အေအက်စ်အို (ASO) နှင့် ပိုးလေးဖက်နာရောဂါ
အဆစ်အမျက် နာကျင်ခြင်းသည် ကျွန်ုပ်တို့ လူသားများ အများဆုံး ခံစားရသော ဝေဒနာ တစ်ခုဖြစ်သည်။ အစဉ်မပြတ် လှုပ်ရှားသွားလာ နေရသောကြောင့် အခန့်မသင့် ပါက ကိုက်ခဲနာကျင် တတ်သည်က ပုံမှန် ဖြစ်သည်။ နားနားနေနေ နေလိုက်ခြင်း၊ အကိုက်အခဲ ပျောက်ဆေး တစ်ကြိမ်မျှ သောက်ခြင်း တို့ဖြင့် သက်သာ သွားပါက ရောဂါကြီးကြီး မားမား ဖြစ်နိုင်မှု ခက်ခဲနိုင်သည်။
အဆစ်အမျက် ကိုက်ခဲခြင်း သာမကဘဲ အဆစ်အမျက် ရောင်ရမ်း ကိုက်ခဲခြင်း၊ နံနက်အိပ်ရာ နိုးနိုးချင်းတွင် မထနိုင်အောင်၊ အရာဝတ္ထု များကို ကိုင်တွယ်လို့ မရနိုင်အောင် ကိုက်ခဲနာကျင် နေခြင်း၊ အဆစ်အမျက်များ သာမက ကျောရိုးများ နာကျင် ကိုက်ခဲခြင်း၊ အဆစ်အမျက် နာကျင် ကိုက်ခဲခြင်းက ရက်သတ္တ နှစ်ပတ်ကျော် သည့်တိုင် မသက်သာဘဲ ပိုပိုဆိုးလာလျှင် အရေးကြီးသည်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများကို သွားရောက်၍ ဆရာဝန် တစ်ဦးဦးနှင့် သေသေချာချာ တိုင်ပင် ဆွေးနွေး သင့်သည်။
သည်နေရာတွင် အဓိက ဆွေးနွေး လိုသည်မှာ အေအက်စ်အို ဟု ခေါ်သော ရောင်ရမ်းဓာတ် တစ်မျိုး အကြောင်း ဖြစ်သည်။ အထွေထွေ မိသားစု ကျန်းမာရေး ဆရာဝန်များနှင့် လူနာများ ကိုယ်တိုင် သည်ပင် အဆစ်အမျက်များ တစ်ခါတစ်ရံ နာကျင်ကိုက်ခဲ သည်ဆိုတိုင်း အေအက်စ်အို ရောင်ရမ်းဓာတ် ကို သွေးစစ်ချင် နေတတ်သည်။ ထိုသို့ အေအက်စ်အို ရောင်ရမ်းဓာတ် ကိုပိုးလေးဖက်နာ ဓာတ်ဟူ၍ လည်း အလွယ်တကူ သိထားကြသည်။
အမှန်စင်စစ်မှာ အေအက်စ်အို သည် ခန္ဓာကိုယ်က ပြသသော ရောင်ရမ်းဓာတ် တစ်မျိုးသာ ဖြစ်သည်။ ပိုးလေးဖက်နာဓာတ် ဟူ၍ အလွယ် မခေါ်သင့်ပေ။ အေအက်စ်အို ရောင်ရမ်းဓာတ် များတိုင်း ရောဂါရှိနေ သည် မဟုတ်ပါ။ အေအက်စ်အို ရောင်ရမ်းဓာတ် များသည် ဆိုတိုင်းလည်း ပိုးလေးဖက်နာ ရောဂါ၊ နှလုံး လေးဖက်နာ ရောဂါများ ဖြစ်နေသည် မဟုတ်ပါကြောင်း မှတ်သား စေလိုသည်။
အေအက်စ်အို အကြောင်း အရင်ဦးစွာ ရှင်းပြပါမည်။ အေအက်စ်အို (ASO) သည် အင်္ဂလိပ်လို အရှည်အားဖြင့် Anti Streptolysin O ကိုအတို ခေါ်ခြင်းဖြစ်သည်။ Streptococcus ဟုခေါ်သော ပိုးတစ်မျိုး ခန္ဓာကိုယ်ထဲ ၀င်ရောက်လျှင် တုံ့ပြန်၍ တန်ပြန် တိုက်ထုတ်သော ဓာတ်တစ်မျိုးပင် ဖြစ်သည်။ ပိုးဝင်ပြီး ငါးရက်မှနေ၍ ရက် ၃၀ အတွင်း အေအက်စ်အို ဓာတ် ထွက်လာတတ်သည်။ ပမာဏ တက်လာ တတ်သည်။ အေအက်စ်အို ဓာတ် တက်လာပြီး နောက်ပိုင်း ခြောက်လခန့် အကြာတွင် ပုံမှန်ပြန်ဖြစ် နိုင်မည်။
အေအက်စ်အိုဓာတ် သည် ဖျားနာခြင်း၊ အာသီးရောင်ခြင်း၊ ခန္ဓာကိုယ် အရေပြားတို့တွင် အခန့်မသင့်၍ အနာပေါက်ခြင်း၊ ထိခိုက်ပွန်းပဲ့မှု ရှိရုံမျှဖြင့်လည်း
တက်နိုင်သည်။ ဖျားခြင်း၊ အာသီးရောင်ခြင်း၊ အာသီးရောင် ပြည်တည်ခြင်းနှင့် အရေပြား ပိုးစွဲခြင်း စသော အခြေအနေတွင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ပဋိဇီဝ ပိုးသတ်ဆေးကို ဆေးပတ်လည်အောင် သောက်ရန် လိုကောင်းလိုမည်။ ထိုအခြေအနေ များတွင်
အမှန်တကယ် ဆေးကုသမှု ခံယူရမည်။ အေအက်စ်အို ပမာဏ များနေပြီး လက်ရှိတွင် အာသီးများ ရောင်ရမ်း ပြီးဖျားနေခြင်း၊ အရေပြားတွင် အနာများ ရှိခြင်းတို့ မရှိတော့ဘဲ နေကောင်း ကျန်းမာနေပါက ဆေးကုသရန် မလိုပေ။ ပဋိဇီဝ ပိုးသတ်ဆေးများ သောက်ရန် မလိုပေ။
အေအက်စ်အိုဓာတ် များနေကြောင်း သတ်မှတ်ချက် မှာ အသက်အရွယ် အလိုက်၊ စစ်ဆေးသော ဓာတ်ခွဲမှု ညွှန်းကိန်းအလိုက် မတူပေ။ ကလေးများတွင် ၁၀၀ မှ ၁၅၀ ယူနစ်ပါမဲလ် နှင့် လူကြီးများတွင် ၂၀၀ မှ ၂၅၀ ယူနစ်ပါမဲလ် ထက်များ နေပါက ပုံမှန် မဟုတ်ပေ။ အေအက်စ်အို သွေးစစ်ဆေးချက် ၂၀ မှ ၃၀ ရာခိုင်နှုန်း သည်လည်း မှားယွင်းနိုင်ကာ အေအက်စ်အို ဓာတ်များ နေတတ်သည်။ အသည်းရောဂါ နှင့် အဆုတ်နာ တီဘီပိုးရှိသူများကို စစ်ဆေးလျှင် အေအက်စ်အို ဓာတ်များ နေတတ်သည်။
ထို့ကြောင့် အေအက်စ်အို သည် ပိုးမဟုတ်ပါ။ ရောဂါ
ပြင်းအားကို လည်း မပြပါ။ အေအက်စ်အို များနေ ခြင်းသည် အဆိုပါပိုးက ခန္ဓာကိုယ် ထဲဝင်ရောက် နေကြောင်း၊ ၀င်ရောက်ခဲ့ကြောင်း သက်သေခံမှု ဖြစ်သည်။ အေအက်စ်အိုဓာတ် မြင့်တက်ပြီး တစ်ခါတစ်ရံ အဆစ်အမျက်တို့ နာကျင် ကိုက်ခဲတိုင်း ပိုးလေးဖက်နာ ရောဂါ နှင့် နှလုံးလေးဖက်နာ ရောဂါ မဟုတ်ပါ။ မိန်းကလေး အများစုသည် အဆစ်ကိုက်တိုင်း အေအက်စ်အိုဓာတ် ကို စစ်ဆေးချင် ကြပြီး သူတို့မှာ ပိုးလေးဖက်နာ သို့မဟုတ် လေးဖက်နာရောဂါ တစ်မျိုးမျိုး ရှိနေသည် ဟု အထင်ရှိကြသည်။ ပိုးလေးဖက်နာ ရောဂါနှင့် နှလုံးလေးဖက်နာ ရောဂါဖြစ်နိုင်၊ မဖြစ်နိုင်ကို တခြားသော ရောဂါ လက္ခဏာများ တွဲလျက်ရှိရန် လိုအပ်သည်။ ရောဂါဖြစ်ကြောင်း ဆက်လက် စစ်ဆေးမှုများ ပြုရန်လိုအပ်သည်။
Streptococcal ပိုး၏ နောက်ဆက်တွဲ ဆိုးကျိုး အနေဖြင့် ဖြစ်နိုင်တာက ပိုးလေးဖက်နာ ရောဂါ၊ နှလုံး လေးဖက်နာ ရောဂါနှင့် ကျောက်ကပ်ရောင် ရောဂါတို့ ဖြစ်တတ်သည်။ အဆိုပါ ရောဂါတို့သည် ပိုး၏တိုက်ရိုက် တိုက်ခိုက်ခံ ရမှုကြောင့် ဖြစ်တာ မဟုတ်ပါ။ ပိုးကိုခန္ဓာ ကိုယ်ကလွန်ကဲစွာ တန်ပြန်ခုခံ တိုက်ခိုက် သောကြောင့်
ဖြစ်လာရခြင်း ဖြစ်သည်။
ပိုးကိုတိုက်ထုတ်တဲ့ ခုခံအားဓာတ်သည် ခန္ဓာကိုယ်ရှိ နှလုံး အဆို့ရှင်များ၊ အဆစ်အမျက်များ၊ အရေပြား၊ ကျောက်ကပ်နှင့် ဦးနှောက်တို့တွင် ရှိသော (ပုံမှန်) ပရိုတင်းဓာတ်နှင့် ပုံစံတူ သောကြောင့် ပိုးကိုလည်း တိုက်ထုတ်ကာ ပုံမှန်ခန္ဓာကိုယ် အစိတ်အပိုင်း များကို မှားယွင်း တိုက်ခိုက်ခြင်း ကြောင့်ဖြစ်သည်။ ကလေးများ နှင့် ကြီးကောင်ဝင် အရွယ်များတွင် အာသီး ခဏခဏ ရောင်ရမ်းလျှင် သတိထားရမည်။
ကျောက်ကပ် ရောင်ရမ်းသော လက္ခဏာများမှာ မျက်နှာနှင့် ခြေလက်များ ဖောရောင်ခြင်း၊ မျက်ခွံမို့ခြင်း၊ ဆီးသွားနည်းခြင်း၊ မောခြင်းနှင့် သွေးတိုးခြင်း တို့ဖြစ်သည်။ နေ့စဉ် သာမန်အလုပ်များ မလုပ်နိုင်ခြင်း၊ မောပန်းလွယ်ခြင်း၊ မောခြင်းအပြင် ရင်ဘတ်အောင့် ခြင်း၊ အဆစ်အကြီးရော အသေးပါ ရောင်ရမ်း နာကျင်ခြင်း၊ အရေပြားတွင် အဖုများ ထွက်လာခြင်း၊ အရေပြား ပေါ်တွင် အနီကွက်များ ပေါ်ခြင်းတို့ ရှိလာပါက ပိုးလေး ဖက်နာ ရောဂါ ဖြစ်နိုင်သည်။ ခြေလက်များ အကြောဆွဲခြင်း ဖြစ်ပါက ပိုးလေးဖက်နာ ရောဂါ ဖြစ်နိုင်ခြေများ သည်။ ထိုလက္ခဏာများ ရှိပြီးနောက် နှလုံးစမ်းသပ် ခြင်းများ၊ သွေးဖောက် စစ်ဆေးခြင်း များ၏ ရလဒ်များကို အခြေတည်၍ ပိုးလေးဖက်နာ ရောဂါ ဖြစ်နေကြောင်း၊ ဆေးကုသမှု အမှန်လိုအပ်ပြီး ဆေးပုံမှန် သောက်ရန် ဆုံးဖြတ်ရသည်။ ထိုအခြေအနေ မျိုးတွင် အေအက်စ်အိုဓာတ် များနေခြင်းက အထောက်အကူ ပြုသည်။
ပိုးလေးဖက်နာ ရောဂါကို သေသေချာချာ ကုသမှု မခံယူလျှင် နောက်ပိုင်း နှလုံးကိုပါ ထိခိုက်ကာ ပိုမိုပြင်းထန်သော နှလုံးလေးဖက်နာ ရောဂါအဖြစ် ပြောင်းလဲသွား နိုင်သည်။ နှလုံးလေးဖက်နာ ရောဂါ အရမ်းဆိုး လာလျှင် အနည်းငယ် လှုပ်ရှားစဉ်ပင် မောပန်းလွယ်ခြင်း၊ လဲလျောင်း နေသည့်အခါ သို့မဟုတ် အိပ်သည့်အခါ မနေနိုင် လောက်အောင် လှိုက်၍ မောပန်းလာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးစည်းချက် မမှန်ခြင်းနှင့် ခြေလက်များ ရောင်ရမ်းခြင်းတို့ ဖြစ်လာသည်။
ပိုးလေးဖက်နာ ရောဂါသည် ကလေးများ နှင့်ကြီးကောင်ဝင် အရွယ်များတွင် ဖြစ်ပွားနိုင်သည်။ အသက်အရွယ် ကြီးသူများ၊ သွေးဆုံးပြီး အမျိုးသမီး များတွင် ပိုးလေးဖက်နာ ရောဂါဖြစ်နိုင်ခြေ နည်းသည်။ သက်လတ်ပိုင်း၊ သက်ကြီးပိုင်း လူများကို ပိုးလေးဖက်နာ ရောဂါ
အဖြစ်လွယ်လွယ် ခေါင်းစဉ်တတ်မိကြ၊ သတ်မှတ်ကြပြီး ပဋိဇီဝ ပိုးသတ်ဆေးများ (ဥပမာ-ပင်နီဆီလင်ဆေး) မလိုအပ်ပါဘဲ သောက်ချင်ကြသည်။ အသားဆေး ထိုးချင်ကြသည်။ ထိုအခါ မလိုလားအပ်တဲ့ ဆေးယဉ်ပါးမှု၊ ဆေး၏ ဓာတ်မတည့်မှု၊ အပိုဆောင်း ဆိုးကျိုးများ နှင့် ငွေကုန်ကြေးကျ မှုများ ရှိလာနိုင်ပါသည်။ ထို့ပြင် အခြားသော လေးဖက်နာ ရောဂါများ ကိုလည်း ပိုးလေးဖက်နာ ရောဂါဟူ၍ မှားယွင်းကုသ နိုင်ခြင်းကြောင့် လေးဖက်နာ ရောဂါတချို့၏ ပြင်းထန်ချိန်မှ၊ အချိန်နှောင်းမှ ရောဂါသိလာရခြင်း နှင့် ဆေးကုသမှု
နောက်ကျခြင်း တို့လည်း ဖြစ်နိုင်သည်။
ပိုးလေးဖက်နာ ရောဂါသည် ဆေးမသောက် ပြန်လျှင်၊ ကုသမှု တိတိကျကျ မရရှိလျှင် နှလုံးလေးဖက်နာ ရောဂါကိုပါ နောက်ပိုင်း တွဲလျက်ခံစား ရနိုင်ပြန်သည်။ တစ်ဖက်မှ ပြန်စဉ်းစားလျှင် အေအက်စ်အို ဓာတ်များနေပြီး ခန္ဓာကိုယ်တွင် တခြားသော ရောဂါလက္ခဏာ များ တိတိကျကျ မရှိလျှင် အေအက်စ်အို ဓာတ်တစ်ခုပဲ များနေတိုင်း စိုးရိမ်စရာ မလိုပေ။
အချုပ်အားဖြင့် ဆိုသော် အေအက်စ်အို များနေတိုင်း ရောဂါမဟုတ်ပါ။ ပိုးလေးဖက်နာ ရောဂါ မဟုတ်ပါ။ အဆစ်အမျက် (တစ်ခါတစ်ရံ) နာကျင်ကိုက်ခဲ တိုင်းလည်း ရောဂါ မဟုတ်ပါ။ လေးဖက်နာ ရောဂါ မဖြစ်နိုင်ပါ။ ထို့ပြင် မလိုအပ်ဘဲ မိမိသဘောဖြင့် (ဆရာဝန် ညွှန်ကြားချက် မပါဘဲ) အေအက်စ်အို ဓာတ်မစစ်သင့်ပါ။ အေအက်စ်အို ကို မကြာခဏလည်း မစစ်သင့်ပါ။ အေအက်စ်အို ဓာတ်များတိုင်း အလွန်အမင်း စိုးရိမ်ပူပင် သောကမထား သင့်ပါ။ ထို့ကြောင့် နားလည် တတ်ကျွမ်းသော ဆရာဝန်များနှင့် ဆွေးနွေး တိုင်ပင်ပြီး ၎င်းတို့၏ ကုသမှု နှင့် လမ်းညွှန်မှု များကို အတိအကျ လိုက်နာသင့်သည်။ ။
မင်းလှိုင်ထော
ဓာတ်ပုံ - အင်တာနက်
Crd - mwddaily
No comments:
Post a Comment