Thursday, April 24, 2008

ကျွန်တော်ကျောင်းသားဘ၀ (၁၀)

မယ်ဆိုင်မြို့လေးကိုတော့ အိမ်ဦးနဲ့ ကြမ်းပြင်လို နေ့တိုင်းပဲ ရောက်ဖြစ်တယ်။ ဈေးဝယ်ရင်းဖြစ်စေ၊ ဈေးမ၀ယ်လည်း လျှောက်ကြည့်ရင်းဖြစ်စေ၊ ရပ်ဝေးဧည့်လာလို့ လိုက်ပို့ရင်းနဲ့ ဖြစ်စေ ရောက်နေကျမို့ ရပ်ကွက်တစ်ခုထဲ ၊ တရုတ်တန်းဈေးတစ်ခုကို သွားလည်နေရသလိုပါပဲ။ မယ်ဆိုင်နယ်စပ်မြို့လေးကနေ ချင်းမိုင် ကို ထွက်တဲ့ ဟိုင်းဝေးဘတ်စ် တစ်နေ့တစ်စီးထွက်တည်၊ မနက်(၆)နာရီ လောက်ပါ။ အဲဒီကားရဲ့ ဟွန်းသံက သင်္ဘောမှာတပ်ထားတဲ့ ဟွန်းအသံလိုပါပဲ။ ဘတ် ၆၀ ပေးရတယ်။ သင်္ကြန်ရက်ဆိုရင် အစစ်အဆေးမရှိ ချင်းမိုင်ကို သွားလည်နိုင်တယ်လို့သိရတယ်။

တစ်ရက်….
အဖေရဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ မယ်ဆိုင်နဲ့ မိုင် ၂၀ ကျော် ဝေးတဲ့ ၀မ်ထန် မြို့လေးကိုသွားလည်ကြတယ်။ တောမကျ မြို့မကျ မြို့ကလေးပါ။ ဘတ်စ်ကားက ၂၂ ဘတ် ပေးရတယ်။ ကားခလဲ ကလေးဆို တစ်ဝက်နှုန်းပါပဲ။ တိုက်အိမ်ပုလေးတွေရှိသလို တဲအိမ်၊ သစ်သားအိမ် လေးတွေလည်းတွေ့ရပါတယ်။ အဓိကစီးပွားရေး လုပ်ငန်းကတော့ မွေးမြူရေးကြက်၊ ဥစားကြက်တွေမွေးတယ်။ ဥကြက်မတစ်ကောင်ကို ဘလောက်တစ်ခုနဲ့ ဘလောက် ၅၀ ပါတဲ့ အတန်း ၁၀၀ တန်းမက ရှိတယ်။ တစ်နေ့ ဥကြက်မတစ်ကောင်က ဥ ၁၅ လုံး ၂၀ လုံးဥတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ တိရိစ္ဆာန် ဆရာဝန်က သူ့ရဲ့ဥနဲ့ပဲ ဆလင်းနဲ့ အဲဒီကြက်ကို ပြန်ထိုးပေး နေတာ တွေ့ရတယ်။ ကျွန်တော်တို့ဆီမှာ သိပ္ပံနည်းကျ စီးပွားဖြစ် ဥကြက်မွေးမြူတာကတော့ ယိုးဒယားရဲ့ နောက်နှစ် ၂၀ လောက် နောက်ကျပြီးမှ လုပ်တာတွေ့ရပါတယ်။ သွားတည်းတဲ့အိမ်က အရင် တုန်းက မြန်မာပြည်ကပဲ အခုဒီမှာ ပြည်သူ့စစ်ဆိုလားပဲ လုပ်တယ်။ အိမ်မှာ အမ်-၁၆ တစ်လက်နဲ့၊ နှစ်လုံးပြူး တစ်လက်အမြဲဆောင် ထားတာတွေ့ရတယ်။ ၀မ်ထန်မြို့နဲ့မနီးမဝေးမှာ ဘုရားကျောင်းကို သွားဖူးကြတယ်။ ဘုရားခြေရင်း ရောက်ရင်ပဲ ကလေးတစ်သိုက်က ပန်းဝယ်ပါ၊ ဖယောင်းတိုင်ဝယ်ပါ၊ ဖိနပ်ထားခဲ့ပါ နဲ့အလုအယက် လိုက်ဆွဲ ရောင်းတာတွေ့ရတယ်။ ကျွန်တော်တို့ ဗမာပြည်မှာတော့ ဒီလိုအလေ့အထ မတွေ့ရသလောက်ပါပဲ။ ဒါပေမယ့် ရွှေတိဂုံ တောင်ဘက်မုဒ်မှာ ဖိနပ်ထည့်ဖို့ ကျွတ်ကျွတ်အိပ်အတင်းလိုက်ရောင်း တာတွေ့နေရသေးတယ်။ နောက် မျောက်တွေအများကြီး ရှိတဲ့ ဘုန်းကြီးကျောင်းကို လည်းရောက်ခဲ့တယ်။ မျောက်တွေက ဖိုးဝင်းတောင်လောက်အရေအတွက်မများပေမယ့် ပိုယဉ်ကျေးတဲ့ အနေအထားမှာတွေ့ရတယ်။ လုတာ ဆွဲတာ မတွေ့ရဘူး။ ကျွေးမှ ပေးမှ စားတာတွေ့ရတယ်။

တကယ့် ယိုးဒယားစစ်စစ်တွေကို ဒီဝမ်ထန်ရွာလေးမှာတွေ့ရတယ်။ အသားညိုညို ရွက်ကြမ်းရေကြို လေးတွေ ကျွန်တော်တို့ အညာဘက်ကနဲ့ ဆင်ပါတယ်။ ညဘက်ကျတော့ ထူးခြားတာက လျှပ်စစ်မီးမရတာပဲ။ ဓာတ်မီးနဲ့ဓာတ်ခဲ၊ မီးခြစ်နဲ့ဖယောင်းတိုင် တွဲပြီး ဆောင်ထားရတယ်။ လျှပ်စစ်မီးမရတာကို မေးကြည့်တော့ ပိုက်ဆံ ပေးနိုင်ရင်ရတယ်။ မပေးရင်မရဘူးတဲ့။ သိပ်တော့နားမရှင်းခဲ့ပါဘူး။
ဝမ်ထန် မှာတစ်ညအိပ်ပြီး မယ်ဆိုင်ကို ပြန်ခဲ့ကြတယ်။ လမ်းမကြီး တွေကတော့ တစ်လျှောက်လုံး နိုင်လွန်ကတ္တရာတွေ အပြည့်နဲ့ ဖြူးနေတာတွေ့ခဲ့ရတယ်။ ဘတ်စ်ကားက မယ်ဆိုင်ဈေးမှာ လမ်းဆုံးတယ်။

ဆက်ရေးပါအုံးမည် . . .

Wednesday, April 23, 2008

နွေမုန်းသူ . . . သို့

မြေမှာကြွေမှာစိုးလို့
နွေကို မုန်းခဲ့တာလား . . . ။

လေယူရာတိမ်း ယိမ်းနွဲ့သလို
လေသာရာ ပကာသနဘက်ကို
တမင်တကာများ ယိမ်းနွဲ့လို့
တိမ်းခဲ့ရော့သလား . . . ။

သြော် . . . ဂေါ်သဇင်ပန်းလို တော်ဝင်မျိုးနွယ်မို့
ခဏ တဖြုတ် အပျော်သဘောနဲ့
ခြောက်ကပ်ကပ် နွေရာသီဘ၀လေးထဲကို
အလည်ဝင်ရောက်ခဲ့သူပါလား . . . ။ ။


တစ်ပွင့်ပန်း

ဟိုးအမြင့်မှာ
ပန်လိုရည်စူး
ခူးမခွင့်သာ
ယိုင်နဲ့နဲ့ တံခြူနဲ့မို့
တမင်တကာများ
အပိုင်လိုချင်အောင်
လှပြနေတာလား . . . . .။


ဥပေက္ခာ

ဤနေရာတွင်
သာယာအေးဆေး ၊ ပန်းတိုင်းမွှေးသည်
မွှေးကြပါစေ ၊ သည်ပန်းတွေကို
ခြွေလည်း မခြွေလိုတော့ပါ ။
နမ်းလည်း မနမ်းလိုတော့ပါ ။

ဤနေရာတွင်
ခွေကာဝိုက်ပြေး ၊ စမ်းကလေးတို့
အေးမြသန့်စင် ၊ လွန်ကြည်လင်သည်
ကြည်လင်ပါစေ ၊ သည်စမ်းရေကို
ခြေလည်း မဆေးလိုတော့ပါ ။
သောက်လည်း မသောက်လိုတော့ပါ ။ ။

ကျွန်တော်ကျောင်းသားဘ၀ (၉)



ကျွန်တော့်မွေးရပ် ကျိုင်းတုံလိုပါပဲ နယ်စပ်မြို့ကလေး တာချီလိတ်လဲ လျှပ်စစ်မီး မရရှာဘူး။ ယိုးဒယားကလာတဲ့ ၅၀ ချောင်းပါ အ၀ါရောင် ဖယောင်းတိုင် တွေနဲ့ပဲ နှစ်ပါးသွားရတယ်။ ဟိုဘက် မယ်ဆိုင်မြို့လေးကို လှမ်းမျှော်ကြည့်လိုက်တော့ နီယွန်မီးတွေ၊ မာကျူရီ မီးတွေ၊ လမ်းဘေး၊ လမ်းလယ်မီးလုံးတွေ၊ တိုက်တွေက နေလျှံထွက်လာတဲ့ မီးရောင်တွေက မယ်ဆိုင်တစ်မြို့လုံးကို လေးလမ်းသွား နိုင်လွန်ကတ္တရာ လမ်းမကြီးနဲ့အတူ ထိန်ထိန်ညီးနေစေတယ်။ ညနေခင်းဆို သူငယ်ချင်းတွေနဲ့ မယ်ဆိုင်ချောင်းတံတားပေါ်ကလက်ရန်းကိုမှီ နီယွန်မီးတွေအောက်မှာ အမြဲအချိန်ဖြုန်းနေကျပါ။ တာချီလိတ်မြို့ထဲက ကတ္တရာလမ်းပေါ် ချိုင့်ခွက်တွေကို သတိထားရှောင်ရှားရင်း အိမ်အပြန်လမ်းမှာ သိမ်ငယ်တဲ့စိတ်တွေ ခဏခဏ ၀င်မိတယ်။


တစ်နေ့ ဟိုဘက်ကမ်းမှာ အဖေနဲ့ရုပ်ရှင်သွားကြည့်တယ်။ ပလက်တွန် ဖြစ်မယ်။ ဗီယက်နမ်စစ် နောက်ခံစစ်ကားပါ။ အနိမ့်ဆုံးက ၁၆ ဘတ် ပေးရတယ်။ လူကြီး ၁၆ ဘတ်၊ ကလေး၊ ဆိုက္ကားသမား၊ ဘုန်းကြီး တွေကိုတော့ တစ်ဝက်နှုန်းပါ။ ကျွန်တော်က ၈ ဘတ်ပေးရတယ်။ သူတို့ဆီက ထိုင်ခုံနံပါတ်မပါဘူး။ ကြိုက်ရာနေရာထိုင်ပဲ။ စပြတော့ ယိုးဒယားဘုရင် ဓာတ်ပုံနဲ့ ယိုးဒယားနိုင်ငံတော် သီချင်းဖွင့်တယ်။ ရုပ်ရှင်က မူရင်းအင်္ဂလိပ် အသံထွက်မဟုတ်ဘဲ ယိုးဒယားအသံထွက်နဲ့ ဘာသာပြန်ထားတယ်။ ကြည့်ရတာ တစ်မျိုးလိုနေသလိုပါပဲ။ မယ်ဆိုင်မှာ ရုပ်ရှင်ရုံ(၂)ရုံရှိတယ်။ ယိုးဒယားဇာတ်ကားတွေ သီးသန့်ပြ တဲ့ရုံနဲ့ နိုင်ငံခြားဇာတ်လမ်းတွေပြတဲ့ရုံပါ။ နိုင်ငံခြားဇာတ်လမ်းပြတဲ့ ရုံက စပြတဲ့ ပထမရက်တစ်ရက်တည်း မူရင်းအသံထွက်ဖြစ်တယ်။ ကျန်ရက်တွေမှာ ဘာသာပြန်ပြီး ယိုးဒယားအသံဖြစ်တယ်။


ရုပ်ရှင်ကြည့်ပြီးတော့ အနီးအနားမှာ ခေါက်ဆွဲပြုတ်ဆိုင်ဝင်စားတယ်။ တစ်ပွဲ ဘတ် ၃၀ ပါ။ နောက် စက်နဲ့ဖျော်ထားတဲ့ မြင်းခွာရွက်အအေး က တစ်ခွက် ၅ ဘတ်ပါ။ ယိုးဒယားမှာ ဟင်းချိုမှုန့်လုံးဝ စားသုံးတာ မတွေ့ရပါဘူး။ ခေါက်ဆွဲဆိုင်မှာ ဟင်းချိုမှုန့်အစား သကြားပဲပေးပါ တယ်။ ပြည်သူတွေ စားသုံးခြင်းမရှိတဲ့ ဟင်းချိုမှုန့်တွေကို နိုင်ငံခြား (မြန်မာနိုင်ငံ)ကိုအဓိက တင်ပို့တယ်။ ဆိုင်ရှင်ကို မေးကြည့်တော့ အရိုးပျော့ဆေးပါလို့ မစားကြဘူးလို့ ပြန်ပြောပြတယ်။


မယ်ဆိုင်မြို့လေးရဲ့ ရောင်းချတဲ့ဆိုင်တွေရဲ့ ဆိုင်းဘုတ် ၈၀ ရာခိုင်နှုန်းက မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ဖြစ်တယ်။ ထူးထူးခြားခြား အိန္ဒိယတိုင်းရင်းသားရောင်းတဲ့ ပါတိတ်ဆိုင်တစ်ဆိုင် ရှိပါတယ်။ ဒီမှာက အထည်အလိပ်တွေ အများဆုံးရောင်းတာ တွေ့ရတယ်။ ဈေးလည်းပေါတယ်။ အဆင်တွေလည်းလှတယ်။ တစ်ကိုက် နှစ်ကိုက်အစား မစ် နဲ့သုံးတယ်။ အလေးချိန်ကျတော့ ကီလို၊ ပေါင် အလေးချိန်သုံးပါတယ်။ သားအဖနှစ်ယောက် ပိတ်စတွေဝယ်ပြီး ခေါက်ဆွဲဆိုင်လမ်းကြားထဲက နာမည်ကြီး မိုးပြာ အပ်ချုပ်ဆိုင်မှာ တစ်ခါတည်း ၀င်အပ်တယ်။ ချုပ်ခက ready made ထက်ဈေးကြီး တယ်။ ယိုးဒယားမှာ ဈေးဝယ်ရတာက ပျော်စရာသိပ်ကောင်းတယ်။ ဘာပဲဝယ်ဝယ် လက်ဆောင်ပစ္စည်းပါတယ်။ အနည်းဆုံးတော့ ပြက္ခဒိန် ပါတယ်။ ပေးတဲ့လက်ဆောင်ဟာ ပစ္စည်းအသစ်ကြော်ငြာတာဖြစ်သလို အမြဲလာအားပေးအောင် လာဘ်ထိုးတာလဲ ဖြစ်နိုင်ပါတယ်။


ဆက်ရေးပါအုံးမယ်….

ကျွန်တော့်တစ်နေ့တာ (၆)

နောက်ဆုံးတေးသံ

လူတို့သည် အချိန်နဲ့အမျှ အလင်းနဲ့အမှောင်ရဲ့ သံစဉ်မဲ့တေးသံကို နာခံရင်း လူ့ဘ၀ကမ်းပါးဟာ နေ့ရက်များ တိုက်စားမှုအောက်ကို တစ်စတစ်စ ပြိုကျနေကြရတယ်။


လူတစ်ယောက်အတွက် အသက်တွေကြီးလာတယ် ဆိုတာ ဆုံးရှုံးရတဲ့ အလင်းရောင် ပမာဏတွေ များလာတာပါပဲ။ ကျွန်တော်လည်း နှစ်ပေါင်း ၃၀ ကျော်စာ အလင်းရောင်တွေ ဆုံးရှုံးခဲ့ပြီးပါပြီ။ နောက်ထပ်လည်း ဆုံးရှုံးရအုန်းမှာပါ။ အသက်ရှင်ခြင်း တရားဆိုတာ ဆုံးရှုံးမှုတို့ရဲ့ ပုန်းအောင်းရာနေရာ ပါပဲ။


မနက်ခင်း အရုဏ်ရောင်ခြည်မှာ ကျွန်တော်အိပ်ရာထရမယ်။
ကျွန်တော့်အိပ်ရာကို ကျွန်တော် ဆုံးရှုံးမယ်။
မျှော်လင့်ခြင်းတွေနဲ့ ကျွန်တော်လမ်းပေါ်ထွက်လာတော့ ကျွန်တော့် အခန်းလေးကို ကျွန်တော် ဆုံးရှုံးခဲ့ရတယ်။
မျှော်လင့်ခြင်းတွေဖြစ်မလာတော့ ကျွန်တော့်စိတ်ခံစားမှုတွေ
ကျွန်တော်ဆုံးရှုံးခဲ့ရတယ်။
(မျှော်လင့်ခြင်းတွေ ဖြစ်လာဖို့ ဆိုတာကလည်း လူဆန်တဲ့ လူတစ်ယောက် အတွက် နှလုံးသားကို ပုံပေးလိုက်ရတာပါ။)
ပျော်ပျော်နေချင်ပေမယ့် အပျော်မလွန်ချင်ဘူး။
တရားမျှတစွာ ပျော်ရွှင်ချင်တယ်။
ပျော်ရွှင်မှုရဲ့ အဆုံးသတ်မှာ
နောင်တနဲ့ သက်ပြင်းတွေ မပါဝင် စေချင်ဘူး။


လူတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံခြင်းအနုပညာဆိုတာ
အငြင်းပယ်ခံကြရဖို့လား….
လိုက်လျောခံရဖို့လား…. နှစ်ခုစလုံးလား….။


လူတစ်ယောက်ရဲ့ ရှင်သန်ခြင်းတရားမှာ တေးသံပေါင်းစုံကို ကြားရမှာ ဖြစ်ပေမယ့် ကိုယ်ကိုယ်တိုင် သေခြင်းတရားရဲ့ ခေါ်ဆောင်ရာ သွားရတဲ့အခါမှာတော့ ဘယ်လိုတေးသံမျိုးကိုမှ ကျွန်တော်တို့ ကြားနိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး…။
နောက်ဆုံးတေးသံကို မကြားနိုင်တော့ပါဘူး ….။


ဆက်ရေးပါအုန်းမည်…

Tuesday, April 22, 2008

ကျွန်တော်ကျောင်းသားဘ၀ (၈)

တာချီလိတ်မြို့လေးဟာ နယ်စပ်မြို့၊ နယ်စပ်ကုန်သွယ်မြို့လေးပါ။
ယိုးဒယားနိုင်ငံ မယ်ဆိုင်မြို့လေးနဲ့ မယ်ဆိုင်ချောင်းလေးပေါ်က ချစ်ကြည်ရေးတံတားလေးခင်းပြီး ကုန်သွယ်ကြတာပါ။ ကုန်သွယ်တယ် ဆိုပေမယ့် ကျွန်တော်တို့ဘက်နေ ထူးထူးခြားခြား တင်ပို့နိုင်ခြင်း မရှိပါဘူး။ ယိုးဒယားဘက်ကနေ အိမ်ဆောက်ပစ္စည်းတွေဖြစ်တဲ့ အိမ်မိုးသွပ်၊ ဘိလပ်မြေ၊ သံချောင်းဆိုဒ်စုံ၊ အ၀တ်အထည်များ၊ စက်ဘီး၊ ဇိမ်ခံ ပလပ်စတစ်ပစ္စည်း၊ ရေဒီယို၊ ကက်ဆက်၊ သိုးမွှေး၊ ယုန်မွှေး၊ သိုးမွှေးထိုးစက်၊ လျှပ်စစ်ပစ္စည်း အစုံစုံပါပဲ။
အဲဒီအချိန်က နိုင်ငံရေးတည်ငြိမ်တာကြောင့် အခုလို့ တံတားထိပ် (၂)ဘက်မှာ တံခါးကြီးတွေ မရှိသေးပါဘူး၊ ငွေကြေးအနေနဲ့ မြန်မာငွေက တန်ဖိုးပိုကြီးပါတယ်။ ဘတ် ၁၀၀ ကို မြန်မာငွေ ၈၀ ပဲ ပေးလဲလှယ်ရပါတယ်။ သူတို့ဘက် တံတားထိပ်မှာ cat globe သုံးထပ်တိုက်က အနီးဆုံးပဲ။ မြေညီထပ်အပါအ၀င် သုံးထပ်ပါ။ အကောင်းစား ရူးတွေရောင်းပါတယ်။


ကျွန်တော်တို့ ဟင်းစားဈေးဝယ်ရင် မယ်ဆိုင်ဘက်ဈေးကိုပဲ သွားကြတယ်။ ဆန်ဝယ်ရင်လည်းပဲပေါ့။ အရင်ဆုံး ဆေးပစ္စည်းတွေ ရောင်းတဲ့ဆေးဆိုင်မှာ ဘတ်ငွေလဲရတယ်။ ရောက်စမို့ ယိုးဒယားလို မပြောတတ်တော့ မြန်မာလိုပဲ ပြောကြရတယ်။ ရှမ်းလိုပြောတော့ တူတာရှိသလို မတူတာကများပါတယ်။ နှစ်လလောက်ကြာတော့ ယိုးဒယားစကား ကောင်းကောင်းပြောတတ်သွားတယ်။ သူတို့ဘက် စက်ဘီးစီးသွားရင် နယ်စပ်ကျော်တာနဲ့ ဘယ်ကပ်မောင်းရတယ်။ ဒေသခံယိုးဒယားတွေ နည်းပြီး စီးပွားရေးလုပ်တဲ့ တရုတ်၊ တရုတ်ကပြားတွေများပါတယ်။ ဆိုင်အားလုံးနည်းပါး ကုန်တိုက်တွေ လိုပါပဲ လိုချင်တဲ့ပစ္စည်းမေးဝယ်ယုံပဲ။ ထူးခြားတာက သူတို့ဆီမှာ တစ်နှစ်ပတ်လုံး အသီးအနှံတွေ ပြတ်လပ်ခြင်းမရှိတာပဲ၊ အချိန်မရွေး ရနိုင်တယ်။ သူတို့အကြိုက်က ဒူးရင်းသီးဖြစ်မှာပါ။


ကျောင်းပိတ်ရက်ဆိုရင် မယ်ဆိုင်ဘက်ကိုပဲ သွားလည်ကြတယ်။ လမ်းမကြီးညာဘက် လမ်းချိုးလေးအတိုင်း သွားရင် ဦးအောင်ဇေယျ တည်ထားကိုးကွယ်တဲ့ စေတီလေးတစ်ဆူရှိတယ်။ ထီးတော်တင်ထား တာတော့မတွေ့မိဘူး။ တော်တော်လေးမြင့်တဲ့ တောင်ကုန်းလေးပေါ် မှာပါ။ ယိုးဒယားတွေက ဘုရားကို ထိခြင်းငါးပါးနဲ့ ရှိခိုးတာ မဟုတ်ပါဘူး။ မတ်တပ်ရပ်ပြီး လက်အုပ်ချီ ဦးညွှတ်လိုက်တာပါ။
ရောမရောက်ရင် ရောမလိုကျင့်ရမှာဖြစ်လို့ သူတို့ရှိခိုးတဲ့အတိုင်း လုပ်ရတယ်။ မဟုတ်ရင် ဗမာဆိုပြီး ယိုးဒယားလို စော်ကားမော်ကား သဲ့သဲ့လေး ဆဲသွားတယ်။ တာချီလိတ်မြို့က ပူအိုက်လွန်းတာမို့ ကျွန်တော်တို့ကျောင်းသားသူငယ်ချင်းတွေ ကြည်လင်နေတဲ့ မယ်ဆိုင်ချောင်းထဲ ရေကူး၊ ရေစိမ်ကြတယ်။ ငါးဖမ်းကြတယ်။ ရေကစားကြတယ်။


ဆက်ရေးပါအုံးမယ်….

ကျေးဇူးကြီးပေကမ္ဘာမြေ

ကျေးဇူးကြီးပေ ကမ္ဘာမြေ

ကျွန်တော်တို့လိုလားတောင့်တတာ မှန်သမျှဖြစ်တဲ့
စားစရာ အစားအသောက်တွေ
သောက်သုံးဖို့ သန့်ရှင်းတဲ့ရေတွေ
ဝတ်စရာ အ၀တ်အထည်တွေ
တန်ဆာဆင်စရာ ကျောက်မျက်တွေ
စွမ်းအင်အတွက် သဘာဝရေနံဓာတ်ငွေ့တွေ
ပသာဒဖြစ်စရာ တောတောင်ရေမြေစိမ့်စမ်းရေတံခွန်တွေ
သဘာဝ အကာအရံ အတားအဆီးတွေအထပ်ထပ်နဲ့
လူသားတို့ဘ၀ကို ပြည်စုံအောင်၊ လှပအောင်၊ လုံခြုံအောင်
စွမ်းဆောင်ပေးတဲ့ အမိကမ္ဘာမြေအား
စွမ်းဆောင်ရည်များ ပျက်စီးခြင်းမရှိရလေအောင်
စွမ်းဆောင်ရည်များ ကျဆင်းခြင်းမရှိရလေအောင်
မိမိတို့လူသားများအနေနဲ့
တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီကြပါလို့
တတ်စွမ်းသမျှ ၀ိုင်းဝန်းဖေးမကြပါလို့
တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာမြေနေ့ ကိုရည်စူးလျက်
အမိကမ္ဘာမြေကြီး အစွန့်ရှည်တည်တံ့နိုင်ပါစေ….

ကျွန်တော့်တစ်နေ့တာ (၅)

ဘဝ


ငယ်ငယ်တုန်းကတော့ ဘ၀ဆိုတာကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုရင်း … ဘ၀ဆိုတာ တိုက်ပွဲ၊ ဘ၀ဆိုတာ ရုန်းကန်ခြင်း၊ ဘ၀ ဆိုသည်မှာ ဖြတ်သန်းခြင်း၊ ဘ၀ဆိုသည်မှာ ရေပွတ်ပမာ စသဖြင့် အမျိုးမျိုး တွေးထင် ကြားခဲ့ရတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ သာမန် လူတစ်ယောက်အတွက် ကတော့ အဓိပ္ပါယ်ဖွင့်ဆိုချက် အားလုံးဟာ အကျုံးဝင်ပါတယ်။


ကျွန်တော် ငယ်ငယ်တုန်းက ဘယ်ဒေသ၊ ဘယ်နေရာ၊ ဘယ်အရပ် ရောက်ရောက် အဲဒီဒေသနဲ့ပတ်သက်လို့ ကျွန်တော့်အတွက် အသစ်အဆန်း ဖြစ်နေတာတွေကို စူးစမ်းမိတယ်။ အခြေအနေ ပေးတာနဲ့ လက်တွေ့ဆောင်ရွက်မိတတ်ခဲတယ်။ နောင်သောအခါမှာ ကျွန်တော့်အတွက် သတိရစရာ အချက်အလက်များ ဖြစ်ခဲ့ရပါတယ်။


ဝန်ထမ်းဖြစ်တဲ့ အဖေနဲ့ ရိုးသားပြီး ပညာကိုပြည့်စုံအောင် သင်ကြားနိုင် ခဲ့ခြင်းမရှိတဲ့ အမေတို့က ကျွန်တော့်ကို စာပေသင်ကြားခြင်းတွင်သာ ပျော်ပိုက်စေချင်သည်။ ပညာတတ်လူငယ် တစ်ယောက်အဖြစ်နှင့်သာ မြင်ချင်ကြသော်လည်း ကျွန်တော်က ကျွန်တော် ထင်ရာမြင်ရာ၊ စိတ်ဝင်စားရာ ကိုသာ တိုးဝှေ့လုပ်ဆောင် ခဲ့မိပါသည်။ ဘ၀တွင် သေချာပြီး အမှတ်ထင်ထင်ရှိသည့် အကြောင်းအရာများကို လွမ်းဆွတ် ဖွဲ့နွဲ့ရသော အဖြစ်အပေါ်၌ အကြွင်းမဲ့ မှန်ကန်သူ၊ နောင်တမဲ့ ယုံကြည်သူအဖြစ် ရပ်တည်ရင်း ဘ၀ အလွမ်းသစ္စာ တရားအလှကို စုံမက်နေမိတော့သည်။


ဒီလိုနဲ့ ကျွန်တော်သည် အဖွဲ့အနွဲ့မပါသောစကားပြေသည် အနုပညာ အားမရှိသကဲ့သို့ အတိတ်၏ အကြောင်းအရာမပါသော လူ့ဘ၀သည်လည်း အနုပညာမဲ့သောဘ၀ ဖြစ်လိမ့်မည်ဟု ယုံကြည်ရင်း … … ။


ဆက်ရေးပါအုန်းမည်…

Monday, April 21, 2008

ကျွန်တော့်တစ်နေ့တာ (၄)

အမှန်တရား

လူ့သဘောသဘာဝအရ ကိုယ့်ကို “မှားနေပြီ” လို့ လာပြောတာကို လူအများစုက လက်ခံလိုစိတ် မရှိကြပါဘူး။ လူအများစုရဲ့ ပင်ကိုယ် သဘာဝစိတ်ထဲမှာ သဘာဝတရားကြီးဟာ အဲဒီအမှားကို ၀န်မခံလို စိတ်ကို ထည့်ပေးလိုက်တယ်။ ဒါကိုက သဘာဝတရားရဲ့ မျှတတဲ့ လက်ဆောင်များလား ….. . ။


ဒါပေမယ့် လူတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်မှာ အသက်ရှင်ခြင်းတရားဟာ အရေးကြီးသလို အဲဒီ အသက်ရှင်ခြင်း တရားလိုပဲ အရေးကြီးတာက သူ အသက်ရှင်ဖြတ်သန်းနေရတဲ့ ဘ၀တစ်လျှောက် အမှန်တရား ဆီ ဘယ်လောက်ချဉ်းကပ်ခဲ့သလဲ၊ အမှန်တရားဘက်က ဘယ်လောက် ရပ်တည်ခဲ့သလဲ၊ အမှန်တရားမှာ ဘယ်လောက်အထိ နေထိုင်ခဲ့သလဲ၊ အမှန်တရားအတွက် ဘယ်လောက် စွန့်လွှတ်စွန့်စား ခဲ့သလဲ ဆိုတာ အဲဒီလူရဲ့ သမိုင်းမှတ်တမ်းဖြစ်မှာပါ။ ပြီးတော့ လူဆိုတာ တစ်ကိုယ်တည်း နေတဲ့သတ္တ၀ါမဟုတ်ပါဘူး။ တစ်ယောက်တည်း မှန်နေလို့မရပါဘူး။ ကိုယ်နဲ့ပေါင်းနေတဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့် ပတ်ဝန်းကျင်က မှားနေတဲ့လူတွေကိုလည်း ပြုပြင် ပေးဖို့လိုမှာပါ။ ဒါကလည်း လူတစ်ဦးချင်းစီအတွက် ပြဌာန်းမထားတဲ့ ယဉ်ကျေးမှု တာဝန်ပါ။


လူတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအ၀ိုင်းက မှားနေတာကို ပြုပြင်မပေးခဲ့ရင် အမှန်တရားမှာ နေထိုင်နေတဲ့ လူတစ်ယောက်ကပါ ဆုံးရုံးသွားဖို့ ရှိပါတယ်။ ဒီနေရာမှာ လောက သဘောသဘာဝအရ ပုထုဇဉ်လောကမှာ အားသာတဲ့အရာက အားနည်းတဲ့ အရာတွေကို ၀ါးမျိုတတ်တာ သတိချပ်ဖို့ လိုမှာပါ။


ဒီတော့ ကျွန်တော့်အနေနဲ့ အမှန်တရားဆိုတာ အသက်ရှင်ခြင်းတရား လိုပဲ အရေးကြီးတယ်။ လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်း တန်ဖိုးဆိုတာ ကိုယ်ကိုယ်တိုင် အမှန်တရားမှာ ဘယ်လောက် နေထိုင်ခဲ့ပြီး ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လောကကို ဘယ်အတိုင်း အတာထိ အမှန်တရားဆီ ပို့ဆောင်ပေးနိုင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ မှတ်တမ်းတင်၊ မော်ကွန်းထိုးရမှာပဲ လို့ ယုံကြည်မိပါတယ်။


ဆက်ရေးပါအုံးမည်…

ကျွန်တော်ကျောင်းသားဘ၀ (၇)

(၅)တန်းကျောင်းသားဘ၀ ကျောင်းတက်တော့ အဖေတာဝန်ကျရာ တာချီလိတ်မြို့မှာ တက်ဖြစ်တယ်။ တာချီလိတ်မြို့ရဲ့ တစ်ခုတည်းသော အထက်တန်းကျောင်းမှာပါ။ ၀န်ထမ်းဘ၀ဆိုတော့ ကိုယ့်ကိုယ်ကို မပိုင်တော့ဘူးလေ။ ကိုယ်လုပ်ချင်တဲ့အရာ၊ ကိုယ်နေချင်တဲ့နေရာ ဆိုတာတွေဦးစားပေးလို့ မရတော့ဘူး .. .. ။ သွား … ဂျောင်း … ရောက်ပြီပဲ။ ကျောင်းတွေကျောင်းတွေ အများကြီး ပြောင်းနေခဲ့ဖူးပါတယ်။ အခုပြောမဲ့ ကျောင်းကတော့ အင်း …
တော်တော်လေး အခြေအနေဆိုးပါတယ်။ အဲဒီအချိန်က မှောင်ခိုခေတ် ကြီးလေ တာချီလိတ်-ကျိုင်းတုံ၊ တာချီလိတ်-ဟဲဟိုး၊ တာချီလိတ်-ရန်ကုန် လေယာဉ်ခရီးစဉ်တွေမှာ “ဆမာ” လို့ခေါ်တဲ့ မှောင်ခိုပစ္စည်း ပို့တဲ့ အလုပ်ကလူတိုင်းကို ကြီးစိုးထားတယ်။ အထူးသဖြင့် လစာနည်း ၀န်ထမ်းတွေအတွက် အချိန်ပိုအလုပ်ဖြစ်ခဲ့တယ်။ အချိန်မပိုလည်း အလုပ်ချိန်ထဲမှာ လုပ်ဖြစ်ကြတယ်။ ၀န်ထမ်းဆိုတော့ လေယာဉ်နေရာ အတွက် သိပ်မခက်လှပါဘူး။ အကြောင်းပြပြီး လစ်ပြီး မှောင်ခိုလုပ်နေ ကြတာပါ။


ကျောင်းတက်တော့ အတန်းပိုင်ကမရှိ။ ခရီးထွက်နေတယ်။ ဝေလေလေနဲ့ တစ်လလောက်ကြာတယ်။ ကျိုင်းတုံမှာ သောင်တင်နေ တယ်တဲ့။ လေယာဉ်လက်မှတ်မရတော့ ကားလမ်းနဲ့ ပြန်လာရတယ် လို့ပြောတယ်။ ၀န်ထမ်းဆိုတော့ အရပ်ယာဉ်နဲ့မပြန်ဘူး။ ကောင်ဘွိုင် လို့ခေါ်တဲ့ အစိုးရယာဉ်တန်းနဲ့လိုက်ဖို့ အကြာကြီး စောင့်ရတာပဲ ဖြစ်တယ်။ ဒါကျွန်တော်တို့ အရှေ့ပိုင်းရှမ်းပြည်ရဲ့ လမ်းပန်းဆက်သွယ် ရေးစနစ်ပါ။ တာချီလိတ်-ကျိုင်းတုံ ကားလမ်းမိုင် ၁၀၁ မိုင်ကို နှစ်ညအိပ် သုံးရက် သွား/လာနေရတယ်။ ကားပျက်လို့ လမ်းလျှောက် ရတဲ့ ခရီးကလည်း မနည်းပါဘူး။ ကားနဲ့ဝန် မမျှတော့ ကားဒစ်ဝီးကွဲ၊ ကလောင်းကျွေ၊ ရှပ်ကြိုး၊ ဒီဒုက္ခတွေက ကျိုင်းတုံ-တာချီလိတ် ခရီးသည်တွေ အတွက် ထမင်းစား ရေသောက် အလုပ်တွေပါ။ ကားပျက်ရင်လမ်းလျှောက်၊ နီးစပ်ရာရွာမှာ ယမ်ယမ်ဝယ်ကြိုသောက်၊ ပြောင်းဖူးပြုတ်စားပေါ့။


စာသင်တော့လည်း ကြုံခဲ့ဖူးသမျှ ဆရာတွေထဲမှာ တော်တော်လေးကို နိမ့်ပါတယ်။ အဲဒီခေတ် အင်္ဂလိပ်စာကို ၅ တန်းရောက်မှ သင်ရတာ ဖြစ်တဲ့အတွက် ကျွန်တော့်မှာ အခက်အခဲတွေနဲ့ပါ။ ဒါနဲ့ အဖေ ကျူရှင် တော့တက်ရလိမ့်မယ်။ ကျွန်တော်စာတွေ မလိုက်နိုင်တာမဟုတ်ဘူး။ နားမလည်နိုင်လွန်းလို့ အဖေ့ကို ပူဆာတာပါ။ အဖေက အိုကေဆိုပြီး အတန်းပိုင်ဆီသွား၊ ကျူရှင်သင်ပေးဖို့ခယ၊ ၀န်ထမ်းချင်းခြေမြင်တော့ လက်ဆောင်ထုတ်လည်းပါတာပေါ့။ ဒီလိုနဲ့ ကျူရှင်တက်ပေါ့ ။ အားပါး အိမ်မှာသင်တဲ့ကျူရှင်က လွတ်ကောင်းဗျာ၊ နှစ်ခါတောင်ပြန်မမေးရဘူး၊ ရှင်းကနဲ လင်းကနဲ ကွက်တိပဲ။ ဒါနဲ့ ကျောင်းထက် ကျူရှင်ကို အားကိုး ခဲ့ရတယ်။ ဒါက ကျွန်တော်တို့ အရှေ့ပိုင်းရှမ်းပြည်ရဲ့ ပညာရေးစနစ် တစ်စိတ်တစ်ပိုင်းပါ။


ဆက်ရေးပါအုံးမယ်…

Sunday, April 20, 2008

ကျွန်တော့်တစ်နေ့တာ (၃)

ရောက်တုန်းရောက်ခိုက် ဆုရည်တို့အိမ်မှာပဲ ထမင်းစားဖြစ်တယ်။
ဆုရည်အမေရော အဖေရော လူကြီးချင်း သဘောတူပြီးသားမို့
ထွေထွေထူးထူး သူစိမ်းတွေမဟုတ်တော့ပါဘူး။
နယ်မှာသိတယ်ဆိုတာက တာချီလိတ်မှာနေတုန်းက သိကြတာပါ။
ပြောမနာ ဆိုမနာ နှစ်အိမ့် တစ်အိမ်လို နေခဲ့ကြတာပါ။
ဆုရည်နဲ့လည်း ကျောင်းအတူတူ နေခဲ့ကြတယ်လေ။
အတွင်းသိ အဆင်းသိ မို့ ကျေနပ်စရာ ဘ၀လေးတစ်ခုပါ။
ကိုရီးယား စတိုင်လ်အတိုင်း ဆုရည်အိပ်ခန်းထဲမှာ စကားပြောဖြစ်တယ်။ တစ်မျိုးမတွေးလေနဲ့အုန်း မိတ်ဆွေတို့။
ဆုရည်အခန်းလည်း ကိုရီးယားစတိုင်လ်အတိုင်းပါပဲ။
လွန်စွာသပ်ယပ်ပြီး နေချင့်စဖွယ် ချစ်သူ့အခန်းလေးပါ။
ဆက်တီနဲ့ တီဗွီနဲ့ မွေ့ယာကုတင်ကြီးနဲ့၊ တစ်မျိုးမထင်ကြလေနဲ့။


မကြာခဏဆိုသလို ကုမ္ပဏီကိစ္စ၊ ရုံးကိစ္စနဲ့ ခရီးထွက်လွန်းတာကြောင့်
ညိုးငယ်နေတဲ့ ချစ်သူမျက်နှာသွယ်သွယ်လေးကို တယုတယနဲ့……
Laptop တွေမ၊ printer တွေမ မပြီး မနိုင်ဝန်တွေထမ်းနေရတာကြောင့်
နွမ်းနယ်နေတဲ့ ချစ်သူပုခုံးအိအိလေးကို ကြင်ကြင်နာနာနဲ့……
ကားပေါ်ကဆင်း ရထားပေါ်တက်၊
ရထားပေါ်ကဆင်း ဖယ်ရီပေါ်တက်နဲ့ ဒေါက်ဖိနပ်ကို ဟန်ချက်ထိန်းလို့
သိမ်ကျင်ကျင် ချစ်သူခါးသွယ်သွယ်လေးကို
မေတ္တာလွှမ်းခြုံတဲ့စိတ်နဲ့……..အင်း..
တစ်မျိုးမတွေးလိုက်ကြလေနဲ့ မိတ်ဆွေတို့…။
ဒီလိုနဲ့ ချစ်သူဆီကနေ ညနေပိုင်းမှ ပြန်လာခဲ့တယ်။


ဆက်ရေးပါအုံးမည်….

တောင်ကြီးသို့အလည်တစ်ခေါက် (၃)

ညနေပိုင်းကျတော့ ဆွေပြမျိုးပြ အမျိုးအိမ်တွေသွားဖြစ်တယ်။ အမေကတော့ သျှမ်းပီပီ ပြုံးပဲပြုံးနေတယ်။ ကျွန်တော့် ကောင်မလေး လက်ကို ကိုင်ကြည့်တယ်။ ဆံပင်တွေသပ်ကြည့်တယ်။ ပါးကလေးကို လက်မလေးနဲ့ ပွတ်ကြည့်တယ်။ ၀တ်ထားတဲ့ဂါဝတ်ကို ဆကြည့်တယ်။ ကျွန်တော့်ဘက်လှည့်ပြီး သျှမ်းလိုပြောတယ်။ နင်နဲ့မတန်ဘူးတဲ့။ တီဗွီကြော်ငြာထဲက မော်ဒယ်လ်ကျနေတာပဲတဲ့။ သွားပြီ။ ဘာလုပ်ပေးရ မလဲတဲ့။ ကျွန်တော်က သျှမ်းလို အမေသဘောကျရင် အခုကတည်းက ခေါ်ထားလို့ရတယ်လို့ ပြောခဲ့တယ်။ အမေက သျှမ်းလို သိပ်တန်ဖိုးကြီးလွန်း တယ်တဲ့။ ကျွန်တော့်ကောင်မလေးက သျှမ်းလို ဘာတွေပြောနေသလဲတဲ့။ ဘာမှမသိတော့ ရီပဲရီနေကြတယ်လေ။ အမေ့ကို ကျွန်တော် သနားတယ်။ ချစ်လည်းတအားချစ်တယ်။ ရိုးလွန်းတယ်လေ။ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကို အမေတို့ လိုက်မမီတော့ဘူး။ internet အကြောင်း၊ blog အကြောင်း ပြောပြရင် နားမလည်ပေမယ့်။ ကြိုးစားပါ၊ လိမ်လိမ်မာမာ နေပါ လို့တစ်ခွန်းပဲပြောတယ်။ လိုတာရှိရင်မှာပါတဲ့။ ရန်ကုန်ကို အမေတစ်ခေါက် ရောက်ပေမယ့် မွန်းကြပ်လွန်းတယ်တဲ့၊ အသက်ရှုမ၀ဘူးတဲ့၊ ကားတွေသိပ် မြန်လွန်းတယ်တဲ့၊ မီးတွေမျက်စိကြိမ်းတယ်တဲ့။
ညနေ ၆ နာရီလောက် ရန်ကုန်ပြန်ဖို့ပြင်ဆင်ကြတယ်။ မတော်ရသေးတဲ့ ချွေးမနဲ့အမေ့ကို ကန်တော့ကြတယ်။ အမေကတော့ မျက်ရည်စက်လက်နဲ့ပါ။ ဒါပေမယ့် အပြုံးမျက်နှာကတော့ ပျောက်ကွယ် မသွားပါဘူး။ အမေ့ကို ကျွန်တော်တအားချစ်ပါတယ်။
အပြန် အောင်ပန်းမှာ ခဏနားတယ်။ လဘက်ရည်သောက်ရင်းပါ။ နောက် သျှမ်းပြည်ထွက်လက်ဆောင် မက်မန်းသီး၊ ဆန်လုံးစေ့အခြောက်၊ လိမ္မော်သီး၊ ထောပတ်သီး၊ မက်မုံသီး၊ မက်မန်းဝိုင်၊ လဖက်ခြောက်၊ ပဲပုတ်စေ့၊ ပဲပုတ်ချပ် စုံလို့ပါ။ နောက် ကလောမြို့ကိုဖြတ်တယ်။ ကလောကို ကျော်တာနဲ့ ယင်းမာပင်ရောက်တယ်။ ရှမ်းပြည်ကိုကျော်ခဲ့ပြီလေ။ နောက် ကားပေါ် အိပ်ပျော်သွားတယ်။ ထောက်ကြန့်ရောက်မှ ပြန်နိုးတယ်။ မင်္ဂလာဒုံ ရောက်တော့ခဏနားတယ်။ ပူလိုက်တာလွန်ရောပဲ၊ ရေကလည်းတအားပက် တယ်။ ရှစ်မိုင်ရောက်တော့ မှန်တခါးတွေအတင်းဖွင့်ပြီး ရေပက်ကြတယ်။ ပါလာတဲ့ လက်ဆောင်ပစ္စည်းတွေ ရေရွဲကုန်တယ်။ ပြည်လမ်းဘက်မဆင်းပဲ ကမ္ဘာအေးစေတီလမ်းကနေ ပြန်တယ်။ သိပ်ပင်ပန်းတယ်။ လူကယဲ့ယဲ့လေး ပဲကျန်တယ်။ ဒါတောင် Commando ကိုအသည်းအသန် ကျင့်ထားတာနော့။
၁၇-၄-၂၀၀၇ ရက်၊ နှစ်ဆန်းတစ်ရက်နေ့ online ပေါ်တက်တယ်။ ကိုမော်စီကို အရင်ဆုံးနှုတ်ဆက်တယ်။ နောက် ရွှေပြည်သူ၊ နွေမုန်တိုင်း၊ ရေခါး၊ ယုန်ကလေး၊ ၀ဿန်ဦး၊ ကိုချစ်ဦး(ဓာတ်ပုံ)၊ ကိုတာယာ (ရစ်သမ်မဲ့ခရီး)၊ ညိမ်းညို တို့ကိုနှုတ်ဆက်နေတုန်း connection ကျသွားတယ်။ အားလုံးနှစ်သစ်မင်္ဂလာပါလို့ ……..။ ။

Saturday, April 19, 2008

ဘ၀အောင်မြင်ရေး

တစ်။ ကလျာဏမိတ္တတည်းဟူသော မိတ်ဆွေကောင်းများပေါင်း။
နှစ်။ စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ကူညီပါ။
သုံး။ မိမိကိုယ်ကိုမိမိ လူသားစွမ်းအားရှင် ဖြစ်အောင်နေပါ။
လေး။ စိတ်ဓာတ်ခွန်အားကို အသုံးပြုပါ။
ငါး။ ဆန္ဒဓိပတိ ခိုင်မာသောဆုံးဖြတ်ချက်ကို မဖြစ်မနေ သံန္နိဌာန်ချ၍ အောင်မြင်သည်ထိ ဆောင်ရွက်ပါ။

ကျွန်တော့်တစ်နေ့တာ (၂)

ကိုယ့်ဘလောဂ့်လေးကို ဖွင့်လိုက်တိုင်း ကိုယ့်ဘလောဂ့်ထဲက နှုတ်ဆက်စကားတွေဟာ ကျွန်တော့်အတွက် အားဖြစ်စေခဲ့ပါတယ်။ online ပေါ်ကမိတ်ဆွေတွေရဲ့ နှုတ်ခွန်းဆက်စကားဟာ အရာရာ ကိုလန်းဆန်းစေခဲ့ ပါတယ်၊ ကြည်နူးစေခဲ့ပါတယ်၊ ပျော်ရွှင်စေခဲ့ ပါတယ်။


ကျွန်တော့်ကောင်မလေး၊ ကျွန်တော့်ကောင်မလေးလို့ နာမ်စား သုံးမနေတော့ဘဲ သူလေးနဲ့ မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က နှင်းဆုရည် တဲ့၊ ကွန်ပျူတာ Pro တစ်ယောက်ပါပဲ။ စိတ်ရှည်တယ်။ ဘုရားတရား ကိုင်းရှိုင်းတယ်။ ကျွန်တော့်အပေါ် နားလည်တယ်။ ကျွန်တော့်လုပ်ရပ်တွေ အပေါ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ အလွန်နားလည် ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်ကသာ လူဆိုး ပါ။ ဆုရည်က ၀န်ထမ်းတစ်ပိုင်းမို့ ရန်ကုန်နဲ့ ကြက်ပြေး တစ်လှည့်ဆီ ကူးလူးနေတဲ့ မိန်းမပျိုလေးပါ။ တာဝန်သိတတ်လွန်းတဲ့ ပြည်ချစ် သမီးပျိုဆိုရင်လည်း မမှားပါဘူး။


ကျွန်တော့်ဆီလာတိုင်း
ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတွေရဲ့ ဘလော့ဂ်ကို စိတ်ဝင်တစား ဖတ်ရှုလေ့ရှိပါတယ်။ ဘလော့ဂ်ကဏ္ဍ အစုံအလင်မို့ တစ်ချို့ ဘလော့ဂ် တွေကိုကြည့်ပြီး ကျွန်တော့်အတွက် စိုးရိမ်မိတာတွေရှိတယ်။
သူလေးက၀န်ထမ်းမို့ ၀န်ထမ်းအတွေးရှိတာမို့ စိုးရိမ်တာပါ။
ဒါပေမယ့် လူတွေဟာတူညီနိုင်တာတွေရှိပေမယ့်
စိတ်ချင်းတော့ ဘယ်လိုမှ တူညီနိုင်မှာ မဟုတ်ပါဘူး။
နားလည်ခွင့်လွှတ်နိုင်ဖို့ ဖြောင်းဖျရပါတယ်။
ဒါနဲ့ သူလေးအတွက် ဘလော့ဂ်တစ်ခုဖန်တီးပေးခဲ့ရတယ်။
ဘာသာတရားကို ကိုင်းရှိုင်းသူလေးမို့ ဘာသာရေးပို့စ် တစ်ခု
ဖန်တီးဖို့ စီနီယာ တွေရဲ့ ဘာသာရေးဆိုင်ရာ ဘလောဂ့်တွေကို
လေ့လာစေတယ်။ ကိုအောင်ဦးတို့၊ ငြိမ်း တို့၊ ဟိန်း တို့ ရဲ့ဘလော့ဂ် တွေဖြစ်ပါတယ်။ ဒါနဲ့ ကျွန်တော့် account ကနေတစ်ခုခွဲလို့
http://www.wwwsuye.blogspot.com ဆိုပြီး ဖန်တီးနိုင်ခဲ့တယ်။
ကွန်ပျူတာ Pro တစ်ယောက်ဖြစ်နေပေမယ့် မြန်မာစာရိုက်ရာမှာ
တစ်မိနစ်ကို ငါလုံးနှုန်းနဲ့ ရိုက်နေတော့ အလုပ်မဖြစ်တာနဲ့
သူလေး တင်ချင်တဲ့ပို့စ် တွေကို ကျွန်တော်ကပဲ တင်ပေးခဲ့ပါတယ်။
ဝင်ရောက်အားပေးပြီး အကြံဥာဏ်တွေပေးခဲ့စေချင်ပါတယ်။
ဒါနဲ့ သူလေးလည်း တော်တော်လေး ကျေနပ်သွားပါတယ်။ cbox မှာ အားပေးစကားလာပြောသွားကြတဲ့ စီနီယာတွေကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်မှတစ်ဆင့် ပြောသွားခဲ့ပါတယ်။


တောင်ကြီးကပြန်လာပြီး နောက်တစ်ရက် ၁၈-၄-၂၀၀၈ ရက်နေ့ပေါ့.
ဆုရည်တို့အိမ်ကို မျက်နှာလုပ်ဖို့ လိမ္မော်သီးတွေ၊ စတော်ဘယ်ရီခြင်း လေးတွေ၊ သျှမ်းပြည်ထွက်ကုန်တွေကို သယ်လာတယ်။ ဆုရည်တို့ အိမ်ရောက်တော့ ကြက်ပြေးက ယောက္ခထီးရောက်နေတယ်လေ။ ယောက္ခထီးလည်း အရာရှိကြီးထဲကပဲ။ နယ်မှာတုန်းကတည်းက အိမ်ကမိဘတွေနဲ့ ရင်းနှီးပြီးသားပါ။ တွေ့တွေ့ချင်းပဲ ။
“မင်းတို့ Blogger တွေ ဘာလုပ်နေကြလဲ” လို့ဆီးပြီးမေးတယ်။
ကျွန်တော်က “ မဲရုံကို သွားနေကြပြီ”လို့ ပြောလိုက်တယ်။
ဒါနဲ့သူက “ဟေ.. မဲပေးဖို့က လိုပါသေးတယ် ကွ”လို့သံသယနဲ့…
ကျွန်တော်က မြန်မာ့ရုပ်/သံတွေတောင် မဲရုံကိုသွားနေပြီလေ လို့ပြောမှ
တဟားဟားနဲ့ ရီနိုင်တော့တယ်။
ဆက်ရေးပါအုံးမည်….

မွေးနေ့ရှင် စိုးမြနန္ဒာသက်လွင်အတွက် “အားမာန်”



ရေဆန်ခရီး လှိုင်းလေတွေကြီးလည်း
တွေးပြီး ကြောက်ရွံ့မနေနှင့်။


ရေဆန်ခရီး မုန်တိုင်းဆီးလည်း
ငေးပြီး နောက်တွန့်မနေနှင့်။


ရေဆန်လှိုင်းကြီး မုန်တိုင်းဆီးလည်း
တွေးပြီးမမှိုင်၊ ကျော်လွှားနိုင်ဖို့
ခိုင်မာသည့်ဇွဲ၊ ရဲရင့်သည့်မာန်
သန်မာသည့်အား စွမ်းပကားဖြင့်
လှိုင်းကြားလေအောက်၊ မရွံ့ကြောက်နှင့်
နောက်တွန့်စရာ၊ မလိုပါဘူ့
ရှေ့မှာကမ်းခြေ၊ ရောက်နှင့်နေသည့်
ရေဆန်ကျော်လွှား၊ မိတ်ဆွေများက
သင့်အား ဆီးကြိုနေကြပြီ....။


ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေ.......လို့...

တောင်ကြီးသို့အလည်တစ်ခေါက် (၂)

နေ့ခင်းဘက်ရောက်တော့ တောင်ပေါ်နေက တော်တော်ပူတယ်။ ရေပက်တဲ့မဏ္ဍပ်ရှာပြီး ရေပက်ခံရတယ်။ သစ်တောဘက်၊ ရေအေးကွင်းဘက်၊ မြို့မရပ်၊ မြို့ပတ်လမ်းဘက် တွေရေပက်ကြတယ်။ အဲဒီ ကနေ ညောင်ရွှေဆင်းပြီး အင်းထဲသွားကြတယ်။ အင်းလေးထဲ ရောက်တော့ အမြင်တစ်မျိုးဖြစ်သွားတယ်။ မြင့်မားတဲ့တောင်တွေ ၀ိုင်းရံထားပြီးကန်ကြီးထဲ မှာ မော်တော်စီးရတာ အရသာတစ်မျိုးပါ။ စက်လှေနောက်ကို စင်ရော်တွေက တစ်ကောက်ကောက်လိုက်ကြတယ်။ စင်ရော်ကို အစာကျွေးတဲ့ပုံကို ဓာတ်ပုံအရိုက်ကောင်းလို့ ကင်မရာတစ်လုံး ရေထဲကျသွားတယ်။ စက်လှေသမားကို ပြန်ဆယ်လို့ရမလားလို့မေးတော့ အင်းသားသံဝဲ၀ဲနဲ့ အင်းထဲကရေတွေကို အရင်စုပ်ထုတ်ပြီး ရေမှော်တွေကို ရှင်းလိုက်ရတော့ ပြန်ရမှာပါတဲ့။ တော်တော်ကောင်းတဲ့အကြံ။
တန်ခိုးကြီး ဖော်တော်ဦးစေတီကိုဖူးမျှော်ကြတယ်။ ဘုရားပေါ်က ဈေးမှာ အင်းသားရိုးရာ အမှတ်တရပစ္စည်းတွေဝယ်ကြတယ်။ ဈေးကြီးတယ်။ သျှမ်းဘောင်းဘီ/အကျီ င်္၊ သျှမ်းလွယ်အိပ်၊ သျှမ်းပင်နီတွေပါ။ နာမည်ကြီးတဲ့ ဇင်းမယ်တွေတော့ မကပ်နိုင်ကြဘူး။ ၀ယ်ပြီး ဘယ်နားသွားဝတ်ရမလဲ မသိဘူးလေ။ နောက် ရေပေါ်ဈေးသွားကြတယ်။ လှေရဲ့ဝမ်းထဲမှာ ရှေးဟောင်းပစ္စည်းတွေရောင်း တာတွေ့ရတယ်။ ဟင်္သာငှက်ရုပ်နဲ့ ချိန်ခွင် အလေးတွေပါ။ ဈေးတော့ကြီးတယ်။ ဆန်းဆန်းပြားပြားနဲ့ လှလှပပ ဖြစ်နေတဲ့ ရန်ကုန်သူတွေကို အငေးအမောကြည့်ကြတယ်။ ဘယ်နိုင်ငံက လာတဲ့ တိုးရစ်တွေလဲပေါ့။ ယက္ကန်းစင်တွေကို လေ့လာကြတယ်။ ယက္ကန်းစင် ကထွက်တဲ့အထည်တွေ သိပ်ကောင်းတယ်။ လက်လုပ်ထည်ဆိုတော့ ဈေးမြင့်တယ်။ လွယ်အိပ်တွေတော့ပေါတယ်။ ဈေးသက်သာတာပဲ ၀ယ်ကြ တာပေါ့။ နောက် ရေပူစမ်းကိုလိုက်ပို့တယ်။ အရင်ကျွန်တော်ရောက်တုန်း ကထက် တော်တော်လေးပြုပြင်ထားတယ်။ အဆင့်မြင့်လာတယ်။ အဲဒီကနေ တန်းပြန်တယ်။ တောင်ကြီးကို ညနေပိုင်းမှရောက်တယ်။ ထမင်းစားပြီး မြို့လည်ဓမ္မာရုံသွားဖူးကြတယ်။ မင်းလမ်းတစ်လျှောက် လမ်းလျှောက်ကြ တယ်။
တနေကုန် ပင်ပန်းထားတော့ အိပ်ယာထဲရောက်တာနဲ့ချက်ချင်း အိပ်ပျော်သွားတယ်။ မိုးလင်းတော့ တစ်ရေးပဲ။ ကန်အောက်ဘက်က ဖက်ထုတ်ဆိုင်သွားကြတယ်။ မြီးရှေ စားကြတယ်။ သင်္ကြန်အငွေ့အသက် လေးကနှစ်သက်စရာပါ။ နောက်စ၀်စံထွန်းဈေး သွားကြတယ်။ ယိုးဒယား ပစ္စည်းနဲ့ ရန်ကုန်ကထွက်တဲ့ အထည်တွေ ရောထွေးနေတယ်။ နာရီတွေပေါတယ်။ ဈေးကမပေါဘူး။ ရန်ကုန်ကလာတဲ့ ဧည့်သည်တွေဆို တော့ ဖဲ့ချင်နေကြတယ်။ ရေလောင်းတာကို ပြောတာပါ။ ကျွန်တော်တို့ကို တော့ ရေပက်မဲ့လူမရှိပါဘူး။ ပုံကိုကြည့်လိုက်အုံး ကွန်ပျူတာရှေ့မှာ မိုးလင်း ပေါက်ထိုင်တာများတော့ ခါးကကိုင်း၊ တပ်ထားတဲ့ မျက်မှန်ရဲ့ ပါဝါကလဲ ကိုယ့်မျက်လုံးကို ပြူးထွက်စေတယ်။ နေပူဒဏ်ကလည်းမခံနိုင်။ သူများလို ကျားကျားလျားလျားလဲ မရှိ။ ကျွတ်တက်နေတဲ့ တင်ပါးက အထဲကို ချိုင့်ဝင် နေတယ်။ Counter ကိုအသည်းအသန် ပစ်ခဲ့ပေမယ့် အပြင်မှာတော့ ခပ်ပျော့ပျော့ပါ။ Need for speed (underground) ကို မိုင် ၂၀၀ ကျော် nitro gas နဲ့ မောင်းခဲ့ပေမယ့် လူကခပ်ကုပ်ကုပ်နဲ့ပါ။ Age of empire III ကို အဆင့်တိုင်းနိုင်ခဲ့ပေမယ့် လူက ခပ်အေးအေးပါ။ အထင်ကြီးစရာမရှိ။ ကျွန်တော့်ရဲ့ ရန်ကုန်သူကတော့ ကျွန်တော်ကိုတော်တော် အထင်ကြီးတယ်။ ဘာကိုလဲလို့ အမြဲသံသယရှိနေတယ်။ နောက်ကြုံမှ မေးပါအုန်းမယ်။ ကျွန်တော့် ရဲ့ တိုပြီးကြမ်းနေတဲ့ နှုတ်ခမ်းမွှေးများတော့ မဖြစ်နိုင်လောက်ဘူး ထင်ပါတယ်။

Thursday, April 17, 2008

ကျွန်တော့်တစ်နေ့တာ (၁)

တစ်နေ့တာလှုပ်ရှားသွားလာမှုတွေကို ရေးရလောက်အောင် ကျွန်တော်က လှုပ်ရှားသွားလာ နေတဲ့သူ တစ်ယောက်တော့မဟုတ်ပါဘူး။ တစ်နေ့ ၁၂ နာရီ ၀န်းကျင်လောက်ကို ကွန်ပျူတာ ရှေ့မှာပဲ အချိန်ကုန်စေခဲ့ပါတယ်။ စားချိန်၊ ရေချိုးချိန်၊ အိပ်ချိန် လောက်ပဲ ကွန်ပျူတာနဲ့ ကင်းကွာသွားပါတယ်။ တစ်နေ့တာ လှုပ်ရှားမှုထက် ထူးခြားတာရှိရင် ရှိသလို မိတ်ဆွေတွေကို ဖောက်သည်ချသွားမည်လို့ ပြောချင်ပါတယ်။ အရင် အင်တာနက် မရခင်တုန်းကတော့ display card ကောင်းကောင်းနဲ့ gamer တစ်ယောက်ပါ။ တော်တော်ကြာပြီးနောက် အင်တာနက်ရတော့ အတွေ့အကြုံမရှိသေးတဲ့အချိန်မှာ၊ တစ်နည်းအားဖြင့် အင်တာနက်ကို အကျိုးရှိရှိ အသုံးမချတတ်ခင်တော့ chatting လိုလို၊ porno လိုလိုနဲ့ ကျင်လည်ခဲ့တယ်။ အကျိုး မရှိမှန်းသိတဲ့အချိန်မှာ ဂျာနယ်တွေထဲမှာ ခဏခဏပါနေတဲ့ blogger, blogger ဆိုတာကို စိတ်ဝင်စားလာတယ်။ လွယ်တယ်လို့ပြောကြပေမယ့် လက်တွေ့ပြသပေးမယ့် သူငယ်ချင်းတွေ မရှိတော့ ကျွန်တော့်အတွက် ခက်ခဲနေခဲ့ပါတယ်။ ဒီလိုနေလာရင်းနဲ့ ကျွန်တော့်ကောင်မလေးနဲ့ စကားစပ်မိလို့ ပြောရာနေ သူ့ကို ဆရာတင်ရတော့တယ်။ ကျွန်တော့်ကောင်မလေးက ကွန်ပျူတာနဲ့ကျောင်းပြီးထားတာ ဆိုတော့ အတွေ့အကြုံ ပိုများပါတယ်။ blog ကို ချက်ချင်းကြီး မလုပ်ဖြစ်ခဲ့ပါဘူး။ ကျွန်တော့် ကောင်မလေးကို မယုံလို့တော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေတာပါ။ သူများ blog တွေ လျှောက်ကြည့် တယ်။ မြန်မာတွေတင်ထားတဲ့ blog တွေပဲဖြစ်တယ်။ သိပ်သဘောတွေ့သွားတယ်။ နေ့ချင်း ညချင်းကြီး စီနီယာ တွေလို မဖြစ်နိုင်ပေမယ့် တဖြည်းဖြည်းချင်း လုပ်မယ်လို့ စိတ်ထဲ ကြုံးဝါးထားပါတယ်။ သိပ်မကြာခင်ကပဲ ကိုညီလင်းဆက် ဆီကနေ စာမျက်နှာ(၃၀)လောက်ရှိတဲ့ blog လုပ်နည်းစာအုပ်လေး ရလိုက်တယ်။ ကျွန်တော့် အတွက် အထောက်အကူ အများကြီးရသွားစေပါတယ်။
ဒီလိုနဲ့ blog တစ်ခုကို ဖြစ်ဖြစ်မြောက်မြောက် ဖန်တီးလိုက်တယ်။ ကဗျာဆရာလည်း မဟုတ်တော့။ ကဗျာတင်တဲ့ blog လည်းမဟုတ်၊ စာပေလိုက်စားမှုကလည်း အားနည်းတော့ ပညာပေး blog လည်းမဖြစ်နိုင်။ ဒါနဲ့ပဲ ကျွန်တော့်ကောင်မလေး တိုက်တွန်းတဲ့အတိုင်း ကိုယ့်ဘ၀ ကိုယ့်အကြောင်း ရေးတင်မယ့် ကိုယ့် blog အကြောင်းဖြစ်ခဲ့ပါတယ်။ စာရေးရင်း မိတ်ဆွေ Senior blogger များရဲ့ idea တွေကို သင်ယူရပါတယ်။ အတုခိုး ရပါတယ်။ အလွယ်တကူရနိုင်တဲ့ tools တွေကိုလည်း ရှာတတ်သွားတယ်။ ဒါကလည်း ကိုညီလင်းဆက်ရဲ့ ကျေးဇူးတွေပါ။ blog တင်ပြီးနောက်ပိုင်း ဒီ blog ကောင်းဖို့၊ ကြည့်ပျော်ရှုပျော်ဖြစ်ဖို့၊ မိတ်ဆွေဖွဲ့ဖို့ ပဲ လုပ်ဆောင် နေမိတယ်။ မိတ်ဆွေတွေရဲ့ တုန့်ပြန်မှုကို အလေးအနက်ထား တန်ဖိုးထားမိတယ်။ ဒီလိုနဲ့ ညအိပ်လဲ ဘလော့ဂ်၊ မိုးလင်းလည်း ဘလော့ဂ် ဖြစ်နေပြန်တော့ ကျွန်တော့် ကောင်မလေးက သိပ်မကျေလည် ချင်ပြန်ဘူး။
ဆက်ရေးပါအုန်းမယ်.......... ...

အကောင်းကြိုက်သူများ . . . . သို့

အကောင်းကြိုက်သူများ . . . . သို့

ကောင်းသောအစာ ၊ ကောင်းသောရသာကို
ကောင်းစွာမြိန်ယှက် စားချင်သူ။
ကောင်းသောအဆင်း ၊ ကောင်းမြင်ကွင်းနှင့်
ကောင်းခြင်းအလှ မြင်ချင်သူ။
ကောင်းခြင်းစုံစွာ ၊ ကောင်းသံသာကို
ကောင်းစွာနားစွင့် ကြားချင်သူ။
ကောင်းသောနေအိမ် ၊ ကောင်းစည်စိမ်မှာ
ကောင်းစွာနှစ်ခြိုက် နေချင်သူ။
ကောင်းစွာမွှေးပျံ့ ၊ ကောင်းရနံ့ကို
ကောင်းသန့်လန်းရွှင် မွှေးချင်သူ။
ကောင်းတကာ့ကောင်း
ကောင်းပေါင်းဝန်းရံ
ကောင်းနိဗာန်ကို
ကောင်းမှန် တရားဓမ္မ
ကောင်းကြံ ပွားကျင့်ကြဖို့
ကောင်းကြိုက်သူတို့ မေ့နေတကား . . . . ။ ။

နှစ်သစ်ဆုတောင်း

မင်္ဂလာနှစ်သစ်မှာ သူငယ်ချင်း ရောင်းရင်းများအားလုံး
ကျန်းမာရွှင်လန်းနိုင်ကြပါစေ။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်နိုင်ကြပါစေ။

တောင်ကြီးသို့အလည်တစ်ခေါက် (၁)

= မရောက်တာကြာပြီဖြစ်တဲ့ တောင်ကြီးမြို့ကို သင်္ကြန်ရက်အတွင်း အိမ်ကကားနဲ့ ၁၄-၄-၂၀၀၈ ရက်နေ့ညနေထွက်တယ်။ တစ်ညလုံးမောင်းပြီး နောက်တစ်နေ့မနက် ၆ နာရီလောက် ရောက်တယ်။ တစ်ညလုံးကားပေါ် အိပ်ပြီးလိုက်လာတာကြောင့် လမ်းမှာ ဘာမှမသိလိုက်ဘူး။ တောင်ပေါ် ရောက်တော့ လတ်ဆပ်တဲ့လေကို ရှုရှိုက်ရင်း တောင်ပေါ်လေနဲ့ ရန်ကုန်လေ အတော်လေးကို ခြားနားပါလားလို့ တွေးမိတယ်။
= ရောက်တာနဲ့ အဒေါ်အိမ်မှာပစ္စည်းထားပြီး မြို့မဈေးသွားကြတယ်။ ရှမ်းခေါက်ဆွဲ၊ ထို့ဟူးနွေးကို တစ်ဝကြီးစားဖြစ်တယ်။ ဧည့်သည်ရန်ကုန်သူ တွေတော့ ရိုးရာအစားအစာထက် လဘက်ရည်ဆိုင်ထိုင်ကြတယ်။ မုန့်ဖက်ထုတ်ကိုလည်း အာသာမတွေ့ကြဘူး။ ရှမ်းချဉ်ကိုလည်း နာခေါင်းရှုံ့ တယ်။ ဒါကို ကိုရီးယားမှာ နာမည်ကြီးတဲ့ ကမ်ချီ လို့ပြောပြမှ ကျူးမြစ်ချဉ် နည်းနည်းလေးတို့ကြည့်တယ်။ ပါးစပ်ထဲတောင်မရောက်သေးဘူး ကောင်းပါ တယ်တဲ့။ (စိတ်ညစ်ဖို့ကောင်းတာလားတော့မသိဘူး)။ ဒီလိုချွေးမမျိုး အမေ့အိမ်ကို ဘယ်လိုခေါ်သွားရပါ့မလဲ။ ဒါတွေသိဖို့ သင်ပေးရမယ့် ကျွန်တော့်ပဲ ညံ့နေသလားပဲ။ မနက်ပိုင်းဆိုအေးတော့ ရေလောင်းတဲ့သူတွေမတွေ့ရဘူး။ ဘုန်းကြီး ကျောင်းတက်ဖို့၊ ဥပုသ်ယူဖို့၊ လူကြီးသူမတွေကန်တော့ဖို့ လှုပ်ရှားနေတာ တော့ တွေ့ရတယ်။ ဈေးအရှေ့ဘက်၊ ကုန်တိုက်ဘက်ခြမ်းမှာ ရန်ကုန်သူတွေ မတွေ့ဘူးတဲ့ ထူးဆန်းတဲ့ အသီးအရွက်တွေဝယ်ကြတယ်။ ပျံကျတန်းဆိုတော့ ပအိုဝ့်၊ ပလောင်တိုင်းရင်းသားတွေ ရောင်းနေတာတွေ့ ရတယ်။ သူတို့ဆီက ပြန်အမ်းတဲ့ပိုက်ဆံတွေကတော့ အခုမှ စ၀်စံထွန်းဆေးရုံကနေ ဆင်းလာတာအောက်မေ့ရတယ်။ အဖာတစ်ရာနဲ့။ ကပ်တဲ့ solo tape ဖိုးက ပိုက်ဆံတန်ဖိုး ထက်များနေတယ်။
= နောက် တောင်ကြီးတက္ကသိုလ်သွားကြတယ်။ ကျောင်းပိတ်ထား တော့ ဓာတ်ပုံရိုက် ကြတယ်။ ကျွန်တော် Digital ကင်မရာကတော့ သုံးမရ အောင်ပျက်သွားတယ်။ ဒါကြောင့် ကျွန်တော့်ကောင်မလေးတွေကိုတောင် ဓာတ်ပုံမရိုက်လိုက်ရဘူး။ သူတို့ကင်မရာနဲ့တော့ ရိုက်နေကြတာပဲ။ ကင်မရာပျက်နေတာပဲ ကောင်းပါတယ်။ နို့မဟုတ်ရင် သူတို့ပုံတွေ ကျွန်တော့ blog ထဲရောက်သွားရင် ဒုက္ခ။ blog ထဲက သူငယ်ချင်းတွေက ဆိုးလား ကောင်းလား၊ ကျားလား မလား လည်းမသိ online ထဲ Good morning လုပ်နေရတာ နည်းနည်းတော့ဖြုံတယ်။ နာမည်တွေကိုကြည့်လေ ဆိုးသွမ်းတဲ့၊ ရာဇဌာနီတဲ့၊ နွေမုန်တိုင်းတဲ့၊ ရေခါးတဲ့၊ ရွှမ်းမီတဲ့၊ ညမီးအိမ်တဲ့၊ ပီကေတဲ့၊ နှံကောင်တဲ့၊ မီးပြတိုက်၊ သူရဿဝါတဲ့၊ မော်စီ၊ အထူးကောင်၊ ဇောင်းတဲ့၊ ရွှေဂျမ်းတဲ့ ယုံရမလားတော့မသိဘူး။ ဒါပေမယ့် ယုံလိုက်ပါတယ်။

Monday, April 14, 2008

နှစ်သစ်မင်္ဂလာ

အားလုံးကြွလာ မိတ်သဟာများ
နှလုံးရွှင်ပြုံး အေးချမ်းကြပါစေ.......

AFTER MANY NIGHTS HAVE PASSED

Her eyes are a galand of stars.
Her cheeks are a city of roses.
Her lips are an avenue of cherries.
Her neck is a stalk of jasmine.
Her bands are a net of gold.
Her waist is a kampfera vine.
Her heart, however, is harder
than diamond, entwined with
tendrils of deceit,
producing bitter fruit of hate,
and possessed by a demon.
Too late . . . .
this awareness came after loving.

ညပေါင်းများစွာလွန်ပြီးမှ

ချစ်သူ့မျက်လုံး
ကြယ်ပွင့်ကုံးတည့်။
ချစ်သူပါးမို့
နှင်းဆီမြို့တည့်။
ချစ်သူနှုတ်ခမ်း
ချယ်ရီလမ်းတည့်။
ချစ်သူ့လည်တိုင်
စံပယ်ခိုင်တည့်။
ချစ်သူ၏လက်
ရွှေကွန်ရက်တည့်။
ချစ်သူ့ခါးသွယ်
ဂမုန်းနွယ်တည့်
သို့သော် တစ်မူ
ချစ်သူစိတ်ထား၊ နှလုံးသားသည်
စိန်သွားထက်မာ၊ ဆ တစ်ရာလျှင်
မာယာပင်များ၊ ရစ်နွယ်ထား၍
မုန်းခါးခါးသီး၊ ဘီလူးစီးသည်
ချစ်ပြီးသော်မှ သိနှောင်းစွ . . . ။

နှစ်သစ်ဆုတောင်း

နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေလို့
ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . .

Thursday, April 10, 2008

လူမိုက်

လူမိုက်ဟာ ကိုယ်မိုက်တယ်လို့ သိရင်
လူကောင်းဖြစ်နိုင်တယ်။

လူမိုက်ဟာ သူ့ကိုယ်သူ
လူကောင်းပါလို့ ပြောနေသရွေ့
လူမိုက်ပဲဖြစ်နေပါမယ်။

မိတ်ဆွေ

တောထဲက သစ်မြစ် သစ်ဖုတွေဟာ လူနာအတွက် အကျိုးပြုပါတယ်။
အနာရောဂါဟာ လူနာရဲ့ ရန်သူဖြစ်တယ်။
ကိုယ့်အကျိုးမပြုတဲ့ ဆွေမျိုးထက်
ကိုယ့်အကျိုးပြုတဲ့ သူစိမ်းဟာ
ကိုယ့်အတွက် မိတ်ဆွေဖြစ်တယ် . . . ။

blogger ကြီး၂ ငယ်၂ ရွယ်၂ ပျို၂ အို၂ အားလုံး.......

ကျွန်တော်ကျောင်းသားဘ၀ (၆)

တတိယနှစ်တုန်းက Main အ၀င်ပေါက်မှာရှိတဲ့ တက္ကသိုလ်အရန်တပ်ရင်းထဲ မ၀င်ဖြစ်ခဲ့ဘူး။ အလေလိုက်တာ များသွားတယ်။ ဒါပေမယ့် 3rd year မှာ major subject 2D ထွက်လို့ ကော်လာ ထောင်နိုင်ခဲ့တယ်။ Final year ရောက်တော့ နည်းနည်းလွတ်သွားတယ်။ ဘော်ဒါ တွေအစွယ်ကောင်းလို့ တက္ကသိုလ်အရန်တပ်ရင်းထဲ ၀င်ခဲ့တယ်။ ၃ နာရီခွဲ တာနဲ့ အပြေးအလွှား ရောက်ခဲ့တယ်။ ထုံးစံအတိုင်း ကြက်ခြေနီတို့၊ လမ်းစဉ်လူငယ်တို့ ကတည်းက သိခဲ့တဲ့ comments တွေပါပဲ။ အဓိကကတော့ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အမိန့်နာခံတတ်မှုတွေ တိုးတက်လာတယ်။ ကိုယ့်အတွက် တိုးတက်မှုမတွေ့တာနဲ့ စာသင် နှစ်ဝက်ကျောင်းဖွင့်တော့ မတက်တော့ဘူး။ နောက်တစ်ချက်က သင်တန်းပြီးလို့ အဆောင်ပြန် ရေချိုးမယ်လုပ်တိုင်း ရေမရှိတော့တဲ့ ဒုက္ခပါပဲ။ သင်တန်းချိန်က နေကျချိန်ဆိုတော့ အလူးအလဲ ပဲ။ ချွေးကထွက် ရေကငတ် ဖုန်ကကပ်နဲ့ လူရုပ်မပေါက်ဘူး။ အဲဒီဒဏ်တွေကို မခံနိုင်တော့တဲ့ Fresher တစ်ယောက်က ဘာမပြော ညာမပြော သင်တန်းစစ်ရေးပြကွင်းနဲ့ ကပ်နေတဲ့ ရေနီမြောင်းထဲ ခေါင်းထိုးထည့်ပြီး မျက်နှာကိုအငမ်းမရ သစ်လိုက်တော့တယ်။ ဆွဲချိန် ကိုင်ချိန် လည်းမရတော့ဘူး။ အဲဒါနဲ့ လွတ်ထားလိုက်တော့တယ်။ အဲဒီ Fresher ကိုဘယ်နယ်ကလည်း လို့မေးကြည့်လိုက်တော့ မြင်းခြံကတဲ့…… အင်း…သူလဲ မိုးနည်းရေရှားရပ်ဝန်းက လာတာပဲကိုး။

Wednesday, April 9, 2008

နွားကြီး မဖြစ်စေဖို့

အသက်(၅)နှစ်ရှိနေပြီဖြစ်တဲ့ ကလေးငယ်တစ်ယောက်ဟာ မွေးကတည်းက စကားတစ်ခွန်းမှ ပြောသံမကြားခဲ့မိဘူး။ အဖိုး၊ အဖွား၊ အမေနဲ့ပဲနေတယ်။ အဖေက ဂျပန်မှာ အလုပ်သွားလုပ် နေတယ်။ တစ်ညကျတော့ ကလေးက “ အဖိုး… အဖိုး… အဖိုး….“ လို့တစ်ခွန်းပဲပြောပြီး စကားဆက်မပြောတော့ဘူး။ မနက်လင်းရော အိမ်ကအဖိုး ဆုံးသွားရှာတယ်။ ဒီလိုနဲ့ တစ်လလောက် နေတော့ “ အဖေ… အဖေ… အဖေ… “ ဆိုပြီးတစ်ခွန်းထဲ ထပ်ပြောပြန်တယ်။ နောက်နေ့လဲ ရောက်ရော သူတို့အိမ်ရှေ့က ကိုလူမော် ဆုံးသွားတယ်။ ကိုလူမော်ဆုံးပြီး ရက်လည်တဲ့နေ့ မှာပဲ ကလေးကထပ်ပြီး “ နွားကြီး… နွားကြီး … နွားကြီး….“ ဆိုပြီး ထပ်ပြောပြန်တယ်။ နောက်တစ်နေ့ကျတော့ ဂျပန်ကနေကြေးနန်းလာတယ်။ သူ့အဖေ ကားအက်ဆီးဒင့် ဖြစ်ပြီး သေသွားပြီးတဲ့။ တိုက်ဆိုင်မှုလေးပါ။
နိုင်ငံခြားမှာအလုပ်သွားလုပ်နေသူများ သတိချပ်နိုင်ရန်

အလောင်းစည်သူမင်းကြီး

ကျန်စစ်သား သမီးတော်၏သား အလောင်းစည်သူမင်းသည် ပုဂံ၌ ၄၇၄ ခုနှစ်တွင် နန်းတက်သည်။ တစ်ခါသော် ဗိုလ်ရှုသဘင်ခံတော်မူနေခိုက် လက်ရုံး လက်မောင်းကိုတန်း၍ ကြုံးဝါးတော်မူ၏။ သက်တော်ကြီးပြီဖြစ်၍ လက်ပျဉ်းကျသည်ကို မှူးမတ်တို့က ရယ်ကြကုန်၏။
မင်းကြီးကလည်း “ ငါ့ကို အို၍မစွမ်းပြီဟု ရယ်ကြကုန်သည်။ ငါ့အစွမ်းကို သိစေအံ့ “ ဟု “ ဟယ်အမတ်တို့၊ လူဆိုးတစ်ယောက်သည် ဦးပေါင်းကျားနှင့် မြင်းကျားကိုစီး၍ တူရွင်းတောင် ခြေရင်းမှာ နေ၀င်လျှင် အနိုင်အထက် လူယက်ဖျက်ဆီး သောင်းကျန်းနေသည်ကို နင်တို့ မကြားကုန်သလော။ နင်တို့ အမတ်စစ်သူကြီးလေးယောက်က ရအောင်ဖမ်းချေ။ မရသော် နင်တို့ကို သတ်အံ့ “ ဟုမိန့်တော်မူလေ၏ ။
မင်းကြီးက အထက်အဆိုပါ လူဆိုးပုံရုပ်ဖျက်၍ တောင်ခြေတွင် ညနေ၀င်ရီတရော၌ မြင်းနှင့်နေလင့်၏။
အမတ်စစ်သူကြီး လေးယောက်တို့သည်လည်း မင်းကောင်းလေးစီးနှင့် လာရောက်၍ မင်းကြီးကို လူဆိုးအမှတ်ဖြင့် လိုက်၍ဖမ်းကြလေသည်။ မင်းကြီးသည် ပူးတုံခွာတုံ ထွက်ချည်ဝင်ချည် မြင်းရေးအမျိုးမျိုးစီးပြပြီးလျှင် မြင်းလေးစီးကိုလွတ်အောင် တိုက်ဖောက်ထွက်သွားလေ၏။
စစ်သူကြီးတို့သည်လည်း မိအောင်မဖမ်းနိုင်။ “ ဤသူကား လူမဟုတ်၊ နတ်ဘီလူး ဖြစ်တန်ရာသည် “ ဟုကြောက်ရွံ့ စိတ်လျှောက်၍ ပြန်ကြရလေ၏။
မနက်ညီလာခံတွင် “ ဟယ်အမတ်တို့ မြင်းကျားနှင့်လူဆိုးကို နင်တို့ ရခဲ့၏လော “ ဟု မေးတော်မူ၏။ အမတ်ကြီး လေးယောက်တို့က “ အရှင်မင်းကြီး၊ ဤလူဆိုးသည် လူမဟုတ်ပါ။ နတ်လူဆိုးဖြစ်တန်ရာပါသည်။ လူဖြစ်လျှင်လည်း အလွန် အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဘုန်းတန်ခိုးကြီးမားသူ ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့လေးဦးကို ထားဘိဦး၊ တစ်နိုင်ငံလုံးရှိ မြင်းစီးတို့နှင့် ၀ိုင်း၍ဖမ်းသော်လည်း မိနိုင်မည်မဟုတ်ပါဘုရား “ ဟု လျှောက်ကြလေ၏။
ဤတွင် မင်းကြီးက “ ဟယ်အမတ်တို့ နင်တို့က ငါ့ကိုအိုပြီ၊ မစွမ်းပြီဟု ထင်မှတ်ကြသည်။ ငါမအိုသေး “ ဟုမိန့်တော်မူ၏။ မူးမတ်အပေါင်းတို့လည်း ဤသို့ သိရမှ အလွန်ကြောက်ရွံ့ရိုသေကြကုန်၏။
အလောင်းစည်သူမင်းကြီးသည် ဘုန်းလက်ရုံးနှင့်ပြည့်စုံ၏။ ဆင်အတတ်၊ မြင်းအတတ်၊ လေးအတတ်တို့ကို အပြီးတိုင် တတ်တော်မူ၏။
ဦးဖိုးကျား၊ မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ

ကျွန်တော်ကျောင်းသားဘ၀ (၅)

မန္တလေးကို နယ်ကအတူတူကျောင်းလာတက်တဲ့ သူငယ်ချင်းတွေ အကြော်စားချင်ရင် ရေနီမြောင်းဘေးက ဦးချစ်အကြော်ဆိုင်မှာ သွားကြတယ်။ ဆိုင်က ကုက္ကိုလ်ပင်အရိပ်အောက် မှာဆိုတော့ အပူဒဏ်ကို အတော်အတန် ကာကွယ်ပြီးဖြစ်တယ်။ မြေကြီးပေါ် သင်ဖြူးဖျာအချောကို ခင်းပြီး သင်ဖြူးဖျာပေါ်မှာ လေးယောက်ထိုင် သစ်သားစားပွဲဝိုင်းတွေ လေးဝိုင်းလောက် အစီအရီ ခင်းထားတယ်။ ရေနွေးကြမ်း အခါးရည် နဲ့အကြော် တော်တော် လိုက်ဖက်ပါတယ်။ အကြော်ဆိုင် တစ်ခါထိုင်ရင် နေ့တစ်ပိုင်းလောက်ကုန်တယ်။ ဘာရယ်မဟုတ်ပေမယ့် အဆောင်ကျောင်းသားမို့ ကိုယ့်အချိန်တွေချည်းပဲ။ လိုက်ခေါ်မယ့် အမေလည်းပါမလာဘူးလေ။ အကြော်စားလိုက်၊ ကျောင်းစာဆွေးနွေးလိုက်၊ ဖြတ်လျှောက်တွေ ငေးလိုက်၊ အကြော်ရောင်းတဲ့မိသားစုရဲ့ လှုပ်ရှားမှုတွေကိုကြည့်လိုက်နဲ့ တစ်ကဲ့အလုပ်ကြီး အကိုင်ကြီးပါပဲ။ ခဏကြာတော့ တခြားဝိုင်းက စားပြီးသား အကြော်ပန်းကန်တွေကို ဆိုင်ဘေးက ရေနီမြောင်းထဲ ထိုးဆေးလိုက်တယ်။ ပြဿနာတော့မဖြစ်သေးပါဘူး။ မန္တလေးကရေရှားတာကိုး။ ပန်းကန်ဆေးတာလောက်တော့ ရပါတယ်။ ခဏကြာတော့ ရေနွေးတည်တဲ့ခရားအိုးကို ရေဖြည့်ဖို့အတွက် အဲ… ခုနက ရေနီမြောင်းထဲက ရေကိုပဲ လှမ်းခပ်ထည့်လိုက်တာပဲ။ အဲဒီမှာတင် ပြဿနာစတော့တာပဲ။ ရေနီမြောင်းဆို အားလုံးသိတဲ့ အတိုင်းပဲ လူတကာ …. …. ….. …. လုပ်နေ၊ ပစ်နေ၊ ဆေးနေ၊ လျှော်နေတဲ့ ချောင်း၊ ချောင်းရေအရောင်က နီဝါ၀ါ၊ အနံ့က … မပြောချင်တော့ပါဘူး။ တစ်နေ့ကုန် အော်ကလီဆန် တော့တာပဲဗျာ . . . . ။

Tuesday, April 8, 2008

အဖော်ပါမှရမည်

တောမြို့တစ်မြို့မှ ရုပ်ရှင်ရုံပိုင်ရှင်သည် ရုပ်ရှင်ကားများကို ၀ယ်ရန်အတွက်
မြို့သို့တက်လာသည်။ မြို့ထဲရှိ ရုပ်ရှင်ရုံတစ်ရုံရှေ့တွင် ဆိုင်းဘုတ်တစ်ခု
ချိတ်ထားသည်ကို ၄င်းတွေ့ရသည်။ “ အသက် ၈၀ ကျော်သူများ အခမဲ့
ကြည့်ရှုခွင့်ရှိသည် “ ဟူ၍ဖြစ်သည်။
အင်မတန်ကောင်းတဲ့အကြံပဲ ဟု စိတ်ထဲချီးကျူးကာ မိမိမြို့သို့ပြန်ရောက်
သောအခါ ဆိုင်းဘုတ်တစ်ခုကို ရုပ်ရှင်ရုံရှေ့ဝင်ပေါက်တံခါးတွင် ချိတ်ထား
လိုက်သည်။
အသက် ၈၀ ကျော်သူများ အခမဲ့ကြည့်ရှု့ခွင့်ရှိသည်။ သို့သော် မိဘများ
ပါရမည် “ ဟူ၍ဖြစ်သည်။

နိုင်ငံခြားဇာတ်လမ်း

ရုပ်ရှင်ရုံထဲမှာ လူနှစ်ယောက်စကားပြောနေကြ၏။ တစ်ယောက်က
ငါတို့ ကားမှားပြီး ကြည့်မိပြီနဲ့ တူတယ်“ ဟုပြောပါသည်။
အခြားတစ်ယောက်က
ဘာဖြစ်လို့လဲကွ မြန်မာကားပြနေတာမဟုတ်လား“ ဟု
စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ထိုအခါ ပထမလူက
အေး... ပြတာကတော့ မြန်မာကားပဲ။ ဒါပေမယ့် ဇာတ်လမ်းက
နိုင်ငံခြားဇာတ်လမ်းဖြစ်နေတယ်ကွ“ ဟု ပြန်ပြောလိုက်ပါသည်။

အခွင့်အရေး

ငါ
ဘယ်ကလာ . . .
ငါမသိ။
ငါ
ဘယ်သွားမှာ . . .
ငါမသိ။
အလာမသိ၊ သွားမသိလည်း
သွားမည့်နေရာ၊ သွားလမ်းသာအောင်
ဘာလုပ်ရမည် ငါသိ၏။
ငါကြိုးစားလျှင် ရနိုင်၏။
သင်ကော မည်သို့သဘောရှိ ။ ။
ကို(တက္ကသိုလ်)

Monday, April 7, 2008

ကျွန်တော်ကျောင်းသားဘ၀ (၄)

တောင်ကြီးကောလိပ်တက်တော့ တိုင်းရင်းသားတွေအလိုက်၊ major အလိုက် မိတ်ဖွဲ့ကြတယ်၊ မောင်မယ်သစ်လွင် ကြိုဆိုကြတယ်၊ မိတ်ဆုံစားပွဲလုပ်ကြတယ်။ ပျော်စရာ လေးတွေပါ။ ကျွန်တော်လည်း ရှမ်းလူမျိုးမို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု(တောင်ကြီး) ထဲဝင်တယ်။ ကျိုင်းတုံကအတူတူ လာတက်တဲ့ ကျောင်းသားတွေတောင် တောင်ကြီးရောက်မှု ပိုခင်ကြတယ်။ တောင်ကြီးမြို့ခံ ရှမ်းကျောင်းသားတွေ နည်းတယ်။ အများအားဖြင့်တော့ ကျိုင်းတုံ၊ ပင်လုံ၊ နမ့်ဆန်၊ မိုင်းတုံ၊ လွိုင်လင်၊ ကွန်ဟိန်း၊ တာချီလိတ်၊ မိုးနဲ၊ မိုင်းပန် ဘက်ကကျောင်းသား တွေဖြစ်တယ်။ ရှမ်းမောင်မယ်သစ်လွင်အတွက် အကတိုက်ကြတယ်၊ သီချင်းတိုက်ကြတယ်၊ မဲလိပ်ကြတယ်၊ မေ့မရနိုင်တဲ့ အမှတ်တရလေးတွေပါ။
နောက် ရှမ်းစာပေနဲ့ယဉ်ကျေးမှု(တောင်ကြီး)က ဦးစီးပြီး ရှမ်းစာသင်ပေးတယ်။ တစ်ပတ်လောက်ပဲသင်ရသေးတယ်။ သင်တန်းပိတ်သွားတယ်။ အကြောင်းစုံမေးကြည့်တော့ ဖွင့်ခွင့်မရှိဘူးတဲ့ . . . . . ။
မန္တလေးတက္ကသိုလ်တက်တော့လဲ တိုင်းရင်းသားအလိုက် တူရာစုပြီး မိတ်ဖွဲ့ကြတယ်။ ဒီဘက်ပိုင်းမှာတော့ မြောက်ပိုင်းကရှမ်းကျောင်းသား တွေပိုများတယ်။ ပြီးတော့ ဘာတွေပြောနေကြမှန်း မသိဘူး။ ကျွန်တော်တို့ အရှေ့ပိုင်း၊ တောင်ပိုင်း ရှမ်းစကား တွေနဲ့မတူဘူး၊ အချိန်ကို သူတို့က ရမ်း တဲ့၊ စကားပြောရာမှာ မြန်ပြီး တရုတ်လိုဝဲတယ်။ ပြန်ပြန်မေးရတာ အလုပ်တစ်ခုပါ။ မြောက်ပိုင်းရှမ်းကျောင်းသားတွေပဲ ကြီးစိုးကြတယ်။
အဲဒီနောက် ရှမ်းစာပေနဲ့ယဉ်ကျေးမှု (မန္တလေး)ကနေ ရှမ်းစာပေနဲ့ဆိုင်တဲ့ အရေး/ အဖတ်သင်ပေးတယ်။ တစ်ညပဲ သင်ရတယ်။ တိုင်းရင်းသား ဘာသာစကားကို မသင်ရဘူးလို့ အမိန့်နဲ့ လာပိတ်သွားတယ်။ ဒီလိုနဲ့ ရှမ်းစာကို လေ့လာခွင့်မရခဲ့ဘူး။ ရှမ်းစကားပြောတတ်ပေမဲ့ ရှမ်းစာအရေး/အဖတ်ကိုတော့ အချိန်ပေးပြီး မသင်ခဲ့မိဘူး။ နောင်တရမဆုံးပါ။
အထက်တန်းကျောင်းသားဘ၀နဲ့ ကျိုင်းတုံမှာနေတုန်းက ရှမ်းပြည်နယ်နေ့ 7th Feb ရောက်တိုင်း ကိုယ့်အတန်းလိုက် ပိုက်ဆံတွေစု၊ စားစရာတွေချက်ပြီး ကိုယ့်ကျောင်းမှာရှိတဲ့ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမတွေကို ဖိတ်ပြီး ကျွေးမွေး၊ ကန်တော့တဲ့ အလေ့အထလေးရှိခဲ့တယ်။ နောက်ပိုင်း အစဉ်အလာဖြစ်ခဲ့ပါတယ်။ ရှမ်းစာ ရေးနည်းဖတ်နည်းကိုတော့ ဘုန်းကြီးကျောင်းတွေမှာ သင်ပေးတယ်။ ဒါပေမယ့် ကိုရင်/ရဟန်းခံမယ့် ကိုရင်လောင်းတွေအတွက်ပဲဖြစ်တယ်။ သီးသန့် ရှမ်းစာသင်ပေးတဲ့ ဘုန်းကြီးကျောင်းတော့ မရှိခဲ့ပါဘူး။ နိုင်ငံရေးလုပ်တယ်အထင်နဲ့ ပိတ်ပင်တာ လို့ပဲလူကြီးတွေပြောတာ ကြားဖူးပါတယ်။ တော်တော်အရုပ်ဆိုးတဲ့လုပ်ရပ်လို့ထင်ပါတယ်။
ဒီလိုဆိုရင် ကျွန်တော်မေးချင်ပါတယ်။ ရှမ်းလူမျိုးဟာ တိုင်းရင်းသားတွေထဲက တိုင်းရင်းသားတစ်ခု မဟုတ်တော့ဘူးလား၊ အပယ်ခံတိုင်းရင်းသားလား။ ဒါဆိုရင် ဒို့တာဝန်အရေးသုံးပါးထဲက “တိုင်းရင်းသားစည်းလုံးညီမှုမပြိုကွဲရေး” ဆိုတဲ့အပိုဒ်က ရှမ်းလူမျိုးတွေအတွက် ဥပက္ခောပြုရမဲ့ အချက်ဖြစ်ပြီလား။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အထူးအလေးထားနေတယ် ဆိုပေမဲ့ တကယ်လက်တွေ့မှာ တစ်ခြားစီဖြစ်နေတယ်။ ရှမ်းစာသင်ရုံနဲ့ တိုင်းပြည်အေးချမ်းမှုကို ထိခိုက် စေမှာမဟုတ်လောက်ဘူးလို့ ထင်မိပါတယ်။ ရှမ်းစာသင်ယူခြင်းဖြင့် ရှမ်းယဉ်ကျေးမှုကို နက်နက်နဲနဲ သိနိုင်တဲ့အပြင် ဖိုးဖွားများရဲ့ ရိုးရာကိုလည်း ထဲထဲဝင်ဝင် သိရှိနိုင်မယ်လို့ ထင်မြင် မိပါတယ်။ ရှမ်းရိုးရာကို သိရှိခြင်းဖြင့် နောင်လာနောက်သား ညီငယ်လေးတွေကို လက်ဆင့်ကမ်းပေးနိုင်ပါမယ်လို့ ထင်မိပါတယ်။ လမ်းလျှောက်ရင်း လမ်းပျောက်သူများ မဖြစ်စေဖို့ . . . . . ။

Friday, April 4, 2008

ကျွန်တော်ကျောင်းသားဘ၀ (၃)

မန္တလေးတက္ကသိုလ်တက်တော့ မတူညီတဲ့ ရာသီဥတု၊ အစားအစာ၊ ပတ်ဝန်းကျင်၊ လူနေမှု၊ သူငယ်ချင်းတွေနဲ့အတူ အတွေ့အကြုံသစ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ။ “ရောမရောက်ရင် ရောမလိုကျင့်“ ဆိုတဲ့စကားပုံအတိုင်း မန္တလေးမှာ ခြေလျင်ချည်းအားကိုးဖို့ မဖြစ်နိုင်ဘူး။ တရုတ်မိန်းမစီးစက်ဘီး လေးဝယ်(၃၂၀၀ိ/-)၊ တရုတ်ပန်ကာဝယ်(၈၀၀ိ/-)၊ မြက်ဦးထုတ်(၁၅ိ/-)၊ ပလောင်လွယ်အိတ်(၃၅ိ/-) ဒါဆို နည်းနည်းအဆင်ပြေသွားမည် ထင်တယ်။ စက်ဘီးလေးရှိတော့ မန္တလေးတစ်မြို့လုံး နေရာမလပ်အောင် သွားဖြစ်တယ်။ လမ်း ၈၀ တို့၊ ၈၄ လမ်းတို့၊ ကျုံးပတ်လမ်းတို့၊ ညဈေးတို့၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေကျီးမြင်၊ မန္တလေးတောင်တော်အနှံ့ပါပဲ။ မြို့ထဲပြီးတော့ စစ်ကိုင်း၊ စစ်ကိုင်းချောင်၊ ရွှေကြက်ယက်၊ ရွှေကြက်ကျ၊ အမရပူရ၊ ဦးပိန်တံတား၊ နောက် မင်းကွန်းချောင်၊ မင်းကွန်းခေါင်းလောင်း စသည်ဖြင့် လည်ဖြစ်တယ်။ ရောက်စကတော့ ကိုယ်ကဧည့်သည်ဖြစ်လို့ သူများနောက်လိုက် ရတယ်။ နောက်ရောက်လာတဲ့ ကျောင်းသားတွေကိုတော့ ကိုယ်က လမ်းပြပေါ့။ မင်းကွန်းတို့ စစ်ကိုင်းတို့က ကျွန်တော်တို့ကျောင်းသားတွေရဲ့ ခြေရာတွေထပ်နေအောင် ရောက်ခဲ့ကြတယ်။
မင်းကွန်းသွားတုန်းက မင်းကွန်းချောင်မရောက်ခင် နွားလှည်းဆရာက ဒီနားက ထန်းရည် သိပ်ကောင်းတယ်ဆိုရင်ပဲ ဘုရားမရောက်ခဲ့ကြတော့ဘူး။ ထန်းတောကနေ ပြန်လှည့်ခဲ့ကြရတယ်။ မင်းကွန်းခေါင်းလောင်းရယ်၊ တစ်ဝက်တစ်ပျက်ပုထိုးတော်ကြီးရယ်၊ တစ်ပိုင်းတစ်စ ခြင်္သေ့ကိုယ်ထည်တွေကိုကြည့်ရင်း ရှေးမြန်မာမင်းတို့ရဲ့ စွမ်းဆောင်နိုင်ခဲ့ပုံတွေ ကို ကြက်မွှေးညှင်းတွေ တဖျဉ်းဖျဉ်းထအောင် ကြည့်ရှုခဲ့ရတယ်။ ….

Thursday, April 3, 2008

ကျွန်တော်ကျောင်းသားဘ၀ (၂)

မွေးရပ်မြေ ကျိုင်းတုံမြို့ကနေခွာလို့ တောင်ကြီးကောလိပ်ကိုတက်တယ်။ [[ ပြောရအုန်းမယ် ကျိုင်းတုံမှာက လျှပ်စစ်မီးမရဘူး၊ အရင်တုန်းကရတယ်ဆိုတာ ဒီဇယ်ဆီနဲ့ စက်လည်ပတ်တယ်။ ဆီကုန်ရင် မီးမရတော့ဘူး။ ကျိုင်းတုံမြို့ရဲ့ တစ်ခုတည်းသော ကုန်စည်စီးဆင်းမှုက ကောင်ဘွိုင်တွေလို့ လူသိများတဲ့ ဟီးနိုး TE 11 ဂျပန်လျော်ကြေးရ ကားကြီးတွေပဲဖြစ်တယ်။ မိုးတွင်းဆိုရင် ဟီးနိုး ကားကြီးတွေမလာနိုင်တော့ဘူး။ ကျိုင်းတုံ-တောင်ကြီး လမ်းအခြေအနေကြောင့် ဖြစ်တယ်။ ဒီလိုအချိန်ဆို ဒီဇယ်ပြတ်ပြီး လျှပ်စစ်မီးမရတော့ဘူး။ လျှပ်စစ်မီးမပေါပေမယ့် စစ်ကြောင်းကြီးတွေ ထိုးစစ်ဆင်ဖို့ တစ်ထောက်နားတဲ့မြို့မို့လို့ ရိက္ခာထုတ်တွေ၊ ရှေ့တန်းသုံး စည်သွပ်ဗူးတွေ၊ ရိက္ခာဆန်တွေ၊ ကုလားပဲတွေ၊ မတ်ပဲတွေ ပေါများလှပါတယ်။ ]] တောင်ကြီးရောက်တော့ ၂၄ နာရီမီးရတယ်။ ခင်းထားတဲ့ နိုင်လွန်ကတ္တရာလမ်းမ ကြီးကိုကြည့်ပြီး ကျယ်ပြန့်လှတဲ့ လေးလမ်းသွား ဗိုလ်ချုပ် အောင်ဆန်းမင်းလမ်းကြီးကို အခေါက်ခေါက် အခါခါ လမ်းသလားနေပါတော့တယ်။ တောင်ကြီးမြို့ကို နတ်နန်းသမျှအထင်ကြီး လေးစားမိပါတော့တယ်။ ဒါကတော့ မြို့ရောက်စ တောသားလေးတစ်ယောက်ရဲ့ မြူမှုန်လောက်သာသာ အတွေးလေးပါ။ ဓာတ်ခွဲဗေဒ ဘာသာရပ်နဲ့ ကျောင်းတက်တယ်။ အဒေါ်အိမ်မှာနေတယ်။ မြို့မရပ်ကွက်ထဲမှာပါ။ ကုလားတွေကခပ်များများပါ။ တစ်နေ့ ၅ ကြိမ်လောက်အော်တဲ့ တာဝါတွေလည်းရှိတယ်။ ဒို့များ ဗမာတွေထက်တော့ ၀ီရိယကောင်းကြတယ်၊ စည်းလုံးကြတယ်၊ ကူညီဖေးမကြတယ်။ ဒါကြောင့် ဆင်းရဲသူနည်းပြီး ချောင်လည်သူပေါတယ်။ အတုယူအားကျစရာပါ ဒို့မြန်မာများ။ တောင်ကြီးကောလိပ်မှာ ၂ နှစ်တက်တယ်။ အလုအယက် IC တန်းဝင်ဖို့ ကြိုးစားပါသော်လည်း အမှတ်မကောင်းခဲ့ပါ။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် မရောက်ဘဲ မန္တလေးတက္ကသိုလ်ပဲ တက်ခဲ့ ရတယ်။ ကျွန်တော်တို့ တက်တဲ့နှစ်မှာပဲ မန္တလေးဝိဇ္ဖာနှင့်သိပံ္ပတက္ကသိုလ် MASU မာဇူးလို့မခေါ် တော့ဘဲ မန္တလေးတက္ကသိုလ် လို့ပဲခေါ်တွင်တော့တယ်။ တတိယနှစ်တက်တော့ ရတနာပုံဆောင်မှာနေတယ်။ အင်္ဂလိပ်ခေတ် ဆေးရုံကြီးပေါ့။ ခြောက်လိုက်တဲ့သရဲ မယုံမရှိနဲ့။ ကိုယ်တွေ့ပါ။ အဲဒီအချိန် အဆောင်ကြေး ၁၂၅ိ/- ကျပ်ပဲသွင်းရတယ်။ အိမ်ကနေ တစ်လ ၃၀၀ိ/- ကျပ်ပဲပို့ပေးတယ်။ လောက်နေတာပဲ။ အသုံးအစွဲကမရှိ၊ ခြိုးခြံချွေတာပြီး ပညာသင်ခဲ့ တယ်။ မန္တလေးရောက်တော့ ခေါင်းနပန်းကြီးသွားတယ်။ ဘာဖြစ်လို့လဲဆိုသော နတ်နန်းသမျှ ကြီးကျယ်ခမ်းနား တယ်လို့ထင်ခဲ့တဲ့ တောင်ကြီးမြို့ဟာ မန္တလေးမြို့နဲ့ယှဉ်လိုက်ရော ဆီနဲ့ရေလိုပါပဲ။ တောင်ကြီးမှာက မင်းလမ်းတစ်ခုတည်း စည်ကားတာ။ မန္တလေးကျတော့ ၇၈ လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ အေလမ်း၊ ဘီလမ်း၊ ကျုံးပတ်လမ်း စုံလို့။ ဈေးချိုကြီးနားရောက် တော့ လူတွေက အုတ်အုတ်ကျွတ်ကျွတ်။ မြို့ခံတွေကိုကြည့်ရတာ ရာသီဥတုနဲ့အဆင်ပြေနေပုံ ရပေမယ့် ကျွန်တော်တို့လို့ တောင်ပေါ်သားတွေ အတွက်တော့ မီးကင်နေသလိုပဲခံစားရတယ်။ အရာရာ အသစ်အဆန်းတွေချည်းမို့ အံ့ဘနန်းတွေ ကြုံတွေ့ခဲ့ရတယ်။ ……

ကျွန်တော်ကျောင်းသားဘ၀ (၁)

ဆယ်တန်းအောင်ပြီးကတည်းက မွေးရပ်မြေဖြစ်တဲ့ ကျိုင်းတုံမြို့ကို ပြန်မရောက် ဖြစ်ခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျိုင်းတုံမြို့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တည်ရှိပြီး တိုင်းရင်းသား ပေါင်းစုံနေထိုင်ပြီး အေးချမ်းတဲ့ မြို့ငယ်လေး တစ်မြို့ဖြစ်ပါတယ်။ ကျိုင်းတုံမြို့မှာ ထင်ရှားတဲ့ ၀ိသေသတွေ ကတော့ မများပေမယ့် ရောက်ဖူးသူတိုင်း မေ့မရနိုင်တဲ့ နေရာလေးတွေဖြစ်ခဲ့ရပါတယ်။ အဲဒါတွေ ကတော့ မြို့လယ်ခေါင်မှာ တည်ထားတဲ့ မဟာမုနိဘုရားကြီး၊ နောင်တုံကန်၊ ပါလျှံမြို့တံခါး၊ မြို့မဈေးကြီး၊ ရှေး ရှမ်းစော်ဘွား များနေထိုင်သွားတဲ့ ဟော်နန်း၊ သစ်တစ်ပင်တောင်စတာတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ က အထင်ကရတွေပါ။ ကျွန်တော်တို့ အဘိုး၊ အဘွား လက်ထက်က ကျိုင်းတုံမြို့နဲ့ပတ်သက်ပြီး ဆိုရိုးစကားတွေ အများကြီး ရှိခဲ့ပါတယ်။ ယနေ့အချိန်မှာဆိုရင် ပျောက်ကွယ်သွားပြီဖြစ်တဲ့ အဆောက်အဦ၊ နေရာတွေရှိသလို ထပ်မံတိုးပွားလာတဲ့ အဆောက်အဦ နေရာသစ်တွေလည်း အများသားပါ။ ပညာရေးနဲ့ဆိုင်တဲ့ အဆောက်အဦ တွေပါ။ နောင်လာနောက်သား လူငယ်လူရွယ်တွေအတွက် တအားဖြစ်စေပါတယ်။ ကျွန်တော်တို့ခေတ်အခါက ကျိုင်းတုံမြို့မှာ ကောလိပ်မရှိပါဘူး။ ရှမ်းပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့ မှာတောင် ဒီဂရီကောလိပ် အဆင့်ပဲရှိခဲ့ပါတယ်။ ကျိုင်းတုံကနေ ဆယ်တန်းအောင်ရင် တောင်ကြီးမှာ ဒီဂရီကောလိပ် ၂ နှစ်တက်ရတယ်။ ကျွန်တော်ကောလိပ်တက်တဲ့နှစ်မှာ ဒီဂရီကောလိပ်မဟုတ်တော့ဘဲ စနစ်သစ်ပညာရေးရဲ့ ရေစီးကြောင်းတစ်ခု ဖြစ်တဲ့ တောင်ကြီးကောလိပ် အသွင်ဖြစ်ပြီး၊ major ခေတ်ဖြစ်ပါတယ်။ တောင်ကြီးကောလိပ်မှာ ၂ နှစ်တက်ပြီးလို့ ရန်ကုန်တက္ကသိုလ် ဒါမှမဟုတ် မန္တလေးတက္ကသိုလ် တစ်ခုခုကို ရွေးချယ်ရပါမယ်။ အများအားဖြင့် တော့ မန္တလေးတက္ကသိုလ်ပဲ တက်ကြရတယ်။ ရန်ကုန်တက္ကသိုလ်တက်ချင်ရင်တော့ မန္တလေးမှာမရှိတဲ့ စက်မှု တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ် အစရှိတာတွေပေါ့။ တစ်ချို့ကျတော့လည်း စိတ်ပညာဘာသာရပ်နဲ့ ရန်ကုန် တက္ကသိုလ်ကို ပြောင်းတက်ကြတယ်။ ကျွန်တော်တို့လို မအူမလယ် တောသားတွေက တော့ မန္တလေးလည်းမြို့ကြီးပဲ၊ ရန်ကုန်လည်းမြို့ကြီးပဲ ဆိုပြီး ရွေးချယ်မနေဘဲ မန္တလေးမှာပဲ တက်ဖြစ်တယ်။ မန္တလေး တက္ကသိုလ်မှာ ၂ နှစ်ပေါ့။ ဒီလိုနဲ့ ကျောင်းပြီးလို့ B.Sc ဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် ---------- ပြီး ကွန်ပျူတာ ဘာသာရပ်ကို MCC မှာ စတင်ဆည်းပူးခဲ့ပါတယ်။ ပြူတင်းပေါက် ၉၅ လို့ အမည်တွင်တဲ့ Window's 95 နဲ့စခဲ့တယ်။

ထင်ယောင်ထင်မှားသစ်တစ်ပင်တောင်