Tuesday, September 10, 2024

ဉာဏ်ရည်တုနည်းပညာ နှင့် ဦးနှောက်နှင့်အာရုံကြောဆက်နွယ်အကျိုးပြုနေမှု

 

ဉာဏ်ရည်တုနည်းပညာ နှင့် ဦးနှောက်နှင့်အာရုံကြောဆက်နွယ်အကျိုးပြုနေမှု

ဒေါက်တာဉမ္မာစော

          ကမ္ဘာကြီးသည် သိပ္ပံနည်းပညာ တော်လှန်ရေးဖြစ်ခဲ့ပြီး အရွေ့တစ်ခုနှင့် ခေတ်တစ်ခု စနစ်တစ်ခုစီကို ပြောင်းရွှေ့နေ ပါသည်။ ထိုအရာသည် Artificial Intelligence ဟုခေါ်သည့် ဉာဏ်ရည်တု များနှင့် တည်ဆောက် ထားသော စက်များ၊ စက်ရုပ်များဖြင့် အလိုအလျောက် လုပ်ဆောင်နိုင်သည့် ခေတ်ပင်ဖြစ်ပါသည်။ AI သည် လူများတွင်ရှိသော အသိဉာဏ်အတု တစ်မျိုးဖြစ်ပြီး ၎င်းကိုလူသားတို့မှ တီထွင်ထားခြင်း ဖြစ်ပါသည်။ Russell နှင့် Norvig ဆိုသည့် သိပ္ပံပညာရှင် နှစ်ဦးမှAI သည် လူသားတို့၏ ဉာဏ်ရည်ကို လေ့လာပြီး ၎င်းလူသားများ၏ ဉာဏ်ရည်အတိုင်း တုပ၍ လုပ်ဆောင်ထားသည့် အရာဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆို ထားပါသည်။

 

          AI နည်းပညာသည် မကြာသေးမီ နှစ်များအတွင်း ကြီးမားသည့် ဒေတာ အချက်အလက်များ တစ်ပြိုင်နက် တိုးတက်လာခြင်း၊ Machine learning နည်းလမ်းများ တိုးတက်လာခြင်း နှင့်တွက်ချက်မှု စွမ်းရည်၊ လုပ်ဆောင်နိုင်စွမ်း တိုးတက်လာခြင်းတို့ ပေါင်းစည်းမှု၏ ကြီးမားသော ရလဒ် အစိတ်အပိုင်းများ ဖြစ်လာပါသည်။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ကွန်ပျူတာသိပ္ပံ ပညာရှင်များက ဦးနှောက် ကဲ့သို့သော အာရုံကြော ကွန်ရက် တီထွင်လာချိန်တွင် AI သုတေသနများနှင့် ဦးနှောက် အာရုံကြော ဆေးသိပ္ပံ ပညာရပ်ဆိုင်ရာ သုတေသနများ အချင်းချင်း ဆက်နွယ် လုပ်ဆောင်လာခဲ့ ကြပါသည်။

          Neurons များအကြား ဆက်သွယ်မှု လုပ်ငန်း ဆောင်ရွက်မှု စသည့် အာရုံကြောစနစ်၏ အပြုအမူကို တုပ၍ Software  များတီထွင်ခဲ့ကြ သကဲ့သို့  (Brain Institutes and Human Brain Project Capacity) AI ဆိုင်ရာ သုတေသန စီမံကိန်းများသည် ဦးနှောက်ကဲ့သို့ ခက်ခဲသော အသိဉာဏ်ပညာ ဆိုင်ရာ လုပ်ငန်းများကို လူသားတစ်ဦး သို့မဟုတ် လူသားတစ်ဦးထက် ပင်ပိုစွမ်းနိုင်သည့် Computer Hardware တည်ဆောက် နိုင်ရန် ရည်ရွယ်ခဲ့ကြ ပါသည်။ AI နည်းပညာတွင် အလိုအလျောက် အသိဉာဏ် မြင့်မားစွာ အဆုံးအဖြတ် ပေးနိုင်မှုသည် အားသားချက် တစ်ရပ်ဖြစ် ပါသည်။ သို့ရာတွင် လူသားတို့၏ ဦးနှောက်သည် အချက်အလက် ပေါင်းများစွာ စိစစ်၍ စနစ်တကျ ပြန်လည်တုံ့ပြန် လုပ်ဆောင်ရာတွင် အာရုံကြော ကလာပ်စည်း Neurons အရေအတွက် တစ်ရာဘီလီယံ အချင်းချင်း ဆက်သွယ်ပို့ဆောင်၊ ဆုံးဖြတ် ဆောင်ရွက်ကြ ပါသည်။

          Neurons နှင့်ပုံသဏ္ဌာန်၊ စွမ်းဆောင်ရည် တူသည့် Neuromorphic computing  chip များ တီထွင် လာခဲ့ရာတွင် chip တစ်ခုသည် အာရုံကြော ကလာပ်စည်း ၁၆,၀၀၀ နှင့် Neuron များကြား ဆက်သွယ်မှု နဗ်ကြောဆက် ၈ သန်းကို ကိုယ်စားပြု စွမ်းဆောင်နိုင်ကြောင်း သိရှိရပါသည်။ သင်ယူမှတ်သား နိုင်စွမ်းရှိပြီး တိုးတက်အောင် လုပ်နိုင်စွမ်းလည်း ရှိပါသည်။ထို့ကြောင့် AI သုတေသန ပညာရှင်များက Neuromorphic Computing ဦးနှောက်နှင့် အာရုံကြောစနစ် ကဲ့သို့ တုပဆောင်ရွက် နိုင်လာလျှင် နောင်တစ်ခေတ်တွင်  AI သည် အင်အားကောင်း၍ လူကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိလာမည်ဟု ယုံကြည်ကြပါသည်။ AI သုတေသန ပညာရှင်များက အားကောင်းသော၊ လူကဲ့သို့ တုပနိုင်သော AI သည် ၂၁ ရာစု အကုန်တွင် ၉၀ ရာခိုင်နှုန်းခန့်ပင် ရှိလာနိုင်မည်ဟု ယုံကြည်ကြ ပါသည်။

          လွန်ခဲ့သည့် ကာလများအတွင်း AI ၏ တိုးတက် ဖြစ်ထွန်းမှုသည် အာရုံကြော ကွန်ရက် တိုးတက်ဖြစ်ထွန်းမှု အပေါ်အခြေခံခဲ့ ပါသည်။ ဦးနှောက် အာရုံကြော ဆေးသိပ္ပံပညာရပ် ၏ သဘောတရား များနှင့် တွေ့ရှိမှုမှဆွဲယူ၍ ဦးနှောက်နှင့် အာရုံကြောစနစ်၏ လုပ်ဆောင်မှုများကို နက်နက်နဲနဲ လေ့လာခြင်း (Deep Leaning)၊ အားဖြည့် လေ့လာခြင်း (Reinforcement Leaning) ပေါ်အခြေခံပြီး    AI  သုတေသနများကို ပြုလုပ်ခဲ့ကြပါသည်။  AI နည်းပညာများတွင် စက်ရုပ်များမှစ၍ အင်တာနက် Game ကျွမ်းကျင်စွာ ကစားနိုင်မှုအဆုံး အခြေခံကျသော အပိုင်းမှ ပါဝင်ခဲ့ကြပြီး၊ ဥပမာအနေဖြင့် အမြင်အာရုံ တစ်ခုကို မည်သို့ သယ်ဆောင်၍ ဦးနှောက်၏ အမြင်အာရုံ ဆုံးဖြတ်သည့် နေရာတွင် မည်ကဲ့သို့ စိစစ်ဆုံးဖြတ် သည်ကို လေ့လာပြီး ဆောင်ရွက်နိုင်ရန် ကြိုးပမ်းမှု ဖြစ်ပါသည်။

          လက်ရှိကာလတွင်  AI  နှင့် ဦးနှောက်နှင့် အာရုံကြော ဆေးသိပ္ပံပညာ (Neuroscience) ၏ ဆက်နွယ်မှု နည်းပါးလာသော်လည်း တချို့သော Neuroscience  သဘောတရား များကို ဆက်လက်လက်ခံ လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။ Attention အာရုံစူးစိုက်မှု၊ အကန့်လိုက် မှတ်သားနိုင်မှု (Episodic    Memory) ၊ လုပ်ငန်းစဉ် မှတ်ဉာဏ် (Working Memory) နှင့်ဆက်လက် လေ့လာမှု (Continual Leaning) တို့ကို ဆက်လက်လေ့လာ အတုယူ လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။ နောင်အနာဂတ်တွင် လက်တွေ့ သဘာဝကမ္ဘာကြီးကို သေချာစွာ နားလည်နိုင်မှု၊ ထိရောက်သော လေ့လာမှု (Efficient Leaning)၊ လွှဲပြောင်း လေ့လာမှု (Transfer Leaning)၊ စိတ်ကူးစိတ်သန်း နှင့် စီမံချက် ရေးဆွဲနိုင်မှု (Imagination and Planning)၊  ပကတိဦးနှောက် ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်မှု (Virtual Brain Analysis) များ ပြုလုပ်လာနိုင်မည် ဖြစ်ပါသည်။

          AI  နည်းပညာကို ခေတ်သစ် ဦးနှောက်အာရုံကြော ဆေးသိပ္ပံ ပညာရပ်တွင် အသုံးပြု လာခဲ့ကြပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများ၌ အသုံးပြုကြရာတွင် လူနာနှင့် ဆိုင်သော အချက်အလက်များ၊ ဆေးရုံနှင့် ကျန်းမာရေးဌာန ဆိုင်ရာ အရေးပါသော အချက်အလက် များကို ဖော်ထုတ်နိုင် သကဲ့သို့ ဖုံးကွယ်ထားနိုင်စွမ်း ရှိပါသည်။ အချက်အလက် ပေါင်းများစွာ မှတ်သား၍ စနစ်တကျ သိမ်းဆည်းနိုင်ပြီး လိုအပ်ပါက ပြန်လည်ဖော်ထုတ် ပေးနိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ အချက်အလက် များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ၊ စီမံခန့်ခွဲနိုင် သကဲ့သို့ လုပ်ငန်းဆိုင်ရာ စနစ်များလည်း ပိုမိုလွယ်ကူ လာခဲ့သဖြင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်၏ စံနမူနာ ပြောင်းလဲလာမှုပင် ဖြစ်ပါသည်။

          ဦးနှောက်နှင့် အာရုံကြောသိပ္ပံတွင် AI နည်းလမ်းများသည် ရောဂါရှာဖွေခြင်း၊ ခန့်မှန်းခြင်းနှင့် ဦးနှောက်ရောဂါများ၊ စိတ်ကျန်းမာရေး ချို့ယွင်းချက်များကို ကုသခြင်းတို့တွင် အသုံးချရန် အတွက် ပံ့ပိုးပေး ပါသည်။  လူနှင့် AI စက်ပစ္စည်းတို့ ပူးတွဲ ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ကိုရရှိနိုင်ပြီး လူသားကဲ့သို့ စဉ်းစားတွေးခေါ်၊ အဓိပ္ပာယ်ဖော်၍ ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ရှိပါသည်။ AI နည်းပညာသုံး ပုံရိပ်ဖော်စက် များသည် ဦးနှောက်၏ အပိုင်းများကို ခွဲခြားပုံဖော် နိုင်သကဲ့သို့၊   ဦးနှောက်တွင် ရောဂါရှိသော အပိုင်းနှင့် ပုံမှန်အပိုင်းကို ခွဲခြားစေနိုင် ပါသည်။

၉။       AI နည်းပညာ၏ အချက်အလက် များကို စနစ်တကျ ကိုင်တွယ်နိုင်စွမ်း သည် ကုသသူ ဆရာဝန်များ အနေဖြင့် ရောဂါရှာဖွေ ကုသရေးတွင် ဆုံးဖြတ်ချက်များ ချနိုင်စွမ်း တိုးတက်လာစေ ပါသည်။ AI နည်းပညာသုံး၍ ဦးနှောက် အာရုံကြော ခွဲစိတ်မှုနှင့် ရောဂါရှာဖွေ ကုသမှုတို့တွင် အထောက်အပံ့ ပေးနိုင်ခဲ့ပါသည်။ ပုံရိပ်ဖော် စနစ်များတွင် အရည်အသွေး ထိန်းညှိမှု၊ ပုံရိပ်များပြတ်သား ထင်ရှားရန် ဆောင်ရွက်သကဲ့သို့ ကွန်ပျူတာကို အသုံးပြု၍ ရောဂါအမည် တပ်နိုင်စွမ်း၊ အမျိုးအစား ခွဲခြားနိုင်ပြီး အဖြေထုတ်ပေး နိုင်စွမ်းရှိလာကြ ပါသည်။ ဦးနှောက် အကြိတ်အဆင့်ကို ပြောနိုင်ခြင်း၊ အတက်ရောဂါ တွင် ပုံမှန် မဟုတ်သော တက်တတ်သည့် နေရာကို ခန့်မှန်းနိုင်ခြင်း ကဲ့သို့ မခွဲစိတ်ခင် ကပင် ရောဂါ၏ အခြေအနေကို အခိုင်အမာ ထုတ်ဖော်နိုင် ပါသည်။ ဦးနှောက်နှင့် အာရုံကြော သိပ္ပံတွင် လုပ်ဆောင်ချက်၏ အဓိက နယ်ပယ်သည် ကြီးမားသော ပုံရိပ်ပမာဏကို စီမံ ဆောင်ရွက်ခြင်းနှင့် အမျိုးအစား ခွဲခြားခြင်းလည်း ဖြစ်လာပါမည်။ ဥပမာအားဖြင့် Histopathological ပုံရိပ်များ (တစ်သျှူးများအား အသေးစိတ် လေ့လာခြင်း) အမျိုးအစား ခွဲခြားခြင်း၊ ဦးနှောက် MRI ပုံရိပ်များတွင် အကြိတ်များအား အပိုင်းပိုင်း ခွဲခြင်းနှင့် အခြားများစွာသော ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ပုံရိပ်ဖော်ခြင်း များတွင် အသုံးချစီမံ ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။

          ဦးနှောက် အာရုံကြောမကြီး၏ ပုံသဏ္ဍာန်၊ ရောဂါဖြစ်သော အပိုင်းသာမက၊ လုပ်ငန်း ဆောင်ရွက်မှု ကောင်း၊ မကောင်းကိုပါ သိရှိလာနိုင်ခဲ့ ပါသည်။ လေဖြတ်ရောဂါ များတွင်လည်း အချိန်စောစွာ ရောဂါ အခြေအနေကို ဖော်ပြနိုင်သဖြင့် အချိန်မီ ကုသနိုင်ခဲ့ပါသည်။ ပြန်လည် သန်စွမ်းမှု တွင်လည်း စက်ရုပ်သုံး၍ လည်းကောင်း၊ အစားထိုး စက်ပစ္စည်းများ သုံး၍ ပြန်လည် သန်စွမ်းရန် အထောက်အကူ ပြုနိုင်ခဲ့ပါသည်။ အာရုံကြော အားမကောင်းသူ အစာမျိုရ ခက်သော လူနာများတွင် အစာမျိုမှုကို ကြည့်ရှုသော မှန်ပြောင်းများသည် AI နည်းပညာကို အသုံးပြုထား သဖြင့် အလိုအလျောက် စစ်ဆေး၊ ဆုံးဖြတ် အစာမျိုနိုင်စွမ်းကို မျက်မြင်တွေ့မြင် စေခဲ့ပါသည်။ အလိုအလျောက် အတက်ဖြစ်စဉ်ကို သိရှိနိုင်သော (Electroencephalography-EEG) စက်များသည် AI နည်းပညာအရ ရရှိလာသော အချက်အလက် များကို တည်းဖြတ်၍ မလိုသည်များကို ဖယ်ရှားပြီး အဖြေထုတ်နိုင်စွမ်း ရှိလာကြ ပါသည်။

          ဦးနှောက် အာရုံကြော ခွဲစိတ်မှုတွင် အလိုအလျောက် ဆောင်ရွက်နိုင်သော Robotic surgery စက်ရုပ်အသုံးပြု ခွဲစိတ်မှုများ ရှိလာခဲ့ပါသည်။ စက်ရုပ် အကူအညီဖြင့် ပုံရိပ်ဖော်ကာ ဦးနှောက်သို့ သံလိုက်ဓာတ်နှင့် လှုံ့ဆော်မှုဖြင့် လှုပ်ရှားမှုကို ဆုံးဖြတ် ပေးနိုင်သော ဦးနှောက် အစိတ်အပိုင်းအား ရုပ်ပုံဖြင့် ဖော်ထုတ်ပြသပေး နိုင်ခဲ့ပါသည်။ သုံးဖက်မြင် နည်းပညာဖြင့် ဦးနှောက်ခွဲစိတ်မှု အားအကူအညီ ပေးခြင်းကြောင့် ခွဲစိတ်မှု လက်ရည်တိုးတက် လာပါသည်။ AI နည်းပညာကို လူသားအစစ်၏ အဆင့်မြင့် ဦးနှောက် လုပ်ဆောင်မှုများ ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခဲ့ ပါသည်။ AI နည်းပညာသည် ဆေးမဂ္ဂဇင်း၊ စာအုပ်များ၊ လက်တွေ့ လုပ်ဆောင်မှု အတွေ့အကြုံများ၊ ဆေးသုတေသန များမှ နောက်ဆုံးပေါ် ဆေးပညာ သတင်းအချက်အလက် များကိုဖြည့်ဆည်း ပေးနိုင်သဖြင့် ဆေးပညာရှင် များ၏ ကုသမှု နည်းလမ်းများ ပိုမိုကောင်းမွန် လာစေပါသည်။

          ရောဂါခန့်မှန်းခြင်း တွင်လည်း သူငယ်ပြန်ခြင်း၏ အစကို ခန့်မှန်းရန် သို့မဟုတ် ဦးနှောက်တွင် Electrode များ တပ်ဆင်ခြင်းမှ ဝက်ရူးပြန် ရောဂါ၏ အလားအလာများ၊ ပါကင်ဆန် ရောဂါတွင် လှုပ်ရှားမှုဆိုင်ရာ ရောဂါလက္ခဏာ မတည်ငြိမ်မှု များကို ဦးနှောက်တွင်းရှိ Electrode များမှ ခန့်မှန်းခြင်းနှင့် အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ခြင်း များကို အသုံးပြုနိုင် ပါသည်။ ကုသရေးတွင် လူလုပ် အာရုံကြော ကွန်ရက်နှင့်အတူ နက်ရှိုင်းသော သင်ယူမှုဖြင့် ဆေးဝါးဆိုင်ရာ ပစ်မှတ်အသစ်များ ဖွံ့ဖြိုးရန် အသုံးပြုပါသည်။ ဥပမာအားဖြင့် အကြောသေ ရောဂါများတွင် ကုသရန် ပဋိဇီဝများနှင့် ပရိုတိန်း ပေါင်းစပ် အသုံးပြုခြင်း၊ Electro-stimulation စနစ်များဖြင့် ဝက်ရူးပြန်ရောဂါ ဖြစ်ခါနီးတွင် အလိုအလျောက် လည်ပတ်နေသော ဦးနှောက်တွင်းရှိ အာရုံကြောပတ်လမ်း ထိန်းချုပ်ခြင်းကို ဆောင်ရွက်လာခြင်း ဖြစ်သည်။ ဦးနှောက်-ကွန်ပျူတာ ကြားခံဆက်သွယ်မှု မှတစ်ဆင့် EEG မှတ်တမ်းတင်မှု များကို ခွဲခြားစိတ်ဖြာခြင်း ဖြင့်ပုံမှန် သို့မဟုတ် ရောဂါဗေဒ အဖြစ် အမျိုးအစား ခွဲနိုင်ပါသည်။ ယနေ့ခေတ်တွင် EEG၊ Functional MRI နှင့် ဦးနှောက် လုပ်ဆောင်ချက်ကို စောင့်ကြည့်သည့် နည်းလမ်းများတွင် ဦးနှောက် အချက်ပြမှုများ၏ အချိန်၊ အကွာအဝေးနှင့် ကြိမ်နှုန်း ဆက်သွယ်ချက် လက္ခဏာများကို တိုင်းတာနိုင်မှု များ၌ ကန့်သတ်ချက် ရှိပါသည်။

          Machine learning နည်းလမ်းများ အထူးသဖြင့် နက်ရှိုင်းသော သင်ယူမှုသည် သတင်း အချက်အလက် ထုတ်ယူမှု စွမ်းရည်များပြားစွာ တိုးတက်လာသည်ကို မြင်တွေ့ရပြီး ဖြစ်ပါသည်။ အကယ်၍ ဒေတာခွဲခြား စိတ်ဖြာခြင်းနှင့် ပတ်သက်၍ ဥပမာအားဖြင့် ဦးနှောက် မျက်နှာပြင်များမှ EEG တိုက်ရိုက် တိုင်းတာသော Intracortical microelectrode ကွန်ရက်များဖြင့် သို့မဟုတ် အာရုံကြော အမှုန်များ ကဲ့သို့သော Intra-cortical နာနိုအမှုန် များနှင့် အာထရာဆောင်း စနစ်ဖြင့်  ဦးနှောက်နှင့် အာရုံကြော နည်းပညာဆိုင်ရာ တိုင်းတာမှုများမှ ထုတ်ယူနိုင်သော သတင်း အချက်အလက် သိသာစွာ တိုးတက်မှုကို မျှော်လင့်နိုင် လာမည် ဖြစ်ပါသည်။

          လူတစ်ဦးချင်းစီ၏ ဦးနှောက်မှ အချက်ပြမှုကို ထုတ်ယူနိုင်သည့် သတင်း အချက်အလက် ပမာဏနှင့် ဖြစ်နိုင်ခြေရှိ၍ တိကျ သေချာသည့် ကန့်သတ်ချက် များသည် အနာဂတ် ကာလတွင် စိတ်သို့မဟုတ် အတွေးများကို ဖတ်ရှုနိုင်ရန် အတွက် ဖြစ်ပေါ် လာနိုင်မှုများမှာ လက်ရှိ အချိန်တွင် နားလည်ရန် ခက်သော အရာများအဖြစ် တည်ရှိနေမည် ဖြစ်ပါသည်။ သို့ရာတွင် လူသားတစ်ဦးနှင့် AI စနစ်တစ်ခုတို့  ပေါင်းစပ် လုပ်ဆောင်မှုနှင့် သီးခြား လုပ်ဆောင်ချက် များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ပြတ်သားစွာ ဖော်ပြမှု၌ ဟာကွက် ရှိနေခဲ့ပါသည် ။ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ကမ္ဘာ့နိုင်ငံများ အနေဖြင့်  AI စနစ်ကို ပိုမို ဘေးကင်းမှုရှိသော၊ လုံခြုံမှုရှိသော၊ ယုံကြည်စိတ်ချမှု ရှိသော စနစ်အဖြစ် ဖန်တီးကြရမည် ဆိုပါမည်။ လူ့အခွင့်အရေးနှင့် ပတ်သက်၍ လေးစားမှု၊ ကာကွယ်မှု၊ အားပေး မြှင့်တင်မှု ရှိရမည်ဟု လည်း ဖော်ပြခဲ့ပါသည်။

          ဆေးပညာဆိုင်ရာ ရောဂါရှာဖွေ ကုသရေး၊ ပြန်လည် သန်စွမ်းမှု အထောက်အကူပြု ရေးတွင် AI နည်းပညာကို အသုံးပြုခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာ နိုင်သော်လည်း ဆေးပညာရှင် များ၏ ဆုံးဖြတ်နိုင်စွမ်း၊ ဆက်စပ်တွေးခေါ် နိုင်စွမ်းကို ဆက်လက် အသုံးချနေရမည် ဖြစ်ပါသည်။ ဆေးပညာရှင်များ၏ မိမိလူနာများ အပေါ်တွင် ထားရှိသော ကြင်နာသနားမှု၊ ကိုယ်ချင်းစာနာမှု၊ မေတ္တာ၊ ဂရုဏာ ပေးဆပ်နိုင်မှု၊ စိတ်ခံစားမှု များကို AI နည်းပညာများမှ တုပအစားထိုး ဆောင်ရွက်နိုင်မည် မဟုတ်ပါ။

ဓာတ်ပုံ = အင်တာနက်

 

 

 

No comments: