Tuesday, November 24, 2020

စိတ်ဖိစီးမှု နှင့် ကျန်းမာရေး

 

စိတ်ဖိစီးမှု နှင့် ကျန်းမာရေး

 


စိတ်ဖိစီးမှု Stress သည် အသက်အရွယ် မရွေး လူတိုင်း ဖြစ်ပေါ်နိုင်သော စိတ်ခံစားမှု တစ်မျိုး ဖြစ်သည်။ စနစ်တကျ လေ့လာထားမှုများ အရ စိတ်ဖိစီးမှုကို မွေးကင်းစ အရွယ် ကတည်းက ပင် စတင် ခံစားနိုင်သည် ဟု ဆိုကြသည်။ သို့သော်လည်း အသက်အရွယ် အလိုက် စိတ်ဖိစီးမှု ဖြစ်စေသော အကြောင်းရင်းများ တူနိုင်မည် မဟုတ်ပါ။ နို့ဆာလျှင် စိတ်ဖိစီးသော အခြေအနေ မှသည် လူမှုရေး ၊ စီးပွားရေး စသည်တို့ကြောင့် စိတ်ဖိစီးသော အခြေအနေသို့ ဆင့်ကဲ ပြောင်းလဲ လာမည် ဖြစ်သည်။ သို့သော်လည်း မွေးကင်းစ အရွယ်တွင် နို့ဆာသောကြောင့် ဖြစ်သော စိတ်ဖိစီးမှု ပမာဏသည် ဆယ်ကျော်သက် အရွယ်တွင် ရည်းစားနှင့် ကွဲခြင်းကြောင့် ဖြစ်သော စိတ်ဖိစီးမှု ပမာဏနှင့် ထပ်တူညီနိုင် သကဲ့သို့ အိမ်ထောင်သည် ဘ၀တွင် ကလေး မုန့်ဖို့ မပေးနိုင်သော စိတ်ဖိစီးမှု သည်လည်း ပမဏ ကွာလှမည်တော့ မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် စိတ်ဖိစီးမှုသည် ခံစားချက် ဖြစ်သောကြောင့် ဖြစ်စေသော အကြောင်းရင်းထက် လူ၏စိတ်တွင် ဖြစ်ပေါ် ခံစားသော ပမာဏ သည်သာ အဓိက ဖြစ်သော ကြောင့် ဖြစ်သည်။


စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်မ

          စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်မှု သည် ဆက်စပ်ဖြစ်ပေါ် နိုင်သော်လည်း ခံစားရပုံချင်း မတူညီ နိုင်ပါ။ သို့သော်လည်း အချို့ လူများမှာ တူသည်ဟု ထင်နေသကဲ့သို့ မိမိတွင် ဖြစ်ပေါ် နေသော စိတ်ခံစားမှု ကိုလည်း စိတ်ဖိစီးမှုလား ၊ စိုးရမ်ပူပန် မှုလား ခွဲခြားဖော်ပြ နိုင်ခြင်း မရှိကြပါ။ ထို့ကြောင့် အဆိုပါ စိတ်ခံစားမှု ၂ မျိုးအကြောင်းကို ရှင်းလင်းပါမည်။

စိတ်ဖိစီးမှု   ။ စိတ်ဖိစီးမှု ဆိုသည်မှာ အခြေအနေ အကြောင်းရင်း တစ်ခုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ဒေါသစိတ် ၊ အလိုမကျစိတ် ၊ ဂနာမငြိမ် စိတ်များ ၊ စိုးရိမ်မှု များကို ရောပြွန်းခံစား ရခြင်းဟု အကြမ်းဖျဉ်း သတ်မှတ်နိုင်သည်။ တစ်ဦးနှင့်တစ်ဦး စိတ်ဖိစီးမှု ဖြစ်စေနိုင်သော အကြောင်းရင်း များလည်း မတူညီနိုင်ပါ။ တချို့က ချစ်ခင်ရသူ နှင့် ရုတ်တရက် ခွဲခွာရခြင်း ကြောင့် ဖြစ်နိုင်သကဲ့သို့ တချို့က အလုပ်ထဲတွင် နာမည်ကောင်း မရသောကြောင့် စိတ်ဖိစီးမှု ဖြစ်စေနိုင်သည်။ တချို့က စိတ်ဒဏ်ရာ ဖြစ်ပွားခဲ့ဖူးသော အကြောင်းရင်း များကို ပြန်တွေးမိခြင်း ကြောင့်ပင် စိတ်ဖိစီးမှု ဖြစ်စေနိုင်သည်။

စိုးရမ်ပူပန်မှု   ။ စိုးရိမ်ပူပန်မှု သည် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်လာနိုင်သည်။ စိတ်ထဲတွင် သက်သောင့် သက်သာ မရှိခြင်း ၊ ထိတ်လန့် ကြောက်ရွံ့ခြင်း စသည့် ခံစားချက် များသည် စိုးရိမ်ပူပန်မှု ( Anxiety ) ပင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် စိုးရမ်ပူပန်မှု ဖြစ်စေသော အကြောင်း အရင်းသည် တိတိကျကျ မရှိတတ်ပေ။ ထို့ပြင် ကာလရှည် စိုးရမ် ပူပန်မှုသည် စိတ်ရောဂါ များ၏ လက္ခဏာ တစ်ရပ်လည်း ဖြစ်နေနိုင်သည်။

          စိတ်ဖိစီးမှုများ ၊ စိုးရိမ်ပူပန်မှု များသည် ခန္ဓာကိုယ်အတွင်း အဒီနလင်း (Adrenaline) ၊ ဒိုပါမင်း (Dopamine) စသော ဟော်မုန်း ပြောင်းလဲမှု များနှင့် ဆက်စပ်နေ သကဲ့သို့ စိတ်ကျန်းမာရေး နှင့် ကိုယ်ကျန်းမာရေး အပေါ်တွင်လည်း သက်ရောက်မှု များစွာ ဖြစ်စေနိုင်ပုံ ကို ရေးသား ဖော်ပြပါမည်။

စိတ်ဖိစီးမှု၏ ကောင်းကျိုး

          တစ်ခါတစ်ရံ စိတ်ဖိစီးမှုသည် ကောင်းကျိုး ဖြစ်ထွန်းစေသည်။ ဥပမာအားဖြင့် စာမေးပွဲ နီးနေခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုသည် မရပ်မနားဘဲ စာကျက်စေမည် ဖြစ်သကဲ့သို့ မှတ်မိနိုင်စွမ်း ကိုလည်း ပို၍ တိုးမြင့်ပေး နိုင်သည်။ ဥပမာအားဖြင့် အလုပ် အင်တာဗျူးတွင် စိုးရိမ်ကြောင့်ရွံ့စိတ်ဖြင့် နှုတ်မှ ရုတ်တရက် ဖြေလိုက်သော အဖြေသည် အလုပ်ရသွား စေနိုင် သကဲ့သို့ ကြောက်ရွံ့စိတ်ကြောင့် အာစေးမိနေပြီး ဘာမှ မဖြေနိုင်လျှင် အလုပ်ရလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် အသင့်အတင့်သော စိတ်ဖိစီးမှု သည် ဘ၀ တိုးတက်မှု အတွက် လိုအပ်ပါသည် ဟု ပြောကြားလို ပါသည်။

စိတ်ဖိစီးမှု နှင့် ကိုယ်အလေးချိန

          စိတ်ဖိစီးမှု တစ်ချိန်လုံး ရှိနေသူသည် ကိုယ်အလေးချိန် တက်စေနိုင်သည်။ စိတ်ဖိစီးမှု ဆက်တိုက် မြင့်တက် နေပါက ကောတီဇော အမည်ရှိ ဟော်မုန်းလည်း မြင့်တက်လာသည်။ အဆိုပါ ဟော်မုန်းသည် ပို၍စားစေ ၊ အိပ်စေနိုင်ပြီး တစ်ချိန်လုံး ဗိုက်ဆာစေနိုင်သည်။ ထို့ကြောင့် အချိန်တိုင်းတွင် အစာစား နေမည်ဖြစ်ပြီး ကိုယ်အလေးချိန်လည်း မြင့်တက်လာမည် ဖြစ်သည်။ သို့သော်လည်း တစ်ဦးနှင့်တစ်ဦး ကော်တီဇော ဟော်မုန်း ကို တုံ့ပြန်ပုံခြင်း မတူညီ သောကြောင့် စိတ်ဖိစီးမှုများ နေသူတိုင်းသည် အချိန်တိုင်း စားနေမည် တော့ မဟုတ်ပေ။ သို့သော် စိတ်ဖိစီးမှု များနေသူ အတော် များများသည် ကိုယ်အလေးချိန် တက်လာမည်မှာ ဧကန်ဖြစ်သည်။

စိတ်ဖိစီးမှုနှင့် သင့်ကြွက်သားများ

          စိတ်ဖိစီးမှုသည် ကြွက်သားများကို တောင့်တင်း နေစေနိုင်သည်။ ထို့ကြောင့် ကိုယ်လက် လှုပ်ရှားမှုများကို ခက်ခဲစေနိုင်သည်။ ထိုကဲ့သို့ တောင့်တင်းနေသော ကြွက်သား များသည် ရေရှည်တွင် ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများစွာကို ဖြစ်ပွားစေ နိုင်သည်။ ဥပမာ အားဖြင့် ကြွက်သားများ တောင့်တင်း နေခြင်းကြောင့် ကိုယ်လက် ကိုက်ခဲခြင်း ၊ နုံးခွေခြင်း ၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း ၊ ခေါင်းခဲခြင်း စသော ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည်။ ထိုကဲ့သို့ စိတ်ဖိစီးမှုကြောင့် ကြွက်သားများ တောင့်တင်းနေ ခြင်းကို သက်သာစေရန် အကောင်းဆုံး နည်းလမ်းမှာ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ပင် ဖြစ်သည်။

စိတ်ဖိစီးမှု နှင့် အဆုတ

          စိတ်ဖိစီးမှုသည် အသက်ရှူမှု ဖြစ်စဉ်တွင် သက်ရောက်မှု ဖြစ်စေသည်။ စိတ်ဖိစီးမှု ကြောင့် ပုံမှန်ထက်ပို၍ အသက်ကို ပြင်းပြင်းရှူမိ တတ်ပြီး အသက်ရှူ မ၀သော ခံစားချက် ဖြစ်တတ်သည်။ ထိုကဲ့သို့သော ဖြစ်စဉ်သည် ပန်းနာရင်ကျပ် ရောဂါရှိ နေသူများ ၊ အဆုတ် ရောဂါ တစ်မျိုးမျိုး ရှိနေသူများတွင် ရှင်ရင်းစွဲ ရောဂါကို ပို၍ဆိုးရွား စေနိုင်သည်။

စိတ်ဖိစီးမှု နှင့် နှလုံး

          စိတ်ဖိစီးမှုသည် ရုတ်တရက် နှလုံးထိခိုက်ခြင်း (Heart Attacks) ကိုပို၍ ဖြစ်ပွားစေ နိုင်သည်။ ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုသည် ဖြစ်ခါစ အချိန်တွင် နှလုံးခုန်နှုန်းကို မြန်စေနိုင်သည်။ ထို့ကြောင့် နှလုံးကို ရုတ်တရက် ၀န်ပိ စေနိုင်သည်။ အကယ်၍ စိတ်ဖိစီးမှုသည် နာတာရှည် ဖြစ်လာပါက သွေးတိုး စေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေ ကို မြင့်မား စေနိုင်သည်။ ထိုကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှု နှင့် နာတာရှည် စိတ်ဖိစီးမှု များကို ထပ်တလဲလဲ ကြုံတွေ့ နေရပါက သွေးလှည့်ပတ် စနစ်ကို ထိခိုက်မှု ဖြစ်စေ နိုင်ပြီး အထူးသဖြင့် နှလုံးသွေးကြောကို ထိခိုက် လာပါက ရုတ်တရက် နှလုံးထိခိုက်ခြင်း ဖြစ်စေ နိုင်သည်။

စိတ်ဖိစီးမှု နှင့် ဆီးချိုရောဂါ

          စိတ်ဖိစီးမှု သည် အမျိုးအစား-၂ ဆီးချိုရောဂါ ရှိနေသူများကို ရောဂါပို၍ ဆိုးစေနိုင်သည်။ အဘယ်ကြောင့် ဆိုသော် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ် အတွင်းတွင် ကော်တီဇော နှင့် အပီနက်ဖရင်း (Epinepbrine) ဟော်မုန်းများကို မြင့်တက်စေပြီး အဆိုပါ ဟော်မုန်ုးများသည် သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေသည်။ ထိုကဲ့သို့ သွေးတင်း သကြားဓာတ် မြင့်တက်မှုသည် ပုံမှန်လူများတွင် ပြဿနာ မရှိသော်လည်း အမျိုးအစား-၂ ဆီးချို ဝေဒနာသည် များတွင် သွေးတွင်း သကြားဓာတ်ကို မထိန်းနိုင် ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် အမြင်အာရုံ ထိခိုက်ခြင်း ၊ အလွန်မောပန်း လွယ်ခြင်း ၊ ရောဂါပိုး ကူးစက်ခံရ လွယ်ခြင်း စသည့် ကျန်းမာရေး ပြဿနာများ စွာကို ဖြစ်ပွား စေနိုင်သည်။

စိတ်ဖိစီးမှုနှင့် အအေးမိရောဂါ

          အံ့သြစရာ အချက်တစ်ခုမှာ စိတ်ဖိစီးမှု သည် ကာလတိုတွင် ကိုယ်ခံအားကို မြင့်တက် စေနိုင်သည် ဟူသော အချက်ပင် ဖြစ်သည်။ ထို့ကြောင့် စိတ်ဖိစီးမှု တချို့ ရှိနေခြင်းသည် အအေးမိ တုပ်ကွေးရောဂါ ၊ ရာသီတုပ်ကွေး ရောဂါကို ပို၍ ကာကွယ်နိုင် စေသည်။ သို့သော် လည်း စိတ်ဖိစီးမှု ဝေဒနာသည် ရက်သတ္တပတ် များစွာ နာတာရှည် ဖြစ်လာလျှင် ဆန့်ကျင်ဘက် အကျိုးကို ဖြစ်စေနိုင်သည့် အတွက် ကိုယ်ခံအား ကျစေပြီး ကူးစက်ရောဂါ များ ပို၍ ဖြစ်ပွား စေနိုင်သည်။

စိတ်ဖိစီးမှု နှင့် အစာအိမ် အူလမ်းကြောင်း

          စာမေးပွဲဖြေရမည့် နံနက်ပိုင်းတွင် ရင်ပြည့်သလို ၊ အန်ချင်သလို ခံစားချက်ကို ငယ်စဉ်က ဖြစ်ခဲ့ဖူး ပါလိမ့်မည်။ အဆိုပါ ခံစားချက်သည် စိတ်ဖိစီးမှုကြောင့် ပင်ဖြစ်သည်။ စိတ်ဖိစီးမှုသည် အစာအိမ်နှင့် အူလမ်းကြောင်း ကို သက်ရောက်မှု များစွာ ဖြစ်စေနိုင်သည်။ ပျို့ခြင်း ၊ အန်ခြင်း ၊ လေချဉ်တက်ခြင်း ၊ ၀မ်း မကြာခဏ သွားလိုခြင်း ၊ ၀မ်းချုပ်ခြင်း ၊ ရင်ပြည့်ခြင်း စသည့် လက္ခဏာများ အပြင် အစာအိမ် အောင့်ခြင်း ၊ အစာအိမ် အချဉ်ပေါက် ခြင်းနှင့် အစာအိမ် အနာဖြစ်ခြင်း များလည်း ဖြစ်စေနိုင်သည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အဓိက အားဖြင့် အစာစားချိန် မမှန်ခြင်း ၊ အစာကို အာဟာရ ပြည့်ဝပြီး ကျန်းမာရေး နှင့် ညီညွတ်အောင် မစားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် စိတ်ဖိစီးမှု ဖြစ်နေချိန်တွင် ကျန်းမာရေး နှင့် ညီညွတ်သော အစာ အာဟာရကို အချိန်မှန် စားသုံးရန် အရေးကြီး ကြောင်းကို သတိပေး ပါရစေ။

စိတ်ဖိစီးမှုကို ဘယ်လိုဖြေရှင်းမလဲ

          စိတ်ဖိစီးမှုသည် လူတိုင်း ရင်ဆိုင်နေရသော စိတ် အခြေအနေ တစ်ရပ်ဖြစ်သည်။ ရေတိုတွင် ကောင်းကျိုး အနည်းငယ် ရှိသော်လည်း ရေရှည်တွင် ကျန်းမာရေး ပြဿနာ ပေါင်းများစွာကို ဖြစ်စေနိုင်သည်။ စိတ်ဖိစီးမှုကို ဖြေရှင်းရန်မှာ မိမိကိုယ်ကို စိတ်ဖိစီးမှု ဖြစ်ပေါ်နေခြင်း ရှိ-မရှိ ကို အရင်သုံးသပ် ရမည်ဖြစ်သည်။ စိတ်ဖိစီးမှု ပမာဏ နည်းပါးပါက အောက်ပါ နည်းလမ်းများကို ကြိုးစားကြည့်ပါ-

(၁)     မိမိဝါသနာပါရာ စိတ်အပန်းဖြေစရာ တစ်မျိုးမျိုး လုပ်ဆောင်ကြည့်ခြင်း။

(၂)     အားကစား ပြုလုပ်ခြင်း။

(၃)     ခရီးသွားခြင်း။

(၄)     မိမိယုံကြည် စိတ်ချရသူ တစ်ဦးဦးကို ရင်ဖွင့်တိုင်ပင်ခြင်း။

(၅)     ယောဂကျင့်ခြင်း ၊ Gym ကစားခြင်း စသည်ဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်သည်။ သို့သော် ကျန်းမာရေး ထိခိုက်မှုများ ရှိလာပါလျှင် စိတ် ကျန်းမာရေး နှစ်သိမ့်ဆွေးနွေး မှုများ ၊ ဆေးဝါးကုသမှုများ ခံယူသင့် ပါကြောင်း ရေးသားလိုက်ရ ပါသည်။

 

ဒေါက်တာ လင်း

ခရက်ဒစ် - ydb daily


No comments: