Thursday, February 26, 2009

မေးလို့ .. .. ဖြေကြည့်ချင်တယ်



နွေရဲ့သရုပ်က ပိုပြီး ပီပြင်လာတယ်။ တိုက်ခတ်လာတဲ့ လေကိုက ပူနွေးနွေးရယ်ပါ။ ကြည့်လိုက်တဲ့ မြင်ကွင်းတွေက ရင်ကို အေးမြမှုစေဖို့ မဆောင်ကျဉ်းနိုင်ပါဘူး။ ပူလောင်နေတဲ့ နွေကို ခေါက်ရိုးကျိုးနေတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေ အတွက်တော့ စက်ရုပ်လိုပဲ လှုပ်ရှားမှုက သွတ်သွတ်လက်လက် နဲ့ပါ။ အနှီကဲ့သို့ ပူပြင်းတဲ့ မြို့ရန်ကုန်ထဲ သွားရင်း လာရင်းနဲ့ အိုအေစစ်လေး တစ်ခုကို တွေ့လိုက်မိတယ်။ ဒီ အိုအေစစ်လေးကို မြင်တွေ့ ခံစား လိုက်ရသူတိုင်းရဲ့ ရင်ထဲကို အေးမြ လန်းဆန်းသွားစေမှာ အမှန်ပါ။ အဲဒီ အိုအေစစ်လေးရဲ့ နာမ်စားလေးကတော့ အချစ် ဆိုတာ ပါပဲ။

ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးလေးက တိုတိုလေးပါ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာ၊ ၀ိညာဉ်၊ စိတ်အစဉ်ကို ဖမ်းယူ ညို့ထားနိုင်စွမ်းတာ အချစ်ပဲ ဖြစ်ပါတယ်။ အချစ်ကို လက်နဲ့ မတို့ မထိနိုင်ပေမယ့် အရာရာတိုင်းမှာ စိမ့်ဝင်နေတတ်တဲ့ အချစ်ရဲ့ ချိုမြိန်မှုတွေကိုတော့ လူတိုင်း ခံစားနိုင်မှာပါ။ ချစ်ခြင်းကို ခံစားမိတဲ့ ခဏတာ အချိန်လေးမှာ ကမ္ဘာမြေကြီးဟာ အသွင် ပြောင်းလဲ သွားနိုင်တယ်။ ဆောင်းရာသီဆိုတာ မရှိဘူး၊ ညဆိုတာ မရှိဘူး၊ ၀မ်းနည်းပူဆွေးမှု၊ အလိုမကျမှုနဲ့ တာဝန်ဝတ္တရားတွေကို အကုန် ၀ါးမြို ပစ်နိုင်တဲ့ စွမ်းအင် ရှိတယ်။ အချစ်နဲ့ပတ်သက်လာရင် ကျွန်တော့်အတွက် ထွေထွေထူးထူး ဖော်ကျူးစရာ မရှိပေမယ့် ကျွန်တော် နားလည်မိတဲ့ အချစ်ဆိုတာကတော့ .. ..

  • အချစ်က မှော်ဆရာတစ်ဦးဖြစ်တယ်
  • အချစ်က ယစ်မူးစေတယ်
  • အချစ်က အချိန်ကို စားသုံးတယ်
  • အချစ်က ရစ်ပတ်နှောင်ဖွဲ့စေတယ်
  • အချစ်က အထီးကျန်စေတယ်
  • အချစ်က ခါးသီးမှုတွေကို ချိုမြစေတယ်
  • အချစ်က နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်
  • အချစ်က အရာရာတိုင်းကို လှပအောင် ဖန်ဆင်းပေးတယ်
  • အချစ်က ကြေကွဲဝမ်းနည်းမှုထဲကနေ ပျော်ရွှင်စရာကို သယ်ဆောင်လာနိုင်တယ်
  • အချစ်က ခက်ထန်မာကြောတဲ့ နှလုံးသားအားလုံးကို နူးညံ့ပျော့ပျောင်းစေတယ်
  • အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်

အလုံးစုံကိုသိခြင်း၊ အဆုံးစွန်ကို ခွင့်လွှတ်ခြင်း တွေကို ဖြစ်စေတဲ့ နှလုံးသားရဲ့ ဘယ်သောအခါမှ မသေဆုံးနိုင်တဲ့ ဆာလောင် မွတ်သိပ်မှုကို ပေးနိုင်စွမ်းတာ အချစ်ရယ်ပါ။ အချစ်ကြောင့် နောင်တရတယ် ဆိုတဲ့ စကားကို ဘယ်သောအခါမှ ပြောထွက်ခဲ့မှာ မဟုတ်ပါဘူး။ အချစ်နဲ့ ပတ်သက်လာရင် စာတစ်တန် ပေတစ်ရွက် ရေးဖွဲ့နိုင်လောက်အောင် အတွေ့အကြုံ မမျှနိုင်သေးတာကြောင့် နောက်ဆုံးအနေနဲ့ အချစ်ဆိုတာ လက်ဆောင်တွေအားလုံးထဲမှာ တန်ဖိုးအရှိဆုံးအရာ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ အချစ်အကြောင်း ကို နားလည်သလို ပြောပေးပါဆိုပြီး TAG ထားတဲ့ ညီလေး ကိုရဲ တစ်ယောက် ကျေနပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒီ tag ပို့စ် အချစ်အကြောင်း ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပဲ မကြီး မကဗျာ နဲ့ ညီမငယ် ပန်းခင်းလေး နှစ်ယောက်ကိုပဲ ထပ် tag ချင်ပါတယ်။ အချိန်ရရင် ရေးပေးပါလို့ တောင်းဆိုပါတယ်။ အားလုံးပဲ ကျေနပ်နိုင်ပါစေ။

heart Pictures, Images and Photos

Tag လေးကို ပြန်ဖြေထားတာ ဖတ်ကြည့်ပါအုန်း

မကြီး မကဗျာ က အချစ် ...... တဲ့

ညီမငယ် ပန်းခင်လေး က အချစ်ဆိုပါလား.


ပုံကို photobucket ကနေ ယူသုံးထားတယ်နော် .. ..

Wednesday, February 25, 2009

မိန်းမစကား နားထောင်သင့် - မသင့်

အိမ်ထောင်ပြုတယ် ဆိုတာ အခြေခံအနေနဲ့ ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြ ကြိုက်ကြလို့ပါ။ အကြင်သူနှစ်ဦး ချစ်သူတွေ ဖြစ်ကြပြီးမှ လက်ထပ်ကြတာ ရာခိုင်နှုန်းများတတ် ပါတယ်။ ရာခိုင်နှုန်း အနည်းငယ် လောက်သာ အိမ်က လူကြီးတွေ ပေးစားလို့ ယူဖြစ်ကြတာ ဖြစ်ပါတယ်။ ချစ်ကြတယ် ဆိုတဲ့ နေရာမှာ တစ်ယောက် အကျိုးကို တစ်ယောက်က လိုလားတယ် နှစ်သက်တယ် စိတ်တူ ကိုယ်တူ ဖြစ်တယ် ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ချစ်ကြတယ်ပြောပြော အိမ်ထောင်တစ်ခု ထူထောင်လို့ အတူနေကြပြီ ဆိုတာနဲ့ တစ်ယောက်က အခြားတစ်ယောက်ကို မိမိလိုလားတဲ့စိတ်နဲ့ အားနည်းချက်တွေကို ဝေဖန် ထောက်ပြမှာ အမှန်ပါပဲ။ (ဥပမာအားဖြင့် သွားတိုက်ဆေးဘူးကို ညှစ်တဲ့ နေရာချင်း မတူတာတို့၊ ဆပ်ပြာကို အသုံးပြုပြီး ရေပြန် မဆေးထားတာတို့ တွေကအစပေါ့) လူဟာ ဘယ်သောအခါမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ယောက်ျားလေးမှာ မရှိတဲ့ အရည်အချင်းက မိန်းကလေးမှာ ရှိနေတတ်ပါတယ်။ ကိုယ်မတွေးမိတဲ့ အတွေးအခေါ်ကောင်းတွေ သူတွေးမိတာတွေလည် ရှိတတ်ပါတယ်။

ယောက်ျားလေးနဲ့ မိန်းကလေးတွေ များသောအားဖြင့် ပြဿနာတစ်ခုအပေါ်မှာ ရှုမြင်တဲ့ အမြင်တွေ သုံးသပ်ပုံတွေ မတူတတ်ကြပါဘူး။ စီးပွားရေး၊ လူမှုရေး၊ အထွေထွေ ကိစ္စ တွေမှာပဲဖြစ်ပါစေ ယောက်ျားလေးတွေရဲ့ အားနည်းချက်၊ ဟာကွက်တွေကို ထောက်ပြနိုင်စွမ်း တဲ့ မိန်းကလေးတွေ ရှိတယ်။ ဒါကိုလက်ခံတတ်ရင် သာယာတဲ့ အိမ်ထောင် တစ်ခု ဖြစ်လာမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ငါသာ စေ့စပ်သေချာတယ်။ ငါလို ယောက်ျားဆိုတဲ့ မဟာဖိုဝါဒ သမားတွေအတွက် ဘယ်မိန်းမစကားကိုမှ နားမထောင်သင့်ဘူး လို့ ထင်မှတ်ပြီး ကိုယ်ထင်ရာ ကိုယ်စိုင်းရင်ဖြင့် အိမ်ထောင်ရေး အမှားအယွင်းတွေ ဖြစ်တတ်ကြပါတယ်။ လူတိုင်း ကိုယ့်စိတ်ကြိုက် ပြုမူနေထိုင်နိုင်တယ် ဆိုပေမယ့် အိမ်ထောင်တစ်ခု ဖြစ်လာရင်တော့ ညှိနှိုင်းယူရတဲ့ အပိုင်းကို ဦးစားပေးရမှာပေါ့နော်။

ချစ်ခြင်းမေတ္တာကို အခြေခံပြီး အိမ်ထောင်ထူထောင် ထားတဲ့ မိသားစုတစ်ခုမှာ မိန်းမတွေအနေနဲ့ ကိုယ့်ယောက်ျားကို မကောင်းတဲ့ ဒုစရိုက်အလုပ်တွေကို လုပ်ခိုင်းမယ် မထင်ပါဘူး။ ခြွင်းချက်တော့ ရှိချင်ရှိမှာပါ။ ဒါပေမယ့် များသောအားဖြင့်တော့ မိန်းမတွေဟာ ကိုယ့်ယောက်ျားရဲ့ အကျိုး၊ ကိုယ့်မိသားစုရဲ့ အကျိုးကိုရှေးရှုပြီး ပြောတာ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီနေရာမှာ ယောက်ျားက မိန်းမပြောတိုင်း ယုံကြည်နာခံမှာလား ဆိုပြီး စိုးရိမ်စရာ မရှိပါဘူး။ ယောက်ျားကလည်း ဘယ်စကားက ငါ့အကျိုးစီးပွား၊ ငါ့ကျန်းမာရေး အတွက်ပြောတယ်။ ဘယ်စကားကဖြင့် ငါ့မိသားစု တစ်ခုလုံးရဲ့ အကျိုးစီးပွား အတွက် ပြောတယ် ဆိုတာကို ဝေဖန် ချင့်ချိန်အုန်းမှာပါ။ သက်သက် ဒီမိန်းမ အစိုးရိမ်လွန်ပြီး ပြောနေတာ ဆိုရင်လည်းပဲ မိန်းမက စိတ်ရင်း အမှန်နဲ့ စေတနာနဲ့ ပြောတာဖြစ်လို့ သူရှေ့မှာတော့ လေးလေးစားစား နားထောင်သင့်ပါတယ်။ စကားပုံတောင် ရှိပါတယ်။ မိန်းမစကားနားထောင်ရင် အိုတောင် မဆင်းရဲဘူးတဲ့။ ဒါကြောင့် ကိုယ့်မိန်းမက ကိုယ့်အကျိုးကို လိုလားတဲ့ စိတ်နဲ့ အစစအရာရာကို ပြောမှာဖြစ်လို့ အိမ်ထောင်ရှင် ယောက်ျားတိုင်း ကိုယ့်မိန်းမစကားကို နားထောင်သင့်တယ်လို့ ဒီလို တွေးထင်မိ ပါတယ်။ ဒီအထဲမှာ ကိုယ်မပါသေးပေမယ့် နည်းနည်းတော့ ကျင့်သားရအောင် အင်ထရိုဝင်ပြီး ပရယ်ဒီကယ် လုပ်ထားရတာပါ။ အားလုံးပဲ ပျော်ရွှင် နိုင်ပါစေ။

Photobucket

Tuesday, February 24, 2009

အဆင်ပြေ ပါစေ ကြယ်ပိန်

Sent at 10:17 AM on Tuesday

thinstar1: hi
Win: မင်္ဂလာပါ၊ ဘယ်သူများပါလဲ၊ တွေ့ရတာ ၀မ်းသာပါတယ်
thinstar1: hi
Win: ပြောပါ၊ say something pls
thinstar1: ခင်ချင်လွန်းလို့ပါရှင့်၊ အဟိ
Win: ခင်တတ်ပါတယ်၊ ဘယ်သူများလဲ မသိဘူးနော်
thinstar1: မသိဘူး
Win: မ-သိဘူး နဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်
thinstar1: အင်း
Win: နာမည်တူတွေ များတယ်နော်
thinstar1: အဲဒါကိုတော့သိတယ်
Win: ခင်ချင်တာပဲ နာမည်လေးတော့ ပြောသင့်တာပေါ့
thinstar1: မပြောချင်လို့ပါ
Win: ဒါမှလည်း စကားပြောရတာ အဆင်ပြေတာပေါ့၊ ဒါဆို ဘလောဂ့်ရှိလား
thinstar1: ဘလော့လ်ဆိုတာဘာလဲ၊ မသိ
Win: ဒါဆို ကျွန်တော့်ကို ဘယ်လိုသိပြီး ဘာလို့ ခင်ချင်တာလဲတော့ မသိဘူး
thinstar1: အမြင်ကပ်လို့
Win: အန်
thinstar1: အကြောင်းသိချင်လို့
Win: ကောင်းပ
thinstar1: ဘာကောင်လဲလို့၊ တကယ်ပြောတာ
Win: ဘာမှ မဟုတ်ပါဘူးဗျာ၊ သာမန်လူထဲက လူပါပဲ
thinstar1: ဟုတ်လောက်ပါတယ်
Win: ခုပဲ ဗေဒင်တွက်လာတာ၊ လူမုန်းများတယ်တဲ့၊ မှန်တာတော့ မှန်နေပြီ
thinstar1: တကယ်ဟုတ်လောက်တယ်
Win: ပြောပါအုန်း
thinstar1: အရမ်းမှန်တယ်၊ ဗေဒင်ဆရာကိုအိမ်မှာပူဇော်ထား သိလား
Win: အမြင်ကပ်တာ ဘာကြောင့်လဲ၊ အကြောင်းတော့ ရှိမှာပါ
thinstar1: အခြေကြီးတယ်လို့ ပြောာသံကြားလို့
Win: နံပတ် ၁၁ ပဲစီးတာပါ
thinstar1: ဟင်၊ အဲဒါကြောင့်ဖြစ်ချင်ဖြစ်မှာပါ
Win: ဘယ်သူက မြောက်ပေးလိုက်တာလဲ မသိဘူးနော်
  • ကနေ့အထိတော့ ဘယ်သူ့ကိုမှ အမှား မလုပ်ခဲ့သေးပါဘူး
  • အထင်လွဲတာ ဖြစ်ပါမယ်
  • တောင်းပန်ပါတယ်
  • နစ်နာ ထိခိုက်တာများ ရှိရင်
thinstar1: ဟင်၊ နင်ကို ငါ ခုမှသိတာ၊ ဘာထိခိုက်မှု့မှ မရှိဘူး
Win: ဒါဆို ဘာလို့ အမြင်ကတ်တာလဲ
thinstar1: စိတ်ထဲ တမျိုးဖြစ်နေလို့၊ အင်ဗိုက်လုပ်လိုက်တာ
Win: ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်စေချင်ပါတယ်ဗျာ
thinstar1: မာန ကြီးတယ်လို့ ပြောသံကြားလို့ပါဆိုဟာ
Win: ကျွန်တော်က အားလုံးကို ခင်တတ်ပါတယ်
thinstar1: ဟုတ်ကဲ့ရှင့်၊ ဟုတ်၊ ယုံပါတယ်ရှင့်
Win: မာနဆိုတာ ကျွန်တော် ပြောချင်ပါတယ်၊ ခုလိုမျိုးပေါ့၊ ခင်ချင်တယ်ပြောပြီး
  • နာမည်တောင်မပြောပြနိုင်တာ
  • ဘယ်လို သူငယ်ချင်းကောင်းဖြစ်လာမလဲနော်
thinstar1: နင်အသိဆုံးနေမှာပေါ့ဟာ
thinstar1: မပြောချင်လို့ပေါ့
Win: ဒါဆို ဘယ်လိုလုပ် ဆက်ခင်မလဲ၊ စဉ်းစားကြည့်ပါအုန်း
thinstar1: ထင်ချင်သလို ထင်နိုင်တယ်
Win: ကျွန်တော်က မျက်နှာမရှိတဲ့သူနဲ့ စကားပြောနေရမှာလား
thinstar1: မစဉ်းစားချင်ဘူး
Win: သယ်ချင်းတို့ဘက်က မာန လျော့သင့်တယ်မဟုတ်လား
ခင်မင်ချင်စိတ် တကယ်ရှိခဲ့ရင် ပြောပါတယ်
thinstar1: မပြောရင် ခင်လို့မရဘူးဆို၊ သဘောအတိုင်းပဲ
Win: အဲဒီ သဘော မဟုတ်ပါဘူး
  • သယ်ချင်းတို့က
  • ကိုယ့်ဘက်ပဲကိုယ်ကြည့်တတ်တာပဲ
  • ကျွန်တော့် သယ်ချင်းတွေ အများဆုံးက blogger တွေ ဖြစ်တယ်
  • ဒီလို ဘုမသိ ဘမသိ နဲ့တော့ စကားပြောရတာ တစ်မျိုးကြီးပါပဲ
  • မေးလို့လည်း အဆင်မချော
  • ပြောတော့လည်း ဘုနဲ့ဘောက်
  • တောင်းပန်တော့လည်း အထက်စီးက မဆင်းချင်ဘူး
  • အစကတည်းက မခင်နဲ့ပေါ့ဗျာ
  • ဒါကို ကျွန်တော်ကပဲ မာနကြီးတယ်ဖြစ်ရတယ်။
---------------------------------------------------------------

thinstar1@gmail.com လိပ်စာနဲ့ မနေ့က ကျွန်တော့်ကို အရင်လာပြီး Invite လုပ်ထားခဲ့တယ်။ ဒီမနက် အဲဒီကလေးမ ကပဲ အရင်ဝင်ပြီး အပေါ်ကအတိုင်းပဲ စကားပြောဖြစ်ခဲ့တယ်။ စကားစပြောကတည်း လူတဖက်သားကို အကောင်းမမြင် ခဲ့ပါဘူး။ ကျွန်တော်ကပဲ အတတ်နိုင်ဆုံး လိုက်လျောပြီး စကားပြောခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေတာတော့ အမှန်ပါပဲ။ ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို လျှို့လျှို့ဝှက်ဝှက် နေချင်သူတွေ အနေနဲ့ သူများတွေကိုလည်း မိတ်ဆွေဖွဲ့နေစရာများ လိုသေးလားလို့ မေးချင်ပါတယ်။ နာမည်လေး တစ်လုံးလောက်တောင် မပြောပြ နိုင်လောက်အောင် လျှို့ဝှက်ထား ချင်တယ်ဆိုရင် ဒါဟာ ရိုးသားမှု မရှိဘူးလို့ သုံးသပ်မိပါတယ်။ ဒီလို ဒီအကြောင်းတွေ မကြာခဏ ဖြစ်တတ်လွန်းလို့ Invite လုပ်လာရင် အမြဲပဲ No ပေးခဲ့မိပါတယ်။ လူတိုင်းကို သူငယ်ချင်းလို၊ မိတ်ဆွေရောင်းရင်းလို ဖော်ဖော်ရွေရွေ ခင်မင် တတ်ပါတယ်။ ခင်လည်း ခင်ချင်ပါတယ်။ လိုအပ်တဲ့ အကူအညီကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေး တတ်ပါတယ်။ (အိပ်စိုက်ပြီးတော့ပါ) ဒါပေမယ့် နှစ်ဦးနှစ်ဖက် စိတ်ရင်းအမှန်နဲ့ ခင်မင်ဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ စောစောစီးစီး နှလုံးနာစရာဖြစ်လို့ ဒီလို ရေးဖြစ်ခဲ့ပါတယ်။ နစ်နာသူများရှိရင် ဒီကပဲ တောင်းပန်ပါရစေ။

ငို

Monday, February 23, 2009

တစ်ချိန်တုန်းက ဒုက္ခ၊ အခုတော့ ဟာသ

ကျောင်းနှစ်ဝက်ပိတ်တော့ တောင်ကြီးအိမ်ကို မပြန်ဘဲ ရန်ကုန်ကို တစ်ယောက်ထဲ သွားလည်ဖို့ အစီအစဉ်ဆွဲတယ်။ တောင်ကြီးအိမ်ကို field ဆင်းရမှာဖြစ်လို့ အိမ်မပြန်တော့ဘူး ဆိုပြီး လူကြုံနဲ့ စာရေးပေးလိုက်တယ်။ အမှန်က ကျွန်တော်ယူတဲ့ မေဂျာက ဘာဖီးလ်မှ ဆင်းရတာ မရှိပါဘူး။ လည်ချင်တဲ့ အကြောင်းပြချက် တစ်ခုထဲနဲ့ပါ။ ကိုယ်က အိမ်ကိုစာရေး အသိပေးလိုက်ပြီ ဆိုပြီး စိတ်အေး လက်အေးနဲ့ ခရီးထွက်ဖို့ ပြင်ပါတယ်။ လူကြီးတွေ ခွင့်ပြုတယ် မပြုတယ်တော့ မသိဘူး။ ကိုယ့်အစီအစဉ်တိုင်း အဒေါ်တွေရှိတဲ့ ရန်ကုန်ကို လိပ်စာကိုင်ပြီး မန်းလေး- ရန်ကုန် အဆန်ရထားလက်မှတ် ၀ယ်တယ်။ အိပ်စင်အထူးတန်း ဆိုတာကို မေးဝယ်တယ်။ အဆင်ပြေပါတယ်။ ပေးဝယ်ရမယ့် လက်မှတ်ခထက် ၅ ဆလောက် ပိုပိုသာသာ ထည့်ပေးလိုက်လို့ ဘာမေးခွန်းမှ ဖြေစရာမလိုပဲ ရထားလက်မှတ်တစ်စောင် ရလိုက်တယ်။

အရင်က အဒေါ်တွေက ကန်တော်ကလေး၊ ၇၈ လမ်း၊ မန်းလေးလမ်းသွယ် ထဲမှာနေတယ်။ ဘူတာနဲ့လည်းနီးတာပေါ့။ ခြေလျင်လျှောက်ရင် မန်းလေးအခေါ် ၂ပြ လောက်ဆို ရောက်နေပြီ။ ဒါကို မသိတဲ့ကျွန်တော် ပထမဆုံး ရန်ကုန်ကို ရောက်တာ လာလည်တာဆိုတော့ ရထားပေါ်ကဆင်းတာနဲ့ B-600 taxi ပေါ် တက်စီးလိုက်တယ်။ ကားဆရာကလည်း ဘယ်သွားမလဲလို့ တစ်ခွန်းမှ မမေးဘူး။ ကျွန်တော်ကလည်း ဟန်ကိုယ့်ဖို့ဆိုပြီး တစ်ခွန်းမှ မပြောဘူး။ ဘူတာဝင်းကထွက်တော့ ညာဖက်ကိုချိုးတယ်။ ပန်းဆိုးတန်း ဂုံးတံတားပေါ် ကျော်တယ်။ ပန်းဆိုးတန်း လမ်းဆုံး ကမ်းနားလမ်း ရောက်တော့ ညာဖက်ပဲ ဆက်ကွေ့ပြီး မောင်းပြန်တယ်။ (၅၁)အစိမ်း လိုင်းကားလမ်းအတိုင်း မောင်းလာပြီး ဘုန်းကြီးလမ်း၊ ပြည်လမ်းအတိုင်း တက်လာပြီး မြေနီကုန်း၊ ဟံသာဝတီအ၀ိုင်းအထိ ဘာစကားမှ မပြောဖြစ်သေးဘူး။ ကိုယ်ကလည်း ဟန်အပြည့်ပါပဲ။ နောက် လွှတ်တော်ရှေ့ရောက်တော့ ရွှေတိဂုံကို လှမ်းဖူတော့ ရွှေတိဂုံဘုရားလား မသိဘူး လို့ မေးမိတယ်။ ဒါနဲ့တင် ကားဆရာက နယ်ကတက်လာတဲ့ အချဉ်မှန်း သိသွားပြီ။ ဒါကိုရိပ်မိတဲ့ ကျွန်တော်ကပဲ ဘယ်ကို လျှောက်မောင်းနေတာလဲဗျ။ ကျွန်တော်က ကန်တော်ကလေး သွားမလို့ဗျ ဆိုတော့မှ ကားဆရာကလည်း ခေသူတစ်ယောက် မဟုတ်ပါဘူး။ ညီလေး ရန်ကုန်ရောက်တုန်း ရွှေတိဂုံဘုရား ဖူးစေချင်လို့ တမင်လိုက်ပို့တာပါ တဲ့။ မှတ်ကရော။ ဒါနဲ့ လိပ်စာထုတ်ပြလိုက်မှ နောက်ကြောင်း ပြန်ကွေ့တော့တယ်။ အမှန်အတိုင်း ၀န်ခံရရင် ကိုယ်ကလည်း လမ်းသိတာ မဟုတ်တော့ သူခေါ်ရာ လိုက်လာမိတာပါ။

အိမ်ရှေ့ရောက်တော့ ကားပေါ်က မဆင်းဖြစ်သေးဘူး။ မြင်နေကျမဟုတ်တဲ့ ရန်ကုန်တိုက်ခန်း အိမ်မဲမဲကြီးထဲကို စိုက်ကြည့်နေမိတယ်။ ဒေါ်လေးက လှမ်းမြင်ပြီးထွက်လာမှ ကားထဲက ဆင်းလိုက်တယ်။ ကားခ ထုတ်ရှင်းမယ် လုပ်တော့။ ဒေါ်လေးက ငါပေးမယ်၊ ကားဆရာ ဘယ်လောက်ကျလဲ ဆိုတော့ .. ကားဆရာက ၃၀၀၀ိ- ပါအစ်မ လို့ပြောတယ်။ ဒေါ်လေးက ပြာပြာသလဲ ကျွန်တော့်ဘက်လှည့်ပြီး နင်ဘယ်ကနေစီးလို့ ဒီလောက် မီတာတက်ရ သလဲပေါ့။ ဘူတာကနေ ငှားလာတာလို့ လည်း ဆိုရော ဒေါ်လေးက ကားဆရာကို ရန်လုပ်ပါလေရော။ ဒါနဲ့ ၁၀၀၀ိ- နဲ့ ဈေးတည့်သွားတယ်။ လူလည်း ဇောချွေးကို ပြန်သွားတာပဲ။ နင့်ကို ထောက်ကြန့်ဖက်ခေါ်သွားပြီး သတ်လိုက်ရင် ဘယ်လို လုပ်မလဲတဲ့။ ရန်ကုန်ကိုလာတာ လူကြီးတွေ သိလားလို့ မေးတော့ .. ဟုတ်ကဲ့ စာရေးထားတယ်လို့ပဲ ပြောလိုက်မိတယ်။ ဒေါ်လေးရဲ့ စိုးရိမ်စိတ်က ဒီလောက်နဲ့တော့ မီးမငြိမ်းသေးပါဘူး။ တောင်ကြီးအိမ်ကို ဖုန်းဆက်တိုင်မယ် လုပ်တယ်။ တော်ပေသေးတယ်။ လိုင်းမကောင်းတာနဲ့ စကားမပြောဖြစ်တော့ဘူး ကံကောင်းလေစွ။

ရန်ကုန်ရောက် စွန့်စားခန်းလေးက ဒီလောက်နဲ့ မပြီးသေးတာ အမှန်ပါ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ခုနေချိန်မှာပြန်တွေးကြည့်တော့ ဟာသ တစ်ပုဒ်လိုပဲ မြင်မိပါတယ်။ စူးစမ်းချင်တဲ့ လူငယ်တွေရဲ့ စိတ်ကို ချွန်းအုပ်လို့ မရပေမယ့် အန္တရယ်ကို အမှန်ပဲ ဖိတ်ခေါ်နေသလို ဖြစ်ခဲ့ပါတယ်။ ကဲညီငယ် ဖိုးဂျယ် ရေ Tag ထားတာလေး ပြန်ဖြေလိုက်ပြီနော်။ ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကပဲ သူငယ်ချင်းတွေ tag တာကို ရေးနေရတာ။ ဒီတစ်ခါတော့ ကျွန်တော့် သူငယ်ချင်းတွေကို ပြန် tag ချင်ပါသေးတယ်။ အချိန်ရသည် ဖြစ်စေ၊ အချိန်မပေး နိုင်သည်ဖြစ်စေ အောက်က မမတွေကို tag ပါတယ်။ ရေးပေးမယ်ဆိုရင်တော့ ၀မ်းသာစရာပါပဲ။ အိုကေပါ tag လိုက်ပြီနော် .. ..
Tag ထားတဲ့ သူငယ်ချင်းအားလုံး စိတ်ဝင်တစားနဲ့ ရေးပေးလို့ ကျေးဇူးတင်တယ်။

Friday, February 20, 2009

ဆုံနေကျအိပ်မက်ထဲ

မနေ့ကနဲ့ မတူတဲ့ ဒီဘက်နေ့တွေရဲ့လှုပ်ရှားမှုများက အရင်ကထက် သွတ်လက်ပေါ့ပါး လွန်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိပါတယ်။ ဘာပဲ လုပ်လုပ် စိတ်လက် ပေါ့ပါးနေပြီး ဖျက်ဖျက်လတ်လတ် ရှိလှတယ်။ အတွေးအခေါ် တွေကလည်း ကြည်လင် တောက်ပနေတယ်လို့ ခံစားရမိတယ်။ စိတ်ရွှင်တယ်ဆိုတော့ ဘာလုပ်လုပ် သီချင်းတအေးအေးနဲ့မို့ ဒေါ်လေးတွေက မေးငေါ့ပြီး တစ်ယောက်ကို တစ်ယောက် လက်တို့ကြတယ်။ ခေါင်းထဲမှာ လုပ်စရာတွေ အစီအရီနဲ့ဆိုတော့ ပတ်ဝန်းကျင်ကို သိပ်ဂရုမပြု မိပါဘူး။ မနက် ၅ နာရီခွဲကတည်းက အိပ်ယာထတယ်။ ကားတွေ အဆင်သင့်ဖြစ်အောင် ဘော်ဒီကိုအောက် ပို့ထားလိုက်တယ်။ ဘယ်သူ ဘယ်သွားသွား အဆင်သင့်ဖြစ်အောင်ပါ။ (စေတနာလို့ မထင်လိုက်ပါနဲ့ အပြင်ထွက်စရာရှိလို့ ခေါ်ရင် မရှိလို့ကတော့ ကွိုင်တက်နိုင်တယ်လေ၊ ခေါင်းက ဒီလို ကြည်လင်နေတာ) ဂျင်းပန်ကိုစွပ် စီအင်န်စီကိုဝတ်ပြီး အစိမ်းရောင်တွေ ဖြည့်ထားတဲ့ သာရေပိုက်ပိုက်အိတ်ကို ခါးကြားထိုးပြီး လမ်းထိပ်ထွက်ခဲ့တယ်။ ဘယ်လဲ ... လို့ လှမ်းမေးတော့ လဘက်ရည်သွားသောက်မလို့ ဆိုပြီး ခပ်သွက်သွက်လေး ထွက်လာခဲ့တယ်။

ဖုန်းမပြောဖြစ်တာ တစ်နည်းအားဖြင့်တော့ ဖုန်းမဆက်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ ဖုန်းမပြောဖြစ်တာ ဟန်းဆက် မရှိလို့ ဖုန်းမရှိလို့တော့ မဟုတ်ပါဘူး။ ဖုန်းဆက်ပြောစရာ ဘော်ဘော်လည်း မရှိ၊ ဖော်ဖော်လည်း မရှိတာကြောင့်ပါ။ သိပ်သနားစရာကောင်းတဲ့ ကိုယ့်ဘ၀လေးလို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မိပါသေးတယ်။ အိမ်မှာ နံပါတ် ၉ လုံးနှိပ်ရင် သတိပေးခံရမယ်။ နယ်ဝေးဆိုရင် မေးမနေနဲ့ ဆက်စရာမလိုဘူး။ ဒီလို ချွေတာတဲ့ အကြောင်းလေးတွေရှိတယ်။ ဒေါ်လေးတွေက ပျိုပျိုကြီးတွေဖြစ်ပြီး သာလိက၊ စာကလေး၊ ကတ္တ၀ါ တွေ ၀င်စားထားတာ ဆိုတော့ နားပူတာ မခံနိုင်ပါဘူး။ ဒါကြောင့် ဖုန်းပြောစရာရှိရင် လမ်းထိပ်ကိုပဲ ထွက်ရတယ်။ ဆသရ ကမမကြီးတွေ မရောက်သေးရင် ယောင်လည်လည်နဲ့ လဘက်ရည်ဆိုင်ကနေ စောင့်နေရတယ်။ ရောက်လာရင် ကိုယ်ကဦးအောင် နေရာယူရတယ် နယ်ဝေးဆက်မှာဆိုတော့ အချိန်ပေးရတတ်တယ်လေ။ ညနေခင်းဘက်ဆိုရင် ဒီဘက်က လူရှင်းပေမယ့် ဟိုဘက်အဆောင်မှာ လိုင်းတွေ ပြွတ်သိပ်မှုနဲ့ ကြုံတွေ့ရတတ်တာ ခဏခဏပါ။ ဒီလိုနဲ့ ရှိန်းမြမြ ကလေးအသံ လွင်လွင်လေးကို နားဆင်နိုင်ဖို့အတွက်နဲ့ မနက်တစ်ချိန် ညနေတစ်ချိန် မဖြစ်မနေ ဖုန်းဆက်ဖို့ ကျေနပ်စွာနဲ့ ဒီဂျူတီကို တိုးယူလိုက်တယ်။

အနေမနီးပေမယ့် အလှမ်းဝေးတယ် မထင်မိပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဆက်နွယ်နေတဲ့ မသိစိတ်လေးကြောင့် အနေနီးနေခဲ့တယ်။ မမြင်မတွေ့ နိုင်ပေမယ့် မျက်ဝန်းထဲက မထွက်နိုင်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဘေးချင်းယှဉ်ရှိစေမယ့် ကြယ်စုံညရဲ့ အိပ်မက်လေးတွေ  အမြဲရှိနေခဲ့တယ်။ ဆုတောင်း မပြည့်သေးပေမယ့် စိတ်ဆောင်လိုက် လေတိုင်း လေပြေနဲ့အတူ အပြေးအသော့နှင်လာမယ့် မင်းရဲ့ ရယ်သံလေးကို ရင်နဲ့အပြည့် ဖမ်းဆုပ်ထားမြဲဖြစ်တယ် ဆိုတာ ယုံကြည်စေချင်တယ်။ ချိုမြိန်တဲ့ အရသာရှိပေမယ့် အောင့်သော နာကျင်မှုကိုပေးတဲ့ ကြင်နာမှုတွေကို အပြုံးမပျက် ပူဆာယူလျက်ပါ။  အချစ်ကို တင်ကြို အိပ်မက်မက် တတ်သူဟာ အချစ်ချောက်ထဲကိုကျဖို့ ပိုပိုနီးစပ်စေဆိုတာ သိနေပေမယ့် နှစ်ဦးသားဆုံနေကျ အိပ်မက်ထဲကိုပဲ တိုးလို့ မြင်မက်နေဆဲပါ။ ညတိုင်းမြင်မက် အိပ်မက်တိုင်းမှာ မင်းသာ အမြဲနေရာယူဆဲပါ .... .... ။

love Pictures, Images and Photos
ပုံကို photobucket ကနေ ယူသုံးထားတယ်နော်။

မေးသမျှ အဖြေပေးမယ်


ကျယ်ပြောလှတဲ့ လောကကြီးမှာ ကျွန်တော်တို့ သိထားတာထက် မသိနိုင်သေးတဲ့ အကြောင်းခြင်းရာတွေ အများအပြားကို အချိန်တိုအတွင်း ပြောပြပေးနိုင်မယ့် ၀က်ဘ်ဆိုက်လေးကို မျှဝေပေးခြင် ပါတယ်။ မိတ်ဆွေ သိလိုသမျှ မေးခွန်းမှန်သမျှကို ငွေကြေးမယူဘဲ သင့်ရဲ့ Mail box ထဲကို မိနစ်မဆိုင်းဘဲ အဖြေလွှာကို ပေးပို့ပေးမှာပါ။ အမေးကဏ္ဍမှာ Recreation & Outdoors, Computers & Internet နဲ့ Shopping & Product Advice ကဏ္ဍတွေ ခွဲခြားထားပါသေးတယ်။ ဒါပေမယ့် မေးခွန်းတိုင်းအတွက် အဖြေတိုင်းဟာ အမှန်တရားစစ်စစ် ဖြစ်တယ်လို့တော့ တထစ်ချ ယုံမှတ်ယူလို့တော့ မရပါဘူး။ ချင့်ချိန်ပြီး ယုံကြည် စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမေးအတွက် ဖြေကြားပေးတဲ့ ပုဂ္ဂိုလ်ဟာ မည်သို့သော မူကိုလက်ကိုင်ထားသည်ကို မသိနိုင်လို့ပါ။ ပျော်ရွှင်နိုင်ပါစေ။ အမေးကမ္ဘာ ၀က်ဘ်ဆိုက်လေးကတော့ www.answerly.com ဖြစ်ပါတယ်။

အပျင်းပြေ ဥာဏ်စမ်း


အပျင်းပြေစေဖို့ အနေနဲ့ ဥာဏ်စမ်း ၀က်ဘ်ဆိုက်လေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ ချစ်သူနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် ကျီစယ်မယ် နောက်ပြောင်ချင်တယ် ဆိုရင် ဒီဝက်ဘ်ဆိုက်လေးက အကူအညီပေး ပါလိမ့်မယ်။ အပျင်းလည်းပြေ၊ ဥာဏ်လည်း ရွှင်စေပါမယ်။ စမ်းကြည့်ပါအုန်း။ ဒီကနေ သွားရအောင်ပါ www.quizyourfriends.com

Tuesday, February 17, 2009

22 Vs 28

ဒီအရွယ်ရောက်မှ ကောင်မလေးငယ်ငယ် တစ်ယောက်ကို ချစ်သူရည်းစား အဖြစ်နဲ့ ကြင်နာတတ်စ လူငယ်တစ်ယောက် အနေနဲ့ ခံစားကြည့်မိ ပါတယ်။ ကောင်မလေးကို ငယ်ချစ်ဦးရယ်လို့ ချစ်စနိုးခေါ်ရင် လှောင်ရယ်စရာများ ဖြစ်နေမလားတော့ မသိပါဘူး။ ၉ တန်း ၁၀ တန်း အရွယ်တုန်းက တွေ့ခဲ့ကြရင်တော့ ခေါ်ချင်တဲ့ ငယ်ချစ်ဦး ဖြစ်ခဲ့မှာပါ လို့ စိတ်ထဲ ခပ်ဆွေးဆွေးလေး ငြီးမိပါသေးတယ်။ ငယ်ချစ်ဦး မဖြစ်နိုင်တော့ရင်လည်း အချစ်ဦး တစ်ယောက် အဖြစ်နဲ့ တွယ်တာကြည့် ပါမယ်လေ ဆိုပြီး စိတ်ကို တထစ်လျော့ လိုက်ပါတယ်။ ဒီလိုပြောလိုက်တော့ ကိုယ့်လိပ်ပြာကို ကိုယ်မလုံမလဲ လှည့်ကြည့်မိတယ်။ လိပ်ပြာလေးက မျက်နှာလွဲလျက်နဲ့ပါ။ ပြန်မသွားချင်တော့တဲ့ အတိတ် ဇာတ်ကြောင်းတွေကို ဖြစ်နိုင်သမျှ လေ၀င်ပေါက်ပါ မကျန်အောင် အင်္ဂတေနဲ့ အသေပိတ်လိုက် ချင်ပေမယ့် မလုံနိုင်တဲ့ အပုပ်နံ့ကတော့ တစ်ခါတလေ ခပ်နွဲ့နွဲ့လေး ရှူရှိုက်မိပါသေးတယ်။ ဒီလိုအဖြစ်ကြုံလေတိုင်း ဆောင်းတွင်းအေးအေး ထဲမှာတောင် ဇောချွေးတွေ ရွှဲနစ်စေ ပါသေးတယ်။ ရှိစေတော့ အနာဂတ်ကိုလှပစေဖို့ပဲ ရည်ရွယ်တာ အမှန်ပါ။

ချစ်တဲ့စိတ်တစ်ခုကို အရင်းတည်ပြီး ကိုယ့်ကောင်မလေးကို ချစ်စနိုးလေးနဲ့ ညီမလေး ရယ်လို့ နုလိုက်ပါတယ်။ သူလေးအပေါ် အလိုလိုက် အကြိုက်ဆောင်မယ် ဆန္ဒနဲ့မို့ ဆိုးနွဲ့တာကိုလည်း ကိုယ်ခံပါ့မယ်။ စိတ်ကောက်မယ် ဆိုရင်လည်း ပင်တိုင်ချော့ပါမယ် လို့ ကတိတစ်လုံး ထားခဲ့ပါတယ်။ နှစ်ဦးသား မျက်နှာချင်းဆိုင် ဆုံတွေ့လို့ စကားပြောတိုင်း ထစ်ထစ်သွားတဲ့ စကားလုံးတွေကြောင့် အယောင်ယောင် အမှားမှား ဖြစ်တာကလည်း ကိုယ့်သတ္တိကို လှစ်ပြနေတာပဲလား၊ ဒါမှမဟုတ် ဖြူစင်တာကို ပြချင်တာ လားတော့ မသိပါ။ အပေါက်အလမ်း မတည့်တာကိုတော့ ၀န်ခံပါတယ်။ အနိမ့်အမြင့် မတူတဲ့ စိတ်နေသဘောထားတွေကို အတတ်နိုင်ဆုံး သံစဉ်ညှိယူဖို့ စိတ်ပိုင်းဖြတ်ထားပေမယ့် တစ်ယောက်အမှားကို တစ်ယောက်က ထောက်နေတာနဲ့တင် မတို့မထိနဲ့ ချောကလက် ရေခဲမှုန့်တွေ အရည်ပျော်ကုန်တာ ခဏခဏပါ။ အဆင်မပြေ ဖြစ်လေတိုင်း ကိုယ့်ရဲ့ အားနည်းချက် လို့ပဲမြင်ပါတယ်။ အရောင်မလက်ခဲ့တဲ့ ကိုယ်ရဲ့ အတွေ့အကြုံကိုပဲ အပြစ်ပုံမိပါတယ်။ အချစ်သည် စိတ်အကြိုက် လိုက်ပြောင်းတတ်တဲ့ ကောင်းကင်တစ်ခုသာ ဖြစ်ပေမယ့် ကနေ့ အချစ်ဆုံးသူဟာ မနက်ဖြန်မှာ အမုန်းရဆုံးသူ တစ်ယောက်အဖြစ်နဲ့ အဆုံးမသတ် ချင်သေးတာ မှန်သော သစ္စာပါ ။ ။

Photobucket

Monday, February 16, 2009

လိုအင်လေး ပြည့်စုံစေ

ကုန်မြန်တဲ့ ရန်ကုန်ဆောင်း ရယ်ပဲလား။ ဒါမှမဟုတ် ကိုယ့်အတွက် ဆောင်းဆိုတဲ့ အရသာကို မခံစားလိုက်ရတာပဲလား။ ဆောင်းတွင်းသာ ကုန်သွားတယ် အနွေးထည်တွေ တကူးတက ထုတ်မ၀တ် လိုက်ရပါဘူး။ ပုံမှန် မနက် ၆ နာရီ အိပ်ယာထတာနဲ့ ရေချိုးခန်းဝင် ရေချိုးနေကျမို့ အေးရင်တောင်မှ စောစောရေချိုးလို့ အေးတာပဲဆိုပြီး စိတ်ထဲဒီအတိုင်းပဲ တွေးမိပါတယ်။ ခပ်လွင်လွင်လေးနဲ့ ဖုန်တွေသယ်လာတဲ့ လေကိုရှူရှိုက်မိတော့ အော် .. နွေကိုတောင် ကူးနေပါလားလို့ နွေရနံ့ သင်းသင်းလေးကို ခံစားရင်း သူငယ်ချင်းတစ်ယောက် ချိန်းထားတဲ့ ဘူဖေးဆိုင်ကို ထွက်လာခဲ့တယ်။ တနင်္ဂနွေနေ့မို့ ကားရပ်ဖို့ နေရာမရတတ်ပါဘူး။ လွတ်တဲ့နေရာမှာ ရပ်ရတာမို့ ဆိုင်နဲ့ အလှမ်းဝေးပါသေးတယ်။ သိမ်ကြီးဈေးရဲ့ စတုဂံ ခုံးကျော်တံတားဘေးနား ကားကပ်ရပ်ပြီး ဆိုင်ဘက်ကို အေးအေးလူလူ လမ်းလျှောက် လာလိုက်တယ်။

နိုင်ငံခြားသင်္ဘောလိုင်းမှာ အင်ဂျင်နီယာပညာနဲ့ သင်္ဘောလိုက်နေတဲ့ သူငယ်ချင်းနဲ့ မတွေ့ဖြစ်တာ ၂ နှစ်ကျော်ခဲ့ပါပြီ။ ကျွန်တော့်လို ကော်မစွံသေးတဲ့ လူပျိုသိုးပါပဲ။ ဘူဖေးဆိုင်ရှေ့မှာ စီးကရက်ခဲပြီး ကြိုစောင့်နေတဲ့ သူငယ်ချင်းကိုတွေ့တော့ နေလောင်တယ်လို့ ထင်ရတဲ့ အသားအရည်နဲ့ ကြည့်လို့တော့ ကောင်းပါတယ်။ ကျားကျားလျားလျား သင်္ဘောသားကြီးနဲ့တော့ လိုက်ဖက်ပါတယ်။ အလာပ သလာပပြောပြီး ဆိုင်ထဲ ၀င်ဖြစ်တယ်။ ကိုယ်ယူကိုယ်ရ ဘူဖေးထုံးစံအတိုင်း ရောက်တာနဲ့ စတီးပုံစံခွက်ကို လှမ်းယူတယ်။ ကုန်နိုင်သလောက်လေး ထမင်းထည့်တယ်။ ဟင်းကောင်တာ ဖက်ရောက်တော့ ကျွန်တော့်ဝသီအတိုင်း အသားတွေ ငါးတွေထက် ပဲကြီးနှပ်ချက်ကို လက်ငြိုးထိုးတယ်။ ပဲပြားနဲ့ ပဲပင်ပေါက်ကြော်ကို ပြတယ်။ နောက် ပြောင်းဖူးကြော်ကို တောင်းတယ်။ လုံလောက်ပါပြီ။ သူငယ်ချင်းက သက်သတ်လွတ်လား မေးတော့ မဟုတ်ဘူး ဒီလိုပဲ စားတတ်လို့ပါလို့ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တယ်။ လူတော်တော် များများ အများအားဖြင့်တော့ အပြင်ထွက် ထမင်းစားကြရင် ကောင်းပေ့ ညွှန့်ပေ့ ဆိုတဲ့ ပုဇွန်ချက်တို့၊ ငါးခူကြော်ဆီပြန်တို့၊ ကြက်သဲကြက်မြစ်တို့၊ ဆိတ်သား ဆတ်သားတွေ စားကြတာပါ။ အိမ်မှာ တကူးတက မချက်စားဖြစ်တဲ့ ဟင်းတွေကို ဒီလိုနေရာမှာ ကော့တက်နေတဲ့ ထမင်းနဲ့ ဇိမ်ရှိရှိ လွေးကြတာပါ။ ကျွန်တော်ကတော့ အသီးအရွက်ပြုတ်သုပ်နဲ့တင် တင်းတိမ်နိုင်၊ စားနေကျမို့ သားကြီး ငါးကြီးတွေ မစားဖြစ်ပါဘူး။ လူထူး လူဆန်းမဟုတ်ပေမယ့် သူများအိမ် ဧည့်သည်သွားလုပ်ရင် အလုပ်ရှုပ် စေတတ်တာကိုတော့ အားနာမိပါတယ်။ ကိုယ့်အတ္တလေးကို တခါတလေလည်း ခဏလောက်ဖြစ်ဖြစ်တော့ လျော့ပေးမိချင်ပါရဲ့။

ပုံစံခွက်နဲ့ အစားအသောက်တွေ ထည့်စားနေရင်းနဲ့ မန်းလေးမှာ ကျောင်းတက်တုန်းက အဆောင်ကျောင်းသား ဘ၀ကို ပြုန်းစားပဲ ပြန်အမှတ်ရမိတယ်။ အဆောင်ရောက်စ အဆောင်နေထိုင်ခွင့် ပုံစံတွေဖြည့်တော့ အစားအသောက်စာရင်းမှာ အမဲမစား၊ ၀က်မစား လို့ပဲ ရေးရမှာ ဖြစ်ပေမယ့် မှတ်ချက်ကွက်မှာ ငါး/ငါးခြောက် မစားလို့ အတွန့်တက်ခဲ့တယ်။ အခန်းဖော် ပင်းဒယသားက ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံမစားတဲ့။ နောက် အင်းသားဘော်ဒါက ခြေနှစ်ချောင်းသား မရှောင်လို့ ကွန့်တယ်။ တောင်ကြီးသား တရုတ်ကတော့ အကုန်စား(မနဲစေနဲ့) ဆိုပြီးတင်ခဲ့တယ်။ ဒီတော့ ထမင်းစားဆောင် လေးယောက်စား စားပွဲတစ်လုံးမှာ ကျွန်တော်တို့ လေးယောက်အတူတူ ကျတယ်။ ထမင်းစား စားပွဲဘေးမှာ စာလေးတစ်ကြောင်း ရေးပြီးကပ်ထားတယ်။ လူထူးလူဆန်း ကျောင်းသား လေးယောက် ဆိုပြီးတော့ပါ။ ထပ်ထားတဲ့ ပုံစံခွက်လေးခွက်ကို အုပ်ထားတဲ့ ထမင်းအုပ်ကို ဖွင့်ကြည့်လိုက်ရင် အမြဲပဲ ကျွန်တော်တို့ လေးယောက်အတွက် ဟင်းက ဘရာကျော်ကို ခရမ်းချဉ်သီး များများနဲ့ ချက်ထားတဲ့ ဟင်းပဲ အမြဲရတယ်။ တစ်ခါပဲ စားဖြစ်ခဲ့ပါတယ်။ အရသာပျက်နေတဲ့ ဘရာကျော်ဟင်းနဲ့ ကာလာတက်ပြီး မာကလောင်နေတဲ့ ထမင်းကို မ၀ါးနိုင် ခဲ့လို့ပါ။ ကင်တင်းက ထမင်း ၂ ထုပ်ဝယ်တယ်။ အိမ်ကထည့်ပေးလိုက်တဲ့ အကြော်အလှော်နဲ့ပဲ စခန်းသွားဖြစ်တယ်။ ငြီးငွေ့လာရင် ကင်တင်းက ကုလားမလေးဆိုင်မှာ အ၀စားလိုက်တယ်။ အပြောင်းအလဲလေးလည်း ဖြစ်အောင်ပါ။

အသားဟင်းတွေ ထည့်မစားဘဲ သက်သတ်လွတ်စားနေတဲ့ ကျွန်တော့်ကို ဟင်းကောင်တာက မမလေး တွေက စာနာစိတ်နဲ့ သရက်ချဉ်သုပ်နဲ့ မြင်းခွာရွက်သုပ် အပိုဆု လာချပေးသေးတယ်။ နောက်ပြီး ပြောပါသေးတယ်။ ကျွန်မတို့ဆိုင်က အသားငါးဟင်းတွေကို လတ်ဆတ်တဲ့ ပစ္စည်းတွေနဲ့ အရသာရှိအောင် ကျွမ်းကျင်တဲ့ စားဖိုမှူးကြီးတွေ ကိုယ်တိုင် ချက်ပြုတ်ထားတာကြောင့် စိတ်ချစွာနဲ့ စားသောက်နိုင်ပါကြောင်း ချိုသာတဲ့ အသံနဲ့ မေတ္တာရပ်ခံနေတာကြောင့် အရမ်းပဲ အားနာမိ ပါတယ်။ အကျိုးအကြောင်းပြောပြီး တောင်းပန်လိုက်ပေမယ့် ဆိုင်ကောင်တာက မမလေးရဲ့ စေတနာနဲ့ ၀က်သားအချိုချက် တစ်ပွဲ ဖရီးကစ် ထပ်စားလိုက်ရတယ်။ ဒါကို သူငယ်ချင်းက သိပ်ကြည်ချင်ပုံမရဘဲ ဘေးကနေ စကားနာ ထိုးနေပါတော့တယ်။ ဒါနဲ့ သူနိုင်ငံခြားက ပြန်လာတာ ဘာလက်ဆောင်မှ ပါမလာလို့ လိုချင်တာ တစ်ခုခု ပြောရင် ၀ယ်ပေးမယ့်အကြောင်း စကားကမ်းလာပါတယ်။ ကိုယ်ကလည်း ကလေးမဟုတ် နောက်ပြီး ရန်ကုန်က လက်ဆောင်ပစ္စည်းပဲမို့ စိတ်တော့ သိပ်မ၀င်စားလှပါဘူး။ နိုင်ငံခြားပြန်မို့ နိုင်ငံခြားက ဘောလ်ပင်လေးဖြစ်ဖြစ်၊ ဒိုင်ယာရီ စာအုပ်လေး ဖြစ်ဖြစ် လက်ဆောင်ရခဲ့ရင် ကျွန်တော့်အတွက် တန်ဖိုးရှိခဲ့မှာ အမှန်ပါ။ ခုတော့ ဒီရောက်မှ စိတ်ကြိုက်ဝယ်ပေးမယ်ဆိုတော့ သိပ်ဘ၀င်မကျလှပါဘူး။ အလိုမကျတဲ့ စိတ်ကို ရင်ထဲမှာပဲ သိုဝှက်ထားရင်းပဲ စိတ်ပေါက်ပေါက်နဲ့ ဆိုင်ငွေရှင်း ကောင်တာက ကောင်မလေးကို မေးငေါ့ပြရင်း "" ငါအဲဒီ ကော်ပတ်ရုပ်လေးကို လိုချင်တယ်.. ၀ယ်ပေးပါ "" လို့ ပြောလိုက်တာ့။ မင်းကလည်း မင်းအစွမ်းအစနဲ့ မင်းဖာသာ ၀ယ်တော့ ငါတော့ လုပ်မပေးနိုင်ဘူးဆိုပြီး ဒေါတသောသောနဲ့ ငွေရှင်းပြီး ထွက်သွားလေပါရဲ့။ အော် ကော်ပတ်ရုပ်လေး ကျမှ တွန့်တိုရန်ကောလို့ စိတ်ထဲတွေးပြီး ပြုံးမိပါတယ်။ အားလုံးပဲ ကျေနပ်နိုင်ပါစေ။

Photobucket

Tuesday, February 10, 2009

လျှောက်လမ်းလေး

လမ်းကလေး ဆိုတဲ့ စကားလုံးဟာ တစ်မျိုးတမယ် ထူးခြားမှု ရှိလို့တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြောက်မြားစွာသော လမ်းလေးတွေကို အားလုံးပဲ လျှောက်လှမ်းဖူး တာကြောင့်ပဲ ဖြစ်ပါတယ်။ မြေနီလမ်း၊ ကျောက်ခင်းလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း နဲ့ ဖြောင့်သော၊ ကောက်သော၊ ဝေ့၀ိုက်သော လမ်းကလေးတွေ စသည် စသည်များပါ။ ပန်းခင်းတဲ့ လမ်းကလေးများကိုလည်း လျှောက်ဖူးသူတို့ ရှိကြပါမယ်။ ထပ်တူ ထပ်မျှ ကြည်နူးပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ခရောင်းလမ်းကိုလည်း လျှောက်ခဲ့ဖူးသူတွေ ရှိကြမှာပါ။ သူတို့အတွက်တော့ အမှန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် နေရာတိုင်းမှာ လူတိုင်းက လျှောက်ခဲ့ရတဲ့ လမ်းကလေးတွေကို မေ့ထားလို့ ရမယ် မထင်ပါဘူး။

ဒီလမ်းကလေး တစ်နည်းအားဖြင့် ဒီကန်ပတ် လမ်းကလေးကို လျှောက်ခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်ကြာခဲ့တယ်။ ဆူညံပေမယ့်လည်း စည်ကားပြီး မျက်စိ ပသာဒရှိလှပါတယ်။ လတ်ဆတ်တဲ့လေနဲ့ အတူ တခါတခါ တံငါသည်ရဲ့ ပံ့ပိုးမှုနဲ့ ညှီစို့စို့ငါးနံ့ကိုပါ ခံစားရတတ်ပါတယ်။ လွယ်အိတ်ကို ပုခုံးသိုင်းပြီး ကြောင့်ကျမှု ကင်းစွာနဲ့ ကျောင်းတက်ချိန်အမီ အပြေးတစ်ပိုင်းနဲ့ လျှောက်ခွင့်ရခဲ့တဲ့ လမ်းကလေး ဖြစ်တယ်။ ကျောင်းအိမ်စာတွေကို တနင့်တပိုးနဲ့ မနိုင်ဝန်ထမ်းစဉ်က နာကျင် ရှိုက်ငိုရင်းနဲ့ လမ်းမပျောက်ခဲ့တဲ့ လမ်းကလေး ဖြစ်တယ်။ ဒီမြေနီ ကန်ပတ်လမ်းလေးပေါ်မှာ ခင်မင်ရာ သူငယ်ချင်းတွေနဲ့ ခေါက်တုန့် ခေါက်ပြန် လျှောက်ခဲ့ဖူးတယ်။ တစ်နယ် တစ်ကျေးကို ကြင်သူနဲ့ ပြောင်းသွားတဲ့ ဆရာမလေးတစ်ယောက်ကို ဒီလမ်းကလေးမှာ မြင်နေကျဖြစ်တယ်။ အယူအဆ မတူပါဘဲ ဘ၀အဖော် ဖြစ်ချင်သူလေးနဲ့အတူ ဒီလမ်းကလေးပေါ် စက်ဘီးလေးတွန်းရင် အတူယှဉ် လျှောက်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလမ်းကလေးမှာ ကျွန်တော့်အပေါ် စာနာနားလည် ပြီး ထွေးပွေ့မဲ့သူ တစ်ဦးတစ်ယောက်မှ ရှိခဲ့ပါရဲ့လားလို့ ဆန်းစစ်ခဲ့ခြင်းတော့ မရှိပါဘူး။

ဒီလမ်းကလေး တစ်နည်းအားဖြင့် ဒီလမ်းသွယ်လေးကို ကျွန်တော် ဖြတ်လျှောက်ခဲ့တာ နှစ်အနည်းငယ် ခန့် ကြာမြင့်ခဲ့ပါပြီ။ မာကျူရီမီးနဲ့ ထိန်ညီး နေပေမယ့် ရှုပ်ထွေးပွေလီပြီး အမြဲပဲ သတိနဲ့လျှောက်နေရတဲ့ လမ်းကလေးပါ။ လွှင့်ပျံ့နေတဲ့ ပြူတင်းလိုက်ကာရဲ့ ဖွဲ့တည်မှုကို မခံစားနိုင်ဘဲ လှုပ်လီလှုပ်လှည့် ပလက်ဖောင်းအံဖုံးပေါ် ကျွံမကျအောင် လျှောက်ရတဲ့ လမ်းကလေးပါ။ ကားမှတ်တိုင် နှစ်ခုဟာ မျက်စောင်းထိုး အနေအထားမှာရှိနေပြီး လမ်းဘေး လဘက်ရည်ဆိုင် ရှိနေတတ်လို့ ဣနြေ္ဒရရ လျှောက်ခွင့် မရတဲ့ လမ်းသွယ်လေးကို ဖြတ်လျှောက်ရတာ အကြိမ်ကြိမ်ပါ။ အမှောင်နဲ့အတူ လူပြတ်တတ်တဲ့ မီးကင်းရုံနံဘေးဟာ ကြိမ်ဖန်များစွာ စိုးရွံ့စိတ်ကို ပေးတတ်ပါသေးတယ်။ ရင့်ကျက်ချင် ဟန်ဆောင်မှုနဲ့ အမှိုက်ပုံ ကမူလေးကိုကျော်ပြီး ပြည်လမ်းမကြီးရဲ့ မီးအလင်းရောင်ကို မြင်မိမျှ အနည်းငယ် စိတ်သက်သာရာ ရစေတဲ့ လမ်းသွယ်ကလေးပါ။ ဒါပေမယ့် ဒီလမ်းကလေးမှာ ကျွန်တော့်အပေါ် သံသယအကြည့်နဲ့ နာကျင် မုန်းတီးနေလေသူ တစ်စုံတစ်ယောက်က တိတ်တဆိတ် ကြည့်နေမလားဆိုတာတာ အမြဲပဲ သောကဝေနေမိပါတယ်။

အထက်တန်း ကျောင်းသားဘ၀ ကျောင်းတက်တိုင်း လျှောက်ဖြစ်ခဲ့တဲ့ နောင်တုံကန် ကန်ပတ် လမ်းကလေးရဲ့ အမှတ်ထင်ထင် ရှိခဲ့တာလေး နဲ့ ခုရောက်နေတဲ့ ရှစ်မိုင်အလွန် တစ်မှတ်တိုင် လောက်က လမ်းသွယ်လေးရဲ့ တဒင်္ဂမြင်ကွင်းလေးကို ခံစားမိတာ ဖြစ်ပါတယ်။ လျှောက်ခဲ့တဲ့ လမ်းကလေးတွေမှာ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့် မရခဲ့သည်ဖြစ်စေ၊ ကိုယ်တိုင်ရွေးချယ် လျှောက်ခဲ့ရတဲ့ လမ်းပဲဖြစ်စေ လျှောက်ရတဲ့ ဘ၀လမ်းကလေးတိုင်း သာသာယာယာ ရှိစေချင်တဲ့ ဆန္ဒနဲ့ .. .. ။

အစ်မသက်ဝေရဲ့ လမ်းကလေးများအကြောင်း ကိုဖတ်နိုင်ပါသေးတယ် ။
Photobucket

အရိပ်မည်း

ပန်းရနံ့ကို နှစ်သက်လို့
ဝတ်ဆံကို ချွေမိတယ်
ဘယ်သူ့ကိုများ အပြစ်တင်စရာ လိုမှာလဲ

အမှန်တော့လည်း
ငါ့အချစ်က
ဖန်တီးယူလို့ မရတဲ့ ပုံဆောင်ခဲ ပဲလေ .. ..

Photobucket

Friday, February 6, 2009

7th FEB .. ..

တောင်ကုန်း တောင်တန်းတွေ လေးဖက်လေးတန် ၀န်းရံထားပြီး မြို့လေးကို ဒယ်အိုးသဏ္ဍာန်နဲ့ ချိုင့်ဝှမ်းလွင်ပြင်ထဲမှာ တည်ထားတယ်။ ဆောင်းတွင်းမှာ အရိုးကွဲအောင် ခိုက်ခိုက်တုန်ချမ်းပြီး နွေရာသီဆို အညာက မြို့တွေလို ပူပြင်းလွန်း ပါတယ်။ မိုးတွင်းဆို မိုးများပြီး ကောင်းကင်ယံမှာ မြူတွေ တိမ်လိပ်တွေ အမြဲပဲ အစိုင်လိုက် ခဲနေတတ်တဲ့ ရာသီဥတုလေး ရှိတယ်။ သံလွင်မြစ် အရှေ့ခြမ်း ကိုးမြို့နယ်မှာ အကြီးဆုံးမြို့လည်း ဖြစ်တယ်။ တိုင်းရင်းသား မျိုးစုံ အခြေချ နေထိုင်ပြီး ပျော်စရာ အတိပြီးတဲ့ မွေးရပ်မြေ ကျိုင်းတုံမြို့လေးပါ။

ကိုယ့်မွေးရပ်ကို ခွဲခွာခဲ့တာ နှစ်ပေါင်း မနည်းတော့တာမို့ မျက်စိထဲ စွဲစွဲထင်ထင် မြင်မိတာတော့ မြို့လည်ခေါင်က မဟာမြတ်မုနိဘုရား၊ နောင်တုံကန်၊ ဟိုခုံဈေးနဲ့ မြို့မဈေး။ ကျင်လည်ခဲ့တဲ့ မြို့မ ဘောလုံးကွင်း၊ ဘက်စကက်ဘော ကွင်းတွေပါ။ ခုလို ဆောင်းတွင်းဆို သွားနေကျ ရေပူစမ်းတွေ ဖြစ်ပါတယ်။ ရှမ်းပြည်ရဲ့ ရနံ့စစ်စစ်ကို ခံစားချင်ရင်တော့ ချယ်ရီပင်တွေ အစီအရီနဲ့ တစ်လမ်းလုံး ချယ်ရီပွင့်တွေကြွေချထားလို့ လှပလွန်းနေတဲ့ ပန်ဝိုင်လိုရွာလေးကို မျက်စိထဲက မထွက်ပါဘူး။ ဒီအထဲကမှာမှ ပိုအမှတ်ရမိတာတော့ သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့ အထိ ၁၁ နှစ်လုံးလုံး တက်ခဲ့တဲ့ အထက်တန်းကျောင်း လေးပဲဖြစ်ပါတယ်။ ကျောင်းလေးက လွိုင်စွန်ဆိုက်တောင် ပေါ်မှာရှိပြီး ခရစ်ယာန် မယ်သီလရှင်ကျောင်းကို ပြည်သူပိုင် သိမ်းထားတဲ့ ထုထည်ကြီးမားတဲ့ ကျောင်းဖြစ်ပါတယ်။ ကျောင်းပေါ်ကကြည့်ရင် နောင်တုံကန်ကို အတိုင်းသား မြင်နိုင်သလို၊ လွိုင်စွန်တောင်းတောင် ပေါ်က စွန်တောင်းစေတီကြီး ကိုလည်း ထည်ထည်ဝါ၀ါ လှမ်းဖူးမျှော်နိုင်ပါတယ်။ ညာဖက်ကို လှမ်းကြည့်ရင်တော့ လွိုင်စွန်မွန်းပေါ်က ထုထည်ကြီးမားလှတဲ့ သစ်တစ်ပင်တောင်ကို မြင်တွေ့နိုင်ပါတယ်။

(ရ)တန်းနှစ်ရောက်တော့ အခန်းရှေ့မှာ စုဘူးအကြီးကြီး တစ်လုံး တည်ထားတယ်။ တစ်တန်းလုံးပိုင်ဆိုင်တဲ့ အဲဒီ စုဘူးကြီးထဲကို ကိုယ့်မုန့်ဖိုးထဲကနေ တတ်နိုင်သလောက် ထည့်ကြတယ်။ ဇွန်လကနေ ဇန်န၀ါရီလအထိ စုလာတဲ့ ဒီစုဘူးကြီးကို အတန်းပိုင်ဆရာမရယ် အတန်းခေါင်းဆောင်ရယ် ၀ါ၊ စိမ်း၊ နီ၊ ပြာအရောင် ၄ ရောင် ခေါင်းဆောင်ရယ်နဲ့ အတန်းသားအားလုံးက စိတ်ဝင်စားစွာနဲ့ ဖောက်ပြီး ပိုက်ဆံရေတွက်ကြတာ ပျော်စရာပါ။ နှစ်တိုင်း ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ ကျရောက်မယ့် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အတွက် ပျော်ပွဲရွှင်ပွဲ လုပ်ကြဖို့ ငွေတွေ နည်းနည်းချင်း စုလာကြခြင်းပဲ ဖြစ်ပါတယ်။ အတန်းဖော်တွေနဲ့ တစ်ကျောင်းလုံးမှာ ရှိတဲ့ ဆရာ ဆရာမတွေ အားလုံးကို ဖိတ်ကျွေးတာ ဖြစ်လို့ ၆ လကျော်စုလာတဲ့ငွေနဲ့ တွက်ပြီး ကျွေးမွေးချင်တာကို တိုင်ပင်ကြတယ်။ ငွေလိုရင်လည်း တစ်တန်းလုံး အချိုးကျ ထပ်ထည့်လိုက်ကြတယ်။ ဒါနဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ညမှာ ကျောင်းဝင်းထဲမှာ သူ့အတန်း သူ့အခန်း အလိုက် ချက်ကြ ပြုတ်ကြ၊ အခန်းကို ဒိုက်ကရေးရှင်း ပြင်ဆင်ကြနဲ့ သူ့တာဝန်နဲ့ သူမို့ အားကြတယ် မရှိပါဘူး။ ကက်ဆက်တွေ အမ်ပလီဖိုင်ယာတွေ စပီကာတွေ ညံစီနေသလို ပူစီဖောင်းတွေ မင်္ဂလာဆောင်မှာ သုံးတဲ့ ရောင်စုံကြိုးတွေ အစုံအလင်နဲ့ အလှဆင် ကြတယ်။ မပင်ပန်းကြ သလို မောတယ်လို့လည်း မပြောကြပါဘူး။

ဖေဖော်ဝါရီ (၇) ရက်နေ့မှာ ပြင်ဆင်တာတွေ အချောသတ်ပြီး ကျောင်းအုပ်ကြီးကစလို့ မူလတန်းကနေ အထက်တန်းအထိ ဆရာအားလုံးကို အလှည့်ကျ ဖိတ်ပြီး ကျွေးမွေးတယ်။ ဆရာ ဆရာမတွေကို ကန်တော့တယ်။ ပြန်တွေးကြည့်ရင် မျက်ရည်လည်အောင် ကြည်နူးမိပါတယ်။ ဒီအစီအစဉ်တွေ ပြီးတာနဲ့ အတန်းဖော်တွေ စုကစားကြတယ်။ နောက် ညီညီညာညာ သိမ်းဆည်းရင်းနဲ့ပဲ နှစ်တစ်နှစ်ရဲ့ ရှမ်းပြည်နယ်နေ့ ပျော်ရွှင်ပွဲလေးကို အစသတ်ခဲ့ကြတယ်။ နှစ်စဉ် နှစ်တိုင်း မပျက်မကွက် ကျင်းပလာတဲ့ အမှတ်တရ ပျော်ပွဲရွှင်ပွဲလေးရယ်ပါ။

ရှမ်းပြည်ရဲ့ ပြည်နယ်နေ့ အထိမ်းအမှတ်ကို အဓိပ္ပာယ် ပြည့်ပြည့်၀၀နဲ့ အနှစ်သာရ ရှိရှိ လုပ်ဆောင်နိုင်တာမျိုး မဟုတ်ပေမယ့် ဒီ 7th FEB ရောက်တိုင်း ရှမ်းပြည်နယ်နေ့ ဖြစ်တယ် ရယ်လို့တော့ အမှတ်ရနေနိုင်အောင် အတန်းကြီးတဲ့ စီနီယာ နောင်တော်တွေက ခင်းထားတဲ့ လမ်းလေးကို လိုက်နင်းခဲ့တာပဲ ရှိပါတယ်။ ဒီအစဉ်အလာလေးကို နောင် အရွယ်ရောက်ပြီး အတန်းကြီးလာတဲ့ ကျောင်းသား ကျောင်းသူ ငယ်လေးတွေလည်းပဲ အမှတ်ရစေချင်တဲ့ ဆန္ဒလည်း ပါပါတယ်။ ချယ်ရီပင်တွေအစား ယူကလစ်ပင်တွေ နေရာအနှံ့ လွှမ်းမိုးနေတဲ့ ရှမ်းပြည်ဟာ အေးချမ်းတဲ့ ဥတုအစား ပူလောင်လောင် ဖြစ်နေပါပြီ။ ချယ်ရီနံ့တွေ သင်းနေရမယ့် နေရာမှာ ကန့်နံ့တွေ ထုံလွှမ်းလို့ နေတာမို့ ဒါရှမ်းပြည်လားဆိုတာ မေးယူရလောက်မတတ် လေလွှာတွေကပါ ပုံမှန်မဟုတ်တော့ သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် နယ်နိမိတ် သတ်မှတ်ထားတဲ့ ရှမ်းပြည်လေးပါပဲ.....။ ကျွန်တော် နေခဲ့တဲ့ ရှမ်းပြည်လေးပါ။

Photobucket

Thursday, February 5, 2009

ZSoft Uninstaller 2.4.1


896 KB ပမာဏရှိတဲ့ အခမဲ့ Uninstaller software လေးပါ။ အသုံးပြုရတာ လွယ်ကူပြီး၊ မိမိ ကွန်ပျူတာမှာ အသုံးမလိုတော့တဲ့ software တွေကို Uninstaller လုပ်ရာမှာ လွယ်ကူ မြန်ဆန်ပါတယ်။ window's XP မှာပဲ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ မလိုလားတဲ့ .temp ဖိုင်တွေကိုလည်း ရှာဖွေပေးနိုင်ပါတယ်။ software ရဲ့ .exe ဖိုင်ကို ဒီကနေ Download လုပ်ယူနိုင်ပါတယ်။

Free software လေးတွေ install လုပ်ရတာ လွယ်ကူတယ် ထင်ရပေမယ့်။ လူတိုင်းအတွက် တကယ်ပဲ အသုံးတည့်ရဲ့လား ဆိုပြီး ကိုယ့် ကွန်ပျူတာမှာ အရင် Download လုပ်ကြည့်တယ်၊ နောက် Run ပြီး သုံးကြည့်တယ်။ တကယ်ပဲ အကျိုးရှိတယ်ဆိုမှ ပို့စ်အဖြစ် တင်ဖြစ်ပါတယ်။ software ၁၀ ခုလောက် စမ်းကြည့်မှ၊ run ကြည့်မှ တစ်ခုစ နှစ်ခုစ လောက်ပဲ အသုံးတည့်၊ အသုံးဝင် ပါတယ်။ ဒီလိုနဲ့ စမ်းသပ်ပြီး အသုံးမ၀င်ဘဲ install လုပ်မိတဲ့ software တွေကို ပြန်ဖြုတ်ပစ် ရတာကလည်း ဒုက္ခမသေးပါဘူး။ အချိန်ပေးရတာကို ပြောတာပါ။ ဒါကြောင့် ကိုယ့်စက်ထဲက ပိုနေတဲ့ Software တွေကို Uninstaller တွေအများကြီး ရှိတဲ့ အထဲက ဒီ ZSoft Uninstaller ကို အသုံးပြုရတာ လွယ်ကူ မြန်ဆန် ထိရောက်လှပါတယ်။ လက်တွေ့ သုံးပြီးမှ မျှဝေပေးတာ ဖြစ်လို့ စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်။ (ကြော်ငြာခရလို့ တော့ မဟုတ်ပါဘူး၊ ၀ါသနာလေး တစ်ခုတည်းအတွက် နဲ့ပါ။) အဆင်ပြေ နိုင်ကြပါစေ။

Photobucket

Mario Forever 4

20.35 MB ရှိတဲ့ free mario ဂိမ်းလေးကို window's 98, Me, NT, 2000, XP, 2003 တွေမှာ ကစားနိုင် ပါတယ်။ မရိုးနိုင်တဲ့ ဂိမ်းလေးပါ။ အပျင်းပြေ ကစားနိုင်အောင် လင့်ခ်လေးကို ဒီကနေ Download လုပ်ရယူနိုင်ပါတယ်။ တစ်ခြားဂိမ်းတွေကို နှစ်သက်သေးတယ် ဆိုရင် ဂိမ်းအများကြီးကို ဒီကနေ သွားယူ နိုင်ပါသေးတယ်။

Photobucket

Wednesday, February 4, 2009

Advanced SystemCare Free 3.1.2



7.29 MB size ရှိတဲ့ အခမဲ့ PC Maintenance and Protection Software လေးတစ်ခု မျှဝေပေးချင်ပါတယ်။ Windows 2000, XP, 2003 နဲ့ Vista တွေမှာ အသုံးပြုနိုင်ပါတယ်။ လုပ်ဆောင်ချက်တွေကတော့ ....
Spyware Removal.
Registry Fix.
Rrivacy Sweep.
Junk Files Clean တွေ ဖြစ်ပါတယ်။
software ရဲ့ asc-setup.exe ဖိုင်ကိုတော့ ဒီကနေ Download လုပ်ရယူ နိုင်ပါတယ်။


Screen Capture 1.0.0


2.6 MB ပမာဏရှိတဲ့ အခမဲ့ Free Screen Capture software လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ Window's Vista, XP နဲ့ 2000 တွေမှာ အသုံးပြုနိုင်ပါတယ်။ အလွယ်တကူ နှိပ်ပြီး သုံးလို့ရတဲ့ Keyboard က Print Screen ခလုတ်ထက်တော့ အများကြီး အသုံးတည့်ပါတယ်။ Software ရဲ့ easycapture_setup.exe ဖိုင်ကို ဒီကနေ Download လုပ်ယူပြီး Run လိုက်ယုံပါပဲ။

Photobucket


Format Factory 1.70


18.4 MB ပမာဏ ရှိတဲ့ အခမဲ့ Multi-functional Media Converter  လေးတစ်ခုကို မျှဝေ ပေးချင်ပါတယ်။ သီချင်း၊ ဓာတ်ပုံ၊ ဗီဒီယို ဖိုင်တွေကို format ပြောင်းချင်ရင်ပဲ ဖြစ်ပါစေ၊ ဖိုင် size လျော့ချင်ရင်ပဲ ဖြစ်ပါစေ အသုံးဝင်တဲ့ software လေးပါ။
Movie ဖိုင်တွေကို  MP4/3GP/MPG/AVI/WMV/FLV/SWF အဖြစ်
Audio ဖိုင်တွေကို  MP3/WMA/AMR/OGG/AAC/WAV အဖြစ်
Image ဖိုင်တွေကို JPG/BMP/PNG/TIF/ICO/GIF/TGA အဖြစ် ပြောင်းပေးနိုင်ပါတယ်။
DVD ရဲ့ .VOB Format တွေကိုလည်းပဲ လိုချင်တဲ့ အပိုင်းလေးပဲ ဖြတ်ညှပ်ကပ် လုပ်နိုင်တဲ့အပြင် .WMV ဖြစ်ဖြစ် .AVI ဖြစ်ဖြစ် အလွယ်အကူ ပြောင်းလို့ရပါတယ်။ Software ရဲ့ FFSetup170 Zip ဖိုင်ကို ဒီကနေ Download လုပ်ယူနိုင်ပါတယ်။ အဲဒီနေရာက မရနိုင်ရင် ဒီမှာ ထပ်ပြီး Download လုပ်နိုင်ပါသေးတယ်။
Photobucket

Tuesday, February 3, 2009

Jeon Ji Hyun


နာမည်ကြီး ကိုရီးယား ရုပ်ရှင်မဂ္ဂဇင်း Movie Week ရဲ့ စစ်တမ်းကောက်ယူချက်အရ အကြီးကျယ်ဆုံး ကိုရီးယား အမျိုးသမီးသရုပ်ဆောင်ဆု ရရှိသွားတဲ့ My Sassy Girl ဇာတ်ကားမှ မင်းသမီး Jeon Ji Hyun - ဂျွန်ဂျီဟွန်

Related Sites :
http://www.zimbio.com/Gianna+Jun/articles/37/Korea+Sexy+Actress+Jeon+Ji+Hyun
http://www.yesallasian.com/product_2201.html
http://www.koreasociety.org/film_blog/news/jeon_ji-hyun_in_hollywood_blood_the_last_vampire.html
http://www.asianbite.com/default.asp?display=2429
http://merlioncafetalks.blogspot.com/2008/05/my-sassy-girl-jeon-ji-hyuns-summer-look.html

(၀န်ခံချက် ။ ဆားချက်ဖို့၊ ငံပြာရည်ကျိုဖို့ ဒီပို့စ်သေးသေးလေး အတွက်နဲ့ အင်တာနက်ပေါ်မှာ တစ်နေကုန် သွားတယ်။ ဘာပညာမှတော့ မပါပါဘူး။)

Monday, February 2, 2009

ကာရာအိုကေ ဆိုမယ်

အခုမှ ရောက်ဖူးတဲ့ အွန်လိုင်းပေါ်က မြန်မာ ကာရာအိုကေ သီချင်းဆိုလို့ ရနိုင်တဲ့ ၀က်ဘ်ဆိုက်လေး တစ်ခု မျှဝေပေးချင်ပါတယ်။ သီဆိုသူ တေးသံရှင် ၁၀၇ ယောက်ရဲ့ တေးသီချင်းများကို ဝေေ၀ဆာဆာ တင်ထားပေးပါတယ်။ နှစ်သက်တဲ့ သီချင်းရဲ့ Code ကိုလည်း ရယူအသုံးပြုနိုင် ပါတယ်။ Contests မှာ Register လုပ်ပြီး ကိုယ်နှစ်သက်တဲ့ သီချင်းကိုလည်း တင်နိုင်ပါတယ်။ တင်ပြီးသားသီချင်း တွေကို နားထောင်ပြီးလည်း မှတ်ချက်ပြု နိုင်ပါသေးတယ်။ (ကျွန်တော်တော့ အကြိမ် ၂၀ လောက် Register လုပ်တာ You have entered wrong security code. စာတန်းပဲပေါ်နေလို့ လက်လျော့ခဲ့ရတယ်။ ကျွန်တော်ပဲ ပိန်းတာ နေမှာပါ။) ၀က်ဘ်ဆိုက်ထဲ ၀င်မွှေရင်း နှစ်သက်မိတဲ့ ဘိုဘိုရဲ့ ညှို့မျက်ဝန်းသီချင်း လေးကို ပြန်လည် တင်လိုက်ပါတယ်။ အပျင်းပြေပေါ့။ ကာရာအိုကေ ၀က်ဘ်ဆိုက်ကို ဒီကနေ Click လုပ်ပြီး သွားရောက် လေ့လာနိုင်ပါတယ်။

Photobucket



ညှို့မျက်ဝန်း / ဘိုဘို

နောက်လှည့်ကြည့်တစ်ချက် ဆိုသာရုံလေး ညှို့မျက်ဝန်းရှင်ရယ်
မင်းပေးသွားတဲ့ ရင်ဝေဒနာလည်း စက္ကန့်ရွှေ့ အမျှပါပဲ
ကလေးငယ်လို လိုလားမှုများစွာနဲ့ရယ် တောင်းခံသူကို

အချစ်တစ်ခြမ်း တစ်ဖဲ့ ဖြစ်ဖြစ် စေတနာသဒ္ဒါ သလောက်မျှခဲ့ပါ
အချစ်လမ်း တစ်ဝက်ဖြစ်ဖြစ် ကြင်နာနိုင်သလောက် ရွေ့လှမ်းပါ
အချစ်ပန်းတစ်ဝက် ဖြစ်ဖြစ် စာနာနိုင်သလောက် စွန့်ခဲ့ပါ

နားနဲ့မနာ ဖ၀ါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ
ပြောလှည့်ပါ ဟောလှည့်ပါ အချစ်တရားတစ်ပုဒ် နာလိုသူမှာ
အတွေးများစွာ ပေးထားတာ အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ
မြေဇာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ ထပ်တူ
တစ်ပြည်ကွာ အနမ်းတို့ရဲ့ အဝေးခွာခြင်းနဲ့ အတူ

ဒီလူမှာသာ ဆုံးရှုံးနေမှာပဲလေ ဆုံးကာ ရှုံးကာသာ နေမှာပဲလေ
ဆုံး ရှုံး နေမှာပဲလေ အမြဲအစဉ် ရှုံးကာသာ နေမှာပဲလေ အမြဲရှုံး နေမှာပဲလေ အချစ်ရေ ..

အသည်းခွင့်မြားချက် ရင်လယ်ဗဟို၌ စူးစိုက်ခဲ့ပြီကွယ်
အပြုံးဝင့်တစ်ချက်က ရင်ကိုတစ်ပါတည်း သိမ်းပိုက်သွားပြီကွယ်
စိတ်အစဉ်ရယ် တစ်ပါတည်း နဲ့ လိုက်ပါသွားတယ် ညှို့ပိုင်သူရေ

အရှင့်ပခုံးနုထက်မှ အပြာရောင် လွယ်အိတ်ကလေး ဖြစ်ပါရစေ
အရှင့်ဖ၀ါးနုအောက်မှ ကတ္တီပါ ဖိနပ်ကလေး ဖြစ်ပါရစေ
အရှင့်ဦးထိပ်ထက်မှ ငွေရောင် ဆံညှပ်ကလေး ဖြစ်ပါရစေ

နားနဲ့မနာ ဖ၀ါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ
ပြောလှည့်ပါ ဟောလှည့်ပါ အချစ်တရား တစ်ပုဒ် နာလိုသူမှာ
အတွေးများစွာ ပေးထားတာ အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ
မြေဇာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ ထပ်တူ
တစ်ပြည်ကွာ အနမ်းတို့ရဲ့ အဝေးခွာခြင်းနဲ့အတူ
အရှင်ပိုင်ဆိုင်ရာ အသည်းယဇ် ပလ္လင်တော်ထက်မှာ
အနှေးအမြန် စတေးခံကာ နေမှာပဲလေ
အသည်းယဇ် ပလ္လင်တော်ထက်မှာ ဆုံးကာရှုံးကာသာ
နေမှာပဲလေ ဆုံးရှုံး နေမှာပဲလေ အချစ်ရေ .. ..

What is .. .. ?

What is .. .. ?

အချိန်နဲ့အမျှ တိုးတက်နေတဲ့ အင်တာနက် IT ခေတ်ကြီးရဲ့ တောင်းဆိုမှုအရ လူငယ်တွေ အင်တာနက် ဆိုတာနဲ့ မပတ်သက်ချင်သည် ဖြစ်စေ၊ ပတ်သက်နေရလို့ ဖြစ်စေ နည်းပညာနဲ့ အင်တာနက်ကို အကျွမ်းမ၀င်သေး သူတွေအတွက် modem ဆိုတာ ဘာလဲ၊ BIOS ဆိုတာ ဘာလဲ၊ CMOS ဆိုတာ ဘာလဲ ဆိုတာတွေကို ဂဃနဏ သိစေနိုင်မဲ့ ၀က်ဘ်ဆိုက်လေးကို မျှဝေပေး ချင်ပါတယ်။ မသိခြင်းတွေဟာ လေ့လာ သင်ယူသူများရဲ့ အားငယ်စိတ်ကို ဖြစ်ပေါ် စေတတ်တဲ့ အတွက် နည်းပညာကို ကြောက်မသွားဖို့နဲ့ အကျွမ်းတ၀င် ဖြစ်နေစေဖို့ ဒီဝက်ဘ်ဆိုက် လေးက အများကြီး ပံ့ပိုးပေး ပါလိမ့်မယ်။ ကွန်ပျူတာ အင်တာနက်နဲ့ ပတ်သက်ပြီး ဘာအကြောင်းပဲ သိချင်သိချင် ဒီဝက်ဘ်ဆိုက်လေးမှာ လေ့လာကြည့်ဖို့ တိုက်တွန်း ချင်ပါတယ်။ Active X ကစလို့ WA28 အထိ အဓိပ္ပာယ် ဖွင့်ဆို ရှင်းလင်းချက်တွေ အပြည့်အစုံနဲ့မို့ အင်တာနက်မှာ ကောင်းစွာ ရှာဖွေစေနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လေးကို ဒီကနေ Click လုပ်ပြီး သွားနိုင်ပါတယ်။

Photobucket

ဓာတ်ပုံတွေ စုစည်းထားမယ့် Pictpicture


BETA Version သာရှိသေးတဲ့ နောက်ဆုံးပေါ် Online Photo Storage ၀က်ဘ်ဆိုက်လေး မျှဝေပေးချင် ပါတယ်။ အကောင်းဆုံး ဓာတ်ပုံတွေကို စုစည်းဖော်ပြ ပေးထားတာ ဖြစ်တဲ့အတွက် ဓာတ်ပုံဝါသနာရှင် တွေဖြစ်စေ၊ အပျော်တမ်း ဓာတ်ပုံသမားပဲ ဖြစ်စေ ကောင်းစွာအသုံးပြု နိုင်တဲ့ ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ မိမိကိုယ်တိုင် လက်တည့်စမ်း ရိုက်ကူးထားတဲ့ နှစ်သက်ရာ ဓာတ်ပုံတွေကို စုဆောင်း ထားနိုင်ပါတယ်။ အလွယ်တကူ ၀င်ရောက် Register လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားရင်တော့ ဒီကနေ Click လုပ်ပြီး လေ့လာနိုင်ပါတယ်။

camera