စနေနေ့ မနေ့ညက EPL တစ်ပြိုင်တည်း ကန်တဲ့ ဘောလုံးပွဲစဉ် ၂ ပွဲ ကြည့်ဖြစ်တယ်။ ဘော်လ်တန်-မန်ယူ (၀း၁) ပွဲနဲ့ ချယ်ဆီး-စတုစီးတီး (၂း၁) တို့ပွဲတွေ ဖြစ်တယ်။ တစ်ချိန်တည်း ကန်တာကြောင့် ချာနယ်လှည့်ပြီး ကြည့်နေရတာနဲ့ အလုပ်ပို ခဲ့ပါတယ်။ အဝေးကွင်း သွားကန်ရတဲ့ မန်ယူပွဲကိုပဲ ပိုကြည့်ဖြစ်တယ်။ ကစားသမား တော်တော်များများ ကစားနေရင်းနဲ့ ပီကေ၀ါးကြတယ်။ မကစားတဲ့ မန်ယူ နည်းပြကြီး ဖာဂူဆန်လည်း ပီကေ ကို အချိန်ပြည့်ဝါးတာ တွေ့ရတယ်။ အားကစား သမားတွေတင် ပဲလားဆိုတော့ လျှပ်တစ်ပြက် ရိုက်သွားတဲ့ ပရိတ်သတ်တွေ ထဲမှာလည်း ပီကေကို နှစ်နှစ်ခါခါ ၀ါးနေကြတာကို တွေ့ရတယ်။ ပီကေ ၀ါးတဲ့အကျင့်ဟာ ဘောလုံးနဲ့ ဆက်နွယ်နေသူတွေပဲ ၀ါးသလားဆိုတော့ မဟုတ်ပါဘူး။ လူတိုင်း ၀ါးပါတယ်။ ပါးစပ် အနံအသက် ပျောက်အောင် ၀ါးတယ်။ စိတ်လှုပ်ရှားမှု တစ်ခုခု ပြေပျောက် စေဖို့အတွက် ၀ါးတယ်။ တစ်ချို့လည်း စွဲစွဲလန်းလန်း ၀ါးတယ်။ ပီကေ ၀ါးခြင်းရဲ့ အကျိုးအပြစ်ကိုတော့ ဂဃနဏ မသိပါဘူး။ ဒါပေမယ့် ကလေးကနေ လူကြီးအထိ နှစ်သက်စွာ ၀ါးကြတာကို တွေ့ရပါတယ်။ ရုပ်ရှင်ရုံထဲမှာဆို သာလို့ဆိုးသေး ပါတယ်။ ဘယ်နေရာ ကြည့်ကြည့် ၀ါးပြီးသား ပီကေတွေ ပစ်ထားတာ ထုနဲ့ထည်နဲ့ပါ။

ဘီဘီစီ သတင်းတစ်ခုမှာ ဖတ်လိုက်ရတာကို ပြန်ပြီးမျှဝေ ပေးချင်ပါတယ်။ ပီကေ (ခ) ချွင်းဂန်း (chewing gum) ၀ါးခြင်းဟာ အူပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုတွေကို အမြန်ဆုံး နလန်ပြန်ထစေနိုင် တယ်လို့ သိရပါတယ်။ အူပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့ လူနာတွေကို လေ့လာရာမှာ ပီကေ ၀ါးခြင်းဟာ အူတွေရဲ့ လှုပ်ရှားမှုကို ပုံမှန် ပြန်ဖြစ်လာစေပြီး၊ အစာချက်တဲ့ စနစ်ကိုလည်း အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် အူပိုင်းဆိုင်ရာ ခွဲစိတ်ပြီးတဲ့ လူနာတွေကို သကြားဓာတ် ပါဝင်မှု နည်းတဲ့ ပီကေကို ၀ါးစေခြင်းဖြင့် လူနာတွေ အမြန်နလန်ထစေတဲ့ အထောက်အထားတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါဟာ မှန်ကန်တဲ့ ဆေးညွှန်းကောင်း တစ်ခု မဟုတ်ဘူးလို့လည်း သုံးသပ်ထားပါတယ်။

ငယ်တုန်းက ပီကေစားရင် ဦးနှောက်ပျက်တယ်။ မှတ်ဥာဏ်တွေ လျော့ကျစေတယ်လို့ သိခဲ့ပါတယ်။ ခုတော့ ပီကေအစွမ်းကို သိချင်တာနဲ့ ကျွန်တော်လည်း ပီကေ ကို တစ်နေကုန် ၀ါးကြည့်တယ်။ ပူရှိန်းရှိန်းအရသာ၊ ချိုလွင်လွင်အရသာ တွေကုန်ရင် ထွေးထုတ်လိုက်တယ်။ နောက် ပီကေအသစ် ထပ်ထည့် ၀ါးတယ်။ ညဘက်လည်း ရောက်ရော ခေါင်းတစ်ခြမ်းထဲ ကိုက်နေတာကို ခံစားရတယ်။ ခေါင်းကိုက်တဲ့ အခြမ်းက မျက်လုံးလည်း အောင့်သက်သက် ဖြစ်တာ ခံစားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေကုန် ၀ါးကြိတ်နေရတဲ့ အတွက်ကြောင့်ပဲ ဖြစ်တယ်။ (ပိုဝါးတဲ့ အံသွားဖက် ခေါင်းက ပိုကိုက်ပါတယ်။) ဒါက ပီကေကို အတိုင်းအဆ မရှိ၊ အချိန်အဆမဲ့ ၀ါးတဲ့ အပြစ်လို့ပဲ ဆိုရမလားပဲ။ ဆင်ခြင်နိုင်ကြပါစေဗျာ။