Thursday, November 5, 2020

အရိုးသန်မာအောင် စားသောက်နည်း

 

အရိုးသန်မာအောင် စားသောက်နည်း 


လူ့ခန္ဓာကိုယ် တစ်ခုလုံး နိစ္စဓူဝမှာ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်၊ သွားလာနိုင်ရေး အတွက် အရိုးနှင့် အရိုးဆက် (အဆစ်အမျက်) များ၏ အခန်းကဏ္ဍ ကလည်း လွန်စွာ အရေးပါလှ ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ ကျန်းမာရေး သုတေသီ များက အောက်တိုဘာ ၁၂ မှ ၂ဝ World Bone and Joint Week အဖြစ် ကျန်းမာသုတ သတိပေးထား ပါတယ်။ အရိုးနှင့် အရိုးဆက် ကျန်းမာရေး ရက်သတ္တပတ် ဆိုသည်မှာ အောက်ဖော်ပြပါ အကြောင်းအရာ ငါးမျိုးကို ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။

          အောက်တိုဘာ ၁၂  - ကမ္ဘာ့အဆစ်ရောင် ရောဂါနေ့  

( World Arthritis Day )


          အောက်တိုဘာ ၁၆  - ကမ္ဘာ့ကျောရိုး ကျန်းမာရေးနေ့

(World Spine Day )

          အောက်တိုဘာ ၁၇  - ကမ္ဘာ့အရိုး ဒဏ်ရာဒဏ်ချက်/ အနာတရနေ့

(World Trauma Day )

          အောက်တိုဘာ ၁၉  - ကမ္ဘာ့ကလေးသူငယ် အရိုးနှင့်အရိုးဆက် ကျန်းမာရေးနေ့

          ( World Pediatric Bone and Joint (PB&J) Day )

          အောက်တိုဘာ ၂ဝ - ကမ္ဘာ့အရိုးပွ ရောဂါနေ့

          ( World Osteoporosis Day )

အရိုးနှင့်အရိုးဆက် ကျန်းမာရေး ကလည်း ဟော်မုန်း နှင့် တိုက်ရိုက်ဆက်နွှယ် နေသဖြင့် ''ယောက်ျားဒူလာ၊ မိန်းမမီးယပ်'' ဆိုသည့်အတိုင်း ပျမ်းမျှ လူ့သက်တမ်း ၅ဝ ခန့်မှစ၍ ''အရိုးဇရာ ရောဂါ'' ခံစားရလေ့ ရှိပါတယ်။ သွေးဆုံးပြီး အမျိုးသမီး တွေနဲ့ အရွယ်မတိုင်ခင် သားအိမ် ထုတ်ထားသည့် အမျိုးသမီးတွေ မှာလည်း ဟော်မုန်း ပြဿနာကြောင့် အရိုးပါး၊ အရိုးပွရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ တချို့က  မွေးရာပါ အရိုး ရောဂါခံစားရ တတ်ပြီး တချို့ကလည်း ကျန်းမာရေး ချို့တဲ့၍ သောက်သုံး နေရသော ပဋိဇီဝ ဆေးတချို့၏ ဘေးထွက် ဆိုးကျိုးကြောင့်  အရွယ်မတိုင်မီ  အရိုး အားနည်းသွား ပါတယ်။ အရိုးနှင့် အရိုးဆက်တွေက လူ့တစ်ကိုယ်လုံးကို  ထမ်းထားရတဲ့ အတွက် အရိုး ကျန်းမာမှ ကိုယ်ရောစိတ်ပါ ကျန်းမာ နိုင်တော့မည် ဖြစ်ပါတယ်။

အောက်ဖော်ပြပါ အစားအစာ တွေက အရိုးသန်မာ စေရေးအတွက် တစ်ဖက် တစ်လမ်းက လွန်စွာကောင်း ကျိုးပြု၍ နေ့စဉ် အစားအသောက်မှာ  ထည့်သွင်း စားသောက် စေလိုပါတယ်။

(၁) ဟင်းသီးဟင်းရွက်စားပါ

ကိုက်လန်၊ မုန်ညင်းစိမ်း၊ ကန်စွန်းရွက်၊ မုန်လာရွက်၊ တစောင်းချဉ်၊ ဘရိုကိုလီ ခေါ် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံပင် စတဲ့ အစိမ်းရောင် ရင့်ရင့် အရွက်တွေက အရိုးအား ကောင်းစေပါတယ်။  မုန်လာဥနီ၊ ပဲထောပတ်၊ ဖုချိုင် တွေကလည်း နွားနို့ကဲ့သို့  ကယ်စီယမ်ဓာတ် ကြယ်ဝတဲ့ ဟင်းသီးဟင်းရွက် တွေပါပဲ။ (သင်္ဘော ရွက်ပြုတ်ကို အတို့အမြှုပ် လုပ်စားခြင်းက အရိုးပျော့ ရောဂါ ပျောက်စေနိုင်သလို သင်္ဘောရွက်ကိ အခြောက်လှန်း၍ အမှုန့်ပြု ထောင်းထားပြီး ရေနွေးပူပူမှာ လက်ဖက်ခြောက်လို ခတ်ကာ နေ့စဉ် သောက်သုံး ခြင်းဖြင့် အရိုးမာ စေပါတယ်)

(၂) သက်သတ်လွတ် အမြဲမစားသင့်ပါဘူး

အချို့သူတွေက တိရစ္ဆာန်မှ ရတဲ့ ပရိုတင်းဓာတ် များဟာ အရိုးကြပ်ဆတ် စေတယ်လို့ ထင်မှတ်မှား နေကြပြီး ခြေလေးချောင်းသား ကို ရှောင်ကြ ပါတယ်။ သက်သတ်လွတ် ရက်ရှည်စားခြင်း၊ အသားတစ်မျိုး တည်းကိုသာ စွဲစွဲမြဲမြဲ စားခြင်းစတဲ့ ဓလေ့ စရိုက်ပယ် ကာ သန့်ရှင်း လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် တွေနဲ့ သား၊ ငါးအစုံတို့ကို မျှတစွာ စားသုံးတဲ့ အကျင့်ကောင်းကို မွေးမြူမှသာ ကျန်းမာရေး အတွက် ဘက်စုံ ကောင်းမွန် စေမှာ ဖြစ်ပါတယ်။ (သက်သတ်လွတ် မကြာခဏစားသူ များအတွက်   အရိုးအား ကောင်းစေဖို့ ကယ်စီယမ် ဖြည့်စွက်စာ အဖြစ် နွားနို့တစ်ခွက် နေ့စဉ် သောက်ပေး သင့်ပါတယ်) 

(၃) အရိုးရောပြမ်းတဲ့ဟင်းလျာများချက်စားပါ

အမှတ်စဉ်(၁)မှာ ဖော်ပြထားတဲ့ ဟင်းသီးဟင်းရွက် တွေကို ကြက်၊ ဝက်၊ ဆိတ်၊ အမဲရိုးတို့ဖြင့် စွပ်ပြုတ်ချက် စားပါ။ ခြေလေးချောင်း သား (ဝက်၊ ဆိတ်၊ အမဲ) ရိုးထဲရှိ ခြင်ဆီနှစ်တွေက ကျွန်မတို့ လူသားတွေရဲ့ အရိုးအဆစ် တွေကို ကောင်းစွာ အထောက်အပံ့ ပေးတာကြောင့် ထိုအရိုးများ ထဲမှ ခြင်ဆီတွေ ထွက်လာအောင် မီးအေး အေးနဲ့ အချိန်ကြာကြာ အပူချက်ပြုတ်ပြီး အနည်းဆုံး ရက်သတ္တပတ်မှာ တစ်ကြိမ်လောက် စွပ်ပြုတ်လုပ်သောက် ပေးပါ။

(၄) ကောက်နှံများ စားပေးပါ

ကောက်နှံမျိုးဝင်များ ဖြစ်ကြတဲ့ ဆန်လုံးညို၊ ဂျုံ၊ ဘာလီစေ့၊  ကွေကာအုတ်၊ ရိုင်းစပါး၊ လူးစပါး၊ ပြောင်း၊ ကောက်စပါး တွေမှာ အမျှင်ဓာတ်၊ ကစီဓာတ် တွေနဲ့ ဗီတာမင်ဘီ ဓာတ်ပေါင်းစုတွေ ပါဝင်တာကြောင့် ကိုယ်ခံ စွမ်းအားကို  တိုးတက်မြင့်မား စေပါတယ်။ င်းတို့

အထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ် တွေက ကြွက်သား တစ်သျှူးတွေကို  ကောင်းစွာ တည်ဆောက် စေတာ ကြောင့်လည်း အရိုးကို ကျန်းမာသန်စွမ်း စေပါတယ်။ ဒါ့အပြင်   ကောက်နှံတွေက  မဂ္ဂနီစီယမ် ရရှိရာ အရင်းအမြစ် ဖြစ်လို့ င်းတို့ကို စားသုံး ပေးခြင်းဖြင့် သွေးထဲရှိ  ကယ်စီယမ်တွေကို စုပ်ယူပေးကာ အရိုးသို့ ပို့ဆောင်ပေး တာကြောင့် အရိုးအား ကောင်းစေ ပါတယ်။ 

(၅) သတ္တုဓာတ်ဖြည့်စွက်စာ စားပေးပါ

ဂျပန်ရိုးရာ အစားအစာ တစ်ခုဖြစ်တဲ့ ပင်လယ်ရေမှောထဲမှာ သတ္တုဓာတ်တွေ ကြယ်ဝစွာ ပါရှိနေလို့ အရိုးကို ကောင်းစွာ တည်ဆောက် စေပါတယ်။ ၁၉၉၃ ခုနှစ်က ထိုင်ဝမ်နိုင်ငံမှာ ပင်လယ်ရေမှော်ကို ဓာတ်ခွဲစမ်းသပ် ကြည့်ခဲ့ရာ အရိုးကြွပ်ဆတ် ရောဂါကို ကာကွယ်ပေးနိုင် ကြောင်း လေ့လာတွေ့ ရှိ ခဲ့ရတာကြောင့် ထိုင်ဝမ်ဆေး သုတေသီများက ပင်လယ်ရေမှော်ကို ရက်သတ္တပတ်မှာ အနည်းဆုံး နှစ်ကြိမ် စားပေးသင့်တယ် လို့အကြံပြု တိုက်တွန်း ထားပါတယ်။   ဒါ့အပြင် အဲဒီ ရေမှော်က သိုင်းရွိုက်ဂလင်း တွေကိုလည်း ကျန်းမာ စေပါတယ်။ 

(၆) အရိုးစားပါ

အရိုးကောင်းစေဖို့ အရိုးများများ စားပေးရပါမယ်။ သဘာဝ ကယ်စီယမ် သတ္တုဓာတ် များဖြစ်တဲ့ အရိုးပါ ဝါးစားလို့ရတဲ့ ငါးသလဲထိုး၊ ငါးသင်တုန်း၊ ငါးပြက်၊ ငါးဘဲဖြူ၊ ငါးသံချိတ် (သေးသေး)၊ အခွံပါ ဝါးစားလို့ရတဲ့ ပုစွန်ဆိတ်၊ ငါးနီတူခြောက်၊ ငါးသေတ္တာ၊ ငါးသလောက် ပေါင်းတို့ကို စားပေးပါ။ ကြက်၊ ဝက်၊ ဆိတ်၊ အမဲရိုး တွေကို   အရိုးပါစားလို့ ရတဲ့အထိ   ပေါင်းအိုးဖြင့် အရိုးနူးတဲ့ အထိ ပေါင်းစားပေးပါ။

(၇) အဆီစားပါ

အရိုးကျန်းမာရေးနဲ့ ပတ်သက်ပြီး အဆီ စားသုံးရမယ့်  ဝိသေသသုံးမျိုး ရှိပါတယ်။    အဆီတွေ အများကြီး စားတာ လုံးဝ မကောင်းပါ။   အဆီ နည်းနည်းလေး မစားပါနဲ့။    အာဟာရ ပြည့်တဲ့  ဆီသန့်ကို အလုံအလောက် စားပေးပါ။ သွေးဆုံးပြီး အမျိုးသမီး ကြီးများ အတွက် နေ့စဉ် ၆ဝ ဂရမ်ပမာဏ ရှိတဲ့ အဆီဓာတ် လိုအပ်ပါတယ်။ ဆိုလိုတာက တစ်နေ့တာ စားသုံးတဲ့ အစားအစာ တွေထဲမှာ သဘာဝ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေ ကရတဲ့ ဖက်တီးအက်စစ် အဆီမျိုးကို လက်ဖက်ရည် ဇွန်းနှစ်ဇွန်းလောက် စားပေးရမှာ ဖြစ်ပြီး အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ဖက်တီးအက်စစ် တို့လို တိရစ္ဆာန် ကရတဲ့  အဆီမျိုး ကိုတော့ လက်ဖက်ရည် ဇွန်းတစ်ဇွန်း လောက် စားပေးရမှာ ဖြစ်ပါတယ်။  

 

ပေါက်ပေါက်

ဓာတ်ပုံ - အင်တာနက်

Crd mwd daily


No comments: