Tuesday, November 10, 2020
ကျန်းမာရေးအတွက် လိုအပ်သော သောက်သုံးရေ
ကျန်းမာရေးအတွက် လိုအပ်သော သောက်သုံးရေ 
လူတို့၏ ခန္ဓာကိုယ်ထဲတွင် အများဆုံး ပါဝင်ဖွဲ့စည်း ထားသော ဓာတ်သည် ရေဓာတ် ဖြစ်သည်။ ရေသည် ခန္ဓာကိုယ် အလေးချိန် ၏ ၆၀ ရာခိုင်နှုန်း အထိ ပါဝင်သည်။ လူတို့၏ ခန္ဓာကိုယ်တွင် အလွန် မာကျောသည် ဟု ထင်ရသည့် အရိုးထဲမှာပင် ရေပါဝင်မှု ၂၀ ရာခိုင်နှုန်း ရှိသည်ဟု မှတ်သားရသည်။ သွေးထဲတွင် ရေဓာတ် ၉၅ ရာခိုင်နှုန်း ပါဝင်နေသည်။ ခန္ဓာကိုယ်၏ ကလာပ်စည်း တိုင်းတွင် ရေရှိသည်။ ရေမရှိလျှင် ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းမျှ ရှင်သန်နိုင်မည် မဟုတ်ပေ။
          လူ၏ ခန္ဓာကိုယ်တွင် အာဟာရ ပြည့်ဝစေရေး အတွက် နေ့စဉ် အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးပေးရန် လိုအပ် သကဲ့သို့ ရေကိုလည်း နေ့စဉ် အပြည့်အ၀ သောက်သုံး ပေးရန် လိုသည်။ ပုံမှန်အားဖြင့် လူတစ်ဦးသည် တစ်ရက်လျှင် ရေဖြစ်စေ ၊ ဖျော်ရည်ဖြစ်စေ ဂါလန်ဝက်ခန့် သောက်သုံးပေးရန် လိုအပ်သည်။ တခြား အစားအစာ များထဲမှ ဂါလန် တစ်စိတ် ( လေးပုံတစ်ပုံခန့်) ရသည် ဖြစ်သော်လည်း ရေဂါလန်ဝက် ခန့် (ရေသုံးပုလင်း) ပြည့်အောင် နေ့စဉ် ပုံမှန် သောက်သုံးပေး သင့်သည်။
          ခန္ဓာကိုယ် အတွင်းသို့ ရေအ၀င်ရှိ သကဲ့သို့ ဆီးအဖြစ် ဂါလန်ဝက် ခန့် ပြန်ထွက်သည်။ အရေပြား ၊ အဆုတ် တို့မှ ငွေ့ပျံ သွားသည့်ရေက သောက်သုံး လိုက်သည့် ရေ၏ လေးပုံတစ်ပုံ ခန့်ရှိသည်။ ထို့ကြောင့် တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ရေဂါလန်ဝက် ခန့် ပြန်လည် ဆုံးရှုံး နေသည်ဟု ဆိုခြင်း ဖြစ်သည်။
          ခန္ဓာကိုယ် အတွင်းသို့ ရေအ၀င်နှင့် အထွက်ကိုသာ ကြည့်ခြင်းအားဖြင့် ထူးဆန်းစရာ မဟုတ်ဟု ထင်ရသည်။ သို့သော် ခန္ဓာကိုယ် အတွင်း လှုပ်ရှား လည်ပတ်နေသည့် ရေပမာဏကို လေ့လာကြည့်လျှင် ရေသည် လူ့ခန္ဓာကိုယ်၏ သဘာဝ လုပ်ငန်းများ အတွက် မည်မျှအထိ ပါဝင်လုအပ် သည်ကိုသိရန် လိုအပ်လှသည်။
          တစ်ရက်လျှင် သွေးထဲမှ ကျောက်ကပ်ထဲသို့ စိမ့်ထွက်နေသည့် ရေသည် ဆီးအဖြစ် ဂါလန်ဝက်ခန့် သာ ထွက်သွားပြီး ကျန်သည်ကို ကျောက်ကပ်က ပြန်၍ စုပ်ယူထားသည်။ ပါးစပ်နှင့် အာခေါင်ကို မခြောက်သွေးစေရန် နှင့် အစာခြေ လုပ်ငန်းတွင် လည်ပတ်မှုမှာ တံတွေးအဖြစ် ဂါလန်ဝက်ခန့် ပြန်ထွက်သည်။ အစာအိမ်က အစာခြေရန် ရေဂါလန်ဝက်ခန့် ထွက်ပြန်သည်။ အသည်း နှင့် အူသိမ်များက အရည် တစ်ဂါလန်ကျော် ထွက်သည်။
          ထိုကဲ့သို့ အစာခြေအင်္ဂါစ က ထွက်သည့် ရေနှစ်ဂါလန် ခန့်ကို အူမကြီးပိုင်းက ပြန်စုပ်ယူ ပေးသည်။ ယင်းအချက်များကို သုံးသပ်ကြည့် ပါက လူ့ခနဓာကိုယ် အတွင်း ရေလုံလောက်စွာ ရရှိရန် လိုအပ်သည်။ လူတစ်ဦး တစ်ရက် သောက်လိုက်သည့် ရေသည် ခန္ဓာကိုယ် အတွင်း မည်မျှကြာအောင် နေသည်ကို လူတိုင်း သိချင်ကြမည် ဖြစ်သည်။
          တိုင်းရင်းမြန်မာ ဆေးကျမ်း အသီးသီး ၏ အဆိုအရ . . . လူတို့ သောက်သုံး လိုက်သည့် ရေ၏ ၅၀ ရာခိုင်နှုန်း သည် ၁၀ ရက်မှ ၁၅ ရက် အတွင်း ခန္ဓာကိုယ်ထဲမှ ပြန်ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း ရေဟောင်းများသည် ခန္ဓာကိုယ် ထဲမှ ထွက်သွားသည်။
          ခန္ဓာကိုယ်ထဲတွင် ရေဓာတ် မပြည့်ဝသော သူသည် မကြာခဏ ရေငတ်မှုကို ခံစား လာရသည်။ အများအားဖြင့် အာခေါင်ခြောက် လာသဖြင့် ရေငတ်သည်ဟု ထင်ကြသည်။ အမှန်မှာ ရေသောက်ချင်သည့် စိတ်က ဦးနှောက်မှ စေ့ဆော်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ် ထဲတွင် ရေဓာတ်နည်း သွားလျှင် သွေးက ပျစ်သွားသည်။ ဤသည်ကို ဦးနောက်ပိုင်း တစ်နေရာက သိရှိပြီး ရေငတ်သည့် စိတ်ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ခန္ဓာကိုယ်ထဲတွင် ရေမနည်း သော်လည်း ဆားများများ စားလျှင် ရေငန် သကဲ့သို့ပင် ခံစားရသည်။ အဘယ်ကြောင့် ဆိုသော် ဆားသည် ရေထဲတွင် ပျော်ဝင်သွားပြီး ရေကို ပျစ်သွား စေသောကြောင့် ဖြစ်သည်။
          ကလေးငယ် များတွင် ငယ်ထိပ်ချိုင့်ဝင် နေခြင်း ၊ မျက်လုံး ချိုင့်ဝင်နေခြင်း တို့သည် ရေလိုအပ်သည့် လက္ခဏာကို ပြသနေခြင်း ဖြစ်သည်။ အဆိုပါ ကလေးငယ်၏ လက်မှ အရေပြားကို ညှပ်ဆွဲပြီး ပြန်လွှတ်ချ ကြည့်လိုက်ပါ။ အရေပြားက ပြန်ကျမသွားဘဲ ရှုံ့တွဲ ကျန်နေပြီဆိုလျှင် ရေဓာတ် လိုအပ်နေပြီ ဖြစ်သည်။
          ရေတစ်ပုလင်း (ရေသန့်တစ်လီတာဘူး) လျှင် ဆားတစ်ဇွန်း ၊ သကြား ၃ ဇွန်း ထည့်၍ ဓာတ်ဆားရည် သဘောမျိုး ကလေးငယ်အား တိုက်ပေးသင့်သည်။
          လူတစ်ဦးသည် နေ့စဉ် ကျန်းမာရေး အတွက် ရေကို ပြည့်ဝစွာ သောက်သုံးပေး သင့်သည်။ ထမင်းအသက် ခုနစ်ရက် ၊ ရေအသက် တစ်မနက် ဆိုသည့် မြန်မာ စကားပုံလည်း ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ကျန်းမာရေး အတွက် ခန္ဓာကိုယ်တွင် လိုအပ်နေသော ရေဓာတ် ပြည့်ဝစေရန် ရေကို အထူးဂရုစိုက် သောက်သုံး ပေးသင့်ပါကြောင်း အကြံပြု ရေးသား တင်ပြလိုက်ရ ပါသည်။
ဝင်းဇော် (သုံးဆယ်)
ဓာတ်ပုံ - အင်တာနက်
Crd - mwddaily
No comments: