Thursday, December 10, 2009

ကယောက်ကယက် ဒီဇင်ဘာနေ့မနက်

ကယောက်ကယက် ဒီဇင်ဘာနေ့မနက်

ညကတည်းက ပြင်ဆင်ထားတဲ့ ငှက်ခါးရောင်ထွက်ဆွတ်ကို ၀တ်တယ်။ Walking shoe လဲပြီး NY တံဆိပ်ပါတဲ့ သိုးမွှေးခေါင်းဆောင်းကို စွပ်တယ်။ သက္ကလပ်မာဖလာ ကိုပတ်ပြီး ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်တော့ အားကစားလုပ်မယ့်သူက လည်စည်းနဲ့ဆိုတော့ ကြည့်ကောင်းမယ် မထင်တာနဲ့ ပြန်ချွတ်တယ်။ လိုရမယ်ရ သိုးမွှေးလက်အိတ်ကိုတော့ ယူလိုက်တယ်။ ပြည့်စုံပြီ ထင်ပေမယ့် မသိစိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုး မတင်မကျ ခံစားရမိတယ်။ ဒါနဲ့ အိမ်သားတွေ မနိုးခင် အေးစက်နေတဲ့ သံပန်း ခြံဝင်းတံခါးကို အသာအယာပိတ်ပြီး လမ်းလျှောက်ဖို့ ထွက်လာခဲ့တယ်။

ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းလေး နဲနဲ လျှောက်လိုက်တာနဲ့ မင်းလမ်းမပေါ် ရောက်တယ်။ မင်းလမ်းကနေ မြို့မဈေးဘက် မျက်နှာမူလိုက်တာနဲ့ နိုင်လွန်ကတ္တရာ အတတ်လမ်းတွေက ဆီးကြိုနေတယ်။ ဒီအတတ်လမ်းက အေးသာယာမြို့သစ် အတက်ကနေစလိုက်တာ တောင်ကြီးတက္ကသိုလ် အ၀င်ဝ ကျော်သည်အထိ အတက်လမ်းတွေပဲ ဖြစ်တယ်။ တောင်ကြီးသား စစ်စစ် မဟုတ်ပေမယ့် ကျွန်တော်ရဲ့ သက်တမ်းတစ်ဝက်နီးပါးက ဒီတောင်ကြီးမှာပဲ နေထိုင် ကြီးပြင်းလာတာကြောင့် ကိုယ့်မြို့ ကိုယ့်ဌာန ကိုယ့်မွေးရပ်မြေနဲ့မခြား သံယောဇဉ် ဖြစ်မိတယ်။ မျှတတဲ့ ရာသီဥတုနဲ့ သန့်ရှင်းသပ်ရပ်တဲ့ မြို့ဖွဲ့စည်းမှုကြောင့် ဘယ်နေရာရောက်ရောက် တောင်ကြီးမြို့လောက် စိတ်ကြိုက်မဖြစ် မပျော်ပိုက်မိတာ အမှန်ပါ။

လတ်ဆတ်တဲ့ ဆောင်းလေ အေးမြမြကို ရှုရှိုက်ရင်း ခေါင်းစွပ်ကို နားလုံအောင် ဆွဲချလိုက်တယ်။ ချိန်းထားတဲ့ ရွှေအင်းလေး တည်းခိုခန်းရှေ့ ရောက်တော့ စိုင်းနောင့်ကို မတွေ့သေးတာနဲ့ ၅ မိနစ်လောက် သွေးပူလုပ်ရင်း စောင့်နေလိုက်တယ်။ သူထွက်လာမယ့် လမ်းကြားထဲ လှုပ်ရှားမှု မတွေ့တာနဲ့ တစ်ယောက်ထဲပဲ လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းနဲနဲပြေရင် ပြေးတယ်။ ကုန်းမှောက်ရင် လမ်းလျှောက်တယ်။ တစ်ခါတလေ ဓာတ်တိုင် ၂ တိုင်စာပြေးပြီး ဓာတ်တိုင် ၁ တိုင်စာ လမ်းလျှောက်တယ်။ အားကစား မလုပ်ဖြစ်တာ ကြာပြီဖြစ်လို့ ခြေသလုံးကြွက်သား တွေက တင်းနေတာကြောင့် သိပ်လည်း မပြေးနိုင်ပါဘူး ဒါပေမယ့် ဂေါက်ကွင်းအ၀င်ဝထိ ရောက်အောင်တော့ လမ်းလျှောက်ဖြစ်မယ်လို့ အားခဲပြီး လမ်းဆက်လျှောက် ဖြစ်တယ်။ မင်းလမ်းတစ်လျှောက်မှာ သူလို ကိုယ်လို အားကစား လိုက်စားတဲ့သူတွေ အရွယ်စုံ အများကြီးတွေ့ရတယ်။ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု အဆောက်အဦရှေ့ လမ်းအချိုးနေရာမှာ အနည်းငယ် မှောင်နေတာကလွဲရင် နီယွန်မီးလုံးတွေနဲ့ တစ်လမ်းလုံး လင်းထိန် နေပါတယ်။ စက်မှုလက်မှု ကျောင်းရှေ့ရောက်တော့ မြူတွေအုပ်ဆိုင်းပြီး ပိန်းပိတ်အောင် ကျလာတာကြောင့် ဒီဇင်ဘာရဲ့ ဆောင်းအလှကို ပိုအသက်ဝင်စေတယ်။ ဂေါက်ကွင်းဂိတ်ပေါက်ထိ ရောက်ခဲ့ပါတယ်။ ခြေသလုံးနဲ့ ပေါင်ကကြွက်သားတွေ တင်းပြီး အတော်လေး နာနေတာကြောင့် အပြန်လမ်းမှာ မပြေးနိုင်တော့ဘဲ မှန်မှန်လေးပဲ လမ်းလျှောက်ပြန်ခဲ့တယ်။

အိမ်မပြန်ခင် ညဈေးထဲဝင်ပြီး Breakfast အနေနဲ့ ထို့ဟူးနွေးဝင်စားတယ်။ စောလွန်းသေးတော့ စားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ထိုင်လက်စနဲ့ တစ်ခါတည်း စားသွားမှာဖြစ်လို့ အခါးရည်သောက်ရင်း စောင့်နေလိုက်တယ်။ ထို့ဟူးနွေး ၂ ပွဲ၊ ထို့ဟူးကျော် ၁ ပွဲနဲ့ ၀က်ခေါက် ၂ ထုပ် စားလိုက်တယ်။ သူ့ခေါက်ဆွဲနဲ့ သူအကြော် လိုက်ဖက်ညီတာကြောင့် အာသာမပြေ သေးပေမယ့် လျော့ပေါ့ပေါ့ပဲ စားလိုက်တယ်။ စားပြီးလို့ ငွေချေမယ်လုပ်တော့မှ ဒိန်းကနဲဆို ကျွန်တော် ခေါင်းနပန်းကြီးသွားတယ်။ ခြေဖ၀ါး လက်ဖ၀ါးတွေမှာ ချွေးစေးတွေ ပြန်လာတယ်။ ပြေးနေတုန်းက ချွေးမထွက်ပေမယ့် ခုမှ ချွေးတွေ တစို့စို့ ထွက်လာတယ်။ ကျောနဲ့ ရင်ဘတ်မှာ ချွေးတွေ စီးကျလို့တောင် နေတယ်။ အိမ်ကထွက်လာ ကတည်းက တစ်ခုခု လိုနေတယ်လို့ မသိစိတ်က နိုးဆော်နေပေမယ့် သိစိတ်က အမှတ်မရတာနဲ့ အရေးကြီးတဲ့ ပိုက်ဆံအိတ် ပါမလာမှန်း ခုမှ အသိဝင်လာတယ်။ ပိုက်ဆံအိတ်ပါမလာဘူးလို့ ပြောရင်လည်း ဆိုင်ရှင်က ယုံမှာ မဟုတ်သလို မနက် ဈေးဦးပေါက် အကြွေးနဲ့တော့ လူကို ဒီအတိုင်း ပြန်လွှတ်လိုက်မယ် မထင်ပါဘူး။ ကိုယ့်ပေါ့လျော့မှုနဲ့ ကိုယ်မို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်။ ပလက်ဖောင်းပေါ် ဖြတ်သွားဖြတ်လာနဲ့ ဈေးဝယ်သူတွေထဲမှာ အသိတစ်ယောက်ယောက်များ ပါလေမလားဆိုပြီး မျက်လုံးကျွတ်မတတ် ရှာနေပေမယ့် ဆိုင်ရှင် အစ်မကြီး မရိပ်မိအောင်တော့ ဟန်ကိုယ့်ဖို့မို့ အခါးရည်ကိုပဲ တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်နေမိတယ်။

မိနစ် ၂၀ လောက်ကြာမှ သောကဗျာပါဒတွေ နုတ်ယူပေးမယ့် ကျေးဇူးရှင် စိုင်းနောင့် ရောက်လာတယ်။ ရောက်တာနဲ့ ကိုယ်က ဦးအောင် ဆီးဟောက် လိုက်တယ်။ မင်းချိန်းထားတဲ့ နေရာကို နာရီဝတ် (အမှန်တော့ ၅ မိနစ်ပါ) ကြာအောင် စောင့်နေပေမယ့် မင်းမလာလို့ ဒီဝိုင်းကို မင်းပဲ ရှင်းလိုက်လို့ ပြောကာရှိသေး သူ့အပြစ်ကို သူဝန်ခံသွားတယ်။ ညက ချက်တင် (ခြင်၏ဦးလေး) ကိုက်လို့ မနက်မထနိုင်တဲ့ အကြောင်း ပြုံးဖားဖားနဲ့ လုပ်နေလို့ မနည်း ခွင့်လွှတ်လိုက်ရတယ်။ ငွေရှင်းမယ့်သူ ရောက်လာမှပဲ လူက နေသာထိုင်သာ ပုံမှန်ဖြစ်သွားတော့တယ်။

ဒီနေ့ ဒီဇင်ဘာ ဆောင်းမနက်ရဲ့ ရာသီအခြေအနေဟာ အေးစက်စက်ဖြစ်လိုက် ချွေးပြိုက်ပြိုက် ကျလိုက်နဲ့ လူကိုတကယ်ပဲ ကယောက်ကယက် ဖြစ်စေတာ အမှန်ပါပဲ။ သွားသတိ စားသတိနဲ့ မမေ့မလျော့ မဖြစ်စေဖို့ အားလုံးကို အသိပေးချင်ပါတယ်။ အားလုံးပဲ လှပပျော်ရွှင်တဲ့ ဒီဇင်ဘာနေ့လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



36 comments:

~ဏီလင်းညို~ said...

ကိုဝင်းဇော်ရေ...
အဆုံးထိမရောက်သေးခင် ကျွန်တော်တောင် ဒီဇင်ဘာမနက်ခင်းလေးမှာ ချွေးပျံသွားသလိုလိုပဲ...။

ခင်မင်တဲ့
ဏီလင်းညို

hlaminnlay said...

ကိုဝင်းဇော်တစ်ယောက်တော့ ဖြစ်ရမယ်။ လုပ်လိုက်မှဖြင့် အရာရာ နဲ့ အကြောင်းကြောင်းပဲ။ ဒီလိုအဖြစ်ကြုံရင် တကယ်ပဲ ရင်ဖိုမိမှာပဲ။

မု;သုင်ခု, said...

ဟေဟေ့ ခေါက်ဆွဲ ၂ပွဲ စားတာတောင် အာသာမပြေဘူး ဆိုဘဲ။ အိမ်ခေါ် ထမင်းကျွေးဖို့တော့ အများကြီး အများကြီး စဉ်းစားရအုန်းမယ် ..

အဆင်ပြေပါစေ။

မု;သုင်ခု, said...

နောက်ရက် လမ်းလျှောက်ဖြစ်ရင် သစ်တောဖက် ၀င်ခေါ်အုန်းကွာ။ ငါလည်း အထိုင်များပြီး ချိချင်သလို ဖြစ်နေတယ်။ သုံးယောက်ပေါင်းရင် လောင်းကျော်နိုင်မှာပါ။

ဒဏ္ဍာရီ said...

ကိုဝင်းဇော်ကတော့ လုပ်တော့မယ်နော်။ ထင်တော့ ထင်သားပဲ ဒီလောက်ပဲများနေရင် တခုခုတော့ ဖြစ်တော့မယ်လို့။း) တော်သေးလို့ပေါ့ ပိုက်ပိုက်ရှင်းမယ့်သူ ရောက်လာလို့။ တောင်ကြီးကို တခါမှ မရောက်ဘူးပေမယ့် အဲဒီက ရာသီဥတုကိုတော့ ပြောပြကြလို့ နှစ်သက်မိတယ်။
စကားမစပ် လျှာရှည်မယ်နော်.. စာလုံးပေါင်း ကယောက်ကယက် နဲ့ အကြွေး လို့ထင်တာပဲ...း)

ခင်မင်လေးစားလျှက်

တောင်ပေါ်သား said...

လွမ်းအောင် လာလုပ်တယ်ပေါ့လေ ဟွန်းးးးးးးး တို့ဟူးနွေးပူပူလေး စားချင်တယ် မနက်ဆို ချမ်းအေးအေးနဲ့ ပဲလေးများပြီး လမ်းလျှောက်ချင်တယ်။း(


လေးစားလျက်
တောင်ပေါ်သား

လောဝ်ခမ်း said...

နင့်ရဲ့ အလွဲတွေ လာဖတ်တယ်။ မနက်ထ လမ်းလျှောက်တော့ အလန်းလေးတွေ မတွေ့ခဲ့ဘူးလား။ နောက်အပတ် အင်္ဂါနေ့ မမေ့ပါနဲ့

ညရဲ့ကောင်းကင် said...

နောက်တခါသထိထားဗျို့...
အဲဒီဒုက္ခ ကြုံဖူးတယ်...ကျွန်တော်လည်း...
တော်သေးတယ် နာရီချွတ်ပြီး ထားခဲ့တာရလို့လေ...အဟီး...

အဲဒီလို ချမ်းအေးအေးဆောင်းနှင်းအောက်မှာ လမ်းလျှောက်ချင်လိုက်တာဗျာ...

ခင်မင်လျက်
ညရဲ့ကောင်းကင်

မင်းမဟော် said...

ဖြစ်တတ်တဲ့ အမှတ်တရလေးပါ။ အရေးကြီးတဲ့ အင်တာဗျူးတစ်ခု သွားဖြေတုန်းက မှတ်ပုံတင်ကတ် ပါမသွားတာကို ပြန်အမှတ်ရတယ်။

အဆင်ပြေပါစေ

Welcome said...

welcome=> ဒဏ္ဍာရီ

(စာလုံးပေါင်းသတ်ပုံတွေ ပြင်လိုက်ပါပြီ၊ သေချာရှာဖတ် သွားလို့ ကျေးဇူး)

welcome=> စာဖတ်သူအားလုံး

(အားလုံးကိုပဲ ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်လို နမော်နမဲ့ အဖြစ်မျိုး မကြုံဆုံပါစေနဲ့)

flowerpoem said...

လမ်းတော့လျှောက်ချင်တယ် မနက်စော၂ ထရမှာပျင်းတယ်. တို့ဟူးနွေးအရမ်းကြိုက် ....
တော်သေးတယ်ရှင်းမယ့်လူလာလို့. :P

Thet said...

ထိုဟူးနွေးနဲ့ ထိုဟူးကြော် စားချင်တယ် စားချင်တယ်။ ဒါနဲ့ ညီမလဲ (ခြင်ဦးလေး) ကိုက်တာ ညတိုင်းပဲ အဟီး။ အိမ်က ဆူရင်လဲ ခံရမှာပဲ တတ်နိုင်ဘူး။

နေ့အိပ်မက် said...

ဖြစ်ရမယ်.. ဒါနဲ့ ရှင်းပေးမယ့်သူမရောက်လာရင် ဘယ့်နှယ်လုပ်မလဲမသိ :P

theint said...

အေးလေ ကိုဝင်းဇော်ကြီးကလည်း နမော်နမဲ့နဲ့ မကြီးမငယ် အရှက်ကွဲနေအုန်းမယ် ဈေးခင်းထဲမှာ။ အဆင်ပြေသွားလို့ တော်သေးတာပေါ့။ အစားပုတ်ချင်အုန်း

မငုံ said...

:) အားကစားလုပ်ဖို့ မှန်ထဲ အထပ်ထပ် အခါခါ ကြည့်နေတာကိုး။ မေ့ပြီပေါ့။

အားကစားလုပ်ပြီး လျော့လျော့ပေါ့ပေါ့ စားတာကလဲ တို့ဟူးနွေးနှစ်ပွဲ နဲ့ အကြော်တွေ :))

မငုံ said...

:) အားကစားလုပ်ဖို့ မှန်ထဲ အထပ်ထပ် အခါခါ ကြည့်နေတာကိုး။ မေ့ပြီပေါ့။

အားကစားလုပ်ပြီး လျော့လျော့ပေါ့ပေါ့ စားတာကလဲ တို့ဟူးနွေးနှစ်ပွဲ နဲ့ အကြော်တွေ :))

သဉ္ဇာအောင် said...

အဟား ရီရတယ်၊ ဒီလိုအဖြစ်မျိုးလဲ ရှိသေးတာကိုး

တော်တော်လေး ချွေးပြန်သွားမှာပဲ ကယ်မဲ့သူမရှိရင် လူသာ အပေါင်ခံထားလိုက် သိလား

Zayarr said...

သတိဆိုတာ ပိုတယ်ရယ်လို့ မရှိပါဘူး။

အမြဲသတိရှိပါစေ။

လုံမလေး said...

ဆောင်းနှင်းအေးအေး မှာခေါက်ဆွဲစားခဲ့ဘူးတာကို
လွမ်းလိုက်တာ ၂ ပွဲတောင်စားတယ်ပေါ့လေ
ဒီမှာတော့ အေးတော့အေးပါရဲ့ ခေါက်ဆွဲဆိုင်တော့
မရှိပါဘူး :(

nay said...

အားကစားတော့ လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်တာက များပါတယ်။ တကိုယ်ရေ ကျန်းမာရေးအတွက် ပုံမှန် လုပ်တာ ကောင်းတယ်။ အားပေးတယ်။ ဇောချွေးတွေ ပြန်သွားတာကို မြင်ယောင်ပါသေးတယ်။


ခင်မင်လျက်နဲ့

လင်းဒီပ said...

ဖြစ်တတ်ပါတယ်လေ...
နောက်ကို ပဲမများနဲ့ အိမ်က မထွက်ခင် သေချာစစ်ဗျ..။

မိုးခါး said...

လျှော့လျှော့ပေါ့ပေါ့ပဲစားလိုက်တာ ယုံပါတယ်
ပြောပြရုံနဲ့ :P

ကောင်းကင်ပြာ said...

စိုင်းနောင့် ရောက်မလာရင် ဘာလုပ်မယ်လို့ စဉ်းစားမိလဲဟင်..

kiki said...

ရှိုး ထုတ်လွန်သွားလို့ 
အမေ့ကောင်းလေးပါလား ...
ကယ်တင်ရှင် စိုင်းနောင့်ကို ဘယ်လို ကျေးဇူးပြန်ဆပ်မလည်းဟင် ။

အကြွေးစာရင်းမှတ်ဖို့ ပြောရတာခက်နေရင် ၊လက်ပါတ်နာရီဖြစ်ဖြစ်၊ လက်စွပ်ဖြစ်ဖြစ် ။ တခုခု အပေါင် စပေါ် တင်ထား ပေါ့နော် ။ ဟိုက လက်ခံပါ့မလား ...

tg.nwai said...

တောင်ကြီးမြို့လေးကို သဘောကျတယ်..ရာသီဥတုရော အစားအစာတွေကိုပါ... ကြာကြာတော့ မနေဖူးပါဘူး..ဆောင်းတွင်းဆို တော်တော်လှမယ်နော်..

တော်သေးတာပေါ့ ကိုဝင်ေးဇ်ာရယ်.. စားပြီးသောက်ပြီးမှ ပိုက်ဆံအိတ်ကို သတိရတာ..မဟုတ်ရင် တို့ဟူးနွေး နှစ်ပွဲ ဘယ်စားနိုင်ပါ့မလဲ..:))

Welcome said...

welcome => ကောင်းကင်ပြာ

စိုင်းနောင့်ရောက်မလာရင် အိမ်ကို ဖုန်းဆက်ဖို့ တာစူ နေပါတယ်။ နောက်ဆုံး ကြံရာမရရင်ပေါ့လေ။

welcome => ki ki

စတိုင်လ်ကျလွန်သွားတာ အစ်မရဲ့၊
ပစ္စည်းပေါင်ထားဖို့ တကယ် အမှတ်မရဘူး၊ မွန်ထူပြီး ပိုက်ဆံကိုပဲ သတိရနေတာ။

welcome => tv.nwai

ဟုတ်တယ် တောင်ကြီးဆောင်းက နေလို့ကောင်းတယ်၊ ဆောင်းရှုခင်းလည်းလှတယ်။ မှန်ပါ့ ပိုက်ဆံမပါမှန်း ကြိုသိရင် ဆိုင်ထဲကို ခြေဦးတည့်ဖြစ်မှာ မဟုတ်ဘူး။

welcome => all readers, all friends

အလွဲတွေကို လာဖတ်ပေးလို့ ကျေးဇူးတင်တယ်။

hlaung09 said...

အေးအေး နေတတ်သမားက အဲလိုကြုံလာရင် ဘယ်လိုပုံစံ ဖြစ်နေလဲဆိုတာ ကိုယ်တိုင်မျက်စိနဲ့ မြင်ကြည့် ချင်သေးတယ်

မမေ့မလျော့ မပေါ့မဆနဲ့ ရှေ့ခရီးရှည်ကြီးကို လျှောက်လှမ်းနိုင်ပါစေနော့

မေသူ said...

ဝါးလုံးကွဲအောင်တော့ ရီပစ်လိုက်ချင်တယ်။ ၃၀ ဆို အိုဗာ ဖြစ်နေပြီ သိလား ပဲတွေစွပ်များမနေနဲ့အုန်း။

ခင်မင်နေမယ့်

Waing said...

ဟဟဟ အခုမှ အလွဲတွေ လာဖတ်တယ်
အဲ့လိုမျိုးတော့ မကြုံဖူးဘူး ကြုံခဲ့ရင်လည်း ဘယ်လိုဖြေရှင်းရမလဲလို့ တော်တော်စဉ်းစားမိမှာ အိမ်ကိုဖုန်းဆက်မယ် ပြီးတော့မှ ခဏစောင့်ပြီး အိမ်ကသူတွေ လာမှ ရှင်းမယ်လေး))
နောက်ဆို ဘာမှမမေ့ကျန်နဲ့နော် ဟဲဟဲ

စိုင်းနောင့် said...

အစားလဲကြီးတယ်၊ ပဲလည်းများတယ်၊ ခေါင်းကလည်း မကောင်းဘူး ဆိုတာ့ သွားပြီဆရာရေ့ .. ချွန်ပေးလိုက်မယ်။

စိုင်းနောင့်ဆိုပြီး ငါ့အီးမေးလ်လေးတော့ ထည့်မပေးဘူး။ တော်တော်လေးကို တစ်ကိုယ်ကောင်းဆန်တယ်။

ကနေ့ မနက် စီကျူးရော မရေးတော့ဘူးလား။

shwezinu said...

သနားတယ်ဗျို့..

မိုးသား said...

မကြီးမငယ်နဲ့ ဖြစ်ကိုဖြစ်ရမယ် ။။။

နှင်းဆီနီ said...

တစ်နေ့တာ အလွဲလေးတွေ နေ့တိုင်းရေးပါ့လား ကောင်းရင် ကောင်းသလို မကောင်းရင် မကောင်းသလိုပေါ့

မီးငယ် said...

အားကစားလုပ်နေတယ် ဆိုပါတော့
အစားတော့လျော့မစားဘဲနဲ့များ
လမ်းလျှောက်ရင်း ဇာတ်လမ်းလေးတွေ ရခဲ့ရင်လဲ မျှအုန်း

Sai said...

စာတွေ လာဖတ်ပါတယ်း)

မေဆူးမောင် said...

အားကစားလုပ်တာကို အားပေးတယ်။ အထိုင်များတဲ့ သူတွေအတွက် ကောင်းတယ်။ လမ်းထလျှောက်တယ် ဆိုတော့ စိတ်ကို ရှင်းပြီးသား ဖြစ်တာပေါ့