Friday, November 13, 2020

သင့်ကလေးအ၀လွန် မဖြစ်စေဖို့

 

သင့်ကလေးအ၀လွန် မဖြစ်စေဖို့ 


တစ်ကမ္ဘာလုံး ဆိုင်ရာ အ၀လွန်မှု ပြဿနာမှာ ပိုမိုများပြား လာသော အန္တရာယ် တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် လူသေဆုံးမှု ပဉ္စမမြောက် အများဆုံး ဖြစ်သော အကြောင်းရင်း ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ဆိုပါတယ်။ လူတစ်ယောက်ဟာ သူစားသုံး လိုက်တဲ့  ကယ်လိုရီ ပမာဏကို ၎င်း အသုံးပြသည့် ပမာဏနှင့် ဟန်ချက်ညီအောင် မလုပ်နိုင်ပါက အ၀လွန်ခြင်း ဖြစ်လာနိုင် ပါတယ်။ တစ်နည်း ဆိုသော် ခန္ဓာကိုယ် က လောင်ကျွမ်း နိုင်သော ပမာဏထက် ပိုသော  ကယ်လိုရီကို စားသုံးပြီး ကိုယ်လက် လှုပ်ရှားမှု မရှိပါက ခန္ဓာကိုယ်တွင် အဆီများ ဖြစ်ပေါ်လာ ပါလိမ့်မယ်။


ယနေ့ ကမ္ဘာတွင် ရုပ်ဝတ္ထုပိုင်း ဆိုင်ရာများ တိုးတက် လာသည်နှင့် အမျှ နိစ္စဓူဝ၊ လူနေမှု၊ စားသောက်မှု ပုံစံများလည်း ပြောင်းလဲသွားကာ အရွယ်သုံးပါးတိုင်း မှာ အ၀လွန်ခြင်း ကြောင့် ကျန်းမာရေး ပြဿနာကို ကြံတွေ့ခံစား နေကြရပါတယ်။ အစကောင်းမှ အနှောင်း သေချာဆိုသလို လူ့ဘ၀ တစ်သက်တာလုံး ကျန်းမာစွာ နေထိုင်နိုင်ဖို့ အတွက် ကလေးဘ၀ ကတည်းကစ၍ ကျန်းမာရေးနှင့် အညီ အနေအထိုင်၊ အစားအသောက် နည်းစနစ် မှန်ကန်ဖို့ လိုပါတယ်။

အ၀လွန်သော  ကလေးများမှာ  သူတို့အရွယ် ရောက်သောအခါ ဆီးချိုရောဂါ အမှတ်-၂၊ သွေးတိုး ရောဂါနှင့် နှလုံးရောဂါများ   မလွဲမသွေ ခံစားရနိုင် ပါတယ်။ ထို့ပြင် သက်ကြီးပိုင်း အရွယ် ရောက်တဲ့အခါ  နှလုံးသွေးကြော ရောဂါနှင့် ပတ်သက် ဆက်နွှယ်သော  လေဖြတ်ခြင်း ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကျန်းမာရေး အဖွဲ့အစည်းများက ကလေးများ  အ၀လွန်ခြင်းကို ထိန်းချုပ်နိုင် စေရန် ရည်ရွယ်ကာ နှစ်တစ်နှစ်၏ စက်တင်ဘာလကို National Childhood Obesity Awareness Month @ ကလေးဘ၀ အ၀လွန်ခြင်း ရောဂါအတွက် အထူး သတိပြသင့်သော စက်တင်ဘာလ အဖြစ် သတ်မှတ်ထား ပါတယ်။ 

မိဘများတွင် တာဝန်ရှိ

ကလေးများ အ၀မလွန်စေရေး အတွက် မိသားစုကဏ္ဍ ဟာလည်း လွန်စွာ အရေးပါလှ ပါတယ်။ အွန်ကာရီယိုမြို့ ရှိ ဂူအက်ဖ် တက္ကသိုလ်မှ သုတေသီ တစ်ဦး၏ လေ့လာ ဆန်းစစ်မှု မှတ်တမ်းများအရ နွေးထွေးချစ်ခင်မှု ရှိသော မိသားစုတွင် ကြီးပြင်းလာသော သမီး မိန်းကလေး များမှာ Fast Food ခေါ် အမြန်ပြင် အစားအစာ စားသုံးမှု နည်းပြီး ကိုယ်အလေးချိန် လည်း အလွန်မများ ကြတာကို လေ့လာတွေ့ရှိ ရကြောင်း၊ ဖခင်များနှင့် နွေးထွေးချစ်ခင် အနေနီးစပ်သူ သား ယောကျာ်းလေး များမှာလည်း အ၀လွန်မှု နည်းပါးကြောင်း လေ့လာ တွေ့ရှိရ ပါတယ်။

ကမ္ဘာတစ်ဝန်း လေ့လာမှု မှတ်တမ်းများ အရ အသက် ခြောက်နှစ်မှ ၁၁ နှစ်အရွယ် အထိ ပျမ်းမျှကလေး ငါးဦးတွင် အနည်းဆုံး တစ်ဦးမှာ အ၀လွန်သော ကလေးများ ဖြစ်နေကြ ပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုကျော် က ကလေးများ အ၀လွန်နှုန်းဟာ  ယခုအခါ ၇၀  ရာခိုင်နှုန်း ကျော် ပိုမိုများပြား လာပြီး အ၀လွန်သော ကလေးများ အရေအတွက် ဟာလည်း သုံးဆမက ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သင့်ကလေးကို အ၀မလွန် စေရန်နှင့် ကျန်းမာသော ကိုယ်အလေးချိန် ရှိစေရန် အတွက် မိဘများတွင် တာဝန် အပြည့်အ၀ ရှိပါတယ်။

သင့်ကလေး အ၀မလွန် စေရန်အတွက် မည်သည့် အစားအစာကို မဆို ကြေကြေညက်ညက် ၀ါးစားခိုင်းပါ။ ကယ်လိုရီ ပမာဏများပြီး အာဟာရ တန်ဖိုး နိမ့်ကျသော အစားအစာ (ဥပမာ- အသင့်စား အာလူးကြွပ်ကြော်) များကို မကျွေးပါနှင့်။ သကြား ပါဝင်သော အချိုရည်များ သောက်သုံးခြင်းကို ကန့်သတ် ပေးထားပါ။ အသီး နှင့် ဟင်းသီးဟင်းရွက် များများကျွေးပါ။ အသင့်စား စားသောက်ဆိုင် များသို့ ထွက်စားခြင်းကို ကန့်သတ်ပါ။ အသက်အရွယ် အလိုက် အစားအသောက် ကို ချိန်ဆ၍ ကျွေးမွေးပါ။

တီဗွီကြည့်ခြင်း သို့မဟုတ် ဂိမ်းကစားခြင်း နှင့်အခြားသော IT ပစ္စည်းများ အသုံးပြခြင်းကို တစ်နေ့လျှင်  အလွန်ဆုံး ၂ နာရီခန့်သာ သုံးစွဲခွင့်ပြပါ။ စောစော အိပ်ရာဝင်ခိုင်းပါ။  ကလေးများကို ခပ်စောစော အိပ်ရာဝင် စေခြင်းက အ၀လွန်ခြင်းကို တားဆီးပေးသည့် အကောင်းဆုံး နည်းလမ်းများမှ တစ်ခုဖြစ် ပါတယ်။ ကိုယ်ကာယ လှုပ်ရှားမှု ရှိပါစေ။ ကလေးနှင့် ကိုက်ညီသော လေ့ကျင့်ခန်း အချို့ကို ပြလုပ်စေပြီး လေ့ကျင့်ခန်း ပြလုပ်ခြင်းမှ ရရှိသော ကောင်းကျိုးများ ကိုလည်း ကလေးများ နားလည် သဘောပေါက် စေရန် ပြောပြပါ။ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် သင့်ကလေးကို ဆရာဝန်နှင့် ကျန်းမာရေး စစ်ဆေးမှု ပြလုပ်ပေးပါ။ 

အ၀လွန်ဆယ်ကျော်သက်

ဆွီဒင်နိုင်ငံတွင် အသက် ၁၆ နှစ်နှင့် ၁၉ နှစ်အရွယ် လူငယ်တစ်သန်း ကျော်ကို ပျမ်းမျှအသက် ၂၈ နှစ်အထိ စောင့်ကြည့် လေ့လာခဲ့ ပါတယ်။ ထိုလေ့လာမှု မှတ်တမ်း အရ ဆယ်ကျော်သက် အရွယ်တွင် ကိုယ်လက် လှုပ်ရှားမှု မရှိသူ သို့မဟုတ် အ၀လွန်သူ သို့မဟုတ် ၎င်းနှစ်မျိုး စလုံးကြံတွေ့ နေသော သူများဟာ အရွယ်ရောက်ချိန် တွင် ပြင်းထန်သော ရောဂါများနှင့် မသန်မစွမ်း ဖြစ်နိုင်သော အန္တရာယ် မြင့်မားကြောင်း ဆွီဒင် သုတေသီများ က တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက် အရွယ် အ၀လွန်ခြင်း ကလည်း နှလုံးနှင့် အသက်ရှူ လမ်းကြောင်း ပြဿနာ ဖြစ်နိုင်ခြေ လွန်စွာ များကြောင်း လေ့လာသိရှိ ရပါတယ်။ ဆယ်ကျော်သက် တွင် အ၀မလွန်အောင် သတိထားခြင်းဖြင့် သက်လတ်ပိုင်း အရွယ် ရောက်သော အခါ မသန်မစွမ်း ဖြစ်နိုင်သည့် အန္တရာယ် ဖြစ်မလာအောင် ကြိုတင်ကာကွယ်ရာ ရောက်ကြောင်း သုတေသီ များက ထပ်လောင်း အကြံပြထား ပါတယ်။ 

ဝလွန် မိန်းကလေးများ သတိထား

အ၀လွန်သော ဆယ်ကျော်သက် မိန်းကလေး များတွင် နောက်ဆက်တွဲ ပြဿနာများ အဖြစ် အောက်ဖော်ပြပါ အမျိုးသမီးရောဂါ အမျိုးမျိုးကို ကြံတွေ့ရ နိုင်ပါတယ်။ အ၀ လွန်ကဲသော ဆယ်ကျော်သက် မိန်းကလေးများ တွင် အပျိုဖော်ဝင် စောနိုင်ခြင်း သို့မဟုတ် နောက်ကျ နိုင်ခြင်း၊  အပျို ဖြစ်သော်ငြားလည်း ရာသီစက်ဝန်း လစဉ်မပေါ်ဘဲ လခြားပေါ်ခြင်း၊ မီးယပ်သွေး အဆင်းနည်းခြင်း၊ အခြားရောဂါများ မရှိပါဘဲလျက် ရာသီစက်ဝန်း လစဉ်မပေါ် တော့ခြင်း သို့မဟုတ် ထိန်ခြင်း၊ မမျိုးဥကြွေမှု မမှန်ကန်တော့ဘဲ ရာသီစက်ဝန်း လစဉ် မပေါ်ခြင်း၊ အမျိုးသမီးရောဂါ အတွက် ဆရာဝန်များက စမ်းသပ်ရာ တွင် ခက်ခဲခြင်း သို့မဟုတ် အဖြေမှားနိုင်ခြင်း၊ ဆီးထိန်းရ ခက်ခြင်း သို့မဟုတ် ဆီးထွက် လွယ်ခြင်း၊ အ၀လွန် ဆယ်ကျော်သက် အိမ်ထောင်ပြသော အခါတွင်လည်း သားသမီးရရန် ခက်ခဲခြင်း၊ မရခြင်း သို့မဟုတ် သားသမီး ရရန် ကုသရာတွင် အချိန် ကြာမြင့်ခြင်း၊ ကုသရခက်ခဲ၍ သို့မဟုတ် အချိန်ကြာမှ အောင်မြင်ခြင်း၊ ကိုယ်ဝန်ဆောင် သောအခါ စမ်းသပ်ရ ခက်ခဲခြင်း၊ အရေပြား ယားယံတတ်ခြင်း၊ ကလေး အနေအထား၊ ဦးတိုက်ပုံ၊ အရွယ်အစားများ ခန့်မှန်းရ ခက်ခဲခြင်း၊ ကလေး နှလုံးခုန်သံ နားထောင်ရ ခက်ခဲခြင်း သို့မဟုတ် မကြားရခြင်း၊ သန္ဓေသား အနေအထား မမှန်၍ ပြပြင်ပေး ရာတွင် ခက်ခဲခြင်း၊ မအောင်မြင်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင် စဉ်ခေတ္တ ဆီးချို သွေးချို ဖြစ်နိုင်ခြင်း၊ အ၀လွန်ပြီး ဆီးချို ရောဂါ ဖြစ်နေသော မိခင်မှ မွေးဖွားလာသော ကလေးငယ် များဟာ သာမန်ကိုယ် အလေးချိန်ရှိပြီး ဆီးချိုရောဂါ မရှိသော မိခင်မှ မွေးဖွားလာသော ကလေးများထက် အထီးကျန် စိတ်ဝေဒနာ ဖြစ်နိုင်သည့် အန္တရာယ် လေးဆမျှ ပိုများခြင်း၊ ကလေးဗိုက်ခွဲ မွေးရန်အတွက် လည်းကောင်း၊ အခြားမီးယပ် ရောဂါအမျိုးမျိုး တို့ကြောင့် သားအိမ် ထုတ်ခြင်း သို့မဟုတ် အလုံးထုတ်ခြင်း အတွက် မေ့ဆေး၊ ထုံဆေးပေး ခက်ခဲခြင်း၊ ခွဲစိတ်ရာတွင် ပိုမိုခက်ခဲပြီး  အချိန်ကြာခြင်း၊ ခွဲကြောင်း အနာကျက်မှု နှေးကွေးခြင်း သို့မဟုတ် အနာမကျက်ခြင်း၊ ခွဲထားသော ခွဲကြောင်းမှ  ကျွံထွက်ခြင်း စသည့် ပြဿနာ များဖြင့် ကြံတွေ့ရနိုင် ပါတယ်။

အချုပ်အားဖြင့် ဆိုသော်    မိန်းကလေး ဖြစ်စေ၊  ယောကျာ်းလေး ဖြစ်စေ အ၀လွန်ခြင်းက အလှပျက်ရုံ မျှမက အ၀လွန်ကဲ ခြင်းကြောင့် ဒူးနာ၊ ခါးနာ၊ ပေါင်ပွန်းခြင်း တို့အပြင် ဆီးချို ၊ သွေးတိုးနှင့် ကင်ဆာရောဂါ များ ပိုမိုဖြစ်ပွား လာနိုင်ပါတယ်။ သွက်လက် ချက်ချာမှု နည်းပါးလာကာ ထင်တိုင်းမပေါက် နိုင်တော့ဘဲ စိတ်ဖိစီး၍ စိတ်ဓာတ်ကျ ဝေဒနာကို ခံစားရနိုင် ပါတယ်။ ဒါကြောင့် မိမိအသိ စိတ်ဓာတ်ဖြင့် အ၀မလွန် စေအောင် ခံယူချက် ပြင်းပြင်းဖြင့် အနေအထိုင် အစားအသောက် ဆင်ခြင်၍ နိစ္စဓူဝ ကိစ္စကြီးငယ် မှန်သမျှကို လေ့ကျင့်ခန်း ဆန်ဆန် ကိုယ်လက်လှုပ်ရှား ပေးဖို့ လိုအပ်ပါကြောင်း နှင့် လူကြီးမိဘများ ကလည်း သင့်ကလေး အ၀လွန် မဖြစ်စေဖို့ ပဲ့ပြင်ထိန်းကျောင်း သင့်ပါကြောင်း အကြံပြလိုက်ရပါတယ်။ 

 

ပေါက်ပေါက်

ဓာတ်ပုံ - အာတာနက်

Crd mwddaily


No comments: