Tuesday, December 22, 2009

ရှမ်းဟင်းထုပ်

ရှမ်းဟင်းထုပ်

ခရစ္စမတ်နားနီးလာတော့ အအေးဓာတ်က အရင်နေ့တွေထက် ပိုကဲလာတယ်လို့ ထင်ရမိတယ်။ အေးလွန်းတော့လည်း ဘယ်လောက်ထူတဲ့ စောင်ကိုပဲ ခြုံခြုံ နွေးလာတယ်ရယ်လို့ မရှိပါဘူး။ ကွေးရင်း ကွေးရင်းနဲ့ ခါးထဲက အရိုးတွေတောင် ထုံကျဉ်လာတယ်လို့ ခံစားရမိတယ်။ တစ်လုံးတည်းသော Heater ကို ပျိုပျိုဒေါ်လေးများ ပျိုပိုင်စီးထားတာကြောင့် ဒီဆောင်းအဖို့ ကိုယ့်အလှည့် ရောက်လာတော့မယ် မထင်ပါဘူး။ တစ်ယောက်တည်း သမားအတွက် ဒီလို အေးစက်စက် ဆောင်းညရဲ့ အထီးကျန်ဆန်မှုကို စာဖွဲ့မယ်ဆိုရင် ကုန်နိုင်မယ် မထင်ပါဘူး။

လုပ်နေကျ မနက် လမ်းထလျှောက် ရာကအပြန် စာတိုက်ပုံးထဲ စစ်ကြည့်တော့ စာအိတ် ၃ ခုရောက်နေတယ်။ စာ ၃ စောင်လုံး လိပ်စာက ပြည့်ပြည့်စုံစုံ ရေးထားတာ မဟုတ်ပါဘူး။ ဒေါ်လေးငယ် တစ်ယောက်ထဲ ရဲ့ နာမည်ပဲရေးထားတာပါ။ စာအိတ်ကိုင်ပြီး စဉ်းစားမိတာက ဒေါ်လေးငယ် တစ်ယောက် ဧကန်ဓ တော့ အမှန်ဧကန်ဓ ပဲဆိုပြီး အစ်, မလို့ မီးဖိုဆောင်ထဲ ၀င်လိုက်တယ်။ ဒေါ်လေးငယ်ကို အခန့်သင့်တွေ့တာနဲ့ " ဒေါ်လေးငယ်တော့စွံပြီ ဂုဏ်ယူပါတယ် " ပြောပြီး စာတွေကမ်းပေး လိုက်တယ်။ အံ့သြဟန်လည်းမပြ၊ ပြာယာခတ် တာလဲမရှိဘဲ စာအိပ်ကို အေးအေးဆေးဆေးပဲ ဖောက်ဖတ်တယ်။ ပြီးတာနဲ့ " @#$ ~^$# #@$* " အချိုးမပြေတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက်ပြီး " ဟဲ့.. ညကျရင် ချက်စ်ကျောင်းက ကလေးတွေ ခရစ္စမတ်အတွက် သီချင်းလာဆိုဖို့ အသိပေးတဲ့စာဟဲ့ @#$ ရဲ့ " တဲ့။ စောစောစီးစီး ထင်ထားသလို မဟုတ်ဘဲ ပယ်ပယ်နယ်နယ် အတွယ်ခံလိုက်ရလို့ နေသာထိုင်သာတော့ ရှိသွားပါတယ်။

မနက်စောစာ စားပြီးတာနဲ့ ဈေးဝယ်သွားဖို့ ဒေါ်လေးငယ်က အခေါ်တော် လွတ်လိုက်တယ်။ ဆွဲခြင်းတောင်းနဲ့ ဈေးဝယ်စာရင်း ပေးပြီး မြန်မြန်ဝယ်ပြီး အမြန်ပြန်လာခဲ့ ချည်တဲ့။ သွားတောင် မသွားရသေးဘူး .. ပျိုပျိုကြီးတွေများ စိတ်ဆိတ်တယ်ဆိုတာ အမှန်ပဲ ယုံကြည် မိလိုက်တယ်။ အတွန့်မတက်ဝံ့တာနဲ့ ကြီးမေနဲ့အတူ ဈေးဝယ်ထွက်ခဲ့တယ်။ ကြီးမေဆိုတာက အိမ်မှာ ချက်ပြုတ်သန့်ရှင်းဖို့ အချိန်ပိုင်းခေါ်ထားတဲ့ အန်တီပါ။ ကနေ့တော့ ကြီးမေရဲ့ ခြင်းတော်ဆွဲပေါ့ဗျာ။ ဈေးဝယ်စာရင်းကို ကြည့်တော့ ကြက်သွန်မြိတ် ၁ ပိဿာ၊ ၃ ထပ်သား ၁ ပိဿာ၊ မွှေးဆန်မှုန့် ၁၀ ထုပ်၊ မွှေးကော်မှုန့် ၁ ထုပ်၊ ကြက်သွန်ဖြူ တစ်လုံးဥ ၅၀ သား၊ ဂျူးမြစ် ၁ ပိဿာ၊ ငရုပ်သီးခွဲခြမ်း ၅၀ သား၊ နံနံပင် အစိတ်သား၊ Birdy ကော်ဖီမစ် ၂ ပါကင်နဲ့ တိုလီမောက်စ တွေရေးထားတယ်၊ နောက်ဆုံးမှာတော့ ကွင်းစကွင်းပိတ်ထဲမှာ ( ကို x x x x အိမ်က ငှက်ပျောရွက် ၁၀ ရွက် ခုတ်ခဲ့) ဆိုတာပါပဲ။ ငှက်ပျောရွက် နဲ့ ကြက်သွန်မြိတ် ဆိုတာကို ဖတ်မိမှ ဟင်းထုပ် လုပ်စားမယ်ဆိုတာ ရိပ်မိသွားတယ်။ ဟင်းထုပ် စားချင်တာနဲ့ ခုမှလူက လန်းလန်းဆန်းဆန်း ရှိပြီး ဈေးအမြန်ဝယ်ဖို့ အားထည့် ဖြစ်သွားတယ်။

ရှမ်းဟင်းထုပ် လုပ်စားနည်းက လွယ်ပါတယ်။ ပထမဆုံး အသားကို အရသာထည့်ပြီး အရင်လုံးထားရပါမယ်။ (ဒီနေရာမှာ အရသာဆိုတာက ဆား၊ အချိုမှုန့်၊ ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းတို့ ရောနှယ်ပြီး ရေသင့်ရုံထည့် လုံးတာပါ) နောက် စတီးဇလုံကြီးကြီးထဲကို ဆန်မှုန့်တွေထည့် လက်တစ်ဆစ် သာသာလှီးထားတဲ့ ကြက်သွန်မြိတ်ထည့်၊ အသားထူတဲ့ ခရမ်းချဉ်သီး နည်းနည်းထည့်၊ အရသာထည့်ပြီးတာနဲ့ ရေသင့်ရုံထည့်ပြီး နှံ့အောင် နှယ်ပေးရပါမယ်။ ရေများရင် ပျော့နိုင်တယ်၊ ရေနည်းရင်လည်း မာသွားနိုင်တာကြောင့် အနေတော်လေး ဖြစ်အောင် ဆပြီး ထည့်နှယ် ပေးရပါမယ်။ နှံ့အောင်နှယ် ပြီးသွားရင် လုံးထားတဲ့ အသားကို လက်နှစ်လုံးသာသာ ပါးပါးလေးဖြစ်အောင် လှီးထားရပါမယ်။ ငှက်ပျောဖက်ကိုလည်း မီးနည်းနည်းပြပြီး အနေတော် စိတ်ထားရပါမယ်။ အဆင်သင့်ဖြစ်ရင် စားဆီသုတ်ထားတဲ့ ငှက်ပျောဖက်ထဲကို နှယ်ထားတဲ့ ဟင်းထည့် အသားထည့် ပြီးတာနဲ့ ပေါင်းအိုးထဲ စီထည့်ပြီး ပေါင်းပေးရပါမယ်။ ဟင်းထုပ်ကို ပေါင်းထားတဲ့ အချိန်မှာ ငရုတ်ဆီအတွက် ကြက်သွန်ဖြူကို စလုံးစခုထောင်းပြီး ဆီများများနဲ့ ကြော်ရပါမယ်။ ကြက်သွန်ကျက်ရင် မီးပေါ်ကချပြီး ငရုပ်သီးခွဲခြမ်းကို အဲဒီကြက်သွန်ကြော် ဆီထဲ ထည့်မွှေရပါမယ်။ ဆီနဲ့ ငရုပ်သီး နှံ့သွားရင် စတီးဇလုံအလွတ်ထဲ သွန်ချအအေးခံ လိုက်ရပါမယ်။ ဒီငရုတ်သီးကြော်က ဟင်းထုပ်ထဲ ထည့်စားဖို့ အက္ခရာကျတဲ့ အစာပလာပါ။ ၃ နာရီဝန်းကျင်လောက် ပေါင်းလိုက်ရင် မွှေးကြိုင်နေတဲ့ ရှမ်းဟင်းထုပ်ကို စားလို့ရပါပြီ။ ဟင်းထုပ်နဲ့ အတူကပ်စားဖို့ နံနံပင်ရယ်၊ ဂျူးမြစ်ရယ် အဆင်သင့် ရေဆေးထားရင် အားလုံး အဆင်ပြေပါပြီ။ ဒီနေရာမှာ နည်းနည်းလုပ်စားချင် သမားအတွက် ပေါင်းအိုးမရှိရင်လဲ ရိုးရိုးထမင်းအိုးနဲ့ ပေါင်းလို့ ဖြစ်ပါတယ်။ ထမင်းအိုး အောက်ခြေကို ရေထည့်လို့ဖြစ်အောင် ဇကာခံပေါ့၊ ဇကာမရှိလဲ ငှက်ပျောရွက်အရိုးကို အိုးနဲ့အနေတော် တိုင်းဖြတ်ပြီး ခံလို့ဖြစ်ပါတယ်။

ကဲ ညကျရင် သီချင်းလာဆိုမယ့် ချက်စ်ကျောင်းက ရောင်းရင်းတွေ ကြိုက် မကြိုက်တော့ မသိဘူး။ ကျွန်တော်တော့ မစားရတာ ကြာပြီဖြစ်တဲ့ ဟင်းထုပ်ကို များများလေး တွယ်ပစ်လိုက်တယ်။ ဘလောဂ့်မိတ်ဆွေ တွေလည်း ကရိကထ မများတဲ့ ရှမ်းဟင်းထုပ်ကို လုပ်စားကြည့်ပါအုန်းလို့ ...။ သက်သတ်လွတ် စားချင်ရင်တော့ အသားထည့်မပေါင်းလဲ အရသာရှိပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။



38 comments:

Anonymous said...

လာပြန်ပြီ နောက်တမျိုး
စာနဲ့ ပဲနှိပ်စက်တယ်ပုံလေးပါတင်ပေးလေ
သူလည်းကြည့်ရတာ မစားရဘူးထင်ပါရဲ့
စိတ်ကူးလေးနဲ့ စားချင်နေတာနေတာလားမှမသိတာ
သူများ စိတ်မချမ်းသာအောင် နှိပ်စက်ချင်းလည်း
အကုသိုလ်နော် အကို အဟီချရာ လုပ်တာဟုတ်ဖူး
မစားရလို့ မနာလိုတာ မကျေနပ်ရင် ပြုံးလိုက်

ခင်မင်စွာဖြင့်
လုံမလေး

Unknown said...

အားကိုကြီး တစ်မျိုးပြီးတစ်မျိုး လုပ်စားနေတာပဲ။
အဒေါ်တွေ လုပ်တာကို ၀ိုင်းလုပ်ပေးရတာထင်ပ။

Welcome said...

welcome => စာဖတ်သူအားလုံးသို့

ကျွန်တော်ဖြစ်ချင်တဲ့ ဆန္ဒက သူများ ဘလောဂ့်အိမ် လိုမျိုး 3 colum နဲ့ template လှလှလေးပါ။ ဘာပို့စ်ပဲရေးရေး ဓာတ်ပုံတွေနဲ့ ဝေေ၀ ဆာဆာ တင်ပြချင်ပါတယ်။ ဒါပေမယ့် ဒီဘလောဂ့်ပေါ်ရောက်ဖို့ ကျော်ခွနေရတာနဲ့ ပို့စ်တောင် အနိုင်နိုင် တင်ရတာပါ။ ဓာတ်ပုံတင်ဖို့ဆို မလွယ်ပါဘူး။ သူများလို နေ့တိုင်း ပို့စ်အသစ် တင်ချင်ပေမယ့် ကွန်နက်ရှင်းက မလိုက်နိုင်တော့ နားနားပြီးတော့ပဲ တင်ဖြစ်ပါတယ်။ ကိုယ့်ဘလောဂ့်အိမ်လေး ဖွင့်လိုက်တိုင်း လေးလံမှုမရှိအောင် ဝေ့ကက် တော်၂များ၂ ကိုလဲ ဖြုတ်ထားရပါတယ်။ နာရီတောင် တင်မဖြစ်ပါဘူး။ နောင် အလျဉ်းသင့်ရင် လှတပတ လေးဖြစ်အောင် ကြိုးစားတင်ပေးပါမယ်။

လေးစားစွာနဲ့

flowerpoem said...

စားချင်ပါတယ် အရမ်းကြိုက်တယ် ကိုဝင်းဇော်တော့ အကြွေးတွေများနေပြီ စားစရာတွေ လုပ်ကြွေးရမယ် :P

မြတ်မွန် said...

လုပ်တော့ စားချင်ပါရဲ့ ကရိယာအစုံရှိဘူး..စုံတဲ့အခါမှ လာပြီးကြည့်ပြီး လုပ်စားတော့မယ်နော်..။

Anonymous said...

အင်း ခုလို ကြက်သွန်မြိတ် ရှားတဲ့ အချိန်ဆို ကန်စွန်းရွက်နဲ့ လဲ လုပ်စားလို့ရတယ်လေ

Anonymous said...

စားသွားပြန်ပြီ တစ်ပုံ၊ အဲ အဲ တစ်မျိုး ..

မနာလိုတော့ဘူး ။

မု;သုင်ခု, said...

လုပ်ထားဟ ။
မင်းလဲ ဦးကြီးပု လို စာအုပ်ထုတ်ပါလား သူထေးဖြစ်အောင်လို့။

နေ့အိပ်မက် said...

စားကြည့်ချင်တယ်.... ဟိုနေ့က ဟင်းချက်နည်းဘလော့ဂ်တစ်ခုမှာ ဖတ်မိလို့ အိမ်ကအစ်မတွေကို အနိုင်ကျင့်ပြီး ရိုးရိုးဟင်းထုပ်လုပ်ခိုင်းကြည့်သေးတယ်.. ပထမဆုံးအကြိမ်ဆိုတော့ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး :P

မိုးသား said...

ကိုဝင်းဇော်ကြီး

ထပ်ရောက်တယ်၊ ထပ်စားသွားတယ် အာ.. ထပ်ငမ်းသွားတယ်ဗျ

မိုးသား

Anonymous said...

ကိုနေးတစ်တော့ ပုံကော လုပ်နည်းလေးကော တင်ထားတယ်ဗျ။ ကျွန်တော်တောင် tgi forum မှာ ကူးတင်လိုက်သေးတယ်။ လုပ်လေ ကိုဝင်းဇော်ကော . . သွားရေလေးကျပြီး အေးစိမ့်စိမ့်မြို့လေးကို လွမ်းရင်း တနှစ်ကူးလိုက်ရအောင်လို့ . . .

Linn Htet Aung said...

အဟတ် မန့်ပြီးမှ Anonymous တဲ့။

နွယ်ရိုးမန့်တာပါဗျား-)

ညလင်းအိမ် said...

လုပ်ပြန်ပြီဗျာ ကိုဝင်းဇော်ကလည်း ...
မချက်တတ်ဘူးဗျ... စားပဲစားတတ်တာ...
ရှမ်းအစားစာက ကြိုက်တယ်...
ဒါပေမယ့် ရှမ်းဟင်းထုပ် မစားဘူးသေးဘူးဗျ...
ဝယ်ပဲ စားကြည့်လိုက်တော့မယ်... အဟီးး)

လင်းကြယ်ဖြူ said...

စားချင်လိုက်တာနော်..
စိတ်ကူးနဲ့ပဲ လွေးသွားပါတော့တယ်..
ပျော်ပါစေ
*.*.*

Anonymous said...

အံမယ် နင့်အိမ်က ဟင်းထုပ်လုပ်စားတာတောင် ငါ့ဆီ ပို့ဖော် သတိရဖော် တောင်မရဘူး။ တော်တော်လေးကို သိတတ်နေတယ်ပေါ့။

Anonymous said...

မနေ့ကလာဖတ်ပြီး ကွန်မင့်ခဲ့ပေမယ့် ထပ်ပြောချင်လို့ ထပ်ပြန်လာတာ သိတယ်မလား စိတ်ထဲက မကျေမနပ် ဖြစ်နေလို့

Anonymous said...

အိမ်ကိုသတိရတယ်၊ မိသားစုတွေ ပျော်ပျော်ပါးပါးနဲ့ အိမ်မှာ မုန့်လုပ်စားတာကို လွမ်းတယ်။

Unknown said...

ဆောင်းမှာအေးလို့ အဖော်လိုတယ်ဆိုရင် ရှာပေါ့
ကိုယ်ဖာသာကိုယ် တစ်ယောက်ထဲနေချင်တာများ
ချမ်းလဲ ချမ်းပစေပေါ့
ဒါနဲ့ အစ်ကိုဝင်းဇော်ကိုယ်တိုင် လုပ်စားတာလား
အဒေါ်တွေ လုပ်တာကို ထိုင်ကြည့်ထားတာလား
တောင်ကြီးလာလည်ရင် လုပ်ကျွေးမယ် မလား
အင်းထဲလည်းလိုက်ပို့ပေးမယ်ဆိုရင်ပေါ့

Unknown said...

လာဖတ်တိုင်း ပုံမမြင်ပေမယ့် ပုံပေါ်အောင်ရေးနိုင်တဲ့ သားရည်ကျအောင်ရေးနိုင်တဲ့ စာရေးသူကို ကျေးဇူးတင်သလို မစားရ၀ခမန်းပြောတဲ့အတွက် စိတ်နာပါတယ်

~ဏီလင်းညို~ said...

ကိုဝင်းဇော်...
နည်းနည်းကျွေးဗျာ....။
ဒါဗြဲ.....။

ခင်မင်တဲ့
ဏီလင်းညို

Unknown said...

စားစရာတွေ တစ်မျိုးပြီးတစ်မျိုးပါလားဝေ့
ဓာတ်ကျနေတာဖြစ်မယ်

ပျော်ရွှင်တဲ့ ခရစ္စမတ် ဖြစ်ပါစေ

Anonymous said...

ဘရာသာ

ကိုယ်က ခရစ်ယာန်မဟုတ်ပေမယ့် သူတို့ပွဲဆို လိုက်သွားဖြစ်တယ်။ မိုးအလင်းပဲ ပျော်ဖို့တော့ကောင်းတယ်။

အေးဗျာ အအေးဒဏ်ကို တစ်ယောက်ထဲ ခါးစည်းခံမယ့် အစား အနွေးဓာတ်ပေးမယ့် တောင်ပေါ်သူ ချော၂ တစ်ယောက်တော့ အမြန်ရှာသင့်ပြီ ထင်တယ်။

အချစ်မဲ့ဂစ်တာ said...

တစ်မျိုးပြီး တစ်မျိုးပါလားဝေ့.... နယ်ပြန်ချင်လာအောင်များ လာလာဆွနေသလိုလို... အဟ... ဒီအစ်ကိုကြီးတော့နော်...

Waing said...

ဒီတစ်ခေါက်လည်း ရှမ်းအစားအစာအကြောင်းပါပဲလားး(
စားချင်လို့ပါဆို ပုံတွေကို ဘလော့ပေါ်မတင်နိုင်ရင် မေးလ်နဲ့ပို့ပေး ဒါဗြဲ
ပုံ
ဝိုင်း

Anonymous said...

ကိုဝင်းဇော်တို့တော့ များနေပြီ

ခေါ်ခေါ်ပြီးတော့ ဒုက္ခပေးနေတယ်

လုံးဝမကျေနပ်ဘူး မကျေနပ်ဘူး


((မိန်းမအမျန်ရပါစေသောဝ်))

Unknown said...

ဆင်ခြေထောက်စွပ်ပြုတ်လုပ်သောက်မှ လာကြွားအုန်းမယ်

shwezinu said...

ရပါတယ်ဗျာ စားထားအုန်းပေါ့ ကျနော် စားတဲ့ အချိန်မှ သိမယ် ဟဲဟဲ ... ဟင်းထုတ် ကိုကြိုက်တယ်

Unknown said...

0က်သားနဲ့ဆို စားကောင်းမဲ့ပုံပဲ
အုန်းသီးနဲ့အချိုထုပ်တွေလဲ ကြိုက်တယ်
နောက် သာကူနဲ့ထုပ်ထားတာလဲ ကြိုက်တယ်

Anonymous said...

ရှမ်းအစားအစာတွေ က အဆီနည်းတယ်၊ အရွက်များတယ် ဒါကြောင့်နှစ်သက်တယ်

မငုံ said...

:( ဘယ်လိုဖြစ်နေတယ်မသိ.. ရှမ်းပြည်ပြန်ရောက်ပြီး ကျန်လူတွေကို သရေယိုအောင်ချည်း လုပ်နေတယ်။ နောက်တခါ တို့ဟူးနွေးလုပ်စားဦး။ တွေ့မယ်။ တွေ့မယ်. တစ်ဗူးနဲ့ရှစ်လိပ်..:))

Unknown said...

အရေးအသား နှစ်သက်တယ်၊ ဆိုလိုရင်း ကို မပြောခင် အင်ထရိုဝင်တာ ကောင်းတယ်။

(မြောက်ပေးတာနော် မုန့်ဝယ်ကျွေးတော့)

Unknown said...

ကြိုက်ပြီးသားပဲ>>>

သူကြီးမင်း (တုံးဖလား) said...

စားကြည့်ချင်တယ်။ မစားဖူးဘူး။
ဘယ်လိုပုံစံလေးပါလိမ့်။

နှင်းဆီနီ said...

များတော့များနေပြီ

(တစ်ဗူးနဲ့ ရှစ်လိပ်) ဆိုတာ ဘာကိုပြောတာလဲ

Heart Breaker said...

ရှမ်းစားသောက်ဆိုင်ဖွင့်ရင် ဘယ်လိုနေမလဲ
စာဖိုမှူးခန့်မလို့ .. လစာကောင်းကောင်းရစေရမယ်

myawady said...

Merry Christmas & Happy New Year

Unknown said...

အလွမ်းပြေ ငမ်းသွားပါတယ်နော်

Anonymous said...

တစ်ပတ်လောက် မရောက်ဖြစ်တာနဲ့ စာတွေ တော်၂ဖတ် လိုက်ရတယ် ပျော်ရွှင်ပါစေ