Monday, April 21, 2008

ကျွန်တော့်တစ်နေ့တာ (၄)

အမှန်တရား

လူ့သဘောသဘာဝအရ ကိုယ့်ကို “မှားနေပြီ” လို့ လာပြောတာကို လူအများစုက လက်ခံလိုစိတ် မရှိကြပါဘူး။ လူအများစုရဲ့ ပင်ကိုယ် သဘာဝစိတ်ထဲမှာ သဘာဝတရားကြီးဟာ အဲဒီအမှားကို ၀န်မခံလို စိတ်ကို ထည့်ပေးလိုက်တယ်။ ဒါကိုက သဘာဝတရားရဲ့ မျှတတဲ့ လက်ဆောင်များလား ….. . ။


ဒါပေမယ့် လူတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်မှာ အသက်ရှင်ခြင်းတရားဟာ အရေးကြီးသလို အဲဒီ အသက်ရှင်ခြင်း တရားလိုပဲ အရေးကြီးတာက သူ အသက်ရှင်ဖြတ်သန်းနေရတဲ့ ဘ၀တစ်လျှောက် အမှန်တရား ဆီ ဘယ်လောက်ချဉ်းကပ်ခဲ့သလဲ၊ အမှန်တရားဘက်က ဘယ်လောက် ရပ်တည်ခဲ့သလဲ၊ အမှန်တရားမှာ ဘယ်လောက်အထိ နေထိုင်ခဲ့သလဲ၊ အမှန်တရားအတွက် ဘယ်လောက် စွန့်လွှတ်စွန့်စား ခဲ့သလဲ ဆိုတာ အဲဒီလူရဲ့ သမိုင်းမှတ်တမ်းဖြစ်မှာပါ။ ပြီးတော့ လူဆိုတာ တစ်ကိုယ်တည်း နေတဲ့သတ္တ၀ါမဟုတ်ပါဘူး။ တစ်ယောက်တည်း မှန်နေလို့မရပါဘူး။ ကိုယ်နဲ့ပေါင်းနေတဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့် ပတ်ဝန်းကျင်က မှားနေတဲ့လူတွေကိုလည်း ပြုပြင် ပေးဖို့လိုမှာပါ။ ဒါကလည်း လူတစ်ဦးချင်းစီအတွက် ပြဌာန်းမထားတဲ့ ယဉ်ကျေးမှု တာဝန်ပါ။


လူတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအ၀ိုင်းက မှားနေတာကို ပြုပြင်မပေးခဲ့ရင် အမှန်တရားမှာ နေထိုင်နေတဲ့ လူတစ်ယောက်ကပါ ဆုံးရုံးသွားဖို့ ရှိပါတယ်။ ဒီနေရာမှာ လောက သဘောသဘာဝအရ ပုထုဇဉ်လောကမှာ အားသာတဲ့အရာက အားနည်းတဲ့ အရာတွေကို ၀ါးမျိုတတ်တာ သတိချပ်ဖို့ လိုမှာပါ။


ဒီတော့ ကျွန်တော့်အနေနဲ့ အမှန်တရားဆိုတာ အသက်ရှင်ခြင်းတရား လိုပဲ အရေးကြီးတယ်။ လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်း တန်ဖိုးဆိုတာ ကိုယ်ကိုယ်တိုင် အမှန်တရားမှာ ဘယ်လောက် နေထိုင်ခဲ့ပြီး ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လောကကို ဘယ်အတိုင်း အတာထိ အမှန်တရားဆီ ပို့ဆောင်ပေးနိုင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ မှတ်တမ်းတင်၊ မော်ကွန်းထိုးရမှာပဲ လို့ ယုံကြည်မိပါတယ်။


ဆက်ရေးပါအုံးမည်…

No comments: