Tuesday, September 24, 2024

ချိုမြိန်အရသာမိုးသီးနှံများနှင့် ကျန်းမာရေး



 

ချိုမြိန်အရသာမိုးသီးနှံများနှင့် ကျန်းမာရေး

ဒူးရင်းသီးနှင့် ကျန်းမာရေး

          ဒူးရင်းသီး၏ ထူးခြားသော အနံ့အရသာကြောင့် အရှေ့တောင်အာရှ နိုင်ငံများတွင် “အသီးမှာဘုရင်"ဟု တင်စားခေါ်ကြသည်။ အခွံသည် အ၀ါရောင်သန်း နေပြီး လက်နှင့် ပုတ်ကြည့်၍ ခပ်အုပ်အုပ် အသံထွက်လာပါက ကောင်းသော အသားပြည့်သော အသီးဖြစ်သည်။ လုံးဝန်းသော အသီးက အိမ်ပြည့်၍ အသားများသည်။ အခွံသည် ခဲရောင်သန်းနေပြီး လက်နှင့်ပုတ်ကြည့်၍ ဂလိုင်သံ ထွက်လာပါက မကောင်းပါ၊ ထိုအသီးထဲတွင် အမွှာချောင်နေပြီး အသား မာဆတ်ဆတ် ဖြစ်သည်။


          ဒူရင်းသီး အနှစ်သားသည် ပရိုတင်းဓာတ် ကြွယ်ဝရုံသာမက၊ လူသားတို့ ကျန်းမာရေးအတွက် အကျိုးပြုဗီတာမင်နှင့် သတ္တု ဓာတ် (၁၇) မျိုးပါရှိသည့် အတွက် နာလန်ထစလူနာများ ခွန်အားပြည့် ဓာတ်စာအဖြစ် မှီဝဲနိုင်သည်။ သဘာဝ သကြားဓာတ် ပါရှိကာအလွန်နူးညံ့ အစာကြေလွယ် သဖြင့် ကိုယ်အလေးချိန် မပြည့်သော ကလေးငယ်များအား ဖြည့်စွက်စာအဖြစ် ကျွေးမွေးသင့်သည်။ ဒူးရင်းသီးတွင် ပါရှိသော သံဓာတ်နှင့် ဖော့စဖရက် တို့သည် ဌက်ပျောသီးတွင် ပါဝင်မှုထက် ဆယ်ဆကျော် ပိုသဖြင့် ကလေးမီးဖွားပြီးစ မိခင်များ ဒူးရင်းသီး စားသုံးသင့်သည်။ အသီးထဲတွင် ပါဝင်သော အဆီဓာတ်သည် အခြားအသီးအနှံ များထက် အဆီဓာတ်ပါဝင်မှု များပြားသော်လဲ၊ ကိုလက်စထရော ကင်းသော အဆီဖြစ်သည်။ အစာကြေလွယ်သော အမျှင်ဓာတ်များ ပေါကြွယ်ဝသောကြောင့် ၀မ်းပျော့စေပြီး၊ အူသိမ်အူမထဲရှိ အရိအချွဲများ လျော့စေကာ အူမကြီးကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးသည်။     

          ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်ဘီ ဓာတ်ပေါင်းစုများ ကြွယ်ဝသောကြောင့် ကိုယ်ခံစွမ်းအား မြင့်မားကာ ပြင်ပရောဂါများ အလွယ်တကူ မကူးစက်နိုင်အောင် တိုက်ထုတ်ပေးသည်။ သွေးသန့်စေသည့်ပြင် သွေးနီဥဆဲလ် များကို ထုတ်လုပ်ပေးပြီး၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ် တို့ ကြွယ်ဝသဖြင့် သွေးအားနည်း ရောဂါမဖြစ်စေပါ။ ဒူးရင်းသီးထဲတွင် နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကို ထိန်းချုပ်ပေးသည့် ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာ ပါရှိသည်။ ကော့ပါးဓာတ် ပါရှိသဖြင့် သိုင်းရွိုက် (လည်ပင်းအကျိတ်) ဝေဒနာကို ကောင်းကျိုးပြုသည်။ ပရိုတင်းဓာတ် ကြွယ်ဝသောကြောင့် ကြွက်သားများ ကောင်းစွာ တည်ဆောက်မှုကို အထောက်အကူ ပြုသည်။ သွေးလည်ပတ်မှုကို အားပေးပြီး၊ ကာမစိတ်ကို အစွမ်းကုန် လှုံ့ဆော်ပေးသည်။ မဂ္ဂနီစီယမ်၊ ဗီတာမင်ဘီနှင့် ပိုတက်စီယမ်တို့ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် အရိုးနှင့် အရိုးဆက်များ ကျန်းမာရေးကို ကောင်းစွာ ပံ့ပိုးပေးသည်။

          မဂ္ဂနီးစ်ဓာတ် ပါရှိခြင်းကြောင့် သွေးထဲရှိ သကြားပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးသည်။ မီးစုန်းဓာတ် ပါရှိသဖြင့် သွားနှင့်သွားဖုံး ကျန်းမာရေးကို ကောင်းစွာမြှင့်တင် ပေးသည်။ Pyridoxine (ခေါ်) ဗီတာမင်ဘီ-၆ နှင့် အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်သော tryptophan တို့ပါဝင်သဖြင့် စိတ်ကျရောဂါများ၊ စိုးရိမ်ကြောင့်ကြ ဖြစ်ခြင်းနှင့် စိတ်ဖိစီးခြင်း စသည့်ဝေဒနာများ ပြေပျောက်စေကာ အိပ်မောကျစေ၍ ဉာဏ်ရည်တိုးတက် ကောင်းမွန်စေသည်။ riboflavin (ခေါ်) ဗီတာမင်ဘီ-၂ ပါရှိသဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်းမှ သက်သာစေသည်။ သီအာမင်နှင့် နီအာစင်းဓာတ်များ ပါရှိနေသောကြောင့် ဒူးရင်းသီး စားပြီးနောက် ဗိုက်ဝသွားကာ စိတ်ကျေနပ်မှု ရစေ၍ နောက်ထပ် အစာစားချင်စိတ်ကို ချိုးနှိမ်ပေးသည်။ ဓာတ်ခွဲစမ်းသပ်ချက် အရ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ဖြစ်သောဗီတာမင်စီ RDA ရာနှုန်းပြည့် ပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော free radicals များကို တိုက်ထုတ်ပေး၍ ကူးစက်ရောဂါ များမှ ကာကွယ်ပေးကြောင်း၊ ထိခိုက်ဒဏ်ရာများ အနာကျက်လွယ် စေကာ အရေပြားကို ကျန်းမာစေကြောင်း၊ အရွယ်တင်နုပျို စေကြောင်းလေ့လာ သိရှိရပါသည်။

 

သကြားသီးနှင့် ကျန်းမာရေး

          အရသာမှာ သကြားကဲ့သို့ ချိုမြိန်လှသောကြောင့် သကြားသီး၊ သကြားပင်ဟု အလွယ်ခေါ်ကြသည်။ Manilkara zapota မျိုးနွယ်ဖြစ်သော သကြားသီး၏ အနံ့အရသာ ထူးခြားသောကြောင့် ရှေးအခါက ရှင်ဘုရင်များသာ စားသုံးရန် သီးသန့်စိုက်ပျိုး ကြပြီး၊ တိုင်းသူပြည်သားများ စားသုံးပါက ကြီးလေးသော ပြစ်ဒဏ်ခံရကြောင်း အဆိုရှိခဲ့သည်။ မက္ကဆီကို နိုင်ငံတွင် နူးညံ့ချိုမြိန်သော သကြားသီး ရေခဲမုန့်မှာ အထူး ရေပန်းစားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အချဉ်ဖောက်၍ ၀ိုင်အဖြစ် သောက်သုံးကြ သလို၊ မလေးရှား နိုင်ငံတွင် သံပုရာရည်၊ ဂျင်းတို့ ဖြင့်စိမ်နှပ်ပြီး သောက်လေ့ရှိကြသည်။

          သကြားသီးတွင် ပိုတက်စီယမ် အမြောက်အများ နှင့် ဆိုဒီယမ် အနည်းငယ်တို့ ပါရှိခြင်းကြောင့် နှလုံးကို များစွာ ကောင်းကျိုးပြုသည်။ နှလုံးသွေးကြော ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်သည်။ အသီးထဲတွင် ဗီတာမင်သတ္တုဓာတ်နှင့် သဘာဝ ဖရူးတို့စ်နှင့် စူးကရို့စ် သကြားဓာတ်များ ပါရှိသဖြင့် ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေကာ အချိန်တိုအတွင်း မှာပင် လူကို လန်းဆန်းစေသည်။ ဗိုက်တာမင်စီ အပြည့်အ၀ ပါရှိခြင်းကြောင့်လည်း ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော Free Radicals များကို တိုက်ထုတ်ပေးပြီး ကိုယ်ခံစွမ်းအား တိုးပွားစေသည်။ အသီးထဲတွင် ပါရှိသော ဗီတာမင်အေ သည် အမြင်အာရုံကြောများ ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ အသီးထဲပါရှိသော အော်ဂဲနစ် ဓာတ်ပေါင်းက ၀မ်းသက်ခြင်းကို ကောင်းစွာကုသ ပေးနိုင်သည်။

          အမျှင်ဓာတ် အရင်းအမြစ်တို့ စုဝေးရာ သကြားသီးကို စားသုံးပေးခြင်းဖြင့် ၀မ်းချုပ်ခြင်း၊ စမြင်းခံခြင်းတို့ကို သက်သာစေသည်။ အူထဲရှိ အဆိပ်အတောက် များကို ဖယ်ရှားပေး သောကြောင့် အူမကြီးကင်ဆာ မဖြစ်စေနိုင်ပေ။ ဖောလစ်အက်ဆစ် ပါရှိခြင်းကြောင့် သွေးနီဥများ တည်ဆောက်ခြင်းကို အားပေးသဖြင့် သွေးအားနည်းသူများ စားပေးသင့်သည်။ မြန်မာဆေးကျမ်း များတွင် သုတ်ဓာတ်ပျက်ခြင်း၊ သည်းခြေရည် နောက်ကျိခြင်း၊ နှလုံးကိုလေ၀င်၍ ဆာလောင်မွတ်သိပ်ကာ နှလုံးနောက်ကျိခြင်း တို့အတွက် သကြားသီးကို ဓာတ်စာအဖြစ် လည်းကောင်း၊ အအေးမိ ချောင်းဆိုးခြင်း စသော ရာသီဖျားများ၊ သွေးပြန်ကြော ရောဂါများ၊ အာရုံပျံ့လွင့်ခြင်း စသည်ဝေဒနာ အမျိုးမျိုးအတွက် သကြားသီးပင်၏ အရွက်ပြုတ် သောက်၍ လည်းကောင်း ဘက်စုံအသုံးပြုလေ့ ရှိသည်။ အဆုတ်ရောဂါ ဝေဒနာရှင်များသည် အပွင့်ကို အစိမ်းလိုက် ၀ါးစားခြင်း သို့မဟုတ် ပြုတ်သောက်ခြင်းဖြင့် ချမ်းသာရာ ရစေသည်။ ဆီးကျောက်တည်ခြင်း နှင့် ဆီးအိမ်ဝေဒနာ များအတွက် အစေ့ကို ထောင်းထု၍ အရည်ကျို သောက်သင့်သည်။

 

လေချူသီးနှင့် ကျန်းမာရေး

          အင်္ဂလိပ်အမည်မှာ Longan Fruit (Longon, Dragon's eyes, Eyeball tree) ဖြစ်သည်။ မြန်မာပြည်တွင် လောင်ဂန်သီး ဟုခေါ်ကြပြီး၊ ထိုမှတဆင့် “လေချူသီး” ဟုအလွယ်ခေါ် လာကြသည်။ သို့သော် တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ရေမြေဒေသ ကွဲပြားသွားသည့် အလျောက် အမှတ်သညာလည်း အမျိုးမျိုးရှိ တတ်ကြပေရာ နှင်းသီး၊ ကြောင်မျက်လုံး၊ စစ်ကိုင်းသီး (စစ်ကိုင်းဆီးသီး)၊ တရုတ်ဆီးသီး၊ တရုတ်နှင်းသီး၊ သမင်မျက်လုံး၊ ကြို့သီး၊ နန်းပြားသီး၊ လုံအယ်သီး၊  တောကြက်မောက် သီး၊ နဂါးမျက်လုံး၊ မိကျောင်းမျက်စိ ဟု အမျိုးမျိုး ခေါ်ကြသည်။ လေချူသီးက လိုင်ချီး၊ ကြက်မောက် တို့ထက် ပိုချိုမြိန်သည်။

          လေချူသီးထဲတွင် gallic အက်ဆစ်နှင့် အာနိသင်တူသော polyphenols ဓာတ် မြင့်မားစွာပါရှိသည်။ ထိုဓာတ်က ခန္ဓာကိုယ်တွင်း အဆိပ်အတောက် များနှင့် free radicals များကိုလျော့ချပေး နိုင်ပြီး၊ ကင်ဆာ အကျိတ်အဖုများကို ကောင်းစွာ နှိမ်နင်းပေးသည်။ အထူးသဖြင့် ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် သားအိမ်ခေါင်း ကင်ဆာဆဲလ်များ ကြီးထွားပြန့် ပွားမှုကို ဟန့်တားပေးသည်။ လေချူသီး နှင့် အစေ့ထဲတွင် ပါရှိနေကြသော gallic, epicatechin, ellagic စသည့် အက်ဆစ် သုံးမျိုးဓာတု ဓာတ်ပေါင်းစုက အအေးမိ၊ တုပ်ကွေး၊ ဖျားနာတို့ကို အလွယ်တကူ မဖြစ်စေနိုင်ပေ။ ထို့ပြင် ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို သက်သာစေကာ၊ အစာအိမ်ရောဂါ၊ အစာမျို လမ်းကြောင်းရောဂါ တို့အတွက်ကို လည်း ကောင်းကျိုးပြုသည်။ အရိုးပွရောဂါ၊ အရိုးပျော့ရောဂါ စသည့် အရိုးကျန်းမာရေး အတွက် လေချူသီးစားပါ။ ပိုတက်စီယမ် မြင့်မားစွာပါရှိပြီး၊ ဆိုဒီယမ် လုံးဝ မရှိသည့်အ တွက် သွေးတိုးရောဂါကို လွန်စွာ ကောင်းကျိုးပြုသည်။

          သွေးကို အဟာရဓါတ် ဖြည့်ပေးနိုင်ပြီး အာရုံကြောစနစ် နိုးကြားစေသည့် အတွက် စိတ်ဖိစီးမှုများသူ တွေလေချူသီး စားသုံးပေးသင့်သည်။ အိပ်မပျော်သူများ၊ သွေးလေချောက်ချား စိတ်မငြိမ်သူများ အတွက် လွန်စွာ ဆေးဖက်ဝင်သည်။ ဦးနှောက် ကျန်းမာစေပြီး၊ သတိမေ့ရောဂါကို သက်သာပျောက်ကင်း စေသည်။ တရုတ်ပြည်တွင် နှလုံး၊ သရက်ရွက်နှင့် ရေဖျင်းရောဂါများ အတွက် ရိုးရာကုထုံးအဖြစ် လေချူသီး ဓာတ်စာပေး၍ ကုသလေ့ရှိသည်။ သဘာဝ Phytochemicals များလုံလောက်စွာ ပါရှိနေ၍ အသားအရေ ကြည်လင်စေပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်သည်။ ထို့ပြင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေ အလားအလာကို လျော့ချပေးသည်။ လေချူသီး မကြာခဏ စားပေးခြင်းဖြင့် အမြင်အာရုံ တိုးတက် ကောင်းမွန်စေသည်။ သွားနှင့်သွားဖုံး ကျန်းမာစေပြီး၊ ခံတွင်းဆိုင်ရာ ပြဿနာများကိုလည်း ဖြေရှုင်းပေးနိုင်သည်။ အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်နေ့လျှင် လေချူသီးငါးလုံး မှန်မှန်စားပေးပါက သွေးအားနည်း ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသည်။

 

သြဇာသီးနှင့်ကျန်းမာရေး

          ANNONA SQUAMOSAဟု ရုက္ခဗေဒအမည် ရသော သြဇာသီးသည် သဘာဝသကြားဓာတ် ပါရှိ၍ ချိုလည်းချို၊ မွှေးလည်းမွှေး နေရာ သြဇာသီးကို မကြိုက်သူ ရှားသည်။ အရသာရှိသည့် အပြင် လူသားတိုကျန်းမာရေးကို အထောက်အကူ ဖြစ်စေသော အာဟာရဓာတ်များ စုဝေးရာ အရင်းအမြစ် ဖြစ်သည်။ ကော့ပါးဓာတ် ချိုတဲ့သော မိခင်လောင်းသည် အချိန်မတိုင်မှီ မီးဖွားစေပြီး သွေးဖြူဥ အားနည်းကာ အရိုးကျိုးလွယ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် များသည် ကော့ပါးဓာတ် ကြွယ်ဝသော သြဇာသီးကို အားဖြည့်စာ အဖြစ်စားသုံး သင့်သည်။ သြဇာသီးတွင် ကယ်လိုရီပမာဏ မြင့်မားစွာပါရှိသည်။ ခန္ဓာကိုယ် သေးသွယ်ပိန်လှီသူများ ကိုယ်အလေးချိန် တက်လိုပါက သြဇာသီးအနှစ်ကို ပျားရည်ဖြင့်ရော၍ စားသုံးပေးနိုင်သည်။ အသီးထဲရှိ ပိုတက်စီယမ် အစွမ်းက ကြွက်သားများကို ခွန်အားဖြစ်စေသည်။

          ဗီတာမင်ဘီ-၆၊ ပိုတက်စီယမ် နှင့် မဂ္ဂနီစီယမ်ဓာတ် ပါရှိခြင်းကြောင့် နှလုံးကြွက်သား တွေကိုပြေလျော့ စေပြီး နှလုံးအားနည်း၍ နှလုံးခုန်မမှန်ခြင်း နှင့် နှလုံးရောဂါ ဝေဒနာများအတွက် သြဇာသီးက ကောင်းကျိုးပြုသည်။ နှလုံးရောဂါနှင့် ဆက်စပ်လျက်ရှိ သော လေဖြတ်ခြင်းနှင့် သွေးတိုး ရောဂါတို့ကို မဖြစ်စေနိုင်ပေ။ ဗီတာမင်ဘီဓာတ် ချို့တဲ့မှုကြောင့် အရေပြားရောဂါ၊ လည်ချောင်းနာခြင်း၊ လျှာနာခြင်း၊တက်ခြင်း၊ စိတ်ဓာတ်ကျ စိတ်အားငယ်ခြင်း တို့ဖြစ်တ်သည်။ ဗီတာမင်ဘီ ကြွယ်ဝသော သြဇာသီးကို စားပေးခြင်းဖြင့် ထိုရောဂါတို့ကို ကြိုတင်ကာကွယ် ထားနိုင်သည်။ နှစ်ခြိုက်စွာ အိပ်မောကျစေသည်။ အမျှင်ဓာတ် အလုံအလောက် ပါရှိခြင်းကြောင့် အစာချေစံနစ်ကို ကောင်းမွန်စေပြီး ၀မ်းမချုပ်စေ တော့ပေ။ ထမင်းစားပြီးတိုင်း အစာကျေစေရန် တွက် သြဇာသီး စားပေးသင့်သည်။ လေပူထိုးခြင်း၊ လေနာရောဂါများ နှင့် အစာအိမ် မကောင်း၍ မအီမသာဖြစ်ခြင်း၊ သွေးအန်ခြင်း တို့ကို ပျောက်ကင်းစေသည်။ မဂ္ဂနီစီယမ် အမြောက်အများ ပါရှိခြင်းကြောင့် ခန္ဓာကိုယ်ထဲရှိ ရေဓာတ်ကို မျှတစေသည့်အပြင် အရိုး၊ အဆစ်များမှ အက်ဆစ်များကို ဖယ်ရှားပေးနိုင်၍ အဆစ်အမြစ် ရောင်နာရောဂါ အမျိုးမျိုးနှင့် ဂေါက်ရောဂါ တို မဖြစ်စေနိုင် တော့ပေ။

          အသီးစိမ်းသည် ကော့ပါးပါရှိ၍ ၀မ်းသွားခြင်းနှင့် ၀မ်းကိုက်ခြင်းတို့ကို ကောင်းစွာကုသ ပေးနိုင်သည့်အတွက် အသီးစိမ်းကို အခြောက်လှမ်း အမှုန့်ကြိတ်ပြီး သောက်ပေးသင့်သည်။ သြဇာသီးက ဆေးလိပ်သောက်သူ များ၏ အဆုတ်တွင် နီကိုဒင်းအဆိပ် ဓာတ်ကို ဖြေဖျောက်ပေးကာ အဆုတ်သန့် စေသည်။ ဗိုက်တာမင်စီနှင့် ဓာတ်တိုးဆန်ကျင် ပစ္စည်းများ ပါရှိခြင်းကြောင့် ကိုယ်ခံစွမ်းအား ကောင်းမွန်တိုးတက် စေကာ ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော free radicals  များကို နှိမ်နှင်းပေးသည်။ အသီးထဲတွင် ဗီတာမင်အေ ပါရှိသောကြောင့် သြဇာသီးကို မှန်မှန်စားပေးခြင်းဖြင့် ဆံပင်၊ မျက်စေ့၊ ခြေသည်း၊ လက်သည်းနှင့် အသားအရည်တို့ကို ကောင်းကျိုးပြုပေး နိုင်သည်။ အသီးထဲတွင် ပြည့်ဝဆီ၊ ကိုလက်စထရော နှင့် ဆိုဒီယမ်တိုပါဝင်မှုနည်းပါးပြီး ကစီဓာတ်ကြွယ်ဝ ခြင်းကြောင့်လည်း ခွန်အားတိုးပွား စေကာ ကျန်းမာရေးအတွက် ဘက်စုံ ကောင်းမွန်သည်။ နာလန်ထစ လူနာများ သြဇာသီးစား ပြီးနောက် အားပြန်ပြည့် စေသည်။ သြဇာသီးထဲတွင် ကော့ပါးဓာတ် အမြောက်အများ ပါရှိ၍ သွေးထဲရှိ ဟေမိုဂလိုဘင် ကိုတိုးပွားစေပြီး၊ သွေးအားကောင်း စေသည်။ ထို့ကြောင့် သွေးအားနည်း ရောဂါသည်များ မှီဝဲစားသုံး သင့်သည်။

 

စေတနာများစွာ

ဆောင်းပါးရှင်... ပေါက်ပေါက်... ရေးသားသည်

 

 

 


No comments: