Wednesday, November 25, 2020

ဆီးချိုသမားတို့ ကျန်းမာစေဖို့


ဆီးချိုသမားတို့ ကျန်းမာစေဖို့

 


ယနေ့ခေတ်တွင် ဆီးချိုသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသော ရောဂါတစ်ခု ဖြစ်နေသည်။ ဆီးချိုရောဂါသည် များသည်လည်း နေ့စဉ်နှင့်အမျှ တိုးပွားလျက် ရှိသည်။ ခေတ်ရေစီးကြောင်း အပေါ် လိုက်ကာ စားသောက် နေထိုင်မှု ပုံစံပြောင်းလဲ ခြင်းကြောင့် ဆီးချို ဖြစ်ပွားနှုန်း တိုးပွားနေခြင်း ဖြစ်သည်။ ဆီးချိုဖြစ်သူ အများစုက သူတို့ ဘယ် အစားအစာ ရမလဲ ဆီးချို မဖြစ်စေဖို့ ဘာတွေကို စားရမလဲ ဆိုသည့် မေးခွန်းများသည် အမြဲလိုလို ကြားနေရသည်။

          ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ရောဂါများမှာ အာရုံကြော အားနည်းခြင်း ၊ မျက်စိ ရောဂါ ၊ ခြောက်များ သွေးကြောပိတ်ခြင်း ၊ ကျောက်ကပ်ရောဂါ ၊ နှလုံး သွေးကြောကျဉ်း ရောဂါ ၊ သွေးတွင်း အက်စစ်ဓာတ် များခြင်း ၊ ဆီးချိုရောဂါ ရင့်လာသည်နှင့် အမျှ မျက်စိမှုန်ခြင်း ၊ လေဖြတ်နိုင်ခြေ များခြင်း တို့ ဖြစ်သည်။


          ဆီးချိုသမားများ အနေဖြင့် အပူချိန် မြင့်မားသည့် နေ့တွင် ရေကို လုံောလက်အောင် သောက်ပေးရမည် ဖြစ်သည်။ အားအင်ပြည့်ဝသော အခွံမာသီး များကိုလည်း စားပေးသင့် သည်။ နေ့ခင်းဘက် ပူးပြင်းသော အချိန်တွင် အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရမည်။ အပြင်ထွက်မည် ဆိုလျှင်လည်း နေမူခံ ခရင်မ် များလိမ်းပြီးမှ သွားသင့်သည်။ အရိပ်ရသော နေရာကို ရွေးချယ် နေထိုင်ပြီး လတ်ဆတ်သော လေရရှိနိုင်မည့် နေရာတွင် နေထိုင်သင့်သည်။ အထက်ပါ အချက်များသည် ဆီးချိုသမား များအတွက် အပူချိန် မြင့်မားသည့် အချိန်တွင် သတိပြု ရမည့် အချက်များ ဖြစ်သည်။ ဆက်လက်ပြီး ဆီးချိုနှင့် ပတ်သက်၍ အစားအသောက် ၊ အပြုအမူ များကို ဝေမျှပေးလိုသည်။

          အစာလည်းဆေး ဆေးလည်းအစာ ဆိုသည့်အတိုင်း ဆီးချိုသမား များသည် စားသောက်သော အစားအစာ များကို မှန်ကန်မှု ရှိရှိနီင့် ရွေးချယ် စားသောက်တတ်လျှင် ဆေးသောက်သည့် အတိုင်း အာနိသင် ထက်မြက်မည် ဖြစ်သည်။ သို့ပါသောကြောင့် ဆီးချို သမားများ စားသင့်သော ၊ မစားသင့်သော အစားအစာများ ၊ စားသောက်ပုံ နည်းစနစ် များကို တင်ပြ၍ ဆီးချို ရောဂါကို ကြိုတင်ကာကွယ် နိုင်စေရန် အလို့ငှာ ဝေမျှပေး လိုသည်။

          ပထမဦးစွာ ဆီးချိုသမားများ စားသုံးသင့်သော ဓာတ်စာများ ၊ ဆီးချို မဖြစ်စေရန် စားသုံးပေး သင့်သော အစားအစာ များကို တင်ပြပေး ပါမည်။ ဥပမာ - ရှောက်ရွက် ၊ ကြိတ်မှန်ရွက် ၊ ပင်စိမ်းရွက် ၊ ဆိပ်သား ၊ ခံတက်ရွက် ၊ ချင်း ၊ နနွန်း ၊ ပိုးနှံရွက် ၊ ဆီးဖြူသီး ၊ ကျွဲကောသီး ၊ ကင်ပွန်းချဉ်ရွက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရံ့ပတူ ၊ ကုက္ကိုရွက် ၊ ကြက်သွန်ကြော် ၊ နှမ်းလှော် ၊ မိဿလင် ၊ ငရုတ်ကောင်း ၊ ချပါတီ ၊ ဖရုံသီး ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ၊ ကန်စွန်းဥ အပင်မှ အရွက် ၊ ပုတီးဖြူရွက် ၊ ဥသျှစ်ရွက် ၊ သပြေသီး ၊ ရုံးပတီသီးတို့ ဖြစ်သည်။

          ဆီးချိုရောဂါကို တိုက်ဖျက်ပေးသည့် ဆေးဖက်ဝင် အပင်များမှာ ဆူးလေ ၊ ကြက်ဟင်းခါး ၊ မတ်ပဲ ၊ ပန်းဂေါ်ဖီအစိမ်း ၊ သစ်ကြံပိုး ၊ ဆီးဖြူသီး ၊ ဗိုလ်စားပဲ ၊ သရက်ရွက်နု ၊ ပဲပိစပ် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ ဖြစ်သည်။ ဆီးချိုသမား များသည် ကာဗိုဟိုက်ဒရိတ် နိမ့်သော ဟင်းသီးဟင်းရွက် များကိုသာ စားသုံးသင့်သည်။ ကာဗိုဟိုက်ဒရိတ် နိမ့်သော အသီးအနှံ များဖြစ်သည့် ဆလတ်ရွက် ၊ သခွားသီး ၊ မုန်လာရွက် ၊ ဟင်းနုနယ် တို့ကို ဦးစားပေး စားသင့်သည်။

          ဆီးချိုသမားများ စားသင့်သော အဆာပြေ အစားအစာ များကိုလည်း ဝေမျှပေး လိုသည်။ စတော်ဘယ်ရီသီး ၊ ဥသျှစ်သီး ၊ ကန်စွန်းဥ ၊ စိမ်းစားဥ ၊ ပြောင်းဖူး ၊ ရွဲယိုသီး ၊ ဖရဲသီး ၊ သစ်တော်သီး ၊ ဆီးသီးခြောက် ၊ ဘာလီ တို့ဖြစ်သည်။ ထို့အတူ ကြောင်လျှာသီးသုပ် ၊ ကင်းမှုံရွက် ၊ သင်္ဘောရွက် ၊ ဒန့်ဒလွန်ရွက် ၊ ခွေးတောက်ရွက် ၊ ဗြုံးမွေး ၊ ဆီးဖြူသီး ၊ ခ၀ဲသီး ၊ မြင်းခွာရွက် ၊ ပိုးစာရွက် ၊ ပန်းဂေဏ်ဖီ အစိမ်းရောင် ၊ ကညွတ် ၊ ဆင်းတုံးမနွယ် ၊ ငရုတ်ပွ ၊ မှို ၊ ခရမ်းသီး တို့ကိုလည်း စားသုံးပေး သင့်သည်။

          ဆီးချိုသမားများ စားသုံးသင့်သော ပဲများကိုလည်း မျှဝေပေးလိုသည်။ ပဲဝါလေး ၊ မတ်ပဲ ၊ ပဲစင်းငုံ ၊ ပဲနံ့သာ ၊ ပဲပိစပ် ၊ မြေပဲ တို့ဖြစ်သည်။ အစေ့အဆန် များဖြစ်သည့် ဗာဒံစေ့ ၊ နေကြာစေ့ ၊ သီဟိုဠိစေ့ ၊ သစ်ကြးသီး တို့ကိုလည်း စားသုံးသင့်သည်။ အစေ့အဆန် များသည် အမျှင်ဓာတ် အကြွယ်ဝဆုံး အစားအစာများ ဖြစ်သည့်အတွက် စားသုံးသင့် သည်ကို မမေ့လျော့စေ လိုပါ။ ဆီးချိုသမား များသည် ဗီတာမင် စီ ကြွယ်ဝသော အစားအစာ များကိုလည်း စားသုံးပေးရန် လိုအပ်သည်။ သို့ပါသောကြောင့် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်သော ဆီးဖြူသီး ၊ ပန်းသီး ၊ စတော်ဘယ်ရီ ၊ နာနတ်သီး ၊ ချဉ်သော အသီးအနှံများ ကိုလည်း စားပေးရမည်။

          ဆီးချိုသမား များ ရှောင်ရမည့် အစားအစာ များနှင့် ဆီးချိုမဖြစ်စေရန် ကြိုတင် ကာကွယ်ရန် စားသင့်သော အစားအစာ များမှာ ချိုဆိမ့် အရသာကို အထူးရှောင်ကြဉ် ရမည်။ ဥပမာ - ၀က်သား ၊ ပုစွန် ၊ ငှက်သား ၊ မြေကြီး အတွင်းမှ ထွက်သော ဥအမျိုးမျိုး ၊ ချိုလွန်းသော သစ်သီးများ ဖြစ်သည့် သြဇာသီး ၊ ရှောက်ချိုသီး ၊ မင်းကွက်သီး ၊ ငှက်ပျောသီး ၊ ပိန္နဲသီး ၊ မာလကာသီး တို့ကို ရှောင်ရမည်။ အခြား အုန်းနို့ ၊ လက်ဖက်ရည် ၊ လက်ဖက် ၊ ဒံပေါက် ၊ ငါးသေတ္တာ ၊ ချိုလွန်းသော ဘီစကွတ် ၊ အသင့်သောက် အချိုရည်များ ၊ ဖာလူဒါ ၊ ဘိလပ်ရည် ၊ ယိုမျိုးစုံ ၊ အသင့်စား အစားအစာ များနှင့် အပြင်စားများ စားခြင်း မှလည်း ရှောင်ကြဉ်ရမည်။ စားသောက်သော ဟင်းလျာများတွင် အချိုမှုန့် ၊ ဟင်းခတ်မှုန့်များ ထည့်ပြီး ချက်ပြုတ် စားသောက်ခြင်း မှလည်း ရှောင်ကြဉ်ရမည်။

          ဆီးချိုသည် အစားအသောက်ကို အဓိကထား ကုသရသော ရောဂါတစ်ခု ဖြစ်သည့်အတွက် အထက် ဖော်ပြပါ စားသုံးသင့် ၊ မစားသုံးသင့်သော ဓာတ်စာများ အလိုက် ဂရုပြု စားသောက်နေထိုင် ရမည်။ ထို့အတူ ဆီးချိုသမား များသည် ကိုလက်စထရော များသည့် အစားအစာ များကို လျှော့စားသင့်သည်။ ကြံနှင့် သကြားကို မိမိ အတိုင်းအတု နှင့် ကန့်သတ်ပြီး ရှောင်သင့်သည်။ ဆီးချိုရောဂါမှ ကြိုတင် ကာကွယ်နိုင် စေရန် တိရစ္ဆာန် များ၏ အဆီများကို စားသုံးခြင်း ကိုလည်း ရှောင်ကြဉ်သင့်သည်။ အချိုရည်များ လွန်ကဲစွာ သောက်သုံးခြင်း ကို ရှောင်ကြဉ်ခြင်း ဖြင့်လည်း ကြိတင် ကာကွယ်ထား ရမည်။

          ဆီးချိုသမား အများစုသည် အချိုနှင့် ပတ်သက်၍လည်း မှားယွင်းသည့် အယူအဆများ လက်ကိုင်စွဲ နေကြသည်ကို တွေ့နေရသည်။ အချိုကို လုံးဝ ရှောင်ကြဉ်လိုက် လျှင်လည်း ခန္ဓာကိုယ် အတွင်းရှိ သွေးတွင်း သကြားဓာတ်သည် အလွန်အမင်း ကျဆင်းကာ အန္တရာယ် ဖြစ်စေနိုင်သည်ကို သတိပြု ရမည်။ သွေးချိုကျဆင်း ခြင်း၏ လက္ခဏာ တချို့ကိုလည်း တင်ပြပေး လိုသည်။ ကတုန်ကယင် ဖြစ်ခြင်း ၊ ဂနာမငြိမ်ခြင်း ၊ လူနာ၏ စိတ် အခြေအနေ ရှုပ်ထွေးမှု ဖြစ်နေခြင်း ၊ အစာ ဆာလေင်မွတ်သိပ် လာခြင်း ၊ ချွေးထွက်များခြင်း ၊ ရင်တုန်ခြင်း ၊ နှလုံးခုန် မြန်မာခြင်း တို့ဖြစ်သည်။ သွေးချိုကျဆင်းခြင်း ဆိုသည်မှာ သွေးချိုဓာတ်သည်  70 mg/dl အောက် ကျသွားခြင်း ဖြစ်သည်။ သို့ပါသောကြောင့် အချိုကို စားသည့်အခါ အဓိက စားသော အစာ၏ ပမာဏကိုသာ လျှော့ချရန် လိုကြောင်းကို သတိထားရမည်။ ထို့ပြင် မှားနေသည့် အယူအဆများ ရှိပါသေးသည်။ အချိုမစားရဘူး ဆိုသည့် အတွက် အငန်ကို အစားထိုးကာ စားသုံးနေကြခြင်း ဖြစ်သည်။ အငန်သည်လည်း သွေးတိုးစေသည် ကိုဖြင့် မမေ့လျော့ သင့်ပါ။

          သစ်သီးနှင့် ပတ်သက်သော မှားယွင်းသော အယူအဆများ ရှိပါသေးသည်။ သစ်သီးဝလံ များတွင် အချိုဓာတ် ရှိကြသော်လည်း သကြားဓာတ် ပမာဏတော့ အနည်းငယ် ကွာခြားလျက် ရှိသည်။ သို့ပါသောကြောင့် သကြားဓာတ် ပမာဏ နည်းသော ပန်းသီး ၊ ကျွဲကောသီး တို့ကို အနည်းငယ် စားပေးသင့်သည်။ နွားနို့နှင့် ပတ်သက်ပြီး အယူမှား နေသည် များလည်း ရှိပါသေးသည်။ နွားနို့ကို သကြားလုံးဝ မရောထားလျှင် သောက်သုံးနိုင်သည်။ သို့သော် အခြား ပစ္စည်းများနှင့် ရောကာ ဖန်တီးပြုလုပ် ထားသည့် ချိုလွန်းသည့် နို့ထွက်ပစ္စည်း များကို ရှောင်ကြဉ် ရမည်။ ပေါင်မုန့် စားမည်ဆိုလျှင်လည်း ဂျုံနုဖြင့် ပြုလုပ်ထားသော အဖြူရောင် ပေါင်မုန့်ကို မစားဘဲ အညိုရောင် ရှိသော ပေါင်မုန့်ကြမ်း ကိုသာ စားသုံးနိုင်သည်။

          အကယ်၍ ဆီးချိုတိုင်းပြီး တက်နေသည်ကို သိလျှင် ထိုကာလအတွင်း သစ်သီးများ စားသုံးခြင်းကို ခဏရပ်ထား သင့်သည်။ ဆီးချိုသမား များသည် ဆန်အုပ်စု ၊ အသားငါးဥ အမျိုးမျိုးနှင့် ပဲအမျိုးမျိုး အုပ်စု ၊ သစ်သီးဝလံ အုပ်စု ၊ ဟင်းသီးဟင်းရွက် အုပ်စု ၊ နို့ နှင့် နို့ထွက် ပစ္စည်းအုပ်စု ဟူ၍ အုပ်စု ၅ စုကို စုံလင်အောင် စားသုံးပေး သင့်သည်။ ဆီးချိုသမား များနှင့် ဆီးချိုရောဂါမှ ကြိုတင် ကာကွယ်နိုင်ရန် အတွက် မှန် ၃ မှန် ကိုလည်း ဂရုပြု ပေးရန် လိုသည်။ မှန် ၃ မှန် မှာ ဆေးနှင့်အစာ စားချိန်မှန်ရန် ၊ သွေးချိုမျှတ အာဟာရ ကြွယ်ဝသော အစားအစာ များကို ရွေးချယ် စားသောက်မှု မှန်ကန်ရန် ၊ သင့်လျှော်သော ပမာဏမှန်စေရန် တို့ဖြစ်သည်။

          ဆီးချိုသမားများနှင့် ဆီးချိုမဖြစ်စေရန် ရှောင်ကြဉ်လို သူတို့ အစားအသောက် ကို ဂရုပြုကာ စားသောက်သင့် သကဲ့သို့ အ၀လွန်ကဲခြင်း မဖြစ်စေရန်လည်း ကိုယ် အလေးချိန် ကို ထိန်းသိမ်း ပေးရန် လိုအပ်သည်။ ကိုယ်လက် လှုပ်ရှားမှုများ ကိုလည်း မှန်မှန် ပြုလုပ်ပေး ရမည်။ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်သည့်အခါ ထိခိုက်ခြင်း မဖြစ်စေရန်လည်း အထူး ဂရုပြုရမည်။  ဆေးလိပ် ၊ ဆေးရွက်ကြီး သောက်သုံးမှု ၊ အရက် သောက်သုံးခြင်း တို့ကိုလည်း ရှောင်ကြဉ်သင့်သည်။ စိတ်ဖိစိးမှု နည်းပါးစေရန်လည်း ကြိုးစား နေထိုင်ရမည်။ မျိုးရိုးထဲတွင် ဆီးချိုဖြစ်ပွား ဖူးသူများ ရှိလျှင်လည်း ဆီးချို ရှိ-မရှိ မကြာခဏ စစ်ဆေးပေး သင့်သည်။ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း အဖြစ် တစ်နေ့လျှင် နာရီဝက်ခန့် လမ်းလျှောက် ပေးရန် လိုအပ်သည်။ အထက်ပါ အချက်များသည် ဆီးချိုသမားများ အနေဖြင့် သတိပြု ဆင်ခြင် နေထိုင်ရမည့် အချက်များ ဖြစ်သည်။

          ဆီးချိုသမားများ အနေဖြင့် သတိပြု ဆင်ခြင်ရမည့် ပန်ကာ လေ ကြာရှည်စွာ ခံခြင်း အကြောင်း ကိုလည်း မျှဝေပေး လိုသည်။ နေ့နှင့်ည အချိန်များတွင် ပူ၍ အိပ်မပျော်သည့် အခါ ဆီးချိုသမားများ သာမက လူအတော် များများသည် ပန်ကာဖွင့်ပြီး အိပ်စက်လေ့ ရှိကြသည်။ အထူးသဖြင့် ဆီးချိုသမားများသည် ပန်ကာလေ ကြာရှည်ခံခြင်းဖြင့် အသားအရေ အပြင်ဘက်ဆုံး အလွှာတွင် ရှိသော ရေဓာတ်သည်လည်း စုပ်ယူခြင်း ခံရမည် ဖြစ်သည်။ ထိုအခါ ရေဓာတ် ဆုံးရှုံးမှု ဖြစ်ပေါ်မည် ဖြစ်သည်။ သို့ပါသောကြောင့် ဆီးချိုသမားများ သည် ပန်ကာလေခံ ခြင်းကို တတ်နိုင်လျှင် လုံးဝ ရှောင်ကြဉ်သင့်သည်။ ဆီးချိုသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် နေသော ရောဂါဖြစ်သော်လည်း အသိသတိဖြင့် နေထိုင်မည် ဆိုလျှင် သက်တမ်းစေ့ သက်ရှည် ကျန်းမာစွာ နေနိုင်သော ၊ ကြိုတင် ကာကွယ်နိုင်သော ရောဂါတစ်ခု ဖြစ်ကြောင်း မျှဝေလိုက်ရ ပါသည်။

 

မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်

Crd ydb daily


No comments: