Sunday, November 22, 2020

အစာကို အချိန်ပေး စားစေလို

 

အစာကို အချိန်ပေး စားစေလို 

 


ကျွန်ုပ်တို့၏ ကျန်းမာခြင်းနှင့် အသက်ရှင်ခြင်း သည်  စားသောက်သော အစားအစာ ပေါ်တွင် အဓိက မူတည်နေသည်။ စားသောက်သော အစာသည် အာဟာရ ပြည့်ဝဖို့ လိုအပ်သည်။ အာဟာရ ပြည့်ဝခြင်း၊ မပြည့်ဝ ခြင်းသည် ကျန်းမာခြင်းနှင့် ဆက်စပ်နေသည်။ အစာအာဟာရ ကောင်းမှ အစာခြေချက် နိုင်သော သမ၀မ်းမီးကို ရရှိမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပါစကတေဇော ကိုရရှိမည် ဖြစ်သည်။ ပါစကတေဇော အားကောင်းစေရန် အတွက်လည်း ဒေါသ(၃)ပါး-လေ၊  သည်းခြေ၊  သလိပ် ညီညွတ် မျှတဖို့ လိုအပ်ပြန်သည်။ ဒေါသ(၃)ပါး ညီညွတ်မျှတ မှသာ သမ၀မ်းမီး ဖြစ်ပြီး ဓာတ်(၇)ပါး ညီညွတ်မျှတ စေရန် အထောက်အကူ ပြနိုင်မည် ဖြစ်သည်။


တစ်ဖန် ဓာတ်(၇)ပါး ညီညွတ်မျှတမှသာလျှင် ကျွန်ုပ်တို့ အသက်ရှည် ကျန်းမာမည် ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ကျွန်မတို့ သက်ရှည် ကျန်းမာစေဖို့ စားသောက်သော အစားအစာ များသည် အာဟာရဖြစ်ဖို့ လိုအပ်လှသည်။

ကျွန်ုပ်တို့သည် အစာစားရာတွင် လျှာနှင့်သွားကို အဓိကအသုံးပြကြရသည်။ လျှာသည် စားရန်၊ ၀ါးရန်၊ အရသာခံယူရန် အတွက်၊ စကားပြောရန် အတွက်သာ အသုံးပြနေသည်မဟုတ်ပါ။   လျှာတွင်ရှိသော အကြောဖုလေးများ၊ အစက်ကလေးများ၊ အကြောပေါင်း တစ်ထောင်သည် ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ကြက်စေ နိုင်သည်။ သွားသည်လည်း အစာများကို ကြေကျက်စေရန် ကြိတ်ခြေခြင်း ဆိုသော အလုပ်ကို လုပ်ဆောင်ပေး ရသည်။

အစာတော့ စားပါရဲ့    နည်းလမ်းမမှန်ဘူး ဆိုလျှင်လည်း ခန္ဓာကိုယ် အတွက် လိုအပ်သော အာဟာရများကို ပေးစွမ်းနိုင်မည် မဟုတ်ပါ။ ကျန်းမာ အသက်ရှည်ရန်   အစာစားနည်း များကိုလည်း   တင်ပြပေး လိုသည်။

စားသောက်သော အစားအစာများကို   လတ်လတ် ဆတ်ဆတ်စားပါ။ ချက်ပြတ်ပြီးစ အချိန်၊ အရည်ညှစ်ပြီးစ အချိန်တို့တွင် စားသောက် သင့်သည်။ သဘာဝ မြေသြဇာများနှင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် များကို ရွေးချယ် စားသောက်ပါ။ အစာစားချိန် သည်လည်း ပုံမှန်ဖြစ်ရမည်။ အစာစားသည့် ပုံသဏ္ဌာန် သည်လည်း မှန်ကန်ရမည် ဖြစ်သည်။

အစာစားနေစဉ် ဖုန်းပြောခြင်း၊ အင်တာနက် သုံးခြင်းမျိုး ကိုလည်း ရှောင်ကြဉ်ရမည်။ စားချင်စိတ် ပြင်းပြသည့် အချိန်မှစားခြင်းမျိုး ကိုလည်း ရှောင်ရမည်။ အစားအစာကို ဖြည်းဖြည်းမှန်မှန် စားပေးရမည်။ အဆာခံ ပြီးမှ စားခြင်းအလေ့မျိုး ကိုလည်း ရှောင်ရမည်။ အထူးအားဖြင့် အစာကို ကြေကြေညက်ညက် ၀ါးစားဖို့ လိုအပ်သည်။ အကြောင်းမှာ လူတို့အတွက် အလိုအပ်ဆုံး အရာသည် အစာတွင်းမှ သြဇာဓာတ်များ ဖြစ်သောကြောင့် ဖြစ်သည်။ စားသုံးနေသော အသား၊ ငါး၊ သစ်သီး၊ သစ်ဥ၊ အရွက်အတွင်းမှ အာဟာရ သြဇာဓာတ်များ ထွက်ပေါ်လာသည် အထိ စားနိုင်မှ  ခန္ဓာကိုယ်ကို အကျိုးပြမည် ဖြစ်သောကြောင့် ဖြစ်သည်။ အစာစားခြင်းတွင် အစာဝါးခြင်း အတတ်ပညာ ကိုလည်း တတ်မြောက်ရန် လိုအပ်သည်။

အစာဝါးခြင်း အတတ်ပညာ ဆိုသည်မှာ အစားကို လုံးဝ ကြေညက်အောင် ၀ါးသင့်သည်။ အစာအဖတ် အခဲများကို ကြေညက်အောင် ၀ါးဖို့လည်း လိုသည်။ အစာဝါးရာတွင် လျှာနှင့် ပါးစောင် အတွင်းသား များကို သုံးပြီး သေချာ ၀ါးသင့်သည်။ အစာအရည်များ ရလာသည့်အခါ မျိုချပြီး မကြေကျက် သေးသော အဖတ်အခဲများကို ဆက်လက်ဝါးသည့် အကျင့်ကိုလည်း ပြလုပ်ထား သင့်သည်။ အစာဝါးခြင်း အတတ်ပညာ ဖြင့်သာ စားသောက်ပါက   စားသမျှအစာ တို့ကို   အစာခြေ အင်္ဂါအဖွဲ့မှ ကောင်းမွန် လွယ်ကူစွာ အစာခြေပေး သောကြောင့် အစာကြေခြင်း၊ အစာနှပ်ခြင်း၊ အစာခြေရည်ကို စုပ်ယူနိုင်ခြင်းများ ကောင်းမွန်စွာ ပြလုပ်နိုင်မည်။ ထိုမှ ခန္ဓာကိုယ်၏ ဇီဝကမ္မ လုပ်ငန်းများကို မှန်ကန်စွာ လုပ်ဆောင် နိုင်ပြီး   အနာရောဂါ ကင်းဝေးစွာနှင့်   အသက်ရှည်ရှည် နေနိုင်မည် ဖြစ်သည်။

အစာကို ကြေညက်စွာ ၀ါးစားခြင်းဖြင့် အရသာ ခြောက်ပါး ခွဲစိတ်၍ အာရုံကြော များမှတစ်ဆင့် ၀မ်းတွင်း အစာအိမ်သို့ မရောက်မီ သြဇာဓာတ် အစွမ်းများကို ပံျ့နှံ့စေသည်။   ထိုသြဇာဓာတ် များသည် ခန္ဓာကိုယ် အတွက် လွန်စွာ သန့်ရှင်းခြင်း၊ အလွန်အမင်း အစွမ်းထက်ခြင်း၊ လျင်မြန်စွာ ပံျ့နှံ့ခြင်း၊  လျင်မြန်စွာ ခွန်အားရှိခြင်း    စသည့် ကောင်းကျိုး များကို ပေးသည်။

ယင်းသြဇာဓာတ် ကို ရှေးကျမ်းများတွင် သြဇောတိတိက္ခစဏ သဘာဝေါဟု မိန့်ဆို ထားသည်။ အစားအစာကို ကြာကြာဝါးမှ သြဇာပွားမည်။ သြဇာပွားမှ  ထက်မြက်မှု အကျိုးရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အစာကို ညက်ညက် ၀ါးစားခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းကျိုးများစွာ ရရှိနိုင်သည်။ အစာတစ်လုတ်ကို ၃၅ ကြိမ်ခန့် ၀ါးသင့်သည်။   ကြေညက်သော    ရသရည် ဖြစ်လာမှသျာိုချသင့်သည်။ ကြေခဲသော အစာများကို အကြိမ် ၇၀ ကျော်ဝါးပြီးမှသာ မျိုချသင့်သည်။

အစာကို ကြေညက်အောင် ၀ါးစားခြင်းသည် ခံတွင်းမှ အစာခြေ အင်ဇိုင်းများ စိမ့်ထုတ်မှုကို တိုးတက်စေရုံ သာမက အစာအိမ်ရည်၊ သည်းခြေနှင့် ပန်ကရိယရည် များကို  အစာနှင့်ကောင်းစွာ ရောနှောသမ သွားစေရန် ပံ့ပိုးပေး နိုင်သည်။

ကျွန်ုပ်တို့၏ အူလမ်းကြောင်း သည် ၁၅ မိုက်ခရိုမီတာ (၁ မီလီမီတာကို ၁၀၀၀ စိတ်-၁၅ စိတ်စာ) အောက်အရွယ် မှသာ ကောင်းစွာ စုပ်ယူနိုင်သည်။ သည့်ထက် အရွယ်ကြီးမားသော အစာများကို အူမှ စုပ်ယူနိုင်ခြင်း မရှိသည့်အတွက် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ရမည်။ သို့ဖြစ် ပါသောကြောင့် အစာကို ကြေညက်အောင် မ၀ါးလျှင် စားလိုက်သော အစာ၏ ၁၀ ပုံတွင်  ၃ ပုံလောက်သာ ခန္ဓာကိုယ်မှ စုပ်ယူနိုင်မည်။

နောက်ဆက်တွဲ အနေဖြင့် အစာကို ကြေညက်စွာ မ၀ါးလျှင် မည်မျှ တန်ဖိုးကြီးမားသော အစားအစာများကို စားသည်ဖြစ်စေ၊ ပမာဏများများ စားသည်ဖြစ်စေ ကြေညက်သော အာဟာရသြဇာဓာတ် ကို ရရှိနိုင်မည် မဟုတ်ပါ။ အာဟာရသြဇာဓာတ် မရရှိခြင်းကြောင့် ခွန်အားများလည်း မပြည့်ဝနိုင်ပါ။ ထို့အတူ   အစာကို ကြေညက်အောင် မ၀ါးခြင်း၏ နောက်ဆက်တွဲ ရောဂါဆိုးများ ကိုလည်း ခံစားရ နိုင်သည်။

ယနေ့ခေတ်တွင် ကိုရီးယား ဇာတ်လမ်းကြည့်ပြီး ထမင်းစားခြင်း၊ အရသာကို သေချာ မစူးစမ်းဘဲ အစာကိုမျိုခြင်း၊ ကြေညက်အောင် မ၀ါးဘဲ ကပျာကယာ နှင့် အစာစားခြင်း အလေ့များကို လူ ၁၀ ဦးတွင် ငါးဦးနီးပါးက ကျင့်သုံး နေကြသည်။  ယင်းသို့ကျင့်သုံး ရာမှ ကိုယ်တွင်း ဇီဝကမ္မ လုပ်ငန်း လုပ်ဆောင်ချက်များ မှားယွင်းကာ ရောဂါမျိုးစုံတို့ ၀င်ရောက် လာခြင်းဖြစ်သည်။

အစာကို ကြေညက်အောင် ၀ါးစားခြင်းဖြင့် အစားအသောက် စားသောက်သည့် နှုန်းကိုလည်း လျော့ကျစေသည်။ အစာစားတာ  နှေးလေလေ၊ အစာကို နည်းနည်းပဲ စားဖြစ်လေ ဖြစ်သောကြောင့် အစာစားချိန်မိနစ် ၂၀ ပြည့်သည်နှင့် ဗိုက်ပြည့်ပြီ ဆိုသော သတင်း အချက်အလက်ကို အစာအိမ် ကနေ ဦးနှောက်ကို အသိပေးမည် ဖြစ်သည်။ ထို့ကြောင့် အစာကို ကြေညက်အောင် ၀ါးစားခြင်းသည် ကိုယ်အလေးချိန် မြင့်တက်မှုကို ထိန်းသိမ်းပေး ရာလည်း ရောက်မည်။

ဤသို့ဖြင့် အစာကို ကြေညက်အောင် ၀ါးစားခြင်းဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်သော အာဟာရသြဇာဓာတ် ကို အပြည့်အ၀ ရရှိကာ ခွန်အားပြည့် ၍ သက်ရှည် ကျန်းမာစွာ နေထိုင်နိုင်မည် ဖြစ်ကြောင်းနှင့် အစာကို အချိန်ပေးစား စေလိုသည်။   

 

မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်

Crd - mwddaily


No comments: