Showing posts with label မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ. Show all posts
Showing posts with label မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ. Show all posts

Wednesday, April 9, 2008

အလောင်းစည်သူမင်းကြီး

ကျန်စစ်သား သမီးတော်၏သား အလောင်းစည်သူမင်းသည် ပုဂံ၌ ၄၇၄ ခုနှစ်တွင် နန်းတက်သည်။ တစ်ခါသော် ဗိုလ်ရှုသဘင်ခံတော်မူနေခိုက် လက်ရုံး လက်မောင်းကိုတန်း၍ ကြုံးဝါးတော်မူ၏။ သက်တော်ကြီးပြီဖြစ်၍ လက်ပျဉ်းကျသည်ကို မှူးမတ်တို့က ရယ်ကြကုန်၏။
မင်းကြီးကလည်း “ ငါ့ကို အို၍မစွမ်းပြီဟု ရယ်ကြကုန်သည်။ ငါ့အစွမ်းကို သိစေအံ့ “ ဟု “ ဟယ်အမတ်တို့၊ လူဆိုးတစ်ယောက်သည် ဦးပေါင်းကျားနှင့် မြင်းကျားကိုစီး၍ တူရွင်းတောင် ခြေရင်းမှာ နေ၀င်လျှင် အနိုင်အထက် လူယက်ဖျက်ဆီး သောင်းကျန်းနေသည်ကို နင်တို့ မကြားကုန်သလော။ နင်တို့ အမတ်စစ်သူကြီးလေးယောက်က ရအောင်ဖမ်းချေ။ မရသော် နင်တို့ကို သတ်အံ့ “ ဟုမိန့်တော်မူလေ၏ ။
မင်းကြီးက အထက်အဆိုပါ လူဆိုးပုံရုပ်ဖျက်၍ တောင်ခြေတွင် ညနေ၀င်ရီတရော၌ မြင်းနှင့်နေလင့်၏။
အမတ်စစ်သူကြီး လေးယောက်တို့သည်လည်း မင်းကောင်းလေးစီးနှင့် လာရောက်၍ မင်းကြီးကို လူဆိုးအမှတ်ဖြင့် လိုက်၍ဖမ်းကြလေသည်။ မင်းကြီးသည် ပူးတုံခွာတုံ ထွက်ချည်ဝင်ချည် မြင်းရေးအမျိုးမျိုးစီးပြပြီးလျှင် မြင်းလေးစီးကိုလွတ်အောင် တိုက်ဖောက်ထွက်သွားလေ၏။
စစ်သူကြီးတို့သည်လည်း မိအောင်မဖမ်းနိုင်။ “ ဤသူကား လူမဟုတ်၊ နတ်ဘီလူး ဖြစ်တန်ရာသည် “ ဟုကြောက်ရွံ့ စိတ်လျှောက်၍ ပြန်ကြရလေ၏။
မနက်ညီလာခံတွင် “ ဟယ်အမတ်တို့ မြင်းကျားနှင့်လူဆိုးကို နင်တို့ ရခဲ့၏လော “ ဟု မေးတော်မူ၏။ အမတ်ကြီး လေးယောက်တို့က “ အရှင်မင်းကြီး၊ ဤလူဆိုးသည် လူမဟုတ်ပါ။ နတ်လူဆိုးဖြစ်တန်ရာပါသည်။ လူဖြစ်လျှင်လည်း အလွန် အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဘုန်းတန်ခိုးကြီးမားသူ ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့လေးဦးကို ထားဘိဦး၊ တစ်နိုင်ငံလုံးရှိ မြင်းစီးတို့နှင့် ၀ိုင်း၍ဖမ်းသော်လည်း မိနိုင်မည်မဟုတ်ပါဘုရား “ ဟု လျှောက်ကြလေ၏။
ဤတွင် မင်းကြီးက “ ဟယ်အမတ်တို့ နင်တို့က ငါ့ကိုအိုပြီ၊ မစွမ်းပြီဟု ထင်မှတ်ကြသည်။ ငါမအိုသေး “ ဟုမိန့်တော်မူ၏။ မူးမတ်အပေါင်းတို့လည်း ဤသို့ သိရမှ အလွန်ကြောက်ရွံ့ရိုသေကြကုန်၏။
အလောင်းစည်သူမင်းကြီးသည် ဘုန်းလက်ရုံးနှင့်ပြည့်စုံ၏။ ဆင်အတတ်၊ မြင်းအတတ်၊ လေးအတတ်တို့ကို အပြီးတိုင် တတ်တော်မူ၏။
ဦးဖိုးကျား၊ မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ