Monday, November 9, 2020

ကလေးမွေးဖွားမှုကိုပါ ဒုက္ခပေးနေတဲ့ ကမ္ဘာကြီးပူနွေးမှု

 

ကလေးမွေးဖွားမှုကိုပါ ဒုကပေးနေတဲ့ ကမာကြီးပူနွေးမှု

 


ကမ္ဘာကြီး ပူနွေးမှုဆိုတာ တဖြည်းဖြည်း နဲ့ သိပ်ကို ကြောက်စရာ ကောင်းတဲ့ အခြေအနေ ဆိုးကြီးအဖြစ်ကို  ရောက်မှန်းမသိ ရောက်လာပါပြီ။ လူတွေက   ဖန်လုံအိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်တယ်။ ကမ္ဘာကြီးက ဖန်ပေါင်းချောင်ထဲ ရောက်နေသလို   အပူချိန်တွေ မြင့်တက်လာတယ်။ အကျိုးဆက်က တောမီးတွေ လောင်တယ်။  ထွက်လာတဲ့ မီးခိုးငွေ့ တွေကြောင့် ကမ္ဘာ့ အပူချိန်ကို  မြင့်တက်စေ ပြန်တယ်။

တောမီး လောင်မှုကြောင့်   သစ်ပင်တွေ ပျက်စီးဆုံးရှုံးပြီး သက်ရှိတွေ အသက်ရှင်သန် ဖို့အတွက်  လိုအပ်တဲ့ အောက်ဆီဂျင် ထုတ်လုပ်မှု နည်းပါးလာပြန်တယ်။ ဂေဟစနစ် တွေလည်း  ပျက်စီးလာပြီး ရာသီဥတုတွေ ကလည်း ကမောက်ကမ ဖြစ်ပြန်ပါတယ်။ ဒီတော့ ကမ္ဘာကြီး ပူနွေးမှုရဲ့ အကျိုးဆက်က  သိပ်ကို ပြင်းထန်လွန်း ပါတယ်။


အခုလည်း သုတေသီတွေရဲ့ တွေ့ရှိချက် တစ်ခုအရဆိုရင်   ကမ္ဘာကြီး ပူနွေးမှုက ကလေး မွေးဖွားမှုကိုပါ ဒုက္ခပေး နေတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုရင်  ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင် နေစဉ် ကာလအတွင်းမှာ မြင့်မားတဲ့ အပူချိန် ဒါမှမဟုတ် အပူလှိုင်း ဖြတ်သန်းမှုတွေနဲ့ ထိတွေ့ရတယ် ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွား တာတို့၊ ကလေးအသေ မွေးဖွားတာတို့ ဖြစ်နိုင်ခြေ များတယ်လို့ သုတေသီတွေ က နိုဝင်ဘာ ၄ ရက်မှာ ပြောထား ပါတယ်။

အထူးသဖြင့် ကမ္ဘာ့အပူပိုင်း ဒေသတွေမှာ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်စပ်ပြီး   ဒီလို ရလဒ်တွေကို    ပိုမိုထွက်ပေါ် စေတယ်လို့ ဆေးပညာဂျာနယ် တစ်စောင်က ဖော်ပြထား တာပါ။ လူတွေဟာ မြင့်မားတဲ့ အပူချိန်နဲ့ ထိတွေ့မှုတွေက ပုံမှန်လို ဖြစ်လာတဲ့ အပြင်   ဒီလို ထိတွေ့မှု တွေကလည်း   မြင့်တက်လာတဲ့ အတွက် ကမ္ဘာ့အပူချိန် မဆို စလောက်လေး ထပ်မံမြင့်တက် တယ် ဆိုရင်တောင် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ကိုဖြစ်စေ နိုင်တယ်လို့ သုတေသီတွေက သူတို့ရဲ့ တွေ့ရှိချက်ကို အဆုံးသတ် ထားပါတယ်။

အခုသုတေသနကို   လုပ်ဆောင်တာက တော့ ဂျိုဟန်နက်စဘာ့မြို့ မှာရှိတဲ့ မျိုးပွားမှု စနစ် ကျန်းမာရေးနဲ့ အိတ်(ခ်ျ)အိုင်ဗီ ဌာနမှ ပါမောက္ခ မက်သယူးချဲဆစ် က ဦးဆောင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။ သူတို့ဟာ ချမ်းသာတဲ့နိုင်ငံ၊ ဆင်းရဲတဲ့နိုင်ငံ၊ ၀င်ငွေ အလယ်အလတ် ရှိတဲ့နိုင်ငံ ၂၇  နိုင်ငံရဲ့ သုတေသန စာတမ်း ၇၀ ကို လေ့လာ ခဲ့ကြတာပါ။

ဒီလို လေ့လာရာမှာ လမစေ့ဘဲ ကလေး မွေးဖွားမှု အကြောင်း သုတေသန လုပ်ထား တဲ့စာတမ်း ၄၇ ခုအနက် ၄၀ မှာတွေ့ရတာ က အခုလို လမစေ့ဘဲ ကလေးမွေး ရတာဟာ အပူချိန် မြင့်တက်မှုကြောင့် ဖြစ်တယ်ဆိုတာ ကို တွေ့လိုက် ရပါတယ်။ ပျမ်းမျှအားဖြင့်   ဒေသတွင်း အပူချိန် ၁ ဒီဂရီစင်တီဂရိတ် မြင့်တိုင်း   လမစေ့ဘဲ ကလေး မွေးဖွားမှု ၅ ရာခိုင်နှုန်း တိုးပြီး အပူလှိုင်းဖြတ်တဲ့ နေ့တွေမှာ ဆိုရင် ၁၆ ရာခိုင်နှုန်း အထိ တိုးတာကို တွေ့ရပါတယ်။

ကလေး အသေမွေးဖွားမှုနှုန်း ကတော့ အပူချိန် ၁ ဒီဂရီစင်တီ ဂရိတ်မြင့်တိုင်း  ၅ ရာခိုင်နှုန်း တိုးပြီး အထူးသဖြင့် ကိုယ်ဝန် ဆောင် နောက်ဆုံး အပတ်တွေမှာ အများဆုံး ဖြစ်လေ့ ရှိတယ်လို့   သုတေသီ တွေက ဆိုပါတယ်။

နှစ်စဉ်ကလေးငယ် ၁၅ သန်းဟာ လမစေ့ဘဲ မွေးလာရပြီး ဒီလို လမစေ့ဘဲ မွေးဖွားလာ ခြင်းဟာ  အသက် ငါးနှစ်အောက် ကလေးငယ်တွေ သေဆုံးရတဲ့ အဓိက အကြောင်းရင်း တစ်ခု ဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

သေဆုံးမှုနှုန်း အများဆုံး ကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဖြစ်ပြီး   အထူးသဖြင့် တော့ အာဖရိကဒေသ မှာရှိတဲ့    နိုင်ငံတွေမှာ ကလေးငယ် သေဆုံးမှုနှုန်း အများဆုံးပါ။ ဒါ့အပြင် အပူချိန် မြင့်တက်မှု၊ အပူလှိုင်း ဖြတ်မှုတွေကြောင့် မွေးကင်းစ ကလေးတွေ မှာ ကိုယ်အလေးချိန် မပြည့်မှု တွေကိုလည်း ဖြစ်စေနိုင် ပါတယ်။

ဒီလိုမွေးကင်းစ အရွယ်မှာ ကိုယ်အလေးချိန် မပြည့်ခြင်းဟာ ကလေး ကြီးလာတဲ့အခါ မှာကြံတွေ့ရတဲ့ ကျန်းမာရေး ပြဿနာတွေ နဲ့ဆက်စပ် နေပါတယ်။   ဒီဆက်စပ်မှုဟာ နည်းပါးပေမယ့် အလွန် အရေးပါတယ်လို့ သုတေသီတွေက ပြောထားပါတယ်။

ကမ္ဘာကြီး ပူနွေးမှုကြောင့် ပြီးခဲ့တဲ့ရာစုနှစ် အတွင်း   ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန်ဟာ ၁ ဒီဂရီစင်တီဂရိတ် မြင့်တက် လာပါတယ်။ ကြီးမားတဲ့ ကုန်းမြေထု နေရာတွေ မှာတော့ အပူချိန် မြင့်တက်မှု ပိုများပါတယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရာသီဥတု သိပ္ပံပညာရပ ဆိုင်ရာ အကြံပေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရဆိုရင်  ကမ္ဘာ့အပူပိုင်း ဒေသတွေမှာ အပူချိန် ထူးခြားစွာ မြင့်တက် လာတယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။ ပြင်းထန်တဲ့ အပူလှိုင်း တွေကလည်း အဲဒီဒေသတွေ မှာပဲ အဆိုးဆုံး ဖြစ်ပွားတာ ဖြစ်တယ်လို့ သူတို့က ဆိုထား ပါသေးတယ်။

လက်ရှိအချိန်မှာ    ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီစင်တီ ဂရိတ်အစား ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် အထိလျှော့ချဖို့ ပဲရစ် ရာသီဥတု သဘောတူ စာချုပ်က ရည်မှန်းထား ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ဆိုတာ လူပေါင်းသန်း ၄၂၀ အနေနဲ့ အလွန် ပြင်းထန်တဲ့ အပူလှိုင်း ဖြတ်မှုကို မကြာခဏ ထိတွေ့ရ နိုင်ဖွယ်ရှိ တယ်လို့ ကုလသမဂ္ဂရဲ့ အကြံပေးအဖွဲ့က ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ထား ပါတယ်။

နောက်တစ်ချက်က မြင့်မားတဲ့ အပူချိန်နဲ့ ထိတွေ့ရတဲ့ အပြင် မြေ၊ ရေ၊ လေ ညစ်ညမ်းမှု တွေကြားမှာ ရှင်သန်ရတဲ့ အလွန် ဆင်းရဲတဲ့ အမျိုးသမီးတွေမှာ    အခုလို လမစေ့ဘဲ ကလေး မွေးဖွားမှုနဲ့ ကလေးအသေ မွေးဖွားမှုနှုန်း ပိုမိုမြင့်တက် တာကို တွေ့ရပါတယ်။

သုတေသန ပညာရှင်တွေရဲ့   အခုလို သုတေသန လုပ်မှုတွေဟာ ကမ္ဘာသူ ကမ္ဘာသား တွေအတွက် လွန်စွာ အကျိုး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီလို သုတေသနတွေ ကြောင့် မိမိတို့အပေါ်ဆိုးကျိုးတွေ မသက်ရောက်အောင်    ဘယ်လို နေထိုင်ရမလဲ ဆိုတာကို သုံးသပ်မိ စေပါတယ်။ အခု သုတေသနမှာ ဆိုရင်လည်း အပူချိန် မြင့်တက်မှု ကြောင့်ဖြစ်ပေါ် လာတဲ့ ဆက်စပ် ဆိုးကျိုးတွေကို  ဖော်ပြထား ပါတယ်။

သုတေသီတွေရဲ့ ကျေးဇူးကြောင့် မိမိတို့အနေနဲ့ ကမ္ဘာ့အပူချိန် မမြင့်တက်အောင် တစ်ဖက် တစ်လမ်းကနေ ပါဝင်ဆောင်ရွက် တာမျိုး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဆိုရင်လည်း မြင့်မားတဲ့ အပူချိန်နဲ့ မထိတွေ့အောင် တတ်နိုင်သလောက် ရှောင်ကြဉ် တာမျိုးတွေကို လုပ်ဆောင်နိုင် စေပါတယ်။

ဒါကြောင့် ကလေး မွေးဖွားမှုကိုပါ ဒုက္ခပေးနေတဲ့ ကမ္ဘာကြီး ပူနွေးမှုကို လျှော့ချနိုင်ဖို့ လူသားတွေ အနေနဲ့ တတ်စွမ်းသမျှ လုပ်ဆောင်သွား ရမှာဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရါတယ်။      

 

ထက်မြက်

Ref : TST

ဓာတ်ပုံ - အင်တာနက်

Crd - mwddaily


No comments: