Showing posts with label ပတ်ဝန်းကျင်ထိန်းသိမ်းရေး. Show all posts
Showing posts with label ပတ်ဝန်းကျင်ထိန်းသိမ်းရေး. Show all posts

Thursday, October 10, 2024

အိုဇုန်းလွှာပျက်စီးမှုကိုကာကွယ်စို့

 



ရာသီဥတုပြောင်းလဲမှုကိုရပ်တန့်ဖို့အိုဇုန်းလွှာပျက်စီးမှုကိုကာကွယ်စို့

         ရေ၊ မြေ၊ လေဟူသော ထုထည်ကြီး သုံးခုသည် ဂေဟစနစ်ဖြင့် ချိတ်ဆက်နေပြီး သဘာဝ တရားကြီးကို အကောင်းဆုံး ဖန်တီးပေးထားသည်။ ရေထု၊ မြေထု၊ လေထုတို့ တစ်ခုခုပျက်စီး ချို့ယွင်းလျင် ဂေဟစနစ် ပျက်သုဉ်း၍ အမျိုးမျိုး အဖုံဖုံသော သဘာဝ ဘေးဒဏ်များ ဖြစ်ပေါ်လာရသည်။ သဘာဝတရားမှ ရရှိထားသော အခမဲ့လက်ဆောင် များကိုအခမဲ့ဟူ၍ တန်ဖိုးမထားပါက ထိုလက်ဆောင်များသည် ယိုယွင်းပျက်စီးမှု လျင်မြန်ပါလိမ့်မည်။ ယိုယွင်းပျက်စီးခြင်း ဆိုကတည်းက ကောင်းကျိုးဟူ၍ မရှိပေ။ ရေထုနှင့် လေထုကို မြေထုမှတစ်ဆင့် ဂဟေဆက်၍ ပြုပြင်ရမည်သာ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သဘာဝပတ်ဝန်းကျင် အမှီသဟဲပြု၍ နေထိုင်ကြသော လူသားများသည် ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသော ကြောင့်ဖြစ်သည်။ ကမ္ဘာမြေကြီး သာယာလှပရေးသည် လူသားတို့အပေါ်တွင် များစွာ မူတည်ပါသည်။

Friday, August 2, 2024

အဏ္ဏဝါဂေဟစနစ်အတွက်အရေးပါသော အစိမ်းရောင်တံတိုင်းကြီးများ သို့မဟုတ် ဒီရေတော

 



 အဏ္ဏဝါဂေဟစနစ်အတွက်အရေးပါသော အစိမ်းရောင်တံတိုင်းကြီးများ သို့မဟုတ် ဒီရေတော

          ဒီရေရောက်သစ်တော (ခေါ်) ဒီရေတော (Mangrove Forest) ဆိုသည်မှာ လမုတောများ အစုအဖွဲ့ တည်ရှိသည့် ကမ်းရိုးတန်းဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ (Wetland) များကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသ များတွင် သဘာဝ ဒီရေတောများ ထိန်းသိမ်းရေး နှင့် ဒီရေတော စိုက်ခင်းများ တည်ထောင်ရေးသည် လွန်စွာ အရေးကြီးသည့်ပြင် ဒီရေတောများကို စနစ်တကျ ကာကွယ်ခြင်းသည် အဏ္ဏဝါဂေဟစနစ် တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ် တစ်ခုလည်း ဖြစ်ပါသည်။

Thursday, April 11, 2024

ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ထိန်းသိမ်းစောင့်ရှောက်သင့်သော သန္တာကျောက်တန်းလေးများ

 


 ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ထိန်းသိမ်းစောင့်ရှောက်သင့်သော သန္တာကျောက်တန်းလေးများ 

          သန္တာကျောက်တန်းဆိုသည်မှာ သန္တာကောင်လေးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ကျောက်ဆောင် ကျောက် တန်းကဲ့သို့ သွင်ပြင်လက္ခဏာရှိနေသောရေအောက် ဂေဟစနစ် တစ်ခုဖြစ်သည်။ သန္တာကျောက်တန်းများသည် ကယ်လ်စီယမ် ကာဗွန်နိတ်ဖြင့် ဖွဲ့စည်းထားသော သန္တာကောင် အသိုက်အုံများစွာ၏ ဖွဲ့စည်းဖြစ်တည်နေမှု ဖြစ်ပါသည်။ တစ်နည်းဆိုသော် သန္တာ ကျောက်တန်းဆိုသည်မှာကျောက်သား သန္တာမျိုး၏ အကောင်ငယ်လေးများအုပ်စုလိုက် စုပုံကြခြင်းဖြင့် ဖွဲ့စည်းဖြစ်တည် နေခြင်း ဖြစ်ပါသည်။

          သန္တာသည် ပင်လယ် အနီမိုနီနှင့် ပင်လယ်ရေခူများနှင့်အတူမျိုးပေါင်းစု Cnidaria ထဲ၌ ပါဝင်သောမျိုးပေါင်း Anthozoa နှင့်သက်ဆိုင်သည့် သတ္တဝါတစ်မျိုးဖြစ်သည်။ သို့သော် ထူးခြားသည်မှာသန္တာကောင်များသည် ပင်လယ် အနီမိုနီများနှင့်မတူဘဲ သန္တာကျောက်တန်းများကိုထောက်ပံ့ကာကွယ်ရန် မာကျောသောကာဗွန်နိတ် ပြင်ပအခွံမာများထုတ်ပေးနိုင်စွမ်းရှိကြသည်။ သန္တာကျောက်တန်းအများစုသည် ပူနွေး၍ ရေတိမ်ကာ ကြည်လင်​ပြီးနေရောင်တဖိတ်ဖိတ် ရောင်ပြန်ဟပ်နေသောရေတွင် အကောင်းဆုံးပေါက်ဖွားရှင်သန်ကြပါသည်။

Wednesday, November 18, 2020

ရေဆိုးရေညစ်နှင့် ရေကောင်းရေသန့်တို့ ကျန်းမာရေးအပေါ် လွှမ်းမိုးမှုများ

 

ရေဆိုးရေညစ်နှင့် ရေကောင်းရေသန့်တို့ ကျန်းမာရေးအပေါ် လွှမ်းမိုးမှုများ

 


မြန်မာနိုင်ငံ အပူပိုင်းဒေသ ရှိ ကျေးရွာတွေမှာ ရေပြတ်လပ်မှု၊ ရေပြန်လည် ရရှိမှု နည်းပါးခြင်း၊ ဖုံးအုပ် ကာရံထားခြင်း မရှိတဲ့ ရေတွင်း၊ ရေကန်၊ စမ်းချောင်း များနဲ့ ရေများ မူလရှိနေတဲ့ ရေအရင်းအမြစ် တွေဟာ ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီမှာ ခန်းခြောက် လာခြင်း၊ ရေရရှိဖို့ အတွက် အချိန်ကြာကြာ သွားရောက်ရခြင်း နှင့် မိုးရာသီ ပြီးဆုံးချိန်မှာ အဖုံးအကာ မရှိတဲ့ ရေအရင်းအမြစ် များမှ ရွှံ့ညွန်များ ဖြစ်ပေါ်လာခြင်း တို့ကြောင့် ရေကောင်းရေသန့် ရရှိမှု    အားနည်း နေကြောင်းနဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခြင်း၊ အိမ်သာကျင်း ယိုယွင်း ပျက်စီးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အသိပညာ ဗဟုသုတ မရှိခြင်း တို့ကြောင့်  ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေမှာ အားနည်းချက် များစွာရှိ နေကြောင်း သိရတယ်။

Monday, November 9, 2020

ကလေးမွေးဖွားမှုကိုပါ ဒုက္ခပေးနေတဲ့ ကမ္ဘာကြီးပူနွေးမှု

 

ကလေးမွေးဖွားမှုကိုပါ ဒုကပေးနေတဲ့ ကမာကြီးပူနွေးမှု

 


ကမ္ဘာကြီး ပူနွေးမှုဆိုတာ တဖြည်းဖြည်း နဲ့ သိပ်ကို ကြောက်စရာ ကောင်းတဲ့ အခြေအနေ ဆိုးကြီးအဖြစ်ကို  ရောက်မှန်းမသိ ရောက်လာပါပြီ။ လူတွေက   ဖန်လုံအိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်တယ်။ ကမ္ဘာကြီးက ဖန်ပေါင်းချောင်ထဲ ရောက်နေသလို   အပူချိန်တွေ မြင့်တက်လာတယ်။ အကျိုးဆက်က တောမီးတွေ လောင်တယ်။  ထွက်လာတဲ့ မီးခိုးငွေ့ တွေကြောင့် ကမ္ဘာ့ အပူချိန်ကို  မြင့်တက်စေ ပြန်တယ်။

တောမီး လောင်မှုကြောင့်   သစ်ပင်တွေ ပျက်စီးဆုံးရှုံးပြီး သက်ရှိတွေ အသက်ရှင်သန် ဖို့အတွက်  လိုအပ်တဲ့ အောက်ဆီဂျင် ထုတ်လုပ်မှု နည်းပါးလာပြန်တယ်။ ဂေဟစနစ် တွေလည်း  ပျက်စီးလာပြီး ရာသီဥတုတွေ ကလည်း ကမောက်ကမ ဖြစ်ပြန်ပါတယ်။ ဒီတော့ ကမ္ဘာကြီး ပူနွေးမှုရဲ့ အကျိုးဆက်က  သိပ်ကို ပြင်းထန်လွန်း ပါတယ်။

Tuesday, October 20, 2020

လုပ်ငန်းခွင် စိတ်ဖိစီးမှုလျှော့ချဖို့ အလုပ်စားပွဲပေါ် အပင်စိုက်ပါ

 

လုပ်ငန်းခွင် စိတ်ဖိစီးမှုလျှော့ချဖို့ အလုပ်စားပွဲပေါ် အပင်စိုက်ပါ 

 


         စိတ်ဖိစီးမှု ဆိုသည်မှာ လူတိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် အရာဖြစ်သည်။ လုပ်ငန်းခွင် အတွင်းတွင် ပိုဆိုးသည်။ အလုပ်ရှင်လည်း အလုပ်ရှင် အလျောက် ၊ အလုပ်သမား ကလည်း အလုပ်သမား အလျောက် စိတ်ဖိစီးမှု ကိုယ်စီ ရှိကြစမြဲ ဖြစ်သည်။

          လုပ်ငန်းခွင် စိတ်ဖိစီးမှု၏ ဆိုးရွားသော အကျိုးဆက်မှာ လုပ်ငန်း တိုးတက်မှု မရှိတော့ဘဲ စိတ်ဖိစီးမှုကို မခံနိုင်သူ တချို့မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ သွားသည် အထိပင် ဖြစ်နိုင်သည်။

Monday, October 5, 2020

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပြောင်းလဲပေးနိုင်တဲ့ လူသားတွေရဲ့ သွားလာမှု အမူအကျင့်များ

 သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပြောင်းလဲပေးနိုင်တဲ့ လူသားတွေရဲ့ သွားလာမှု အမူအကျင့်များ


ယနေ့ အချိန်အခါမှာ မော်တော်ယာဉ် တွေဆိုတာ လေထု ညစ်ညမ်းမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို အများဆုံး ဖြစ်ပေါ်စေတဲ့ အရာဖြစ်သည်။ ကားတစ်စီး ကနေ လောင်စာဆီ ၁ ဂါလန် လောင်ကျွမ်းသွားတိုင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ ၁၉ ပေါင် ကျော် ထွက်ရှိသည်။

 

တစ်နေ့ တစ်နေ့ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ လမ်းတွေပေါ်မှာ သွားလာနေတဲ့ မော်တော်ယာဉ် အရေအတွက်က မရေမတွက် နိုင်အောင်ပါပဲ။ အထူးသဖြင့် ခရီးဝေး သွားခြင်းထက် ရုံးတက် ၊ ရုံးဆင်း သွားလာမှုက ပိုများသည်။ ဒါကြောင့် မိမိတို့ရဲ့ သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်း ကာကွယ်ဖို့ ဆိုရင် မိမိတို့ရဲ့ နေ့စဉ် လှုပ်ရှား သွားလာမှု ပုံစံကို ပြောင်းလဲဖို့ လိုသည်။ ဘယ်လို နည်းလမ်းတွေနဲ့ နေ့စဉ် သွားလာ လှုပ်ရှားမှု ပုံစံကို ပြောင်းလဲပြီး မိမိတို့ရဲ့ ဘဘာဝ ပတ်ဝန်းကျင် ကြီးကို ကာကွယ်နိုင်လဲ ဆိုတာ အောက်မှာ ဆက်လက် ဖော်ပြ လိုက်ပါတယ်-          


စက်ဘီးစီးပါ

Saturday, October 28, 2017

အက်စစ်ဓာတ်ပါဝင်မှု မြင့်တက်လာသည့် ပင်လယ်ပြင်များ


ပင်လယ်နေ သတ္တ၀ါနှင့်အပင်များကို မျိုးသုဉ်းပျောက်ကွယ် စေနိုင်သည့် အက်စစ်ဓာတ်ပါဝင်မှု မြင့်တက်လာသည့် ပင်လယ်ပြင်များ

ကမ္ဘာပေါ်ရှိ လူသားတိုင်းနှင့် နိုင်ငံအသီးသီးမှ အစိုးရတိုင်းသည် ၄င်းတို့နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးကိုသာ ရှေ့တန်းတင်လို ကြပြီး နျူကလီးယား ကြောင့် ကမ္ဘာပျက်မည် ဟု အများစုက ထင်မြင် ယူဆ နေကြသည်။ 

ထိုအချက်သည် မှားသည်ဟု မဆိုသာသော်လည်း ကမ္ဘာပျက်နိုင်သည့် နောက်တစ်ချက်က သီးခြား ရှိနေပြန်သည်။ ထိုအချက်မှာ နိုင်ငံအသီးသီးက ဂရုစိုက်၍ မလုပ်မဖြစ် လုပ်ရမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပင်ဖြစ်သည်။