ရှမ်းမုန့်တီ ခေါက်ဆေန့်
ရန်ကုန်မှာ ရှိနေတုန်းက သူငယ်ချင်းအိမ်တွေ လိုက်လည်ဖို့ တော်တော်ရယ်ပါ အိမ်ပြင်တောင် သိပ်မထွက်ဖြစ်ခဲ့ဘူး။ သူငယ်ချင်းအိမ်တွေတင် မဟုတ်ပါဘူး မြို့ထဲတောင် တစ်လ နှစ်ကြိမ်လောက်ပဲ ဂျာနယ်ဝယ် ထွက်ရင်သာ အပြင်ထွက်ဖြစ်တယ်။ အသိအိမ်တွေ မလည်ဖြစ်ဆို ခင်မင်မှုနဲ့ ကိုယ်ကသွားဖြစ်ရင်တောင် နွေးထွေးမှု မရှိတာကို ခံစားမိလို့ပါ။ နောက်ပြီး ကျွေးမွေးရမှာ စိုးရွံ့နေပုံပေါ်ပြီး သိပ်လည်းပဲ ကြိုဆိုချင်ပုံမရပါဘူး။ ဒါတောင် ကိုယ်က ဘယ်သူ့အိမ်သွားသွား လူကြီးတွေနဲ့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သစ်သီးတစ်အိတ်တော့ ပါစမြဲပါ။ ခုရွာကို ပြန်ရောက်တော့ အိမ်မှာကပ်တဲ့ရက်ရယ်လို့ မရှိသလောက် အလည်လွန်နေတယ်။ လည်လွန်းဆို ဘယ်အိမ်ရောက်ရောက် ကိုယ့်အိမ်လို ကိုယ့်မိသားစုလို ပျူငှာပြီး မကုန်နိုင်တဲ့ ရှေးဟောင်းနှောင်းတွေ စမြုံပြန် နေမိလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး စားစရိတ်ငြိမ်းတယ်လေ။ ရောက်တာနဲ့ စားမယ် ၀ါးမယ် ကျိတ်မယ် ဆိုတာချည်းပဲ။ မကုန်ရင် အိမ်ပြန်သယ်လို့လည်းဖြစ်တယ်။ ကဲ ဘယ်လောက်အခြေအနေ ကောင်းလဲ စဉ်းစားသာကြည့်ပါ။
တစ်နေ့က စိုင်းနောင့်တို့အိမ် ဖိတ်ထားလို့ ရေအေးကွင်းထဲ ရောက်ခဲ့တယ်။ စိုင်းနောင့်ကြောင့် ရောက်ဖြစ်တာ မဟုတ်ပါဘူး။ စိုင်းနောင့်အစ်မ နန်းလောဝ်ခမ်းက ခေါက်ဆေန့် လုပ်စားလို့ ခေါ်ကျွေးတာ ဖြစ်တယ်။ အဖေကပအိုဝ့် အမေကရှမ်း တွေမို့ ရှမ်းနာမည်တွေနဲ့ ဖြစ်ပေမယ့် မောင်နှမနှစ်ယောက်လုံးက ရှမ်းစကား ပြောတတ်ကြတာ မဟုတ်ပါ။ ကျွန်တော့်ထက် စီနီယာကျတဲ့ လောဝ်ခမ်းက ကွန်ပျူတာနဲ့ ကျောင်းပြီးပေမယ့် မြို့မဈေး တောင်ဘက်တိုက်တန်းမှာ ရွှေဆိုင်ထွက်တယ်။ သူတို့အိမ်က လက်ဖက်ပွဲရုံထောင်ထားတယ်။ လက်ဖက်ကုန်တွေ သယ်ပေးရင်းက အလွန်ရင်းနှီးတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်သွားတာကြာပေါ့။
ခေါက်ဆေန့် ဆိုတာ မုန့်တီဖတ်နဲ့ လုပ်စားတဲ့ ရှမ်းမုန့်တီလို့ပဲ ခေါ်ရမလားပဲ။ သူ့ဟင်းရည်ရဲ့ အနံ့က ပဲပုပ်နံ့ သင်းတယ်။ နံနက်စောစာ အနေနဲ့ စားရတဲ့ ရိုးရာအစားအစာ တစ်မျိုးပါ။ ပဲပုပ်ကြိုက်ရင်တော့ ရှမ်းမုန့်တီဖြစ်တဲ့ ခေါက်ဆေန့်လဲ နှစ်သက်မယ် ထင်ပါတယ်။ ကျွန်တော်တော့ ကြိုက်တယ် အမြဲလဲ စားဖြစ်တယ်။ ပဲပုပ်နံ့သင်းသင်း နဲ့အတူ သံပုရာသီးနံ့နဲ့ နံနံပင်အနံ့နဲ့ပါဆို မဖြစ်မနေ သွားရည်ကို ယိုသွားစေပါတယ်။ သူက ကြက်သားနဲ့ချက်ရင် မလိုက်ဖက်ဘဲ အဆီများတဲ့ ၀က်သားနဲ့ ချက်ပါမှ သူ့ဟင်းရည်က အရသာရှိပြီး ပိုအသက်ဝင်ပါတယ်။ ခေါက်ဆေန့် စားတဲ့အခါ လျှို့ဝှက်ချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ ပထမပွဲမှာပဲ စားလို့ကောင်းပြီး လိုက်ပွဲထပ်ယူရင် အရသာ ပေါ့သွားတာမျိုး ဖြစ်တယ်။ ဒါကြောင့် စားရင် ၀မ်းစတုတ်နဲ့ ကုန်နိုင်သလောက် အပြတ်ပြင်ရတယ်။ ဒါကြောင့် ကျွန်တော်တော့ ထမင်းလိုက်ပွဲထည့်တဲ့ ဇလုံကိုရွေးပြီး ခေါင်းမဖော်တမ်း စားလိုက်တာပဲ။ အစားနဲ့ ပတ်သက်လာရင် ရှက်တတ်သူ မဟုတ်တော့ မျက်နှာထူထူနဲ့ပဲ စားဖြစ်ခဲ့တယ်။
ခေါက်ဆေန့် ချက်စားချင်ရင်တော့ လုပ်နည်းကလွယ်ပါတယ်။ ပထမဆုံး အဆီပါတဲ့ ၀က်သားကို သေးသေးတုံးပြီး ခရမ်းချဉ်သီးများများနဲ့ အရသာရှိအောင် ဗမာချက်ချက် ရပါတယ်။ မိသားစု မများရင်တော့ ၀က်သား ၅၀ သားဆို အတော်ပါပဲ။ ၀က်သားဟင်း ဆီလည်ပြီး ကျက်လောက်ပြီဆိုရင် သင့်တော်တဲ့ ဒန်အိုးအကြီးထဲ ပြောင်းထည့်ရပါမယ်။ နောက် ရေကို သင့်တော်သလိုထည့်ပေးရပါမယ်။ ရေဆူလာရင် စလုံးစခု ထောင်းထားတဲ့ ပဲပုပ်ချပ်အကျက်မှုန့်ကို ထည့်ပေးရပါမယ်။ နောက်ပြီး လက်ပံပွင့်ခြောက်ကို ထပ်ထည့်ရပါမယ်။ သိပ်မကြာခင်မှာ အရသာထည့်ပြီးရင် အသင့်စားလို့ရတဲ့ ခေါက်ဆေန့် ဟင်းရည်ကို ရပြီဖြစ်ပါတယ်။ ဗမာမုန့်ဟင်းခါးလိုပဲ ခေါက်ဆေန့်မှာလဲ ဟင်းရည်ရဲ့ အရသာက အခရာကျပါတယ်။ မုန့်တီဖတ် အရွယ်ကတော့ နန်းကြီးသုပ်လုပ်စားတဲ့ အရွယ်ကြီးတဲ့ မုန့်ဖတ်ဆို ပိုအဆင်ပြေပါတယ်။ နောက် စားခါနီးရင် သံပုရာသီးစိတ်ရယ်၊ နံနံပင်ရယ်၊ ငရုတ်သီးမှုန့်ရယ်၊ ငံပြာရည်အချိုရယ် စားပွဲပေါ်တင်ထားလိုက်ရင် ပြီးပြည့်စုံပါပြီ။ ခေါက်ဆေန့်နဲ့ တွဲဖက်ပြီးစားလို့ ကောင်းတာကတော့ ၀က်ဆီဖတ်ကျော်နဲ့ ၀က်အူကျွတ်ကျွတ် ကြော်တို့ပဲ ဖြစ်ပါတယ်။ ဘာပဲ စားဖြစ်စားဖြစ် အွန်လိုင်းပေါ်က ဘလောဂ့်ဘော်ဒါတွေကို ဦးဆုံးအရင် သတိရပါတယ်။ ဒါကြောင့် ချက်စားကြည့်ဖြစ်အောင် အမှတ်တရ ရေးလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

41 comments:
ကဗျာမလေး said... December 17, 2009 1:14 PM
အတော်စားကောင်းမှာပဲနော် ... ကျေးဇူးရှင့် :)
flowerpoem said... December 17, 2009 1:21 PM
စားကောင်းမှာပဲ ရှမ်းစာဆို အကုန်ကြိုက် :)
ဇောင်း said... December 17, 2009 1:26 PM
:::မြို့ပေါ်က လူတွေက တောင်ပေါ်သားတွေလောက် ဧည့်ဝတ်မကျေတာတော့ အမှန်ပဲဗျာ၊:::
တောင်ကြီးကလို ခေါက်ဆွဲဖက် က ဒီဘက်မှာ သိပ်ရှိဘုူးဗျ၊ ကိုဝင်းဇော်ကြီး ခေါက်ဆွဲစားတာကို မြင်ယောင်ပီး ကျွန်တော်တောင် တောင်ကြီးကို သတိရလာ၏၊ :)
{ZaunG}
မြတ်မွန် said... December 17, 2009 1:36 PM
ဝါး စားချင်စရာကြီး
စမ်းချက်ကြည့်မယ်..ဒါပေမယ့် လက်ပံပွင့်ခြောက် ရှိဘူးရှင့်..
သွားရည်ကျသွားပါတယ်ရှင်..။
တောင်ပေါ်သား said... December 17, 2009 1:40 PM
ကိုကြီး မဟုတ်တော့ဘူးနော် တမင်များ လူကို သတိရနေအောင် လုပ်နေသလားဗျာ စိတ်ဆိုးတယ် ဖတ်ပြီး မစားရတဲ့ ဘ၀တွေ ကျေနပ်ဘူး ပုံတွေပါတင်
လေးစားလျက်
တောင်ပေါ်သား
မငုံ said... December 17, 2009 1:40 PM
သရေယိုအောင် လုပ်ပြန်ပြီ။ :( နေနှင့်ဦးပေါ့။ ချက်စားပလိုက်ဦးမယ်။ မကြာခင် အိမ်မှာ ကြက်သားချဉ် ( ၀က်သားချဉ် ဟုတ်ဘူးနော် )ကျွေးမယ်။ လာစားလှည့်.
Waing said... December 17, 2009 2:25 PM
လုပ်ပြန်ပြီ ကိုဝင်းဇော်တို့ အစားအသောက်တွေပဲ ချက်စားနေတာလားဟင် ခေါက်ဆေန့်တစ်ပွဲလောက် ဒီကိုပို့ပေးလိုက်ပါ ကြက်သားနဲ့ပဲနော် စားဖူးချင်လို့
သဉ္ဇာအောင် said... December 17, 2009 2:55 PM
ကိုယ်တိုင်လဲ ချက်တတ်တယ် ဆိုတဲ့သဘောပေါ့နော် မဆိုးဘူး ကိုဝင်းဇော်နဲ့ ခင်ရတာ အစားပါ စားရမယ့်ကိန်းပဲ၊ ချက်ကျွေးရမှာနော်
လောဝ်ခမ်း said... December 17, 2009 2:57 PM
အံမယ် အံမယ် ရှမ်းစကားကို ထမင်းစား ရေသောက်လောက်တော့ ရပါတယ်ဟ။ မနေ့က နင်ရေးတင် မယ်ထင်နေတာ ကျေးဇူး ... ငါချက်တာ မဟုတ်ဘူး အဟီး အမေချက်တာ။
အဖြူရောင်ဒဏ္ဍာရီ said... December 17, 2009 3:00 PM
စားစရာတွေပဲ ရေးပြီး တကယ်မကျွေးလို့ကတော့ အိပ်မက်ထဲအထိ ဓားမနဲ့ လာခုတ်မဗျာ. ရှမ်းမုန့်တီတော့ သိတယ် ရှမ်းလို မခေါ်တတ်ဘူးရယ်
Zayarr said... December 17, 2009 3:03 PM
ကိုဝင်းဇော်ရမဲ့ မိန်းမကတော့ ကံကောင်းပြီသာမှတ်၊ ဘာလို့လဲ ဆိုတော့ ကိုဝင်းဇော်ကပဲ ချက်ကျွေးနေရမှာလေ .. ဒါနဲ့ နောက်မီနူးက ဘာတဲ့လဲ။။။
nay said... December 17, 2009 3:05 PM
ကိုဝင်းဇော်ကြီးတော့ တစ်မျိုးပြီး တစ်မျိုးပါလား။
သံပုရာသီးနံ့နဲ့ နံနံပင် အနံ့ကို နေနေလဲ ကြိုက်တယ်။ မုန့်ဟင်းခါးစားရင် အဲဒီ ၂ မျိုးမပါရင် အရသာပေါ့နေသလို မျိုးပဲ။ စားချင်အောင်ပဲ ရေးနေတယ်။
hlaung09 said... December 17, 2009 3:09 PM
စားသွားပြန်ပီ တစ်ဇလုံ ... ရှက်လည်း မရှက်တတ်ဘူး။
ကောင်းကင်ပြာ said... December 17, 2009 8:51 PM
စားချင်စရာတွေပဲ ရေးနေတယ်...
အနမ်း said... December 17, 2009 9:44 PM
ရှမ်းအစားအစာတွေကိုအကုန်လုံးကြိုက်တာနော်။ ဖတ်ရင်းသားရေကျလာလို့ ပြန်ပြီ။ ရှမ်းမုန့်တီတော့ မစားဖူးသေးဘူး။ ချက်စားဖြစ်ရင် လက်တို့ခေါ်နော်း))
အဆင်ပြေပျော်ရွှင်ပါစေ
ဒဏ္ဍာရီ said... December 17, 2009 10:47 PM
အော်... ကိုဝင်းဇော်ကတော့ စားချင်တာတွေ စားပြီး လျှောက်လည်နေရတော့ ပြောအားရှိတာပေါ့နော်။ နေ့တိုင်း တောင်ကြီးမှာ ကြိုက်တာ လိုက်စားနေတာ မနာလိုချင်တော့ဘူး။း)
ဒီမှာ အဲဒါတွေဝယ်လို့ ရပါမလားမသိဘူး။ လုပ်စားချင်လာပြီ။
ခင်မင်လေးစားလျှက်
~ဏီလင်းညို~ said... December 18, 2009 1:14 AM
ကိုဝင်းဇော်ရေ...
ရပါတယ်ဗျာ...။ နှိပ်စက်ပါ..ခံပါ့မယ်...ရွှတ်..(ငိုတာနော်..)
ချက်နည်းက..လွယ်လွယ်လေးလိုပဲနောဗျ...။ ကျန်တာတွေ တော့ရနိုင်မယ်..ဒီမှာလေ...၊ လက်ပံပွင့်ခြောက်တော့ မရဘူးထင်တယ်...။ ဘာနဲ့ အစားထိုးလို့ရနိုင်မလဲဟင်..။ အိမ်မှာ အတူနေတဲ့ ရှမ်းညီလေးတစ်ယောက်ကို ချက်ကျွေးချင်လို့...။
ခင်မင်တဲ့
ဏီလင်းညို
မြစ်ကျိုးအင်း said... December 18, 2009 4:59 AM
မစားဖူးဘူးဗျ ရေးထားတာ ကောင်းလွန်းတော့ စာချင်မိတယ်။ ရန်ကုန်မှာ အဲဒါ ရနိင်လား ။
ရှမ်းပြည်သွားလည်ဖူးပေမယ့် မစားခဲ့ရဘူး ။
မြင်အောင်လည်းရေးတတ်ပါ့
ချက်နည်းတင်မဟုတ်ဘူး စားနည်ပါဖော်ပြ ထားတဲ့ စေတနာကို မြင်မိပါရဲ့ဗျာ ။
Nge Naing said... December 18, 2009 6:29 AM
ဆစ်ဒနီက ရှမ်းတွေက ရှမ်းမုန့်တီ မခေါ်ဘူး၊ ရှမ်းခေါက်ဆွဲလို့ခေါ်တယ်။ ပဲပုပ်ကို ကြိုက်ပေမဲ့ ရှမ်းခေါက်ဆွဲကို သူတို့က ကြက်သားနဲ့ပဲ လုပ်လို့ တခါမှ မစားဖြစ်ဘူး။ ဘုန်းကြီးကျောင်း ဈေးရောင်းပွဲတွေမှာ ရှမ်းခေါက်ဆွဲ အမြဲရောင်းတယ်။ ဒါပေမဲ့ ၀က်သားနဲ့ ချက်တာ တခါမှ မတွေ့ဖူးဘူး။
သက်ဝေ said... December 18, 2009 7:41 AM
"ဘာပဲ စားဖြစ်စားဖြစ် အွန်လိုင်းပေါ်က ဘလောဂ့်ဘော်ဒါတွေကို ဦးဆုံးအရင် သတိရပါတယ်..." ဆိုတဲ့ စာကြောင်းလေး တကြောင်းနဲ့တင် ချစ်စရာကောင်းတဲ့ စိတ် စေတနာလေးကို တွေ့လိုက်ရလို့ မစားရပေမယ့် ဝသွားပါတယ်...
မေသူ said... December 18, 2009 9:05 AM
နားနားပြီးစား၊ စားစားပြီး ချွဲမနေနဲ့၊ အစားပုတ်ကိုဝင်းဇော်ကြီး ..
theint said... December 18, 2009 9:08 AM
ထမင်းလိုက်ပွဲပြင်တဲ့ ဇလုံနဲ့တဲ့လား ဘယ်လိုများ စားတယ်မသိပါဘူး။ ဒါကိုပဲ သူတကာသိအောင် လုပ်နေတယ်၊ ရှက်လဲ မရှက်ဘူး၊
သူများသွားရည်ယိုအောင်ပဲ လုပ်နေတာ။ ချက်စားကြည့်ချင် တယ်။
ကျေးဇူး။
မိုးသား said... December 18, 2009 9:13 AM
လွမ်းဖျားဖျားအောင် လုပ်နေပြန်တယ်။
ငါတော့ နေမကောင်းဖြစ်ချင်ရင် ငရုတ်သီးစပ်စပ်နဲ့ တွယ်ပစ်လိုက်တာ။ အမှတ်ရတယ်......
ခင်မင်တဲ့
Thet said... December 18, 2009 9:15 AM
ဟုတ်ပ
ချက်နည်းတင်မကဘူး
စားနည်းတောင်ပါလိုက်သေးတယ်
ဒါဆို တစ်အိမ်တက် တစ်အိမ်ဆင်း လည်နေတယ် ဆိုပါတော့၊ စိတ်ချမ်းသာနေတာမြင်ရလို့
ဝမ်းသာပါတယ်
လေးစားခင်မင်ခြင်းများစွာနဲ့
ဝဿန်ဦး said... December 18, 2009 9:39 AM
ရှမ်းစာတွေ ထပ်လာစားတယ်
ရွှေအင်းသူ said... December 18, 2009 9:41 AM
ညီမတို့ အင်းထဲက မုန့်တီလုပ်နည်းနဲ့ခပ်ဆင်ဆင်ပါပဲ။ ငါးနဲ့ပဲချက်စားကြတာများတယ်။ ငါးရှဥ့်နဲ့ဆို ပိုလို့ အရသာရှိတယ်။
သတိရတယ်ဆိုလို့ ကျေးဇူးတင်ရှိစွာနဲ့
ဥက္ကာ said... December 18, 2009 3:27 PM
ခေါက်ဆွဲဝင်ဆွဲသွားပါ၏
မီးငယ် said... December 18, 2009 6:28 PM
ကိုဝင်းဇော်ရေ့
စားပါ စားပါ တစ်ယောက်ထဲစားပါ ..
တောင်ကြီးလိုက်လာမှ ရှောင်ပြေးမနေနဲ့
အမဲလုံးခေါက်ဆွဲလဲ စားမယ်
ရှမ်းခေါက်ဆွဲလဲ စားမယ်
ရှမ်းထမင်းချဉ်လဲ စားမယ်
ဝယ်ကျွေးဖို့သာပြင်ထားနော်
မင်းမဟော် said... December 19, 2009 2:42 PM
ဘာစားစား လိုက်ပွဲနဲ့မှ စားတာဗျ.
မိန်းမယူရင်တောင် ခယ်---- ပါမှ စိတ်တိုင်းကျတာ
အဟဲ ....
ပျော်ရွှင်ပါစေ
Sai said... December 19, 2009 2:44 PM
ဟုတ်နေပြန်ပြီပေါ့ ရှမ်းမုန့်တီနဲ့
အိမ်ကိုချက်ခိုင်းနိုင်ဘူး
ကားလေးဂိတ်နားကဆိုင်လဲကောင်းတယ်...
ရှမ်းညီအစ်မရောင်းတာလေ
ညရဲ့ကောင်းကင် said... December 19, 2009 9:21 PM
လုပ်ပြန်ပြီဗျာ ကိုဝင်းဇော်က ....
ချက်တက်ဘူးဗျ... စားပဲစားတတ်တာ...
ကို ၀င်းဇော်ချက်ကျွေးရင်တော့ စားမယ်ဗျာ...
သရေယိုလိုက်တာဗျာ..
မု;သုင်ခု, said... December 19, 2009 10:27 PM
ဂန်လေး တော်တယ် .. သူတကာအိမ် လည်စားနေတာပေါ့။ ငါ့ဆီတော့ မရောက်ဘူးပဲ။
Cherrymaw said... December 19, 2009 10:28 PM
တောင်ကြီးကို လွမ်းလာပြီ ကိုဝင်းဇော် ကြွားလုံးထုတ်နေတာနဲ့ .. လိုက်ပွဲမစားဘူးဆိုရင် ဆိုင်မှာ လိုက်ဝယ်ကျွေးပါမယ်။
အချစ်မဲ့ဂစ်တာ said... December 20, 2009 2:48 PM
အစ်ကိုရေ..ရှမ်းကိုချစ်ရင် ပဲပုပ်ကိုလည်း ချစ်ရတယ်တဲ့ဗျ..... ကျွန်တော်ကတော့ တောင်ပေါ်သားဆိုတော့ တောင်ပေါ်စာအကုန်ကြိုက်သဗျ.. ဒီရှမ်းမုန့်တီကတော့ အစ်ကိုကိုယ်တိုင်လုပ်ကျွေးရင် ပိုစားကောင်းမလားလို့..အဟ..
hlaminnlay said... December 21, 2009 7:59 AM
ကလောမှာတော့ မတွေ့မိဘူး တောင်ကြီးမှာမှ ရနိုင်တယ်လား။ စားကြည့်ချင်တယ်။
nay said... December 21, 2009 8:07 AM
ခရီးကအပြန် အမောတကောနဲ့ ရောက်လာပါတယ်။ နောက်ကျသွားပြီလား .. ကျန်သေးလား အဟဲ
Nay Lin said... December 21, 2009 9:58 AM
သရေယိုဖို့ ပုံလေးပါ တင်ပေးရင်ပိုကောင်းမယ်
Welcome said... December 21, 2009 7:14 PM
လုံမလေး said... December 22, 2009 7:05 AM
ဟယ် စားချင်လိုက်တယ် ဘယ်မှာနေတာလဲဟင်?
ချက်တတ်တယ်ပေါ့ ခေါ်ကျွေးလို့ကတော့လား
အဟမ်း ဇုံလောက်တော့ ပျင်းတာပေါ့ရှင်
ငါးမွေးတဲ့ အင်တုံ သိတယ်ဟုတ် အဲ့ဒါနဲ့ ကိုစားပြစ်မယ်
အီးးးးဟီးးးးရှက်တာ ငတ်တာသူများသိသွားပြီ
နေခြည်စုစု said... December 22, 2009 7:50 AM
ရှမ်းမုန့်တီစားဖူးတယ်၊ ကိုဝင်းဇော်ပြော သလိုပဲ နောက်တစ်ပွဲထပ်ယူရင် ပေါ့ရွှတ်ရွှတ် စြဖ်သွားရော။
မယု said... December 24, 2009 7:45 AM
ပဲပုပ်နံ့၊ နံနံပင်နံ့နဲ့ သံပုရာသီးနံ့တွေ လှိုင်နေလို့ ရောက်လာတယ်။ ရှမ်းခေါက်ဆွဲဆိုင်များ ရောက်နေသလား အောင့်မေ့ရတယ်။
Post a Comment