Wednesday, November 4, 2020
ကလေးအသေမွေးနှုန်း ပိုတိုးလာစေနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါ
ကလေးအသေမွေးနှုန်း ပိုတိုးလာစေနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါ
ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ဖို့ ဆိုရင် စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရရော များစွာရင်းနှီး ပေးဆပ်ရ ပါတယ်။ ဒီလို ရင်းနှီးပြီးကာမှ မွေးလာတဲ့ ကလေးက အသေ ဖြစ်နေတယ်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင် နေစဉ်မှာပဲ ကလေးက သေဆုံးသွားတယ် ဆိုရင် ပထမဆုံး ရင်ကွဲမတတ် ခံစားရတာ မိခင်ပါ။ ပြီးမှသာ မိသားစုက ၀မ်းနည်း ပူးဆွေး ရတာ ဖြစ်ပါတယ်။
          ကလေး အသေမွေးတယ် ဆိုတာ ကိုယ်ဝန်အပတ် ၂၀ အောက်ပိုင်းမှာ သေဆုံးတဲ့ ကလေး မွေးဖွားမှုကို ဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင် အယောက် ၂၀၀ မှာ တစ်ယောက် က ကလေးအသေ မွေးနိုင်ပါတယ်။
          ဘာကြောင့် ကလေးအသေ မွေးရတယ် ဆိုတာတော့ အကြောင်းပြချက် အတိအကျ မရှိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ အချက်တွေတော့ ရှိပါတယ်။ အဲဒီ အချက်တွေထဲမှာ ဘာတွေပါလဲ ဆိုရင် ခရိုမိုဆုန်း မှုမမှန်မှု ၊ ချက်ကြိုး ပြဿနာ ၊ အချင်း ပြဿနာ ၊ မိခင်မှာ ဆီးချို ၊ သွေးတိုး ရောဂါ အခံရှိမှု ၊ မိခင် အာဟာရ ချို့တဲ့မှု ၊ ကိုယ်ဝန်ဆောင်စဉ် ရောဂါ ကူးစက် ခံရမှု ၊ ပိုးသတ်ဆေးတွေ ၊ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေနဲ့ ထိတွေ့ရမှုနဲ့ မိသားစုမှာ သွေးခဲရောဂါ ဖြစ်တဲ့ ရာဇ၀င်ရှိမှု တွေ ပါဝင်ပါတယ်။
          ကိုယ်ဝန်ပုံစံ မမှန်တာကြောင့် ချက်ကြိုးက ကလေးကို ပတ်နေတာ မျိုးတွေ ၊ ချက်ကြိုး ထုံးနေတာ မျိုးတွေကြောင့် သန္ဓေသားဟာ အောက်ဆီဂျင် ပြတ်ပြီး သေဆုံးနိုင် ပါတယ်။
          သန္ဓေသားကို အာဟာရ ထောက်ပံ့ပေး နေတဲ့ အချင်း ဆိုရင်လည်း အချိန်မတိုင်ခင် သားအိမ်နံရံကနေ ကွာကျလာမှု ကြောင့် ကလေး အသေမွေးမှုကို ဖြစ်စေနိုင် ပါတယ်။ အာဟာရ အလွန်အမင်း ချို့တဲ့ရင်လည်း အလားတူ အခြေအနေ ကို ဖြစ်ပေါ် စေပြန်ပါတယ်။
          ဒီလို အခြေအနေတွေ မဖြစ်အောင် ကိုယ်ဝန်ကို သက်ဆိုင်ရာ ဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးမှုတွေ မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်ဟာ အစားမရှောင်ဘ အာဟာရ ပြည့်ဝအောင် စားဖို့ လိုအပ်ပါတယ်။
          ကမ္ဘာပေါ်မှာ ကလေးအသေ မွေးနှုန်းက တစ်နှစ်ကို ၂ သန်းနီးပါး ရှိပါတယ်။ ဆိုလိုတာက ၁၆ စက္ကန့်တိုင်းမှာ ကလေးအသေ တစ်ယောက် မွေးဖွား နေတာဖြစ်ပါတယ်။ အခုတော့ ဒီလို အခြေအနေ တွေကို ပိုဆိုးစေမယ့် အကြောင်းတွေ ဖန်လာ ပြန်ပါပြီ။ အဲဒါကတော့ ယနေ့ ကမ္ဘာပေါ်မှာ လူပေါင်း တစ်သန်းကျော်ရဲ့ အသက်ကို နုတ်ယူထားပြီး ဖြစ်တဲ့ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု ပါပဲ။
          ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ ကိုဗစ် - ၁၉ ရောဂါကြောင့် ကလေး အသေမွေးနှုန်းဟာ တစ်နှစ်ကို ၂ သန်းနီပါး အပြင် နောက်ထပ် အယောက် ၂ သိန်းအထိ ထပ်တိုးလာနိုင် တယ်လို့ ကုလသမဂ္ဂ က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန် သတိပေးလိုက် ပါတယ်။
          ကလေးအသေ မွေးမှု အများဆုံး ကတော့ ၀င်ငွေနည်းနဲ့ ၀င်ငွေ အလယ်အလတ် ရရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပြီး အသေမွေး လာတဲ့ ကလေး အရေအတွက် စုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ မွေးကင်းစ ကလေး စောင့်ရှောက်မှုဟာ တိုးတက်လာ ပေမယ့်လည်း သားဖွားဆရာမ တွေကို လေ့ကျင့် သင်ကြား ပေးမှုနည်းပါး ခြင်းနဲ့ လိုအပ်တဲ့ ပစ္စည်း ကိရိယာ ရှားပါးခြင်း တို့ကြောင့် ကလေး အသေမွေးနှုန်း က မြင့်တက် နေရတာပါ။
          ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေ အတွင်း ကမ္ဘာပေါ်မှာ မွေးကင်းစကလေးနဲ့ ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှုနှုန်းက ကျဆင်းသွား ပေမယ့်လည်း ကလေးအသေ မွေးနှုန်းကတော့ မြင့်တက် နေဆဲ ဖြစ်ပါတယ်။ အများအားဖြင့် အာဖရိကတိုက် ရဲ့ ဆာဟာရ ကန္တရာ တောင်ပိုင်းရှိ နိုင်ငံများနဲ့ အရှေ့တောင် အာရှဒေသရှိ နိုင်ငံများမှာ ကလေးအသေ မွေးနှုန်း မြင့်တက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ ကမ္ဘာ့ဘဏ် တို့က ပူးတွဲ ထုတ်ပြန်ထား ပါတယ်။
          ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာရှိတဲ့ ကျန်းမာရေး စနစ်တွေ တောင်မှ ကိုဗစ် -၁၉ ရောဂါကြောင့် ယိုင်နဲ့နဲ့ ဖြစ်နေချန် ဖွံ့ဖြိုးမှု မရှိတဲ့ နိုင်ငံတွေ ၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရှိတဲ့ ကျန်းမာရေး စနစ်တွေ အတွက်ကတော့ ဆိုဖွယ်ရာ မရှိပါဘူး။ ဒါကြောင့် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုဟာ ၀င်ငွေနည်းတဲ့ နိုင်ငံတွေနဲ့ ၀င်ငွေ အလယ်အလတ် ရရှိတဲ့ နိုင်ငံတွေမှာ ရှိတဲ့ ကျန်းမာရေး စနစ်ရဲ့ ၅၀ ရာခိုင်နှုန်း ကို ဆုတ်ယုတ် စေလိမ့်မယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန် သတိပေး ထားပါတယ်။
          ကမ္ဘာပေါ်မှာ ကလေး အသေမွေးမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း က မီးဖွားနေစဉ် မှာ ဖြစ်တာ ဖြစ်တယ်လို့ ကိန်းကဏန်း အချက်အလက် များအရ သိရပါတယ်။ ဒီလို မီးဖွားနေစဉ် ကလေး သေဆုံးမှုကို အလွယ်တကူ ရှောင်ရှားနိုင် ပါတယ်။ အဓိက ကတော့ သားဖွား ဆရာမ တွေကို ကောင်းစွာ လေ့ကျင့်သင်ကြား ပေးမှုနဲ့ အရေးပေါ် သားဖွား စောင့်ရှောက်မှု နည်းလမ်းတွေ ကောင်းစွာရှိစေဖို့ လိုအပ်ပါတယ်။
          ဒါပေမယ့်လည်း အခုလို ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ သားဖွား ဆရာမ တွေကို  ကောင်းစွာ လေ့ကျင့် ပေးနိုင်မှုက မရှိသလောက် ကို နည်းပါးစေ ပါတယ်။ ဒါ့အပြင် ကိုဗစ် - ၁၉ ရောဂါကြောင့် ၀င်ငွေနည်း နိုင်ငံတွေမှာ အခြေခံ လူတန်းစားတွေ အလုပ်လက်မဲ့ ဖြစ်မှု ၊ အစာရေစာ ပြတ်လပ် ငတ်မွတ်မှု တို့ကို ဖြစ်စေတဲ့ အတွက်လည်း ကလေး အသေမွေးမှု နှုန်းကို မြင့်တက် စေပြန်ပါတယ်။
          တကယ်လို့သာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ် တုံ့ပြန် ဆောင်ရ်ွမှုတွေ မရှိဘူး ဆိုရင် ၂၀၃၀ ပြည့်နှစ် အရောက်မှာ ကမ္ဘာကြီးဟာ တစ်နှစ်ကို ကလေးအသေ မွေးနှုန်း သန်း ၂၀ ကျော်နဲ့ ရင်ဆိုင် ရလိမ့်မယ် လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးထား ပါတယ်။
ထက်မြက်
Ref : CNA
ဓာတ်ပုံ - အင်တာနက်
Crd : mwddaily
No comments: