလုပ်ငန်း တွေကို ပံ့ပိုးပေးနေတဲ့ ပရိုတိန်း စီးကြောင်း ပြတ်တောက် သွားနိုင်ပြီး မှတ်ဉာဏ် ပျောက်ဆုံးတာတွေ ဖြစ်လာနိုင်တဲ့ အတွက် အခြား အာရုံကြော မျှင်တွေ ပြတ်တောက် ပျက်စီးဖို့ ဆိုတာ ကိုယ်က ဒဏ်ရာ အနာတရ ရမှ ဖြစ်လာမှာမို့ တားဆီး ကာကွယ်ဖို့ ဆိုတာ သတိထားရုံ ကလွဲလို့ သိပ်မတတ် နိုင်ပေမယ့် သွားနုတ်မယ် ၊ မနုတ်ဘူး ဆိုတာကိုတော့ ကိုယ်က ထိန်းချုပ်လို့ ရတန်သလောက် ရတာ ဖြစ်တဲ့အတွက် မလိုအပ်ရင် သွားမနုတ်ဖို့ လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။

Tuesday, June 16, 2015

ကမ္ဘာ့နည်းပညာ ဆာလောင်မွတ်သိပ်မှုကြောင့် ဖြစ်ပေါ်လာသော အဆိပ်ကန်ကြီး





မွန်ဂိုးလီးယားနိုင်ငံ ရဲ့အတွင်းကျကျ ချောင်တစ်နေရာမှာ အဆိပ်ကန်ကြီး တစ်ကန် ရှိပါတယ်။ တစ်ကမ္ဘာလုံးက သုံးနေတဲ့ စမတ်ဖုန်း ၊ အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ ၊ ဝတ်ဆင်နိုင်တဲ့ နည်းပညာအပြင် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဘူးလို့ ပြောနေကြတဲ့ စိမ်းလန်း နည်းပညာ တွေကနေ ထွက်ပေါ်လာတဲ့ အဆိပ်သင့် ဓာတုစွန့်ပစ် ရေတွေ ဒီကန်ကြီးထဲ စုနေတာပါ။ မြို့တစ်မြို့စာ လောက်ရှိတဲ့ Baogang Steel and Rare Earth ဘောင်ဂန်စတီး နဲ့ ရှားပါးသတ္တု သန့်စင် စက်ရုံကြီးက မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို အပြည့် နေရာယူထား ပါတယ်။

ကောင်းကင်ယံကို စိတ်ကြိုက် ပုံသွင်းနေတာ ကတော့ မိုးထိအောင် မြင့်မားနေတဲ့ အအေးခံ အဆောက်အအုံ မြင့်တွေရယ် ၊ မီးခိုးတလူလူ ထွက်နေတဲ့ ခေါင်းတိုင် တွေရယ်ပါပဲ။ ဒီမြို့တစ်မြို့စာ စက်ရုံကြီးရဲ့ အနောက်ဘက် တစ်ခြမ်းလုံးမှာတော့ နောက်ထပ် မြို့တစ်မြို့စာ လောက်ရှိတဲ့ ကန်ကြီးတစ်ကန် ရှိပါတယ်။ ဒီကန်ထဲမှာ ရှိနေတာ ရေတွေတော့ မဟုတ်ပါဘူး။ မည်းနက် ချွဲကျိ နံစော် နေတဲ့ အဆိပ်သင့် စွန့်ပစ်ဓာတု အညစ်အကြေး တွေသာ ဖြစ်ပါတယ်။

ဒီကန်ကြီးထဲကို အညစ်အကြေး ရေတွေက ပိုက်ဒါဇင်ပေါင်း များစွာကနေ စီးဝင် နေပါတယ်။ ကန်ပတ်ပတ် လည်က သန့်စင်စက် ရုံတွေကနေ ဂျိမ်းခနဲ ရေဆိုးတံခါး ဖွင့်လိုက်သံ၊ ဒီရေဆိုးတွေ ပိုက်လုံး ကြီးတွေထဲကနေ ဝေါခနဲစီးလာသံ၊ ရေကန်ကြီး ထဲကို ပွက်ခနဲ၊ ပွက်ခနဲ ကျသွားသံ၊ ထောင်းခနဲထွက် လာတဲ့ ဆာလဖာ အဆိပ်ငွေ့ အနံ့တွေဟာ တကယ်ပဲ ငရဲပြည် ရောက်နေသလို ခံစားရပါတယ်။

ဒါဟာ အရှေ့တောင် အာရှရဲ့ နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်တဲ့ မွန်ဂိုလီးယား နိုင်ငံထဲက ဘောင်တို စက်မှုမြို့ တစ်မြို့သာ ရှိပါသေးတယ်။ ဘောင်တိုမြို့ ဟာ မွန်ဂိုလီးယားမှာ တော့ အကြီးဆုံး စက်မှုမြို့ကြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဖြန့်ချိရောင်းချ နေတဲ့ စမတ်ဖုန်းနဲ့ အခြား ဝတ်ဆင်နိုင်တဲ့ နည်းပညာသုံး ကိရိယာတွေကို ထုတ်လုပ်ဖို့ တရုတ်နိုင်ငံက ဒီမြို့မှာလာပြီး သူ့ကုန်ကြမ်း တွေကို ကုန်ချောပြင် ပါတယ်။ ဒီ ကုန်ချောပြင်ဖို့ မြို့တစ်မြို့စာ လောက်ကြီးတဲ့ ဘောင်ဂန်စတီး နဲ့ ရှားပါးသတ္တု သန့်စင်စက်ရုံ ကနေ အခုလိုပဲ မယုံနိုင် လောက်တဲ့ ဓာတုစွန့်ပစ် ရေတွေ စွန့်ထုတ် နေတာပဲ ဖြစ်ပါတယ်။

ဘောင်တိုမြို့ အကြောင်း ကြားဖူးတဲ့သူ ခပ်ရှားရှားပါ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ စမတ်ဖုန်းကနေ အီလက်ထရွန်းနစ် ပစ္စည်းတွေ အားလုံးအတွက် လိုအပ်တဲ့ ကုန်ကြမ်းကို အကြီးဆုံး၊ အများဆုံး သန့်စင် ပေးနေတဲ့ စက်မှုမြို့ကြီး ဖြစ်ပါတယ်။ ဒီ စက်မှုမြို့ကြီးရဲ့ အဆိပ်ကန်ကြီးဟာ တစ်ကမ္ဘာလုံးရဲ့ နည်းပညာ ဆာလောင်မှုကြောင့် ဖြစ်လာတာ လို့ပြောရင် မှားမယ် မထင်ပါဘူး။

အီလက်ထရွန်းနစ် ပစ္စည်းတိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ သံလိုက် တစ်မျိုးတည်းကိုပဲ စဉ်းစားကြည့် ရအောင်။ ၂ဝဝ၉ ခုနှစ်မှာ ကမ္ဘာ့သံလိုက် လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုန်းကို တရုတ် တစ်နိုင်ငံ တည်းက ဖြည့်ဆည်းခဲ့ ပါတယ်။ အဲဒီ ၉၅ ရာခိုင်နှုန်းသော တရုတ်သံလိုက် ထုတ်လုပ်မှုရဲ့ ၇၅ ရာခိုင်နှုန်း ရှိတဲ့ ကုန်ကြမ်းကို ဘောင်တိုမြို့ရဲ့ မြောက်ဘက် က ဘရမ်းအိုဘို သတ္တုတွင်း ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှုပါ။

တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး လောကမှာ ပြိုင်ဘက်ကင်း နေရခြင်းကိုက ရှားပါးသတ္တု တွေကို အများဆုံးနဲ့ အမြန်ဆုံး ပိုင်ဆိုင် သန့်စင်ရောင်းဝယ် အသုံးပြုနိုင် လို့ပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာအောင် ပံ့ပိုးပေး နေတာကတော့ မွန်ဂိုလီးယား နိုင်ငံထဲက ဘောင်တိုမြို့ ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့ လျှို့ဝှက် စီးပွားရေးခံတပ် မြို့ကြီးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိပ်ကန်တွေ၊ လျှို့ဝှက် ခံတပ်တွေ၊ သတ္တုတွင်း တွေကိုတွေ့ လို့ ဘောင်တိုမြို့ ဟာ လူသူကင်းမဲ့ နေတဲ့ တစ္ဆေမြို့လို့တော့ မထင်လိုက်ပါနဲ့။ ၁၉၅ဝ ပြည့်နှစ်မှာ လူဦးရေ ၉၇ဝဝဝ ပဲရှိခဲ့တဲ့မြို့မှာ အခုဆိုရင် မြို့နေလူထု ဦးရေ ၂ သန်းခွဲ အနည်းဆုံး ရှိပါတယ်။

ဒီတော့ ဘောင်တိုမြို့ ဘာဖြစ်နေလဲ။ တရုတ်အတွက် သတ္တုသန့်စင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင် ပေးနေရပေမယ့် တိုးတက်ပြောင်းလဲ လာတဲ့ခေတ် အခြေအနေ၊ အဆမတန် များလာနေတဲ့ လူဦးရေ၊ ဒီ လူဦးရေနဲ့  မကိုက်ညီ တော့တဲ့ မြို့ပြစနစ်၊ အစရှိတာတွေဟာ ညှိမရဘဲ အပြိုင် အစွန်းထွက်နေတဲ့ ပြဿနာတွေ ဖြစ်လို့လာ နေပါပြီ။ သတ္တုသန့်စင် လုပ်ငန်းအတွက် တစ်မြို့လုံး အနှံ့ မီးကြိုး၊ ဖုန်းကြိုးတွေ သွယ်တန်း ထားသလိုပဲ ဧရာမရေဆိုး ထုတ်ပိုက်တွေကို သွယ်တန်း ထားပါတယ်။ လမ်းအောက်မှာ၊ လမ်းဘေးမှာ၊ လမ်းပေါ်မှာ၊ တံတားနဲ့ ယှဉ်လျက် ဘယ်နေရာကို ကြည့်ကြည့် ရေဆိုးထုတ်ပိုက်တွေ ရှိနေပါတယ်။ လမ်းတွေပေါ်မှာ စက်ရုံ အလုပ်ရုံပေါင်း မြောက်မြားစွာ အတွက် ဒီဇယ်နဲ့  ကျောက်မီးသွေး သယ်ယာဉ်ကြီး တွေဟာ ၂၄ နာရီပတ်လုံး ဥဒဟိုပြေးလွှား နေပါတယ်။

ဒီမြို့ကြီး ဆက်လက်ရှင်သန် နိုင်ခြင်းရှိ - မရှိ၊ ဖော်ပြခဲ့တဲ့ အဆိပ်ကန်ကြီးရဲ့  ကမ္ဘာ့မြေအောက် ရေနဲ့ ဂေဟစနစ်ကို ဒုက္ခပေးနိုင်မယ့် အဖျက်စွမ်းအား ၊ အဲဒီမြို့ရဲ့ လေထုညစ်ညမ်း မှုနှုန်း၊ ဘာကြောင့် တရုတ်နိုင်ငံက မွန်ဂိုလီးယား ထဲမှာ ဒီလို သန့်စင် စက်ရုံကြီး တွေ တည်ဆောက် အသုံးပြုတာလဲ ဆိုတာတွေကို မတွေးခင်၊ မမေးခင်၊ မဖြေခင် မှာကျွန်တော်တို့ လက်နဲ့မကွာ ဆောင်ထားကြတဲ့ စမတ်ဖုန်း တွေရဲ့ နောက်ကွယ်မှာ ဒီလိုကြီးမားတဲ့ အဆိပ်ကန် ကြီးတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို အသိ၊ သတိရှိကြဖို့ လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။

ဝင်းဇော်