Sunday, November 1, 2020

မျှော်လင့်ချက်အတွက် ရှင်သန်နေရဦးမယ့် ဦးနှောက်များ

 

မျှော်လင့်ချက်အတွက် ရှင်သန်နေရဦးမယ့် ဦးနှောက်များ

 


နှလုံးခုန် ရပ်သွားတဲ့ လူတစ်ယောက်ကို သေဆုံးသွား သူလို့ ဆေးပညာအရ သတ်မှတ်ပါတယ်။ အဲဒီနောက် မှာတော့ သေသူရဲ့ ဦးနှောက် ကလည်း လျှပ်စီးပတ်လမ်း လည်ပတ်မှု မရှိတော့ဘဲ သေဆုံးသွား ပါတယ်။

          သာမန်အားဖြင့် ဆိုရင်တော့ လူတစ်ဦး သေဆုံးသွားပြီ ဆိုရင် မြေမြုပ်လိုက်မယ်။ မီးသဂြိုဟ် လိုက်မယ်။ သူ့အတွက် ရည်စူးပြီး ကောင်းမှု ကုသိုလ် တစ်ခုခု လုပ်ပေးလိုက်မယ်။ ဒါဆိုရင် လူတစ်ယောက်ရဲ့ ဘ၀ ဇာတ်သိမ်း က ပြီးသွားပါပြီ။

          ကိုယ်ချစ်ခင် မြတ်နိုးရသူ သေဆုံးသွားတဲ့ အတွက်တော့ ကျန်ရစ်သူ တွေက အကြောင်း တိုက်ဆိုင်တိုင်း လွမ်းမိ နေဦးမှာပါ။ ဖြစ်နိုင်ရန် သေဆုံးသွားသူ တွေကို အသက်ပြန်ရှင် လာစေချင်တဲ့ စိတ်က ကျန်ရစ်သူ တွေမှာ အနည်းနဲ့ အများ ရှိကြပါတယ်။


          ဒါပေမယ့် သေဆုံး သွားသူ တစ်ယောက်ကို အသက် ပြန်ရှင်လာ စေဖို့ တစ်နည်းအားဖြင့် အသက်ပြန်သွင်း ဖို့ ဆိုတာကတော့ သိပ္ပံနည်း အရ ဘယ်လိုမှ အဖြစ်နိုင် သေးတဲ့ကိစ္စ တစ်ခု ဖြစ်ပါတယ်။ သို့သော် အဲဒီလိုများ အသက်ပြန်သွင်း နိုင်မလား ဆိုတဲ့ မျှော်လင့်ချက် တွေက ပွေ့ပိုက်ထားသူ တွေလည်း ရှိပါတယ်။

          ရုရှားနိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီ တစ်ခုကတော့ အဲဒီလို မျှော်လင့်ချက် ရှိသူတွေ အတွက် ၀န်ဆောင်မှု တစ်ခု စီမံပေးထား ပါတယ်။ သေသူရဲ့ ဦးနှောက်ကို အအေးခံပြီး ခဲထားပေးတဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။

          ဆိုလိုတာက အေးခဲထားတဲ့ ဦးနှောက်ကို တစ်ချိန်ချိန်မှာ တခြား ခန္ဓာကိုယ် တစ်ခုထဲ ကိုသာ ပြန်ထည့်နိုင်မယ် ဆိုရင် ကျန်ရစ်သူတွေ အတွက်တော့ သေဆုံးသွား သူတွေကို အသက်ပြန်သွင်း လိုက်နိုင်သလို ဖြစ်သွားမှာပါ။

          ယေဘုယျ အားဖြင့် ကြည့်မယ်ဆိုရင် သေသူကို အသက်ပြန်သွင်းတယ် ဆိုတာ သိပ္ပံပညာ အရ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။ အဓိပ္ပာယ် မရှိဘူးလို့ ထင်ကောင်း ထိုင်ရနိုင် ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အဲဒီ ၀န်ဆောင်မှုကို ရယူထားသူ အယောက် ၇၀ ကျော် ရှိနေပါတယ်။ သူတို့ထဲက တချို့က ဦးနှောက် အေးခဲမှု ၀န်ဆောင်မှုကို ရယူထား သလို တချို့ကတော့ သေဆုံးသွား သူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အေးခဲမှု ၀န်ဆောင်မှုကို ရယူထား တာပါ။

          ရုရှားကုမ္ပဏီ ရဲ့ နာမည်ကတော့ KrioRus ဖြစ်ပါတယ်။ သူတို့ ကုမ္ပဏီက ယူတဲ့ ၀န်ဆောင်မှု ကတော့ ဦးနှောက် အေးခဲမှု အတွက် စတာလင်ပေါင် ၁၁၀၀၀ ဖြစ်ပြီး လူသေရဲ့ ခန္ဓာကိုယ်ကို အေးခဲမှု အတွက် စတာလင်ပေါင် ၂၈၀၀၀ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၂၀ နီးပါးကနေ ဖောက်သည် ရာပေါင်းများစွာ ကို ရရှိနိုင်တယ် လို့ အဲဒီ ကုမ္ပဏီက ခန့်မှန်းထား ပါတယ်။ ကုမ္ပဏီကတော့ အေးခဲထားတဲ့ ဦးနှောက်တွေ ၊ ခန္ဓာကိုယ်တွေ ကို လူနာလို့သာ သတ်မှတ် ခေါ်ဝေါ်ပါတယ် အဲဒီလူနာ တွေကို မပုပ်သိုးသွား စေဖို့ အတွက် အနုတ် ၃၂၀ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက် (အနု ၁၉၆ ဒီဂရီ စင်တီဂရိတ် ) ရှိတဲ့ အပူချိန်မှာ ထိန်းသိမ်းထား တာပါ။

          တချိန်ချိန်မှာ သိပ္ပံပညာ ထွန်းကားလာပြီး ဘယ်လိုရောဂါ မျိုးကိုမဆို ကုသလာနိုင် တဲ့ တစ်နေ့ကျရင် အဲဒီခန္ဓာကိုယ် တွေကို ပြန် အသက်သွင်းလို့ ရနိုင်ဖွယ် ရှိတယ်ဆိုပြီး KrioRus ကုမ္ပဏီ က ပြောပါတယ်။

          အလက်ဆီဗိုရို နန်ကော့ လို့ခေါ်တဲ့ အမျိုးသား တစ်ယောက်ရဲ့ အသက် ၇၀ ရှိပြီဖြစ်တဲ့ မိခင်ဟာ သေဆုံးသွား ပါပြီ။ ဒါပေမဲ့ သူဟာ သူ့မိခင်ရဲ့ ဦးနှောက်ကို KrioRus ကုမ္ပဏီမှာ အပ်ပြီး အေးခဲထား ပါတယ်။ ဘာကြောင့် ဒီလိုလုပ် ရတာလဲ ဆိုရင် သူတို့ဟာ အလွန် ချစ်ချစ် ခင်ခင် နေထိုင်ခဲ့ရတဲ့ အတွက် ဒီလိုအေးခဲထား ခြင်းဟာ နောင်တစ်ချိန်မှာ သူ့မိခင်ကို ပြန်လည် အသက်သွင်း နိုင်မယ်လို့ ယုံကြည်တာကြောင့် ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ သူကိုယ်တိုင် လည်း သူသေဆုံး သွားတဲ့ အချိန်မှာ သူ့ခန္ဓာကိုယ် ကို အခုလိုပဲ အေးခဲထားဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။

          KrioRus ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး ဗလေရီယာအူ ဒါလိုဗာ က ၂၀၀၈ ခုနှစ် တုန်းက သေဆုံးသွားတဲ့ သူရဲ့ အချစ်တော် ခွေးလေး ကိုလည်း အခုလိုပဲ အေးခဲထား ပါတယ်။ ဒါဟာ လူတွေ အနေနဲ့ ဆုံးရှုံးသွားတဲ့ အရာတစ်ခု ကြောင့် စိတ်ထိခိုက်မှု မရှိစေဖို့ ကူညီပေးရာ ရောက်တယ်လို့လည်း သူက ပြောပါတယ်။

          လူသားတွေ အနေနဲ့ တစ်ချိန်ချိန် မှာ သေသူကို အသက်ပြန်သွင်း နိုင်သည်အထိ နည်းပညာ တွေကို အဆင့်မြှင့်တင် လာနိုင်မယ်လို့ ဗလေရီယာ အူဒါလိုဗာ က ယုံကြည်ထား ပေမယ့်လည်း အာမခံချက် တော့ မရှိဘူးလို့ လည်း ဆိုပါတယ်။

          အလက်ဆီဗိုရိုနာကော့ ကတော့ သိပ္ပံ ပညာရှင်တွေ အနေနဲ့ လူ့ခန္ဓာကိုယ် တွေနဲ့ ကိုယ်တွင်း အင်္ဂါတွေကို ဖန်တီး လာနိုင်မယ်လို့ ယုံကြည်ထားပြီး အဲဒီ အချိန်ကျရင် ဖန်တီး ထားတဲ့ ခန္ဓိာကိုယ် ထဲကို သူ့အမေရဲ့ ဦးနှောက် ထည့်သွင်းခြင်း ဖြင့် သူ့အမေကို ပြန် အသက်သွင်း နိုင်မယ်လို့ တစ်ထက်ချ ယုံကြည်ထား ပါတယ်။

          ဒီလို အေးခဲထား ခြင်းက တစ်ဖက်က ကြည့်ရင် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သလို တစ်ဖက်က ကြည့်ပြန်ရင် ကျန်ရစ်သူ တွေရဲ့ မျှော်လင့်ချက် ကို ရှင်သန်စေဖို့ ကူညီပေးတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုက်ထရိုဂျင် အရည်အပြည့် ရှိတဲ့ ကန်ထဲမှာ အေးခဲထားတဲ့ ဦးနှောက်တွေ ၊ ခန္ဓာကိုယ် တွေဟာ ကျန်ရစ်သူ တွေရဲ့ မျှော်လင့်ချက် တွေကြောင့် ဆက်လက် ရှင်သန် နေရဦးမှာ ဖြစ်ပါတယ်။

 

ထက်မြက်

Ref : Mail Online

ဓာတ်ပုံ - အင်တာနက်

Crd : mwd daily


No comments: