Friday, February 6, 2009

7th FEB .. ..

တောင်ကုန်း တောင်တန်းတွေ လေးဖက်လေးတန် ၀န်းရံထားပြီး မြို့လေးကို ဒယ်အိုးသဏ္ဍာန်နဲ့ ချိုင့်ဝှမ်းလွင်ပြင်ထဲမှာ တည်ထားတယ်။ ဆောင်းတွင်းမှာ အရိုးကွဲအောင် ခိုက်ခိုက်တုန်ချမ်းပြီး နွေရာသီဆို အညာက မြို့တွေလို ပူပြင်းလွန်း ပါတယ်။ မိုးတွင်းဆို မိုးများပြီး ကောင်းကင်ယံမှာ မြူတွေ တိမ်လိပ်တွေ အမြဲပဲ အစိုင်လိုက် ခဲနေတတ်တဲ့ ရာသီဥတုလေး ရှိတယ်။ သံလွင်မြစ် အရှေ့ခြမ်း ကိုးမြို့နယ်မှာ အကြီးဆုံးမြို့လည်း ဖြစ်တယ်။ တိုင်းရင်းသား မျိုးစုံ အခြေချ နေထိုင်ပြီး ပျော်စရာ အတိပြီးတဲ့ မွေးရပ်မြေ ကျိုင်းတုံမြို့လေးပါ။

ကိုယ့်မွေးရပ်ကို ခွဲခွာခဲ့တာ နှစ်ပေါင်း မနည်းတော့တာမို့ မျက်စိထဲ စွဲစွဲထင်ထင် မြင်မိတာတော့ မြို့လည်ခေါင်က မဟာမြတ်မုနိဘုရား၊ နောင်တုံကန်၊ ဟိုခုံဈေးနဲ့ မြို့မဈေး။ ကျင်လည်ခဲ့တဲ့ မြို့မ ဘောလုံးကွင်း၊ ဘက်စကက်ဘော ကွင်းတွေပါ။ ခုလို ဆောင်းတွင်းဆို သွားနေကျ ရေပူစမ်းတွေ ဖြစ်ပါတယ်။ ရှမ်းပြည်ရဲ့ ရနံ့စစ်စစ်ကို ခံစားချင်ရင်တော့ ချယ်ရီပင်တွေ အစီအရီနဲ့ တစ်လမ်းလုံး ချယ်ရီပွင့်တွေကြွေချထားလို့ လှပလွန်းနေတဲ့ ပန်ဝိုင်လိုရွာလေးကို မျက်စိထဲက မထွက်ပါဘူး။ ဒီအထဲကမှာမှ ပိုအမှတ်ရမိတာတော့ သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့ အထိ ၁၁ နှစ်လုံးလုံး တက်ခဲ့တဲ့ အထက်တန်းကျောင်း လေးပဲဖြစ်ပါတယ်။ ကျောင်းလေးက လွိုင်စွန်ဆိုက်တောင် ပေါ်မှာရှိပြီး ခရစ်ယာန် မယ်သီလရှင်ကျောင်းကို ပြည်သူပိုင် သိမ်းထားတဲ့ ထုထည်ကြီးမားတဲ့ ကျောင်းဖြစ်ပါတယ်။ ကျောင်းပေါ်ကကြည့်ရင် နောင်တုံကန်ကို အတိုင်းသား မြင်နိုင်သလို၊ လွိုင်စွန်တောင်းတောင် ပေါ်က စွန်တောင်းစေတီကြီး ကိုလည်း ထည်ထည်ဝါ၀ါ လှမ်းဖူးမျှော်နိုင်ပါတယ်။ ညာဖက်ကို လှမ်းကြည့်ရင်တော့ လွိုင်စွန်မွန်းပေါ်က ထုထည်ကြီးမားလှတဲ့ သစ်တစ်ပင်တောင်ကို မြင်တွေ့နိုင်ပါတယ်။

(ရ)တန်းနှစ်ရောက်တော့ အခန်းရှေ့မှာ စုဘူးအကြီးကြီး တစ်လုံး တည်ထားတယ်။ တစ်တန်းလုံးပိုင်ဆိုင်တဲ့ အဲဒီ စုဘူးကြီးထဲကို ကိုယ့်မုန့်ဖိုးထဲကနေ တတ်နိုင်သလောက် ထည့်ကြတယ်။ ဇွန်လကနေ ဇန်န၀ါရီလအထိ စုလာတဲ့ ဒီစုဘူးကြီးကို အတန်းပိုင်ဆရာမရယ် အတန်းခေါင်းဆောင်ရယ် ၀ါ၊ စိမ်း၊ နီ၊ ပြာအရောင် ၄ ရောင် ခေါင်းဆောင်ရယ်နဲ့ အတန်းသားအားလုံးက စိတ်ဝင်စားစွာနဲ့ ဖောက်ပြီး ပိုက်ဆံရေတွက်ကြတာ ပျော်စရာပါ။ နှစ်တိုင်း ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ ကျရောက်မယ့် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အတွက် ပျော်ပွဲရွှင်ပွဲ လုပ်ကြဖို့ ငွေတွေ နည်းနည်းချင်း စုလာကြခြင်းပဲ ဖြစ်ပါတယ်။ အတန်းဖော်တွေနဲ့ တစ်ကျောင်းလုံးမှာ ရှိတဲ့ ဆရာ ဆရာမတွေ အားလုံးကို ဖိတ်ကျွေးတာ ဖြစ်လို့ ၆ လကျော်စုလာတဲ့ငွေနဲ့ တွက်ပြီး ကျွေးမွေးချင်တာကို တိုင်ပင်ကြတယ်။ ငွေလိုရင်လည်း တစ်တန်းလုံး အချိုးကျ ထပ်ထည့်လိုက်ကြတယ်။ ဒါနဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ညမှာ ကျောင်းဝင်းထဲမှာ သူ့အတန်း သူ့အခန်း အလိုက် ချက်ကြ ပြုတ်ကြ၊ အခန်းကို ဒိုက်ကရေးရှင်း ပြင်ဆင်ကြနဲ့ သူ့တာဝန်နဲ့ သူမို့ အားကြတယ် မရှိပါဘူး။ ကက်ဆက်တွေ အမ်ပလီဖိုင်ယာတွေ စပီကာတွေ ညံစီနေသလို ပူစီဖောင်းတွေ မင်္ဂလာဆောင်မှာ သုံးတဲ့ ရောင်စုံကြိုးတွေ အစုံအလင်နဲ့ အလှဆင် ကြတယ်။ မပင်ပန်းကြ သလို မောတယ်လို့လည်း မပြောကြပါဘူး။

ဖေဖော်ဝါရီ (၇) ရက်နေ့မှာ ပြင်ဆင်တာတွေ အချောသတ်ပြီး ကျောင်းအုပ်ကြီးကစလို့ မူလတန်းကနေ အထက်တန်းအထိ ဆရာအားလုံးကို အလှည့်ကျ ဖိတ်ပြီး ကျွေးမွေးတယ်။ ဆရာ ဆရာမတွေကို ကန်တော့တယ်။ ပြန်တွေးကြည့်ရင် မျက်ရည်လည်အောင် ကြည်နူးမိပါတယ်။ ဒီအစီအစဉ်တွေ ပြီးတာနဲ့ အတန်းဖော်တွေ စုကစားကြတယ်။ နောက် ညီညီညာညာ သိမ်းဆည်းရင်းနဲ့ပဲ နှစ်တစ်နှစ်ရဲ့ ရှမ်းပြည်နယ်နေ့ ပျော်ရွှင်ပွဲလေးကို အစသတ်ခဲ့ကြတယ်။ နှစ်စဉ် နှစ်တိုင်း မပျက်မကွက် ကျင်းပလာတဲ့ အမှတ်တရ ပျော်ပွဲရွှင်ပွဲလေးရယ်ပါ။

ရှမ်းပြည်ရဲ့ ပြည်နယ်နေ့ အထိမ်းအမှတ်ကို အဓိပ္ပာယ် ပြည့်ပြည့်၀၀နဲ့ အနှစ်သာရ ရှိရှိ လုပ်ဆောင်နိုင်တာမျိုး မဟုတ်ပေမယ့် ဒီ 7th FEB ရောက်တိုင်း ရှမ်းပြည်နယ်နေ့ ဖြစ်တယ် ရယ်လို့တော့ အမှတ်ရနေနိုင်အောင် အတန်းကြီးတဲ့ စီနီယာ နောင်တော်တွေက ခင်းထားတဲ့ လမ်းလေးကို လိုက်နင်းခဲ့တာပဲ ရှိပါတယ်။ ဒီအစဉ်အလာလေးကို နောင် အရွယ်ရောက်ပြီး အတန်းကြီးလာတဲ့ ကျောင်းသား ကျောင်းသူ ငယ်လေးတွေလည်းပဲ အမှတ်ရစေချင်တဲ့ ဆန္ဒလည်း ပါပါတယ်။ ချယ်ရီပင်တွေအစား ယူကလစ်ပင်တွေ နေရာအနှံ့ လွှမ်းမိုးနေတဲ့ ရှမ်းပြည်ဟာ အေးချမ်းတဲ့ ဥတုအစား ပူလောင်လောင် ဖြစ်နေပါပြီ။ ချယ်ရီနံ့တွေ သင်းနေရမယ့် နေရာမှာ ကန့်နံ့တွေ ထုံလွှမ်းလို့ နေတာမို့ ဒါရှမ်းပြည်လားဆိုတာ မေးယူရလောက်မတတ် လေလွှာတွေကပါ ပုံမှန်မဟုတ်တော့ သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် နယ်နိမိတ် သတ်မှတ်ထားတဲ့ ရှမ်းပြည်လေးပါပဲ.....။ ကျွန်တော် နေခဲ့တဲ့ ရှမ်းပြည်လေးပါ။

Photobucket

32 comments:

ရှင်ရဲထွတ် said...

တွေးမိရင်တော့ လွမ်းမိသလိုပဲကွယ်။

စိုင်းနောင့် said...

မု;သုင်ခု,
ပြောရင်တော့ လွမ်းစရာလေးပါ အစ်ကိုရေ။ အစ်ကိုပြောမှ ပြက္ခဒိန်ကြည့်မိတယ်။ ရှမ်းပြည်နယ်နေ့ ဆိုတာ မတွေ့မိတော့ဘူး။ နှစ်တွေ ကြာနေပြီလားတောင် မသိတော့ဘူး။

ဝမ်းမိုင်းတိုင်း... ၀မ်းမိုင်းတိုင်း

မဇနိ said...

စုဘူးကြီးနဲ့လုပ်တာ ပျော်စရာကြီးနော်။ ရှမ်းပြည်နယ်ကို မရောက်ဖူးဘူး။ သွားလည်ချင်တာ။ နောက်များမှ သွားလည်အုံးမယ်။

Sai said...

ရှမ်းပြည်အမှတ်တရလေး ခံစားသွားတယ်။
ချယ်ရီကိုလွမ်းရင် ပိတောက်ကိုသာပန်ပါ ကိုဝင်ဇော်ရေ့ .. .. ဒါပဲတတ်နိုင်သေးတယ်။

Heart Breaker said...

မိုင်ဆွန်ခ၊ ရှမ်းလေးရေ ဖတ်သွားတယ်။
အမှတ်တရနေ့လေးတွေ အမြဲ အမှတ်ရနိုင်ပါစေ။

ရွှေညာသူ said...

ဝိုင်းလုပ်၊ ၀ိုင်းစားလုပ်ရတာ ပျော်စရာကောင်း တယ်။ ညီမတို့ ကျောင်းတုန်းက ဘာမှ မလုပ်ခဲ့ဖူးဘူး။ ကျူရှင်ပဲ ပြေးနေရတာနဲ့ ကိုယ့်အတွက် အချိန်ဆိုတာ မရှိပါဘူး။ အထက်တန်းတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ တက္ကသိုလ်မှာ လည်း ပျော်စရာထက် ကျူရှင်ပဲ ပြေးနေရတာ ဘာမှ အနှစ်သာရ မရှိခဲ့ဘူး။ အမှတ်ရစရာလည်း ဘာမှ မရှိခဲ့တာ နောင်တရမိတယ်။ အားကစားလည်း မလုပ်ဖြစ် ခဲ့ဘူး။ စာလေးဖတ်ပြီး ပျော်ရွှင်သွားတယ်။

မောင်မျိုး said...

ပျော်စရာကြီးပဲ ပြန်သွားမလည်တော့ဘူးလားဗျ မွေးရပ်မြေကတော့ ရေးစရာတွေမကုန်နိုင်ဘူးနော့် ကဗျာမဆန်တာကိုတော့ ကဗျာဆန်အောင်ရေးနိုင်ကြတာ မြို့ခံတွေရဲ့အကျင့်လေးပေါ့း)
တစ်ခေါက်လောက်တော့ရောက်ဖူးချင်တယ်။

My Diary said...

မောင်နှမတွေပဲ
မေမေရဲ့ အမေရဲ့(အဖွား) ညီမ၀မ်းကွဲရဲ့ ယောက်ျားက သေသွားတဲ့ သူ့ယောက်ဖအိမ်သွားတုန်းက မူလတန်းတုန်းက သူငယ်ချင်းရှိလို့ဆိုပီး ရှမ်းပြည်ကို သွားလည်ဘူးတယ် ဆိုလားပဲ..
အဲဒါဆို ညီမလေးနဲ့ ကိုဝင်းဇော်က ဘယ်လို တော်လည်းဟင်

mgnge said...

အကို ရာလုပ်ပြီ ..
ရှမ်းပြည်နယ် က ချယ်ရီတွေ နဲ့  စကား ၀ဲတဲ့ကောင်မလေး ကို လွမ်းနေ ပါတယ်ဆို မှ .. အခုတော့ ရှမ်းပြည် ပြန်ချင် စိတ် ပေါက်သွား ပြီ... ။ အိမ်မှာနေ တာ ထက် ရှမ်း ပြည်မှာ
နေရတာ က ပိုများ တယ်ဗျ.. ကိုဝင်းဇော် အမျိုးတော်မယ်
နော်... အဟီးး

parchuu22 said...

ဝင်းဇော်ရေ မကြီးစက်မှာ ပြဿနာ တစ်ခု တက်နေလို့ မေးချင်တယ်...... မကြီးကို invite လုပ်ပေးနော်

ပုလဲ said...

သိတာဆိုလို့ နေတဲ့အိမ် နဲ့ကျောင်းပဲရှလို့
အမှတ်တရ ရှမ်းပြည်မကြောင်းလေး လာဖတ်ပါတယ်
ဘာပဲဖြစ်ဖြစ် နယ်နိမိတ်သတ်မှတ်ထားတဲ့ ရှမ်းပြည်လေးပေါ့နော်း)

flower.poem said...

နက်ဖြန်ရှမ်းပြည်နယ်နေ့လို့ပြောပါတယ် .. ဘာအစီအစဉ်ရှိလည်း ကိုဝင်းဇော်.

ဝါ၀ါခိုင်မင်း said...

မောင်ဝင်းဇော်က ကျိုင်းတုံသားလေးပေါ့။
ဒါဆို မနက်ဖြန် ၇ ရက်နေ့က ရှမ်းပြည်နယ်နေ့ပေါ့နော်။

ဒေါင်းမင်း said...

တောင်ကုန်း တောင်တန်းတွေ လေးဖက်လေးတန် ၀န်းရံထားပြီး မြို့လေးကို ဒယ်အိုးသဏ္ဍာန်နဲ့ ချိုင့်ဝှမ်းလွင်ပြင်ထဲမှာ တည်ထားတယ်။
ရှမ်းပြာ်တောင်ပိုင်းကရက်စောက်မြို့ကလေးနဲ့ပုံစံတူတူ
တယ်သတိရတယ်...

မယု said...

ရှမ်းနာမည်က ဘယ်လိုခေါ်ရမလဲ
ရှမ်းပြည်တော့ မရောက်ဖူးဘူး
ချယ်ရီပန်းကိုတော့ ချစ်တယ်။
ဒီနှစ် အင်းလေးကန်သွားလည်မယ်စိတ်ကူးထားတယ်။ နယ်သိပ်ကျတဲ့ဖက်တော့ သွားဖြစ်မယ် မထင်ဘူး။ ညောင်ရွှေ၊ ရွှေညောင်၊ တောင်ကြီး လောက်တော့ သွားလည်ပါမယ်။ ရှမ်းပြည်နယ်နေ့ ဆိုတာ ကိုဝင်းဇော်ပြောမှ သိရတယ်။ တိုင်းရင်းသားအစုံစုံရဲ့ ရိုးရာဝတ်စုံတွေကိုလည်း နှစ်သက်တယ်။ အထူးသဖြင့် ကရင်ဝတ်စုံပေါ့/

မီယာ said...

အားလုံး ၀ိုင်းပြီး စုဗူးဖောက်တဲ့ အချိန်ဆို ပျော်စရာကြီးနော်.. ယောင်းမတစ်ယောက်က ကျိုင်းတုံက.. တခါလောက်တော့ သွားလည်ချင်တယ်။

ရွှေအင်းသူ said...

စနေနေ့ဆိုတော့ ရုံးပိတ်ပြီးသားဖြစ်တာပေါ့
ကလင်ဒါမှာ ရှာကြည့်တာတော့ မတွေ့ဘူး။
တိုင်းရင်းသားတွေရဲ့ ပြည်နယ်နေ့အထိမ်းအမှတ် တွေကို ပိတ်ရက်တွေအနေနဲ့ ထည့်ပေးရင်ကောင်းမယ်။ ဖြစ်ချင်တာကို ပြောတာပါ။ ကိုဝင်းဇော်တစ်ယောက် ပျော်ရွှင်ပါစေ

hlaminnlay said...

အာရုံထဲ ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရေးသားနိုင်လို့ မျက်စိထဲ အထင်းသား ပေါ်တယ်။ ကျိုင်းတုံအကြောင်းကို စေ့စေ့ငင သိချင်သေးတယ်။ အကြောင်းဆုံရင် ထပ်ရေးပါ။

ရွှေအင်းသူ said...

ရှမ်းပြည်နယ်နေ့ကို ကြိုဆိုပါတယ်။
ဘာမှ မကျွေးဘူးလား
ရှမ်းခေါက်ဆွဲဖြစ်ဖြစ်၊ ကျိုင်းတုံ အမဲလုံး ခေါက်ဆွဲဖြစ်ဖြစ်ပေါ့။
ခေမဠရ်ရုပ်ရှင်ရုံနားက ဆီချက်ခေါက်ဆွဲကို မမေ့သေးဘူး။

kokomaung.uk said...

ပျော်ရွှင်ဖွယ်ရာ ရှမ်းပြည်နယ်နေ့လေးဖြစ်ပါစေ။
ချမ်းမြေ့ဖွယ်အပြည့်နဲ့ ရှမ်းပြည်နယ်လေးကို တမ်းတ နေမိပါတယ်။

လင်းထက် said...

ကျွန်တော်လဲ ငယ်ဘဝ ကျောင်းသား ဘဝလေး ကိုလွမ်းသွားတယ်ဗျာ ကျွန်တော် တို့ငယ်စဉ်တုန်း ကလဲ အဲလိုပဲဗျ စုဘူး စုထားပြီး စာမေးပွဲ ကြီးနီး လို့ ကျောင်းပိတ်ခါနီးမှ ဖောက်ပြီး ပျော်ပွဲ ရွှင်ပွဲ လိုလုပ်ကြတာ အခုခေတ် တော့ မရှိလောက် တော့ဘူး ထင်ပါရဲ့..။

Cherrymaw said...

မိုင်ဆွမ် သိုင်းဂေါ့ ..
အမှတ်ရနေစေမယ့် နေ့တစ်နေ့ပါ။
မေ့မဖြစ်နိုင်တဲ့ နေ့လေးလည်းဖြစ်တယ်လေ။
ပြန်ပြောင်းသတိရစရာတွေ အများသားမို့
ဆွေးမြေ့စွာနဲ့ပဲ အိမ်ကို လွမ်းတယ်။

ရွှန်းမီ said...

အလည်ရောက်ဖူးချင်လိုက်တာ

ကြယ်ပြာ said...

ရှမ်းပြည်အကြောင်းလေးခံစားသွားပါတယ် ... ကျောင်းသားဘ၀မှ အမှတ်တရတွေ ပျော်စရာတွေအများကြီးပဲနော်.... ပြန်တွေးရင် သတိရစရာတွေချည်းပါပဲ ...း)

khin oo may said...

ဖတ်သွားသည်.

လင်းဒီပ said...

တစ်ခေါက်ပဲ ရောက်သေးတယ်..တောင်ကြီး အင်းလေး ကလော ပင်းတယ ဘက်...အရမ်းပျော်တယ်...
အမှန်ပြောရရင် ကလောနဲ့ ပင်းတယမှာ ပိုပျော်တယ်..
လာလည်ရင် လိုက်ပို့ပေးမလားဗျ...
ဒီပိုစ့်လေးေ၇းပေးတာကျေးဇူး..
ကိုဝင်းဇော်ပျော်ရွှင်ပါစေ

sonata-cantata said...

အစွဲအလန်းတွေကို အကဲစမ်းနေတာလား ကိုဝင်းဇော်

အားပေးလျက်

နှင်းဆီနီ said...

ရှမ်းပြည်အလည်မခေါ် တော့ဘူးလား။
အေးတာကိုတော့ ကြောက်တယ်။
ခဏတဖြုတ်ပဲ လည်ချင်တယ်။
ပိတောက်ကို မမေ့နိုင်လို့ (စိတ်ဆိုးနဲ့)

မိုးသောက် said...

မိုင်ဆွန်ခ (အထင်မကြီးနဲ့နော်၊ ရှမ်းစကားကို အဲဒီတစ်လုံးပဲတတ်လို့... :D)
ရှမ်းပြည်ပြန်ပြီး ရှမ်းခေါက်ဆွဲမစားချင်ဘူးလား ညီလေး.... တိုဟူးနွေးပူပူလေးလေ...

မေအောင် said...

ငယ်စဉ်ကတည်းက ပတ်ဝန်းကျင် အလှတွေကို ခံစားတတ်အောင် လှတဲ့ပတ်ဝန်းကျင်က ဖန်တီးပေးတယ်။ ယူကလစ်ပင်တွေ မြင်ရင် အပူငွေ့တွေ
ခံစားရတာ ကျွန်မရောပဲ။
ချယ်ရီပင်တန်းနဲ့ ရှမ်းရွာလေးကို
မြင်ယောင်မိပါတယ်။ ရှမ်းပြည်နယ်နေ့အတွက် ကြိုတင်ပြင်ဆင်ကြပုံလေးကိုလည်း အတုယူသွားပါတယ်။

ကောင်းကင်ပြာ said...

ရှမ်းပြည်ကိုလွမ်းပါတယ်ဆိုမှ၊

ပျူနိုင်ငံ said...

အေးဗျာ လွမ်းစရာကောင်းတဲ့ နေရာမှာ၊ ငယ်သူငယ်
ချင်းတွေနဲ့ ပြန်လည်ဆုံစည်းနိုင်ပါစေလို့ ဆုတောင်း
ပါတယ်။