Showing posts with label ရိုးရာအစားအစာ. Show all posts
Showing posts with label ရိုးရာအစားအစာ. Show all posts

Saturday, June 29, 2024

ရေနွေးကြမ်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

 


ရေနွေးကြမ်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ဒေါက်တာသိင်္ဂီကျော်

ကမ္ဘာတစ်ဝန်းတွင် ရေမှလွဲ၍ လူကြိုက်အများဆုံး သောက်စရာမှာ လက်ဖက်ခြောက် အရည် (မြန်မာ့ဓလေ့ရိုးရာ အမည် ရေနွေးကြမ်း) ဖြစ်ပါသည်။ လူတို့သည် နှစ်ပေါင်း ၅,၀၀၀ နီးပါး ရေနွေးကြမ်းကို သောက်သုံးခဲ့ကြပြီး လက်ရှိအချိန်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံက သောက်သုံးလျက် ရှိပါသည်။ ရှေးခေတ် ကတည်းက ရေနွေးကြမ်း၊ အထူးသဖြင့် လက်ဖက်စိမ်းရည် ကို တရုတ် တိုင်းရင်းဆေး ပညာက ကျန်းမာရေးနှင့် ညီညွတ်သော ဖျော်ရည်အဖြစ် သတ်မှတ်ခဲ့ကြ ပါသည်။ မြန်မာနိုင်ငံတွင် ရေနွေးကြမ်း သောက်သုံးခြင်းသည် အလောင်းစည်သူမင်း လက်ထက်ကစ၍ ခေတ်အဆက်ဆက် အရေးပါသည့် ဓလေ့ထုံးတမ်း အဖြစ်တည်ရှိ ခဲ့ကြောင်း တွေ့ရှိရသည်။

Sunday, June 23, 2024

ပဲပုပ်စေ့၊ ပဲပုပ်ဆီနှင့် ကျန်းမာရေး

 


 ပဲပုပ်စေ့၊ ပဲပုပ်ဆီနှင့် ကျန်းမာရေး

ပဲပုပ်သည် နိုင်ငံတကာသုံး အစားအစာဖြစ်၍ ပဲပုပ်ကို Soybean, Soja Bean, Soya Bean ဟု အမျိုးမျိုးခေါ်ကြသည်။ Fabaceae မျိုးရင်းဝင်ဖြစ်ပြီး ပဲပုပ်၏ သိပ္ပံအမည်မှာ Glycine max ဖြစ်ပါသည်။ ပဲပုပ်သည် အရသာကောင်းပြီး စားသုံးမှုများပြားသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ လေ့လာမှုမှတ်တမ်းများအရ ပဲပုပ်သည် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ (၁၀) မျိုးအနက်၊အမှတ်စဉ် (၆) တွင် ချိတ်သော သီးနှံဖြစ်ကြောင်း နှင့် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ (၁၀) မျိုးမှာပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနမ်၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ၀ဥနှင့်  Plantains (ခေါ်) ချက်စားရသော ငှက်ပျောသီး တစ်မျိုးတို့ ဖြစ်ကြောင်း သိရသည်။

Tuesday, May 14, 2013

သက်ကြီးပိုင်း ရောက်သည်ထိ ဦးနှောက်စွမ်းအား ထက်မြက်နေအောင် ဘယ်လို စားသောက်မလဲ !!

ဘယ်ရီသီး စားခြင်းသည် ဦးနှောက်စွမ်းအား ကို ပိုကောင်းစေ

ဘယ်ရီသီးများ စားခြင်းဟာ အသက်ကြီး လာလို့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျဆင်းခြင်းကို ကာကွယ် ပေးနိုင်ရုံ သာမက ဆက်လက် အစွမ်းထက် နေအောင်ပါ ကူညီပေး နိုင်တယ်လို့ သုတေသီ များရဲ့ တွေ့ရှိချက် တွေက ဖွင့်ဆို ထားပါသည်။








ကော်ဖီလည်း ပုံမှန်သောက်ပါ

အထူးသဖြင့် ကော်ဖီသည် သက်ကြီးပိုင်းများ ဦးနှောက် စွမ်းဆောင်ရည် ထက်မြက် နေအောင် ကူညီ ပေးနိုင်သည်။ စဉ်းစား ဆင်ခြင်မှု ကောင်းအောင် ကူညီပေး နိုင်သည်။ ဦးနှောက် အတွင်း ၀င်လာသော အချက်အလက် များကို တုံ့ပြန်မှု ကောင်းအောင် ကူညီ ပေးနိုင်သည်။ တစ်သက်လုံး ကော်ဖီ သောက်လာ သူများ အတွက် သတင်းကောင်း ရှိပါသေးသည်။ ကော်ဖီကို နှစ်ကြာရှည် သောက်လာသူများ သည် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွား နိုင်ခြေ ကိုလည်း နည်းသွား စေကြောင်း သုတေသီများက ထောက်ပြ ခဲ့ကြသည်။







မှတ်ဥာဏ် မကောင်းဘူးလား ၊ ငါးကိုစား

ဦးနှောက်စွမ်းရည် ထက်မြက် လိုသူများ ငါးအမျိုးမျိုး ကို စားသုံးသင့်သည်။ မှတ်ဥာဏ် ကောင်းလို သူများ ငါးအမျိုးမျိုး စားသုံး သင့်သည်။ ငါးများတွင် ပါဝင်သော အိုမီဂါ ၃ အက်ဆစ်ဓာတ် သည် မှတ်ဥာဏ် ကောင်းအောင် ထိန်းသိမ်း ရာတွင် အရေးပါသော ဓာတ်ပစ္စည်း ဖြစ်သည်။











မနက်စာ ပုံမှန် စားခြင်းသည်လည်း မှတ်ဥာဏ် ကောင်းစေသော အလေ့အထဖြစ်

ကနေဒါနိုင်ငံ ၊ တိုရွန်တို မြို့တွင် ပြုလုပ် ထားသော လေ့လာ သုတေသန အရ အသက် ၆၁ နှစ်မှ ၇၉ နှစ်အကြား သက်ကြီးပိုင်း များထဲတွင် မနက်စာ ပုံမှန် စားသူများ သည် သက်ကြီးပိုင်း ရောက်သည့် အထိ ဦးနှောက်စွမ်းရည် မကျဆင်းအောင် ထိန်းသိမ်း နိုင်ဆုံး ဖြစ်ကြောင်း တွေ့ရှိ ရသည်။ သက်ကြီးပိုင်း များတွင် သာမက ကလေးငယ် များမှာပင် မနက်စာ ပုံမှန် စားသုံးသူ များသည် စာမေးပွဲ ရလဒ်များ ပိုမို ကောင်းမွန် ကြသည်ကို လေ့လာ တွေ့ရှိရသည်။





ယမကာ တစ်မျိုးမျိုးကို ဆေးဖြစ် ၀ါးဖြစ် မှီဝဲသူများ သက်ကြီးပိုင်း ရောက်သည်အထိ ဦးနှောက်စွမ်းရည် ကောင်းမွန်

အသက် ၆၀ အထက် လူကြီးပိုင်း များကို လေ့လာသည့် အခါ တစ်ပတ်ကို ဘီယာ ( သို့မဟုတ် ) ယမကာ တစ်မျိုးမျိုး ကို ၄ - ၅ ကြိမ်ခန့် ဆေးဖြစ် ၀ါးဖြစ် မှီဝဲသူများ သည် လုံးဝ မသောက်သုံး သူများထက် ဦးနှောက် စွမ်းရည် ကျဆင်းနိုင်ခြေ ၅၄ ရာခိုင်နှုန်း ခန့်ထိ ပိုနည်းကြောင်း တွေ့ထားရသည်။ တန်ဆေး လွန်ဘေး ဆိုသော စကားရပ်ကို ဖြင့် သတိထားရမည်။ တစ်ပတ်ကို ၁၄ ခွက် နှင့် အထက် သောက်သုံးသူ လူကြီးပိုင်း များမူကား အသက်ကြီး သည့်အခါ ဦးနှောက် ယိုယွင်းမှု ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုများ နေပြန်ကြောင်း တွေ့ရှိရသည်။



ရေနွေးကြမ်း သည်လည်း ဦးနှောက် စွမ်းရည် ထက်မြက်စေနိုင်

ရေနွေးကြမ်း သောက်သုံးခြင်း သည်လည်း လူကြီးပိုင်းများ ဦးနှောက် စွမ်းရည် နှင့် မှတ်ဥာဏ် ဆက်လက် ထက်မြက် နေစေရန် အထောက်အကူ ပြုနိုင်ကြောင်း လေ့လာမှု များက ထောက်ပြ နေသည်။ ရေနွေးကြမ်း သည် ဦးနှောက်တွင်း မှတ်ဥာဏ် စွမ်းအင် ကောင်းမွန်ရေး အထောက်အကူ ပြုသည့် အဆီတိုင်လင်း ဓာတ်ကို မြင့်တက် စေသည်။ အစာချေ နိုင်စွမ်းကိုလည်း မြင့်တက် စေသဖြင့် အစာ မကြေခြင်း ကြောင့် မအီမသာ ဖြစ်ခြင်းမှ ကင်းဝေး စေနိုင်သည်။



ဟင်းခတ် အမွှေးအကြိုင် မဆလာ သည်လည်း အသုံးဝင်နိုင်

အီတလီ နိုင်ငံတွင် ပြုလုပ် ထားသော လေ့လာမှု စစ်တမ်း တစ်ရပ် အရလည်း မဆလာ အပါအ၀င် အခြားသော ဟင်းခတ် အမွှေးအကြိုင် များသည် လူကြီးပိုင်း များ၏ ဦးနှောက် စွမ်းဆောင် ရည်ကို ထက်မြက် နေအောင် ထိန်းပေးထား နိုင်စွမ်း ရှိကြောင်း သိရသည်။ ဦးနှောက်ကို ယိုယွင်း ပျက်စီး စေသော အောက်ဆီဒိုက် များကို တိုက်ဖျက် နိုင်သည့် အင်ဇိုင်း များကို ဟင်းခတ် အမွှေးအကြိုင် များတွင် ပါသော ဓာတ်ပစ္စည်း များက တိုးပွား စေကြောင်း သိရသည်။





Eat for Better Memory: 7 ways to Get Sharp ( Reader's Digest )

Tuesday, December 22, 2009

ရှမ်းဟင်းထုပ်

ရှမ်းဟင်းထုပ်

ခရစ္စမတ်နားနီးလာတော့ အအေးဓာတ်က အရင်နေ့တွေထက် ပိုကဲလာတယ်လို့ ထင်ရမိတယ်။ အေးလွန်းတော့လည်း ဘယ်လောက်ထူတဲ့ စောင်ကိုပဲ ခြုံခြုံ နွေးလာတယ်ရယ်လို့ မရှိပါဘူး။ ကွေးရင်း ကွေးရင်းနဲ့ ခါးထဲက အရိုးတွေတောင် ထုံကျဉ်လာတယ်လို့ ခံစားရမိတယ်။ တစ်လုံးတည်းသော Heater ကို ပျိုပျိုဒေါ်လေးများ ပျိုပိုင်စီးထားတာကြောင့် ဒီဆောင်းအဖို့ ကိုယ့်အလှည့် ရောက်လာတော့မယ် မထင်ပါဘူး။ တစ်ယောက်တည်း သမားအတွက် ဒီလို အေးစက်စက် ဆောင်းညရဲ့ အထီးကျန်ဆန်မှုကို စာဖွဲ့မယ်ဆိုရင် ကုန်နိုင်မယ် မထင်ပါဘူး။

လုပ်နေကျ မနက် လမ်းထလျှောက် ရာကအပြန် စာတိုက်ပုံးထဲ စစ်ကြည့်တော့ စာအိတ် ၃ ခုရောက်နေတယ်။ စာ ၃ စောင်လုံး လိပ်စာက ပြည့်ပြည့်စုံစုံ ရေးထားတာ မဟုတ်ပါဘူး။ ဒေါ်လေးငယ် တစ်ယောက်ထဲ ရဲ့ နာမည်ပဲရေးထားတာပါ။ စာအိတ်ကိုင်ပြီး စဉ်းစားမိတာက ဒေါ်လေးငယ် တစ်ယောက် ဧကန်ဓ တော့ အမှန်ဧကန်ဓ ပဲဆိုပြီး အစ်, မလို့ မီးဖိုဆောင်ထဲ ၀င်လိုက်တယ်။ ဒေါ်လေးငယ်ကို အခန့်သင့်တွေ့တာနဲ့ " ဒေါ်လေးငယ်တော့စွံပြီ ဂုဏ်ယူပါတယ် " ပြောပြီး စာတွေကမ်းပေး လိုက်တယ်။ အံ့သြဟန်လည်းမပြ၊ ပြာယာခတ် တာလဲမရှိဘဲ စာအိပ်ကို အေးအေးဆေးဆေးပဲ ဖောက်ဖတ်တယ်။ ပြီးတာနဲ့ " @#$ ~^$# #@$* " အချိုးမပြေတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက်ပြီး " ဟဲ့.. ညကျရင် ချက်စ်ကျောင်းက ကလေးတွေ ခရစ္စမတ်အတွက် သီချင်းလာဆိုဖို့ အသိပေးတဲ့စာဟဲ့ @#$ ရဲ့ " တဲ့။ စောစောစီးစီး ထင်ထားသလို မဟုတ်ဘဲ ပယ်ပယ်နယ်နယ် အတွယ်ခံလိုက်ရလို့ နေသာထိုင်သာတော့ ရှိသွားပါတယ်။

မနက်စောစာ စားပြီးတာနဲ့ ဈေးဝယ်သွားဖို့ ဒေါ်လေးငယ်က အခေါ်တော် လွတ်လိုက်တယ်။ ဆွဲခြင်းတောင်းနဲ့ ဈေးဝယ်စာရင်း ပေးပြီး မြန်မြန်ဝယ်ပြီး အမြန်ပြန်လာခဲ့ ချည်တဲ့။ သွားတောင် မသွားရသေးဘူး .. ပျိုပျိုကြီးတွေများ စိတ်ဆိတ်တယ်ဆိုတာ အမှန်ပဲ ယုံကြည် မိလိုက်တယ်။ အတွန့်မတက်ဝံ့တာနဲ့ ကြီးမေနဲ့အတူ ဈေးဝယ်ထွက်ခဲ့တယ်။ ကြီးမေဆိုတာက အိမ်မှာ ချက်ပြုတ်သန့်ရှင်းဖို့ အချိန်ပိုင်းခေါ်ထားတဲ့ အန်တီပါ။ ကနေ့တော့ ကြီးမေရဲ့ ခြင်းတော်ဆွဲပေါ့ဗျာ။ ဈေးဝယ်စာရင်းကို ကြည့်တော့ ကြက်သွန်မြိတ် ၁ ပိဿာ၊ ၃ ထပ်သား ၁ ပိဿာ၊ မွှေးဆန်မှုန့် ၁၀ ထုပ်၊ မွှေးကော်မှုန့် ၁ ထုပ်၊ ကြက်သွန်ဖြူ တစ်လုံးဥ ၅၀ သား၊ ဂျူးမြစ် ၁ ပိဿာ၊ ငရုပ်သီးခွဲခြမ်း ၅၀ သား၊ နံနံပင် အစိတ်သား၊ Birdy ကော်ဖီမစ် ၂ ပါကင်နဲ့ တိုလီမောက်စ တွေရေးထားတယ်၊ နောက်ဆုံးမှာတော့ ကွင်းစကွင်းပိတ်ထဲမှာ ( ကို x x x x အိမ်က ငှက်ပျောရွက် ၁၀ ရွက် ခုတ်ခဲ့) ဆိုတာပါပဲ။ ငှက်ပျောရွက် နဲ့ ကြက်သွန်မြိတ် ဆိုတာကို ဖတ်မိမှ ဟင်းထုပ် လုပ်စားမယ်ဆိုတာ ရိပ်မိသွားတယ်။ ဟင်းထုပ် စားချင်တာနဲ့ ခုမှလူက လန်းလန်းဆန်းဆန်း ရှိပြီး ဈေးအမြန်ဝယ်ဖို့ အားထည့် ဖြစ်သွားတယ်။

ရှမ်းဟင်းထုပ် လုပ်စားနည်းက လွယ်ပါတယ်။ ပထမဆုံး အသားကို အရသာထည့်ပြီး အရင်လုံးထားရပါမယ်။ (ဒီနေရာမှာ အရသာဆိုတာက ဆား၊ အချိုမှုန့်၊ ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းတို့ ရောနှယ်ပြီး ရေသင့်ရုံထည့် လုံးတာပါ) နောက် စတီးဇလုံကြီးကြီးထဲကို ဆန်မှုန့်တွေထည့် လက်တစ်ဆစ် သာသာလှီးထားတဲ့ ကြက်သွန်မြိတ်ထည့်၊ အသားထူတဲ့ ခရမ်းချဉ်သီး နည်းနည်းထည့်၊ အရသာထည့်ပြီးတာနဲ့ ရေသင့်ရုံထည့်ပြီး နှံ့အောင် နှယ်ပေးရပါမယ်။ ရေများရင် ပျော့နိုင်တယ်၊ ရေနည်းရင်လည်း မာသွားနိုင်တာကြောင့် အနေတော်လေး ဖြစ်အောင် ဆပြီး ထည့်နှယ် ပေးရပါမယ်။ နှံ့အောင်နှယ် ပြီးသွားရင် လုံးထားတဲ့ အသားကို လက်နှစ်လုံးသာသာ ပါးပါးလေးဖြစ်အောင် လှီးထားရပါမယ်။ ငှက်ပျောဖက်ကိုလည်း မီးနည်းနည်းပြပြီး အနေတော် စိတ်ထားရပါမယ်။ အဆင်သင့်ဖြစ်ရင် စားဆီသုတ်ထားတဲ့ ငှက်ပျောဖက်ထဲကို နှယ်ထားတဲ့ ဟင်းထည့် အသားထည့် ပြီးတာနဲ့ ပေါင်းအိုးထဲ စီထည့်ပြီး ပေါင်းပေးရပါမယ်။ ဟင်းထုပ်ကို ပေါင်းထားတဲ့ အချိန်မှာ ငရုတ်ဆီအတွက် ကြက်သွန်ဖြူကို စလုံးစခုထောင်းပြီး ဆီများများနဲ့ ကြော်ရပါမယ်။ ကြက်သွန်ကျက်ရင် မီးပေါ်ကချပြီး ငရုပ်သီးခွဲခြမ်းကို အဲဒီကြက်သွန်ကြော် ဆီထဲ ထည့်မွှေရပါမယ်။ ဆီနဲ့ ငရုပ်သီး နှံ့သွားရင် စတီးဇလုံအလွတ်ထဲ သွန်ချအအေးခံ လိုက်ရပါမယ်။ ဒီငရုတ်သီးကြော်က ဟင်းထုပ်ထဲ ထည့်စားဖို့ အက္ခရာကျတဲ့ အစာပလာပါ။ ၃ နာရီဝန်းကျင်လောက် ပေါင်းလိုက်ရင် မွှေးကြိုင်နေတဲ့ ရှမ်းဟင်းထုပ်ကို စားလို့ရပါပြီ။ ဟင်းထုပ်နဲ့ အတူကပ်စားဖို့ နံနံပင်ရယ်၊ ဂျူးမြစ်ရယ် အဆင်သင့် ရေဆေးထားရင် အားလုံး အဆင်ပြေပါပြီ။ ဒီနေရာမှာ နည်းနည်းလုပ်စားချင် သမားအတွက် ပေါင်းအိုးမရှိရင်လဲ ရိုးရိုးထမင်းအိုးနဲ့ ပေါင်းလို့ ဖြစ်ပါတယ်။ ထမင်းအိုး အောက်ခြေကို ရေထည့်လို့ဖြစ်အောင် ဇကာခံပေါ့၊ ဇကာမရှိလဲ ငှက်ပျောရွက်အရိုးကို အိုးနဲ့အနေတော် တိုင်းဖြတ်ပြီး ခံလို့ဖြစ်ပါတယ်။

ကဲ ညကျရင် သီချင်းလာဆိုမယ့် ချက်စ်ကျောင်းက ရောင်းရင်းတွေ ကြိုက် မကြိုက်တော့ မသိဘူး။ ကျွန်တော်တော့ မစားရတာ ကြာပြီဖြစ်တဲ့ ဟင်းထုပ်ကို များများလေး တွယ်ပစ်လိုက်တယ်။ ဘလောဂ့်မိတ်ဆွေ တွေလည်း ကရိကထ မများတဲ့ ရှမ်းဟင်းထုပ်ကို လုပ်စားကြည့်ပါအုန်းလို့ ...။ သက်သတ်လွတ် စားချင်ရင်တော့ အသားထည့်မပေါင်းလဲ အရသာရှိပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။



Thursday, December 17, 2009

ရှမ်းမုန့်တီ ခေါက်ဆေန့်

ရှမ်းမုန့်တီ ခေါက်ဆေန့်

ရန်ကုန်မှာ ရှိနေတုန်းက သူငယ်ချင်းအိမ်တွေ လိုက်လည်ဖို့ တော်တော်ရယ်ပါ အိမ်ပြင်တောင် သိပ်မထွက်ဖြစ်ခဲ့ဘူး။ သူငယ်ချင်းအိမ်တွေတင် မဟုတ်ပါဘူး မြို့ထဲတောင် တစ်လ နှစ်ကြိမ်လောက်ပဲ ဂျာနယ်ဝယ် ထွက်ရင်သာ အပြင်ထွက်ဖြစ်တယ်။ အသိအိမ်တွေ မလည်ဖြစ်ဆို ခင်မင်မှုနဲ့ ကိုယ်ကသွားဖြစ်ရင်တောင် နွေးထွေးမှု မရှိတာကို ခံစားမိလို့ပါ။ နောက်ပြီး ကျွေးမွေးရမှာ စိုးရွံ့နေပုံပေါ်ပြီး သိပ်လည်းပဲ ကြိုဆိုချင်ပုံမရပါဘူး။ ဒါတောင် ကိုယ်က ဘယ်သူ့အိမ်သွားသွား လူကြီးတွေနဲ့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သစ်သီးတစ်အိတ်တော့ ပါစမြဲပါ။ ခုရွာကို ပြန်ရောက်တော့ အိမ်မှာကပ်တဲ့ရက်ရယ်လို့ မရှိသလောက် အလည်လွန်နေတယ်။ လည်လွန်းဆို ဘယ်အိမ်ရောက်ရောက် ကိုယ့်အိမ်လို ကိုယ့်မိသားစုလို ပျူငှာပြီး မကုန်နိုင်တဲ့ ရှေးဟောင်းနှောင်းတွေ စမြုံပြန် နေမိလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး စားစရိတ်ငြိမ်းတယ်လေ။ ရောက်တာနဲ့ စားမယ် ၀ါးမယ် ကျိတ်မယ် ဆိုတာချည်းပဲ။ မကုန်ရင် အိမ်ပြန်သယ်လို့လည်းဖြစ်တယ်။ ကဲ ဘယ်လောက်အခြေအနေ ကောင်းလဲ စဉ်းစားသာကြည့်ပါ။

တစ်နေ့က စိုင်းနောင့်တို့အိမ် ဖိတ်ထားလို့ ရေအေးကွင်းထဲ ရောက်ခဲ့တယ်။ စိုင်းနောင့်ကြောင့် ရောက်ဖြစ်တာ မဟုတ်ပါဘူး။ စိုင်းနောင့်အစ်မ နန်းလောဝ်ခမ်းက ခေါက်ဆေန့် လုပ်စားလို့ ခေါ်ကျွေးတာ ဖြစ်တယ်။ အဖေကပအိုဝ့် အမေကရှမ်း တွေမို့ ရှမ်းနာမည်တွေနဲ့ ဖြစ်ပေမယ့် မောင်နှမနှစ်ယောက်လုံးက ရှမ်းစကား ပြောတတ်ကြတာ မဟုတ်ပါ။ ကျွန်တော့်ထက် စီနီယာကျတဲ့ လောဝ်ခမ်းက ကွန်ပျူတာနဲ့ ကျောင်းပြီးပေမယ့် မြို့မဈေး တောင်ဘက်တိုက်တန်းမှာ ရွှေဆိုင်ထွက်တယ်။ သူတို့အိမ်က လက်ဖက်ပွဲရုံထောင်ထားတယ်။ လက်ဖက်ကုန်တွေ သယ်ပေးရင်းက အလွန်ရင်းနှီးတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်သွားတာကြာပေါ့။

ခေါက်ဆေန့် ဆိုတာ မုန့်တီဖတ်နဲ့ လုပ်စားတဲ့ ရှမ်းမုန့်တီလို့ပဲ ခေါ်ရမလားပဲ။ သူ့ဟင်းရည်ရဲ့ အနံ့က ပဲပုပ်နံ့ သင်းတယ်။ နံနက်စောစာ အနေနဲ့ စားရတဲ့ ရိုးရာအစားအစာ တစ်မျိုးပါ။ ပဲပုပ်ကြိုက်ရင်တော့ ရှမ်းမုန့်တီဖြစ်တဲ့ ခေါက်ဆေန့်လဲ နှစ်သက်မယ် ထင်ပါတယ်။ ကျွန်တော်တော့ ကြိုက်တယ် အမြဲလဲ စားဖြစ်တယ်။ ပဲပုပ်နံ့သင်းသင်း နဲ့အတူ သံပုရာသီးနံ့နဲ့ နံနံပင်အနံ့နဲ့ပါဆို မဖြစ်မနေ သွားရည်ကို ယိုသွားစေပါတယ်။ သူက ကြက်သားနဲ့ချက်ရင် မလိုက်ဖက်ဘဲ အဆီများတဲ့ ၀က်သားနဲ့ ချက်ပါမှ သူ့ဟင်းရည်က အရသာရှိပြီး ပိုအသက်ဝင်ပါတယ်။ ခေါက်ဆေန့် စားတဲ့အခါ လျှို့ဝှက်ချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ ပထမပွဲမှာပဲ စားလို့ကောင်းပြီး လိုက်ပွဲထပ်ယူရင် အရသာ ပေါ့သွားတာမျိုး ဖြစ်တယ်။ ဒါကြောင့် စားရင် ၀မ်းစတုတ်နဲ့ ကုန်နိုင်သလောက် အပြတ်ပြင်ရတယ်။ ဒါကြောင့် ကျွန်တော်တော့ ထမင်းလိုက်ပွဲထည့်တဲ့ ဇလုံကိုရွေးပြီး ခေါင်းမဖော်တမ်း စားလိုက်တာပဲ။ အစားနဲ့ ပတ်သက်လာရင် ရှက်တတ်သူ မဟုတ်တော့ မျက်နှာထူထူနဲ့ပဲ စားဖြစ်ခဲ့တယ်။

ခေါက်ဆေန့် ချက်စားချင်ရင်တော့ လုပ်နည်းကလွယ်ပါတယ်။ ပထမဆုံး အဆီပါတဲ့ ၀က်သားကို သေးသေးတုံးပြီး ခရမ်းချဉ်သီးများများနဲ့ အရသာရှိအောင် ဗမာချက်ချက် ရပါတယ်။ မိသားစု မများရင်တော့ ၀က်သား ၅၀ သားဆို အတော်ပါပဲ။ ၀က်သားဟင်း ဆီလည်ပြီး ကျက်လောက်ပြီဆိုရင် သင့်တော်တဲ့ ဒန်အိုးအကြီးထဲ ပြောင်းထည့်ရပါမယ်။ နောက် ရေကို သင့်တော်သလိုထည့်ပေးရပါမယ်။ ရေဆူလာရင် စလုံးစခု ထောင်းထားတဲ့ ပဲပုပ်ချပ်အကျက်မှုန့်ကို ထည့်ပေးရပါမယ်။ နောက်ပြီး လက်ပံပွင့်ခြောက်ကို ထပ်ထည့်ရပါမယ်။ သိပ်မကြာခင်မှာ အရသာထည့်ပြီးရင် အသင့်စားလို့ရတဲ့ ခေါက်ဆေန့် ဟင်းရည်ကို ရပြီဖြစ်ပါတယ်။ ဗမာမုန့်ဟင်းခါးလိုပဲ ခေါက်ဆေန့်မှာလဲ ဟင်းရည်ရဲ့ အရသာက အခရာကျပါတယ်။ မုန့်တီဖတ် အရွယ်ကတော့ နန်းကြီးသုပ်လုပ်စားတဲ့ အရွယ်ကြီးတဲ့ မုန့်ဖတ်ဆို ပိုအဆင်ပြေပါတယ်။ နောက် စားခါနီးရင် သံပုရာသီးစိတ်ရယ်၊ နံနံပင်ရယ်၊ ငရုတ်သီးမှုန့်ရယ်၊ ငံပြာရည်အချိုရယ် စားပွဲပေါ်တင်ထားလိုက်ရင် ပြီးပြည့်စုံပါပြီ။ ခေါက်ဆေန့်နဲ့ တွဲဖက်ပြီးစားလို့ ကောင်းတာကတော့ ၀က်ဆီဖတ်ကျော်နဲ့ ၀က်အူကျွတ်ကျွတ် ကြော်တို့ပဲ ဖြစ်ပါတယ်။ ဘာပဲ စားဖြစ်စားဖြစ် အွန်လိုင်းပေါ်က ဘလောဂ့်ဘော်ဒါတွေကို ဦးဆုံးအရင် သတိရပါတယ်။ ဒါကြောင့် ချက်စားကြည့်ဖြစ်အောင် အမှတ်တရ ရေးလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။



Sunday, December 13, 2009

ကောက်ညှင်းကျည်ထောက်

ကောက်ညှင်းကျည်ထောက်

ကျိုင်းတုံမြို့နဲ့ ရှစ်မိုင်ဝေးတဲ့ ၀မ်ဝိန်းရွာမှာ ဖိုးဖွားတွေပိုင်တဲ့ လယ်နဲ့ ယာခင်းတွေ ကနေ့ထက်ထိ ရှိတယ်။ ဖိုးလေးတို့ ဖွားလေးတို့နဲ့ ရွာကအမျိုးတွေ ကနေ့ထက်တိုင် စပါးတွေ စိုက်ပျိုး လုပ်ကိုင်ဆဲပဲ ဖြစ်တယ်။ ဧက ဘယ်လောက်ကျယ်ကျယ် ရှိပြီး မျိုးစပါး ဘယ်နှတင်းကြဲတယ် ဆိုတာတော့ တစ်ခါမှ မေးကြည့်ဖူးခြင်း မရှိခဲ့ပါဘူး။ အပေါ်ယံအနေနဲ့ လယ်တွေရှိတယ်၊ ငယ်က အလည်ရောက်ဖူးတယ် ဆိုတာလောက် ပါပဲ။ ကိုယ်တိုင် ကိုယ်ကျ စိုက်ပျိုးတတ်ဖို့ ဆိုတာ ဝေးသော အကြောင်းပါ။ အထင်ကြီးအောင် ပြောရမယ်ဆိုရင် လယ်ကန်စင်းရိုးပေါ်တောင် ဖြောင့်မှန်အောင် လမ်းမလျှောက်တတ် ခဲ့ပါဘူး။

စပါးပေါ်ချိန်မှာ ဖိုးလေးတို့က စပါးကိုကြိတ်ခွဲပြီးမှ ဆန်တွေကို နွားလှည်းနဲ့ အိမ်တိုင်ရာရောက် လာပို့ပေးတယ်။ ကျိုင်းတုံအခေါ် ရှမ်းဆန်နဲ့ ကောက်ညှင်းဆန် တွေဖြစ်တယ်။ ဒီလို ဆောင်းဥတု စပါးပေါ်ချိန်ပဲ လာပို့တာ ဖြစ်တယ်။ ဆန်တွေ ကောက်ညှင်းတွေနဲ့ အတူ သပ်သပ်ခတ်ခတ် ခုတ်ထားတဲ့ ၀ါးလုံးစိမ်း ပိုင်းလေးတွေလဲ အများကြီး ပါတယ်။ အဲဒီ ၀ါးလုံးတွေကို ဘာလုပ်ရသလဲ ဆိုတော့ ကောက်ညှင်းကျည်ထောက် ပေါင်းစားတာပါ။ ကောက်ညှင်းကျည်ထောက် လုပ်စားနည်းကတော့ လွယ်ပါတယ်။ ညဘက်မှာ ကောက်ညှင်းကို ရေဆေးပြီး ရေစိမ်ထားရတယ်။ ဒါမှမဟုတ် ၀ါးလုံးထဲ တစ်ခါတည်း ထည့်စိမ်လို့လည်း ရတယ်။ ကောက်ညှင်းဆန်နဲ့ ရေကို ၀ါးလုံးပေါက် မရောက်ခင် လက်လေးလုံးစာလောက် နေရာ ချန်ထားပေးရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကောက်ညှင်းကျက်လာရင် ပွတက်ပြီး နေရာယူလာလို့ ကောက်ညှင်းပွစာအတွက် နေရာချန်ထားပေးတဲ့ သဘောပါ။ ဆားကို သင့်ရုံထည့်ပေးရပါတယ်။ ဒါမှ ကောက်ညှင်းကျည်ထောက်ကို ဒီအတိုင်း ကိုက်စားလဲ အရသာရှိစေ ပါတယ်။ ၀ါးလုံးအပေါက်ကို ငှက်ပျောရွက်နဲ့ လိပ်ပြီး ဆို့ထားရပါတယ်။ ဒီလိုနဲ့ တစ်ညလုံး ၀ါလုံးကိုထောင်ထားပြီး ကောက်ညှင်းကို စိမ်ထားရပါတယ်။ ၀ါးကျည်ထောက်ကို မီးမြိုက်ဖို့ အနေတော် မြေကျင်းလေးတူးပေးရတယ်။ ၀ါးလုံးအရှည်ကိုကြည့်ပြီး သင့်တော်တဲ့ အနက်ကို တူးရပါမယ်။ ၀ါးလုံးအရှည်က ၃ ပေဆို ကျင်းကို ၂ ပေခွဲလောက် တူးထားရင် အဆင်ပြေပါတယ်။ (မြို့မှာတော့ အိမ်ရှေ့မြောင်းကို ရှင်းပြီး ဆော်ပစ်လိုက်တာပဲ)

မနက် ၄ နာရီလောက်ဆို တူးထားတဲ့ကျင်းထဲ ထင်းမီးမွှေးပြီး ညက ကောက်ညှင်းစိမ်ထားတဲ့ ၀ါးလုံးတွေကို အစီအရီစီထားပြီး ချက်လို့ရပါပြီ။ အမှန်တော့ ချက်တယ် ဆိုတာထက် ၀ါးကျည်ထောက်ကို မီးမြိုက်လိုက်တာပါ။ မီးအမြိုက်ညီအောင် ၀ါးလုံးကို လှည့်ပေးရပါတယ်။ ဒါမှလည်း ကောက်ညှင်းက အကျက်ညီမှာ ဖြစ်ပါတယ်။ သတိထားဖို့က မီးကင်နေတဲ့ ၀ါးကျည်ထောက်တွေ မီးမလောင်အောင် ဂရုတစိုက်နဲ့ လှည့်လှည့် ပေးရပါတယ်။ ကောက်ညှင်း ကျက်မကျက်ကို ငှက်ပျောရွက်အဖုံး ဟဖွင့်ပြီး လက်နဲ့တို့ စမ်းကြည့်ရတယ်။ အမှန်တော့ သာမန်မျက်စိနဲ့ ကြည့်ရင်တောင် ကျက်မကျက် သိနိုင်ပါတယ်။ ၀ါးကျည်ထောက်ထဲ ရေလဲခမ်းပြီ ၀ါးစိမ်းနံ့နဲ့ ကောက်ညှင်းနံ့ သင်းနေပြီဆိုရင် ကျက်ပါပြီ။ နောက်ဆုံးအဆင့်အနေနဲ့ မီးကင်ပြီး ကျက်နေတဲ့ ၀ါးကျည်ထောက်ကို မီးကင်ထားတဲ့ အပြင်ဘက် မီးလောင်ထားတဲ့ ၀ါးလုံးမျက်နှာစာကို ဓားထက်ထက်နဲ့ စိပ်ထုတ်ပစ်လိုက် ရပါမယ်။ လက်နဲ့ နွှာလို့ရအောင် ပါးလွှာသွားပြီဆိုရင် ၀ါးစွယ်တွေ လက်မစူးမိအောင် အချောသင်ပေးရတယ်။ ဒါလောက်ဆိုရင် အသင့်စားလို့ရတဲ့ ၀ါးစိမ်းနံ့သင်းနေတဲ့ ပူပူနွေးနွေး ကောက်ညှင်းကျည်ထောက် ရပြီဖြစ်ပါတယ်။

ဝါစိမ်းနံ့မွေးနေတဲ့ ကောက်ညှင်းကျည်ထောက်ကို သူ့အတိုင်း စားလည်း အရသာရှိပါတယ်။ ကျွန်တော်တို့ကတော့ (ထိုနောက်)လို့ ခေါ်တဲ့ ပဲပုတ်ချပ်အခြောက်ကို မီးကင်၊ မှုန့်နေအောင်ထောင်း၊ စားနဲ့ ငြုတ်သီးမုန့် နည်းနည်း ထည့်ပြီး ကောက်ညှင်းကျည်ထောက် နဲ့ တို့စားတာကို နှစ်သက်တယ်။ နောက်ပြီး ထို့ဟူးဆီစိမ်နဲ့ စားလဲ လိုက်ဖက်တယ်။ ပိုလို့ကောင်းတာကတော့ မုန်ညှင်းချဉ် (ချဉ်ဖတ်)ကို အနေတော်ဖြစ်အောင် ဓားနဲ့လှီးပြီး နှပ်နှပ်စင်း သုံးထပ်သားနဲ့ ကျော်ထားတဲ့ ၀က်သားမုန်ညှင်းချဉ်ကြော် က အကောင်းဆုံး ဖြစ်ပါတယ်။ (သွားရည်ကျသွားလို့ ဆောရီးဗျာ) ဒီဗမာပြည်ဘက်မှာတော့ ကောက်ညှင်းကျည်ထောက်ကို သကြားနဲ့ပဲ တို့စားကြတာ တွေ့မိတယ်။ သူ့အရပ်နဲ့ သူ့အထာ ဖြစ်မှာပါ။ နောက်ပြီး ၀ါးနံ့သင်းနေတာမျိုးလည်း မရှိဘူး။ ကောက်ညှင်းထက် ဆန်ကြမ်းရောတာ များတော့ မုန့်အသားက မာတောက်တောက် ဖြစ်နေတတ်တယ်။ စားရတာ အာမစွဲလှပါဘူး။

ဆောင်းမနက် ချမ်းချမ်းမှာ မိသားစု ညီအစ်ကို မောင်နှမတွေ စုံစုံလင်လင် ၀ိုင်းဖွဲ့ပြီး ကောက်ညှင်းကျည်ထောက် ကင်ရင်းနဲ့ မီးလည်း လှုံနိုင်တယ်။ နံနက်စောစာကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အရသာရှိရှိ စားနိုင်တယ်။ ပျော်စရာကောင်းတဲ့ ရှမ်းပြည်က ဓလေ့လေးတစ်ခုပါ။ အခွင့်အခါသင့်ရင် ဘလောဂ့်ပေါ်က ရောင်းရင်းတွေကိုပါ ကောက်ညှင်းကျည်ထောက် လုပ်ကျွေးပါအုန်းမယ်။ ခုတော့ ဒီမျှပါပဲ။