အထိုင်များခြင်းကြောင့် ဖြစ်နိုင်သော ရောဂါများ
ယခုခေတ်တွင် အစည်းအဝေးနာ ဟုခေါ်သော အထိုင်များခြင်း၊ အညောင်းများခြင်း၊ အကြောဆိုင်းခြင်း၊ ကျောရိုး၊ ဇက်ကြောနှင့် ခါးဆစ်များ တောင့်တင်းသော ရောဂါများသည် အဖြစ်များသော ရောဂါများ ဖြစ်လေသည်။ အထူးသဖြင့် တစ်နေ့လျှင် ခြောက်နာရီ ထက်ပို၍ အထိုင်များသူ များတွင် တွေ့ရလေ့ ရှိသည်။
အချို့သူများမှာ
ခရီးသွား များသည်။ အဝေးပြေး မှန်လုံကားကြီး များပေါ်တွင် ခြောက်နာရီ ထက်ကျော်ကြာသော
အချိန်များကို ထိုင်ရင်း၊ အိပ်ရင်း လိုက်ပါရသည်။ ထိုသူများတွင် အကြောပိတ်ပြီး
ကိုက်ခဲသော ရောဂါအပြင် ကြာလျှင် ထုံကျဉ်ရောဂါများ ပါရတတ် လေသည်။
ယခုခေတ်တွင် ကွန်ပျူတာ အသုံးများ လာခြင်း၊ လက်ကိုင်ဖုန်းဖြင့်
လူမှုကွန်ရက် စာမျက်နှာခေါ် Facebook အသုံးများ လာခြင်းကြောင့်
လူကြီးများတွင် သာမက လူငယ်များ တွင်ပါ အထိုင်များ ခြင်းကြောင့် ဖြစ်သော ရောဂါ ဝေဒနာများ
ခံစားလာရ သည်ကို တွေ့ရှိရသည်။
စာရေးသူ၏ မိတ်ဆွေ မြို့တော်စည်ပင်မှ ဌာနမှူး တစ်ဦးသည် နေ့စဉ် တစ်နေ့လျှင် ခြောက်နာရီခန့် အစည်းအဝေး
ထိုင်ရသည်ဟု ဆိုသည်။ သူ့တွင် ခါးနာရောဂါ၊ ခြေနှစ်ဖက် ညောင်းကိုက်သော ရောဂါများ နှစ်ရှည်စွဲမြဲ
ခံစားနေရသည်။ ယခုနှစ်တွင် ကျန်းမာရေး ဆေးစစ် ကြည့်သောအခါ အသည်း အဆီဖုံး ရောဂါ၊ ဇက်ကျီးပေါင်း ရောဂါ၊
ခါးကျီးပေါင်း ရောဂါများပါ နောက်ဆက်တွဲ ဖြစ်ပွားနေသည်ဟု သိရသည်။
ထို့ပြင် မျက်စိအမြင် မကြည်လင်ဘဲ မျက်မှန်ဒီဂရီ လည်း တိုးပြီးရင်း တိုးဖြစ် နေသည်ဟု သူက ညည်းတွားသည်။ အထိုင်များသော ပုဂ္ဂိုလ်တိုင်း မလွဲမသွေ တွေ့ကြုံ ခံစားရမည့် ဝေဒနာများ ဖြစ်သည်။ အချို့သူများသည် ခြေထောက်များ ညောင်းကိုက် သဖြင့် ညစဉ် အိပ်ရာဝင်ချိန် တိုင်း အနင်းအနှိပ် ခံရာမှ စွဲသွားသူများ ရှိသည်။ အနင်းအနှိပ်တွင် အခိုး ထွက်အောင်၊ အပူလည်အောင် မနင်းမနှိပ်ဘဲ ဖြစ်သလို အနင်းအနှိပ်ခံ ခြင်းကြောင့် အထက်သို့ အခိုးတက်ပြီး မျက်စိအမြင် မကြည်လင်၊ မျက်စိမွဲ သွားသူများ ရှိသည်။ အနင်းအနှိပ် စွဲသွားခြင်းသည် ကောင်းကျိုးမပေးပေ။
အထက်ပါ ဝေဒနာများကို ကုစားရန် အတွက် လွယ်ကူပြီး
ထိရောက်သော နည်းတစ်နည်းမှာ ခြေကို ဆီဖြင့် လိမ်းနယ်ခြင်း နည်းပင်ဖြစ်သည်။ ဤနည်းကို
ရှေးခေတ်ကပင် လူများ သာမက ရဟန်းတော် များတွင်ပင် အသုံးပြု ခဲ့ကြသည်။ ဆီလိမ်းရာတွင် နှမ်းဆီနှင့် အချို့က မုန်ညင်းဆီကို အသုံးများ ကြသည်။ အရှေ့တိုင်းသား များတွင် သံလွင်ဆီကို
အသုံးများ ကြသည်။
မြေပဲဆီကိုမူ ဆီလိမ်းရာတွင် အသုံးပြုလေ့ မရှိပါ။ ဆီလိမ်း ရာတွင်လည်း နဂိုကပင် မီးဖြင့် ကျိုချက်ထားပြီး လိမ်းနယ်ခြင်းနှင့် လိမ်းနယ်ခါနီးမှ မီးဖြင့် အပူပေးပြီး
လိမ်းသောနည်း ဟူ၍ နှစ်မျိုးရှိပါသည်။
ခြေကိုဆီလိမ်းခြင်းအကျိုး
ယောမင်းကြီး ဦးဖိုးလှိုင် ၏ နာမည် ကျော်ကြားသော ဥတုဘောဇန
သင်္ဂဟကျမ်း တွင် ဖော်ပြထား သည်မှာ ခြေကို ဆီဖြင့် လိမ်းနယ်ခြင်းသည် ပင်ပန်းခြင်းကို ပျောက်စေ
တတ်၏။ အားကို ဖြစ်စေတတ်၏။ မျက်စိကို ကြည်လင် စေတတ်၏။ အိပ်၍ ပျော်စေတတ်၏။ ခြေ၌ဖြစ်သော
အနာရောဂါ တို့ကိုနိုင်၏။ ဦးခေါင်းမှ မျက်စိကို အုပ်ဆင်း၍ ခြေမနှစ်ဖက် တိုင်သွားသော
အကြောကြီး နှစ်ခုတို့သည် ရှိကုန်၏။ ထို့ကြောင့် မျက်စိ ကြည်လင်အောင် ခြေနှစ်ဖက်ကို
ဆီဖြင့်လိမ်းနယ် ရာ၏ ဟု ရေးသား ဖော်ပြထား သည်ကို ဖတ်ရှုရသည်။
ထို့ပြင် ရဟန်းတို့၏ ပရိက္ခရာ တစ်ဆယ့်နှစ်မျိုး တွင် ခြေနယ်ဆီ ထည့်လျှင် ဆီဘူးကို မြတ်စွာဘုရား ခွင့်ပြု တော်မူသည်။ မြတ်စွာဘုရားမှ စ၍ ရဟန္တာ အရှင်သူမြတ်
တို့သည်လည်း ဒေသစာရီ လှည့်လည်လိုလျှင် ခြေနယ်ဆီ ကို ဘူးဖြင့် ထည့်ယူသွားပြီး
စခန်းချတိုင်း ချတိုင်း ညဥ့်အခါ ခြေထောက်ကို ဆီဖြင့် သေချာစွာ နယ်ပြီးမှ အိပ်ခါနီးတွင်
ရေစင်ကြယ်စွာ ဆေး၍ ကျိန်းစက် တော်မူကြသည်။
ခြေထောက် သာမက ကိုယ်လုံးကို ဆီဖြင့် လိမ်းနယ်
ခြင်းသည် လေနာ၊ သလိပ်နာ ရှိသောသူ၌ အမြတ်ဆုံး သော ဆေးဖြစ်သည်။ ကိုယ်ကို ဆီလိမ်းနယ် ခြင်းထက်
လေနာကို နိုင်သော ဆေးသည်မရှိ။ ကိုယ်လက် တောင့်တင်းခြင်း၊ လေးလံခြင်း တို့ကိုနိုင်၏။
အကြောတို့ကို ပျော့စေတတ်၏။ ၀မ်းမီးကို တောက်စေ၏။ အရေအဆင်းကို လှပစေတတ်၏။ ရေဖြင့်
သွန်းလောင်း အပ်သောသစ်ပင်သည် တစ်နေ့တခြား တိုးပွားစည်ပင် သကဲ့သို့ ဆီဖြင့် လိမ်းအပ်သော ကိုယ်သည်လည်း တစ်နေ့တခြား
စည်ပင်တိုးပွား ၏ဟု အကျယ်တ၀င့် ရေးသားဖော်ပြ ထားသည်ကို တွေ့ရပါသည်။
ခြေထောက်ကို ဆီလိမ်းရာတွင် နှမ်းဆီ သို့မဟုတ် မုန်ညင်းဆီကို
ခပ်နွေးနွေး ဖြစ်အောင် မီးဖြင့်နွှေးပြီး ခြေသလုံး နှစ်ဖက်၌ စိမ့်ဝင်အောင် လိမ်းပါ။
ညို့သကျည်း နံဘေးတွင် ကပ်လျက် တည်နေသော ပါဒရက်ကြော များ အတွင်းသို့
စိမ့်ဝင်အောင်ဖိပြီး လိမ်းနယ်ပေးပါ။ အထက် အောက် အပြန်ပြန် အလှန်လှန်
လိမ်းပေးပါ။
ညအိပ်ရာဝင် ခြေဆေးခြင်းအကျိုး
ညအိပ်ရာဝင် ခြေဆေးခြင်းဖြင့် အကြောတက်ခြင်း နှင့် အကြောတင်းပိတ်၍
အခိုးများ အထက်သို့ တက်ကာ မျက်စိအမြင် အာရုံကြောကို ထိခိုက်သည့် ရောဂါ
ဝေဒနာမှ ကြိုတင်ကာကွယ် နိုင်သည်။ အချို့ မျက်စိ မကောင်းသူ၊ ဒူလာပါဒရက်နာ ရောဂါရှိသူ များမှာ ခြေဖ၀ါး ဆားပွတ်၍
ဒူးအထက်မှ အောက်သို့ ရေလောင်း၊ ခြေဆေး ညအိပ်ရာဝင် ချိန်တိုင်း ပြုလုပ်ပေးသဖြင့် အညောင်းအကိုက်
ရောဂါများ သက်သာ ပျောက်ကင်း သည့်အပြင် မျက်စိ အတွင်းတိမ် ရောဂါဖြင့် ခွဲစိတ်ကုသ ရမည့်
အခြေအနေမှ ပြန်ကောင်း သွားသည်ကို တွေ့ဖူးသည်။
အချို့မှာ
ခြေဖ၀ါး ဆားပွတ် ရေလောင်း ရသည်မှာ အလုပ်ရှုပ် သဖြင့် သစ်သား ဇလားခွက် သို့မဟုတ်
ဂုန်နီအိတ် အခင်းပေါ်တွင် ဆားကြမ်းကို နှစ်ပိဿာခန့် ပုံပြီး မတ်တတ်ရပ်လျက်
ခြေနှစ်ဖက်ဖြင့် ဆားနင်းပြီး ခြေဖ၀ါးတွင် အပူထွက်လာမှ ဒူးအထက် ပေါင်လယ်ခန့် မှ
အောက်သို့ ရေလောင်း ခြေဆေးသည်။ ဤနည်းမှာ လည်း ရှေးလူကြီးများ ပြုလုပ်နေကျ ဆားနင်းနည်း ဖြစ်သည်။ ဆားနင်းခြင်းကြောင့် နှစ်ရှည်စွဲ နေသော ခါးနာရောဂါ
ပျောက်ကင်း သွားသူကို လက်တွေ့ တွေ့ဖူးပါသည်။
အချို့ကလည်း
ဆီလိမ်းပြီးလျှင် ခြေထောက်ကို ရေမဆေးလိုကြ။ အခြား တစ်နည်းမှာ အိပ်ရာမ၀င်မီ ခြေနှစ်ဖက်ကို
ဒူးအောက်ပိုင်းမှ စ၍ ဖြည်းဖြည်းချင်း ရေလောင်းချသည်။ အပူကုန်အောင် ရေခုနစ်ခွက်၊ ဆယ်ခွက်အထိ
လောင်းရသည် ဟုဆိုသည်။ ထို့နောက် အ၀တ်ခြောက်ဖြင့် ခြေနှစ်ဖက်မှ ရေများ ကုန်စင်အောင် သုတ်ပေးပြီး ဆီဖြင့် လိမ်းကျံခြင်း၊
ဆုပ်နယ်ပေးခြင်း၊ အပူများ ထွက်အောင် ဖ၀ါးတွင် နှိပ်နယ်ပေးခြင်း ပြုလုပ်သည် ဟုဆိုသည်။ ဤသည်မှာလည်း ကောင်းမွန်သော နည်းတစ်နည်း ဖြစ်သည်။
ခြေခုံနှင့် ခြေဖ၀ါးကို ဆီလိမ်းနယ် သောအခါ
ခြေခုံတွင် မောက်နေသော နေရာတွင် မြင်းမိုရ်ကြောနှင့် ခြေဖ၀ါး ဘေးစောင်းတွင် အပြင် ပထ၀ီကြော၊ ဖ၀ါးအောက် ချိုင့်ခွက်သော နေရာတွင် ဖ၀ါးကြောခေါ် အတွင်းပထ၀ီကြော များရှိသဖြင့်
၎င်းအကြောများ ပျော့ပျောင်း လာသည်အထိ လက်မဖြင့်
ဖိ၍ ဖိ၍ လိမ်းပြီး ဆုပ်နယ်ပေးသင့် ပေသည်။
အထိုင်များခြင်းနှင့်ဆီးရောဂါ
အထိုင်များသည့် အလုပ်လုပ်
သူများတွင် နှစ်ကြာသော အခါ ဖြစ်နိုင်ခြေ ရှိသော ရောဂါများစွာ ရှိပါသည်။ ထိုအထဲမှ
အဖြစ်များသော ရောဂါတစ်ခုမှာ ဆီးရောဂါ ဖြစ်သည်။ ဆီးရောဂါသည် ဆီးပူ၊ ဆီးအောင့် သည်မှစတင်ကာ
ဆီးကျောက် တည်ခြင်းနှင့် နောက်ဆက်တွဲတွင် ကျောက်ကပ်ရောဂါ အထိ ဖြစ်နိုင်သည်။
တစ်လောက ဆီးသွားနည်းပြီး ခါးအောက်ပိုင်း ခြေနှစ်ဖက် ကိုက်ခဲနေသော
လူနာတစ်ဦး လာပြရာ ခြေခုံနှစ်ဖက်တွင် ရောင်ပြီး
ဖောင်းနေသည်ကို တွေ့ရသည်။ ခြေထောက် ဖောရောင်ခြင်းသည် ကျောက်ကပ် ပြဿနာကြောင့်
ဖြစ်နိုင်သည်။ ကျောက်ကပ်မှ ပိုလျှံသော အရည်များကို ဆီးအဖြစ် မစွန့်ထုတ်လျှင် ခန္ဓာကိုယ်တွင်
ဖောရောင် လာတတ်သည်။ အထူးသဖြင့် ခြေခုံနှစ်ဖက်တွင် စ၍ဖောရောင် လေ့ရှိသည်။
ဖောရောင်သူ၏ ခြေသလုံး ညို့သကျည်း နံဘေးတွင် နှိပ်ကြည့်လျှင် ခွက်ကျန်ခဲ့သည်။
ခဏကြာမှ ပြန်ဖောင်း လာသည်ကို တွေ့ရလေ့ ရှိသည်။
ခြေနှစ်ဖက်ကိုက်ခဲ၍ ခြေခုံတွင် ရောင်နေသူမှာ အတန်အသင့် ၀သော အမျိုးသမီး တစ်ဦးဖြစ်သည်။ အသက် ၃၅ နှစ်ဝန်းကျင်သာ ရှိသေးသည်။ သူ့အလုပ်မှာ အရောင်းအ၀ယ် လုပ်ငန်းကြီး တစ်ခုဖြစ်ပြီး တစ်နေကုန် ရောင်းချသည့် စာရင်းများသည် နောက်တစ်ရက် ကူး၍ မဖြစ်သဖြင့် ည ၁၂ နာရီအထိ စာရင်းဇယား များနှင့် ဘောက်ချာများ စစ်ဆေးရသည်ဟု ဆိုသည်။
စာရင်းဇယား ပြုလုပ်သူ၏
နေထိုင်ပုံ အနေအထားကို မေးမြန်းကြည့် သောအခါ မိမိအိမ်တွင် လွတ်လပ်စွာ နေထိုင်သည့် အနေအထားဖြင့်
ထမင်း စားပွဲဝိုင်းတွင် စာအုပ်များ တင်ပြီး ကြမ်းပြင်တွင် ထိုင်ကာ အလုပ်လုပ်သည့် အနေအထား
ဖြစ်သည်ကို တွေ့ရသည်။ စာရေးစားပွဲနှင့် ကုလားထိုင် အသုံးမပြုဘဲ
ကြမ်းပြင်တွင် တင်ပျဉ်ခွေပြီး ကြာရှည်ညဥ့်နက် သည်အထိ ထိုင်ခြင်းမှာ မသင့်လျော်ပေ။
ထိုသူ၏ အမှားမှာ တစ်အချက် ညစာ ထမင်းစား ပြီးမှ
ထိုင်အလုပ်လုပ် သဖြင့် စားထားသော အစာများမှာ အစာအိမ်မှာပင် ရှိသေးသည်။
ဝမ်းဗိုက်ကို ခေါက်ထိုင်ထား သဖြင့် အစာမကြေ ဖြစ်နိုင်သည်။ နှစ်အချက် ၀မ်းဗိုက်တင်း
နေချိန်တွင် ခါးဆိုင်းကြော များပါ တင်းနေသဖြင့် ခေါက်ထိုင်ခြင်း၊ တင်ပျဉ်ခွေ ထိုင်ခြင်းကြောင့်
ကျောက်ကပ်တွင် အပူခဲခြင်း ဖြစ်တတ်သည်။ တစ်ရက်၊ နှစ်ရက်နှင့် ကိစ္စမရှိ သော်လည်း ရက်မှလအထိ
ကြာရှည် အလုပ်လုပ် သောအခါ ကျောက်ကပ်နှင့် ခါးဆိုင်းကြော များမှာပါ
ထိခိုက် လာနိုင်ပေသည်။
ထိုသူမှာ ပထမပိုင်းတွင် ဆီးအောင့်သလို ဆီးပူသလို ဖြစ်လာရာမှ
နောက်ပိုင်းတွင် ခါးတောင့်ခြင်း၊ ခါးနာခြင်း၊ ဆီးသွားနည်းခြင်း၊ ဆီးတွင် အနည်အနှစ်
ပါခြင်းများ ဖြစ်လာပြီးနောက် ခြေထောက် အောက်ပိုင်း တွင် သွေးလေ မလျှောက်သကဲ့သို့
ဖောင်းပြီး ရောင်တင်းခြင်း ဖြစ်လာ နိုင်ပေသည်။ အထိုင်များသည့် အလုပ်လုပ် သူများ
သတိထားရန်မှာ မည်သည့် အလုပ်ကိုမဆို နှစ်နာရီထက် ပို၍ ထိုင်ခြင်းသည် မကောင်းပေ။
လူကြီး များတွင်ပင် အစည်းအဝေး ရောဂါဟု ခေါ်သော ဆီးအောင့်၊ ခါးကိုက်ရောဂါ ရနိုင်သဖြင့်
အစည်းအဝေး ပြုလုပ်ချိန် နှစ်နာရီထက် ပိုလုပ်လျှင်
ကျောက်ကပ်ရောဂါ ရနိုင်သည်။ ထိုင်သည့် အနေအထားမှာ ကုလားထိုင်တွင်
ခြေနှစ်ချောင်းလုံး တွဲလဲချထားပြီး ခါးကို တတ်နိုင်သမျှ မတ်မတ်ထား ထိုင်သည့် အနေအထား
ဖြစ်ရမည်။ ခါးကိုကုန်းပြီး တစ်ခြမ်းစောင်း ထိုင်ခြင်းသည် အနေအထား မမှန်ပေ။ ကြာလျှင်
ခါးစောင်းပြီး ခါးအာရုံကြော ညပ်ရောဂါ ရနိုင်သည်။ ကွေးထိုင်ချိန် ကြာလျှင် ကျောက်ကပ်ကို လည်း
အပူခို စေနိုင်သည်။
ကျောက်ကပ်ရောဂါ ရသူများ၏ နောက်ဆက်တွဲ ရောဂါမှာ
သွေးတိုးရောဂါ ဟု ဆိုနိုင်သည်။ ကျောက်ကပ် မှ ရေများကို မတွန်းထုတ် သဖြင့်
သွေးကြောများ အတွင်း ရေဓာတ်များပြီး ဖိအားတိုးကာ သွေးတိုး လာရခြင်း ဖြစ်သည်။ တိုင်းရင်းဆေး ပညာတွင် အာပေါအာဗန္ဓန သွေးတိုးရောဂါ
ဟုခေါ်သည်။ အာပေါ အာဗန္ဓန=ရေဓာတ် ပိတ်ဆို့ခြင်း ကြောင့် ဖြစ်သောရောဂါ ဖြစ်သည်။
ထွက်ပေါက် မရှိခြင်း၊ တ၀ဲလည်လည် ဖြစ်နေခြင်း၊
သွေးကြောများ အတွင်းရှိ ရေများသည် ဆီးအဖြစ် ကျောက်ကပ်မှ မစွန့်ပစ် ခြင်းကြောင့်
နှလုံးသွေးကြော များအထိ ပြန်သွားပြီး သွေးဖိအား တက်လာသည်။ နှလုံးက သွေးသွားအောင်
ပို၍ညှစ်အား သုံးရသည်။ ထိုအခါ သွေးပေါင်ချိန် ဖိအားတက်လာ ရလေသည်။ ကျောက်ကပ်မှ ဆီးအဖြစ် စွန့်မှသာ သွေးဖိအား ပြန်ကျသွားမည် ဖြစ်သည်။
ထို့ကြောင့် အချို့ သွေးကျဆေး များတွင် ဆီးဆေးတွဲ ပေးထား
ခြင်းဖြစ်သည်။
အထိုင်များ ခြင်းကြောင့် ဆီးရောဂါ၊ ကိုယ်ရောင် ရောဂါ၊
သွေးတိုးရောဂါများ ဖြစ်နိုင်သဖြင့် ခါးမတ်သော ထိုင်ခုံဖြင့် ထိုင်ခြင်း၊
ထိုင်ချိန်ကို နှစ်နာရီထက် မပိုခြင်း၊
ပိုလျှင်လည်း နာရီဝက်ခန့် နားချိန်ပေးပြီး
ခါးဆန့် လမ်းလျှောက် ပေးခြင်းများ ပြုလုပ်သင့် ကြောင်း တင်ပြရေးသား လိုက်ရ ပေသည်။ ။
ကြည်လွင်မြင့် (မုဒြာ)
ဓာတ်ပုံ - အင်တာနက်
Crd - mwddaily
No comments:
Post a Comment