Monday, November 2, 2020

ရာသီစက်ဝန်း ကိုက်ခဲခြင်း ဝေဒနာ

 

ရာသီစက်ဝန်း ကိုက်ခဲခြင်း ဝေဒနာ

 


အမျိုးသမီးထုကြီး ၁၀ ဦးတွင် ရှစ်ဦးက ရာသီစက်ဝန်း နာကျင် ကိုက်ခဲခြင်း ဆိုသော ဝေဒနာကို ခံစားကြ ရသည်။ ထိုဝေဒနာ ဖြစ်ရခြင်းမှာ သားအိမ် အတွင်းတွင် ပရော့စတာဂလင်ဒင် ခေါ် မဟော်မုန်း အဆမတန် များပြား လာခြင်းကြောင့် ဖြစ်သည်။ ယင်း အချိန်တွင် ပရိုဂျက် စတိရုန်း ခေါ် မဟော်မုန်း တစ်မျိုး နည်းပါး လာသည်ကို တွေ့ရသည်။ ရာသီစက်ဝန်း နာကျင် ကိုက်ခဲခြင်း ကို Dysmenorrhoea ဟု ခေါ်သည်။

          သားအိမ်နံရံလွှာ တွေကနေ Prostablandin နှင့် Bradykinin ဆိုသော မဟော်မုန်း များ ထုတ်ပေးသည်။ ထိုပစ္စည်း နှစ်မျိုးသည် သားအိမ် ကြွက်သားများကို ညှစ်စေ ၊ ကျုံ့စေခြင်း ကြောင့် သားအိမ် တည်ရှိသော ဆီးစပ်တစ်ဝိုက်မှာ ညှစ်သလို ခံစားရခြင်း ဖြစ်သည်။


          နာကျင်ကိုက်ခဲ ခြင်းနှင့် အခြား လက္ခဏာ များမှာ ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း ၊ ကျောကုန်း ကိုက်ခဲခြင်း ၊ ခါးနာခြင်း ၊ ပေါင်းတွင်းပိုင်း နာကျင်ခြင်း ၊ မလှုပ်ချင် မရှားချင် ဖြစ်နေခြင်း ၊ စိတ်ခံစားမှုများ ပြောင်းလဲ နေခြင်း ၊ ဒေါသထွက် လွယ်ခြင်း ၊ သားမြတ်များ နာကျင် လာခြင်း ၊ မူးဝေခြင်း ၊ ခေါင်းကိုက်ခဲခြင်း ၊ နားအူခြင်း ၊ နားလေထွက်ခြင်း တို့ ဖြစ်သည်။

          ဖြစ်ပွားရသော အကြောင်းရင်း များမှာ ရာသီစက်ဝန်း တွင် ချဉ် ၊ စပ် သော အစားအစာ များ လွန်ကဲစွာ စားခြင်း ( ငရုတ်သီး ၊ အချဉ်သုပ် )၊ ဖန်ချုပ်သော အစားအစာ များလွန်စွာ စားခြင်း ( မာလကာသီး ၊ မန်ကျည်းသီးစိမ်း ၊ လက်ဖက် ) ၊ ရေခဲရေများ လွန်စွာ သောက်ခြင်း ၊ အအေးစာများ လွန်စွာ စားခြင်း ( ရွှေဖရုံသီး ၊ ခရမ်းသီး ) ၊ ကြေကျက်ခဲသော အစားအစာများ ( အားလူး ၊ မျှစ် ) တို့ စားသုံးခြင်း နှင့် ပူလွန်းအေးလွန်း သော နေရာများတွင် နေထိုင်ခြင်း ၊ ရာသီစက်ဝန်းချိန် ခေါင်းလျှော်ခြင်း ကို ပြုလုပ်သည့် အခါ ဆံပင်ပြောင် အောင် မသုတ်ခြင်း စသည်တို့ ဖြစ်သည်။

          နာကျင် ကိုက်ခဲခြင်း ကို ဖြစ်စေသော အခြား ရောဂါများမှာ မျိုးပွားအင်္ဂါ ပိုးဝင်ပြီး ရောင်ရမ်းခြင်း ၊ သားအိမ် အသားလုံး ရောဂါ ၊ နေရာလွဲမှားသော သားအိမ် အတွင်းသား ရောဂါတို့ ဖြစ်သည်။ ထိုရောဂါများ ကြောင့်လည်း ရာသီစက်ဝန်းချိန် တွင် နာကျင်ကိုက်ခဲ ခြင်း ဖြစ်သည်ကိုလည်း မမေ့သင့်ပါ။

          အာယုဗေဒ ဆေးပညာအရ အပါန၀ါယော ပျက်စီးခြင်း ကြောင့် ရာသီစက်ဝန်းချိန် နာကျင် ကိုက်ခဲခြင်း ဖြစ်ရခြင်း ဖြစ်သည်။ ဒေသနာ ဆေးပညာအရ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ တို့ လွဲမှားစွာ ကျင့်သုံးခြင်း ကြောင့် ဥဏှတေဇော အကြောင်းခံ၍ လည်းကောင်း ၊ သီတတေဇော အကြောင်းခံ ၍လည်းကောင်း ရာသီစက်ဝန်းချိန် ကိုက်ခဲခြင်း ဖြစ်ရခြင်း ဖြစ်သည်။ ရာသီစက်ဝန်းချိန် တွင် နာကျင်ကိုက်ခဲ ခြင်းအပြင် ကိုယ်တွင်း ဟော်မုန်း ကမောက်ကမ ဖြစ်မှုကြောင့် ၀မ်းချုပ်ခြင်း ကိုလည်း ဖြစ်စေသည်။

          နာကျင်ကိုက်ခဲ ခြင်းမှ ကင်းဝေးစေရန် အတွက် ဆီကြော်စာ များနှင့် ချဉ်စပ် အရသာရှိသော အစားအစာ များကို ရာသီစက်ဝန်း မလာမီ တစ်ပတ်အလို ကတည်းက ကြိုတင် ရှောင်ထားရမည်။ ရာသီစက်ဝန်းချိန် သွေးချုပ် စေသော ပျစ်ခဲ နေပါက သကြား ၊ ဆား ၊ အချို နှင့် နို့ထွက် ပစ္စည်းများ ကို ရှောင်ကြဉ် ရမည်။ ရက်ရှည် ရာသီစက်ဝန်း လည်တတ်သော အမျိုးသမီးများ အနေဖြင့် အချိုကို အထူးဂရုပြု ရှောင်ကြဉ် သင့်သည်။ အိမ်ထောင်သည် အမျိုးသမီးများ အနေဖြင့် ရာသီစက်ဝန်း ချိန်တွင် ကိုယ်လက် နှီးနှောခြင်း မပြုလုပ် ရပါ။ ရာသီစက်ဝန်း ဖြစ်ပေါ်ချိန် သုံးသည့် အမျိုးသမီးသုံး ပစ္စည်း pad တစ်ခုတည်းကို တစ်နေကုန် မှ တစ်ခါသာာ လဲခြင်း မပြုလုပ်ဘဲ ၄ နာရီခြား တစ်ခါ လဲပေးသင့်သည်။ ကဖိန်းဓာတ် ပါသော ကော်ဖီ ၊ လက်ဖက် နှင့် အငန်ဓာတ် ပါသော အစာများကိုလည်း ရှောင်ရှားရမည်။

          နာကျင် ကိုက်ခဲတတ်သော အမျိုးသမီး များသည် ရာသီစက်ဝန်း ချိန် မတိုင်ခင် အချိန် ကတည်းက သွေးလှည့်ပတ်မှု ကောင်းစေရန် နာကျင်မှု လျော့ကျစေရန် ပေါ့ပါးသော လေ့ကျင့်ခန်း များကို ပြုလုပ်ပေး ရမည်။ ၀မ်းဗိုက် နှင့် ခါးတွင် ရေနွေးအိတ် ကပ်ပေးခြင်း ၊ ရေနွေးနှင့် ရေချိုးခြင်း ကို ပြုလုပ်ပေး ရမည်။ လုံလောက်စွာ အနားယူ ရမည်။ အစာကိုလည်း ပုံမှန် စားပေးရမည်။ ရာသီလာစဉ် ကိုက်ခဲခြင်း သည် အသက်ကြီး လာသော အချိန် အိမ်ထောင် ပြုပြီး သား ၊ သမီး ရသော အချိန်များတွင် အလိုလို သက်သာသွား တတ်သည်။

          နာကျင်မှုကို မေ့လျော့ကာ သူငယ်ချင်း မိတ်ဆွေများနှင့် ပျော်ပျော် နေခြင်းကလည်း နာကျင်မှုကို သက်သာစေသော နည်းတစ်နည်း ဖြစ်သည်။ နာကျင် ကိုက်ခဲမှု များကို သက်သာစေရန် စားသောက်ပေး ရမည့် အစားအစာ များမှာ လက်ဆတ်သော ဟင်းသီးဟင်းရွက် များ ၊ သံဓာတ် အားကောင်း စေသော အစားအစာများ ( ဟင်းနုနယ် ၊ မုန်လာဥနီ ) ၊ ကြေကျက်စေသော အစာတို့ကို စားသုံးပေး ရမည်။ ဗီတာမင် E ပါသော အစားအစာများ ( အခွံမာ အသီးများ ၊ နေကြာစေ့ )  ကိုလည်း စားသုံးပေး ရမည်။ အိပ်ချိန်တွင် ခြေထောက်ကို အနည်းငယ် မြှင့်ပေးခြင်း ကလည်း နာကျင်မှုကို သက်သာ စေသည်။

          တိုင်းရင်းဆေးဖြင့် ဆေးကျွေး ကုသမည် ဆိုပါက နံနက် ၊ နေ့လယ် ၊ ညနေ တွင် သွေးဆေးငန် လေးပဲသား ကို ရေနွေဖြင့် တိုက်ကျွေး နိုင်သည်။ ညအိပ်ရာဝင် ချိန်တွင် ရှားစောင်း လက်ပတ် ချက်ဆေး ကို လက်ဖက်စားဖွန်း တစ်ဖွန်း စားသုံးပေး သင့်သည်။ ဓာတ်စာအဖြစ် ၀ဖြိုးသော သူများအတွက် ချင်းများများ နှင့် ထန်းလျက် အနည်းငယ် ထည့်ကာ ကျိုသောက် ပေးနိုင်သည်။ ပိန်သောသူများ အတွက် ချင်းနည်းနည်း နှင့် ထန်းလျက်များ ထည့်ကာ ကျိုသောက်ပေး နိုင်သည်။ အခြားဓာတ်စာများ အနေဖြင့် ဒန့်သလွန် ၊ ကြိတ်မှန် ၊ ရှားစောင်းလက်ပပ် ၊ စမုန်မျိုးငါးပါး ၊ ကျောက်ဖရုံသီး တို့ကို စားသုံးပေး နိုင်သည်။ အမျိုးသမီး အများစု ရာသီစက်ဝန်းချိန် ခံစားရလေ့ ရှိသော ကိုက်ခဲ နာကျင်မှုကို သက်သာလျော့ပါး စေသော စေတနာဖြင့် ရေးသား တင်ပြလိုက်ရ ပါသည်။

 

မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်

Crd : mwd daily


No comments: