Wednesday, November 18, 2020

ရေဆိုးရေညစ်နှင့် ရေကောင်းရေသန့်တို့ ကျန်းမာရေးအပေါ် လွှမ်းမိုးမှုများ

 

ရေဆိုးရေညစ်နှင့် ရေကောင်းရေသန့်တို့ ကျန်းမာရေးအပေါ် လွှမ်းမိုးမှုများ

 


မြန်မာနိုင်ငံ အပူပိုင်းဒေသ ရှိ ကျေးရွာတွေမှာ ရေပြတ်လပ်မှု၊ ရေပြန်လည် ရရှိမှု နည်းပါးခြင်း၊ ဖုံးအုပ် ကာရံထားခြင်း မရှိတဲ့ ရေတွင်း၊ ရေကန်၊ စမ်းချောင်း များနဲ့ ရေများ မူလရှိနေတဲ့ ရေအရင်းအမြစ် တွေဟာ ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီမှာ ခန်းခြောက် လာခြင်း၊ ရေရရှိဖို့ အတွက် အချိန်ကြာကြာ သွားရောက်ရခြင်း နှင့် မိုးရာသီ ပြီးဆုံးချိန်မှာ အဖုံးအကာ မရှိတဲ့ ရေအရင်းအမြစ် များမှ ရွှံ့ညွန်များ ဖြစ်ပေါ်လာခြင်း တို့ကြောင့် ရေကောင်းရေသန့် ရရှိမှု    အားနည်း နေကြောင်းနဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခြင်း၊ အိမ်သာကျင်း ယိုယွင်း ပျက်စီးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အသိပညာ ဗဟုသုတ မရှိခြင်း တို့ကြောင့်  ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေမှာ အားနည်းချက် များစွာရှိ နေကြောင်း သိရတယ်။


အပူပိုင်းဒေသရှိ ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ အဆင့်မြှင့်တင်ဖို့ အတွက် ပြည်ပလူမှု အဖွဲ့အစည်း ဖြစ်တဲ့ ဆန်ဘောင်၊ ကိုရီးယား ကြက်ခြေနီ ဖောင်ဒေးရှင်းက    ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အကူအညီတွေ ပေးခဲ့ပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသ၊  အရှေ့တောင်ပိုင်း နဲ့ မြောက်ပိုင်း ဒေသတို့ရှိ ကျေးရွာ ၂၇ ရွာရှိ  လူဦးရေ ၁၉၄၈၉ ဦးတို့ရဲ့ ကျန်းမာရေး အခြေအနေတွေ တိုးတက် လာစေဖို့အတွက် လုပ်ဆောင်ပေး ခဲ့ကြောင်းနဲ့ စီမံချက် ကာလအတွင်း  ရေနှင့် သက်ဆိုင်တဲ့   ရောဂါ ဖြစ်ပွားမှုတွေ အတွက် အခြေခံ ကောက်ယူ ထားတဲ့  အချက်အလက် တွေရဲ့ ၄၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ   လျှော့ချဖို့ ရည်ရွယ် လုပ်ဆောင် ခဲ့ကြောင်း သိရတယ်။ စီမံချက် ကာလအတွင်း ရေအရင်းအမြစ် ဆိုင်ရာ အဆောက်အအုံရဲ့ ၈၅ ရာခိုင်နှုန်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး အဆောက်အအုံ ရဲ့ ၈၅ ရာခိုင်နှုန်း ကောင်းမွန်စွာ အသုံးပြနိုင်ရေးနဲ့ ယင်းဒေသရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းရဲ့  ကျန်းမာရေး အခြေအနေ တိုးတက်စေဖို့ လုပ်ဆောင်ပေး ခဲ့ကြောင်း သိရတယ်။

သန့်ရှင်းတဲ့ သောက်သုံးရေ (ရေသန့်) ဆိုတာ အနည်အမှုန် ကင်းရမယ်။ အရောင်၊ အဆင်း၊ အနံ့၊ အရသာ ကင်းရမယ်။  ကျန်းမာရေး ထိခိုက်စေတဲ့ ပိုးများနဲ့ ဓာတ်သတ္တုများ ကင်းရမယ်။ PH7 ရှိရမယ်။ အနည် အမှုန်တွေက ရောဂါပိုးတွေ ခိုကပ်နေတယ်။ သံဓာတ်၊  ထုံးဓာတ်လို    ဓာတ်သတ္တပါနေတယ်။  ဒါကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အတွက်  ရေထဲမှာ အနည်အမှုန်တွေ မပါဖို့ လိုအပ်ပါတယ်။  ရေကို အနည်ထိုင်အောင် လုပ်ပြီးသုံးတာ  ကောင်းပါတယ်။ 

အရပ်ဒေသအလိုက်  အနည်ထိုင်အောင် လုပ်တဲ့နည်း အမျိုးမျိုး ရှိပါတယ်။ ညသိပ်ရေ အသုံးပြခြင်း နည်းမှာ ရေကိုခပ်ထားပြီး  ညသိပ်လိုက်ရင် အနည်များ ထိုင်ကျသွားမယ်။ အပေါ်ရေကို သဲ့ပြီးသုံးရင် ရောဂါပိုး အတော်များများ လျော့ပါး သွားတယ်။

မြေပဲဆန် အစိမ်း၊  ဒန့်သလွန်ခြောက် အမှုန့်တွေ အသုံးပြပြီး ရေကိုမြန်မြန် အနည်ထိုင် စေတဲ့နည်းများ ကလည်း အကျိုး ရှိပါတယ်။ ကျောက်ချဉ်မှုန့် ဖြူးရင် ရေကို မြန်မြန် အနည်ထိုင် စေပြီး  ရောဂါပိုးများစွာ သေစေတယ်။ အနည်အမှုန် မရှိတော့ရင် ကျန်းမာစေ ပါတယ်။ ရေထဲက အနည်အမှုန် တွေ စစ်ထုတ်လိုက်ရင်  မြင်သာတဲ့ ရေညစ်ညမ်းမှုကို ဖယ်ထုတ် နိုင်တယ်။

မျက်စိနဲ့မမြင် နိုင်တဲ့ ရောဂါပိုးတွေ၊  ရေထဲပျော်ဝင် နေတဲ့ ဓာတ်သတ္တတွေ ရှိနေဦးမယ်။ ဒါတွေဖယ်ရှား လိုက်မှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေကို ရပါတယ်။ ရေထဲမှာ ပိုးအမျိုးမျိုး ရှိတယ်။ လူ့မစင်က လာတဲ့ ပိုးတွေက ရောဂါအမျိုးမျိုး ဖြစ်စေတယ်။  အသားဝါ ရောဂါ၊ အူရောင်ငန်းဖျား ရောဂါ၊ ၀မ်းပျက်ဝမ်းလျှော ရောဂါတွေကြောင့် သေတဲ့အထိ ဖြစ်နိုင်တယ်။  ပိုးတွေ ပါဝင်တဲ့ ရေကြောင့် ရောဂါတွေ ပံျ့နှံ့ပြီး  လူအများအပြား ကို ကပ်ရောဂါသဖွယ် ကူးစက်နိုင်တယ်။ ရေထဲကို၊ ရေအရင်းအမြစ်နဲ့ နီးတဲ့နေရာကို မစင်စွန့်ခြင်း ရှောင်သင့်တယ်။ ဒါမှ ရေထဲမှာ ပါနေတဲ့ ရောဂါပိုးတွေ ဖယ်ရှားရမယ်။

ရေကိုဆူပွက်အောင် ကျိုချက်ရင် ရောဂါသေ စေတယ်။ ရေနွေး၊ ရေကျက်အေး၊ ရေနွေးကြမ်း ထဲမှာ ရောဂါပိုးကင်းစင်လို့ ကျန်းမာ နိုင်ပါတယ်။ ရေတစ်စည်ကို ကျောက်ချဉ်   ၅ ကျပ်သားခတ် လိုက်ရင် ရောဂါပိုး အများစု သေကုန်တယ်။ မသေဘဲ ကျန်တဲ့ရောဂါပိုး အချို့လည်း အနည်ထိုင်တဲ့ အထဲ ပါသွားတယ်။ ရေကို ကျောက်ချဉ်ခတ်ပြီး သောက်ရင် စရိတ် သက်သက်သာသာ နဲ့ ကျန်းမာ နိုင်ပါတယ်။

ရေကိုနေပြရင် ရောဂါပိုး သေပါတယ်။ ရေကိုစစ်ပြီး ကြည်လင်တဲ့ ကော်ဘူး သို့မဟုတ် ဖန်ပုလင်းအတွင်း ထဲထည့်ပြီး နှစ်ရက်လောက် နေလှန်းရင် ရောဂါပိုးတွေ သေသွားပါတယ်။ ငွေမကုန်ဘဲ ရေသန့်သောက် နိုင်တဲ့နည်း ဖြစ်တယ်။ တစ်နေပြရုံနဲ့ ပိုးသန့်ချင် ရင်တော့ ပလတ်စတစ် ရေသန့်ဘူးထဲ ရေကြည်ထည့်ပြီး နေလှန်း ရပါမယ်။ နံနက်လှန်းရင် ညနေမှာ ရောဂါပိုး သန့်ပြီး ဖြစ်သွားတယ်။

ရေကို ဆေးခတ်သောက်ရင်   ရောဂါပိုး သေစေတယ်။ ကလိုရင်း ဆေးရည်၊ ဆေးပြား တွေကို ရေထဲမှာ ခတ်လိုက်ရင် ရောဂါပိုးတွေ သေကုန်တယ်။ ၀မ်းနဲ့ ပတ်သက်တဲ့ ကပ်ရောဂါတွေ ဖြစ်လာတဲ့အခါ အများသုံး သောက်ရေထဲ ဆေးခတ်တာ ပိုပြီး ကောင်းမွန်လို့ ရေသန့်စနစ် တွေမှာ ကလိုရင်းခတ်တဲ့ နည်းကို ကျင့်သုံး ကြပါတယ်။

မြေရေစစ်အိုးနဲ့ ရေစစ်ရင် ရေသန့် ရရှိပါတယ်။ မြေရေစစ်အိုး   Ceramic Filter ကို  ရောဂါပိုး ဖယ်ထုတ်ဖို့၊ ရောဂါပိုးကင်းစင်ဖို့ နည်းပညာ သစ်တွေနဲ့ အလွယ်တကူ ပြလုပ်ထား ပါတယ်။ ဈေးလည်းပေါ ပါတယ်။ စနစ်တကျ အသုံးပြရင် သောက်ရေ သာမက သုံးရေပါ သန့်စင်အောင် ပြလုပ်နိုင် ပါတယ်။ မကျန်းမာတဲ့ ဓာတ်သတ္တုတွေ ဖယ်ရှားဖို့ ရေကိုကျိုချက်တဲ့ နည်းနဲ့ ဖယ်ရှားနိုင်တယ်။ ထုံးဓာတ်ကို ဖယ်ရှားနိုင်တဲ့ အတွက် ထုံးဓာတ်များ တဲ့ရေကို ကျိုချက်ပြီး သောက်သုံး သင့်တယ်။

ရေကိုလေနဲ့ ထိတွေ့စေရင် ဓာတ်သတ္တအချို့ဖယ်ရှား နိုင်တယ်။ ရေထဲမှာ ပျော်ဝင်နေတဲ့ သံဓာတ်တွေကို သည်နည်းနဲ့ ဖယ်ရှား နိုင်တယ်။ ရေကို   လေနဲ့ ထိတွေ့စေနိုင်တဲ့ နည်းမျိုးစုံ ရှိတဲ့အနက် သဲရေစစ်အိုး တွေဟာ အလွယ်ဆုံးနဲ့ ငွေမကုန်ဘဲ သံဓာတ်များ လျော့နည်း စေတဲ့နည်း ဖြစ်တယ်။ သံဓာတ်နဲ့ အတူ အာဆင်းနစ် ခေါ်တဲ့ စိန်ဓာတ်တစ်မျိုး လျော့ပါးစေ နိုင်ပါတယ်။

ရေကို အနည်ထိုင် စေရင် ဓာတ်သတ္တအချို့ အနည်ထဲမှာ ပါသွားလို့ ရေကောင်း ရေသန့်ရနိုင် ပါတယ်။ သဘာဝအတိုင်း သန့်ရှင်းတဲ့ ရေက မိုးရေ၊ စိမ့်စမ်းရေ နဲ့ မြေအောက်ရေတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လေထုညစ်ညမ်းမှု များတဲ့ နိုင်ငံမဟုတ်လို့   မိုးရေက သန့်တယ်။  ရောဂါပိုးလည်း မပါ။  အက်စစ် ကင်းတယ်။

မိုးရေခံတဲ့ ပစ္စည်း မသန့်ရှင်းရင်   ကျန်းမာရေး ထိခိုက်နိုင်တယ်။ သက်ငယ်၊  ဓနိ စတဲ့အမိုးတွေနဲ့ ခံရင် အမှုန်တွေ၊ ဖုန်တွေ၊ ငှက်ချေးတွေ ကြောင့် မိုးရေညစ်ညမ်း နိုင်တယ်။ မိုးဖြိင်ဖြိင် ရွာပြီးမှ သွပ်မိုးပေါ်က  ခံယူတဲ့ မိုးရေဆိုရင် သန့်တယ်။  ရေအိုး၊  ရေစည်၊ ပီပါတွေ သန့်ရှင်းဖို့ လိုပါတယ်။

တောင်ပေါ်ဒေသ တွေမှာ စမ်းပေါက်က နေထွက် လာတဲ့စမ်းရေဟာ သန့်ရှင်းတယ်။ စမ်းပေါက်ကို သန့်ရှင်းအောင် ကာကွယ် မထားရင် ချက်ချင်း ညစ်ညမ်း သွားနိုင်တယ်။ စမ်းရေ ထွက်ပေါက်ရဲ့ အထက်ပိုင်းမှာ လူ၊ တိရစ္ဆာန်တွေရဲ့ အညစ်အကြေး တွေရှိရင် စမ်းရေထဲ ရောဂါပိုး ၀င်ရောက်တယ်။

မြေအောက်ရေ၊ လက်ယက်တွင်း၊ အ၀ီစိတွင်း တူးပြီး မြေအောက်ရေ ထုတ်ယူ အသုံးချနိုင်တယ်။ လက်နှိပ် တုံကင်တပ်လို့ ဖြစ်ဖြစ်၊   မော်တာတပ်လို့ ဖြစ်ဖြစ် အလွယ်တကူ ငင်ယူနိုင်တယ်။ မြေအောက်ရေမှာ ရောဂါပိုး မပါဘူး။ မြေအနေအထား လိုက်ပြီး ထုံးဓာတ်၊ သံဓာတ်၊ အာဆင်းနစ် ဓာတ်နဲ့ ဓာတ်ဆားတွေ ပါလာနိုင်လို့ အန္တရာယ်ကင်း၊ မကင်း ရေကို စစ်ကြည့်ပြီးမှ စိတ်ချလက်ချ သုံးစေချင်ပါတယ်။ တိုက်ရိုက် မသုံးသင့် တဲ့ရေမှာ ချောင်းရေ၊မြစ်ရေ၊ ကန်ရေ၊ လက်ယက်တွင်း နဲ့ရိုးရိုးတွင်းရေ တို့ ပါဝင်တယ်။

အပူပိုင်းဒေသ တွေမှာ ရေနဲ့ဆက်စပ် နေတဲ့ရောဂါ ဖြစ်နှုန်းဟာ တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ သုံးပုံတစ်ပုံ အထိရှိနေပြီး ဝေးကွာတဲ့ ရေအရင်းအမြစ်နဲ့ ရေပြန်လည် ရရှိမှု နည်းပါးခြင်း ကြောင့် လူတစ်ဦး ချင်းစီဟာ  ရေ အသုံးပြုမှု နည်းပါးပြီး ရေနဲ့ဆက်စပ်တဲ့ ရောဂါတွေဖြစ် ပွားရခြင်း ဖြစ်ကြောင်းနဲ့ ပျမ်းမျှ ဖေဖော်ဝါရီ နဲ့ ဇူလိုင်လ များအတွင်း အစာအိမ်ရောဂါ၊ အော့အန်ခြင်း၊ ၀မ်းလျှော ၀မ်းပျက်ခြင်း ရောဂါများ အပါအ၀င် ရေနဲ့ ဆက်စပ်တဲ့

ရောဂါများ ဖြစ်ပွားနှုန်း မြင့်တက်လေ့ ရှိကြောင်း  သိရသလို ဧရာဝတီမြစ် ဖြတ်သန်းစီးဆင်း တဲ့နေရာက မိုးနည်း ရပ်ဝန်းကို လျှပ်စစ်မြစ်ရေတင် စနစ်နဲ့ အကောင် အထည်ဖော်ရင် ရေအရင်းအမြစ်များ ပေါကြွယ်လာမှာပဲ ဖြစ်တယ်။   

 

ဒေါက်တာလွင်သန့်

Crd - mwddaily


No comments: