Monday, April 7, 2008

ကျွန်တော်ကျောင်းသားဘ၀ (၄)

တောင်ကြီးကောလိပ်တက်တော့ တိုင်းရင်းသားတွေအလိုက်၊ major အလိုက် မိတ်ဖွဲ့ကြတယ်၊ မောင်မယ်သစ်လွင် ကြိုဆိုကြတယ်၊ မိတ်ဆုံစားပွဲလုပ်ကြတယ်။ ပျော်စရာ လေးတွေပါ။ ကျွန်တော်လည်း ရှမ်းလူမျိုးမို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု(တောင်ကြီး) ထဲဝင်တယ်။ ကျိုင်းတုံကအတူတူ လာတက်တဲ့ ကျောင်းသားတွေတောင် တောင်ကြီးရောက်မှု ပိုခင်ကြတယ်။ တောင်ကြီးမြို့ခံ ရှမ်းကျောင်းသားတွေ နည်းတယ်။ အများအားဖြင့်တော့ ကျိုင်းတုံ၊ ပင်လုံ၊ နမ့်ဆန်၊ မိုင်းတုံ၊ လွိုင်လင်၊ ကွန်ဟိန်း၊ တာချီလိတ်၊ မိုးနဲ၊ မိုင်းပန် ဘက်ကကျောင်းသား တွေဖြစ်တယ်။ ရှမ်းမောင်မယ်သစ်လွင်အတွက် အကတိုက်ကြတယ်၊ သီချင်းတိုက်ကြတယ်၊ မဲလိပ်ကြတယ်၊ မေ့မရနိုင်တဲ့ အမှတ်တရလေးတွေပါ။
နောက် ရှမ်းစာပေနဲ့ယဉ်ကျေးမှု(တောင်ကြီး)က ဦးစီးပြီး ရှမ်းစာသင်ပေးတယ်။ တစ်ပတ်လောက်ပဲသင်ရသေးတယ်။ သင်တန်းပိတ်သွားတယ်။ အကြောင်းစုံမေးကြည့်တော့ ဖွင့်ခွင့်မရှိဘူးတဲ့ . . . . . ။
မန္တလေးတက္ကသိုလ်တက်တော့လဲ တိုင်းရင်းသားအလိုက် တူရာစုပြီး မိတ်ဖွဲ့ကြတယ်။ ဒီဘက်ပိုင်းမှာတော့ မြောက်ပိုင်းကရှမ်းကျောင်းသား တွေပိုများတယ်။ ပြီးတော့ ဘာတွေပြောနေကြမှန်း မသိဘူး။ ကျွန်တော်တို့ အရှေ့ပိုင်း၊ တောင်ပိုင်း ရှမ်းစကား တွေနဲ့မတူဘူး၊ အချိန်ကို သူတို့က ရမ်း တဲ့၊ စကားပြောရာမှာ မြန်ပြီး တရုတ်လိုဝဲတယ်။ ပြန်ပြန်မေးရတာ အလုပ်တစ်ခုပါ။ မြောက်ပိုင်းရှမ်းကျောင်းသားတွေပဲ ကြီးစိုးကြတယ်။
အဲဒီနောက် ရှမ်းစာပေနဲ့ယဉ်ကျေးမှု (မန္တလေး)ကနေ ရှမ်းစာပေနဲ့ဆိုင်တဲ့ အရေး/ အဖတ်သင်ပေးတယ်။ တစ်ညပဲ သင်ရတယ်။ တိုင်းရင်းသား ဘာသာစကားကို မသင်ရဘူးလို့ အမိန့်နဲ့ လာပိတ်သွားတယ်။ ဒီလိုနဲ့ ရှမ်းစာကို လေ့လာခွင့်မရခဲ့ဘူး။ ရှမ်းစကားပြောတတ်ပေမဲ့ ရှမ်းစာအရေး/အဖတ်ကိုတော့ အချိန်ပေးပြီး မသင်ခဲ့မိဘူး။ နောင်တရမဆုံးပါ။
အထက်တန်းကျောင်းသားဘ၀နဲ့ ကျိုင်းတုံမှာနေတုန်းက ရှမ်းပြည်နယ်နေ့ 7th Feb ရောက်တိုင်း ကိုယ့်အတန်းလိုက် ပိုက်ဆံတွေစု၊ စားစရာတွေချက်ပြီး ကိုယ့်ကျောင်းမှာရှိတဲ့ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမတွေကို ဖိတ်ပြီး ကျွေးမွေး၊ ကန်တော့တဲ့ အလေ့အထလေးရှိခဲ့တယ်။ နောက်ပိုင်း အစဉ်အလာဖြစ်ခဲ့ပါတယ်။ ရှမ်းစာ ရေးနည်းဖတ်နည်းကိုတော့ ဘုန်းကြီးကျောင်းတွေမှာ သင်ပေးတယ်။ ဒါပေမယ့် ကိုရင်/ရဟန်းခံမယ့် ကိုရင်လောင်းတွေအတွက်ပဲဖြစ်တယ်။ သီးသန့် ရှမ်းစာသင်ပေးတဲ့ ဘုန်းကြီးကျောင်းတော့ မရှိခဲ့ပါဘူး။ နိုင်ငံရေးလုပ်တယ်အထင်နဲ့ ပိတ်ပင်တာ လို့ပဲလူကြီးတွေပြောတာ ကြားဖူးပါတယ်။ တော်တော်အရုပ်ဆိုးတဲ့လုပ်ရပ်လို့ထင်ပါတယ်။
ဒီလိုဆိုရင် ကျွန်တော်မေးချင်ပါတယ်။ ရှမ်းလူမျိုးဟာ တိုင်းရင်းသားတွေထဲက တိုင်းရင်းသားတစ်ခု မဟုတ်တော့ဘူးလား၊ အပယ်ခံတိုင်းရင်းသားလား။ ဒါဆိုရင် ဒို့တာဝန်အရေးသုံးပါးထဲက “တိုင်းရင်းသားစည်းလုံးညီမှုမပြိုကွဲရေး” ဆိုတဲ့အပိုဒ်က ရှမ်းလူမျိုးတွေအတွက် ဥပက္ခောပြုရမဲ့ အချက်ဖြစ်ပြီလား။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အထူးအလေးထားနေတယ် ဆိုပေမဲ့ တကယ်လက်တွေ့မှာ တစ်ခြားစီဖြစ်နေတယ်။ ရှမ်းစာသင်ရုံနဲ့ တိုင်းပြည်အေးချမ်းမှုကို ထိခိုက် စေမှာမဟုတ်လောက်ဘူးလို့ ထင်မိပါတယ်။ ရှမ်းစာသင်ယူခြင်းဖြင့် ရှမ်းယဉ်ကျေးမှုကို နက်နက်နဲနဲ သိနိုင်တဲ့အပြင် ဖိုးဖွားများရဲ့ ရိုးရာကိုလည်း ထဲထဲဝင်ဝင် သိရှိနိုင်မယ်လို့ ထင်မြင် မိပါတယ်။ ရှမ်းရိုးရာကို သိရှိခြင်းဖြင့် နောင်လာနောက်သား ညီငယ်လေးတွေကို လက်ဆင့်ကမ်းပေးနိုင်ပါမယ်လို့ ထင်မိပါတယ်။ လမ်းလျှောက်ရင်း လမ်းပျောက်သူများ မဖြစ်စေဖို့ . . . . . ။

1 comment:

စိုးထက် - Soe Htet ! said...

ရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်းက တက္ကသိုလ်တိုင်းမှာ ရှိပါတယ် ဗျ L)